
၁။
( ကံကောင်း၏ဘဝအစ)
နာမည်ကသာ ကံကောင်း၊ ဒါပေမဲ့ သူ ဘယ်တုန်းကမှ ကံကောင်းခဲ့သူမဟုတ်။ သူ့ကို မမွေးခင် ကိုယ်ဝန်ရှိစကပင် သူ့အဖေ ကိုချစ်ခင် လယ်ထဲဆင်းရင်း ပိုးထိဆုံးသွားခဲ့သည်။
ကျန်ရစ်တဲ့ အမေဖြစ်သူ မလှဝိုင်းခမျာ သူ့ကိုယ်ဝန်ကြီးနဲ့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရရှာ၏။ လင်မယားနှစ်ယောက် တက်ညီလက်ညီနဲ့ လယ်နှစ်ဧကကို စိုက်ပျိုးလုပ်စားလာခဲ့တာ အတော်အသင့် ပိုလျံလာခဲ့သည်မဟုတ်လား။ ရှေ့လျှောက်လည်း စီးပွားရေးက သူတို့ လုပ်နိုင်သလောက် အကျိုးပေးမည်မှာ သေချာ၏။ အခုတော့ ...။
ဒီလိုနဲ့ပဲ တန်ဆောင်မုန်း လပြည့်ကျော်တရက်နေ့ကတည်းက မခင်ဝိုင်း ဗိုက်ကနာသည်။ ဟော ... ၃ရက်မြောက်နေ့ကျမှ တနင်္လာနေ့ မွေး၏။
ကံကောင်း မွေးပြီး ဘာကြာလို့လဲ။ လူမမယ်ကလေးငယ်ကို သူ့အမေမလှဝိုင်း ထားခဲ့၍ လူ့လောကကြီးမှ အပြီးထွက်ခွါသွားလေ၏။
လက်သည်ဒေါ်ချစ်က သူ့ ရွှေပန်းလေးကို ကြည့်ပြီး ၊ နာမည်ပေးလိုက်သည်။ အမည်သညာ ခေါ်စရာကား ' ကံကောင်း ' ဟူ၏။ လူ့လောကတည်း စရောက်တာ ရက်ပိုင်းပင် မရှိသေးသော၊ အမိရော အဖပါ မရှိတော့တဲ့ သူ့ကို ဒေါ်ချစ်က ရွဲ့၍ပင် အမည်ပေးခဲ့လေသလားမသိ။ အမိမရှိ အဖမရှိတော့သည် ကလေး၏ နေထိုင်ရှင်သန်ရေးက ပြဿနာတစ်ခု အဖြစ် ရွာလူကြီးထံ တာဝန်ကျလာ၏။
အမိအဖမရှိတော့သော သူ့ကို ဘယ်သူက မွေးစားမလဲဟု ရွာလူကြီးက သူ့ဆွေမျိုးနီးစပ်တွေ ခေါ်မေးတော့၊ ဘယ်သူကမှ တုပ်တုပ်မလှုပ်။ မကြားယောင်ပြု၍ တုံဏိဘာဝေ ဆိတ်ဆိတ်နေကြလေ၏။ သူ့ကို ဘယ်သူ့ကမှ မမွေးစားချင်ကြချေ။ရွာလူကြီး ခေါင်းကုတ်ရပြီ။ ကလေးကို ဘယ်သူ့လက်အပ်ရမလဲ မဲနှိုက်ရတော့လေမလားဟု စိတ်အိုက်ချွေးပျံလာတော့သည်။
အဲ့ဒီအချိန် ရွာလူကြီး အခက်တွေ့နေသည်ကို သတ္တိရှိရှိ ဝင်ပြီး ဖြေရှင်းသူက တခြားမဟုတ်။ သူ့ကို အမည်ပေး မွေးပေးခဲ့သော လက်သည် ဒေါ်ချစ်ပင်။
ဒေါ်ချစ်က တိုတိုတုတ်တုတ်ပင် သူကြီးကို မေးလိုက်လေ၏။
" ကဲတော် ... ဘယ်သူကမှ ကလေးကို မလိုချင်ရင် ကျုပ် ဒီကလေးကို မွေးမယ်။ သူကြီး သဘောတူလား "
ထိုအခါမှ သူ့အမျိုးတွေကို သူကြီး ဦးစံမြက မျက်စောင်းထိုးကြည့်ရင်း ...
" ဖြစ်ပါ့မလား မချစ်၊ နင့်မှာလဲ သောင်သာတာမဟုတ်ဘူး ။ ကလေးတယောက်နဲ့ ဗျာများနေအုံးမယ် "
" ကျုပ်က ငွေသာ မသောင်သာတာပါ သူကြီးရယ် ၊ကျုပ်ရင်ထဲက မေတ္တာကတော့ ဖောသောလို့ပါတော် ၊ ဒီကလေးက ကျုပ်နဲ့ ရေစက်ပါတယ်ပဲ အောက်မေ့တယ် ။ သူ့အမျိုးတွေ မရချင်ရင် ကျုပ်ကိုပဲ မွေးစားခွင့်ပေးလိုက် ... ကျန်တာတော့ သူကြီးကိစ္စပဲ "
'ကျန်တာတော့ သူကြီးကိစ္စ' ဆိုသည်က ကံကောင်းအဖေ ကိုချစ်ခင်လက်ထက်က လယ်နှစ်ဧကနဲ့ ယခု ကံကောင်းအမေ နေခဲ့သည့် ခြေတံရှည်အိမ်နှင့် ခြံဝိုင်းကလေးကို ဆိုလိုခြင်း ဖြစ်သည်။ ဒါကလည်း ရွာမြေဆိုတော့ တန်ဖိုးများလှသည်မဟုတ်။ သို့ပေမယ့် ဒေါ်ချစ်က အရှည်ကို မျှော်ကိုး၍ နောက်နောင် ဖြစ်လာနိုင်မည့် ပြဿနာကို သူကြီးလက်အပ်လိုက်ခြင်း ဖြစ်သည်။
သူကြီးက အကင်းပါး၏။ လက်သည် မချစ်ပြောသည့်စကားကို နားလည်၍ ...
