
အပိုင်း(၆)
"အဖဘုရား၊ သားတော် အဲဒီမိန်းကလေးကိုမှ မရရင် သေရပါတော့မယ်"
စော်ဘွားအိမ်တော်ထဲသို့ ဝင်လာပြီး ဆိုင်းမဆင့်ဗုံမဆင့်ပြောလိုက်သည့် သားဖြစ်သူ၏ စကားကြောင့် စော်ဘွားကြီး ညွှန့်ဝေ အလွန်အံ့သြသွားလေတော့သည်။ ထို့နောက် နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း
"သားတော် ဘာတွေဖြစ်လာခဲ့တာလဲ"
စော်ဘွားသားတော်က သူတွေ့ကြုံလာခဲ့သည့် ရှင်မွှေးအကြောင်းကို စော်ဘွားကြီးထံသို့ပြောပြလိုက်သည်။ စော်ဘွားကြီးက အတန်ကြာအောင်စဉ်းစားနေမိသည်။
"သားတော်ပြောတာကို အဖဘုရားလက်ခံပါတယ်၊ သို့သော် သားတော်မှာ ကြင်ယာတော်ဦး မရှိသေးပြီမို့ ထိုမိန်းကလေးနှင့် မတန်သေးပေဘူး"
သူတို့စော်ဘွားမျိုးဆက်၏ ထိမ်းမြားမှုအရ စော်ဘွားများ၏ ကြင်ယာတော်မှာ စော်ဘွားမျိုးနွယ်ဆက်သာဖြစ်ရန်လိုအပ်သည်။ အခြားကျန်သည့် မိန်းကလေးများ တစ်နည်းအားဖြင့် မယားများမှာတော့ မည်သူနှင့်မဆို စိတ်တိုင်းကျလျှင် ကြင်ဖက်နိုင်သော်လည်း တရားဝင်ကြင်ယာတော်မှာတော့ စော်ဘွားမျိုးနွယ်ထဲမှ သူဖြစ်ရန်လိုအပ်သည်။ သို့မှသာ အမွေဆက်ခံရေးကိစ္စရပ်များတွင် မျိုးနွယ်ရင်းနှင့် သွေးသားရင်းကို ထိန်းသိမ်းထားရန်ဖြစ်သည်။ စော်ဘွားကြီးပြောလိုက်တော့ ဖရက်ညွန့်ဝေ သိပ်ပြီးမကျေနပ်ပေ။
"ဒါဆိုလဲ တစ်ခုခုစီစဉ်ပေးပါအုံးအဖဘုရား"
"သည်းခံပါအုံးသားတော်ရယ်၊ သားတော်နဲ့နှမသုံးဝမ်းကွဲတော်တဲ့ ခင်လေး နဲ့ပေးစားလက်ဆက်ပြီးတော့မှပဲ သားတော်တခြားသူတွေကို ထပ်စဉ်းစားသင့်တယ်"
"မရဘူးအဖဘုရား၊ ခင်လေးကလဲ ခင်လေး၊ ရှင်မွှေးကလဲ ရှင်မွှေးပါ"
"ရော်၊ သားတော်က သိပ်ပြောရခက်တာပဲ၊ ဒီမယ် အဲဒီမိန်းကလေးဘယ်လောက်ချောချောလှလှ သားရဲ့ကြင်ယာတော်ဦးကိစ္စကိုပဲ စိတ်ထဲမှာထည့်ထားပါ ဟုတ်ပြီလား"
စော်ဘွားကြီး၏ တစ်ချက်လွှတ်အမိန့်ကြောင့် ဖရက်ညွန့်ဝေ ပြန်လှည့်ထွက်လာခဲ့ရသည်။
ထိုစဉ်က စော်ဘွားများမှာ အလွန်ချမ်းသာသူများဖြစ်ကြရာ သူတို့၏ သားသမီးများကို နိုင်ငံရပ်ခြားသို့စေလွှတ်ပြီး ပညာသင်လေ့ရှိရာ စော်ဘွားသားတော်မှာ ငယ်မည် မောင်မောင်တုတ် ပျောက်ပြီးတော့ ထိုခေတ်ထုံးစံအတိုင်း အဖေနာမည်ကို အရှေ့ကအနောက်တိုင်းစာလုံးထည့်ကာ ဖရက်ညွန့်ဝေဟု ကိုယ့်ကိုယ်ကိုယ်အမည်တပ်ထားသည်။ ဖရက်ညွန့်ဝေမှာ အိန္ဒိယရှိ ဘုံဘေတက္ကသိုလ်တွင် ခေတ်မီလောကဓါတ်ပညာများကို တက်ရောက်နေသူဖြစ်ပြီး ယခုကျောင်းခေတ္တပိတ်ချိန်တွင်း မွေးရပ်မြေသို့ ပြန်လာခဲ့သူဖြစ်သည်။ ထိုညတော့ စော်ဘွားကြီးက အိပ်စက်ရန်အတွက် ပြင်ဆင်နေစဉ်မှာပင် စော်ဘွားကတော်ကြီးက စော်ဘွားကြီးအားပြောလေသည်။
