အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၁၁)
lotaya.mpt.com.mm
|
2023-03-11

Part - 11

ပလက်ဖောင်းပေါ် လှုပ်လီလှုပ်လဲ့လေး လျှောက်လာသည့် ယွန်းမှာ စိတ်နဲ့ကိုယ်မကပ်ပဲ မျက်စိထဲ မောင်နဲ့ထိုမိန်းမ၏ နှစ်ယောက်ဖက်လျက်သားပုံစံလေးသာ မြင်ယောင်နေမိသည်။ ယွန်း တကယ်ပင် တုန်လှုပ်နေရသည်....လက်ရှိလူကို ဘယ်လောက်ပင်ချစ်ချစ် အရင်လူပြန်လာလျှင် အလကားပဲဟု ပြောတတ်ကြသည် မဟုတ်လား...။ သို့ပေမယ့် မောင်က ယွန်း ကို ချစ်ပင်မချစ်သည့်လူလေ။

မျက်စိရှေ့ထိုးရပ်လာသည့်ကားကြောင့် ယွန်း ကားနောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်ရင်း အသာဝင်ထိုင်ကာ....

" ရွှေတောင်ကြားကို မောင်းပေးပါ။ "

" ဗျာ.....!"

" ရွှေတောင်ကြားကိုသာ မောင်းပေးပါရှင်.....အဟင့်....ဟင့်....အီး….ဟီး "

ပြောပြောဆိုဆိုပင် ဆက်၍ ထိန်းချုပ်ဖို့မတတ်နိုင်တော့ပဲ ယွန်း ငိုရှိုက်မိတော့သည်။ တစ်လမ်းလုံး စိတ်နဲ့လူမကပ်သလို လမ်းပေါ်မငိုမိအောင် မနည်းထိန်းထားရသည်။ ကားပေါ်ရောက်လာသည့်အခါ ယွန်း ဆက်ပြီးဟန်မဆောင်နိုင်တော့။

ကားနောက်ခန်းတွင် ဝမ်းပန်းတနည်း ငိုရှိုက်နေသည့် မိန်းကလေးကိုကြည့်ပြီး လမင်းနောင် ဘာပြောလို့ပြောရမှန်းမသိ။ မြန်မာပြည်ပြန်ရောက်တုန်း သူငယ်ချင်းအိမ်ဝင်မလို့ကို သူ့ကားလေး ထိုးရပ်သည်နှင့် ကားတံခါးဆွဲဖွင့်ကာ လာဝင်ထိုင်သည့် မိန်းကလေး။ စိတ်နဲ့လူကပ်သည့်ပုံလဲမပေါ်သလို အငှားကားမဟုတ်မှန်း သတိထားမိဖို့နေနေသာသာ ငိုနေတာ ဝမ်းပန်းတနည်းပင်။ 

မဟုတ်ဘူးလို့ပဲပြောရမလား။

တစ်ရှူးပဲပေးရမလိုနှင့် နောက်ဆုံး သူမလေးအနား တစ်ရှူးဘူးလေး အသာလှည့်ပေး၍ ရွှေတောင်ကြားဆီ မောင်းထွက်လာမိခဲ့သည်။ 

" ရပြီ.....ရပြီ.....ဟိုးရှေ့နား​က အိမ်ပဲ။ "

ပြောလဲပြော လက်ညှိုးလေးထိုးပြပြီးတာနဲ့ ယွန်း တစ်ရှူးတွေဖြင့် ကပျာကယာ မျက်ရည်သုတ်ရင်း ကိုယ့်ကိုယ်ကိုယ် အဆင်ပြေသလို ပြင်ဆင်ကာ ဟူးခနဲ သက်ပြင်းချမိသည်။ 

" ကားခ ဘယ်လောက်လဲရှင့်..။ "

" ခင်​ဗျာ.....ဟိုလေ..."

