
အပိုင်း(၈) ဇာတ်သိမ်းပိုင်း
"ဟားဟား၊ ဟုတ်တယ်၊ ငါကရှင်မွှေးမဟုတ်ဘူး၊ ငါကသူ့အစ်မ ရှင်နှောင်းပဲ"
ရွှေနံ့သာရှင်ငြိမ်း၏ မျက်လုံးများသည် ဇီးကွက်တစ်ကောင်အလား အလွန်ပြူးကျယ်သွားသလို အလွန်လဲထိတ်လန့်သွားသည်။ မီးလောင်ခံရသည့် ကဝေရှင်မှာတစ်ကိုယ်လုံးမီးစွဲလျှက် ငြိမ်သက်နေပြီးနောက် ပြာမှုန်များအဖြစ်သို့ အလွန်လျှင်မြန်စွာလောင်ကျွမ်းနေတော့သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ရွှေနံ့သာရှင်ငြိမ်းက မယုံကြည်နိုင်သေးဘဲဖြစ်နေသည်။
"ရှင်တို့ရဲ့ စော်ဘွားသားတော်ကလေး အိမ်ကိုရောက်လာကတည်းက ကျုပ်တစ်ခုခုတော့မှားနေတယ်ဆိုတာကို သတိထားလိုက်မိတာ၊ နောက်ပြီးတော့ ကျုပ်အစ်မဇာရဲ့ ကူညီမှုနဲ့ရုပ်ပြောင်းရုပ်လွှဲလုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့တယ်၊ ဒီနည်းကိုသုံးပြီးတော့ ကျုပ်ညီမဟန်ဆောင်ပြီးတော့ လိုက်လာခဲ့တာပဲလေ၊ မနက်က ရှင်အရှေ့ဘက်ကိုထွက်လာပြီးလာကြည့်တော့ ကျုပ်လဲတစ်ခုခုမသင်္ကာဖြစ်သွားတယ်၊ နောက်ပြီးကျုပ်ရဲ့မျက်နှာက အမာရွတ်ကလဲ နာကျင်လာတာကြောင့်မို့လို့ ကျုပ်တစ်ခုခုထူးပြီဆိုတာ သိလိုက်တာ"
ထိုအခါ ရွှေနံ့သာရှင်ငြိမ်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဒါဆိုလဲကောင်းတာပေါ့၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတယ်ဆိုတာ ဒါမျိုးနေမှာ၊ ကဲ ကဝေရှင်တို့ ဘာတွေကြည့်နေတာလဲ တိုက်ခိုက်ကြလေ"
ကဝေရှင်နှစ်ယောက်စလုံး လက်ညှိုးများထိုးလျှက် ရှင်နှောင်းကိုဝင်ရောက်တိုက်ခိုက်ကြသည်။ ရှင်နှောင်းက လက်ဝါးနှင့်ကာလိုက်ပြီးသည့်နောက် သူ့လက်ဝါးနှစ်ဖက်မှ မီးလျှံများဖြင့် ပြန်လည်တိုက်ခိုက်တော့သည်။ ပြင်းထန်လှသည့် မီးလျှံများကြောင့် ကဝေရှင်များလဲ အပြင်းအထန်ကာကွယ်နေရစဉ် စော်ဘွားအိမ်တော်မှာလဲ မီးစွဲလောင်ခဲ့ပြီဖြစ်သည်။
"ကဝေရှင်တွေ နင်တို့ကဝေထောင်ချောက်တွေကို မဆင်ထားရသေးဘူးလား"
"ဆင်ထားတာတော့ ဆင်ပြီးသွားပြီ၊ ဒါပေမယ့် အသက်မသွင်းရသေးတာ"
ရွှေနံ့သာရှင်ငြိမ်းက ခေါင်းညိတ်လိုက်ပြီးနောက်
"ကောင်းပြီလေ၊ ဒါဆိုရင် နင်တို့သူ့ကိုတားထား၊ ငါ ကဝေထောင်ချောက်တွေကို အသက်သွင်းလိုက်မယ်"
ထိုသို့ပြောပြီးနောက် အခန်းအပြင်ဘက်သို့ပြေးထွက်လာလိုက်သည်။ အခြားကဝေရှင်များကလဲ သူ့အနားသို့ရောက်လာကြသည်။ စော်ဘွားအိမ်၏ အမြင့်ဆုံးနေရာအထွဋ်တွင် ပါးပျဉ်းထောင်နေသည့် မြွေခေါင်းကြီးပုံစံပြုလုပ်ထားသည့် သစ်သားတိုင်ကြီးတစ်ခုကို စိုက်ထူထားသည်။ ရွှေနံ့သာရှင်ငြိမ်းလဲ ပါးစပ်ကြီးကိုဟလိုက်ပြီးနောက် မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာ သူ့ပါးစပ်ထဲမှ အလင်းတန်းကြီးတစ်ခုထွက်သွားပြီးနောက် ထိုမြွေခေါင်းရုပ်ကြီးကို သွားထိတော့သည်။ မြွေခေါင်းကြီး၏ မျက်လုံးကြီးများမှာ စိမ်းဖန့်ဖန့်အရောင်များတောက်ပလာပြီးနောက် ကဝေထောင်ချောက်အလုပ်လုပ်သွားပြီဖြစ်သည်။
"နင်တို့ဘယ်နှခုလုပ်ထားတာလဲ"
"အားလုံးပေါင်း ခုနစ်ခုလုပ်ထားတာ၊ ဒီခေါင်မိုးပေါ်ကတစ်ခုနဲ့ ခြံဝန်းပတ်ပတ်လည်မှာ ခြောက်ခုရှိသေးတယ်"
"ကောင်းပြီ၊ ဒါဆို ကဝေထောင်ချောက်တွေကို ငါအသက်သွင်းထားလိုက်မယ်၊ နင်တို့တစ်တွေအကုန်လုံး သူ့ကိုသွားထိန်းထားကြ"
ကဝေရှင်များက ပြုံးနေသည်။
"ဒီလိုမလောက်လေးမလောက်စား ကောင်မလေးလောက်ကတော့ ကျုပ်တစ်ယောက်ထဲတင် ထိန်းထားလို့ရပါတယ်"
"အေးနင်တို့ပေါ့ပေါ့တွေးကြ၊ ဟိုမှာတစ်ယောက်ပြာဖြစ်သွားပြီဟဲ့"
"ဝုန်း . . ."