"မောင်တော်ဘုရား၊ သားတော်ကလေးမှာ ညစာမသုံးဆောင်ပါဘူးတဲ့ဘုရား"
"ဟင်၊ သားတော်ဘာလို့ညစာ မသုံးဆောင်သလဲ"
"သားတော်က မိန်းကလေးတစ်ယောက်ကြောင့် ပူဆွေးနေရတယ်လို့ အထိန်းတော်တွေက ဆိုပါတယ်"
"ဟေကွာ၊ မနက်က မောင်တော်ကိုပြောပါသေးတယ်၊ ဒီလောက်တောင်ဖြစ်စရာလိုလို့လား"
"ဒါတော့မသိပါမောင်တော်ဘုရား"
"အင်း၊ သားတော်ကလေးအနားမှာ မြောက်များလှစွာသော မိန်းကလေးတွေ၊ အထိန်းတော်တွေ၊ ကိုယ်လုပ်တော်၊ အခြွေအရံတွေရှိပေမယ့် ဘာလို့ကျေးလက်က တောသူမိန်းကလေးကို ချစ်ခင်စုံမက်နေပါလိမ့်နော်"
"မောင်တော်ဘုရားစုံစမ်းပေးပါ၊ သားတော်လေးဒီစိတ်နဲ့ကြာရင် ရောဂါတွေဖြစ်နေမှာစိုးလို့ပါဘုရား"
စော်ဘွားကြီးလဲ ခေါင်းညိတ်လိုက်တော့သည်။
နောက်တစ်နေ့မနက်တော့ သားတော်နှင့်အတူလိုက်ပါသွားသည့် ထီးတော်မိုးဖြစ်သူအား မေးမြန်းရတော့သည်။ ထီးတော်မိုးများမှာ စော်ဘွားသွေးနှင့် အရပ်သားသွေးနှောကြသူများကိုသာ ခန့်ထားခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက အတွင်းလူများအဖြစ် တာဝန်ထမ်းဆောင်ကြရသည်မို့ တစ်နည်းပြောရလျှင် လူယုံတော်ကျွန် ယုံတော်များဖြစ်သည်။
"မောင်မင်းအမှန်အတိုင်းလျှောက်စမ်း၊ တို့စော်ဘွားမျိုးထဲက အချောဆုံးအလှဆုံးဆိုတဲ့ ခင်လေးနဲ့ ဒီတောသူမိန်းကလေးနဲ့ ဘယ်သူကပိုပြီး ချောလှလို့လဲ"
ထီးတော်မိုးမှာ သိပ်ပြီးကြာကြာပင်မစဉ်းစားပေ။
"မှန်ပါစော်ဘွားကြီး၊ ရှင်မွှေးဆိုသည့်မိန်းကလေးက အဆပေါင်းများစွာ ပိုမိုချောမောလှပကြောင်းပါ"
"မင်းတို့ကွာ"
စော်ဘွားကြီးက အားမလိုအားမရနှင့်ပြောလိုက်သည်။ ခင်လေးဆိုသည့် မိန်းကလေးက စော်ဘွားမျိုးထဲ အချောဆုံးအပျိုတော်လေးဖြစ်ပြီးနောက် အပြစ်ပြောစရာမရှိအောင်ကို ချောမောလှပနေသည့်အတွက် သားတော်နှင့်လက်ဆက်ပေးဖို့ ကြံရွယ်ထားပြီးသားဖြစ်သည်။ ထိုမျှလှပသော ခင်လေးထက် တောသူမိန်းကလေးက လှသည်ဆိုတာကို စော်ဘွားကြီး လက်မခံချင်ပေ။
"မှန်ပါစော်ဘွားကြီး၊ ခင်လေးနှင့် ရှင်မွှေးနိုင်းယှဉ်လိုက်လျှင်၊ ရှင်မွှေးမှာ အလွန်မွှေးပျံ့သည့် နံ့သာငါးပါးနှင့်ပေါင်းစပ်ထုလုပ်ထားသည့် ပန်းပုရုပ်ကလေးတစ်ရုပ်မျှဖြစ်ပြီး ခင်လေးကတော့ လမ်းဘေးတွင် ယင်စိမ်းအုံပြီးလောက်တွေပွထနေသည့် ခွေးချေးခြောက်ပုံကဲ့သို့ ကွာခြားလှပါသည်"
"ရွံလိုက်တာကွာ၊ ဝေါ့"
စော်ဘွားကြီး လုံးဝမယုံနိုင်တော့ပေ။ သို့နှင့် သူကိုယ်တိုင် ရှင်မွှေးဆိုသည့်မိန်းကလေးအကြောင်းကို စုံစမ်းပြီး သွားရောက်လေ့လာကြည့်ဖို့အတွက် စိတ်ကူးမိလိုက်တော့သည်။