" ဟဲ့ ... သူ့မိဘပိုင်တာ သူ့သားသမီးပဲ ဆိုင်တော့မပေါ့။ ကလေးငယ်ငယ်စဉ်မှာ ရပ်ရွာက ထိမ်းပေးထားရုံပဲ။ သူ လူလားမြောက်တော့ သူ့အပိုင် သူလုပ်စားပလေ့စေ၊ အဲ့ဒါ ငါ့တာဝန်ထား ။
(သူကြီးက ကံကောင်းအမျိုးတွေဘက်လှည့်၍ )
ကဲ ... မင်းတို့ မမွေးချင်ဘူးဆိုရင် ၊ မွေးချင်တဲ့ မချစ်ကို ငါပေးလိုက်တော့မယ်။ နောင်မှ ဘာဖြစ်သလေး ညာဖြစ်သလေး မလုပ်ကြနဲ့။ အခုကတည်းက တစ်ထိုင်တည်း ဆုံးဖြတ်။ သဘောမတူရင်လဲ ပြောနိုင်တယ် "
ကံကောင်း အမျိုးအဆွေက ကန့်ကွက်မည့်သူ မရှိ။ သူတို့လက်ကလွတ်တာပဲ ကံကောင်းကြသည်ဟု ယူဆနေကြဟန်တူ၏။ သဘောမတူစရာမရှိပါဟု တညီတည်း အသံထွက်ကြလေ၏။
သို့ဖြင့် မွေးစားအမေ ဒေါ်ချစ်လက်ထဲသို့ အမိဝမ်းထဲက ကျွတ်ခါစပင် ကံကောင်းတယောက် ရောက်ခဲ့ရလေတော့သည်။
____________
၂။
( ကံကောင်းလိုက်/ ကံညံ့လိုက်နဲ့ လူ့ဘဝကို စတင်ခဲ့ရသော ကံကောင်း)
ကံကောင်းကို နို့တိုက်ဖို့က ဒေါ်ချစ်အတွက် မခက်။ ရွာထဲက သားသည်အမေတွေက သူနဲ့ပဲ မွေးကြရသည်မဟုတ်လား။ အဲ့ဒီတော့ နို့ပေါတဲ့ သားသည်အမေဆီကို ကံကောင်းအား ပွေ့သွားရုံပင်။
ထိုအချိန်က တရွာလုံးရှိ သားသည်အမေများက ကံကောင်း၏ နို့တိုက်မိခင်များသာဖြစ်ကြသည်။ နို့ပေါတဲ့ အမေတွေဆိုတော့ သားသမီးချင်းစာနာကာ လျောလျောလျူလျူပင် ကံကောင်းအား နို့ပေးတိုက်ကြ၏။ ဒေါ်ချစ်ကလည်း အကင်းပါး၏ ။ ဒီကနေ့ မဒေါင်းတိုဆီမှာ နို့တိုက်ရင်၊ နောက်တစ်နေ့ကျတော့ မကျင်မြထံ သွား၍ နို့တိုက်၏။ ဘယ်တော့မှ မိခင်တယောက်တည်းထံ နှစ်ရက်ဆက်၍ နို့တိုက်ခြင်း မပြုချေ။
ဒီလိုနဲ့ ကံကောင်းတယောက် ရွာထဲရှိ မိခင်များနို့ကို သောက်သုံးရင်း ရှင်သန်လာခဲ့ရသည်။
ကံကောင်းအတွက် အဝတ်ဆိုတာက ဝယ်ဝတ်ရသည်မရှိ။ဟိုအိမ်ကအကျ ဒီအိမ်က အကျနဲ့ ပြီးရသည်ချည်းပင်။
" ဒေါ်ချစ်ရေ ... ဒါလေးတွေ ကံကောင်းနဲ့ တော်လိမ့်မယ် ယူသွားနော်။ အိမ်ကကောင်က ဝလာတော့ မတော်တော့ဘူး "
" ဒေါ်ချစ် ... ဒီမှာ ကံကောင်းနဲ့တော်မယ့် အဝတ်တွေ ကျုပ် ရွေးထုတ်ထားတယ်။ ပြဲတာလေးတွေ တော့်ဖာသာ မလုံးစက်ဆိုင်မှာ စက်နင်းခိုင်းချည်လိုက်တော့ "
တခါတလေတော့ အသစ်ကလေးတွေ ဝတ်ရပါ၏။ ဒါကလည်း သူပေးလူပေးပေါ့။
" လာအုံး ဒေါ်ချစ်ရေ ၊ ကျုပ်သား မွေးနေ့မို့ ကံကောင်းအတွက် ဖလံထည်ဘောင်းဘီလေးတွေ ဝယ်ထားတယ်။ ယူသွားအုံး "
ကံကောင်း သုံးလေးနှစ်သား ရောက်ပြီ။ ခက်သည်က ကံကောင်းသည် အခုထိ စကားမပြောတတ်သေးချေ။ ဖင်ဆီဘူးကျွေးဆိုလို့ ဖင်ဆီဘူးလည်း ကံကောင်းအတွက် မကြာခဏ ဝယ်ကျွေး၏။တော်နေကြာ ပါးစပ်ကို ယောင်းမနဲ့ မွှေရတယ်လို့ ပြောလို့ ကံကောင်း ပါးစပ်ကို ဒေါ်ချစ် ယောင်းမနဲ့ မွှေပါ၏။ သို့သော် ၄နှစ်တင်းတင်း ပြည့်ပြီ ။ ကံကောင်းသည် ယခုထိ 'မေ'ဟုသော စကားလုံးတလုံးသာ ပြောတတ်လေ၏။ မေမေဟု နှစ်လုံးဆင့် မပြောနိုင်သေးချေ။
ကံကောင်းကား စကားသာ မတတ်သေးတာ၊ ရှုးပေါက်ချင်တာဖြစ်ဖြစ်၊ မစင်စွန့်ချင်တာဖြစ်ဖြစ် ဘောင်းဘီထဲ မစွန့်ချေ။ ဘောင်းဘီကို ချွတ်၍ သူ အလေးအပေါ့စွန့်ရမည်နေရာထိသွား၍ စွန့်တတ်၏။ လိမ္မာသည်ဟု ဆိုရချေမည်။
ကံကောင်းသည် ကလေးသဘာဝ နေ့ခင်းဘက်များတွင် ဆော့ကစားလေ့ရှိသည်။ များသောအားဖြင့် ဒေါ်ချစ်အား ကူလုပ်ပေးပြီးမှ ဆော့ကစားတတ်သည်။ ကစားသည့်အခါ အိမ်နီးချင်းကလေးများနှင့် ကစားလိုဟန်ရှိ၏။ သို့သော် အနီးအပါးရှိ အိမ်များက ကလေးများသည် မိဘက မည်သို့ ပြောဆိုထားသည်မသိ။ ကံကောင်းနှင့် မကစားလိုကြပေ။
" သွား ! မင်းနဲ့ ငါတို့မကစားဘူး။ မင်းနဲ့ ပတ်သက်မိရင် ငါတို့ပါ ကံဆိုးလိမ့်မယ် ... သွား သွား ငါတို့နဲ့ ဝေးဝေးသွား "
လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်သော ကလေးငယ်အဖို့ ကံကောင်းခြင်း ၊ ကံဆိုးခြင်းဆိုတာ ဘာလဲမသိ။ သူနှင့်ကစား လျှင် ကစားဖော်များ ကံဆိုးလိမ့်မည်ဟုသော အမှတ်သညာကတော့ ထိုစဉ်ကတည်းက သူ့မှတ်ဉာဏ်နုနုလေးမှာ စွဲထင်သွားလေ၏။
ရွာထဲက မိန်းမကြီးတွေက ...
