
အပိုင်း(၇)
ဓားကိုင်လက်နက်ကိုင်စော်ဘွား၏ ရဲမက်လူယုံများ အိမ်အပြင်တွင်စောင့်ကြပ်နေကြသည်မို့ သူတို့အိမ်အတွင်းအနေရကြပ်နေသည်ကတော့အမှန်ဖြစ်သည်။ အထူးသဖြင့် ဓားကိုင်လူများမှာ အိမ်အတွင်းယောက်ျားသားများဝင်ထွက်သွားလာနေသည်ကို ကန့်ကွက် ဟန့်တားနေကြသည်မို့ ရှင်မွှေးတို့အိမ်ကို လူမလာရဲသလောက်ပင်ဖြစ်သွားသည်။ အခြားလူများရှိနေ၍ တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်လိုသည့်အခါတွင် ကဝေပညာနှင့် လှမ်းပြီးစကားပြောကြရသည်။ ရှင်မွှေးကတော့ ထိုသို့စကားမပြောတတ်သော်လည်း ရှင်နှောင်းနှင့် မဇာတို့မှာ ထိုနည်းနှင့်စကားပြောဆိုကြရသည်။
ပိုးမွေးထားသည့် စကောလေးတွေအတွင်း ပိုးစာရွက်တွေဖြန့်နေသည့် ရှင်နှောင်းအနားသို့ မဇာက ကပ်လာပြီးနောက် ပိုးချည်လုံးကလေးတွေကို လာရောက်ကောက်ယူနေရင်း
"ဟဲ့ ရှင်နှောင်း၊ နင်ရှင်မွှေးကို ဘာပြောထားတာလဲ"
နားထဲအသံကြားရသော်လည်း မဇာကလုပ်မြဲအလုပ်ကိုသာလုပ်နေသဖြင့် ရှင်နှောင်းလဲ ကဝေပညာနှင့်ဆက်သွယ်နေသည်ကိုသိလိုက်ရသည့်အတွက် ထိုပညာဖြင့်ပင် ပြန်လည်ပြောဆိုလိုက်သည်။
"ဘာပြောရမှာလဲ၊ ညီမလေး စော်ဘွားကြီးကိုမလိုချင်ဘူးဆိုရင် အမကူညီမယ်လို့ပြောတာ"
"ရှင်နှောင်းရေ၊ လုပ်တာလဲကြည့်လုပ်နော်၊ နို့မို့တစ်ခုခုမှားသွားတော့မှ ငါတို့တွေအားလုံး စီရင်ခံနေရပါအုံးမယ်"
"စိတ်ချပါအမဇာရယ်၊ ညီမလေးမပျော်မရွှင်နဲ့တစ်သက်လုံး နေထိုင်နေရမှာကို ကျုပ်တော့မကြည့်ချင်ဘူး"
"အေးပါ၊ ငါလဲမကြည့်ချင်တာအမှန်ပါပဲ၊ သို့သော် ပြဿနာတွေတော့ ထပ်မဖြစ်စေချင်ဘူး၊ နောက်ပြီးတစ်ဖက်လူကလဲ စော်ဘွားကြီးမဟုတ်လား"
သာမန်လူတွေကြည့်လိုက်လျှင် ရှင်နှောင်းနှင့် မဇာတို့ သူ့အလုပ်သူအာရုံစိုက်ပြီး ကုန်းလုပ်နေသည်ဟုထင်ကြရပေမယ့် သူတို့အချင်းချင်းကတော့ဆက်သွယ်ပြောဆိုနေကြခြင်းဖြစ်သည်။
စော်ဘွားကြီးအိမ်တော်သို့ပြန်ရောက်လာသည့်သတင်းကြားရသည့်အခါတွင် စော်ဘွားသားတော် ဖရက်ညွန့်ဝေမှာ စော်ဘွားကြီးထံသို့ အပြေးအလွှားသွားရောက်တွေ့ဆုံတော့သည်။
"အဖဘုရား ရှင်မွှေးကိုတွေ့ခဲ့တယ်မဟုတ်လား ဘုရား"
"တွေ့ခဲ့တယ်သားတော်၊ သားတော်စွဲမက်ချင်မယ်ဆိုရင်လဲ စွဲမက်လောက်ပါရဲ့၊ ရှင်မွှေးဆိုတဲ့မိန်းကလေးရဲ့အလှဟာ တော်ရုံမဟုတ်ဘူးပဲ"
"ဒါဆို သားတော်နဲ့လက်ဆက်ဖို့ကိစ္စကိုရော အဖဘုရားစီစဉ်ခဲ့သလားဘုရား"
စော်ဘွားကြီးတစ်ချက်တွေဝေသွားသည်။ နောက်တော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး
"သည်းခံအုံးသားတော်၊ သားတော်မှာ ကြင်ယာတော်ဦးမရှိသေးပေဘူး၊ ဒီအတွက်ကြောင့် ရှင်မွှေးကို အဖဘုရာ တော်ကောက်ပြီး မြှောက်စားချီးမြှင့်မလို့ ကြံစည်ထားတယ်ကွဲ့"
ထိုစကားကိုကြားလိုက်ရသည့် သားတော်ကလေးမှာ အလွန်အံ့သြနေပြီးတော့ မကြာခင် ဒေါသများထွက်လာလေသည်။
"အဖဘုရားကို မိဘချင်း ကြောင်းလမ်းနားဖောက်ဖို့စေခိုင်းလိုက်တာကို အဖဘုရားက ရှင်မွှေးကို တော်ကောက်မြှောက်စားမလို့ကြံခဲ့တယ်ပေါ့ ဟုတ်သလား"
"ဘာလဲ၊ သားတော်က မကျေနပ်ဘူးလား၊ သားတော်မှတ်ထား၊ သားတော်မှာ ခင်လေးဆိုတဲ့ ကြင်ယာတော်ဦးအဖြစ်ရွေးမြှောက်မယ့်သူ ရှိပြီးသားပေပဲ"
