
မှော်စွမ်းအင်ဆိုတာ ထူးဆန်းတဲ့သဘာ၀အတိုင်းရှိနေတဲ့ ဓာတ်တစ်မျိုးပါ၊ သူက လောကကြီးထဲမှာ လွတ်လပ်စွာတည်ရှိနေတယ်။ ဒါပေမယ့် လူတိုင်းသိမြင်နိုင်ကြတာတော့မဟုတ်ဘူး၊ အချို့သူတွေကတော့ မှော်စွမ်းအင်ရှိနေတာကို သိလဲမသိသလို အသုံးပြုလို့မရပေမယ့် အချို့လူတွေကျတော့ ရှိနေတဲ့မှော်စွမ်းအင်ကို အသုံးချတတ်ကြတယ်။ အဲဒီလူတွေကိုတော့ မှော်ဆရာတွေ၊ ကဝေတွေလို့ ခေါ်ကြတာပေါ့။
မှော်စွမ်းအင်ဆိုတာ သဘာ၀ကြီးထဲမှာရှိတဲ့ မီးတို့ ရေတို့လိုပါပဲ၊ ကောင်းတဲ့နေရာမှာ အသုံးချရင် အကျိုးရှိပေမယ့် မကောင်းတဲ့နေရာမှာ အသုံးချရင်တော့ ဆိုးကျိုးတွေဖြစ်စေမှာအမှန်ပါပဲ။ နောက်ပြီး အဲဒီအရာတွေကို ထိန်းချုပ်တတ်ဖို့ကလဲ လိုသေးတယ်မဟုတ်လား။
ကျွန်မရဲ့ဘ၀မှာတော့ အဲဒီမှော်စွမ်းအင်ဆိုတာတွေက မွေးကတည်းက အများအပြားပါလာခဲ့တယ်။ ဒါဟာ ကောင်းဖို့ဖြစ်လာတာလား၊ ဆိုးဖို့ဖြစ်လာတာလားဆိုတာတော့ ကျွန်မမသိပေမယ့်၊ အဲဒီအရာတွေကို ဆုပ်ကိုင်ထားရတဲ့ ကျွန်မကတော့ အရမ်းပင်ပန်းနေခဲ့ပြီ။
''ကျွန်မကတော့ ရှင်နှောင်းပါ''
အခန်း (၁)
ကျောက်ဂူကြီးထဲရှိ ကဝေများအားလုံး ရှင်နှောင်းကိုဝန်းရံလိုက်ကြသည်။ မယ်တော်တင်ရီက ကဝေများအနောက်တွင် မတ်တပ်ရပ်နေသည်။
''အဲဒီကောင်မလေးပဲ၊ သူဟာအရမ်းကို ကြောက်စရာကောင်းတဲ့ ကဝေတစ်ယောက်ပဲ၊ ငါတို့ ကဝေတွေ ဆက်လက်ရပ်တည်နေဖို့ဆိုရင် ဒီကောင်မလေးကို ငါတို့တစ်တွေ ရဘိန်းနတ်မင်းကြီးဆီကို ပူဇော်ပသလိုက်မှဖြစ်မယ်''
ကဝေများလဲ မယ်တော်၏စကားမို့ အားလုံးလိုက်နာကြသည်။ မယ်တော်က ပျက်စီးနေသော ရဘိန်းနတ်ရုပ်ကြီးကို လက်ညှိုးထိုးပြီး
''ကြည့်စမ်း၊ ငါတို့ရဲ့အထွဋ်အမြတ်ထားတဲ့ ရဘိန်းနတ်ရုပ်ကြီးကိုတောင် သူကဖျက်ဆီးပစ်လိုက်ပြီမဟုတ်လား''
''လျှောက်ပြောတာ၊ ရှင်လျှောက်ပြောနေတာ၊ ရှင်နဲ့ ရှင့်ညီမနဲ့ ပေါင်းပြီး ကျွန်မဆီက အစွမ်းတွေကို စုပ်ယူဖို့ကြိုးစားခဲ့တာ၊ ရှင့်ညီမက ကဝေရှင်တွေနဲ့ပေါင်းပြီး ကြံစည်ခဲ့တာပဲ၊ ဟောဟိုမှာကြည့်လိုက်''
ရှင်နှောင်းက မြေပြင်တွင်လဲကျနေသည့် ခင်ရီ၏ ရုပ်အလောင်းကိုထိုးပြလိုက်သည်။
''တွေ့လား၊ သူဒီမှာ၊ အဲဒါရှင့်ညီမမဟုတ်လား''
မယ်တော်က မျက်နှာတစ်ချက်ပျက်သွားသည်။ ထို့နောက် အရှေ့သို့ထွက်လာပြီး
''နင်မဟုတ်တာမပြောနဲ့ကလေးမ၊ နင်ကသာ ကဝေရှင်အစစ်၊ နင်က ကဝေရှင်တွေသုံးတဲ့ မှော်စွမ်းအင်စုပ်ယူတဲ့အတတ်နဲ့ ငါ့ညီမဆီကအစွမ်းတွေကို စုပ်ယူထားလို့ ငါ့ညီမတစ်ယောက်အခုလို သေဆုံးသွားရတာမဟုတ်လား''
ထိုအခါ ကဝေနှစ်ယောက်က ပြေးသွားပြီး ရွှေနံ့သာရှင်ငြိမ်း ဟုခေါ်သည့် ခင်ရီ၏ ရုပ်အလောင်းကိုသွားရောက်စစ်ဆေးကြသည်။ ထိုကဝေများက နှာခေါင်းကိုတစ်ရှုံ့ရှုံ့နှင့်လုပ်လိုက်ကြပြီး ခင်ရီ၏ ပါးစပ်ကိုလဲစစ်ဆေးနေကြသည်။
''ဟုတ်၊ ဟုတ်တယ်၊ ဒီလူက မှော်အစွမ်းတွေ အစုပ်ခံရပြီးတော့ သေထားတာ''
''ဒါတင်ဘယ်ကသေးမလဲ၊ သူ့မိထွေး မဇာကို သူကပြန်သတ်ခဲ့တာ၊ ဒါ့အပြင် ကဝေရှင်တွေနဲ့ပူးပေါင်းပြီးတော့ ငါ့ညီမဆီက မှော်အစွမ်းတွေကို နင်စုပ်ယူခဲ့တယ်မဟုတ်လား၊ ကဝေအပေါင်းတို့ ဒီကောင်မလေးက ကဝေယောင်ဆောင်ထားတဲ့ ကဝေရှင်တစ်ယောက်ပဲ၊ သူ့ကိုဆက်ထားရင် ကျုပ်တို့ကဝေတွေ မျိုးပြုတ်လိမ့်မယ်''
''မဟုတ်ဘူး၊ ရှင်ပြောတာ တစ်ခုမှမဟုတ်ဘူး''
''အခုမှ ဘာဗြောင်ငြင်းချင်နေတာလဲ၊ နင်ကဝေရှင်မဟုတ်ဘူးဆိုရင် ဘာလို့ မှော်စွမ်းအင်စုပ်ယူတဲ့အတတ်ကို သုံးတတ်မလဲ''
မယ်တော်က ရှင်နှောင်းကိုကြည့်ပြီးနောက် မဲ့ပြုံးပြုံးပြလိုက်သည်။ ထိုအချိန်မှာပင် မယ်တော်က တောင်ဝှေးကြီးကို မြေပြင်တွင်ဆောင့်လိုက်ရာ ကဝေများအားလုံးက သူတို့သယ်ဆောင်လာကြသည့် ကဝေလက်နက်များကို ထုတ်လိုက်ကြပြီး ရှင်နှောင်းအား တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။
