
အပိုင်း (၇)
အခန်း (၁၅)
ရှင်နှောင်းက လှိုဏ်ဂူထဲတွင်ပင် မှော်ပုရပိုက်ကြီးမှ ပညာရပ်များကိုလေ့လာသင်ကြားနေလေသည်။ ထိုအချိန်တွင် လှိုဏ်ဂူအဝသို့လူတစ်ယောက်ရောက်လာသည်။ အရပ်ခပ်ပုပု၊ လူကပိန်ပိန်သွယ်သွယ်နှင့် ယောက်ျားတစ်ယောက်ဖြစ်သည်။
''ကဲ စုန်းမှော်ဆိုတာ ဘယ်သူတွေလဲထွက်လာခဲ့ကြတော့''
ရှင်နှောင်းလဲ ထိုလူအားထွက်ကြည့်လိုက်သည်။
''ရှင်ဘယ်သူလဲ''
''ဪ၊ လက်စသတ်တော့ စုန်းမှော်ဆိုလို့ ကြောက်စရာကြီးမှတ်တယ်၊ ကောင်မလေးပါလား''
''ရှင်ဘယ်သူလဲလို့မေးနေတယ်နော်၊ ကိုယ့်လမ်းကိုယ်သွား ကျုပ်ကိုလာမနှောင့်ယှက်နဲ့''
''ဟား၊ ဟား၊ ငါ့နာမည်ဖိုးလုံး၊ အရဟံဓါးသခင်ဖိုးလုံးပဲကွ၊ ငါလဲငါ့လမ်းကို ငါလာခဲ့တာ၊ ငါလာခဲ့တာမင်းဆီကိုပဲလာခဲ့တာ''
''ရှင်နဲ့ကျုပ်နဲ့ ဘာရန်ငြိုးမှမရှိဘူး၊ ရှင်ပြန်ပါတော့''
''မပြန်ဘူး၊ မင်းနဲ့ရန်ငြိုးမရှိပေမယ့် မင်းက ဒီအနီးအနားကလူတွေကို တိုက်ခိုက်သတ်ဖြတ်နေတယ်မဟုတ်လား၊ ဒီတော့မင်းကို ပညာပေးရအောင်လာခဲ့တာပဲ''
ရှင်နှောင်းက ခေါင်းခါလိုက်သည်။
''ရှင်အထင်လွဲနေပြီ၊ ဒါတွေကျုပ်လုပ်နေတာမဟုတ်ဘူး''
''ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ အခုမှဗြောင်ငြင်းမနေနဲ့''
ဖိုးလုံးကအရှေ့သို့ပြေးလာပြီးနောက် အရဟံဓားနှင့် ရှင်နှောင်းကိုဝင်တိုက်ခိုက်တော့သည်။ ရှင်နှောင်းကလဲ သူတတ်ထားသည့် တိုက်ခိုက်ရေးပညာများနှင့် ပြန်ရှောင်လွှားနေရသည်။
''ရှင့်ကိုကျုပ်ရပ်ခိုင်းနေတယ်နော်၊ နောက်မှ ကျုပ်အဆိုးမဆိုနဲ့''
ရှင်နှောင်းက ဒေါသထွက်သွားပြီးနောက် မီးတောက်မီးလျှံများနှင့်တိုက်ခိုက်တော့သည်။ ဖိုးလုံးကလဲ မီးတောက်များကို နောက်ကျွမ်းတစ်ချက်ပစ်ပြီး ခုန်ပျံရှောင်လိုက်သည်။
''ဟား၊ ဟား၊ လုပ်စမ်းပါကွ၊ ငါကတိုက်ခိုက်ရတာမျိုးမှကြိုက်တာ''
ဖိုးလုံးလဲမြေပေါ်သို့ ထလိုက်ပြီး ဓါးကိုဝင့်လိုက်ကာ လက်နှစ်ချောင်းနှင့်ပွတ်သပ်လိုက်သည်။
''အရဟံ''
ဖိုးလုံးကိုင်ထားသည့် တစ်တောင်ခန့်ရှည်သည့် ဓါးကလေးမှာ လျှပ်ပန်းလျှပ်နွယ်များထွက်လာပြီးနောက် တစ်လံခန့်ရှည်လျားသွားတော့သည်။
''ကဲ မင်းပြီးရင်ငါ့အလှည့်''
ဖိုးလုံးနှင့် ရှင်နှောင်းအပြင်းအထန်တိုက်ခိုက်ကြသည်။ သို့သော် အရဟံဓါး၏အစွမ်းကိုရှင်နှောင်းကြာကြာမခံနိုင်။
''ဂျိန်း''
ဓါးချက်တစ်ချက်ထိမှန်ပြီးသည့်နောက် ရှင်နှောင်းမှာလွင့်ထွက်သွားသည်။ ဒီအတိုင်းတိုက်ခိုက်လို့မဖြစ်နိုင်တော့။ ရှင်နှောင်းမှာ ကျောက်ဂူကြီးအတွင်းသို့ ပြန်ဝင်ပြေးလေသည်။
တစ်ချိန်က အိုဒူခန်း ကိုင်ဆောင်ခဲ့သည့် ကြေးဝါဓါးကောက်ကြီးကို ကောက်ကိုင်လိုက်ပြီးသည့်နောက် ဖိုးလုံးလဲ ကျောက်ဂူထဲသို့ခုန်ဝင်လာခဲ့သည်။ ဖိုးလုံးက ကျောက်ဂူကို ဝေ့ကြည့်လိုက်ရာ ရတနာများကိုတွေ့လိုက်သည်။
''စုန်းမ၊ နင်က ဒီရတနာတွေကိုစောင့်နေရင်း ဒီတောထဲကိုလာတဲ့သူတွေကို ရန်မူနေတာပေါ့ဟုတ်လား၊ သေပေတော့''
ဖိုးလုံးက ပြေးခုန်ပြီးဝင်လာသည်။ ရှင်နှောင်းလဲ ရှင်းပြချိန်မရတော့ပေ၊ ဖိုးလုံးတိုက်ခိုက်သည့် ဓါးချက်များကို သူ့ကြေးဓါးနှင့်ပြန်လည်ခုခံနေရသည်။ ကျောက်ဂူအတွင်း အရဟံဓါးမှထွက်သည့် မိုးခြိမ်းသံကြီးများနှင့် ဆူညံနေလေသည်။