" သူ့အဖေက သူ့ကိုယ်ဝန်ရတော့ ပိုးထိ သေတယ်။ သူ့အမေက မီးတွင်းထဲ ဆုံးတယ်။ ကြည့်လေ ... အဲ့ဒီတုန်းက သူ့အမျိုးတွေက သူ့ကို မမွေးစားရဲကြလို့ လက်သည်ဒေါ်ချစ်က မွေးစားလိုက်ပါရောလား။
ဒေါ်ချစ်က ကြားထဲက ငထွားခါးနာချင်လို့ မွေးစားတာအေရဲ့။ သူလဲ ဘာမို့လို့လဲ အဲ့ဒီကောင်လေး မွေးစားပြီးလို့ ၅လလောက်အကြာ ... သူ့တဲ မီးလောင်ပါရောလား ၊ ရွာက အသိမြန်ပြီး ဝိုင်းငြိမ်းကြလို့ပေါ့။
နို့မို့ဆို တရွာလုံး ကုန်တယ်။ ဘယ်လိုမှ ကောင်းကျိုး မပေးတဲ့ ကောင်လေး။ ဒေါ်ချစ်တို့များ နာမည်ပေးစရာရှားလို့ ကံကောင်း တဲ့။
ငါသာဆို ဒင်းကို ဂြိုလ်ဆိုးလို့ နာမည်ပေးမှာ။ ဘယ့်နှယ် အခုထက်ထိ စကားမပြောတတ်တာသာကြည့်။ အ,အလေးနေမှာပါအေ "
ထိုစကားတွေကို ကံကောင်းကြားရသည့်အခါ ၊ ကလေးပေမယ့် ဝမ်းနည်းမိလေ၏။ မျက်ရည်တွေတွေကျကာ အိမ်သို့ ပြန်ရှာသည်။
အမေချစ်က မန်းကျီးသီးမှည့်လေး ဝယ်ခိုင်းလို့ ဈေးဆိုင်သွားရင် ၊
ကုန်စုံဆိုင်က ဈေးရောင်းတဲ့ ဒေါ်စောရင်က သူ့လက်နဲ့ ထိရမှာ ကြောက်သတဲ့။ ဘယ်တော့မှ သူ ဈေးဝယ်လာတိုင်း လူလူသူသူ ဆက်ဆံခံရသည်မရှိ။
" ရော့ မန်းကျီးသီးမှည့် ငါးကျပ်သား။ ပိုက်ဆံက အဲ့ဒီပေါ် တင်ထားခဲ့။ အစုတ်တွေ အပြဲတွေဆို နောက်တခါ နင့်ကို ငါဈေးမရောင်းပေးဘူးနော် "
မန်းကျီးသီးမှည့်ကို စျေးဗန်းထဲ ပစ်ပေါက်ပေးသည့်အပြင်၊ ပိုက်ဆံကို သူ့လက်နဲ့မယူ။
နားကြားပျင်းကပ်ဟန်တူတဲ့ ဒေါ်စောရင်ရဲ့သား ကိုသံချောင်းက ...
" အမေကလဲ တခါတည်း ပိုက်ဆံကို ယူပြီး စစ်လိုက်ပေါ့ ၊ ကံကောင်းက နူနေတာကျနေတာပဲ "
သူ ထွက်သွားမှ ဒေါ်စောရင်ပါးစပ်က ...
" ဒင်းလက်ကို ထိရမှာ သနတယ်အေရဲ့ ။ နူတာထက် ဆိုးသဟေ့။ တော်နေကြာ ကံဆိုးတာတွေ ကူးကုန်လိမ့်မယ် "
ဒီစကားတွေက ကံကောင်းရဲ့ နှလုံးသားကို ဖန်တရာတေနေအောင် နှိပ်စက်ကလူပြုကြလေ၏။ ကံကောင်းကား ကလေးပင် ဖြစ်လင့်ကစား သူဟာ လူတယောက်ရော ဟုတ်ပါလေစဟု သူ့ကိုယ်သူ သံသယဝင်လာမိသည်အထိပင်။
_____________
၃။
(ကံကောင်း စကားပြောပြီ)
မှတ်မှတ်ရရ ကံကောင်း ငါးနှစ်တင်းတင်း ပြည့်သည့်နေ့မှာ စကားစပြောသည်။
" အမေ ... ဒီကနေ့ ဈေးရောင်း သွားအုံးမှာလား "
နံနက် ၆နာရီလောက်တွင် ဒေါ်ချစ်က သာကူကျိုရန် ပြင်နေစဉ်ကံကောင်းက အနောက်ကနေ မေးလိုက်ခြင်း ဖြစ်သည်။
သူမ တအံတဩနှင့် ကံကောင်းကို လှည့်ကြည့်လိုက်သည်။ ခပ်ပြုံးပြုံး လုပ်နေသော ကံကောင်းကို မယုံကြည်သလို ကြည့်နေရာမှ ...
" ဟင်! ငါ့သား ကံကောင်း စကားပြောတတ်ပြီလား "
ကံကောင်းက သူ့အမေ ဒေါ်ချစ်ကို ပြုံးရယ်လျက် ခေါင်းငြိမ့်ပြသည်။
" အံမယ်လေး ငါ့သားလေး စကားပြောတတ်ပြီ။ အမေ ဝမ်းသာလိုက်တာ။ လာပါအုံး အမေ့ဆီကို "
ကံကောင်း သူ့အမေဆီ ပြေးလာ၏။ ထိုအခါမှ ဒေါ်ချစ် ကံကောင်းလက်ထဲက သပြေပန်းစည်းကို မြင်လိုက်မိသည်။
" ဟယ် ... သပြေပန်းတွေ သား ချိုးလာတာလား "
" ဟုတ်တယ် အမေ၊ ဘုရားပန်းတင်ဖို့ နောက်ဖေးက သပြေပင်ကနေ ချိုးလာခဲ့တာ "
"အံမယ်လေး ... မင်း အရပ်နဲ့ ဘယ်လို ချိုးခဲ့လဲ၊ သပြေပင်က ၆ပေ ကျော်မြင့်တာကို ၊ လိမ့်ကျကုန်မှဖြင့် ငါ့သားရယ် "
" သပြေပင်က ခြံစည်းရိုးနဲ့ ကပ်နေတာလေ အမေရဲ့။ ခြံစည်းရိုးတန်းပေါ် တက်ပြီး ချိုးခဲ့တာပေါ့ ။ ဘာမှ မဖြစ်ပါဘူး "
ဒေါ်ချစ်က သူ့သားကို စိုးရိမ်တကြီးနဲ့ တကိုယ်လုံး ဟိုလှန်ဒီလှန် ကြည့်သည်။ ဒဏ်ရာမတွေ့။ ကံကောင်းက သူ့အမေကို ...