''ဪ၊ မယ်တော်တဲ့လား၊ တော်တော်အောက်တန်းကျတဲ့ ဟာမကြီး''
ရှင်နှောင်းအလွန်ဒေါသထွက်နေပြီဖြစ်သည်။ သူမလုပ်သည့်အရာကို သူ့အားစွပ်စွဲသည်။ ရှင်နှောင်းစိတ်ဆိုးလဲ စိတ်ဆိုးချင်စရာပင်၊ သူတို့ညီအမလုပ်ခဲ့သည်များကို ရှင်နှောင်းအားစွပ်စွဲနေပြီဖြစ်သည်။
ကဝေများအားလုံး တိုက်ခိုက်ရန်အတွင်ပြင်ဆင်လိုက်သည်။ ထိုအခါတွင် ကဝေပျံခြောက်ယောက်က မိုးပေါ်ပျံတက်လာပြီးနောက် အားလုံး၏ အရှေ့သို့ထွက်ခဲ့သည်။
''ဒီကောင်မလေးလောက်တို့ ကျုပ်တို့တွေတာဝန်ထားလိုက်ပါ မယ်တော်''
ကဝေပျံများက အဆင့်အမြင့်ဆုံးကဝေများဖြစ်ပြီး မယ်တော်၏ လက်ဝဲရံသုံးယောက်၊ လက်ယာရံသုံးယောက်ဖြစ်သည်။ ထိုအထဲတွင် ယောက်ျားလေးများလဲပါဝင်သလို၊ မိန်းကလေးများလဲ ပါဝင်ကြသည်။ အတော်များများကတော့ အသက်အရွယ်တော်တော်ကြီးရင့်နေကြပြီး မှော်ပညာအားဖြင့်လဲ တစ်ဖက်ကမ်းခတ်မျှ တတ်ကျွမ်းကြသူများဖြစ်သည်။
''လာလေ၊ အားလုံးတက်လာခဲ့ကြစမ်းပါ''
ရှင်နှောင်း၏မက်လုံးများ မီးဝင်းဝင်းတောက်နေပြီးနောက် သူမတစ်ကိုယ်လုံးကို မီးတောက်များက ဝါးမြိုသွားလေသည်။ ရှင်နှောင်း၏ ဆံပင်ဖြူဖြူကြီးများသည်လဲ လေတွင်လွင့်ပျံနေလေသည်။ ထိုအဖြစ်ကိုကြည့်ပြီးနောက် ကဝေပျံများ အံ့အားသင့်သွားကြသည်။
''မီး၊ မီးဓါတ်ကို သူအဲဒီလောက် သုံးနိုင်တယ်လား''
ကဝေပျံများရေရွတ်နေလေသည်။ ထိုအခါမယ်တော်က
''မေးမနေနဲ့တော့ သူ့ကို အရှင်ရအောင်ဖမ်းတော့''
''ဒီလောက်ကတော့ အေးဆေးပါ၊ ကဲ ရှင်နှောင်းဆိုတဲ့ကလေးမ၊ မင်းငါနဲ့ တစ်ယောက်ချင်း ပညာပြိုင်ဝံ့သလား''
''လာစမ်းပါအဘိုးကြီးရယ်''
အဘိုးကြီးဟုခေါ်လိုက်သဖြင့် ကဝေပျံကြီးလဲ အလွန်ဒေါသထွက်သွားပြီးနောက် တောင်ဝှေးကြီးကိုကိုင်လျှက် လူပုံအလယ်ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်ကို အခြားကဝေများက ဝိုင်းရံထားလိုက်ကြသည်။
''မြောက်အရပ်ကလေအေးတွေ လာဟေ့''
ကဝေအိုကြီးက ထိုသို့ရွတ်ဖတ်လိုက်ပြီးနောက် သူ၏ တောင်ဝှေးကြီးအတွင်းမှ အလွန်အေးမြသည့် ရေခဲအမှုန်အစလေးများကို ပစ်လွှတ်လိုက်သည်။ ထိုရေခဲအမှုန်အစလေးများပါသည့် စွမ်းအင်များဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ ကျောက်ဂူကြမ်းပြင်ကြီးသည် ရေများစိုနေသည်မို့ ကြမ်းပြင်တစ်ခုလုံးကို ရေခဲများဖြင့်ဖုံးလွှမ်းသွားသည်။
ရှင်နှောင်းကလဲမဆိုင်းမတွပင်
''ငရဲမီးလျှံ ထွက်လာစမ်း''
မှော်အစွမ်းတစ်ခုကိုဖန်တီးလိုက်သည်။ ရှင်နှောင်း၏ ညာဘက်လက်ထိပ်မှာ အလွန်ပြင်းထန်သည့် မီးတောက်မီးလျှံများထွက်ရှိသွားလေသည်။ ထိုမီးတောက်မီးလျှံများ၏ အလင်းရောင်ကြောင့် ဂူအတွင်းမှာ လင်းချင်းသွားတော့သည်။
ကဝေအိုကြီးဆီမှ ရေခဲစွမ်းအင်များနှင့် ရှင်နှောင်းထံမှ မီးတောက်မီးလျှံများသည် လေအဟုန်ထဲတွင် အချင်းချင်းတိုက်မိပြီးနောက် ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ရေခိုးရေငွေ့များနှင့် ဖုံးလွှမ်းသွားသည်။ ကဝေများလဲ အနောက်သို့ဆုတ်သွားကြသည်။ ရေခိုးရေငွေ့များအတွင်းတွင်တော့ ရှင်နှောင်းနှင့် ကဝေအိုကြီးတို့မှာ တစ်ယောက်နှင့်တစ်ယောက် စွမ်းအင်များအပြင်းအထန် ထုတ်လွှတ်လျှက် တိုက်ခိုက်နေကြသည်။
သို့သော်လည်း ကဝေအိုကြီးမှာ သိပ်ပြီးမဟန်တော့ပေ၊ ရှင်နှောင်းက မြေပြင်ကိုဖနောင့်နှင့်တစ်ချက်ပေါက်လိုက်သည့်အခါတွင် ကျောက်ဂူမြေပြင်ကြီးမှာ မီးတောက်မီးလျှံများထွက်ပေါ်လာပြီးနောက် ကျောက်ဂူကြမ်းပြင်ရှိ ရေများမှာလဲပွက်ပွက်ဆူလာတော့သည်။ ကဝေအိုကြီးလဲသူ့ခြေထောက်များ ပူလွန်းလှသဖြင့် မိုးပေါ်ပျံတက်ရန် ပြင်ဆင်လိုက်သည်။