ရှင်နှောင်းက ဖိုးလုံးကိုဓါးဖြင့်မိုးပြီးခုတ်ထည့်လိုက်သည်။ ဖိုးလုံးက ဓါးကိုပြန်လှန်ပြီးခံလိုက်ကာ ခြေထောက်ဖြင့် ရှင်နှောင်းဗိုက်ကိုပြန်ကန်ထည့်လိုက်သည်။ ရှင်နှောင်းမှာ အနောက်သို့လွင့်ထွက်သွားစဉ် ဖိုးလုံးက အချိန်မဆိုင်းတော့ဘဲ
''အရဟံ၊ သိဒ္ဓိ၊ ဘဂဝါ''
ထိုသို့အော်ဟစ်လိုက်ပြီးသည့်နောက် အရဟံဓါးနှင့် ရှင်နှောင်း၏ရင်၀သို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်တော့သည်။ သို့သော် အရဟံဓါးက မည်သို့မျှမပြောင်းလဲဘဲ ရပ်မြဲရပ်နေလေသည်။
''ဘာ၊ ဘာဖြစ်တာလဲ''
ဖိုးလုံးက နောက်တစ်ကြိမ်ထပ်ကြိုးစားပြန်သည်။ သို့သော်ဘာမှမဖြစ်ပေ။
''အရဟံဓါးက လူကိုပစ်လို့မရဘူး၊ ဒီတော့ မင်းက လူပေါ့''
ရှင်နှောင်းက မြေပြင်မှ အားပြုပြီးထလိုက်သည်။
''ဟုတ်တယ်၊ ကျုပ်ကလူပဲ''
''ဒါဖြင့်ရင် မင်းဒီမှာဘာလုပ်နေတာလဲ''
ရှင်နှောင်းက အဖြစ်အပျက်များအားလုံးကို ဖိုးလုံးအားပြောပြလိုက်သည်။ ဖိုးလုံးလဲ အခုမှ နားလည်သဘောပေါက်သွားပြီဖြစ်သည်။
''အင်း၊ ဖြစ်ရမယ်၊ ငါဒီကိုလာတယ်ဆိုတာကလဲ အထက်နတ်မင်းတွေက ဒီကိုသွားခိုင်းလိုက်လို့ လာခဲ့ရတာပဲ''
ဖိုးလုံးက ရတနာပုံကြီးဆီသို့ လမ်းလျှောက်သွားလိုက်သည်။
''ဒီရတနာတွေက ပုဂံခေတ်နှောင်းက မွန်ဂိုတွေပုဂံကိုဖျက်ဆီးပြီးတော့ သိမ်းယူသွားခဲ့တဲ့ ရတနာတွေပဲ၊ ဒီအထဲမှာ ဘုရားဆင်းတုတော်တွေနဲ့ သာသနာနဲ့ဆိုင်တဲ့ အမွေအနှစ်တွေ အများကြီးပါဝင်နေတယ်''
ဖိုးလုံးက ရွှေနှင့်ပြုလုပ်ထားသည့် ဘုရားဆင်းတုတော်ကလေးများကို ရတနာများထဲမှရွေးထုတ်နေလေသည်။ ရှင်နှောင်းကတော့ ထိုဘုရားဆင်းတုတော်များကို ဘာမှန်းမသိပေ၊ ငေးသာကြည့်နေတော့သည်။
''ကဲ ဒါဆိုရင်တော့ ငါလာရတဲ့ရည်ရွယ်ချက်လဲအထမြောက်သွားပြီဆိုတော့ ငါပြန်တော့မယ်''
ဖိုးလုံးက ဘုရားဆင်းတုတော်များကို အိတ်တစ်လုံးထဲထည့်လိုက်ပြီး ပုခုံးပေါ်ထမ်းတင်လိုက်သည်။
''ရှင်ကတော်တော်အစွမ်းထက်တဲ့သူပဲနော်''
ဖိုးလုံးက ပြုံးလျှက်
''အင်းလေ၊ ဒီလိုပဲပြောရမှာပေါ့၊ ငါက ဒီလောကကြီးထဲမှာရှိတဲ့ မကောင်းဆိုးဝါးကောင်တွေကို လိုက်လံနှိမ်နင်းနေရတဲ့သူတစ်ယောက်ပေါ့၊ အခုလဲ ဦးဇင်းဦးကုသလက သူတို့မွေးရပ်မြေမှာ သာသနာပြုဖို့အတွက် စေတီတစ်ဆူတည်ထားနေတယ်၊ ဒါနဲ့အထက်နတ်မင်းတွေကလဲ ငါ့ကိုဒီကိုလွှတ်ပြီးတော့ စေတီထဲမှာ ဌာပနာဖို့အတွက် ဒီရတနာတွေထဲက ဘုရားဆင်းတုတော်တွေကို ယူခိုင်းခဲ့တာပဲ''
ဖိုးလုံးထွက်သွားမည်အလုပ် ရှင်နှောင်းက ဖိုးလုံး၏လက်ကိုလှမ်းဆွဲလိုက်သည်။
''ရှင့်ကိုကျုပ်တစ်ခု အကူအညီတောင်းချင်တယ်''
ဖိုးလုံးက ဘာမှပြန်မပြောဘဲဆက်နားထောင်နေသည်။
''ရှင်ကမကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတော့၊ မကြာခင်မှာ မကောင်းဆိုးဝါးကြီးတစ်ကောင်က လောကကြီးကို အမှောင်ဖုံးစေလိမ့်မယ်''
ဖိုးလုံးက စိတ်ဝင်စားသွားဟန်နှင့် ရှင်နှောင်းဘက်သို့လှည့်လိုက်သည်။ ရှင်နှောင်းလဲဆက်ပြီး
''ဒီမကောင်းဆိုးဝါးကြီးကို အမှောင်သခင်ကြီးလို့ခေါ်ကြတယ်၊ အခုကဝေရှင်တစ်ယောက်က သူ့ကိုအသက်သွင်းဖို့လုပ်နေပြီ၊ တကယ်လို့သူသာ မှော်စွမ်းအင်တွေပြည့်၀သွားခဲ့ရင် လူသားတွေအားလုံး ပျက်စီးကြရလိမ့်မယ်''
''မင်းပြောတာကိုတော့ စိတ်ဝင်စားပါတယ်ကွာ၊ ဒါပေမယ့်''
''ဒါပေမယ့် ဘာဖြစ်လဲ''
ဖိုးလုံးကခေါင်းခါလျှက်