" အမေ ... ဒီသပြေပန်းတွေကို ကျနော် ရွာထိပ်က အောင်မင်္ဂလာစေတီမှာ သွားလှုချင်တယ်။ အမေ လိုက်ပို့မယ်မဟုတ်လား "
" ပို့ပေးမှာပေါ့ သားရယ်။ နေပါအုံး ဒီကနေ့က တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်ဆိုတော့ ... ငါ့သား ၅နှစ်ပြည့်တဲ့နေ့ပဲ။
ကဲ ... အဲ့သလိုဆိုတော့ အမေလဲ ဒီကနေ့ ဈေးရောင်းမထွက်တော့ဘူး။ ကျိုထားတဲ့ သာကူတွေ ကျက်ရင် ၊ သာကူပြင်လုပ်ပြီး အိမ်နီးချင်းတွေ ဝေမယ်။ ဟုတ်ပြီလား "
"ဟုတ်ကဲ့ အမေ ၊ ဒါဆိုရင် သား အုန်သီး ကူခြစ်ပေးမယ်နော် "
ဒေါ်ချစ်က ကံကောင်းရဲ့ ကြည်လင်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး၊
" လိမ္မာလိုက်တာ သားရယ် "ဟု ကြည်နူးဝမ်းသာစွာ ပြောလိုက်လေ၏။
_____________
၄။
( ကံကောင်း သူငယ်ချင်းရပြီ )
ကံကောင်းကို ၆နှစ်ပြည့်မှ အတန်းကျောင်းကို ပို့သည်။ ကံကောင်းသည် စာသင်ကျောင်းကို လိုလိုချင်ချင်သွား၏။
ဒေါ်ချစ်ခမျာ သူ့သားကို စိတ်မချ၍ ကျောင်းရှေ့ကနေ တမျှော်မျှော် ကြည့်နေရှာ၏။ သူ့လိုပဲ တခြားကလေးတွေရဲ့ မိခင်တွေလည်း ကျောင်းရှေ့မှာ ရစ်သီရစ်သီ ရှိနေကြသည်။
တခြားကလေးများက ငိုကြသော်လည်း၊ ကံကောင်းသည် မငို။ သူ သင်ရမည့် စာသင်ခန်းသို့သာ တည့်တည့်မတ်မတ်သွားလေ၏။
ကံကောင်းမျက်နှာမှာ အထူးကြည်လင်လျက်ရှိသည်။ သူအား မလိုလားသော ရွာထဲနဲ့စာလျင် အတန်းကျောင်းသည် သူ့အတွက် နေပျော်စရာဝန်းကျင်အသစ်တစ်ခုဖြစ်လိမ့်မည်ဟု ယူဆသောကြောင့် ဖြစ်၏။
ကံကောင်း အထင်အမြင်က မှန်သည်။ စာသင်ကျောင်းမှာ သူ့အတွက် သူငယ်ချင်းအသစ်တွေ ရလာ၏။ မိဘများနဲ့ ဝေးသည့် နေရာဆိုတော့ ကံကောင်းအကြောင်း သိနေကြသော်လည်း ကလေးအများစုက ကံကောင်းအား ကစားဖော်အဖြစ် အသိအမှတ် ပြုကြ၏။
ထိုအထဲတွင် ကံကောင်း အထူးခင်မင်မိသော သူငယ်ချင်း၃ဦး ရှိလေ၏။ စိုးမြတ်မင်း၊ ထင်ပေါ် နှင့် နှင်းနှင်းအေးတို့ ဖြစ်ကြသည်။
စိုးမြတ်မင်းသည် ရွာတောင်ပိုင်းက လယ်ပိုင်ရှင် ဦးသာမြတ်နှင့် ဒေါ်ယဉ်ယဉ်ထွေး၏ အငယ်ဆုံးသားဖြစ်၏။ ထင်ပေါ်ကတော့ လက်သမားဆရာ ဦးကျော်ဆန်းနှင့် ဒေါ် ပေါက်စ၏ သားသမီး ၄ယောက်ရှိသည့်အနက်မှ တတိယသား ဖြစ်သည်။ နှင်းနှင်းအေးကတော့ ကံကောင်း၏ ခင်မင်ရသော တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းဟု ဆိုရမည်။
နှင်းနှင်းအေး မိဘများက လယ်ယာများစွာ ပိုင်ဆိုင်ကြပြီး၊ ရွာထဲမှာ အချမ်းသာဆုံးဟု ဆိုရမည်။ရွာထဲမှာက စပါးခြွေလှေ့စက်တို့၊ လယ်ထွန်စက်တို့ဆိုတာ ဦးထွန်းအေးနဲ့ ဒေါ်ခင်လေးတို့ လင်မယားမှာသာ ရှိ၏။ ပြီးတော့ ဦးထွန်းအေးက ခေတ်ပညာတတ်ဘွဲ့ရ။ သူ့လယ်တွေကို သိပ္ပံနည်းကျ စိုက်ပျိုးတော့ သူများလယ်တွေထက် စပါးပိုထွက်၏။လင်မယားနှစ်ယောက်စလုံးက အောက်ခြေသိမ်း နိုင်၏။ကြီးပွားတိုးတက်ရာအကြောင်းကို အမြဲရှာကြံနေသူတွေ ဖြစ်ကြသည်။ ၎င်းတို့၌ သားသမီး ၃ဦးထွန်းကားရာ နှင်းနှင်းအေးက အထွေးဆုံးသမီး ဖြစ်လေ၏။
နှင်းနှင်းအေးအထက်မှာ ရဲထွန်းနှင့် ရဲဇော်ဟူသော သားနှစ်ယောက်လည်း ရှိ၏။ နှင်းနှင်းအေးမှာ သားနှောင်းဖြစ်ပြီး သူ့အထက်က ရဲဇော်နှင့် အသက် ၆နှစ်ကျော်မျှ ခြားလေ၏။ ရွာက စာသင်ကျောင်းက စတုတ္ထတန်းအထိသာ ပညာသင်ကြားပေးသော မူလတန်းကျောင်း ဖြစ်သည်။ ထို့ကြောင့် ရဲထွန်းနှင့် ရဲဇော်တို့ ညီအစ်ကို နှစ်ယောက်မှာ ၂မိုင်လောက်ဝေးသော မြို့က ကျောင်းသို့ တက်ရလေ၏။ နှင်းနှင်းအေးသာ ရွာက မူလတန်းကျောင်းမှာ နေရသည်။
သူဌေးတွေဆိုတော့ တပည့်တပန်းကပေါ၏။ မြို့ကျောင်းတက်သည့် သားနှစ်ယောက်ကို ဆိုင်ကယ်ဖြင့် အကြိုအပို့ လုပ်ပေးမယ့်သူရှိသလို၊ ရွာကျောင်းက သမီးကိုလည်း အပို့အကြို လုပ်ပေးမည့် အသက်၄၀အရွယ် ဒေါ်ထားဆိုသူ ရှိလေသည်။ ဦးထွန်းအေးနဲ့ ဒေါ်ခင်လေးကတော့ သူတို့စီးပွားဖြင့် သူ့တို့မအားကြပေ။