ထီးတော်မိုးပြန်လာသည့်အခါတွင် စော်ဘွားအိမ်တော် အနောက်ဘက်ရှိအဆောင်သို့ကူးသွားလိုက်သည်။ ထိုအခါတွင်အဆောင်ထဲတွင်ထိုင်နေသည့် မိန်းမတစ်ဦးက ထီးတော်မိုးကိုမေးမြန်းလိုက်သည်။
"အခြေအနေဘယ်လိုလဲ"
"အခြေအနေကတော့ ကျုပ်တို့ဆင်ထားတဲ့အကွက်ထဲကိုရောက်လာခဲ့ပါပြီ၊ အခုဆိုသားတော်ကလေးကလဲ ရှင်မွှေးမှ ရှင်မွှေးဆိုပြီးဖြစ်နေတော့တာပဲ၊ အဘွားရဲ့အစွမ်းတွေကြောင့်ထင်တယ်"
ထိုအခါ ထိုမိန်းမက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ထီးတော်မိုးကသာ အဘွားဟုခေါ်သော်လည်း ထိုမိန်းမ၏ ရုပ်ရည်က အသက် သုံးဆယ်ဝန်းကျင်ခန့်ဟုသာ ထင်ရသည်။
"မစွမ်းဘဲနေနိုင်မလားဟ၊ ရှင်နှောင်းဆိုတဲ့ကောင်မလေးဆီက အစွမ်းတွေရဖို့အတွက် သူ့ညီမကို ငါတို့ဓါးစာခံဖမ်းဆီးပြီးခေါ်ဆောင်ရမယ်လေ၊ သူ့ညီမကိုတော့ သိပ်ချစ်တယ်လို့ဆိုတာမဟုတ်လား၊ ဒီတော့ ငါတို့ကလဲ သေသေချာချာကဝေထောင်ချောက်တွေနဲ့ ပြင်ဆင်ထားပြီးတော့ ဒီကောင်မလေးကို သူ့ညီမနဲ့ဓားစာခံလုပ်ပြီးတော့ ချောင်ပိတ်ဖမ်းမယ်"
"အဘွားအကြံအစည်ကတော့ ပိုင်လိုက်တာ၊ ဒါနဲ့ ကိစ္စအောင်မြင်ရင် ကျုပ်ကိုမမေ့ရဘူးနော်"
"စိတ်ချပါဟဲ့၊ နင့်အတွက်လဲ မနည်းစေရအောင် ငါစီစဉ်ပေးပါ့မယ်"
ထီးတော်မိုးအလွန်ပျော်ရွှင်သွားမိသည်။
"ဒါထက် အဘွားက ဘာအစီအရင်တွေသုံးထားလို့ သားတော်ကလေးက ဒီလိုဖြစ်နေတာလဲ"
ထိုအခါ အဘွားဆိုသူမိန်းမက ချွေးခံအကျီအိတ်ထဲမှ ပုလင်းလေးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုပုလင်းလေးထဲတွင် ခရမ်းရောင်အရည်လေးများက ဝင်းလက်နေလေသည်။
"ဟော့ဒါပေါ့ အချစ်ဆေးရည်ဆိုတာ၊ ဒီဆေးရည်ကိုငါကစီရင်ထားပြီး သားတော်ကလေးမှာ သုံးထားတဲ့အတွက် သားတော်ကလေးကို ကြည့်မြင်လိုက်တဲ့သူတိုင်း ချစ်ခင်နေလိမ့်မယ်၊ နောက်ပြီးတော့ ရှင်မွှေးရဲ့ပင်ကိုယ်အလှလဲပါတာမို့လို့ သားတော်ကလေးအရူးအမူးဖြစ်နေတာလဲပါမယ်"
"ဒီလိုကိုး၊ ဒါဆိုရင် ကျုပ်ကို ဒီဆေးရည်လေးပေးပါလား"
"နင်တောင်းတာလဲကြည့်တောင်း၊ ဒီဆေးရည်ရဖို့ ဆယ်နှစ်ဆယ်မိုးမက ဖော်စပ်ခဲ့ရတာ၊ ကဝေတွေရဲ့ ဆေးဝါးဖော်စပ်တဲ့အထဲမှာ အမြင့်ဆုံးပညာရပ်တစ်ခုပဲ၊ ငါက နင့်ကိုလွယ်လွယ်ပေးမလား"
ထီးတော်မိုးလဲ ခေါင်းကုပ်လိုက်ပြီးနောက် အနောက်ဆောင်အတွင်းမှ ပြန်ထွက်လာခဲ့သည်။ ထိုမိန်းမက ထီးတော်မိုးကျောပြင်ကိုစိုက်ကြည့်ရင်း ပြုံးနေမိသည်။
"ဟား၊ ဟား ရှင်နှောင်း၊ ရှင်နှောင်း၊ ငါတော့ ပျိုရချည်သေးရဲ့"