''ငါမင်းကိုမကူညီနိုင်ဘူး၊ ငါအခုလုပ်နေတယ်ဆိုတာကလဲ ငါ့စိတ်တိုင်းကျလုပ်နေတာမဟုတ်ဘူး၊ အထက်နတ်မင်းတွေရဲ့ စေခိုင်းချက်အရ ငါလုပ်နေခဲ့တာ၊ ငါတောင်းပန်ပါတယ်၊ ငါမင်းကိုကူညီချင်ပါတယ်၊ ဒါပေမယ့် ငါ့ကိုစေခိုင်းမှ ငါလုပ်လို့ရမှာ''
ရှင်နှောင်းခေါင်းကိုငုံ့ချလိုက်သည်။
''ရပါတယ်၊ ကျုပ်နားလည်ပါတယ်၊ ရှင်မရှိလဲ ကျုပ်တစ်ယောက်ထဲ ဒီအကောင်ကြီးကိုရအောင် နှိမ်နင်းရမှာပေါ့၊ ဒါကျုပ်ရဲ့ကံကြမ္မာပဲလေ''
ဖိုးလုံးလဲ ကျောက်ဂူအပြင်သို့ထွက်သွားတော့သည်။ ထိုအချိန်တွင် မိုးကြိုးပစ်သံကြီးတစ်ခုကို ကျယ်လောင်စွာကြားလိုက်ရသဖြင့် ရှင်နှောင်းလဲအံ့ဩသွားပြီးနောက် အပြင်သို့ပြေးထွက်ခဲ့သည်။ ဖိုးလုံးက မြေကြီးတွင်ထိုင်လျှက်သားလဲကျနေသည်။ သူ့အရှေ့တွင်တော့ တစ်ကိုယ်လုံးဝင်းလက်ကာ အရောင်တွေထွက်နေသည့် လူကြီးတစ်ယောက်ကိုမြင်ရသည်။
''ဖိုးလုံး၊ မင်းသူ့ကိုကူညီရမယ်၊ ဘာဖြစ်လို့လဲဆိုရင်တော့ သူနဲ့ရင်ဆိုင်ရမယ့်မကောင်းဆိုးဝါးဟာ အသူရိန်ကြီးတစ်ယောက်ပဲ''
''အသူရိန်ကြီးဟုတ်လား''
''ရှင်နှောင်းကရေရွတ်ပြီးအရှေ့သို့တိုးသွားသည်''
''အသူရိန်တွေဟာ ရက်စက်ကြမ်းကြုတ်တယ်၊ မကောင်းမှုကိုပျော်မွေ့တယ်၊ မကောင်းတာတွေလုပ်တတ်တယ်၊ အခု သူပြောတဲ့အမှောင်သခင်ကြီးဆိုတာ အသူရိန်ကြီးတစ်ယောက်ပဲဖိုးလုံး''
''ဟုတ်ကဲ့ပါ နတ်မင်းကြီး''
''သူ့ကိုမင်းတားဆီးရမယ်၊ အသူရိန်တွေခြေချရင် လူသားလောကကြီးပျက်စီးသွားလိမ့်မယ်၊ နောက်ပြီးတော့ အသူရိန်တွေဆိုတာလဲ တို့မြင်းမိုရ်တောင်ကြီးရဲ့ ရန်သူတော်တွေဖြစ်တယ်၊ မင်းနှိမ်နင်းရမယ်ဖိုးလုံး၊ ဒါပေမယ့် ဒီမကောင်းဆိုးဝါးကြီးဟာ မင်းနဲ့တိုက်ခိုက်ခဲ့တဲ့ တခြားသူတွေထက် အစွမ်းထက်တယ်ဆိုတာကို မင်းမမေ့ပါနဲ့ဖိုးလုံး''
''ဒါဖြင့်ရင်လဲ နတ်မင်းကြီးတို့ကိုယ်တိုင် ဆင်းပြီးအနိုင်ယူတိုက်ခိုက်လိုက်ပါလား''
ဖိုးလုံးကနတ်မင်းကြီးကို ပြန်ပြီးစောဒကတက်နေပြန်သည်။
''နတ်တို့ရဲ့စည်းမျဉ်းအရ လောကီလူ့ဘောင်က အမှုတွေကို ကိုယ်တိုင်ပါဝင်မပတ်သက်ရဘူးဖိုးလုံး၊ ဒါကြောင့်မို့ မင်းကိုငါတို့ အရဟံဓါးကိုချီးမြှင့်ထားတာကို မင်းမေ့နေပြီလား''
ထို့နောက် ထိုနတ်မင်းကြီးက မိုးခြိမ်းသံကြီးတစ်ခုနှင့်အတူ ရုတ်ခြည်းကောင်းကင်ပေါ်သို့ပြန်တက်သွားတော့သည်။
''ကဲ၊ ရှင့်ကို ခိုင်းစေနေပြီမဟုတ်လား''
ဖိုးလုံးလဲ လဲကျနေရာမှ ထလိုက်ကာ ဖုန်များကို ခါထုတ်နေရင်း
''ကောင်းပြီလေ၊ ငါမင်းကိုကူညီမယ်၊ ဒါပေမယ့်အခုတော့မဟုတ်ဘူး''
ရှင်နှောင်းက ခေါင်းညိတ်လျှက်
''ကောင်းပါပြီ၊ ဒီလ လပြည့်ညမှာ တောင်မကြီးကိုလာခဲ့ပါ၊ ရှင်လာရော လာတတ်လား''
''ငါ့ကိုနတ်မင်းတွေက လမ်းညွှန်ပြမှာပါ၊ ငါအခုတော့ ပေးထားတဲ့ကတိအတိုင်း ဒီဘုရားဆင်းတုတွေကို ဦးဇင်းလေးဆီကို သွားပို့ရအုံးမယ်''
''ဒါဆို ဟိုရောက်မှတွေ့ကြတာပေါ့''
ရှင်နှောင်းပြောလိုက်ပြီးနောက် ဖိုးလုံးက တောအုပ်အတွင်းမှထွက်သွားတော့သည်။ ရှင်နှောင်းလဲ ကျောက်ဂူကြီးထဲသို့ပြန်ဝင်ခဲ့သည်။ မှော်ပုရပိုက်ကြီးအတွက် အချိန်က သိပ်မကျန်တော့ပေ။ ထိုပုရပိုက်ကြီးမှာ လူတစ်ယောက် တစ်သက်မှာတစ်ခါသာ ထိုကဲ့သို့ကတိပေးပြီး လေ့ကျင့်နိုင်ခြင်းဖြစ်သည်။ အရင်တစ်ခေါက်တုန်းကတော့ အမဇာက ကတိပေးကျိန်ဆိုပြီး ယူလာခြင်းဖြစ်သည်။ ထိုပုရပိုက်ကြီးအတွင်း အမျိုးမျိုးသော ထူးဆန်းသည့် မှော်ပညာရပ်များပါဝင်နေသည်။