ထို့အတွက်ကြောင့် နှင်းနှင်းအေးသည် ကံကောင်းနှင့် သူငယ်ချင်းဖြစ်ကြရသည်မှာ အတားအဆီးမရှိချေ။
ငယ်ဘဝ သူငယ်ချင်းတသိုက် ဆော့ကစားကြရသည်မှာ အချိန်ကုန်လွယ်လွန်း၏။ ပျော်စရာဆိုတာကို ကံကောင်းသည် ကျောင်းတက်မှ ကြုံဖူးသူ ဖြစ်လေ၏။
ကံကောင်းသည် သူ့ဘဝကို သူနားလည်၏။ ထို့ကြောင့် သူငယ်ချင်းများကို အမြဲ အလိုလိုက် အလျော့ပေးဆက်ဆံ ပေါင်းသင်းရှာသည်။ အငြင်းအခုံ လုပ်လေ့မရှိ။ ထို့ကြောင့်လည်း စိုးမြတ်မင်း၊ထင်ပေါ်နှင့် နှင်းနှင်းအေးတို့သည် ကံကောင်းအား အထူးခင်မင်ကြလေ၏။
ဒီလိုနဲ့ ကလေးဘဝကို သူငယ်ချင်းဆိုတဲ့ သံယောဇဉ် သူတို့သူငယ်ချင်းလေးယောက်ဟာ ဖြူဖြူစင်စင် ဖြတ်သန်းလာရင်း စတုတ္ထတန်းကို ရောက်လာခဲ့ကြသည်။
နှင်းနှင်းအေးကလွဲရင် ကျန်တဲ့ ယောက်ကျားလေး၃ယောက်က သူငယ်တန်းကို ၆နှစ် ၇နှစ်မှ စတက်ခဲ့ကြသည်မို့ ၁၀နှစ် ၁၁နှစ်အရွယ်ရောက်ခဲ့ကြပြီ။ နှင်းနှင်းအေးကတော့ အငယ်ဆုံး ၉နှစ်ခန့် ရှိလိမ့်မည်။
သို့သော် သူတို့သည် ရွယ်တူများကဲ့သို့ နင်နဲ့ငါ ပြောကြပြီး တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ရှိကြလေသည်။
_________________
၅။
(ကံကောင်းကို မျက်မုန်းကျိုးနေသော တစ္ဆေ)
တနေ့ မုန်စားကျောင်းဆင်းချိန် နှင်းနှင်းအေးဟာ ကျောင်းဝန်းအတွင်းရှိတဲ့ ကုက္ကိုလ်ပင်ကြီးတပင်အောက်မှာ ရေခဲချောင်း စားနေရင်းနဲ့ ရုတ်တရက်ကြီး လဲကျသတိလစ်သွားသည်။ အဲ့ဒီအချိန် နှင်းနှင်းအေး နံဘေးမှာ ကံကောင်းနဲ့ ထင်ပေါ်ပဲ ရှိကြ၏။ စိုးမြတ်မင်းက မုန့်သွားဝယ်နေ၍ မရှိချေ။
ကံကောင်းနဲ့ ထင်ပေါ်လည်း နှင်းနှင်းအေးကို ဝိုင်းထူကြရင်းနဲ့ အော်ဟစ်ကြတာပေါ့။
" ဟာ လုပ်ပါအုံး ဒီမှာ နှင်းနှင်း ဘာဖြစ်မှန်းမသိဘူး "
ကုက္ကိုပင်က ကျောင်းဝန်း အနောက်ဖျားမှာ ဆိုတော့ ဆရာ၊ ဆရာမတွေ ရုံးခန်းနဲ့ နည်းနည်း လှမ်း၏။ ဆရာ၊ ဆရာမများ မကြားနိုင်။ ထို့ကြောင့် ကံကောင်းသည် နှင်းနှင်းအား ကျောပိုး၍ ဆရာ၊ဆရာမများ နားနေခန်းသို့ ဒုန်းပြေးလေ၏။
ရုံးခန်းရောက်တော့ ဆရာ၊ ဆရာမများ ဝိုင်းလာကြပြီး ...
"ဟဲ့ ဟဲ့ ဘာဖြစ်လာကြတာလဲ "
" မသိဘူး ဆရာမ၊ သူ မုန့်စားရင်း လဲကျသွားလို့ ... "
ပရုပ်ဆီဘူး ယူသူက ယူ၊ နှင်းနှင်းအေးကို ပြုစုသူက ပြုစုနဲ့ ဆရာ၊ဆရာမတွေ အလုပ်များသွားကြ၏။
နှင်းနှင်းအေးဆိုတော့ ကျောင်းအုပ်ဆရာမကြီးပါ ပြာသလဲခတ်သွားသည်။ နှင်းနှင်းအေး မိဘတွေက စာသင်ခန်း၄ခန်းပါ သွပ်မိုး ထရံကာ တထပ်ကျောင်းဆောင်သစ်ကြီး လှုဒါန်းထားကြတဲ့သူတွေ။ ပြီးတော့ ကျောင်းအတွက်ဆို မကြာခဏ လှုဒါန်းနေကြသူဌေးတွေမဟုတ်လား။
ဆရာမတွေ ပြုစုပေးတာကြောင့် သတိပြန်လည်တဲ့ နှင်းနှင်းအေးရဲ့ မျက်လုံးတွေက မူမမှန်။ ခြေကို အလျားလိုက် ဆင်းထားပြီး ဟိုလူ့မော့ကြည့်လိုက် ဒီလူ့မော့ကြည့်လိုက်နဲ့ ကြောင်စီစီ ဖြစ်နေသည်။
ဆရာမတစ်ယောက်က နှင်းနှင်းအေးကို ယပ်ခတ်ပေးနေရင်း ...
" သမီး သတိရပြီလား ၊ ဆရာမကို မှတ်မိတယ်နော် "
အဲ့ဒီဆရာမက သူတို့အတန်းပိုင်မဟုတ်ပေမယ့်၊ မြန်မာစာပြသော ဆရာမ ဖြစ်၏။ မမှတ်မိစရာ အကြောင်းမရှိချေ။ ဒါပေမဲ့ နှင်းနှင်းအေးက အဲ့ဆရာမကို စိုက်တွေတွေ ကြည့်ရင်းနဲ့ ...
"မသိဘူး ... သွား ၊ ငါ နင့်တပည့်မဟုတ်ဘူး "
" ဟာ "
" ဟင် "
" အို ဘုရား ဘုရား "
အသက်၃၀ကျော် ဆရာမတစ်ယောက်ကို ၉နှစ်အရွယ် ကျောင်းသူတယောက်က ထိုသို့ ရိုင်းပြစွာ ဆိုလိုက်တော့ အားလုံးက ထိတ်လန့်အံဩသွားကြသည်။
ထင်ပေါ်က ဒေါသနဲ့ ...