ထိုအခါ သူပစ်လွှတ်နေသည့်အစွမ်းများကို ရပ်လိုက်ပြီး မိုးပေါ်ပျံရန် ကြိုးစားလိုက်သည့်အချိန်တွင် ရှင်နှောင်းပစ်လွတ်လိုက်သည့် မီးလုံးကြီးတစ်လုံးက ကဝေကြီးကိုထိသွားပြီးနောက် ကဝေကြီးအနောက်သို့လွင့်ထွက်သွားသည်။
''မလွယ်ဘူး၊ ဒီကလေးမက မလွယ်ဘူး၊ သူ့မှာများပြားတဲ့စွမ်းအင်တွေရှိသလို စေညွှန်ရာတွေလဲ အများကြီးရှိတယ်''
ကဝေအိုကြီးက ထိုသို့ပြောပြီးနောက် လဲကျသွားတော့သည်။ သူ၏ ရင်ဘတ်တွင်တော့ အလွန်ပြင်းထန်သည့် မီးလောင်ဒဏ်ရာကြီးကိုတွေ့ရသည်။ ရင်ဘတ်ရှိ အသားစများအားလုံးမှာ မီးကင်ပြီးသားဖြစ်နေကာ အငွေ့တထောင်းထောင်းထနေသည်။
ထိုကဝေကြီးပြောသလို ရှင်နှောင်းတွင် စေညွှန်ရာများ အများကြီးရှိနေသည်က ထူးဆန်းနေသည်။ ပုံမှန် ကဝေတစ်ယောက်သည် စေညွှန်ရာတစ်ခုသာရှိတတ်ကြသည်။ အစွမ်းထက်သည့် ကဝေပျံများပင် လက်ညှိုးကို စေညွှန်ရာအဖြစ်အသုံးပြုသည့်အခါတွင် လက်တစ်ဖက်တည်းရှိ လက်ညှိုးတစ်ချောင်းတည်းကိုသာ အသုံးပြုကြသည်။ ရှင်နှောင်းကတော့ ထိုသို့မဟုတ်ပေ။ သူ၏ ညာဘက်လက်ညှိုးသည်လည်းကောင်း၊ ဘယ်ဖက်လက်ညှိုးသည်လည်းကောင်း စေညွှန်ရာအဖြစ်အသုံးပြုလိုက်သည်ကို ကဝေအများက တွေ့လိုက်ကြရသည်။
သေဆုံးသွားသော ကဝေပျံကြီး၏ရုပ်အလောင်းဆီသို့သွားကာ မယ်တော်တင်ရီက ကဝေကြီး၏ ဆံပင်များကိုဖြတ်လိုက်ပြီးနောက် အပ်တစ်ချောင်းနှင့်ချည်ပတ်ပြီး သူ့ခေါင်းတွင်စိုက်လိုက်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ကဝေကြီး၏ မှော်ပညာများကို သူ့ထံတွင်ပေါင်းစည်းလိုက်ခြင်းဖြစ်သည်။ ရှင်နှောင်းက ထိုအဖြစ်ကိုကြည့်လျှက်
''ကဲ ဟိုအဘွားကြီး၊ ဘာလို့သူ့ရဲ့စွမ်းအင်တွေကို ရှင်ယူလိုက်တာလဲ''
''ဘာလို့လဲဆိုတော့ ကဝေတစ်ယောက်သေရင် ရဘိန်းနတ်ရုပ်ကြီးဆီကို သူ့အစွမ်းတွေကို ပြန်ဖြည့်ပေးရတယ်မဟုတ်လား၊ အခု ရဘိန်းနတ်ရုပ်ကြီးမရှိဘူးဆိုတော့ ငါထိန်းသိမ်းထားမယ်''
ကျန်သည့် ကဝေပျံငါးယောက်လဲ ရှင်နှောင်းကိုဝိုင်းတိုက်ခိုက်ကြတော့သည်။ ထိုကဝေများက မြေပြင်ပေါ်တွင် ရှင်နှောင်းကိုဝန်းရံလိုက်ကြပြီးသည့်နောက်
''ကဲ မီးများမီးနိုင်၊ ရေများရေနိုင်တဲ့၊ တို့တွေ သူ့ကို မီးအစွမ်းနဲ့စုပေါင်းပြီး တိုက်ခိုက်ကြရအောင်''
ကဝေများစုပေါင်းပြီး ရှင်နှောင်းအားပတ်ပတ်လည်မှ မီးတောက်မီးလျှံများနှင့် ဝိုင်းဝန်းပစ်ခတ်ကြတော့သည်။ ရှင်နှောင်းကတော့ သူတို့တိုက်ခိုက်သည်များကို မန္တန်ရွတ်ဖတ်ခြင်းတစ်ခုဖြင့် ကာဆီးထားလိုက်သည်။ ရှင်နှောင်းက အကာအကွယ်စက်ဝန်းတစ်ခုကိုဖန်တီးပြီး ကာကွယ်ထားလေရာ ကဝေများက ထိုအကာအကွယ်စက်ဝန်းအား ကျိုးပေါက်စေရန်အတွက် မှော်စွမ်းအင် အများအပြားကို အသုံးချပြီးတိုက်ခိုက်ကြသည်။
ရှင်နှောင်း၏ အကာအကွယ်စက်ဝန်းနံဘေးတွင် ကဝေပျံများပစ်လွှတ်လိုက်သည့် မီးစွမ်းအင်များက ဝန်းရံလျှက်ရှိကာ ကြီးမားသည့် မီးဘောလုံးကြီးအသွင်ဖြစ်နေသည်။ ထို့နောက် ထိုမီးဘောလုံးကြီးမှာ အဆမတန်ပြင်းထန်လာခဲ့တော့သည်။
''တို့ငါးယောက်ရဲ့အစွမ်းတွေကို ဒီကလေးမ ခုခံနိုင်ရင် ခုခံပေတော့''
ကဝေပျံများက မှော်အစွမ်းများကို အစွမ်းကုန်အသုံးချလျှက် ပစ်လွှတ်နေတော့သည်။ ရှင်နှောင်းကတော့ အချိန်တစ်ခုကိုစောင့်နေသည်။ ထိုအချိန်ကတော့ ကဝေပျံများ၏ မီးစွမ်းအင်များ အထွဋ်အထိပ်သို့ ရောက်မည့်အချိန်ဖြစ်သည်။
''အချိန်ကျပြီ၊ တွန်းကန်ပေါက်ကွဲစေ''
ရှင်နှောင်းအော်လိုက်သည့်အခါ သူဖန်တီးထားသည့် မှော်အကာအကွယ်စက်ဝန်းက တွန်းကန်လျှက် ပြင်းထန်စွာပေါက်ကွဲသွားတော့သည်။ ထိုအခါ ထိုစက်ဝန်းအပြင်ဘက်တွင်ရှိနေသည့် ကဝေပျံများ၏ မီးတောက်မီးလျှံများသည် လွင့်စင်ပေါက်ကွဲပြီးနောက် ကျောက်ဂူအတွင်း ကြီးမားသည့်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားလေသည်။