အခန်း (၁၆)
''ဟား၊ ဟား၊ ရှင်နှောင်းရေ၊ ငါ့နင့်ပညာတွေအကုန်ရသွားပြီ၊ နင်ငါ့ကိုနိုင်ပါ့မလား''
အဘွားကြီးတင်ရီက ရယ်မောလျှက် ရှင်နှောင်းကိုတိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ ရှင်နှောင်းက အသက်ကို၀၀ရှူပြီး မှော်စကားလုံးတစ်ချို့ကိုရွတ်ဆိုနေလိုက်သည်။
''နင်မတိုက်ရင် ငါတိုက်ပြီ''
အဘွားကြီးတင်ရီမှာ လက်နှစ်ဖက်ကိုပေါင်းစည်းလိုက်ပြီးနောက် ကြီးမားသည့် အဖြူရောင်စွမ်းအင်လုံးကြီးတစ်ခုကိုဖန်တီးလိုက်သည်။
''ဇီဝန်ခြွေစွမ်းအင်တဲ့ဟေ့၊ သေပေတော့''
ထိုစွမ်းအင်လုံးကြီးနှင့်ပစ်ခတ်လိုက်သည့်အခါ ရှင်နှောင်းက ဘာမှမလုပ်ဘဲ မျက်လုံးသာမှိတ်ထားသည်။ ထိုစွမ်းအင်လုံးကြီးမှာ ရှင်နှောင်းဆီသို့ တည့်တည့်ပြေးဝင်လာလေသည်။
''သေစမ်း၊ ကောင်မလေး''
သို့သော် ရှင်နှောင်းကိုမထိဘဲ ဖောက်ထွက်သွားပြီးနောက် အနောက်မှ ကျောက်ဂူနံရံကြီးကို ထိသွားလေသည်။ အဘွားကြီးတင်ရီ အလွန်အံ့ဩသွားသည်။
''နင်၊ နင်ဘာမှမဖြစ်ဘူးလား''
အဘွားကြီးတင်ရီ စိတ်တိုသွားပြီးနောက် မှော်စွမ်းအင်များနှင့် အဆက်မပြတ်ပစ်ခတ်တော့သည်။ သို့သော် ရှင်နှောင်းကိုယ်ကိုဖောက်ထွက်သွားပြီးသည့်နောက် ရှင်နှောင်းအားလုံး၀မထိပေ။
''နင်ဘာလုပ်ထားတာလဲ၊ နင်ဘာလုပ်ထားတာလဲ''
ရှင်နှောင်းကထိုတော့မှ မျက်လုံးများကိုဖွင့်လိုက်သည်။ ပြီးနောက် အဘွားကြီးတင်ရီဆိုသို့လျှင်မြန်စွာပြေးဝင်သွားလိုက်ပြီး အဘွားကြီးတင်ရီ၏ အရှိုက်တည့်တည့်ကို လက်သီးနှင့်ထိုးထည့်လိုက်သည်။
''အင့်''
အဘွားကြီးတင်ရီ ကုန်းကုန်းကြီးဖြစ်သွားရာ ရှင်နှောင်းက သူ့ဒူးနှင့်ရင်ဘတ်ကို ကြိမ်ဖန်များစွာ တိုက်လိုက်ပြီးသည့်နောက် အဘွားကြီးတင်ရီ၏ ခေါင်းမှ ငွေအပ်ကို ဆွဲနှုတ်လိုက်လေရာ အဘွားကြီးတင်ရီမှာ နဂိုပုံအတိုင်းပြန်ဖြစ်သွားတော့သည်။ ရှင်နှောင်းက နောက်ဆုံးအနေနှင့်ရင်၀ကိုတစ်ချက် ဆောင့်ကန်လိုက်ရာ အဘွားကြီးမှာ လွင့်ထွက်သွားသည်။
''အား၊ နင်၊ နင်ဘယ်လိုလုပ်လိုက်တာလဲ''
ရှင်နှောင်းက အဘွားကြီးတင်ရီအနားသို့ကပ်လာပြီး
''အဲဒါ ဝိညာဉ်ပုံသဏ္ဍန်ပြောင်းတယ်လို့ခေါ်တယ်၊ မွန်ဂိုစုန်းမကြီးတွေဆီကနေ အဲဒီနည်းကိုရခဲ့တာပဲ၊ ရှင်တို့မမြင်ဖူးသေးဘူးမဟုတ်လား''
''အား၊ နင်၊ နင်ငါပစ်တာတွေကို တစ်ခုမှမထိဘူးဆိုတာ ဒါကြောင့်ကိုး''
''ဟုတ်တယ်၊ ဝိညာဉ်ပုံသဏ္ဍန်ပြောင်းတဲ့အခါမှာ ဘယ်လိုမှတိုက်ခိုက်လို့မရဘူး၊ ရှင်ဘာလုပ်လုပ် ကျုပ်ကိုမထိဘူး''
အဘွားကြီးတင်ရီက ကုန်းပြီးထလိုက်သည်။
''ဟား၊ ဟား၊ နင်ငါ့ကိုမနိုင်နိုင်သေးပါဘူးရှင်နှောင်း၊ ဟောဒီမှာကြည့်''
အဘွားကြီးတင်ရီက ပုလင်းလေးတစ်လုံးကိုထုတ်လိုက်ပြီး မြေပေါ်တွင်ပေါက်ခွဲလိုက်သည်။ ထိုအခါတွင် ထိုပုလင်းထဲမှ ကဝေတစ်ယောက်ထွက်လာသည်။
''ဟင်၊ အစ်မဇာ''
''ဟား၊ ဟား၊ ဟုတ်တယ်၊ မဇာမသေခင် ငါသူ့ကိုဖမ်းထားခဲ့တယ်၊ အခုမဇာက ငါ့လက်အောက်ကကဝေ၊ ငါစေလိုရာစေ ခိုင်းလိုရာခိုင်းလို့ရတဲ့ ကဝေဖြစ်နေပြီ''
''မဇာ၊ ငါအမိန့်ပေးတယ်၊ ဒီကောင်မလေးကို နင်သတ်ဟဲ့''
မဇာတစ်ကိုယ်လုံးစုတ်ပြတ်ပြီး ပိန်ချုံးနေသည်။ အဘွားကြီးတင်ရီ အမိန့်ပေးလိုက်တော့ မဇာကပြေးလာပြီး ရှင်နှောင်းအားတိုက်ခိုက်တော့သည်။