"မလိုချင်ပါဘူးဘုရား၊ သားတော်က ရှင်မွှေးကိုသာ လိုချင်တာပါ"
"တော်တော့သားတော်၊ ဒီအကြောင်းတွေဆက်မပြောနဲ့တော့၊ သားတော်က အဖဘုရားအမိန့်ကိုလွန်ဆန်ချင်တာလား"
တင်းမာသည့် စော်ဘွားကြီး၏ စကားကြောင့် အိမ်တော်တစ်ခုလုံးတိတ်ဆိတ်သွားကြသည်။ စော်ဘွားကြီးမှာ ထိုမျှလောက်တစ်ခါမှ ဒေါသထွက်သည်ကို မမြင်ဖူးသေးပေ။ ထို့ကြောင့် စော်ဘွားသားတော်လဲ မကျေနပ်ချက်များကို အံကြိတ်သည်းခံရင်း စော်ဘွားကြီးဆီမှပြန်ထွက်လာခဲ့သည်။
"ပြဿနာတက်ပြီ၊ ပြဿနာတော့တက်ပြီ"
ထီးတော်မိုးက အော်ရင်းအနောက်ဆောင်အတွင်းသို့ ပြေးဝင်လာသည်။ အဘွားဆိုသူက ထီးတော်မိုးကိုကြည့်ရင်း
"ဟဲ့ အလန့်တကြားနဲ့ ဘာဖြစ်လာတာလဲ"
"ပြဿနာတက်ပြီအဘွားရေ၊ စော်ဘွားကြီးသားတော်အတွက် မိန်းကလေးသွားတောင်းခိုင်းတာကို အဲဒီမိန်းကလေးကို စော်ဘွားကြီးက တော်ကောက်ဖို့စီစဉ်ထားသတဲ့လေ"
အဘွားဆိုသူ မျက်လုံးပြူးသွားသည်။
"တကယ်လား"
"တကယ်ပါအဘွားရယ်၊ ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"
"ငါ့ရဲ့သားတော်ကလဲ ဗီဇမသေးပဲကိုး၊ သူ့ အဘိုးစော်ဘွားကြီးရဲ့သွေးတွေ ပါလို့နေမှာ၊ စော်ဘွားကြီးဆီမှာ ကြင်ယာတော်ရှစ်ယောက်၊ မောင်းမ၊ မိဿံတွေက လဲ နှစ်ကျိပ်လောက်ရှိတာမဟုတ်လား"
"အဘွားရဲ့ယောက်ျားအကြောင်းတွေပြောတာထားလိုက်ပါအဘွားရယ်၊ အခုဘယ်လိုဆက်လုပ်ကြမလဲလို့"
"ဘာဆက်လုပ်စရာရှိသေးလို့လဲ၊ အဓိကက ရှင်မွှေးပါလာတာနဲ့ ငါတို့ရှင်နှောင်းကိုထောင်ဖမ်းကြမယ်လေ"
"ဒါနဲ့အဘွားက ရှင်နှောင်းကိုရရင်အစွမ်းတွေစုပ်ယူမှာလား"
"ဒါပေါ့၊ သူ့ဆီကအစွမ်းတွေရရင် ငါအခုလိုအရိပ်ထဲမှနေမှ နုပျိုမှမဟုတ်ဘဲ နေရောင်ထဲမှာထွက်ပြီးတော့လဲ နုနုပျိုပျိုနေနိုင်ပြီပေါ့"
အဘွားကပြောလိုက်ပြီးသည့်နောက် ထီးတော်မိုးကို ငွေတုံးကလေးများလှမ်းပေးလိုက်သည်။ ထိုအခါ ထိုလက်သည် နေအလင်းရောင်ထဲကျရောက်သွားသည်နှင့် အလွန်ပါးရေတွန့်ပြီးအိုစာနေသည့် အဘွားကြီးလက်အဖြစ်သို့ပြောင်းလဲသွားတော့သည်။ ထီးတော်မိုးပြန်သွားသည့်အခါတွင်
"ငါမသေတော့ဘူး၊ ငါထာဝစဉ် နုပျိုနိုင်ပြီဟေ့"
ဟုကြွေးကြော်လိုက်တော့သည်။
(ဇ)
စော်ဘွားကြီးက နေ့ကောင်းရက်သာတွက်ချက်ပြီးသည့်အချိန်တွင် ရှင်မွှေးတို့အိမ်သို့ မင်္ဂလာဝေါယာဉ်လွှတ်လိုက်ပြီး အကြိုခိုင်းလိုက်သည်။ မင်းမှုထမ်းတွေအားလုံးလဲ မင်္ဂလာအရောင်များခြယ်သထားကြသည့် ဝတ်စုံတွေဆင်မြန်းထားကာ ကျေးကျွန်တော်မိန်းကလေး ခြောက်ယောက်နှင့်အတူ ရှင်မွှေးကိုခေါ်ဆောင်တော့သည်။ ရှင်မွှေးကိုလဲ အလွန်လှပသည့် ပိုးသားနှင့်ချုပ်လုပ်ထားသည့် မင်္ဂလာဝတ်စုံကိုဆင်မြန်းပေးလိုက်ရာ ရှင်မွှေးကလေးမှာ မိုးပေါ်မှနတ်သက်ကြွေပြီးကျဆင်းလာသည့် နတ်သမီးကလေးတစ်ပါးနှင့်ပင် တူနေတော့သည်။
မဇာမှာ သူတစ်ချိန်လုံးကြည့်ရှုလာခဲ့သည့် ရှင်မွှေးကလေး အိမ်မှထွက်သွားတော့မည်ဆိုတော့ မျက်ရည်ပူတွေကျပြီး ငိုကြွေးနေမိသည်။ ရှင်မွှေးကလေးက လှပနေသော်လည်း စိတ်ပျော်ရွှင်ပုံမရဘဲ တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်နေသည်။
"သမီးလေး ရှင်မွှေး၊ အခုတော့ သူများရဲ့မိန်းမဖြစ်တော့မှာပါလား"
မဇာက ငိုယိုနေသဖြင့် ဦးအုန်းက အနားသို့ကပ်လိုက်ပြီးနောက်