ယွန်း အူကြောင်ကြောင်ပုံစံနှင့် ထိုလူ့ကိုကြည့်ပြီး မျက်မှောင်ကျုံ့မှီ၏။ ပါဝါမျက်မှန်လေးတပ်ကာ လူပုံက ခပ်သန့်သန့်မို့ လူဆိုးပုံစံတော့မဟုတ်လောက်ပါ။ 

" ကားခဘယ်လောက်လဲလို့......"

" ကျွန်တော့်ကားက အိမ်စီးကားပါ..."

ဟမ်။

ယွန်း ကပျာကယာ ကားပြင်ထွက်ကာ ကြည့်မိတော့ မျက်နှာလေးထူအမ်းသွားရရင်း ထိုလူ့ကိုပြန်ကြည့်မိတော့ ပြုံးစစဖြင့် ယွန်းကို မေးဆတ်ပြလေသည်။ လူဆိုတာ ကိုယ်မှားပြီး သူများမှန်တယ် ဝန်ခံရမှာ အင်မတန်ဝန်လေးတတ်ကြသည့် အမျိုးမဟုတ်လား....။

" ရှင်က ဘာလို့ဘာမှမပြောရတာလဲ......"

ဟောဗျာ။

သူ့ကိုပင် တစ်ပြန်စီးပြန်ရန်တွေ့လာသည်မို့ လမင်းနောင် ပြုံးမိသွားရသည်။

" ခင်ဗျားလေးက ပြောချိန်မှမရပဲလေဗျာ......ငိုနေတာကိုး.....ကျွန်တော်က မနှောက်ယှက်ချင်လို့ပါ။ "

ယွန်း ကိုယ့်အမှားကိုယ်ပြန်မြင်သွားရသည်။ အားနာသလို ငေးကြည့်ရင်းမှ..

" ယွန်း တောင်းပန်ပါတယ်နော်။ ယွန်း ဘာမှမမြင်လိုက်မိဘူး။ ဟို...ယွန်း တကယ်တောင်းပန်တယ်နော်။ "

" ရပါတယ်ဗျာ......ကျွန်တော့်ကို ခွင့်ပြုပါဦး။ နောက်တစ်ခါ ငိုမနေနဲ့ဦး။ "

ယွန်း မျက်နှာပူသွားရသလို မောင်းထွက်သွားသည့် ကားကိုသာ ငေးကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ထိုမြင်ကွင်းကို အပေါ်ထပ်ပြတင်းပေါက်နားမှ ငေးကြည့်နေသည့် ကြွေ ။

ဟွန်း......ကိုကိုလာမှ တိုင်ပြောပစ်ရမယ်။

ဂုဏ်တံတိုင်း အိမ်ထဲဝင်လာသည်နှင့် ရေခွက်လေးဖြင့် သူ့နားရောက်လာသည့် ယွန်းကြောင့် ပြုံးမိသွားရသည်။ ရေခွက်ကိုယူကာ သောက်လိုက်ရင်းမှ....

" ဗိုက်ဆာနေပြီ ထမင်းပွဲပြင်ထားလိုက်တော့နော်။ ရေမချိုးတော့ဘူး....အရင်စားမယ်။ "

ယွန်း ခေါင်းလေးညိတ်ပြလိုက်သလို ထမင်းစားခန်းထဲဝင်လာ၍ ထမင်းပွဲကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားလိုက်သည်။ သိပ်မကြာလိုက်ပါ ထမင်းစားခန်းထဲ ဝင်လာသည့် မောင့်မျက်နှာက စောနကနှင့် ခြားနားသွားအောင် မှုန်ကုတ်တင်းမာနေ၏။

" မောင် ထိုင်လေ......ယွန်း ထမင်းထည့်ပေးမယ်နော်။ "

ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်းမှ ဂုဏ်တံတိုင်းမျက်နှာ​က တည်တင်းနေ၏။ ကြွေလေးပြောတာ ယွန်းကို ယောကျာ်းတစ်ယောက်က လိုက်ပို့သည်ဆို၏။ စိတ်ကတိုနေသလို အတော်ကြီး ဒေါသကိုမြိုသိပ်နေရသည်။

" ခင်ဗျား အပြင်သွားသေးတယ်ဆို....ဘယ်သွားတာလဲ။ "

ယွန်း မျက်နှာလေး ပျက်ယွင်းသွားရသည်။ ယွန်း မောင့်ဆီလာတာပါဟု ဖြေလိုက်လျှင် မောင်ဘယ်လို ဖြစ်သွားနိုင်မလဲ။

" ဒေါ်လေးအိမ် ပြန်တာပါ။ "

" ဘယ်သူနဲ့လဲ....."

ယွန်း မောင့်ကို လှမ်းငဲ့ကြည့်မိသည်။

" ဘယ်သူနဲ့ရမှာလဲ.....ယွန်း တစ်ယောက်ထဲပေါ့မောင်ရယ်။ "

ထမင်းသာစားနေရသည် ဘာအရသာမှမရှိ။ စိတ်တိုနေတာပဲ သိသလို ဆွဲယမ်းပစ်ချင်နေသည်။ 

" စားလို့ကောင်းရဲ့လားဟင်...."

" ဘယ်လိုကောင်းမှာလဲ.....အရသာက စုတ်ပြတ်နေတာပဲ။ ခင်ဗျား ဘာတော်တာများ ရှိသေးတုန်း...တော်ပြီ မစားတော့ဘူး။ "

ပန်းကန်တွေကို ဘေးသို့တွန်းထုတ်၍ ထမင်းစားခန်းထဲမှ ထွက်သွားသည့် မောင့်ပုံစံကြောင့် ယွန်း ပြင်းပြင်းထန်ထန်ကို ရင်ထဲထိခိုက်သွားရသည်။ မျက်နှာကြီး မှုန်ကုတ်တင်းမာနေသည့် မောင့်ပုံစံက ယွန်း ဘာလုပ်လုပ် မောင့်အတွက် မနှစ်မြို့စရာတွေသာ ဖြစ်နေသည်။ ယွန်းကို မောင် ချီးကျူးဖို့ မမျှော်လင့်ပေမယ့် အထင်သေးတာတော့ မခံချင်ပါ။ 

ဘယ်သူမဆို ကိုယ်ချစ်သောသူရှေ့ အကောင်းဆုံးအပြည့်စုံဆုံးသော လူသာဖြစ်ချင်ကြသည် မဟုတ်ပါလား။

@@@@@@@@@@@

ယွန်းက ဘာလို့ သူ့ကို ညာရသည်လဲ။

​ယွန်းကို လိုက်ပို့သည်ဆိုတာကရော ဘယ်သူလဲ....။ ညီမလေးပြောပြပုံအရ ယွန်းက စကားတွေပင် ပြောနေသေးသည်တဲ့လေ။

ယွန်းဟာ အပေါင်းအသင်းများများစားစားမရှိ။

သူ့ဘာသာ ခပ်အေးအေးနေပြီး အိမ်တွင်းပုန်းနေတတ်တဲ့ မိန်းကလေး။ ယောကျာ်းလေးမိတ်ဆွေလဲ မရှိတာ သူသိနေသည်။ တိမ်ယံမှိုင်းရဲ့ မန်နေဂျာတောင် မေးထူးခေါ်ပြောလောက်သာ နေသည့် ရိုးရိုးကုတ်ကုတ်လေးလေ။

! ကျွီ!

အခန်းတံခါးပွင့်လာသံနဲ့အတူ လင်ဗန်းလေး မ ကာ အခန်းထဲ မျက်နှာလေးငယ်လျက် ဝင်လာသည့် ယွန်း။ 

" မောင်....."

ဂုဏ်တံတိုင်း မသိဟန်​ဆောင်နေမိသလို ယွန်းက သူ့အနား လာရပ်၍....