ကဝေပျံများလွင့်ထွက်သွားသလို၊ အနားတွင်ကြည့်နေကြသည့် ကဝေများမှာလဲ ပေါက်ကွဲမှုအရှိန်ကြောင့် လွင့်ထွက်သွားကြသည်။
''ဒီမိန်းကလေးက တို့ငါးယောက်စလုံးရဲ့ အစွမ်းတွေကိုတောင် ခုခံနိုင်တယ်ဆိုတော့ သူ့မှာ တော်တော်များတဲ့ မှော်စွမ်းအင်တွေ ရှိနေမှာပဲ အဟွတ်၊ အဟွတ်''
ကဝေပျံကြီးများလဲ ဒဏ်ရာအသီးသီးရရှိပြီးနောက် မယ်တော်တင်ရီက အရှေ့သို့ထွက်လာခဲ့သည်။
''ကဲ အားလုံးပဲ၊ ဒီကောင်မလေးရဲ့အစွမ်းကိုသိပြီမဟုတ်လား၊ ဒီတော့ ဒီကောင်မလေးကို ငါတို့စုပေါင်းပြီးတိုက်ခိုက်ကြမယ်''
မယ်တော်ကပြောလိုက်သည်နှင့် ကဝေများအားလုံးက မယ်တော်အနီးတွင် စုဝေးလိုက်ကြသည်။
''တစ်ယောက်ချင်းတိုက်နေလို့ ထူးမှာမဟုတ်ဘူးမယ်တော်၊ အဆင့်မြင့်တဲ့ စုပေါင်းပြီးတိုက်ခိုက်တဲ့
အစွမ်းတစ်ခုကို ဖန်တီးရအောင်''
''ငါလဲ အဲဒီအကြံရတယ်၊ ဘယ်လိုအစွမ်းမျိုးဖန်တီးကြမလဲ''
''နေတစ်စင်းဆိုတဲ့ အစွမ်းကိုဖန်တီးရအောင် မယ်တော်''
မယ်တော်က စဉ်းစားလိုက်ပြီးနောက်
''မဖြစ်ဘူး၊ နေတစ်စင်းဆိုတဲ့အစွမ်းက မှော်စွမ်းအင်တွေ အများကြီးလိုအပ်တယ်၊ ပြီးတော့ ပစ်ခတ်တဲ့နေရာမှာလဲ နှေးကွေးလွန်းတယ်၊ နောက်ပြီး ဖျက်ဆီးနိုင်တဲ့အစွမ်းက ကြီးမားတာမို့လို့ ငါတို့အခုသုံးလိုက်ရင် ဂူထဲက ငါတို့ပါ အကုန်လုံးသေကုန်ကြလိမ့်မယ်''
''မယ်တော်ပြောတာလဲဟုတ်တာပဲ၊ ဒါဆို မယ်တော်ဘယ်လိုလုပ်ဖို့ စီစဉ်ထားသလဲ''
''ငါကတော့ မီးလျှံငှက်ကို အသုံးပြုချင်တယ်၊ မီးလျှံငှက်က တစ်ခုခုကိုချိန်ရွယ်ပြီးအသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပစ်လွှတ်တဲ့အခါ တိကျတယ်၊ တစ်ဦးတည်းကိုသာ ချိန်ရွယ်ရတာမို့လို့ ငါတို့လဲဘေးကင်းနိုင်တယ်''
''ကောင်းပါပြီ မယ်တော်သဘောကျစီစဉ်ပါ''
မယ်တော်တင်ရီက သူ့တောင်ဝှေးကို လေပေါ်မြှောက်တင်လိုက်ပြီးသည့်နောက်
''မီးလျှံငှက်ကို ဆင့်ခေါ်မယ်''
တောင်ဝှေးထိပ်တစ်နေရာတွင် မီးလုံးကြီးတစ်လုံးကို ဖန်တီးလိုက်လေသည်။ ထိုအခါ ကျန်သည့်ကဝေများအားလုံးသူလဲ သူတို့လက်နက်များကိုထုတ်လျှက် ထိုမီးလုံးကြီးကိုချိန်ရွယ်ပြီး မှော်စွမ်းအင်များနှင့် ပစ်ခတ်ကြသည်။ မကြာခင်မှာပင် ထိုမီးလုံးကြီးက အလွန်ကြီးမားလာပြီး ဥကြီးတစ်လုံးအသွင်သဏ္ဍန်ဖြစ်လာခဲ့သည်။
''မီးလျှံငှက် နိုးထလော့၊ ရှင်နှောင်းဆိုတဲ့ ဟောဒီမိန်းကလေးကို တိုက်ခိုက်ပါလော့''
ထိုဥကြီးမှာ ဝုန်းခနဲပေါက်ကွဲသွားပြီးသည့်နောက် အတွင်းမှ မီးတောက်မီးလျှံများနှင့် ဖန်တီးထားသည့် ငှက်တစ်ကောင်အသွင်သဏ္ဍာန် မီးလျှံကြီးက ပေါ်ပေါက်လာခဲ့သည်။ မီးလျှံငှက်က တောင်ပံများကို ဆန့်တန်းလိုက်ပြီးသည့်နောက် အလွန်ကျယ်လောင်သည့် အသံကြီးတစ်ခုနှင့် ဟစ်အော်လိုက်သည်။ ထိုအခါ မယ်တော်တင်ရီက ပြုံးနေလေသည်။
''ဟား၊ ဟား အဲဒါမီးလျှံငှက် ဒေါသဖြစ်နေတာပဲ၊ ကဲ ပွဲကတော့ကြည့်ကောင်းပြီဟေ့''
မီးလျှံငှက်က ဟစ်အော်ပြီးသည့်နောက် သူ့ပါးစပ်အတွင်းမှ မီးလုံးကြီးများနှင့်ရှင်နှောင်းအား ဆက်တိုက်ပစ်ခတ်တော့သည်။ ရှင်နှောင်းက ထိုမီးလုံးကြီးများကို လက်ဝါးနှင့်ကာလိုက်သည်။ ထိုအခါ မီးလုံးကြီးများက ရှင်နှောင်းလက်နှင့် ထိတွေ့မိသည့်အခါတွင် တဝုန်းဝုန်းနှင့်ပေါက်ကွဲသွားသည်။ ကဝေများလဲ အလွန်အံ့ဩနေကြသည်။
''ဒီကောင်မလေး ဘာမှမဖြစ်ပါလား''
မီးလျှံငှက်က လေပေါ်တွင် ဝဲပျံနေပြီးနောက် သူ၏ ရှည်လျားသည့် ငှက်အမြီးကြီးနှင့် ရှင်နှောင်းအား ရိုက်ခတ်တော့သည်။ အမြှီးနှင့်ရိုက်ခတ်ခံရမှုကြောင့် ရှင်နှောင်းလဲ လွင့်စင်သွားပြီး ကျောက်ဂူနံရံကြီးနှင့်တိုက်သွားတော့သည်။ ရှင်နှောင်းခေါင်းတွေမူးသွားပြီး မျက်လုံးတွေပြာဝေသွားသည်။