''အစ်မဇာ၊ အစ်မဇာ''
ရှင်နှောင်းက ရှောင်တိမ်းရင်း မဇာကိုခေါ်နေသော်လည်း မဇာကတော့ ဘာမှကိုမသိသည့်အလား ရှင်နှောင်းကိုတစ်ဟုန်ထိုးတိုက်ခိုက်နေသည်။ ရှင်နှောင်းအတွက်တော့ မဇာကိုတိုက်ခိုက်ရန်မှာ အလွယ်လွန်ကူသည်။ သို့သော်လည်း ရှင်နှောင်းက မတိုက်ချင်သဖြင့် ရှောင်တိမ်းနေရခြင်းဖြစ်သည်။
''ဟား၊ ဟား ရှင်နှောင်း၊ နင်တိုက်ခိုက်လိုက်ပါ၊ မဇာကို ပျက်စီးသွားအောင် နင်တိုက်ခိုက်လိုက်စမ်းပါ''
ရှင်နှောင်က ရှောင်တိမ်းနေရင်း မဇာ၏ ပစ်ချက်တစ်ခုကို ခံလိုက်ရပြီး မြေတွင်လဲကျသွားသည်။ မဇာက ရှင်နှောင်းဆီသို့ပြေးလာကာ ရှင်နှောင်းမျက်နှာအပေါ်အုပ်မိုးကာ ကြည့်နေသည်။
''အစ်မဇာ၊ သမီးပါ ရှင်နှောင်းလေ''
မဇာမှာထိုတော့မှ သူ့မျက်လုံးတွေ အရောင်ပြောင်းသွားသည်။ ထို့နောက်ရှင်နှောင်းကိုသေချာစိုက်ကြည့်ရင်း
''ရှင်နှောင်း၊ ငါ့သမီးလေး''
အဘွားကြီးတင်ရီက မဇာက ရှင်နှောင်းကိုမှတ်မိသွားသဖြင့် အလွန်စိတ်ဆိုးနေသည်။
''အောင်မာ၊ ဒီကောင်မ ဒီလောက်တောင်ဖြစ်လှတာ၊ ကဲ''
အဘွားကြီးတင်ရီက မှော်အစွမ်းတစ်ခုကို အသုံးပြုလိုက်သည့်အခါတွင်တော့ မဇာမှာတစ်ကိုယ်လုံးတုန်ယင်လာပြီးနောက် လူးလိမ့်နေတော့သည်။
''ပူတယ်၊ အောင်မယ်လေး ပူလိုက်တာ၊ ကယ်ကြပါ''
''မလုပ်နဲ့၊ အဘွားကြီး မလုပ်နဲ့၊ အခုချက်ချင်းရပ်လိုက်စမ်း''
''ဟား၊ ဟား၊ ငါကရပ်တန့်မတဲ့လား၊ နင့်မိထွေးမဇာ နင့်ရှေ့မှာသေသွားတာကို နင့်မျက်စိနဲ့သေချာကြည့်ထားဟဲ့''
မဇာမှာ အော်ဟစ်ရင်း တဖြည်းဖြည်းမီးကျွမ်းလာသကဲ့သို့ အကွက်အပေါက်များဖြစ်လာသည်။ ခဏကြာသည့်အခါတွင်တော့ မဇာက အော်ဟစ်နေသည်ကိုရပ်တန့်လိုက်ပြီး ရှင်နှောင်းကိုပြုံးပြလိုက်သည်။
''သမီးလေးရှင်နှောင်း၊ သမီးမသေဘူးဆိုတာ သိရလို့ အမဇာ ကျေနပ်ပါတယ်သမီး''
''အစ်မဇာ၊ အစ်မဇာ ဒီလိုမဖြစ်ရဘူး၊ ဒီလိုမဖြစ်ရဘူး''
''သမီးလေးရှင်နှောင်း၊ သမီးအသက်ရှင်နေရမယ်၊ သမီးသူ့ကိုအနိုင်ယူမှဖြစ်မယ်နော်''
အစ်မဇာက လက်ကိုဆန့်တန်းလိုက်ပြီး ရှင်နှောင်းပါးပြင်ကိုပွတ်ပေးနေသည်။ သို့သော် နာနာဘာ၀မို့ အထိအတွေ့ကို မခံစားရပေ။ ထိုအခိုက်မီးများပိုမိုလောင်ကျွမ်းလာပြီးနောက် အစ်မဇာမှာပျောက်ကွယ်သွားတော့သည်။
ရှင်နှောင်းလဲ ငိုနေရင်း အဘွားကြီးတင်ရီကို လှမ်းကြည့်လိုက်သည်။ အဘွားကြီးကတော့ အလွန်ကျေနပ်နေသည့်အပြုံးကိုပြုံးရင်း
''နင်မြင်ပြီမဟုတ်လား၊ မဇာသေရတာနင့်ကြောင့်လေ၊ နင့်ကိုကယ်ရင်းသေရတာ''
ရှင်နှောင်းလဲအော်ဟစ်လိုက်ပြီး အဘွားကြီးကို ဝင်ရောက်တိုက်ခိုက်တော့သည်။ ဒေါသတွေထွက်နေသည်မို့ ရှင်နှောင်းဘာကိုမှမမြင်တော့ပေ၊ အဘွားကြီးတင်ရီက အနောက်သို့ခုန်ဆုတ်လိုက်ပြီးနောက်
''ဟဲ၊ ဟဲ နင့်ကိုငါ့အကြောင်းသိအောင်ပြရသေးတာပေါ့''
တစ်ချိန်တည်းမှာပင် အဘွားကြီးတင်ရီက မြွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ အလွန်မည်းနက်နေပြီး ပါးပျဉ်းခွက်ခွက်နှင့် ကြီးမားသည့် တောကြီးမြွေဟောက်နက်ကြီးတစ်ကောင်ဖြစ်သွားသည်။
''တိုက်လေရှင်နှောင်း၊ တိုက်စမ်းပါ''
ရှင်နှောင်းပစ်သမျှ မှော်ပညာတွေကို မြွေကြီးက ခံနေရသည်။ သို့သော် ဘာမှမဖြစ်ပေ။
''မြွေဆိုတာ မှော်နဲ့လုပ်မရဘူးဟဲ့ မှတ်ထား''