သူတို့စကားပြောနေစဉ်မှာပင် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးကိုကြားလိုက်ရပြီးသည့်နောက် စော်ဘွားအိမ်တော်တစ်ခြမ်းလုံးပွင့်ထွက်သွားပြီး သစ်စများ၊ မီးလောင်စများ ပြန့်ကျဲသွားကုန်သည်။ ထိုအခါ ကဝေရှင်တစ်ယောက်က အပြင်သို့ပြေးထွက်လာစဉ်မှာပင် မီးတောက်မီးလျှံများက ထိုကဝေရှင်အားရစ်ပတ်ပြီးနောက် ကျွမ်းလောင်သွားရာ ထိုကဝေရှင်မှာ မတ်တပ်ရပ်လျှက်နှင့်ပင် သူ၏ပါးစပ်များ၊ နှာခေါင်းများအတွင်းမှ မီးတောက်မီးလျှံများတိုးထွက်လာခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မီးသွေးတုံးကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအဖြစ်ကို ကျန်သည့်ကဝေရှင်များက အံ့သြစွာကြည့်နေမိသည်။
"တွေ့လား၊ ဒီအတိုင်းဆိုရင်မလွယ်ပါဘူးလို့"
ထိုတော့မှ ကဝေရှင်တွေလဲ ရှင်နှောင်းဆီပြေးသွားလိုက်ကြသည်။ မီးခိုးငွေ့ဖြူဖြူကြီးတွေကြားထဲမှ ရှင်နှောင်းကတစ်လှမ်းချင်းလှမ်းလျှောက်လာသည်။
"မီးဆိုတာ အလွယ်ဆုံးနဲ့ အခက်ဆုံးပဲ"
ကဝေရှင်တစ်ယောက်က ရေရွတ်လိုက်သည်။
"မီးဆိုတာ လုပ်ရလွယ်သလောက်၊ ထိန်းချုပ်ရအခက်ဆုံးပညာပဲ၊ အခု ဒီကလေးမလေး ဒီလိုလုပ်နိုင်တာ တော်တော်အံ့သြဖို့ကောင်းတာပဲ"
ရှင်နှောင်း၏လက်ဖဝါးနှစ်ဖက်စလုံးတွင် မီးတောက်မီးလျှံများက တိုးထွက်နေသည်။ ကဝေရှင်တစ်ယောက်က ပြေးသွားလိုက်ရာ ရှင်နှောင်းက မီးတောက်မီးလျှံများကို လက်အတွင်းမှမှုတ်ထုတ်လိုက်သည်။ ကဝေရှင်ကလဲ မီးကိုနိုင်သည့် ရေကိုဖန်ဆင်းလိုက်သည်။
"ဒက္က"
ကဝေရှင်၏ လက်ညှိုးအတွင်းမှ ရေလုံးကြီးထွက်လာကာ ရှင်နှောင်း၏မီးများနှင့်ထိတွေ့ပြီးနောက် ရေခိုးရေငွေ့များအဖြစ်ပြောင်းလဲသွားသည်။ သို့သော်ကြည့်နေရင်း ကဝေရှင်မှာအခြေအနေမဟန်တော့ပေ၊ သူ၏လက်ညှိုးထိပ်မှရေတန်းကြီးသည် တဖြည်းဖြည်းသေးငယ်လာပြီးနောက်တွင် ကဝေရှင်အား ရှင်နှောင်း၏မီးတောက်မီးလျှံများက ဝါးမြိုသွားတော့သည်။
"တော်တော်ကောင်းတဲ့စွမ်းအားပဲ၊ ငါတို့တွေတော့ ဒီအတိုင်း ရိုးရိုးတမ်းတမ်းတိုက်ခိုက်လို့မသင့်တော့ဘူး"
"ဒါဆိုဘယ်လိုလုပ်ကြမလဲ"
"ရှောင်ပြေးတဲ့အတတ်ပညာတွေကိုသုံးပြီးတော့ ငါတို့တွေသူ့ကို အာရုံများအောင်လုပ်ထားကြမယ်လေ၊ ဒီအချိန်မှာ အဘွားက ကဝေထောင်ချောက်တွေအားလုံးကို အသက်သွင်းနေလိမ့်မယ်၊ ကဝေထောင်ချောက်တွေအလုပ်ဖြစ်သွားရင်တော့ သူဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး"
ကဝေရှင်တွေလဲ တိုင်ပင်လိုက်ပြီးနောက် ရှင်နှောင်းထံသို့ပြေးသွားကြသည်။ ရှင်နှောင်းက မီးများဖြင့်တိုက်ခိုက်ရာ ကဝေရှင်များက မြေလျှိုးလိုက်၊ မိုးပေါ်ပျံတက်လိုက်နှင့် ရှောင်တိမ်းနေရတော့သည်။ မရှောင်လို့လဲမရ သူတို့ကဝေရှင်များအနက် သုံးယောက်မှာ ရှင်နှောင်း၏မီးအစွမ်းကြောင့် ပြာကျသွားခဲ့ရပြီမဟုတ်ပါလား"