"သိပ်မငိုနဲ့မဇာ၊ စော်ဘွားကြီးလူတွေသိသွားလို့ ပြဿနာတက်နေအုံးမယ်"
"အိုတော်၊ ကျုပ်သမီးနဲ့ကျုပ်ခွဲရတာ၊ လွမ်းဆွေးလို့ငိုတာပဲ ဘာဖြစ်သလဲ"
ရှင်နှောင်းကတော့ ခပ်လှမ်းလှမ်းတွင် ပိုးထည်ကလေးတွေကိုင်ထားကာ ရှင်မွှေးကိုတွေတွေကြီးရပ်ကြည့်နေသည်။ ရှင်မွှေးက ရှင်နှောင်းကိုကြည့်လိုက်ပြီးသည့်နောက်
"အမ၊ ဘာမှမတတ်နိုင်တော့ဘူးလားဟင်"
အားကိုးတကြီးနှင့်မေးသဖြင့် ရှင်နှောင်းလဲ ခေါင်းခါပြလိုက်ရသည်။ အားမတန်မာန်လျှော့ခဲ့ရပြီ၊ စိတ်ထဲရှိသည့်အတိုင်းဆို ကဝေအတတ်၊ မှော်အတတ်များနှင့် ပြုစားလိုက်ချင်ပေမယ့် မိသားစုအရေးကရှိသေးသည်မို့ စော်ဘွားကြီးရန်ပြုလာလျှင် ခံရမည့်အန္တာရာယ်များကိုတွေးဆကာ ညီမဖြစ်သူကို မကူညီနိုင်ခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်နေမိသည်။
"သခင်မလေး၊ ကြွတော်မူပါ"
စော်ဘွားကြီး၏ လူယုံများက ရှင်မွှေးလက်ကိုဆွဲကိုင်ပြီးနောက် မင်္ဂလာဝေါယာဉ်ပေါ်သို့တင်ဆောင်လိုက်ပြီး ထမ်းသွားကြတော့သည်။
"ဖေဖေ၊ အမဇာ၊ အမရှင်နှောင်း"
မင်္ဂလာဝေါယဉ်ပေါ်မှ ရှင်မွှေးက ငိုကြွေးလျှက်လိုက်ပါသွားတော့သည်။ အားလုံးပြန်သွားတော့ စော်ဘွားကြီး၏ လူတစ်ယောက်က အနားသို့ကပ်လာပြီးနောက်
"လာမည့်လဆန်း ဆယ့်လေးရက်မှာ မင်္ဂလာအခမ်းအနားကျင်းပမယ်၊ ခင်ဗျားတို့ကိုနီးရင် ကျုပ်တို့လာခေါ်မယ်"
လူတွေအားလုံးပြန်သွားကြတော့ အိမ်ကြီးက တိတ်ဆိတ်၍သွားသည်။ ယခင်က ရှင်မွှေးတစ်ယောက်သီချင်းတွေသီဆိုရင်း ရက်ကန်းခတ်နေတတ်သည့်ရက်ကန်းစင်မှာ အသံတိတ်သွားခဲ့သလို အိမ်သားတစ်ယောက်လျော့သွားတော့ အိမ်ကြီးက ခြောက်ကပ်ကပ်ကြီးဖြစ်နေတော့သည်။ မဇာကတော့ စိတ်ထဲမဖြေမရသေး၊ ဦးအုန်းကတော့ စိတ်ညစ်ညစ်နှင့် ဆေးတံဖွာရင်း တွေးငေးနေသည်ကိုတွေ့လိုက်ရသည်။
မဇာလဲ စိတ်ထဲမကောင်းသဖြင့် ပိုးစာရွက်ဗန်းကလေးကိုကိုင်ကာ အိမ်အောက်သို့ဆင်းလာခဲ့သည်။ ပိုးမွေးသည့်နေရာတွင် ရှင်နှောင်းက ပိုးကလေးများကို အစာကျွေးနေရာမဇာကအနားတွင်ရပ်လိုက်ပြီးနောက်
"ရှင်နှောင်းရယ် နင်ကတော့ နေနိုင်လိုက်တာနော်"
ကဝေအတတ်ပညာဖြင့်စိတ်ထဲကပြောလိုက်သောအခါ ရှင်နှောင်းက ဘာမှမပြောဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေသည်။ မဇာလဲ ရှင်နှောင်းစိတ်မကောင်းဖြစ်နေဟန်ရိပ်စားမိလိုက်ပြီးနောက် ထိုနေရာမှထွက်ခဲ့တော့သည်။
စော်ဘွားကြီးအိမ်တော်သို့ မင်္ဂလာဝေါယာဉ်နှင့် စီးနင်းသွားပြီးသည့်နောက် အိမ်တော်အဝရောက်သောအခါတွင် စော်ဘွားကြီးက စောင့်ကြိုနေလေသည်။ စော်ဘွားကြီးမျက်နှာသည် အလွန်ပြုံးဖြီးနေပြီး ပါးစပ်က နားရွက်သို့တက်ချိတ်မလားပင်ထင်နေရသည်။ စော်ဘွားအိမ်တော်တွင်လဲ စော်ဘွားဆွေမျိုးများနှင့် မြို့ခံဂုဏ်သရေရှိလူကြီးများအားလုံးတို့နှင့်စည်ကားနေကြသည်။ မကြာခင် မင်္ဂလာဝေါယာဉ်ရပ်တန့်သွားပြီး ဝေါယာဉ်ပေါ်မှ ရှင်မွှေးကလေးဆင်းသက်လာသည်။
"အားပါးပါး လှချက်ကွာ"