မီးလျှံငှက်ကြီးက ဂူအတွင်းလှည့်ပတ်ပျံနေရင်း ရုတ်တရက် ရပ်တန့်သွားပြီးသည့်နောက် ရှင်နှောင်းကိုသေချာစိုက်ကြည့်ရင်း အမြှီးများကို တဖြတ်ဖြတ်ခတ်နေလေသည်။
''အဲဒါ မီးလျှံငှက်ကြီးက သူ့အစာကိုထိုးသုတ်တော့မယ့်တိုက်ကွက်ပဲ''
မယ်တော်ပြောလို့မှ မဆုံးသေးပေ။ မီးလျှံငှက်ကြီးက ရှင်နှောင်းထံသို့ တစ်ဟုန်ထိုးပျံဝင်သွားပြီးနောက် ရှင်နှောင်းအား ပြင်းစွာသောအရှိန်နှင့် ဝင်ရောက်တိုက်ခိုက်တော့သည်။
''ဝုန်း၊ ဝုန်း၊ ဝုန်း''
ကြီးမားသည့်ပေါက်ကွဲမှုကြီးများ ဆက်တိုက်ဖြစ်ပွားသွားပြီးသည့်နောက်တွင် ဂူအတွင်းဖုန်မှုန့်များ၊ မီးခိုးများက ဖုံးလွှမ်းသွားတော့သည်။ ကဝေများအားလုံးလဲဝပ်နေရသည်။ ဂူအတွင်းအမှောင်ထုက ဖုံးလွှမ်းနေသည်။ ထို့နောက် မီးတောက်မီးလျှံအလင်းရောင်ကလေးတစ်ခုကို မြင်တွေ့လိုက်ကြရသည်။ သူတို့ကြည့်နေစဉ်မှာပင် ထိုမီးတောက်မီးလျှံကလေးမှာ တဖြည်းဖြည်းကြီးမားလာပြီးသည့်နောက် ငှက်ကြီးတစ်ကောင်အသွင်ဖြစ်သွားသည်။
''မီး၊ မီးလျှံငှက်ပါလား''
သေသေချာချာစိုက်ကြည့်သည့်အခါတွင် မီးလျှံငှက်ကြီးက ရှင်နှောင်း၏ပုခုံးပေါ်တွင် ခြေနှစ်ဖက်နှင့်ကုပ်လျှက် မတ်တပ်ရပ်နေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။
''ဘယ်လို၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ''
ရှင်နှောင်းက အံ့ဩထိတ်လန့်နေသည့် ကဝေများကိုကြည့်ပြီး ပြုံးလိုက်သည်။ ထို့နောက် မီးလျှံငှက်ကိုမော့ကြည့်လိုက်ပြီး
''ကဲ မီးလျှံငှက်ကြီးရေ ဒီတစ်ခါတော့ သူတို့အားလုံးကို မင်းတိုက်ခိုက်ရလိမ့်မယ်''
မီးလျှံငှက်က ပျံတက်သွားပြီးနောက် ဂူအတွင်းလှည့်ပတ်ပျံသန်းနေကာ ကဝေများအား မီးတောက်မီးလျှံများဖြင့် ပစ်ခတ်တော့သည်။ ကဝေများကစဉ့်ကလျားဖြစ်ကာ ထွက်ပြေးကြတော့သည်။ ရုတ်ရုတ်သဲသဲထွက်ပြေးနေသူများကြားတွင် မယ်တော်တင်ရီက ရှင်နှောင်းအား အလွန်အံ့ဩစွာနှင့်ကြည့်နေလေသည်။
''ဘယ်လိုလုပ်ပြီး၊ ဘယ်လိုလုပ်ပြီးတော့ မီးလျှံငှက်ကို မင်းက အသုံးပြုနိုင်တာလဲ''
''ဟား၊ ဟား၊ ရှင်တစ်ယောက်တည်း ဒီမီးလျှံငှက်ကိုအသုံးပြုလို့ရတယ်လို့ ရှင်ထင်နေတာလား''
''မဖြစ်နိုင်ဘူးရှင်နှောင်း၊ ဒီမီးလျှံငှက်ကို ထိန်းချုပ်လို့ရအောင် ငါ ဆယ်နှစ်နီးပါးကြိုးစားခဲ့ရတာ''
ရှင်နှောင်းက မဲ့ပြုံးပြုံးလိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။ အလွန်အံ့အားသင့်နေသည့် မယ်တော်တင်ရီက မီးလျှံငှက်ကို တစ်ချက်မော့ကြည့်လိုက်သည်။ မီးလျှံငှက်က လေပေါ်တွင်ရပ်တန့်လျှက် သူ့အား စူးစိုက်ကြည့်နေသည်။ နောက်တော့ သူ့ထံသို့အရှိန်နှင့် ပျံသန်းဝင်ရောက်လာလေသည်။
''ဝုန်း''
မီးလျှံငှက်၏ နောက်ဆုံးတိုက်ကွက်နှင့် တိုက်ခိုက်လိုက်ခြင်းကြောင့် မယ်တော်တင်ရီမှာ လွင့်ထွက်သွားသည်။ ထို့နောက် မြေပြင်တွင် လူးလှိမ့်အော်ဟစ်နေသည်။ မယ်တော်၏ ကိုယ်လုံးမှာ မီးများစွဲလောင်နေပြီးနောက် လူးလိမ့်နေလျှက်ရှိသည်။
''ကဲ၊ အဘွားကြီး သေနေ့စေ့ပြီ''
ရှင်နှောင်းက အလွန်ကြီးမားသည့် မီးတောက်မီးလျှံအလုံးကြီးကိုဖန်တီးလိုက်ပြီးနောက် မယ်တော်တင်ရီထံသို့ပစ်လွှတ်လိုက်သည်။ ထိုမီးတောက်ကြီးနှင့် ထိတွေ့ပြီးသည့်နောက် မယ်တော်တင်ရီမှာ မီးတောက်များအတွင်းလူးလွန့်နေသည်။
''ငါမကျေနပ်ဘူး၊ ငါမကျေနပ်ဘူး ရှင်နှောင်း''
ထိုသို့ပြောရင်း မြေကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ မယ်တော်တင်ရီ မြေလျှိုးပြီးထွက်ပြေးသွားခြင်းဖြစ်သည်။ ရှင်နှောင်းက ကဝေပညာကို စနစ်တကျမသင်ခဲ့ရသည်မို့ မြေလျှိုးခြင်း၊ မိုးပျံခြင်းများကို သိပ်ပြီးမပြုလုပ်တတ်ပေ။ ထို့ကြောင့် ထွက်ပြေးသွားသည့် မယ်တော်တင်ရီနောက်သို့ မလိုက်ရန်ဆုံးဖြတ်လိုက်သည်။