အတွေ့အကြုံနည်းသည့် ရှင်နှောင်းကို ကဝေရှင်တွေက အမျိုးမျိုးကစားပြီး အာရုံလွှဲထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှေနံ့သာရှင်ငြိမ်းက ကဝေထောင်ချောက်ကြီးများအား တစ်ခုပြီးတစ်ခု လိုက်လံအသက်သွင်းနေလေသည်။ သိပ်မကြာခင်မှာဘဲ မြွေရုပ်ထုကြီးများအားလုံးကို အသက်သွင်းလိုက်ပြီးသွားတော့သည်။ ကဝေရှင်တစ်ယောက်ကို ရှင်နှောင်းက တိုက်ခိုက်လိုက်သည့်အခါတွင်တော့ ထိုမြွေရုပ်ထုကြီးထံမှ အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီး ရှင်နှောင်းကိုထိမှန်သွားလေသည်။ ရှင်နှောင်းလဲ အနောက်သို့လွင့်ထွက်သွားသည်။ ထိုတော့မှ ကဝေရှင်တွေက ရှင်နှောင်းအနားတွင်ရပ်ပြီး ပျက်ရယ်ပြုကြသည်။
"လုပ်ပါအုံးကွ၊ ဘာဖြစ်တာလဲ"
ရှင်နှောင်းလဲ ဒေါသထွက်ပြီး မီးလုံးအစွမ်းကိုထုတ်လိုက်ရာ မီးလုံးလက်ကမထွက်သေးခင်မှာပင် မြွေရုပ်ကြီးမှ ပျံသန်းလာသည့် အလင်းတန်းကြီးသည် ရှင်နှောင်းကိုလာရောက်ထိမှန်ပြန်ရာ ရှင်နှောင်းလဲ အနောက်သို့လွင့်စင်ကျသွားသည်။ ထိုအခါ ရွှေနံ့သာရှင်ငြိမ်းက လက်ခုပ်တီးရင်း တစ်လှမ်းချင်းလျှောက်လာလေသည်။
"လုပ်ပါအုံးရှင်နှောင်းရဲ့၊ ကဝေထောင်ချောက်တွေအားလုံးကို အသက်သွင်းထားပြီးပြီ၊ ဒီတော့ နင်ကြိုက်သလို ကဝေအစွမ်းသုံး၊ ကဝေထောင်ချောက်က နင့်အစွမ်းတွေကို တန်ပြန်ပြီးတော့ နင့်ကိုထိခိုက်စေမယ်၊ ကဝေထောင်ချောက် ထောင်ထားတဲ့ပတ်ဝန်းကျင်မှာ ကဝေအစွမ်း၊ မှော်အစွမ်းကိုသုံးမိရင် သေတတ်တယ်ဆိုတာ နင်မသိသေးလို့နေမှာပါ"
ရွှေနံ့သာရှင်ငြိမ်းက ထိုသို့ပြောပြီးရယ်မောနေရာ ရှင်နှောင်းလဲ မကျေမနပ်နှင့် ကဝေအစွမ်းတွေထုတ်သုံးရသည်။ သို့သော် တစ်ခါအစွမ်းသုံးလိုက်တိုင်း ကဝေထောင်ချောက်ကြီးမှ အလင်းတန်းများနှင့် လှမ်းပစ်သည်မို့ ရှင်နှောင်းလဲ လူးလိမ့်နေအောင်ခံရတော့သည်။
"သိပ်ပြိးတော့ အားစိုက်မနေပါနဲ့ကောင်မလေး၊ မင်းအစွမ်းတွေ ကုန်သွားအုံးမယ်၊ ဟား၊ ဟား၊ ဟား"
ရွှေနံ့သာရှင်ငြိမ်းနှင့် ကဝေရှင်များ၏ရယ်မောသံက စော်ဘွားအိမ်တော်အနီး ပျံ့လွှင့်သွားတော့သည်။ စော်ဘွားအိမ်တော်ကြီးရှိ လူများအားလုံးကို ရွှေနံ့သာရှင်ငြိမ်းက အိပ်မွှေ့ချထားသဖြင့် ထိုလူများအားလုံးမှာ အိပ်ပျော်လျှက်ရှိနေကြသည်။
(ည)
အစ်မဇာက သုတ်ခြေတင်ထွက်ခွာသွားပြီး ရွာအပြင်သို့ခြေလှမ်းနေမိသည်။ ထိုအချိန် ရွာထွက်လမ်းတွင် သူ့ရှေ့မှလူတစ်ယောက်ပေါ်လာတော့သည်။ သူလဲ အမှတ်မထင်ကြည့်လိုက်ရာ မယ်တော်ဖြစ်နေသည်။
"မယ်တော်၊ ညနေစောင်းနေပြီ ဘာကိစ္စရှိလို့လဲ"
"နင်ရော ဒီအချိန်ကြီးကျမှ သုတ်သီးသုတ်ပြာနဲ့ ဘယ်သွားမလို့လဲ"
"မပြောချင်တော့ပါဘူးမယ်တော်ရယ်၊ အဲဒါမယ်တော့်ဆီကိုလာမလို့ပဲ၊ အိမ်က သမီးငယ်က စော်ဘွားကြီးနဲ့ လက်မထပ်ချင်ဘူးဆိုလို့ ရှင်နှောင်းက သူ့ယောင်ဆောင်ပြီးလူရုပ်တစ်ရုပ်ကို ထားရစ်ခဲ့တယ်"
"ဒါများဘာဆန်းလို့လဲအေ"
"ဆန်းတာကတော့ တခြားမဟုတ်ပါဘူး၊ အခုရှင်နှောင်းကများ စော်ဘွားကြီးအိမ်ကိုလိုက်သွားပြီး တစ်ခုခုလုပ်မလားလို့ပါ"
"မဇာ နင့်ကိုငါပြောမယ်၊ နင်အိမ်လှည့်ပြန်တော့"
"အို ဘယ်လိုပြောလိုက်တာလဲမယ်တော်"
"နင်အိမ်ကိုပြန်တော့လို့ပြောလိုက်တာ၊ ရှင်နှောင်းကိစ္စကိုငါ့ဖာသာကြည့်ရှင်းလိုက်မယ်"