ဧည့်ပရိသတ်အပေါင်းတို့က ရှင်မွှေးကလေး၏ အလှကိုမြင်ကြပြီးနောက် မိန်းမောသွားကြသည်။ ရှင်မွှေးကလေးမှာ ထီးလင်းတစ်ဝိုက်နာမည်ကြီးနေသော်လည်း အခုလိုတွေ့လိုက်ရတော့မှ ရှင်မွှေးအလှမှာ စကားကျယ်ပြန့်နေတာချည်းသက်သက်မဟုတ်မှန်း သိလိုက်ရသည်။ ရှင်မွှေးဆင်းလာတော့ စော်ဘွားသားတော် ဖရက်ညွှန့်ဝေက ကြည့်နေပြီး သူ့ဘေးနားတွင်လဲ ခင်လေးဆိုသူ မိန်းကလေးက ရှင်မွှေးအား မျက်စောင်းထိုးကာ စိုက်ကြည့်နေသည်။ ရှင်မွှေးကတော့ စော်ဘွားသားတော်ကို တစ်ချက်သာလှည့်ကြည့်လိုက်ပြီးနောက် လက်ကမ်းပေးလာသည့် စော်ဘွားကြီး၏လက်ကို ကနွဲ့ကလျကလေး ဆွဲယူလိုက်သည်။
"စော်ဘွားကြီးတို့ကတော့ ကံထူးတာပဲကွာ"
"ဟုတ်ပါရဲ့ မိန်းကလေးကလဲ နာမည်ကြီးရင်လဲ ကြီးလောက်စရာပါပဲ၊ ဒီခေတ်မို့လို့ပေါ့ ရှေးရှင်ဘုရင်ခေတ်ကဆိုရင် မိဖုရားခေါင်ကြီးဖြစ်မယ့်အမျိုးကွ"
စော်ဘွားကြီးနှင့် ရှင်မွှေးတို့ကိုအမျိုးမျိုးတင်စားနေကြသည်။ စော်ဘွားအိမ်တော်တွင် ပွဲတော်တစ်ခုလုပ်ပြီး ရှင်မွှေးအားလက်ခံထားခြင်းဖြစ်သည်။ နောက်ရက် နေ့ရက်ကောင်း၊ အချိန်ကောင်းကျတော့မှ တရားဝင်မင်္ဂလာအခမ်းအနားကို မြို့လုံးကျွတ်မျှ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြရန်စီစဉ်ထားသည်။ စော်ဘွားကြီးညွန့်ဝေမှာ စော်ဘွားဟောင်းတစ်ယောက်ဖြစ်သလို အင်္ဂလိပ်အစိုးရက ခန့်အပ်ထားသည့် မြို့အုပ်ရာထူးကိုလဲ ရရှိထားသူမို့ အာဏာရှိသူတစ်ယောက်ဖြစ်သည်နှင့်အညီ မြို့သားအားလုံးကလဲ စော်ဘွားကြီးကို ရိုကျိုးကြသည်။
စော်ဘွားကြီးပျော်ရွှင်နေသလို အတိုင်းမသိပျော်ရွှင်နေသူတစ်ယောက်လဲရှိသည်။ ထိုသူကတော့ စော်ဘွားအိမ်တော်အနောက်ဆောင်မှ စော်ဘွားကြီး၏ အဘွားတော်စပ်သူ ရွှေနံ့သာ ရှင်ငြိမ်းဖြစ်သည်။
"အဘွား၊ အိမ်တော်ထဲမှာ ပွဲတော်ဖြစ်နေတာ အဘွားသွားလို့အဆင်ပြေပါ့မလား"
အထိန်းတော်တွေကပြောတော့ အဘွားအိုက ရယ်မောလိုက်သည်။
"သွားမှာ၊ သူ့မျက်နှာဘယ်လောက်လှတယ်ဆိုတာ ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင်သွားကြည့်ချင်သေးတာ"
ထို့နောက် ရွှေနံ့သာရှင်ငြိမ်းခေါ် အဘွားအိုကြီးသည် အလွန်ကြီးမားသည့် ဆံထုံးကြီးကိုထုံးလိုက်ပြီးနောက် တုတ်ကောက်ကြီးတစ်ချောင်းကိုကိုင်ကာ တဖြည်းဖြည်းချင်းလမ်းလျှောက်လာသည်။ မှော်အစွမ်းများကို အသုံးမပြုထားသည်မို့ အဘွားအို၏ ရုပ်ရည်က အလွန်အိုမင်းနေပြီး ကြောက်စရာပင်ကောင်းနေတော့သည်။ စော်ဘွားလေးဆက်အထိ မီလာသူမို့ သူ့အသက်က တွက်ကြည့်၍ပင်မရအောင် ရှည်ကြာနေပြီဖြစ်ပြီး စော်ဘွားမျိုးရိုးကတော့ ဘွားသက်ရှည်ဟု အမည်တပ် ဂုဏ်တပ်ကာ ခေါ်ဆိုကြသော်လည်း အဘွားကြီးစုန်းကဝေအတတ် တတ်မြောက်သည်ကိုတော့ သိသူရှားသည်။
ခြေတစ်လှမ်းချင်းလှမ်းလာပြီး နောက်ဆုံးအရှေ့ဘက်အဆောင်တော်ထဲဝင်လိုက်သည်နှင့် များစွာလှသော မင်္ဂလာပန်းစည်းများအကြားတွင် ထိုင်နေသည့် ရှင်မွှေးကလေးကိုတွေ့လိုက်ရသည်။ ရွှေနံ့သာရှင်ငြိမ်းဆိုသူကလဲ နှယ်နှယ်ရရမဟုတ်၊ သူ့ခေတ်၊ သူ့အခါက အလွန်ချောမောလှပသူဖြစ်ပြီး ကုန်းဘောင်မင်းဆက်များကပင် တော်ကောက်ရွေးတော့မည်အထိ လျာထားခံရသူဖြစ်သည်။
"အောင်မယ်လေး၊ ဘယ်သူကြီးလဲ"
အဘွားအိုကိုတွေ့လိုက်သည်နှင့် ရှင်မွှေးကကြောက်လန့်သွားပြီး မျက်နှာကိုလက်နှင့်ကွယ်ထားလိုက်သည်။ စော်ဘွားကြီးက ရှင်မွှေးကြည့်နေရာကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက်
"သြော်၊ အဲဒါ သက်တော်ရှည်ဘွားဘွားပဲ၊ နှုတ်ဆက်လိုက်ပါအုံး ရှင်မွှေး"