ထို့နောက် ထိုမြွေကြီးက ရှင်နှောင်းအား အမြီးဖြင့်ရိုက်ထည့်လိုက်သည်။ ရှင်နှောင်းလဲ ပြင်းထန်သည့်ရိုက်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။ မြွေကြီးက အချိန်မဆိုင်းတော့ဘဲ ရှင်နှောင်းဆီသို့ တစ်ဟုန်ထိုးပြေးလာပြီး ပါးစပ်ကြီးကို အားကုန်ဖြဲကာ ရှင်နှောင်းငယ်ထိပ်ကိုပေါက်ချလိုက်သည်။
''အလို၊ ဘယ်ရောက်သွားပါလိမ့်''
ရှင်နှောင်းကို ပေါက်လိုက်ပေမယ့် ရှင်နှောင်းက ဘယ်ရောက်သွားမှန်းမသိပေ။ မြွေကြီးလဲ လှည့်ပတ်ပြီးရှာနေသည်။ ထိုစဉ် သူ့ဗိုက်ထဲက အသံတစ်သံကိုကြားရသည်။
''ဒီမှာ''
''နင်ဘယ်ရောက်သွားလဲ ရှင်နှောင်း''
''ကျုပ်ကဒီမှာ ရှင့်ဗိုက်ထဲမှာ''
မြွေကြီးက ပါးစပ်ဖြဲပြီးပေါက်ထည့်လိုက်သည့်အချိန်တွင် ရှင်နှောင်းက ပိတုန်းအဖြစ်အမြန်ပြောင်းလဲကာ မြွေကြီး၏ ပါးစပ်ထဲသို့တစ်ဆင့်ဝင်သွားပြီး ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားသည်။ မြွေကြီးတစ်ဖြစ်လဲ အဘွားကြီးတင်ရီမှာ အလွန်အံ့ဩသွားသည်။
ရှင်နှောင်းက လူအဖြစ်သို့ချက်ချင်းပြောင်းလဲလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးကို မီးတောက်များဖုံးလွှမ်းသွားအောင် မှော်အစွမ်းများထုတ်လိုက်သည်။
မြေကြီးမှာ ဗိုက်ကြီးပူဖောင်းလာပြီးနောက် လူးလိမ့်နေတော့သည်။
''အောင်မယ်လေး၊ ပူတယ်၊ ပူတယ်''
မြေကြီးက အော်ဟစ်ရင်းလူးလိမ့်နေကာ ကျောက်ဂူအတွင်း ပြေးလွှားနေသည်။ ကျောက်ဂူအတွင်းရှိကျောက်တုံးများ၊ ကျောက်စိုင်များနှင့် တိုက်ခတ်မိသည်။ နောက်ဆုံးတွင်ရှင်နှောင်းက သူ့လက်ထဲတွင် မီးလုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုသို့မီးလုံးကြီးဖန်တီးပြီးနောက် မီးလုံးကြီးအားဖောက်ခွဲပစ်ထည့်လိုက်သည်။
''ဝုန်း''
ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် မြွေကြီးမှာ ဗိုက်ကွဲထွက်ပြီး အပိုင်းပိုင်းအစအစဖြစ်သွားသည်။ မကြာခင်တွင်မြေတွင်လူးလှိမ့်နေရင်း မြွေကြီးအဖြစ်မှ အဘွားကြီးတင်ရီအဖြစ်သို့ပြောင်းလဲသွားသည်။ အဘွားကြီးတင်ရီမှာ ကိုယ်နှစ်ပိုင်းပြတ်သွားပြီးနောက် အတွင်းမှ အူများ၊ ကလီစာများမှာ ဂူအတွင်းပြန့်ကျဲနေသည်။
''ရှင်နှောင်း၊ နင်၊ နင်''
အဘွားကြီးတင်ရီက မျက်စောင်းထိုးလျှက် ငြိမ်ကျသွားသည်။ ရှင်နှောင်းလဲသူ့နဖူးမှ ချွေးများကိုသုတ်လိုက်ပြီးနောက် အာလစ်ခန်းကိုသတိရသွားသဖြင့် လှမ်းကြည့်လိုက်သည်။
အခန်း (၁၇)
ဖိုးလုံးနှင့် အာလစ်ခန်းမှာလဲ တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြသည်။ သို့သော် အာလစ်ခန်းမှာအကောင်ကြီးမားပြီး ဖိုးလုံးမှာ လူကောင်သေးသေးလေးဖြစ်သဖြင့် ဖိုးလုံးကိုတိုက်ခိုက်ရန်အလွန်ခက်လှသည်။
ဖိုးလုံးကလဲ အရဟံဓါးနှင့် တစ်ချက်တစ်ချက် ခုတ်နေရာ အာလစ်ခန်းမှာ အထိနာနေသည်။ သို့သော် ဖိုးလုံး၏ မိုးကြိုးပစ်ချက်များကိုမူ အာလစ်ခန်းက ခံနိုင်ရည်ရှိနေသည်ကတော့ ထူးဆန်းနေသည်။ ရှင်နှောင်းလဲ ကြေးဝါဓါးကိုကောက်ယူလိုက်ပြီးနောက် ဝင်တိုက်ခိုက်သည်။
''ဖိုးလုံး ကျုပ်လာပြီ''
နှစ်ယောက်သား ဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့် အာလစ်ခန်းမှာ အရူးကြီးတစ်ယောက်လိုဖြစ်နေသည်။ ဖိုးလုံးကို ဖမ်းသည့်အခါတွင် ရှင်နှောင်းက ဓါးဖြင့်ဝင်ခုတ်လိုက်၊ ရှင်နှောင်းကိုလိုက်လံတိုက်ခိုက်ရာတွင် ဖိုးလုံးက ဝင်ရောက်တိုက်ခိုက်လိုက်နှင့် အရေးမလှတော့ပေ။