"မဟုတ်တာပဲမယ်တော်ရယ်၊ ရှင်နှောင်းက ကျုပ်ကလေးပါ၊ ကျုပ်နဲ့ဆိုင်တာပေါ့"
မယ်တော်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်
"နင်ကလဲ ပြောလေကဲလေပါလား"
ထိုသို့ရေရွတ်ပြီး တောင်ဝှေးနဲ့လှမ်းချိန်လိုက်ကာ မဇာအား တိုက်ခိုက်လိုက်တော့သည်။ မဇာကို မှော်ပညာထိမှန်သွားပြီး မဇာလဲ လွင့်စင်ထွက်သွားတော့သည်။ မဇာက ရုတ်တရက်မို့အလစ်ခံလိုက်ရပြီး မယ်တော်ကို ပြန်ကြည့်လိုက်သည်။
"ဒါဘာသဘောလဲမယ်တော်"
"ဟား၊ ဟား၊ အေးပါ၊ နင်လဲမနေရတော့ဘူးဆိုတော့ နင့်ကိုနောက်ဆုံးငါအမှန်အတိုင်းပြောမယ်ဟုတ်ပြီလား"
မယ်တော်က ကျိုးတို့ကျဲတဲဖြစ်နေသည့် သွားတွေပေါ်အောင်ပြုံးရယ်နေရင်း
"ငါဘာလို့ရှင်နှောင်းလေးကို မှော်အတတ်၊ ကဝေအတတ်တွေ မသင်ခိုင်းတာလဲဆိုတာ နင်သိလားမဇာ"
"ဒါကတော့ ကဝေရှင်တွေရဲ့လက်ကနေ ကာကွယ်ပေးဖို့ဆို"
"မဟုတ်ဘူး၊ တကယ်က ဒီကောင်မလေးရဲ့အစွမ်းတွေကို ငါတို့လိုချင်လို့ပဲ"
မဇာအလွန်အံ့သြသွားသည်။ မယ်တော်ကပင်ဆက်၍
"ဒီကောင်မလေး အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်တဲ့အခါမှာ မွေးရာပါ မှော်စွမ်းအင်တွေ စုံလာမယ်လေ၊ ဒီအခါကျတော့မှ ငါကသူ့ဆီကနေပြီးတော့ စွမ်းအင်တွေစုပ်ယူမလို့ စိတ်ကူးထားတာလေ"
"ဒါနဲ့ မယ်တော်ပြောတော့ ရှင်နှောင်းကို နတ်မင်းကြီးဆီကို ဆက်သမယ်ဆို"
"ငါကတမင်လျှောက်ပြောတာ၊ ဒီလောက်ကောင်းတဲ့အရာတစ်ခုကို ငါကရူးနေလို့နတ်မင်းကြီးဆီကိုပေးရမှာလားအေ"
မယ်တော်ပြောနေသည့်စကားများကြောင့် အစ်မဇာဒေါသများထွက်လာလေသည်။
"ဒါဆိုမယ်တော်က ဒီအစွမ်းတွေရရင် ဘာလုပ်မှာလဲပြော"
"ဘာလုပ်ရမလဲ၊ ငါနဲ့ ငါ့ညီမနဲ့နှစ်ယောက် သူ့ဆီကအစွမ်းတွေရပြီးရင် ကဝေလောကကို ချုပ်ကိုင်လို့ရပြီ၊ ဒီလောကမှာ ငါတို့လောက်ကဝေပညာ မှော်ပညာစွမ်းတဲ့လူတွေ မရှိတော့ဘူးပေါ့ဟ"
"နေပါအုံး မယ်တော်ရဲ့ညီမဆိုရင် ဟို၊ ခင်၊ ခင်ရီ"
မယ်တော်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် အလွန်နှစ်ခြိုက်စွာနှင့်ပြုံးလိုက်သည်။ မယ်တော်၏ အပြုံးထဲတွင် အလွန်ကောက်ကျစ်စဉ်းလဲသည့် အကြည့်များလဲပါဝင်နေသည်။
"နင်တော်တော်အောက်တန်းကျတဲ့ မိန်းမပဲ တင်ရီ"
"နင်မသေခင် ပြောချင်သလိုပြောနိုင်တယ် မဇာ"
မယ်တော်က သူ၏တောင်ဝှေးကို မဇာဆီသို့ချိန်ရွယ်လိုက်သည်။ မဇာလဲ သူ့ခေါင်းထက်မှ ငွေရောင်အပ်ကလေးတစ်ခုကိုဆွဲထုတ်လိုက်တော့သည်။
ပတ်ဝန်းကျင်က မှောင်မိုက်နေသည်။ အရပ်လေးမျက်နှာကိုကြည့်လိုက်လျှင်လည်း အလွန်ပိန်းပိတ်အောင်မှောင်နေသည့် အမှောင်ထုကြီးကိုတွေ့လိုက်ရသည်။ ရှင်မွှေးတစ်ယောက် အမှောင်ထုအတွင်းထိုင်ကာ ငိုနေမိသည်။
"အမရေ၊ အမ၊ ညီမလေးကို ဘာလုပ်ခဲ့တာလဲ"
အမှန်က ရှင်နှောင်းက ညီမဖြစ်သူရှင်မွှေးကို အရွယ်အစားသေးငယ်အောင်ပြုလုပ်ကာ မြေအိုးတစ်ခုထဲတွင်ထည့်ပြီး အိမ်တွင်ထားခဲ့ခြင်းဖြစ်သည်။ ထိုအစွမ်းသည် သုံးရက်ကြာလျှင် သူ့အလိုလိုပြယ်သွားမည်ဖြစ်ပြီး ရှင်မွှေးလဲနဂိုမူလအရွယ်အစားအတိုင်း ပြန်ဖြစ်မည်ဖြစ်သည်။