"ဟိုဟာလေ၊ ရှင်မွှေး ကြောက်၊ ကြောက်တယ်"
ရှင်မွှေးကြောက်သည်ဆိုသဖြင့် စော်ဘွားကြီးက အဘွားအိုအနားမှ အထိန်းတော်များကို မျက်စပစ်ပြလိုက်သည်။ သဘောကတော့ အဘွားအိုကို အနောက်ဆောင်သို့ပြန်ခေါ်သွားရန်ဖြစ်သည်။ အထိန်းတော်များကလဲ အဘွားအိုကို တွဲခေါ်သွားကြသည်။
"နေပါအုံးကွယ်၊ သူလက်နဲ့ကွယ်ထားလို့ သူ့မျက်နှာတောင် ငါသေသေချာချာမမြင်ရသေးပါဘူး"
"အို အဘွားကလဲ စော်ဘွားကြီးအမိန့်ပေးနေတာကို ကျွန်မတို့လွန်ဆန်လို့ရမလား၊ နောက်နေ့ကျတော့ အနောက်ဆောင်ကို ကူးလာခိုင်းလိုက်မှာပေါ့"
အဘွားအိုကလဲ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ နောက်တော့စိတ်ထဲမှနေ၍
"အေးလေ၊ နင်ဘယ်လောက်လှသလဲဆိုတာအရေးမကြီးပါဘူး အရေးကြီးတာက နင့်အမရှင်နှောင်း ဒီကိုရောက်လာခဲ့ဖို့ပဲအရေးကြီးတာပါ"
တုန်တုန်ယင်ယင်နှင့် တောင်ဝှေးကြီးထောက်လျက် အနောက်ဆောင်သို့ပြန်သွားတော့သည်။ အနောက်ဆောင်တွင်းရောက်သည်နှင့် အဘွားအိုက သူ့တုတ်ကောက်ကြီးကို ချောင်ထဲသို့ပစ်ထည့်လိုက်တော့သည်။ ထို့နောက် ကိုယ်လုံးပေါ်မှန်ကြီးအရှေ့တွင် ရပ်လိုက်ပြီးနောက် သူ့မျက်နှာကိုလက်ဖဝါးနှင့်ပွတ်သပ်လိုက်သည့်အခါ အလွန်ချောမောလှပသည့် မိန်းကလေးတစ်ယောက်အဖြစ် မျက်နှာက ပုံပြောင်းသွားတော့သည်။
"ဒီလိုမှပေါ့၊ ငါအဘွားကြီးပုံစံကြီးနဲ့ နေရတာကို သိပ်မုန်းတာပဲ"
ပြီးသည့်နောက်တွင် ထဘီကိုချွတ်ချလိုက်ပြီး အခန်းအလယ်တွင်ပုံထားလိုက်သည်။ ထဘီက ကွင်းလုံးကျွတ်ပြီးနောက် အဝိုင်းပုံစံဖြစ်နေလေသည်။ ထိုအခါ ကြမ်းပြင်ကိုခြေနှင့်သုံးချက် ချက်ဖွဖွဆောင့်လိုက်တော့သည်။ မကြာခင်မှာပင် ထဘီကွင်းအတွင်းမှ မိန်းမတစ်ယောက်က တဖြည်းဖြည်းပေါ်လာပြီး ထွက်လာသည်။ အလားတူ အမျိုးသမီးခြောက်ယောက်တို့သည်လဲ ထိုထဘီကွင်းအတွင်းမှ အလျိုလျိုထွက်လာကြပြီးသည့်နောက် ရွှေနံ့သာရှင်ငြိမ်းက ထဘီကိုပြန်ကောက်ပြီး ဝတ်လိုက်သည်။
"အဘွား၊ အခုလိုဆင့်ခေါ်တာ ဘာအကြောင်းကြောင့်ပါသလဲ"
"ဘာကြောင့်ဖြစ်ရမလဲ၊ ငါတို့လုပ်ငန်းစဖို့ နင်တို့ကိုခေါ်လိုက်ရတာပဲ"
"ဒါဆို ကောင်မလေးရောက်နေပြီလား"
"ဒီမနက်ပဲရောက်တယ်၊ ဒီတော့ အိမ်တော်တစ်ဝိုက်မှာ နင်တို့ကဝေပညာတွေကို ဖုံးဖိထားနိုင်တဲ့ အစီအရင်တွေလုပ်ထား၊ နောက်ပြီးတော့ ကဝေထောင်ချောက်တွေကိုလဲ အသင့်ဆင်ထားကြပါ"
မိန်းမတစ်ယောက်က ခေါင်းညိတ်လိုက်သည်။ ထိုမိန်းမများအားလုံးလိုလို အနက်ရောင်ထဘီများကို ရင်လျားပုံစံဝတ်ထားကြပြီးနောက် ရင်ဘတ်တွင် ရင်စည်းပိုးပုဝါအနက်ရောင်စည်းထားကြသည်။ ခေါင်းတွင်တော့ ဇာပုဝါပါးကလေးများကို ခြုံထားကြသည့်အတွက် မျက်နှာကိုမည်သူမည်ဝါမှန်း သိပ်ပြီးမမြင်ရနိုင်ပေ။ ပုံစံတူ အမျိုးသမီး ခုနစ်ယောက်က ရွှေနံ့သာရှင်ငြိမ်းကို ဝိုင်းပြီးရပ်နေကြသည်။
"အဘွားရဲ့အစီအစဉ်ကိုလဲ သိပါရစေ"
"နင်တို့ကဝေရှင်ခုနှစ်ယောက်ကိုဆင့်ခေါ်လိုက်ပြီဆိုမှတော့ ကဝေကိုဖမ်းဖို့ပေါ့၊ အဲဒီရှင်နှောင်းဆိုတဲ့ ကလေးမလေးဆီမှာ မှော်စွမ်းအင်တွေ တော်တော်များများရှိတယ်၊ သူ့ညီမကိုဖမ်းချုပ်ပြီးတာနဲ့ သူ့အမကိုဆင့်ခေါ်လိုက်မယ်၊ သူလာရင် သူ့ဆီကနေ မှော်စွမ်းအင်တွေ စုပ်ပြီးတော့ သူ့ကို ငါ့ရဲ့အင်းစောင့်အဖြစ် ရာသက်ပန်ဖမ်းချုပ်ထားမယ်"