ထိုသို့ရေရွတ်လိုက်လေတော့သည်။
(ဆ)
ရှင်နှောင်းတစ်ယောက်အသက်တစ်ဆယ့်ခြောက်နှစ်သို့ ပြည့်ခဲ့ပြီမို့ ပညာလဲအတော်စုံနေပြီဖြစ်သည်။ မဇာသင်ပေးသည့် အထက်တန်းစားကဝေပညာရပ်များအားလုံးလိုလိုကို တတ်ကျွမ်းနေပြီဖြစ်သည်။ သူနှင့်ဆန့်ကျင်ဖက်ကတော့ သူ့ညီမ ရှင်မွှေးပင်ဖြစ်သည်။ ရှင်မွှေးမှာ မွေးရာပါမှော်အစွမ်းအားနည်းလွန်းသည်မို့ အလွန်အဆင့်အတန်းနိမ့်ကျသည့် ကဝေပညာရပ်များပင် မတတ်မြောက်နိုင်သေးပေ။ နောက်တော့ ရှင်မွှေးလဲ အလွန်စိတ်ပျက်လာပြီး ကဝေပညာများကို မသင်ယူတော့ပေ။
မဇာလဲအသက်ကြီးပြီ၊ မိန်းကလေးနှစ်ယောက်ကလဲ အဖော်ရပြီမို့ အိမ်အလုပ်တွေ သိပ်ပြီးလုပ်စရာမလိုတော့ပေ။ တစ်ရက်တော့ မဇာက ပေစာထုပ်ကြီးတစ်ထုပ်ကို ခေါင်းပေါ်ရွက်ပြီးနောက် အိမ်ပေါ်သို့ပြန်တက်လာရာ ရှင်နှောင်းက အားရဝမ်းသာပြေးပြီးကြိုဆိုသည်။
"အမဇာ သမီးမှာတာတွေ ရခဲ့လား"
"စိတ်ချပါရှင်နှောင်းရဲ့၊ နင်ပြောတာတွေက ရှာလို့တော့အခက်သား၊ ဒါပေမယ့် အမြဲမရဘူးနော်၊ ငါခဏငှားလာတာ"
အလွန်ရှေးကျနေသည့် ပေစာထုပ်များကိုရှင်နှောင်းက တစ်ရွက်ချင်းလှန်လှောကြည့်နေလေသည်။
"ဒါတွေအမဇာ ဘယ်ကနေငှားလာခဲ့တာပါလိမ့်"
"ဘယ်ကငှားလာရမလဲ ရွာပြင်သုဿန်က တို့အဘွားရဲ့သင်္ချိုင်းမြေပုံကိုဖောက်လာခဲ့တာ"
"ရှင်"
ရှင်နှောင်းမျက်လုံးပြူးသွားသည်။ မဇာကတော့ အေးအေးလူလူပင် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်နေလေသည်။
"တို့အဘွားက သူတတ်တဲ့ပညာတွေကို သူနဲ့အတူတူမြှုပ်ခဲ့ဖူးတယ်လို့ကြားဖူးတယ်လေ၊ အမျိုးတွေသာသိပြီးတော့အပြင် သူစိမ်းတွေတော့ မသိကြဘူးပေါ့၊ ငါလဲ အပျိုဘဝရောက်တော့ အဲဒီပညာတွေကို တူးပြီးတော့ ခိုးသင်ဖူးတယ်၊ ဒါပေမယ့် ဒီပေစာတွေမှာ ကျိန်စာတိုက်ထားတယ်၊ ကိုယ်လိုချင်တဲ့ပညာကိုပဲသင်ရတယ်၊ သုံးရက်ပြည့်လို့ ပြန်မထားရင် ကျိန်စာသင့်သတဲ့၊ ဒါကြောင့် ခဏပဲရမယ်လို့ပြောတာ"
"ပညာတွေက တော်တော်ထူးဆန်းတာပဲနော် အမဇာ"
"အောင်မယ် ဒါကဘာဟုတ်သေးလို့လဲ၊ ကဝေအစည်းအဝေးကျင်းပတဲ့ ကျောက်ဂူကြီးထဲက ရဘိန်းနတ်ရုပ်ကြီးဆီမှာ ဒီထက်ပိုပြီးထူးဆန်းတဲ့ပညာတွေ အစွမ်းတွေ ရှိနေသေးတာပေါ့"
"နတ်ရုပ်ကြီးထဲမှာ၊ ဟုတ်သလား"
မဇာက ခေါင်းညိတ်ပြရင်း
"ဒီလိုလေ၊ တို့ကဝေတွေ သေဆုံးသွားတဲ့အခါမှာ သူတို့ရဲ့ပညာတွေနဲ့အစွမ်းတွေကို ရဘိန်းနတ်ရုပ်ကြီးထံကို ပြန်ပြီးဆက်သရတယ်၊ ကဝေတွေရဲ့ပညာတွေကို ဖျက်ဆီးတဲ့အခါမှာလဲ အဲဒီပညာတွေ အစွမ်းတွေကို နတ်ရုပ်ကြီးထံကို ပြန်အပ်ရတယ်၊ ဒီတော့ မြောက်များစွာသော ကဝေတွေရဲ့ပညာတွေက နတ်ရုပ်ကြီးထဲမှာ စုနေတဲ့သဘောပဲပေါ့"