" မောင်....မောင် ထမင်းစားမကောင်းရင် ခေါက်ဆွဲပြုတ်လေးသောက်လိုက်လေနော်....တော်ကြာ မောင်ဗိုက်ဆာနေမယ်။ "

ဂုဏ်တံတိုင်း အသာငဲ့ကြည့်မိတော့ လင်ဗန်းပေါ် ခေါက်ဆွဲပြုတ်ပန်းကန်လုံးလေးက အငွေ့တထောင်းထောင်းထနေသည်။ 

" ကျုပ် မစားချင်ဘူး......ကြိုက်လဲမကြိုက်ဘူး။ အလုပ်ပင်ပန်းရတဲ့အထဲ ခင်ဗျားကတစ်မျိုး......ကိုယ့်ဘာသာနေစမ်းပါ။ "

ပြောရင်း ယွန်းကိုယ်လေးကို အသာတွန်း၍ သူ ရှောင်ထွက်ရန်ပြင်လိုက်ပေမယ့်....

! ခွမ်း.....ဂလွမ်း!

! အ...အား….ပူလိုက်တာ။ "

" ဟာ.....!"

ယွန်း လက်ကလေး အပူလောင်သွားရပြီဖြစ်သည်။ သူက အသာတွန်းဖယ်လိုက်ပေမယ့် ခေါက်ဆွဲပြုတ်အရည်တွေက ယွန်းလက်ခုံကို ဘောင်ဘင်ခတ်ရင်း စင်သွားကာ လက်ထဲမှပါ ကယောင်ကတမ်းလွှတ်ချမိတော့ ပို၍ဆိုးသွားသည်။ 

ဂုဏ်တံတိုင်း မျက်ရည်အဝဲသားဖြင့် သူမလက်လေးကို သူမပြန်ကိုင်ထားသည့် ယွန်းပုံစံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ သူ မရည်ရွယ်ပါ။ မျက်ရည်တွေပြည့်လျှံနေသည့် မျက်ဝန်းရွဲကြီးတွေဖြင့် ယွန်းက သူ့အား မော့ကြည့်လာသည်။

" မောင် ယွန်းကို အဲ့လောက်တောင်မှ မုန်းတာလားဟင်။ "

မထင်မှတ်ထားသည့် မေးခွန်းက နှလုံးသားကို အရှိုက်တည့်တည့်ထိုးပစ်သည်။ သူ့ရင်တွင်းမှ မဟုတ်ဘူးဟု ကျယ်ကျယ်လောင်လောင် အော်ပစ်ပေမယ့် လက်တွေ့တွင်တော့ မာနက သူ့နှုတ်ခမ်းတွေအား တင်းတင်းစေ့ထားစေသည်။

" ဖြေလေ မောင်ရဲ့....အဟင့်.....ယွန်း...ယွန်းကို....အင့်...ဟင့် မုန်းတာအဲ့လောက်ထိတောင်လားလို့။ "

" ဟုတ်တယ်.....!!"

မျက်စိစုံမှိတ်ရင်း သူအော်ထုတ်ပစ်မိသည်။ အသက်ကိုပြင်းပြင်းရှူလိုက်ရင်းမှ ယွန်းမျက်နှာကို စေ့စေ့စိုက်ကြည့်လိုက်ကာ.....