" ဟဲ့ နှင်းနှင်း ၊ နင် ဆရာမကို ဘယ်လိုပြောလိုက်တာလဲ ၊ နင် မိုက်ရိုင်းလှချည်လား "
နှင်းနှင်းအေးက သူ့ကို ပြောလာတဲ့ ထင်ပေါ်ဘက်ကို လှည့်ကြည့်ပြီး၊
"အောင်မာ! ဘာဖြစ်လဲ ၊ နင့်လို မလောက်လေးမလောက်စား ကောင်လေးကများက ငါ့ကို ဟင်းဟင်း...၊
ဘာနှင်းနှင်းလဲ ... ငါနှင်းနှင်းမဟုတ်ဘူး ဟဲ့အကောင်ရဲ့ "
ထင်ပေါ်က ထပ်၍ ပြောမည်အလုပ်မှာ ကံကောင်းက ထင်ပေါ်ရဲ့လက်ကို လှမ်းတို့လိုက်ပြီး ၊
" သူ အခု နှင်းနှင်းမဟုတ်ဘူး ထင်ပေါ် ၊ မင်း ဘာမှ မပြောနဲ့ "
ဆရာမတစ်ဦးက အခြေအနေကို သုံးသပ်လိုက်ပြီး ၊
" ဆရာမကြီး ... နှင်းနှင်းကိုယ်မှာ မကောင်းတာတစ်ခုခု ပူးကပ်နေပြီထင်တယ် ၊ ဒီအတိုင်းတော့ သူ ထွက်ပေးမှာမဟုတ်ဘူး၊ ဘယ်လို လုပ်ကြမလဲ"
ဆရာမကြီးလည်း ဒါမျိုး ကြုံဖူးသူမဟုတ်။ ဘာလုပ်ရမည်ကို ချက်ချင်း မဆုံးဖြတ်နိုင်။ သို့ဖြင့် ဆရာမကြီးလည်း ကြံရာမရသည်နှင့် ...
" ဆရာ၊ ဆရာမတို့ ပရိတ်ကြီးတို့ ပဌာန်းတို့ရရင် ကလေးကို ရွတ်ဖတ်ပေးကြပါလား။ ဆရာကိုတင်မြင့်က ကျွန်မကို တခု ကူညီရှင် "
ဆရာကိုတင်မြင့်က ...
" ဟုတ်ကဲ့ ဆရာမကြီး ပြောပါ၊ ဘာလုပ်ပေးရမလဲ "
ဆရာမကြီးက ...
"ဒါမျိုးကိစ္စကျ သူ့မိဘတွေကို အသိပေးမှ ဖြစ်မှာမို့ ၊ ဆရာက ရွာထဲက နှင်းနှင်းအေးရဲ့ မိဘတွေဆီ သွားအကြောင်းကြားပေးပါနော် "
" ဟုတ်ကဲ့ ဆရာမကြီး၊ ကျွန်တော် စက်ဘီးနဲ့ ပြေးသွားပြောလိုက်မယ် "
ဆရာကိုတင်မြင့်က ကျောင်းထဲက စက်ဘီးယူ၍ ရွာထဲသို့ အသော့နင်းသွားသည်။ ကျန်ခဲ့သော ဆရာမများက နှင်းနှင်းအေးအနီးမှာ ပရိတ်ကြီး၁၁သုတ်မှ မေတ္တသုတ်ကို ရွတ်ဖတ်ပေးကြလေ၏။
နှင်းနှင်းအေးကား နားနှစ်ဖက်ကို သူ့လက်ဖြင့် ပိတ်၍ ...
" ဟဲ့ကောင်မတွေ နားငြီးတယ် ၊ အဲ့တာတွေ ငါမကြိုက်ဘူး ၊ မရွတ်ကြနဲ့ ၊ အီးဟီးဟီး အင်းဟင်းဟင်း "
နှင်းနှင်းအေးကာ ကြမ်းပြင်ကို ခြေဖြင့် ဆောင့်၏။ သူမ လက်သီးဆုပ်ကလေးဖြင့်လည်း ထုရိုက်နေ၍ တဒုန်းဒုန်းနှင့် ဆူညံနေသည်။ ဆရာမတချို့က ထိတ်လန့်စွာ ရွတ်လက်စ မေတ္တသုတ်ကိုပင် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေ့လျော့သွားကြ၏။ အတန်းပိုင်ဆရာမ ဒေါ်ဝင်းမြကတော့ ပရိတ်ကြီး၁၁သုတ်စာအုပ်လေးကို ဖတ်၍ ရွတ်နေသည်ဖြစ်ရာ သံမှန်ဖြင့် ဆက်လက် ရွတ်ဖတ်နေနိုင်သည်။
" ဟဲ့ မရွတ်နဲ့တော့ဆိုနေ ၊ နင် ဆက်ရွတ်နေရင် ငါ ဒီကောင်မလေးကို ဒုက္ခပေးမှာနော် "
ဆရာမ ဒေါ်ဝင်းမြသည် နှင်းနှင်းအေးအား ဒုက္ခပေးမည်ဆိုတာနဲ့ စာအုပ်ကို ဆက်ဖတ်ရဲတော့ဘဲ ၊ ပိတ်လိုက်ရ၏။ ဒေါ်ဝင်းမြသည် သူ့လက်စွဲတော် ကြိမ်တုတ်ကို ယူ၍ နှင်းနှင်းအေး ရှိရာသို့ လျှောက်လာပြီး ...
" နင် ဘယ်သူလဲ ၊ ငါ့ကလေးကို တခုခု လုပ်ကြည့်စမ်း ၊ နင့်ကို ငါ အလွတ်မပေးဘူးမှတ် "
ဆရာမက နှင်းနှင်းအေး၏ မျက်နှာရှေ့ ကြိမ်တုတ်ကို တဝဲဝဲလုပ်၍ ကြိမ်းဝါးလိုက်ရာ နှင်းနှင်းအေးကိုယ်၌ ပူးကပ်နေသူထံမှ...
" အောင်မာ ! နင်က ဘာမို့လို့လဲ ၊ နင့်ကြိမ်တုတ်လောက်များ ငါက ကြောက်မယ် မှတ်နေလားဟဲ့ ။ အင်းဟင်းဟင်း ဟင်း"
" နင် ဘာလိုချင်လို့ ကလေးကိုယ်ထဲ ဝင်တာလဲ။ စားစရာလိုချင်လို့လား ၊ ပြော ငါကျွေးမယ် "
" အင်းဟင်းဟင်း အင်းဟင်းဟင်း"
နှင်းနှင်းအေးက မဖြေ။ ဆရာမကိုလည်း မကြည့်၊ ထိုသို့သာ ငြီးသံရှည်ကြီးပြု၍ တဖက်သို့ စူးစူးစားစားကြီး ကြည့်နေ၏။ 'သူမ' ကြည့်နေသူက ကံကောင်း ဖြစ်နေသည်။ သူမအကြည့်တွေက မလိုမုန်းထားဟန် ပြည့်နှက်နေ၏။ ကံကောင်းအား အဘယ်ကြောင့် ထိုသို့ကြည့်နေရသနည်း။
ဆရာမဒေါ်ဝင်းမြက သူ့ထမင်းချိုင့်ကို ဖွင့်၍ နှင်းနှင်းအေး ရှေ့သို့ ချပေးလိုက်သည်။ဒီကနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆရာမ ဒေါ်ဝင်းမြက အမဲသားချက်လာ၏။
နှင်းနှင်းအေးသည် သူ့ရှေ့ချလာသော ထမင်းဟင်းများကို လက်ဖြင့် မသတီစရာကောင်းအောင် နယ်ဖတ်၍ ပလုပ်ပလောင်း စားလေ၏။
၉နှစ်အရွယ် နှင်းနှင်းအေးကား လူကြီး တယောက်စာ ထမင်းချိုင့်ကို ပြိုက်ခနဲ ကုန်အောင် စားပစ်လိုက်သည်။ ထမင်းချိုင့်မှာ ဆေးစရာမလိုအောင် ပြောင်တလင်းခါသွား၏။
စားပြီးသည့်အခါမှာလည်း အရှက်တရားကင်းမဲ့စွာ လူကြီးကဲ့သို့ လေချဉ်ရှည်ကြီး တက်ပြသေး၏။
" အေ့ ... "
" ကဲ ... နှင်းနှင်းအေး ကိုယ်ထဲကို ဘာကြောင့် ဆက်ပြီး ပူးကပ်နေတာလဲ ၊ အစား စားပြီးလို့ ကျေနပ်ရင် နှင်းနှင်းအေားကိုယ်ထဲက ထွက်ပါ"
နှင်းနှင်းအေးက ဆရာမကို ပေစောင်းစောင်း တချက်ပြန်ကြည့်ပြီး၊
" ငါ ဒီကလေးမကိုယ်မှာ ဝင်ပူးချင်လို့ ပူးတာမဟုတ်ဘူး။ နင်က ငါ့ကို အစာကျွေးတော့ ပြောပြလိုက်မယ် "
" ဒါဖြင့် ဘာကိုလိုချင်လို့ ပူးတာလဲ "
ထိုအခါ နှင်းနှင်းအေးက ကံကောင်းကို လည်ညှိုးတည့်တည့်ထိုးပြီးနောက် ...