"ဒါဆို ကဝေတစ်ယောက်က သေပေမယ့် သူ့အစွမ်းတွေက အမြဲကျန်နေတတ်တာပေါ့နော်"
"ဒါပေါ့၊ ဒါကြောင့် ကဝေတစ်ယောက်သေရင် သူ့ကိုကဝေတွေက သေသေချာချာဂရုစိုက်ပြီးတော့ ဇာပနအခမ်းအနားကျင်းပပေးရတယ်၊ ကဝေရှင်တွေ၊ မကောင်းတဲ့ကဝေတွေက ကြားဖြတ်ပြီးတော့ ဒီအစွမ်းတွေကို စုပ်ယူသွားမှာစိုးလို့ပေါ့"
ရှင်နှောင်းက ခေါင်းကိုသာညိတ်ပြပြီးသည့်နောက်တွင် ပေစာထုပ်ကိုအလွန်စူးစိုက်ကာ ရှာဖွေနေလေသည်။
"ဒါနဲ့ရှင်နှောင်း၊ နင်က ဘာပညာကိုရှာဖွေနေတာလဲ"
ရှင်နှောင်းက ပြန်မဖြေသေးပေ။ ထိုသို့ ရှာဖွေနေရင်းမှ
"တွေ့ပြီ၊ တွေ့ပြီ"
ထိုသို့အော်ဟစ်လိုက်ပြီးသည့်နောက် ပေစာထုပ်ကိုယူကာ မီးဖိုခန်းအတွင်းသို့ ပြေးဝင်သွားတော့သည်။ မဇာလဲ လိုက်မကြည့်တော့ဘဲ ရေနွေးသောက်၍သာနေသည်။ အိမ်အောက်တွင်တော့ ပိုးထည်များကိုရက်လုပ်သည့် ပိုးရက်ကန်းကို ရှင်မွှေးခတ်နေသည့် ရက်ကန်းခတ်သံကို အတိုင်းသားကြားနေရသည်။
လပြည့်ည။
ချိန်းဆိုထားသည့်အတိုင်း မဇာက ကဝေအစည်းအဝေးကျင်းပသည့် ဂူကြီးဆီသို့တိတ်တဆိတ်လာခဲ့လိုက်သည်။ ကဝေအစည်းအဝေးကြီးပြီးသွားသည့်အခါတွင် လူအများပြန်သွားကြရာ မဇာနှင့် မယ်တော်သာ ကျန်ခဲ့တော့သည်။
"မဇာ နင်ဘာလာလုပ်တာလဲ"
"မယ်တော်နဲ့တိုင်ပင်စရာရှိလို့ပါ၊ ရှင်နှောင်းကလေးဟာ မွေးရာပါ မှော်အစွမ်းကြီးမားသူဖြစ်တယ် ဒါကြောင့်မို့ သူ့ကိုကဝေအစည်းအဝေးကိုခေါ်လာပြီးတော့ ကဝေတစ်ယောက်အဖြစ် သင်ကြားပေးပြီး ပိုမိုအဆင့်မြင့်တဲ့ ကဝေပညာတွေ သင်ကြားပေးသင့်ပါတယ်"
မယ်တော်က မဲ့လိုက်ပြီးနောက်
"မဇာရယ်၊ နင်ကဘာဖြစ်ချင်နေတာလဲ၊ ကဝေတွေကြားထဲမှာ စစ်ပွဲတစ်ခုဖြစ်သွားစေချင်လို့လား"
မယ်တော်စကားကြောင့် မဇာလဲမျက်လုံးပြူးသွားသည်။
"ဒီကောင်မလေးတစ်ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါကျရင် သူ့မွေးရာပါရှိပြီးသား မှော်အစွမ်းတွေရဲ့ အပြည့်ဆုံးအနေအထားကိုရောက်လာလိမ့်မယ်လေ၊ ဒီအချိန်မှာ သူ့ကိုဒီကဝေအစည်းအဝေးကိုခေါ်လာလိုက်ရင် သူ့အစွမ်းတွေကို မှန်းဆနိုင်တဲ့ကဝေတွေက သူ့ကိုစိန်ခေါ်ပြီးတော့ အစွမ်းတွေစုပ်ယူတာခံရမှာပေါ့"
မယ်တော်ပြောတာလဲ ဟုတ်မှန်သည်မို့ မဇာခေါင်းသာညိတ်လိုက်သည်။
"နောက်ပြီးတော့ ဒီအစွမ်းတွေရလိုမှုနဲ့ ကဝေတွေအချင်းချင်းတိုက်ခိုက်ကုန်ကြရင် နဂိုကတည်းကမှ အားနည်းနေပါတယ်ဆိုတဲ့ ငါတို့ကဝေတွေအကုန်လုံး ဝါးအစည်းပြေသလို ဖြစ်ကုန်ကြလိမ့်မယ်"
"ဒါ၊ဒါဆို ရှင်နှောင်းကို မယ်တော်ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားသလဲ"