ပွဲက ပြီးသွားပြီ။ ကဝေအားလုံးလဲ ဒဏ်ရာများအသီးသီးရရှိကုန်ကြတော့သည်။ ထို့နောက် ဂူအတွင်းရှိကဝေများနှင့် ကဝေပျံကြီးများအားလုံးက ရှင်နှောင်းရှေ့တွင် ဒူးထောက်လိုက်ကြသည်။
''ဘာ၊ ဘာလုပ်ကြတာလဲ''
''ကဝေစည်းကမ်းအရ မယ်တော်ကိုယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ရတဲ့သူက မယ်တော်အဖြစ်ကို ရရှိမှာဖြစ်ပါတယ်''
''ကျွန်မ မယ်တော်မဖြစ်ချင်ဘူး''
''မိန်းကလေးက ကျုပ်တို့အားလုံးကိုရော၊ မယ်တော်ကိုရော တိုက်ခိုက်အနိုင်ယူခဲ့တဲ့အတွက် မယ်တော်ဖြစ်သွားပါပြီ၊ မယ်တော်မရှိရင် ကဝေအစည်းအရုံးဆိုတာကလဲ အားနည်းသွားမှာဖြစ်ပါတယ်''
ရှင်နှောင်းလဲစဉ်းစားနေရသည်။
''မယ်တော်ဖြစ်ရင် ဘာတွေရမလဲ''
ကဝေများအားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်လျှက်
''ကျုပ်တို့အားလုံးကို အုပ်ချုပ်ရပါမယ်၊ နောက်ပြီးတော့ ကဝေတွေအားလုံးရဲ့ အရှင်သခင်ဖြစ်လာပါလိမ့်မယ်၊ မယ်တော်စိတ်ကြိုက် ကဝေတွေကို စီရင်ခွင့်ရှိပါမယ်''
ရှင်နှောင်းက ခေါင်းခါလိုက်သည်။
'''ကျွန်မက မယ်တော်ဖြစ်ချင်လို့မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေးနဲ့ နေချင်တာပါ၊ အခုလိုဖြစ်ရတာလဲ မယ်တော်တင်ရီနဲ့သူ့ညီမခင်ရီတို့ရဲ့ ယုတ်မာကောက်ကျစ်မှုတွေကြောင့်ဖြစ်ရတာပါ၊ ဒီတော့ ဒီလူတွေထဲက ကျွန်မကလွဲလို့ မယ်တော်အဖြစ်သင့်တော်မည့်သူရှိပါသလား''
ရှင်နှောင်းမေးသည့်အခါတွင် ကဝေများက တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ ကဝေပျံကြီးတစ်ဦးက ရှင်နှောင်းအနားသို့ကပ်ပြီးနောက်
''ဟောဒီက ကဝေပျံကြီးရှင်မယ်နှင်း ဟာ မယ်တော်တင်ရီပြီးရင် မယ်တော်အဖြစ်တင်မြှောက်ဖို့ အားလုံးက သဘောတူခဲ့တဲ့သူပါ၊ သူက ကဝေစည်းကမ်းတွေကိုလဲ လိုက်နာတင်းကြပ်သလို၊ အရင်ကလဲ ကဝေတွေကို အုပ်ချုပ်တဲ့နေရာမှာ ဖြောင့်မတ် မှန်ကန်သူတစ်ဦးပါ''
ရှင်နှောင်းက ခေါင်းညိတ်လိုက်ပြီးနောက် ရှင်မယ်နှင်းဟုခေါ်သည့် ကဝေပျံကြီးအား ခေါ်ယူလိုက်ပြီးသည့်နောက်
''ကဲ ဒီအချိန်က စပြီး ကဝေတွေအားလုံးရဲ့မယ်တော်ဟာ ရှင်မယ်နှင်းဖြစ်သွားပါပြီ၊ အားလုံးသဘောတူလက်ခံပါရဲ့လား''
ကဝေများအားလုံးက ထောက်ခံကြသည်။ ရှင်နှောင်းက ဆက်လက်ပြီး
''ဒီအဖြစ်တွေအားလုံးက ခင်ရီဆိုတဲ့ ဒီမိန်းမရဲ့ ကြံစည်မှုတွေပါ၊ ကျွန်မဆီက မှော်အစွမ်းကို သူတို့နှစ်ယောက် ပူးပေါင်းရယူဖို့ ကြိုးစားကြပါတယ်၊ ကျွန်မ မိထွေးမဇာသေဆုံးခဲ့ရတာလဲ သူတို့ကြောင့်ပါ။ ခင်ရီဆိုတဲ့ ဒီမိန်းမက ကဝေရှင်စေ်ယောက်ပါ''
''ဒါတွေအားလုံးကို ကျုပ်တို့စစ်ဆေးပြီးသွားရင်တော့ အမှန်တရားပေါ်ပေါက်လာမှာပါ''
''ဒါဆိုရင် ကဝေတွေအားလုံးရဲ့ရှေ့မှာ ကျွန်မတောင်းဆိုချင်တာရှိပါတယ်၊ ဒီက ကဝေတွေရော၊ မယ်တော်ရှင်မယ်နှင်းရော ကျွန်မတောင်းဆိုချက်တွေကို လက်ခံပေးပါလို့ ပြောချင်ပါတယ်''
''တောင်းဆိုပါ မိန်းကလေး''
''တစ်အချက်ကတော့ ကျွန်မကို ကဝေအစည်းအရုံးကနေ နှင်ဖို့ပါပဲ၊ ကျွန်မက ကဝေတစ်ယောက်မဟုတ်ခဲ့ပေမယ့် တိတိကျကျဖြစ်သွားအောင်လို့ပါ''
ကဝေများအားလုံး အံ့အားသင့်သွားကြသည်။
''နှစ်အချက်ကတော့ ကျွန်မတတ်ထားတဲ့ပညာတွေကို ဖျက်ဆီးပေးဖို့ပါပဲ''
အံ့အားသင့်သဖြင့်ရေရွတ်သံများ၊ ဆူညံပြောဆိုသံများနှင့် ဂူခန်းမကြီးအတွင်းဆူညံသွားသည်။
''သုံးအချက်ကတော့ ကျွန်မက သာမန်လူအဖြစ် အေးအေးဆေးဆေးနေချင်တာဖြစ်တဲ့အတွက်၊ ဒီက ကဝေတွေက ရှေ့လျှောက်ကျွန်မနဲ့ မပတ်သက်ဖို့ပါပဲ''