(ဋ)
"ရုန်းကန်နေလို့ မထူးဘူးဟေ့ရှင်နှောင်းရေ၊ ဒီလိုဖြစ်လာဖို့ကိုက နင့်ရဲ့ကံကြမ္မာလို့ပဲမှတ်လိုက်"
ရွှေနံ့သာရှင်ငြိမ်းက ထိုသို့ပြောရင်း ရှင်နှောင်းကိုချုပ်ကိုင်လိုက်သည်။ ထို့နောက် မလှုပ်မယှက်ဖြစ်နေသည့် ရှင်နှောင်း၏ မျက်နှာအနီးသို့ကပ်ပြီး နမ်းကြည့်သည်။
"ကောင်းလိုက်တဲ့၊ လတ်ဆတ်လိုက်တဲ့ စွမ်းအားတွေပါလား"
ထိုသို့ပြောပြီးနောက် ဆေးပုလင်းလေးတစ်လုံးကိုဖွင့်လိုက်ကာ ဆေးရည်တစ်ချို့ကိုရှင်နှောင်းအား တိုက်ရန်ကြိုးစားသည်။ ထိုအခါ ကျန်သည့်ကဝေရှင်များက
"အဘွားလုပ်ငန်း အောင်မြင်ပြီမဟုတ်လား၊ ကျုပ်တို့ကိုပေးစရာရှိတာတွေ ပေးပါ"
ထိုအခါတွင် ရွှေနံ့သာရှင်ငြိမ်းက တစ်ချက်သက်ပြင်းချလိုက်ပြီးနောက် သူ၏လွယ်အိတ်ဟောင်းကြီးကို ကဝေရှင်များထံသို့ ပစ်ပေးလိုက်သည်။ ကဝေရှင်များကလဲ လွယ်အိတ်အတွင်းမှ ဖမ်းချုပ်ထားသည့် ကဝေများကို အလုအယက်ရွေးချယ်နေကြသည်။ ရွှေနံ့သာရှင်ငြိမ်းက ပုလင်းကလေးတစ်လုံးထဲမှ ဆေးရည်များကို ရှင်နှောင်းပါးစပ်ထဲသို့ လောင်းချလိုက်သည်။
"သောက်လိုက်ပါ၊ ဒါတွေအကုန်လုံးပြီးသွားရင် မင်းရဲ့ဝဋ်လဲကျွတ်သွားတာပေါ့"
သောက်ပြီးသည့်နောက် ရှင်နှောင်းရင်တွေအရမ်းပူလာသည်။ ထို့နောက် ပျို့အန်ချင်လာသလိုဖြစ်ကာ အန်ကျသွားတော့သည်။ ထိုအခါတွင် ရှင်နှောင်းပါးစပ်ထဲမှ အရည်တွေအန်ကျလာပြီးနောက် အစိမ်းပုပ်ရောင် အလင်းတန်းကြီးလဲ ထွက်လာတော့သည်။
"ဟား၊ ဟား၊ ရပြီ၊ ငါလိုချင်တာရပြီ"
ရွှေနံ့သာရှင်ငြိမ်းက ရေရွတ်လိုက်ပြီးနောက် သူ့ပါးစပ်ကြီးကိုဟကာ ထိုအလင်းတန်းများကို စုပ်ယူတော့သည်။ သူက ဆေးဝါးကျွမ်းကျင်သူမို့ အခြားကဝေများလို ကဝေအစွမ်းနှင့်စုပ်ယူခြင်းမဟုတ်ဘဲ ဆေးအစွမ်းနှင့် ရှင်နှောင်းထံမှမှော်စွမ်းအင်များ အန်ကျလာအောင်လုပ်ပြီး စုပ်ယူခြင်းဖြစ်သည်။ ရှင်နှောင်းမှာလဲရင်ထဲ ပျို့အန်လာပြီးနောက် မကုန်မခမ်းနိုင်အောင် အန်ချနေရသည်။ ရွှေနံ့သာရှင်ငြိမ်းမှာတော့ စုပ်ယူရင်း သူ၏ရုပ်ရည်သည် တဖြည်းဖြည်းစိုပြေလာခဲ့သလို ရှင်နှောင်းကတော့ တစ်ချက်အန်လိုက်တိုင်း အသက်တွေကြီးသွားလေတော့သည်။
ရှင်နှောင်းမှာ အန်ရင်းကနေ ဆံပင်တွေဖြူလာသည်၊ မျက်တွင်းတွေချိုင့်လာကာ အသားအရည်တွေလဲ တွဲကျလျှက် အသက် ရှစ်ဆယ်ခန့်အဘွားကြီးပုံစံဖြစ်နေတော့သည်။ ထိုအချိန်မှာပင် မီးလုံးကြီးတစ်လုံးက မိုးပေါ်တွင်ပျံသန်းလာခဲ့သည်။ ကဝေထောင်ချောက်များရှိသည်မို့ ထိုမီးလုံးကြီးက သူတို့အနားသို့ရောက်လာချိန်တွင် ကဝေထောင်ချောက်များက ပစ်ခတ်လိုက်သဖြင့် မြေပေါ်ဒလိမ့်ခေါက်ကွေးပြုတ်ကျလာခဲ့သည်။ ရှင်နှောင်းလဲကြည့်လိုက်ပြီးနောက်
"အစ်မ၊ အစ်မဇာ"
မိုးပေါ်ပျံလာသည့် အစ်မဇာမှာ ကဝေထောင်ချောက်များထိပြီးနောက် ပြင်းထန်စွာဒဏ်ရာရလာသည်။ အစ်မဇာ၏နောက်တွင် မယ်တော်လဲလိုက်ပါလာသည်။ ကဝေထောင်ချောက်များက ပစ်ခတ်သည့်အခါတွင်တော့ မယ်တော်ကသူ့အစွမ်းနှင့်ကာကွယ်ရင်း သူတို့နားတွင်ဆင်းသက်လိုက်သည်။ ထိုအခါ ရွှေနံ့သာရှင်ငြိမ်းသည် မယ်တော်ကိုကြည့်လျှက် တုန်လှုပ်အံ့သြသွားသည်။