"ဒါဆိုကျန်ခဲ့တဲ့ သူ့ညီမကိုရော"
ထိုအခါ ရွှေနံ့သာရှင်ငြိမ်းက ပုလင်းလေးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုပုလင်းလေးမှာ ရွှေရောင်အလင်းရောင်များလက်နေသည်။ ကဝေရှင်ခုနှစ်ယောက်လဲ ထိုပုလင်းလေးကိုကြည့်ပြီး အံ့သြသွားကြသည်။
"ရွှေရောင်တွေလက်နေတာဆိုတော့ မဟုတ်မှလွဲရော အသက်လှယ်ဆေးပုလင်းများလား"
"မှန်လိုက်လေ၊ သိပ်မှန်တာပေါ့၊ ငါက ကဝေဆိုပေမယ့် ဆေးဖော်စပ်တဲ့အတတ်မှာပဲ အလွန်ထူးချွန်တာမဟုတ်လား၊ တိုက်ရေးခိုက်ရေးအတတ်တွေကျတော့ ငါက ပါရမီမပါခဲ့လို့ နင်တို့ခုနှစ်ယောက်ကို ခေါ်ရတာပေါ့"
ရွှေနံ့သာရှင်ငြိမ်းက ထိုပုလင်းလေးကို သူ့မျက်နှာနားသို့ကပ်ကြည့်လိုက်ရင်း
"ရှင်မွှေးဆိုတဲ့မိန်းကလေးကို ဒီဆေးပုလင်းတိုက်ပြီးတော့ သူနဲ့ငါ ခန္ဓာကိုယ်ချင်းလဲမယ်၊ ငါရဲ့အိုမင်းရွတ်တွနေတဲ့ ခန္ဓာကိုယ်ကြီးထဲ ဒီကောင်မလေးတစ်သက်လုံး ဆက်နေနေစေရမယ်၊ ငါကတော့ ရုပ်ရည်ချောမောသွားတာနဲ့ ဒီကနေထွက်သွားပြီး အောက်ပြည်ကိုဆင်းမယ်"
"ဒါနဲ့ဟုတ်ပါပြီ၊ အောင်မြင်သွားရင် ကျုပ်တို့က ဘာရမှာလဲ"
အနက်ရောင် ကျွန်းဘီရိုကြီးတစ်လုံးကို ရွှေနံ့သာရှင်ငြိမ်းကဖွင့်လိုက်ပြီးသည့်နောက် ထိုကျွန်းဘီရိုကြီးအတွင်းမှ လွယ်အိတ်အဟောင်းကြီးတစ်ခုကိုထုတ်လိုက်သည်။ ထို့နောက် ထိုလွယ်အိတ်ကို အများမြင်သာစေရန်အတွက် စားပွဲတစ်လုံးပေါ်တင်ပြလိုက်သည်။ လွယ်အိတ်အခြေကို ကိုင်လိုက်ရာ လွယ်အိတ်အတွင်းမှ များစွာသောပုလင်းများနှင့်အဆောင်ပစ္စည်းများထွက်လာခဲ့သည်။
"ဟဲ၊ ဟဲ ဒါကတော့ ငါတစ်လုံးဖမ်းထားခဲ့တဲ့ ကဝေတွေပဲ၊ ငါကဆေးပညာနဲ့ပြုစားပြီးဖမ်းထားတာ၊ နင်တို့အညီအမျှခွဲဝေယူကြ၊ ပြီးရင် ရောင်းစားစား၊ ပေါင်စားစားကြိုက်သလိုသာလုပ်ကြပေါ့"
များပြားလှသည့် ကဝေများကိုတွေ့လိုက်ရသဖြင့် ကဝေရှင်များပြုံးသွားကြတော့သည်။
"ကဲ၊ ဘာရမယ်ဆိုတာသိပြီဆိုတော့ ငါခိုင်းတဲ့အတိုင်းလုပ်ကြနော်၊ တစ်ခုခုချွတ်ချော်သွားတဲ့လူကို ငါကဘာမှပေးမှာမဟုတ်ဘူး"
ကဝေရှင် ခုနစ်ရောက်ခေါင်းညိတ်လိုက်ပြီးနောက် သူတို့ငယ်ထိပ်များကိုပုတ်လိုက်သည်။ တခဏအတွင်းမှာပင် အားလုံးပျောက်ကွယ်သွားကြတော့သည်။
"လုပ်ကြ၊ ကဝေထောင်ချောက်တွေ များများသာဆင်ထားကြ၊ မနက်ဖြန်လပြည့်နေ့ဆိုတော့ အစီအစဉ်တွေ စတင်လို့ရပြီပေါ့"
ရွှေနံ့သာရှင်ငြိမ်းက ပုလင်းလေးကိုကြည့်ရင်း ရေရွတ်ကာ ပြုံးလိုက်တော့သည်။ ပုလင်းလေးထဲမှ ရွှေဝါရောင်အရည်ကလေးများက လင်းလက်နေတာကြောင့်မို့ ရွှေနံ့သာရှင်ငြိမ်းပါးပြင်တွင် အလင်းရောင်များဟပ်နေတော့သည်။
(ဈ)
ညနေထမင်းစားချိန်ရောက်တော့ မဇာက ဒေါင်းလန်းကလေးကို ကိုင်လာခဲ့သည်။ ထမင်းဝိုင်းတွင် လူမစုံတော့သည်မို့ မဇာတစ်ယောက်စိတ်ညစ်နေသည်။ ဦးအုန်းမှာလဲ ရှင်မွှေးကိုလွမ်းနေပုံရသည်။ ဘာမှမဖြစ်သူကတော့ ရှင်နှောင်းပင်၊ ထမင်းစားသည့် ဒေါင်းလန်းကိုချလိုက်သည့်အခါတွင် ကျန်သူနှစ်ဦးက မစားနိုင်သော်လည်း ရှင်နှောင်းကတော့ အေးအေးလူလူပင် ထမင်းများကောက်စားနေသည်။
"နေနိုင်လိုက်တာရှင်နှောင်းရယ်"
မဇာက ကဝေပညာနှင့်ပြောလိုက်သည့်အခါ ရှင်နှောင်းက ကြားဟန်မပြုဘဲ ထမင်းသာဆက်စားနေသဖြင့် မဇာအံ့သြသွားမိသည်။