"သူ့ကိုနတ်မင်းကြီးဆီကို ဆက်သရမယ်"
မဇာမျက်လုံးက ပိုပြီးပြူးကျယ်သွားသည်။
"နတ်မင်းကြီးထံ ဆက်သမယ်၊ ဒါဆို၊ ဒါဆို"
"ဟုတ်တယ်၊ ရှင်နှောင်းကသေရမယ်၊ သူ့မှာရှိတဲ့အစွမ်းတွေက လူတစ်ဦးတစ်ယောက်ဆီမှာရှိနေဖို့မသင့်တဲ့အစွမ်းတွေပဲ၊ ဒါကြောင့်မို့ သူ့မှာပါလာတဲ့အစွမ်းတွေကို နတ်မင်းကြီးထံကို ပြန်လည်အပ်နှင်းရလိမ့်မယ်၊ ဒါမှ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ"
"ဒါပေမယ့် နတ်မင်းကြီးထံကို ပူဇော်အပ်နှင်းဖို့က အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးမှ စီရင်ခွင့်ရှိတာမဟုတ်လား"
မယ်တော်က ခေါင်းညိတ်ရင်း
"ဒါကြောင့်လဲ နင့်ကိုတာဝန်ပေးထားရတာပေါ့အမဇာ၊ မပူပါနဲ့၊ တကယ်လို့ရှင်နှောင်းကိုပူဇော်ပြီးသွားရင် နင့်ကိုကဝေတွေထဲ အဆင့်အတန်းမြင့်တဲ့ရာထူးတစ်ခုပေးပြီးတော့ မယ်တော်မြှောက်မယ်"
"မယ်တော်၊ ဟုတ်လား"
မယ်တော်ဆိုသည်မှာ ကဝေများအားလုံးထဲတွင် အဆင့်အတန်းအမြင့်ဆုံးဖြစ်ပြီး ကဝေများစွာကို နေရာအလိုက်အုပ်ချုပ်ရသည်။ လက်ရှိတွင် မယ်တော်ခြောက်ပါးရှိပြီးနောက် ထိုမယ်တော်များ၏ အချုပ်မှာ ယခု မဇာနှင့်စကားပြောနေသည့် တင်ရီအမည်ရ မယ်တော်ဖြစ်သည်။ မယ်တော်ရာထူးရမည်ဆိုသော်လည်း ရှင်နှောင်းအား နတ်မင်းကြီးဆီသို့ ယဇ်ပူဇော်ပသမည်ဆိုသည့်စကားကြားရသည်အခါတွင် စိတ်ထဲအလွန်ထိခိုက်နာကျင်နေမိသည်။ မဇာမျက်လုံးမှ မျက်ရည်များစီးကျလာခဲ့သည်။
"တော်စမ်းပါမဇာရယ်၊ နင်စိတ်လျော့လိုက်ပါ၊ ဒီကလေးက ဒီလိုဖြစ်တော့မှ ငါတို့တတွေအကုန်လုံး မဖြစ်သင့်တာတွေ မဖြစ်မှာ၊ သူ့မှာမွေးကတည်းက ဒီလိုဖြစ်ဖို့ ကံပါလာတယ်လို့ပဲတွေးလိုက်ပေါ့"
မယ်တော်စကားလဲ မှန်နေတာကြောင့် မဇာခေါင်းညိတ်ပြလိုက်ရတော့သည်။
အလွန်သာယာလှသည့် နေ့ခင်းတစ်ရက်ဖြစ်သည်။ ဦးအုန်းတို့မိသားစု နေ့လည်စာစားသောက်ပြီးနောက်အိမ်ရှေ့ခန်းတွင် အပန်းဖြေနေကြစဉ်ဖြစ်သည်။ ထိုအချိန်တွင် ရွာထဲတွင် တဒူဒူနှင့် မောင်းထုသံကိုကြားလိုက်ရသည်။
"လာပြန်ပြီလားမောင်းထုသံ၊ ရွာထဲမှာ ဘာတွေဖြစ်နေတာလဲ"
မကြာခင် ကြီးမားလှသော လူအုပ်ကြီးသည် သူတို့ခြံဆီသို့ရောက်ခဲ့သည်။ ဦးအုန်းလဲ ထူးဆန်းစွာဖြင့်အိမ်ပေါ်မှ လှမ်းကြည့်လိုက်သည့်အခါတွင် သေနတ်ကိုင်များ၊ ဓါးလွတ်ကိုင်ထားသည့်လူများခြံရံလျှက် ရွှေဝေါယာဉ်ကြီးတစ်ခုပေါ်တွင် လူကြီးတစ်ယောက်က မိန့်မိန့်ကြီးထိုင်နေသည်ကိုတွေ့လိုက်ရသည်။
"ဟာ စော်ဘွားလား ဘာလား၊ လာပြန်ပဟ"