''လာလေယု''
အာလစ်ခန်းက ထိုသို့အော်လိုက်ပြီးနောက် မြေကြီးထဲမှ အမှောင်အရိပ်များကို ခေါ်ထုတ်ပြီး သူတို့ကိုဖမ်းရန်ကြိုးစားသည်။ ရှင်နှောင်းက မိုးပေါ်ပျံဝဲလိုက်သည်မို့ ရှင်နှောင်းကိုမထိသော်လည်း ဖိုးလုံးကိုမူ ထိုအရိပ်များက ဝိုင်းဝန်းဆွဲချုပ်နေပြီဖြစ်သည်။
ဖိုးလုံးကိုဖမ်းချုပ်မိသွားသည်နှင့် အာလစ်ခန်းက ဖိုးလုံးထံမှအစွမ်းများကို စုပ်ယူနေသည်။ ရှင်နှောင်းလဲ ဖိုးလုံးဆီသို့ပြေးသွားလိုက်ပြီး အရိပ်မည်းများကို ကြေးဝါဓါးနှင့်ခုတ်လိုက်ကာ ဖိုးလုံးကိုဆွဲထုတ်လိုက်သည်။ ဖိုးလုံးမှာ ခပ်မြော့မြော့ဖြစ်နေပြီဖြစ်သည်။
''ငါတို့၊ ငါတို့ဒီမှာဆက်ပြီးတိုက်ခိုက်လို့မဖြစ်ဘူး၊ ဒီနေရာက ကျောက်ဂူကြီးဖြစ်နေတော့ ငါ့အစွမ်းတွေက သိပ်မထွက်ဘူးဖြစ်နေတယ်''
''ဒါဆိုဘယ်လိုလုပ်ကြမလဲ''
''သူ့ကိုအပြင်ကိုမျှားထုတ်သွားမှရမယ်၊ အပြင်မှာ မိုးကောင်းကင်ရှိတော့ ငါ့အစွမ်းတွေကို သုံးနိုင်မယ်''
ရှင်နှောင်းလဲခေါင်းညိတ်လိုက်သည်။
''ကောင်းပြီ''
ရှင်နှောင်းက ဖိုးလုံးလည်ကုတ်ကိုဆွဲလျှက် ကျောက်ဂူအပြင်ဘက်သို့ ပျံပြီးထွက်ခဲ့သည်။ ကျောက်ဂူကြီးကို ပိတ်ထားသည့် တံခါးကြီးကို ဖိုးလုံးက မိုးကြိုးနှင့်ပစ်ခွဲလိုက်ရာ တံခါးကြီးဝုန်းခနဲပေါက်ကွဲသွားပြီး ရေကန်ထဲမှရေများက ဂူအတွင်းသို့စီးဝင်ကုန်ကြသည်။
''ဟား၊ ဟား၊ ငကြောက်လေးနှစ်ကောင်၊ မင်းတို့ဘယ်ကိုပြေးမလဲကွ''
အာလစ်ခန်းက ကြွေးကြော်ရင်း ဂူအပြင်သို့တစ်လှမ်းချင်းထွက်လာကာ ရှင်နှောင်းတို့အနောက်သို့ လိုက်လာလေသည်။
အပြင်ဘက်တွင် လက ထိန်ထိန်သာနေသည်။ တောင်ခြေအနီးတွင် အလွန်ကျယ်ပြန့်ပြီး ပြန့်ပြူးသော မြေပြင်တစ်ခုရှိသည်။ ထိုနေရာတွင် ရှင်နှောင်းကဆင်းသက်လိုက်သည်။
''ရှင်အဆင်ပြေရဲ့လား''
''ရပြီ အပြင်ကိုရောက်ပြီဆိုတော့ ငါကောင်းကင်က နတ်မင်းကြီးတွေဆီကနေ အကူအညီယူလို့ရပြီ''
အာလစ်ခန်းက ရေကန်ကြီးအတွင်းမှထွက်လာလေသည်။
''မင်းတို့ဘယ်ကိုပြေးပြေး၊ ပြေးလို့မလွတ်တော့ပါဘူးကွာ၊ ငါမင်းတို့နှစ်ယောက်စလုံးကို အနိုင်ယူပြမယ်ဟေ့''
''လာစမ်းပါ''
ဖိုးလုံးက ကုန်းထလိုက်ပြီးသည့်နောက် မတ်တပ်ရပ်လိုက်သည်။
''မိုးနတ်မင်းများကူညီကြပါ''
''အရဟံ''
ဖိုးလုံးကအော်ဟစ်လိုက်ပြီး မိုးပေါ်သို့ အရဟံဓါးကိုထောင်လိုက်သည်။ ထိုအချိန်တွင်ပင် အရဟံဓါးမှ မိုးကြိုးကြီးတစ်စင်းထွက်သွားပြီးနောက် ကောင်းကင်ပေါ်သို့ထိုးတက်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်တွင် တိမ်စိုင်ကြီးများပေါ်ပေါက်လာကာ မိုးခြိမ်းသံကြီးများလဲ အဆက်မပြတ်ထွက်ပေါ်နေသည်။ ထိုတိမ်စိုင်ကြီးများမှာ မကြာခင် လေကန်တော့ဝဲကြီးတစ်ခုကဲ့သို့ဖြစ်လာခဲ့ပြီးနောက် ထိုအထဲတွင်လဲ လျှပ်စီးများက တဖြန်းဖြန်းလက်နေသည်။
''မိုးကြိုးမုန်တိုင်း''
ဖိုးလုံးကအော်ဟစ်လိုက်ပြီး ဓါးကိုအာလစ်ခန်းဆီသို့ ချိန်ရွယ်လိုက်သည်နှင့် တိမ်စိုင်ကြီးအတွင်းမှ မိုးကြိုးများတစင်းပြီးတစင်း ဆင်းသက်လာကာ အာလစ်ခန်းအား ထိမှန်လေသည်။
''ဝူး၊ ဝူး၊ ဝါး''