"ရှင်နှောင်း၊ နင့်ကိုငါပြောနေတယ်လေ၊ နင်တစ်ခုခုတော့ပြန်ဖြေသင့်တယ်"
ထိုသို့ပြောလိုက်ပြန်သော်လည်း ရှင်နှောင်းကထမင်းစားမပျက်ပေ။ မဇာလဲရှင်နှောင်းကိုကြည့်ရင်း ထူးဆန်းလာခဲ့သည်။ တစ်နေ့လုံးလဲ ရှင်နှောင်းမှာ အလုပ်မပျက်၊ အစားမပျက်ပေ၊ ညီမကိုအရမ်းချစ်သည်ဟုပြောပြီး ညီမဖြစ်သူအိမ်မှထွက်သွားသည်ကိုလဲ ဘာမှခံစားရပုံမပေါ် အေးအေးလူလူနေနိုင်သည်ကိုက ထူးဆန်းနေတော့သည်။ ထို့ကြောင့် ထမင်းငုံ့စားနေသည့် ရှင်နှောင်းခေါင်းကို သေချာကြည့်လိုက်မိသည်။
ထိုအခါရှင်နှောင်းဦးခေါင်းထက်ငယ်ထိပ်နားတွင်ဝင်းလက်နေသည့်အရာကလေးတစ်ခုကိုတွေ့
လိုက်ရသည်။ မဇာလဲ မသင်္ကာတော့ပေ။
"တော့ ကိုအုန်း၊ ရေနွေးတစ်ခွက်လောက်သွားထည့်ပေးပါ"
"ဟာ မင်းသွားယူလိုက်ပေါ့မဇာ"
"လုပ်စမ်းပါတော်၊ ကျုပ်ခြေထောက်နာနေလို့ပါတော့"
ဦးအုန်းလဲ သက်ပြင်းချလိုက်ပြီး ရေနွေးကရားအိုးကလေးကို ကိုင်ကာ အိမ်နောက်ဖေးသို့ဝင်သွားသည်။ မဇာလဲ မန္တန်တစ်ခုကိုရွတ်ဖတ်လိုက်ပြီးနောက် ရှင်နှောင်း၏ ငယ်ထိပ်ကိုလက်နှင့်သပ်ချလိုက်သည်။
"ဖြောင်း"
ကျယ်လောင်သည့်အသံကြီးမြည်ပြီးသည့်နောက် မဇာလက်ထဲသို့ ငွေရောင်အပ်ကလေးတစ်ချောင်းပြုတ်ကျလာခဲ့သည်။ ထမင်းစားနေသည့် ရှင်နှောင်းမှာလဲ အရုပ်ကြိုးပြတ်လဲကျသွားပြီးသည့်နောက် တဖြည်းဖြည်းသေးငယ်သွားကာ အဝတ်ရုပ်ကလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မဇာလဲ ကြည့်ရင်း ကိုယ့်မျက်လုံးပင်ကိုယ်မယုံနိုငတော့။
"ရှင်နှောင်း၊ ရှင်နှောင်း၊ နင်ဘာတွေလုပ်သွားတာလဲ"
ထိုစဉ် ဦးအုန်းက ပြန်ရောက်လာသဖြင့် မဇာလဲ အဝတ်ရုပ်ကလေးကို အမြန်ကောက်ယူကာ ဖွက်ထားလိုက်တော့သည်။ ဦးအုန်းက ကြောင်တောင်တောင်ဖြစ်သွားပြီးနောက်
"ဟေ့မဇာ၊ ရှင်နှောင်းဘယ်ရောက်သွားလဲ"
"ဟို၊ ဟိုလေ တပိုတပါးသွားချင်လို့ အိမ်အောက်ပြေးဆင်းသွားတာပဲ"
ဦးအုန်းက သက်ပြင်းချလိုက်ပြီးနောက် ထမင်းဝိုင်းတွင်ပြန်ထိုင်နေသည်။ မဇာလဲ ထမင်းမစားနိုင်သေးဘဲ ရှင်နှောင်းဘာလုပ်သွားသလဲ၊ ဘာလို့အဝတ်ရုပ်ကို သူ့ဟန်ဆောင်ခိုင်းခဲ့တာလဲဆိုတာကို ထိုင်တွေးနေမိသည်။ နောက်ဆုံးတော့ မနေနိုင်တော့ပေ။
"ကိုအုန်းရေ၊ ဟိုမှာဘယ်သူလဲမသိဘူး"
ဦးအုန်းကတစ်ဖက်သို့လှည့်ကြည့်နေချိန်တွင် အနီးရှိရေနွေးကြမ်းအိုးနှင့် ဦးအုန်းခေါင်းကိုထုရိုက်ထည့်လိုက်တော့သည်။ မြေရေနွေးကြမ်းအိုးမှာ အစိတ်စိတ်အမွှာမွှာကွဲသွားကာ ဦးအုန်းလဲ မေ့လဲသွားတော့သည်။ ထိုအခါမှ မဇာက ဦးအုန်းမျက်နှာကိုလက်နှင့်သပ်လိုက်ပြီးသည့်နောက်
"တောင်းပန်ပါတယ်ကိုအုန်းရယ်၊ ကျုပ်လဲအရေးကြီးလို့ပါ"
ထို့နောက်မတ်တပ်ရပ်လိုက်ပြီးနောက်
"ရှင်နှောင်းဘာတွေထင်ရာလုပ်မလဲမသိဘူး၊ မဖြစ်ဘူး၊ ငါမယ်တော့်ဆီသွားပြောမှဖြစ်တော့မယ်"
ထို့နောက် ခြေလှမ်းကျဲကြီးနှင့် ရွာပြင်သို့ သုတ်ခြေတင်ပြေးလေတော့သည်။
စော်ဘွားအိမ်တော်။
ညဘက်တိတ်ဆိတ်နေသည်။ ရှင်မွှေးမှာ စော်ဘွားအိမ်တော်ရောက်သော်လည်း မင်္ဂလာအခမ်းအနားမကျင်းပရသေးသည်မို့ စော်ဘွားကြီးနှင့်မကြင်ရသေးပေ။ သူ့အတွက် သီးသန့်ပြင်ဆင်ပေးထားသည့် အခန်းတွင်သာနေထိုင်ရသည်။ ညည့်အတော်နက်ပြီမို့ ရှင်မွှေးက ကုတင်ပေါ်တွင်တက်ကာ အိပ်စက်နေသည်။