ဦးအုန်းလဲ အိမ်အောက်ဆင်းပြေးသွားရသည်။ စော်ဘွားကြီးက အခြံအရံတွေနှင့်ရောက်လာခဲ့ခြင်းဖြစ်ရာ အစောင့်အရှောက်တွေက ဦးအုန်းတို့ ခြံကိုဝိုင်းရံထားလိုက်ကြပြီးနောက် ဦးအုန်းတို့ခြံတံခါးကို စော်ဘွား၏အစောင့်ကိုယ်ရံတော်များက ဖျက်ဆီးလိုက်ကာ စော်ဘွားမှာဝေါယာဉ်ကြီးနှင့် ခြံထဲရောက်လာခဲ့သည်။
"သွားပါပြီ၊ ဘာလို့ခြံတံခါးကို ဖျက်ရတာလဲ"
"လျှာမရှည်နဲ့ စော်ဘွားမင်းကြွလာတယ်၊ ကောင်းကောင်းကြိုဆိုစမ်း"
ဝေါယာဉ်ကြီးရပ်သွားသည့်အခါတွင်တော့ စော်ဘွားကြီး ညွန့်ဝေကဆင်းလာခဲ့လေသည်။
"မောင်မင်းဆီမှာ ရှင်မွှေးလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိတယ်လို့ကြားတယ်၊ သွားခေါ်ချေစမ်း၊ ငါကြည့်ရအောင်လို့"
စော်ဘွားကြီးက ခပ်တင်းတင်းပြောလိုက်သဖြင့် ဦးအုန်းလဲအံ့သြလျှက် ကြောက်ကြောက်နှင့်ပင် ရှင်မွှေးအားခေါ်လိုက်တော့သည်။ ထိုအခါ ရှင်မွှေးကအိမ်အောက်မှပြေးထွက်လာကာ ဦးအုန်းအနားသို့တစ်လှမ်းချင်း လှမ်းလာခဲ့သည်။ စော်ဘွားကြီးမှာ ရှင်မွှေးကိုကြည့်ပြီး အလွန်အံ့အားသင့်ကာ ငေးမောနေရလေသည်။ အသက်ပင်မရှုနိုင်အောင်မိန်းမောနေပြီးတော့ သူ့အရှေ့တွင်လာရပ်သည့် ရှင်မွှေးကို အချိန်အတန်ကြာအောင် ငေးကြည့်နေမိသည်။
"အဟင်း၊ အဟင်း စော်ဘွားကြီး လာရင်းကိစ္စက ဘာများပါလိမ့်"
ဦးအုန်းက မေးလိုက်သော်လည်း စော်ဘွားကြီးအကြည့်က ရှင်မွှေးအနားမှ မခွာနိုင်ပေ။
"ချောလိုက်၊ လှလိုက်တာ"
ငေးမောနေသည့် စော်ဘွားကြီးမှာ ပါးစပ်မှ ထိုစကားလုံးသာထွက်သည်မို့ ဦးအုန်းလဲစိတ်ညစ်သွားသည်။ စော်ဘွားကြီး၏ ဘေးမှ ကျွန်ယုံတစ်ဦးက စော်ဘွားကြီးအားလက်နှင့်တို့လိုက်ရင်း
"သတိထားပါ စော်ဘွားကြီး"
စော်ဘွားကြီးက သတိမထားနိုင်သေးပေ။
"ထီးတော်မိုးပြောတဲ့ နံ့သာငါးပါးနဲ့ထုထားတဲ့ ပန်းပုရုပ်နဲ့ နွားချေးခြောက်လို့ပြောတာ တကယ်မလွန်ဘူးပဲ"
"စော်ဘွားကြီး လာရင်းကိစ္စကို သိပါရစေ"
"သြော်၊ အင်း လာရင်းကိစ္စကတော့၊ အဟင်း၊ ဒီကမောင်မင်းရဲ့ သမီးကညာကလေးကို ငါကိုယ်တော် ချစ်ခင်နှစ်သက် စုံမက်လိုပေတယ်"
"ခင်ဗျာ"
ဦးအုန်းက အလွန်အံ့သြကာ ရေရွတ်မိလိုက်သည်။ အနားက ကျွန်ယုံတွေသတိပေးမှာ စော်ဘွားကြီးက
"အိမ်း၊ ငါကိုယ်တော်ချစ်ခင်နှစ်သက်လှသလို ငါကိုယ်တော်ရဲ့ မောင်းမတော်အဖြစ်သို့ မြှောက်စားသိမ်းသွင်းတော်မူချင်တယ်"
စော်ဘွားကြီးစကားကြောင့်အားလုံးထိတ်လန့်ကုန်ကြသည်။
"မသင့်လျှော်ကြောင်းပါ စော်ဘွားကြီး၊ စော်ဘွားကြီးလာရင်းကိစ္စကတော့ဖြင့် သားတော်ကလေးနဲ့လက်ဆက်ထိမ်းမြားပေး . . ."