"ဟင် အစ်မ"
မယ်တော်ကလဲ ရှင်နှောင်းကိုကြည့်လိုက် သူ့ညီမကိုကြည့်လိုက်နှင့်ကြည့်ပြီး အံ့သြနေတော့သည်။
"ဟဲ့ ခင်ရီ၊ နင်ငါ့ကို သစ္စာဖောက်တာလား၊ နင်ပြောတော့ ငါတို့အတူတူစွမ်းအားတွေ ယူကြမယ်ဆို"
ထိုအခါ ရွှေနံ့သာရှင်ငြိမ်းက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"အမရယ် တုံးလိုက်တာ၊ ဒီလောက်အစွမ်းတွေကို ညီမလေးက အစ်မကိုပေးမလား"
"နင်ပြောတော့ ဒီအစွမ်းတွေရရင် ငါတို့အဆင့်အမြင့်ဆုံးကဝေတွေဖြစ်သွားကြပြီ၊ ကဝေလောကမှာ စိုးမိုးကြမယ်ဆို"
"ဒါပေါ့အမရယ်၊ ဒါပေမယ့် အခုတော့ ညီမလေးတစ်ယောက်ထဲ စိုးမိုးတော့မယ်၊ အစ်မက အကြီးဆိုတော့ အနစ်နာခံလိုက်ပေါ့"
"ခင်ရီ၊ နင်အရမ်းမိုက်ရိုင်းပါလား"
"ဒီတော့အစ်မက ဘာလုပ်ချင်သလဲ၊ ဒီမှာအဆင့်မြင့်တဲ့ ကဝေထောင်ချောက် ခုနစ်ခုတောင် ချထားတယ်အစ်မ၊ နင်တစ်ခါပဲကာလို့ရမယ် နောက်တစ်ခါတော့ မဖြစ်စေရဘူး"
မယ်တော်လဲ အကြပ်ရိုက်သွားသည်။ ကဝေနည်းနှင့် မှော်ပညာနှင့် တိုက်ခိုက်မည်ဆိုလျှင်တောင် ကဝေထောင်ချောက်တွေက ရှိသေးသည်။ ခုနစ်ခုတောင်ဖြစ်သဖြင့် သူ ကဝေပညာကိုအသုံးပြုလိုက်လျှင် ထိုထောင်ချောက်များက ပစ်ခတ်သည့်စက်လက်နက်များကြောင့် တစ်ခုမဟုတ်တစ်ခုတော့ ကြိမ်းသေထိမှန်မည်ဖြစ်သည်။
"လုပ်ပါအုံး အမရဲ့၊ ဟား၊ ဟား"
သူတို့ညီအမ စကားများနေခိုက် မဇာက ရှင်နှောင်းအနားသို့ပြေးလာသည်။ မဇာပါးစပ်တွင်လဲ သွေးတွေထွက်နေသလို တစ်ကိုယ်လုံးလဲ ပွန်းပဲ့နေတော့သည်။ မဇာက ရုပ်မမှတ်မိနိုင်လောက်အောင် အိုမင်းရင့်ရော်နေသည့် ရှင်နှောင်းကိုပြေးဖက်လိုက်ပြီး
"သမီးလေးရယ်၊ အစ်မဇာသမီးကို မကာကွယ်နိုင်ခဲ့ဘူး၊ သမီးလေးကို အဆုံးထိ မစောင့်ရှောက်နိုင်ခဲ့ဘူး"
အားပြတ်နေသည့် ရှင်နှောင်းမှာ မဇာကို ပြုံးရုံကလေးသာ ပြုံးပြလိုက်နိုင်သည်။
"ဒါပေမယ့်မပူနဲ့၊အစ်မဇာ အသက်နဲ့ရင်းပြီးတော့ သမီးလေးကို ကယ်တင်မယ်၊ သမီးဒီကနေလွတ်တာနဲ့ ရှင်မွှေးကိုခေါ်ပြီးတော့ ပြေးကြတော့"
"မလုပ်ပါနဲ့အစ်မဇာ၊ အဲဒီလိုမလုပ်ပါနဲ့"
မဇာက စိတ်ကိုဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ထဘီကိုချွတ်လိုက်ပြီး ရှင်နှောင်း၏လည်ပင်းတွင် စွပ်ချလိုက်သည်။ ထို့နောက် ရှင်နှောင်းကိုပြုံးပြလိုက်သည်။
"အစ်မဇာတောင်းပန်ပါတယ် ရှင်နှောင်းရယ်၊ ဒါတွေအားလုံးက အစ်မဇာရဲ့ အမှားတွေပါ၊ အစ်မဇာသာ သမီးတို့အမေကို မလုပ်ကြံလိုက်ရင်၊ သမီးလေးတို့ အေးအေးချမ်းချမ်းနဲ့ နေရမှာ"
ရှင်နှောင်းက ခေါင်းခါပြနေသော်လည်း မဇာကတော့ မတ်တပ်ရပ်လိုက်ကာ ကဝေမန္တန်တစ်ခုကိုရွတ်ဆိုလိုက်သည်။ ထိုစဉ်မှာပင် ကဝေထောင်ချောက် ခုနစ်ခုက ပစ်ခတ်လိုက်သည့် အလင်းတန်းကြီးများက မဇာကိုထိပြီးနောက်ပြင်းထန်စွာပေါက်ကွဲသွားသည်။ မဇာ၏ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီးသည့်နောက် ရှင်နှောင်းတစ်ယောက်လဲ အလွန်နက်ရှိုင်းလှသည့် ချောက်နက်ကြီးထဲပြုတ်ကျသလို ခံစားလိုက်ရတော့သည်။
"ဝုန်း . . ."