" ငါက ဟိုကောင်လေးကို မကျေနပ်လို့ ဝင်ပူးတာ ၊ ငါ လုပ်ချင်တာက အဲ့ဒီကောင်လေး ... ငါ သူ့ထဲ ဝင်တာ ဝင်မရလို့ သူ့သူငယ်ချင်းထဲ ဝင်လိုက်တာ "
ထိုစကားကို ကြားလိုက်ရတဲ့ကံကောင်း အံအားသင့်သွားသည်။ သူလည်း ဘယ်သူ့မှ ဒုက္ခပေးခဲ့တာမဟုတ်။ ပြီးတော့ သူမှတ်မိသလောက်က ဤကျောင်းဝန်းထဲ သူ တခါမျှ မဖွယ်မရာ လုပ်ခဲ့သည်မရှိ။ထို့ကြောင့် ဘာအပြစ်မှ လုပ်မထားသော သူ့အား အဘယ်ကြောင့် အသားလွတ် စိတ်ဆိုးဒေါသထွက်နေရနေသနည်း။
ထိုအခိုက် ကျောင်းဝန်းထဲသို့ ဂျစ်ကားတစီး မောင်းဝင်လာသည်။ ကားပေါ်တွင် နှင်းနှင်းအေး၏ မိဘနှစ်ပါးဖြစ်သော သူဌေး ဦးထွန်းအေးနှင့် ဒေါ်ခင်ထားတို့အပြင်၊ ယောဂီအဝတ်တို့ အထက်အောက် ဝတ်ဆင်ထားသော လူကြီးတယောက်လည်း တပါတည်းပါလာ၏။ထိုလူကြီးသည် ယောဂီတဘက်ကိုလည်း ဦးခေါင်း၌ ပေါင်းထားလေ၏။ အညိုရောင် လွယ်အိတ်ကိုလည်း ပခုန်းတဖက်၌ လွယ်လာ၏။ သူ့ကို ကြည့်ရသည်မှာ အထက်လမ်းဂိုဏ်းဆရာတယောက်ဟန်ပေါက်လေ၏။
မှန်၏။ ယင်းပုဂ္ဂိုလ်သည် နယ်လှည့်သာသနာပြုနေသော လူသူတော် ဆရာဟန်ဆိုသူ ဖြစ်လေ၏။ သူဌေးဦးထွန်းအေးတို့က ပင့်ဖိတ်သောကြောင့် အိမ်သို့ရောက်ခိုက်၊ နှင်းနှင်းအေးကိစ္စကို ဆရာကိုတင်မြင့်က လာရောက်အကြောင်းကြားခြင်းနှင့် ဆုံနေ၍ တပါတည်း လိုက်ပါလာခြင်း ဖြစ်လေသည်။
_______________
၆။
ဆရာဟန် ရောက်လာသည်နှင့် ဆရာ၊ ဆရာမများက ဘေးသို့ ရှဲပေးလိုက်ကြသည်။ ဆရာများနာနေခန်း အပြင်ဘက်တွင် ကျောင်းသူကျောင်းသားများ ဝိုင်းအုံနေသဖြင့်၊ ဆရာတချို့က ကလေးများကို ကိုယ့်အတန်းကိုယ်သွားကြရန် နှင်ထုတ်လိုက်ရ၏။
ဆရာဟန်သည် နှင်းနှင်းအေးရှိရာသို့ သွား၍ နှင်းနှင်းအေး၏ ဦးခေါင်းကို ဖတ်ခနဲ လက်တဖက်ဖြင့် မိမိရရ အုပ်ကိုင်ထားလိုက်သည်။ ပြီးသော် ပါးစပ်ကနေ အမိန့်ပေးလိုက်ဟန်တူ၏။ ခပ်တိုးတိုး ရေရွတ်လိုက်သည်ကို မြင်ကြရသည်။
အံဩစရာ။စောစောက ခြေလက်တို့ တလှုပ်လှုပ်ဖြစ်နေသော နှင်းနှင်းအေးသည် ချက်ချင်း ငြိမ်သက်သွားလေ၏။
ဆရာဟန်သည် နှင်းနှင်းအေး အရှေ့ ၄ပေခန့်အကွာက ထိုင်ခုံတလုံးကို ယူ၍ ထိုင်လိုက်သည်။ ထိုင်ပြီးသည်နှင့် နှင်းနှင်းအေးအား စူးစိုက်ကြည့်ခါ ...
" ကဲ ... မင်းဘယ်သူလဲ ၊ မှန်မှန်ပြောစမ်း "
ထိုအခါ နှင်းနှင်းအေးကိုယ်၌ ပူးကပ်နေသော တစ္ဆေသည် ဆရာဟန်အား မဝံ့မရဲ ကြည့်၍
" ငါ ပင်ကုက္ကိုကို အမှီသဟဲ ပြုနေတဲ့ တစ္ဆေပါ "
တစ္ဆေသည် ဆရာဟန်ကို အတော်ပင် ကြောက်ရွံဟန်တူ၏ ။ စောစောက ဆရာဟန်က နှင်းနှင်းအေး ဦးခေါင်းကို ကိုင်လိုက်ခြင်းက နှင်းနှင်းအေး ကိုယ်၌ ရှိသော တစ္ဆေကို ချုပ်လိုက်ခြင်း ဖြစ်မည်။
ဆရာဟန်က ဆက်မေးသည်။
" ဘာကြောင့် အေးအေးမနေဘဲ၊ ကျောင်းသူကို နှောက်ယှက်တာလဲဟေ့ "
တစ္ဆေသည် ကြောက်ရွံစွာ ...