''ကောင်းပါပြီ၊ မင်းကိုဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာတော့ မေးမနေတော့ပါဘူး''
မယ်တော် ရှင်မယ်နှင်းက ရှင်နှောင်းဦးခေါင်းကို ကိုင်လိုက်ပြီးသည့်နောက် ဆံပင်ရှည်များကို ဖြတ်လိုက်သည်။ ထို့နောက် ထိုဆံပင်များကို အပ်တစ်ချောင်းတွင်ချည်နှောင်လျှက် ပါးစပ်နားကပ်ပြီးရွတ်ဖတ်နေသည်။ ထို့နောက် ကျိုးပဲ့နေသည့် ရဘိန်းနတ်ရုပ်ကြီးတွင် ထိုအပ်ကို စိုက်လိုက်သည်။
ရှင်နှောင်းတစ်ကိုယ်လုံး လေးလံလာသလိုခံစားရပြီးသည့်နောက် ထိုင်လျှက်သားလဲကျသွားသည်။ မယ်တော်က ရှင်နှောင်း၏ဦးခေါင်းကို လက်နှင့်ထိလိုက်ပြီးသည့်နောက်
''အားလုံးပဲ၊ ဒီက ရှင်နှောင်းဆိုတဲ့ မိန်းကလေးကို ကဝေအဖွဲ့အစည်းကနေ နှင်လိုက်ပါပြီ၊ သူ့မှာ တို့ကဝေအစည်းအရုံးနဲ့ ပက်သက်စရာမရှိတော့ဘူး''
ရှင်နှောင်းလဲ အားပျော့လာကာ မျက်ခွံများလေးလံလျှက် လဲကျသွားတော့သည်။
ရှင်နှောင်းကို ကဝေများက ရွာသို့ပြန်သယ်သွားသည်။
''ကဲ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကို ရှင်းလင်းဖို့အချိန်ရောက်ပြီ၊ ကဝေပျံသုံးယောက်က စော်ဘွားအိမ်တော်ကိုသွားပြီး ရှင်းလင်းရေးတွေသွားလုပ်ပါ၊ ကျန်တဲ့ကဝေတွေက ဒီကိစ္စကို အဖြစ်မှန်ပေါ်အောင် စစ်ဆေးကြပါ''
မယ်တော်အမိန့်ပေးလိုက်သည်နှင့် ကဝေပျံသုံးယောက်က မိုးပေါ်ပျံပြီးထွက်သွားလေသည်။ ထိုအခါ ကျန်သည့် ကဝေတစ်ယောက်က မယ်တော်အနားသို့ကပ်လာသည်။
''မယ်တော်၊ ရှင်နှောင်းကို ပညာတွေဖျက်ဆီးလိုက်တယ်ဆိုတော့ ရှင်နှောင်းက ဘာမှမစွမ်းတော့ဘူးပေါ့နော်''
မယ်တော်က ခေါင်းခါပြသည်။
''မှော်အစွမ်းဆိုတာက ထင်းတွေနဲ့တူတယ်၊ ကဝေပညာဆိုတာကတော့ မီးနဲ့တူတယ်၊ ထင်းတုံးတွေဟာ မီးငြိမ်းသွားပေမယ့်လဲ ဒီအတိုင်းရှိနေတယ်၊ နောက်တစ်ကြိမ် မီးနဲ့တွေ့ရင်လဲ လောင်ကျွမ်းလို့ရနိုင်တယ်မဟုတ်လား''
''မယ်တော်ပြောတာကို နားသိပ်မရှင်းဘူး''
''ရှင်းအောင်ပြောရရင် ရှင်နှောင်းက ကဝေအတတ်တွေ မတတ်တော့ပေမယ့် သူ့ရဲ့မှော်စွမ်းအင်တွေကတော့ ကုန်ဆုံးမသွားဘူး၊ တစ်ချိန်ကျလို့ ကဝေအစွမ်းပြန်သင်ရင် သူပြန်ပြီးအသုံးချနိုင်တယ်''
ထိုတော့မှ လာမေးသည့်ကဝေကလဲ ခေါင်းညိတ်လိုက်တော့သည်။
အခန်း (၂)
စူးရှသည့်အလင်းရောင်ကြောင့် ရှင်နှောင်းမျက်လုံးများကို တဖြည်းဖြည်းချင်းဖွင့်လိုက်တော့သည်။ အရာအားလုံးက မသဲမကွဲသာမြင်နေရသည်။
''အမ၊ အမ နိုးလာပြီလား''
နံဘေးမှ ညီမဖြစ်သူ ရှင်မွှေး၏ အသံကိုကြားလိုက်ရသည်။ အတန်ကြာမှ ရှင်နှောင်းအမြင်တွေ ကြည်လင်လာသည်။
''ညီ၊ ညီမလေး''
''မထနဲ့အုံးအမ၊ အမ မေ့မြောနေတာ ငါးရက်လောက်ရှိပြီအမ''
''ဟင်၊ ငါးရက်တောင် ကြာပြီဟုတ်လား၊ ဒါနဲ့ ငါမေ့မြောနေတဲ့အချိန်မှာ ဘာတွေဖြစ်သွားခဲ့လဲ''
ရှင်မွှေးက သက်ပြင်းချလိုက်သည်။
''ဒါတွေအားလုံးက ညီမလေးကြောင့်ပါ အမရယ်''
''ပြောသာပြောစမ်းပါ ညီမရယ်''
''အမဇာသေဆုံးသွားတယ်လေ၊ သူ့ကို ဟိုတစ်နေ့ကပဲ ရွာသင်္ချိုင်းမှာ မြှုပ်နှံလိုက်တယ်''
ရှင်နှောင်းရင်ထဲ စို့နင့်သွားသည်။ အမဇာက အမေအရင်းမဟုတ်သော်လည်း သူတို့အပေါ်တွင် အမေတစ်ယောက်လို ကြင်နာပေးခဲ့သည်။ စောင့်ရှောက်ပေးခဲ့သည်။ နောက်ဆုံး သူ့ကိုအသက်နှင့်ရင်းပြီး ကယ်တင်ပေးခဲ့သည်မဟုတ်ပါလား။
''အဲဒါတွေက အမကြောင့်ပါ၊ အမဇာက အမကိုကယ်ရင်း သေဆုံးခဲ့ရတာ''
''ဒါတွေမပြောပါနဲ့တော့ အမရယ်''
''ဒါဆို အဖေ၊ အဖေရောဟင်''
ထိုအခါ အိမ်ရှေ့တွင် ဆူညံသည့်စကားသံများကိုကြားရသည်။ သီချင်းလဲ တစ်ခါတစ်ခါသီဆိုနေသည်။ ရှင်မွှေးကလဲ ဘာမှပြန်မပြောတော့ပေ။ သို့နှင့် ရှင်နှောင်းလဲ အားယူပြီး အိမ်ရှေ့သို့ထွက်ခဲ့သည်။ အိမ်ရှေ့တွင် အဖေ့ကိုတွေ့ရသည်။ အဖေက တစ်ခါတစ်ရံ ကလေးတစ်ယောက်လို ရယ်ရွှင်မြူးတူးလျှက်၊ တစ်ခါတစ်ရံတော့ တစ်ယောက်တည်းစကားတွေပြောနေပြီးနောက် မျက်ရည်တွေကျကာ ငိုယိုလျှက် ရှိသည်ကိုတွေ့လိုက်ရသည်။