မဇာကို ကဝေထောင်ချောက်များက ပစ်ခတ်နေသည်မို့ မယ်တော်အခွင့်သာသွားသည်။ သို့နှင့် ညီမဖြစ်သူခင်ရီအား စက်လက်နက်များနှင့်ပစ်ခတ်လိုက်သည်။ ခင်ရီကို စက်လက်နက်ထိမှန်ပြီး ခင်ရီလဲ လွင့်ထွက်သွားသည်။ ရွှေနံ့သာရှင်ငြိမ်းခေါ် ခင်ရီက ကဝေတိုက်ခိုက်သည့်ပညာရပ်များကို မကျွမ်းကျင်သူမို့ အမဖြစ်သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍မရမှန်းနားလည်လိုက်သည်။ သို့နှင့် မြေပြင်တွင် ကျွတ်ကျနေသည့် မဇာ၏ ထဘီကိုကြည့်လိုက်မိသည်။ ရှင်နှောင်းမရှိတော့ပေ။ မဇာက ထဘီချွတ်၍ မြေလျှိုးသည့် နည်းလမ်းကိုအသုံးပြုပြီး ရှင်နှောင်းအား တစ်နေရာရာသို့ ပို့လွှတ်လိုက်ပြီကို နားလည်သွားမိပြီး သူလဲ ထိုထဘီကွင်းထဲသို့ ပြေးခုန်ဝင်လိုက်တော့သည်။
အလွန်နက်ရှိုင်းလှသည့် အမှောင်ထုကြီးအတွင်းသို့ ခင်ရီတစ်ယောက် တစ်ဟုန်ထိုးပြုတ်ကျသွားတော့သည်။ မဇာလဲ ကဝေထောင်ချောက်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်ကာ မြေတွင်လူးလိမ့်နေတော့သည်။ နောက်ဆုံးထွက်သက်ကို မနည်းလုရှုနေရင်း မယ်တော်ကိုကြည့်နေမိသည်။ မယ်တော်က အလွန်စိတ်ညစ်နေဟန်နှင့်
"မဇာ၊ နင်သူ့ကို ဘယ်ကိုပို့လိုက်တာလဲ၊ မှန်မှန်ပြောစမ်း"
မဇာပါးစပ်က ပွစိပွစိလုပ်နေသဖြင့် မယ်တော်က မဇာအနားသို့ တိုးကပ်သွားပြီး နားထောင်လိုက်သည်။ ထိုအခိုက် မဇာက မယ်တော်၏မျက်နှာအား သွေးတွေရောထွေးနေသည့် တံတွေးနှင့် ထွေးထည့်လိုက်ပြီးနောက် အားရကျေနပ်စွာရယ်မောနေသည်။ မယ်တော်လဲ အလွန်စိတ်ဆိုးသွားပြီးနောက် သူ၏တောင်ဝှေးနှင့် မဇာ၏ဦးခေါင်းကို အကြိမ်များစွာ ထုရိုက်ချလိုက်တော့သည်။
(ဌ)
အလွန်မှောင်မည်းလှသည့် လှိုဏ်ဂူကြီးတစ်ခုအတွင်းရောက်နေမှန်း ခင်ရီသိလိုက်သည်။ လှိုဏ်ဂူအနေအထားကိုကြည့်လိုက်ရုံနှင့် ကဝေအစည်းအဝေးကျင်းပရာ လှိုဏ်ဂူကြီးမှန်းသိလိုက်သည်။ ဆက်လျှောက်လာခဲ့ရာ ရဘိန်းနတ်ရုပ်ကြီးရှေ့တွင် ရှင်နှောင်းက ပက်လက်အနေအထားနှင့် လဲကျနေသည်ကိုတွေ့ရသည်။ ထိုအခါ ခင်ရီက ရယ်မောလျှက် သူ့ခေါင်းတွင်ထုံးထားသည့် ဆံထုံးကြီးကိုဖြေချလိုက်သည်။ ဆံပင်များက ခြေဖျားထိတိုင်ရှည်လျားပြီး ပြေကျသွားသည်။ ထိုအခါ ခေါင်းကိုငုံ့လိုက်ပြီး သူ့ကုတ်တွင်ရေးဆွဲထားသည့် အင်းကွက်ကြီးက အနီရောင်အလင်းတန်းကြီးများထွက်ပေါ်လာကာ ရှင်နှောင်းထံမှ ကျန်နေသေးသည့် မှော်စွမ်းအင်များကို စုပ်ယူနေပြန်သည်။
ရှင်နှောင်းဘာမှမလုပ်နိုင်တော့ပေ၊ အားအလွန်နည်းလာပြီး ဆွဲမိဆွဲရာ ဆွဲလိုက်စဉ်တွင် ရဘိန်းနတ်ရုပ်ထုကြီး၏ ခြေထောက်ကိုလက်နှင့်ကိုင်ထားမိသွားသည်။ ထိုအခါတွင် ထူးဆန်းသည့် အလှည့်အပြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ခင်ရီ၏ လည်ကုပ်မှစုပ်လျှက်ရှိသည့် အနီရောင်အလင်းတန်းကြီးသည် ရဘိန်းနတ်ရုပ်ကြီး၏ ပါးစပ်ပေါက်များ နှာခေါင်းပေါက်များအတွင်းသို့ စီးဝင်နေလျှက်ရှိကာ ခင်ရီကိုယ်တိုင်ပင် အံ့သြနေမိသည်။