"တော်စမ်း၊ တိတ်စမ်း၊ ငါ့ရဲ့တစ်ချက်လွှတ်အမိန့်"
စော်ဘွားလူယုံများနောက်ဆုတ်သွားကြတော့သည်။ စော်ဘွားကြီးမှာ အလွန်အချစ်စိတ်ပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် ရှင်မွှေးကိုကြည့်နေပြီးနောက် သူ၏အကြည့်များထဲတွင်လဲ ရှင်မွှေးအား ပိုင်ဆိုင်လိုသည့်စိတ်များ ပြည့်လျှံလျက်ရှိကြောင်းတွေ့မြင်ရပေသည်။
"သို့သော်လည်း စော်ဘွားကြီး၊ ကျုပ်တို့လူမျိုးဓလေ့အရ မိဘခြင်းသဘောတူသူမှသာ"
"တိတ်စမ်းမောင်မင်း၊ ငါ့မိဘသဘောတူချက်ကိုယူချင်ရအောင် ငါကနတ်ပြည်တက်ယူရမှာလား"
စော်ဘွားကြီးဟောက်လိုက်တော့မှ ဦးအုန်းလဲ ငြိမ်ကျသွားသည်။ ရှင်မွှေးမျက်နှာကတော့ သိပ်မကောင်းလှပေ။ စော်ဘွားကြီးက သူ့ကိုသိမ်းပိုက်မည်ဆိုတော့ စိတ်ပူပန်ပြီး စိတ်ဆင်းရဲနေမိသည်။ သို့သော်လည်း စော်ဘွားကြီးမို့ သူတို့လိုနိမ့်ကျသည့် ကျေးလက်တောသူများအဖို့ ငြင်းဆန်နိုင်ဖွယ်ရာမရှိတော့ပေ။
"အားလုံးနာခံကြ၊ နောက်တစ်လနေ့ကောင်းရက်သာကျတဲ့ရက်ကိုတွက်ချက်ပြီးတော့ ဒီမိန်းကလေးကို ငါသိမ်းတော်မူမယ်၊ အခုတော့ အစောင့်အရှောက်လေးယောက်ချန်ထားခဲ့ပြီး ဒီမိန်းကလေးအိမ်ကိုစောင့်ရှောက်စေ၊ ဒီမိန်းကလေးကို ငါကိုယ်တော် သိမ်းသွင်းကြောင်းလဲ အများသိအောင် ကြေငြာမောင်းထုခတ်စေ"
အားလုံးဘာမှမတတ်နိုင်တော့။ ဦးအုန်းလဲ သူ့သမီးရှင်မွှေးမျက်နှာကိုသာ လှမ်းကြည့်နေမိသည်။ ရှင်မွှေးက အိမ်အောက်သို့ပြေးဝင်သွားပြီး တရှိုက်ရှိုက်ငိုနေလေသည်။ အမဖြစ်သူရှင်နှောင်းလဲ စိတ်တော့မကောင်းပေ။ ညီမဖြစ်သူ၏ ကျောပြင်ကိုပွတ်သပ်ပေးနေမိသည်။
"အမ၊ ရှင်မွှေး၊ ရှင်မွှေးဘာလုပ်ရတော့မှာလဲဟင်"
"ညီမလေးရယ်၊ ညီမလေးတကယ်ပဲ စော်ဘွားကြီးနဲ့ မပက်သက်ချင်ဘူးလား"
"ညီမလေးရင်ထဲရှိတာပြောရရင် စော်ဘွားသားတော်ကလေးကို မြင်လိုက်ကတည်းက ရင်ထဲမှာ ချစ်ခင်မိသွားခဲ့ပါတယ်၊ ဒီလို အသက်ကြီးကြီး အိုမင်းနေတဲ့ စော်ဘွားကြီးကိုတော့ စိတ်ကူးနဲ့တောင်မှ မယဉ်ဖူးပါဘူးအမရယ်"
ရှင်မွှေးကပြောရင်း ငိုကြွေးနေတော့သည်။ ရှင်နှောင်းလဲ တစ်ခုခုကိုစဉ်းစားနေပြီးသည့်နောက်
"ဒါဆိုရင် ညီမလေး တကယ်ပဲစော်ဘွားကြီးနဲ့ မပေါင်းသင်းမဆက်ဆံချင်ဘူးပေါ့"
"တကယ်ပါဆို အမကလဲ"
"ကောင်းပြီလေ၊ ဒါဆိုရင် အမကြံစည်ပေးမယ်၊ ညီမလေးအနေနဲ့ အမခိုင်းတဲ့အတိုင်းသာလုပ်"
ရှင်နှောင်းစကားကိုကြားတော့ ရှင်မွှေးမျက်လုံးကလေးများပြူးကျယ်သွားသည်။
"အမ၊ အမက ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလို့လဲ"
"စောင့်ကြည့်နေပါညီမရယ်၊ အမပြောနိုင်တာကတော့ ငါ့ညီမလေးတစ်သက်လုံး စိတ်ချမ်းချမ်းသာသာနဲ့နေနိုင်အောင်လို့ အမကလုပ်ပေးမှာပါ"
"ဒါဆိုအမ စော်ဘွားသားတော်ကလေးနဲ့ရော"
ရှင်မွှေးက စကားကိုမဝံ့မရဲပြောဆိုလိုက်သည်။ ထိုအခါတွင် ရှင်နှောင်းက ပြုံးလျှက် ညီမဖြစ်သူကို ခေါင်းညိတ်ပြလိုက်တော့သည်။ ရှင်မွှေးမျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့်အရိပ်အယောင်တွေ ကင်းစင်သွားကာ အလွန်ပျော်ရွှင်နေသည့် အပြုံးကလေးတစ်ပွင့်က လင်းလက်လာခဲ့တော့သည်။ ထိုအပြုံးကလေးကလဲ အမဖြစ်သူ ရှင်နှောင်း၏ ရင်ကိုငြိမ်းအေးသွားစေသည့် ညီမဖြစ်သူ၏ အပြုံးကလေးမဟုတ်ပါလား။
အပိုင်း (၇) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်