" မုန်းတယ်...ကျုပ် ခင်ဗျား ကို သိပ်မုန်းတယ် မြယွန်းချယ်.....ရပြီလား... ခင်ဗျား မျက်နှာလဲမမြင်ချင် အသံလဲမကြားချင်တဲ့အထိ မုန်းတယ်...သိပြီလား။ "

ယွန်း ရင်ထဲနင့်ဆင်းသွားရသည်။

ပါးပြင်ထက် စီးကျလာသည့် မျက်ရည်စတွေကို သုတ်ဖယ်ခြင်းတောင် ပြုလုပ်ဖို့ ခွန်အားဆိုတာ ယွန်းမှာ မရှိတော့ပါ။ အခန်းထဲမှ ကပျာကယာ ပြန်ထွက်လာခဲ့ရင်း အိမ်အပေါ်ဆုံးထပ်ရှိ လသာဆောင်မှာ ယွန်း ရှိုက်ကြီးတငင်ကို ငို​ကြွေးမိပါသည်။ 

@@@@@@@@@@@

ဂုဏ်တံတိုင်း ညဆယ့်နှစ်နာရီထိုးသည်အထိ အခန်းဆီ ပြန်မရောက်လာသည့် ယွန်းကြောင့် အခန်းထဲမှ ထွက်လာခဲ့သည်။ အောက်ထပ်ဆင်းလာတော့လဲ ယွန်းကို မတွေ့သလို ခြံထဲမှာလဲ မရှိ။ 

" မြယွန်းချယ်......မြယွန်းချယ်... "

ခပ်မာမာဆောင့်အော်တော့ သူ့အနား အပြေးရောက်လာသည့် အိမ်က အလုပ်သမားကောင်မလေး။

" အစ်ကိုလေး.....မမယွန်းက မမလေးကြွေအခန်းထဲမှာ အိပ်ပျော်နေတယ်။ "

" ဘာ! "

ဂုဏ်တံတိုင်း မျက်မှောင်ကြီးကျုံ့မှီသွားသလို ခြေလှမ်းတွေ တလွှားလွှားဖြင့် ကြွေလေးအခန်းဆီ လျှောက်လာခဲ့သည်။ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ကြွေလေး၏ ခုတင်ခြေရင်းရှိ ဆိုဖာပေါ် ခွေခွေလေးအိပ်ပျော်နေသည့် ယွန်း။ 

" ကျစ်! "

ကိုယ်လေးကို စွေ့ခနဲပွေ့ချီပစ်ရင်း သူ့အခန်းဆီ ပြန်ခေါ်လာသည့်တိုင် သူမလေးက မနိုး။ အိပ်ယာထက် အသာအယာချပေးရင်း လက်ကလေးကို ကြည့်မိတော့ နီရဲနေ၏။ သက်ပြင်းအသာချလိုက်မိသလို ယူထားသည့် ဆေးဗူးလေးယူကာ အသာလူးပေးရသည်။ 

အေးချမ်းဖြူစင်သည့် မျက်နှာနုနုလေးအား ငေးကြည့်ရင်း နဖူးလေးကို ငုံ့နမ်းကာ စောင်လေးဆွဲခြုံပေးလိုက်သည်။ ထိုညက သူတော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ 

--------------

မနက်အိပ်ယာနိုးထဲက ယွန်း ကို မတွေ့ရသလို သူကလဲ မမေးမိပါ။ ဂုဏ်တံတိုင်း စိတ်ထဲ ယွန်း ဘယ်ရောက်နေလဲ ဟု ထုတ်မေးရမှာကို မလုံမလဲ ဖြစ်နေသည်။ ကုမ္ပဏီသာ ထွက်လာရပေမယ့် သူယွန်းကို မတွေ့လိုက်ရပါ။

" မောင် ယွန်းကို မေးနေသေးလားဟင်။ "

" မမေးဘူး မမလေး..."

ယွန်း မျက်နှာလေးငယ်သွားသလို ရင်ထဲအောင့်သက်သက်ပင်။ မေးမိတာရှက်သွားရသလို ပြန်တွေးကြည့်တော့လဲ မောင်ကယွန်းအား မုန်းနေသူမို့ မေးစရာမှအကြောင်းမရှိပဲ။

မောင် မှန်ပါသည်။

ယွန်း မှားသည်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 12

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ


#LTY_အနမ်းခြွေ
#မျက်နှာ
#အခန်း
#မိန်းကလေး
#မာန

Some text some message..