ရဘိန်းနတ်ရုပ်ကြီးသည် ကဝေပညာရှင်များ၏ မှော်အစွမ်းများကို စုပ်ယူထိန်းသိမ်းပေးသည့် နေရာတစ်ခုဖြစ်သဖြင့် အခုလဲ ခင်ရီထံမှ စွမ်းအားများကို စုပ်ယူလိုက်ခြင်းဖြစ်ပေသည်။ အချိန်တခဏအတွင်းမှာပင် ခင်ရီ၏ မှော်အစွမ်းများအားလုံး ကုန်ခမ်းသွားခဲ့ပြီးနောက် ခင်ရီလဲအလွန်အိုမင်းလျှက် မြေတွင်လဲကျသွားတော့သည်။ ရှင်နှောင်းလဲ အယိုင်ယိုင်အလဲလဲနှင့် ကုန်းထလိုက်ပြီးနောက် မဇာပြောဖူးသည့် စကားတစ်ချို့ကို နားထဲတွင် ပြန်ကြားယောင်နေမိသည်။
"ကဝေအစည်းအဝေးကျင်းပတဲ့ ကျောက်ဂူကြီးထဲက ရဘိန်းနတ်ရုပ်ကြီးဆီမှာ ဒီထက်ပိုပြီးထူးဆန်းတဲ့ပညာတွေ အစွမ်းတွေ ရှိနေသေးတာပေါ့"
ထိုအခါ ရှင်နှောင်းလဲ နတ်ရုပ်ကြီးကို တစ်ချက်မော့ကြည့်လိုက်တော့သည်။
ကဝေတွေအားလုံး ပျံသန်းလာခဲ့ကြပြီး အစည်းအဝေးကျင်းပရာ ကျောက်ဂူကြီးအတွင်း စုဝေးလိုက်ကြသည်။ မယ်တော်က အရေးပေါ်ကဝေအစည်းအဝေးဆင့်ခေါ်လိုက်သဖြင့် သူတို့ကဝေတွေအားလုံး လာရောက်ခဲ့ကြရခြင်းဖြစ်သည်။ သူတို့ရောက်သည့်အခါတွင် ထက်ပိုင်းကျိုးကျနေသည့် ရဘိန်းနတ်ရုပ်ထုကြီးကိုတွေ့လိုက်ရသည်။ ကဝေတွေအကုန်လုံးစုံပြီးတော့မှ မယ်တော်က ရောက်ချလာသည်။ မယ်တော်ကိုယ်တိုင်လဲ နတ်ရုပ်ကြီးကိုတွေ့လိုက်သည့်အခါတွင် အလွန်အံ့အားသင့်သွားသည်။
"ဟင်၊ ဒါ၊ ဒါဘယ်လိုဖြစ်တာလဲ"
ကဝေများအားလုံး တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုရေရွတ်နေကြသည်။ ထိုအခါ ကဝေတစ်ယောက်က
"မယ်တော်၊ အရေးကြီးကိစ္စရှိတယ်ဆိုတာ ဒါလား"
"မဟုတ်ဘူး၊ ကဝေတစ်ယောက်လွတ်နေတယ်၊ သူဟာအရမ်းအန္တရာယ်ကြီးမားတဲ့အတွက် သူ့ကိုငါတို့အားလုံး တွေ့တဲ့နေရာမှာ ဖမ်းခေါ်ရလိမ့်မယ်"
"မယ်တော်တောင် တော်တော်တုန်လှုပ်နေပုံထောက်တော့ သူကဘယ်သူလဲ"
"သူက ၊သူ့နာမည်က . . ."
"ရှင်နှောင်း"
မယ်တော်မပြောရသေးခင်သူတို့ အနောက်ဘက် နတ်ရုပ်တုတစ်ပိုင်းပြတ်ပေါ်တွင် ထိုင်နေသည့်မိန်းကလေးက အော်ပြောလိုက်သည်။ အားလုံးလဲ အံ့အားသင့်သွားကြပြီး ထိုမိန်းကလေးကို မော့ကြည့်လိုက်ကြသည်။ ရုပ်တုကြီးပေါ်တွင် ခြေတစ်ဖက်ဆင်းကာ မိန်းကလေးတစ်ဦးထိုင်နေသည်။ ထိုမိန်းကလေး၏ ဆံပင်များမှာ ဆွတ်ဆွတ်ဖြူလျှက် ဖွာလန်ကြဲနေပြီးနောက် မျက်နှာတစ်ခြမ်းတွင်လဲ အနီရောင်အမှတ်အသားကြီးရှိသည်။ မယ်တော်က အလွန်ထူးဆန်းလျှက်
"ဟင်၊ နင်၊ နင်"
"ဟုတ်တယ်၊ ကျုပ်နာမည်ရှင်နှောင်း၊ ကဝေပျံရှင်နှောင်း"
ထိုသို့ပြောဆိုလိုက်ပြီးနောက် ရှင်နှောင်း၏မျက်လုံးများမှာ မီးတောက်မီးလျှံများဝင်းဝင်းတောက်လာသလို ရှင်နှောင်းတစ်ကိုယ်လုံးမှလဲ မီးတောက်မီးလျှံများက တိုးထွက်လာခဲ့တော့လေသည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်
အဂ္ဂဇော်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်