ထိုစဉ် အခန်းထဲသို့ လူများဝင်ရောက်လာသံကိုကြားလိုက်ရသဖြင့် ရှင်မွှေးလဲထူးဆန်းသွားသည်။ ကုတင်ပေါ်ငုတ်တုတ်ထိုင်လိုက်တော့ သူ့ပတ်ပတ်လည်တွင် မိန်းမသုံးယောက်ရပ်နေသည်ကိုတွေ့ရသည်။ ထိုမိန်းမသုံးယောက်မှာ အနက်ရောင်တွေဝတ်ဆင်ထားပြီး အခန်းကလဲမီးမှောင်နေသဖြင့် သဲသဲကွဲကွဲမမြင်ရဘဲ လူပုံရိပ်များသာမြင်နေရသည်။
ထိုအချိန်တွင် မီးရောင်ကလေးတစ်ခုလက်သွားပြီးတော့ သူ့ရှေ့တွင် အမျိုးသမီးတစ်ယောက်ပေါ်လာသည်။
"ဟား၊ ဟား ရှင်မွှေး နင့်ကိုငါတို့ဖမ်းလိုက်ပြီ"
ရှင်မွှေးကထိတ်လန့်နေသည်။
"ရှင်၊ ဘယ်သူလဲ၊ ဘာလို့ဖမ်းတာလဲ"
"ဟား၊ ဟား နင့်ကိုဖမ်းချင်လွန်းလို့တော့မဟုတ်ပါဘူး၊ ငါတို့က နင့်အစ်မကိုဖမ်းချင်လို့ နင့်ကိုတည်ကြက်အဖြစ်နဲ့ ဖမ်းရမှာပဲ"
"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ရှင်၊ ကျွန်မအစ်မကို ရှင်တို့ဘာလုပ်ကြမလို့လဲ"
"နင့်အစ်မကမွေးရာပါ မှော်စွမ်းအင်တွေ အများကြီးပါလာတယ်ဆိုတာ ငါတို့သတင်းရထားပြီးသား၊ ဒီတော့ ငြင်းဖို့ဆန်ဖို့မလုပ်နဲ့၊ အသားမနာချင်ရင် ငါတို့ခိုင်းတဲ့အတိုင်းလုပ်ပါ"
"နေပါအုံးရှင် ကျွန်မအစ်မက အဲဒီလိုအစွမ်းတွေရှိတယ်ဆိုတာကို ရှင်တို့ဘယ်လိုလုပ်သိသလဲ၊ မဟုတ်မှလွဲရော ကိုမိန်းဆိုတဲ့လူကြီးကြောင့်လား"
"ဘာကိုမိန်းလဲ ဘယ်ကကိုမိန်းလဲ ငါမသိဘူး၊ အေးလေ၊ နင်သိချင်တယ်ဆိုတော့လဲ ပြောပြရတာပေါ့၊ ငါသိတာကတော့ ငါ့အစ်မဆီကနေသိခဲ့တာ"
"ရှင့်အစ်မ ဟုတ်လား၊ သူက ဘယ်သူလဲ"
"သူက ကဝေမယ်တော်တင်ရီပဲ"
ရှင်မွှေးမျက်လုံးပြူးသွားသည်။ ကဝေမယ်တော်တင်ရီအကြောင်းကို မဇာက ပြောပြဖူးထားသဖြင့် ကဝေမယ်တော်အကြောင်း နားယဉ်နေပြီဖြစ်သည်။
"မဖြစ်နိုင်ဘူး၊ ကဝေမယ်တော်က ကဝေတွေဘက်ကလေ၊ ဘယ်လိုလုပ်ပြီး ရှင့်လို ကဝေရှင်တစ်ယောက်နဲ့ ညီအစ်မဖြစ်နေမှာလဲ"
"ဟား၊ဟား ငါ့နာမည်အရင်းက ခင်ရီ၊ သူကငါ့အစ်မတင်ရီ၊ ကဲပါ ပြောပြီးမှတော့မထူးတော့ပါဘူး၊ နင့်အမလာရင် နင့်အစ်မမှာရှိတဲ့အစွမ်းတွေကို ငါတို့ညီအစ်မနှစ်ယောက် စုပ်ယူဖို့တိုင်ပင်ထားပြီးသား၊ ဟား၊ ဟား"
"ရှင်တို့တော်တော်ယုတ်မာတဲ့သူတွေပဲ ဟား၊ ဟား"
ရှင်မွှေးက အိပ်ရာပေါ်မှနေပြီး ထလိုက်ကာ ရယ်မောနေသည့်အတွက် ရွှေနံ့သာရှင်ငြိမ်းနှင့် ကဝေရှင်များ အံ့သြသွားကုန်သည်။
"ဟဲ့ကလေးမ၊ ဘာရယ်စရာရှိလဲ နင်ရူးများရူးသွားပြီလား"
ကဝေရှင်တစ်ယောက်က ရှင်မွှေးအား လက်တစ်ဖက်နှင့်ဝင်ဆွဲလိုက်သည်။ ထိုအခါတွင် ပြင်းထန်သော မီးတောက်ကြီးတစ်ခုပေါက်ကွဲသွားပြီးသည့်နောက် ထိုကဝေရှင်မှာတစ်ကိုယ်လုံးမီးများလောင်စွဲကာ အခန်းအတွင်းလူးလိမ့်နေတော့သည်။ ရွှေနံ့သာရှင်ငြိမ်းလဲ အလွန်အံ့သြလျှက် ရှင်မွှေးကိုကြည့်နေမိသည်။ အခန်းကြီးတစ်ခုလုံးရှိ ပရိဘောဂများမှာ မီးများစွဲလောင်လျှက်ရှိသည်။ ထိုမိန်းကလေးမှာ ရှင်မွှေးနှင့်ရုပ်ချင်းတူသော်လည်း မျက်နှာတွင်အနီရောင်အမာရွတ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
"နင်၊ နင် ရှင်မွှေးမဟုတ်ဘူး"
"ဟား၊ ဟား၊ ဟုတ်တယ်၊ ငါကသူ့အမရှင်နှောင်းပဲ"
အပိုင်း(၈) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်