" ငါ ... ငါ ... သူ့ကို နှောက်ယှက်ချင်တာ မဟုတ်ပါဘူး ။ ဟိုကောင်လေးကို ငါက လုပ်ချင်တာပါ။ အဲ့ကောင်လေးကိုယ်မှာ ဝင်မရလို့ ဒီကောင်မလေးကိုယ်ထဲ ဝင်လိုက်မိတာ ... အခု ငါ ငါ ထွက်ပေးပါ့မယ်။ နောက်ကို မလုပ်တော့ပါဘူး "
ဟိုကောင်လေးဟု ပြောလိုက်သဖြင့် ၊ ဆရာဟန်က အခန်းထဲကို မျက်စိဝေ့ကြည့်လိုက်သည်။ ကျောင်းသားအရွယ် ကလေးတယောက်မျှ မတွေ့ရတော့ချေ။ ကံကောင်းနှင့် ထင်ပေါ်မှာ ကိုယ့်အတန်းကိုယ်ပြန်သွားကြပြီ ဖြစ်သည်။ ဆရာမတယောက်က 'ကံကောင်းကို ပြောနေတာ နေမယ် ၊ ကံကောင်းက သူ့အတန်း ပြန်သွားပြီ။ကံကောင်းနဲ့ နှင်းနှင်းအေးက ကစားဖော်ကစားဖက်တွေ ' ဟု လှမ်းပြောလိုက်သည်။
နှင်းနှင်းအေး၏ မိခင် ဒေါ်ခင်ထားက 'ကံကောင်း'ဟု နာမည်ကြားလိုက်ရကတည်းက မျက်နှာ ပျက်သွားလေ၏။ ကံကောင်းအကြောင်းကို ရွာထဲက ပြောနေသံ သူမ ကြားမိသည်မဟုတ်လား။
ဆရာဟန်က နှင်းနှင်းအေးအား ကြည့်၍ ...
" ကဲ နင့်ကိစ္စ ငါ နောက်မှ မေးတော့မယ်။ နင် ငါခေါ်ရင် လာရမယ် မှတ်ပါ။ အခု ငါ နင့်ကို ဒဏ်ခတ်တဲ့အနေနဲ့ ကုက္ကိုပင်မှာ နင် နေခွင့်မပြုတော့ဘူး။ ဟောဒီ ကျောင်းဝန်း အတွင်း နင့်အတွက် နေရာမရှိဘူးဟေ့။ ဒါကြောင့် နင် ကျောင်းဝန်းအတွင်းက အမြန်ဆုံးထွက်ပေတော့ ... "
တစ္ဆေသည် စိုးရိမ်ကြောက်ရွံစွာ ...
" အဲ့ အဲ့သလိုတော့ မလုပ်ပါနဲ့ ဆရာကြီးရယ် ... ၊ ငါတို့က နေစရာတစ်ခုရဖို့ မလွယ်ဘူးဆိုတာ အသိသားနဲ့ "
ဆရာဟန်က အသံမာမာဖြင့် ...
" နင့်ဖာသာ အေးဆေး နေရင် ခုလို ဖြစ်မလား ၊ ငါ စကားနဲ့ နှင်တုန်းထွက်ပါ ။ အဲ့သလိုမှ မထွက်ရင် နင့်ကို ရက္ခိုက်ဘီလူးဂုဏ်မာန်တွေနဲ့ ရိုက်ပုတ်ခိုင်းရလိမ့်မဟေ့ "
ထိုအခါ တစ္ဆေက ...
" မလုပ်ပါနဲ့ မလုပ်ပါနဲ့ ၊ ငါ ထွက်ပေးပါ့မယ် ၊ ငါ ကြောက်လှပါပြီ "
ဆရာဟန်က ထိုင်နေရာက ထလာပြီး စောစောကလိုပဲ နှင်းနှင်းအေး ဦးခေါင်းကို မလှုပ်နိုင်အောင် အုပ်ကိုင်ထားလိုက်ပြီး ...
"ဥုံ အထက်သိကြား အောက်နဂါး၊ ေဩာင်း ဗုဒ္ဓရက္ခိတ ၊ ကြိမ်သို့နှလုံး ၊ ကြိုးသို့ထုံး သွားဟုံဟုံ သွားရော့လဟ "
ဂါထာအဆုံး၌ နှင်းနှင်းအေးသည် ခေါက်ခနဲ လဲကျသွားလေ၏။ ဒေါ်ခင်ထားက သမီးဖြစ်သူကို ပွေ့ချီ၍ နှာဝကို ရှုဆေးဖြင့် တေ့ပေးလိုက်သည်။
မကြာပါ။ နှင်းနှင်းအေးသည် လူကောင်းပကတိ ပြန်လည် အသိလည်လာ၏။ ဒေါ်ခင်လေးက သူ့သမီးကို ဒီတရက်တော့ အိမ်ပြန်ခေါ်သွားပါရစေဟု ကျောင်းအုပ်ဆရာမကြီးထံ ခွင့်ပန်သည်။ ဆရာမကြီးကလည်း ကလေး နေကောင်းမှ ကျောင်းပြန်ပို့ပါဟု လိုက်လျောပေးလိုက်၏။
ဦးထွန်းအေးနှင့်ဒေါ်ခင်လေးက သူ့သမီးကို ဘယ်ညာမှ ဖေးမ၍ ကားဆီသို့ ခေါ်သွားသည်။ ဆရာဟန်က ပင်ကုက္ကိုရှိရာသို့သွား ကြည့်ပြီးနောက်၊ ကံကောင်း ရှိသော အတန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ကံကောင်းသည် ပြတင်းပေါက်နားက ခုံတန်းမှာ ထိုင်နေသည်ဖြစ်ရာ၊ ဆရာဟန်နှင့် အကြည့်ချင်းဆုံသွားကြလေ၏။
ဆရာဟန်သည် ကံကောင်းကို သေသေချာချာ လှမ်းကြည့်လိုက်ပြီး၊ စိတ် မသက်မသာဖြင့် သက်ပြင်းကို ချလိုက်လေ၏။ ပြီးသော် ကံကောင်းအား ပြုံးပြနုတ်ဆက်ကာ ကားပေါ်သို့တက်သွားလေ၏။
ကံကောင်းကား ဝေး၍ သွားသော ဂျစ်ကား၏ အနောက်က ဖုန်လုံးကြီးကို ကြည့်၍ တချက်မျှ ရှိုက်လိုက်လေ၏။
သူ့စိတ်ထဲတွင်တော့ နှင်းနှင်းအေးတယောက် ဒီကျောင်းမှာ ဆက်နေပါဦးမလားလို့ ခပ်ရေးရေးမျှသော မျှော်လင့်တွေးလေး မရေမရာ တွေးလိုက်မိလေတော့သည်။
ဤတွင် ကံကောင်းအား မျက်မုန်းကျိုးနေသောတစ္ဆေဝတ္ထု
ပြီးပါပြီ။
ပီပီ၊မန္တလေး၊
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