''ညီမလေး အဖေ၊ အဖေဘာဖြစ်တာလဲ''
''မေ့မြောစေတဲ့အတတ်ကို အချိန်အကြာကြီးသုံးထားလို့ အဖေကရူးသွားတာတဲ့ အမရဲ့၊ အီး၊ ဟီး''
ရှင်မွှေးကပြောရင်း ရှင်နှောင်းကိုဖက်ပြီးငိုကြွေးနေသည်။ ရှင်နှောင်းလဲ ဝမ်းနည်းလာသည့်စိတ်ကို ထိန်းမရတော့သည်မို့ သူပါငိုချလိုက်တော့သည်။ သူတို့ညီအမငိုနေသည်ကိုအဖေက လှမ်းကြည့်ပြီးနောက်
''ဟဲ့ ကောင်မလေးတွေ ဘာလို့ငိုနေကြတာလဲ၊ နင်တို့အမေ သေသွားလို့လား၊ ဟား၊ ဟား''
ဟု လှမ်းအော်ပြောလိုက်ပြီးနောက် သူ့ဖာသာသူတစ်ယောက်တည်း ရယ်မောနေတော့သည်။
ရှင်နှောင်းလဲ နေပြန်ကောင်းတော့ ချက်ရေးပြုတ်ရေးလုပ်ရတော့သည်။ မီးမွှေးသည့်အခါတွင် ထင်းများကို လက်ညှိုးနှင့်ထိုးရင်း မီးထွက်လာအောင် လုပ်နေမိသည်။ သို့သော် မီးကမထွက်တော့။
''အို ဟုတ်သားပဲ၊ ငါမှ မှော်ပညာမတတ်တော့တာ''
ရှင်နှောင်းက ပြုံးလိုက်ပြီးနောက် မီးခြစ်ဝယ်ရန်အတွက် အိမ်မှထွက်လာခဲ့သည်။ ယခင်က မီးကို မှော်ပညာဖြင့်သာ တစ်သက်လုံးဖန်တီးခဲ့သည်မို့ သူတို့အိမ်တွင် မီးခြစ်မရှိပေ။
အဖြစ်ဆိုးတွေ ဖြစ်ခဲ့ပြီး အချိန်တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အရာအားလုံးက ပုံမှန်လိုပြန်ဖြစ်နေခဲ့သည်။ ရူးသွပ်နေသောအဖေ့ကို ပြုစုရင်း ရှင်နှောင်းတစ်ယောက် ပိုးထည်လုပ်ငန်းကို ဆက်လက် လုပ်ကိုင်သည်။ ရွာမှ ကဝေအများစုကတော့ ရှင်နှောင်းကို လေးစားကြသဖြင့် ခေါ်ဝေါ်ဆက်ဆံသော်လည်း ရှင်နှောင်းက သိပ်ပြီးအဆက်အဆံမလုပ်တော့။ တစ်ရက်တော့ မယ်တော်က အိမ်သို့ရောက်လာခဲ့သည်။
''အဖေ့ကို ပြန်ကုသလို့မရနိုင်တော့ဘူးလား မယ်တော်ရယ်''
မယ်တော်က ခေါင်းခါသည်။
''သူ့က ကဝေအတတ်ပညာကြောင့်ရူးသွားတာထက်စာရင် ဦးခေါင်းကို ထိခိုက်မိလို့ ရူးသွပ်သွားတာက ပိုဖြစ်နိုင်တယ်ရှင်နှောင်း''
ရှင်နှောင်းလဲ ထိုတော့မှ အမဇာက အဖေ့ခေါင်းကို ရေနွေးကြမ်းခရားအိုးနှင့် ရိုက်ခဲ့သည်ကို ပြန်သတိရပြီး ခေါင်းညိတ်လိုက်မိသည်။ မယ်တော်က သူ့လွယ်အိတ်ထဲမှ ဆေးပုလင်းလေးတစ်ပုလင်းကိုထုတ်ပေးသည်။
''ဒါကတော့ နင့်အတွက်ရှင်နှောင်း၊ နင့်ဆံပင်တွေဖြူနေတာ ကြည့်မကောင်းဘူး၊ အသက်ငယ်ငယ်ကလေးနဲ့ အဘွားကြီးနဲ့တူနေတယ်၊ ဒီဆေးလိမ်းထားရင် ဆံပင်တွေပြန်နက်လိမ့်မယ်''
''နေပါစေမယ်တော်ရယ်၊ ရှင်နှောင်းမလိမ်းတော့ပါဘူး''
''မဟုတ်တာပဲရှင်နှောင်း၊ ငါလိမ်းခိုင်းတာ နင့်အတွက်တင်မကဘူး၊ ငါတို့ကဝေတွေအားလုံးအတွက်လဲ ဆိုင်တယ်၊ နင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေဖြူနေတာကို တခြားသူတွေသိသွားရင် ထူးခြားနေတယ်မဟုတ်လား၊ ဒီတော့ တစ်ခုခုမကောင်းတာဖြစ်လာနိုင်တယ်လေ''
မယ်တော် အကျိုးသင့်အကြောင်းသင့်ပြောတော့မှ ရှင်နှောင်းလဲ ခေါင်းညိတ်လိုက်မိသည်။
တစ်ရက်တော့ စော်ဘွားသားတော် ဖရက်ညွန့်ဝေက နောက်လိုက်နောက်ပါများနှင့်အတူ သူတို့အိမ်ကိုရောက်လာခဲ့သည်။ ရှင်နှောင်းကို ဖရက်ညွန့်ဝေက ဂါရ၀ပြုသည့်အခါတွင် ရှင်နှောင်းလဲမြေမှာဝပ်ချလိုက်သည်။
''မလုပ်ပါနဲ့အမရယ်၊ ခေတ်တွေလဲပြောင်းနေပါပြီ၊ ဒီလိုကြီး မလုပ်စေချင်တော့ဘူး''
ဖရက်ညွန့်ဝေက ရှင်နှောင်းကိုဆွဲထူလိုက်သဖြင့် ရှင်နှောင်းလဲ ကြောက်ကြောက်လန့်လန့်နှင့် ထလိုက်ရတော့သည်။ ဖရက်ညွန့်ဝေက ခေတ်ပညာတတ်တစ်ယောက်မို့ ထိုသို့ အလွန်အကြူးရိုသေဆက်ဆံရသည်ကို မကြိုက်နှစ်သက်ပေ။
''ကျွန်တော်လာရတဲ့ အကြောင်းကတော့ ရှင်မွှေးနဲ့လက်ဆက်ချင်လို့ လာရောက်မေးမြန်းရတာပါပဲ''
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်