ရှင်နှောင်းကလဲ သူ့လက်ထဲမှ ငွေအပ်ကလေးကိုကြည့်လိုက်သည်။ ထိုအပ်ကလေးက တစ်ချိန်က သူ့ပညာရပ်များကို စွန့်လွှတ်ထားသည့်အပ်ကလေးဖြစ်ပြီး အဘွားကြီးတင်ရီနှင့်တိုက်ခိုက်တုန်းက ဖြုတ်ယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုအပ်ကလေးကို သူ့ငယ်ထိပ်တွင်စိုက်လိုက်သည်။
''ငါ့စွမ်းအားတွေရပြီ၊ ငါ့စွမ်းအားတွေပြန်ရပြီ''
ရှင်နှောင်းမျက်လုံးမှ မီးတောက်မီးလျှံတွေထွက်လာသည်။ ရှင်နှောင်းက လက်ကိုမိုးပေါ်ကိုထောင်လိုက်ပြီးနောက် မီးလုံးကြီးတစ်ခုကိုပြုလုပ်လိုက်သည်။
''မီးလျှံငှက်ထွက်စေ''
ကဝေများအများအပြား ဝိုင်းဝန်းပြီးဖန်တီးရသည့် မီးလျှံငှက်ကို ရှင်နှောင်းကတစ်ယောက်တည်း ဖန်တီးရန်ကြိုးစားနေသည်။ သူ့ထံတွင်ရှိသမျှ စွမ်းအင်များကိုစုစည်းပြီးသည့်နောက် ဥကြီးမှာတဖြည်းဖြည်းကြီးမားလာသည်။ ထို့နောက် ထိုဥကြီးမှာပေါက်ကွဲသွားပြီးသည့်နောက် မီးလျှံငှက်ကြီးထွက်လာသည်။ ယခုရှင်နှောင်းဖန်တီးလိုက်သည့် မီးလျှံငှက်ကြီးမှာ အလွန်ကြီးမားလှပြီး ကဝေများဖန်တီးခဲ့သမျှထက် သုံးလေးဆခန့်ကြီးမားသည်။
''မီးလျှံငှက် သူ့ကိုတိုက်ခိုက်စေ''
အာလစ်ခန်းကိုလက်ညှိုးထိုးလိုက်သည်နှင့် မီးလျှံငှက်ကြီးမှာ အာလစ်ခန်းဆီသို့ ပြေးဝင်သွားကာ အာလစ်ခန်းကိုထိုးသုတ်လိုက်သည်။
''ဝုန်း''
ကြီးမားသည့်ပေါက်ကွဲမှုကြီးများဖြစ်ပြီးနောက် အာလစ်ခန်းမှာ မီးစွဲလောင်နေသည်။ ဖိုးလုံး၏ မိုးကြိုးများလဲ တစ်ချက်ပြီးတစ်ချက် ထိမှန်နေသည်။ သာမန်မီးဆိုလျှင် အာလစ်ခန်းက ခံနိုင်ရည်ရှိသော်လည်း မီးနှင့် မိုးကြိုးပေါင်းစပ်လိုက်သည့်အခါတွင်တော့ အလွန်ပြင်းထန်သည့်အားများဖြစ်သွားပြီးနောက် ဖိုးလုံး၏ မိုးကြိုးများကို ပိုမိုအားပြင်းသွားစေသည်။ နောက်ဆုံးအာလစ်ခန်းကြီးမှာ ဒူးထောက်ကျသွားသည်။
''နောက်ဆုံးတိုက်ကွက်''
ဖိုးလုံးက အရဟံဓါးကိုနဖူးနားသို့ကပ်လိုက်ပြီး
''အရဟံ၊ သိဒ္ဓိ၊ ဘဂဝါ''
အရဟံဓါးကြီးမှာ ဝင်းလက်သွားပြီး မိုးကြိုးချောင်းကြီးတစ်ခုဖြစ်သွားသည်။ အာလစ်ခန်းက ဖိုးလုံးကိုကြည့်ပြီးနောက်
''ဟာ၊ ဒါ၊ ဒါ ၀ရဇိန်လက်နက်ပဲ၊ မဖြစ်ဘူး''
ထိုသို့ပြောပြီးတပြိုင်နက် အာလစ်ခန်းမှာ ချက်ချင်းသေးငယ်သွားသည်။ အာလစ်ခန်းက ထိုလက်နက်၏ တန်ခိုးကိုသိသည်မို့ ဆရာသုန်၏ ကိုယ်ထဲသို့ပြန်လည်ငုတ်လျှိုးလိုက်ပြီးနောက် ဆရာသုန်၏ အမှောင်ခြမ်းအတွင်းသို့ ဝင်ရောက်တိမ်းရှောင်လိုက်ခြင်းဖြစ်သည်။ တစ်ခဏအတွင်းပင် ဒူးထောက်ထိုင်ချနေသည့် အာလစ်ခန်းမှာ ဆရာသုန်အဖြစ်ပြောင်းလဲသွားသည်။ ဖိုးလုံးလဲ သူ့လက်ထဲက မိုးကြိုးကြီးကို ကျောက်တောင်ကြီးကိုပစ်ထည့်လိုက်သည်။
''မဖြစ်ဘူး၊ ဒီကောင်ကြီးက သိပ်လည်တာပဲ၊ အရဟံဓါးက လူကိုပစ်လို့မရဘူးဆိုတာကို ဒီကောင်ကြီးက သိနေပုံပဲ''
ဆရာသုန်က မျက်လုံးများဖွင့်ကြည့်လိုက်သည်။
''ရှင့်ဓါးက လူကိုလုပ်မရရင်၊ ကျုပ်လုပ်မယ်''
အချိန်ကောင်းဖြစ်ပြီမို့ ရှင်နှောင်းက ကြေးဝါဓါးကိုကိုင်ပြီးနောက် ဆရာသုန်ဆီသို့ပြေးသွားလိုက်သည်။
''ဒိုင်း''
သေနတ်သံတစ်ချက်ထွက်လာပြီး ကျည်ဆန်က မြေကြီးကိုထိသွားသည်။ ရှင်နှောင်းလဲ လန့်ပြီးတော့ ရပ်တန့်လိုက်သည်။ ထိုအခါ ရေကန်ကြီးဘေးနားတွင် သေနတ်ကိုင်ထားသည့် ကိုဘရှိန်ကိုတွေ့လိုက်ရသည်။ ကိုဘရှိန်က မိန်းကလေးတစ်ယောက်ကို အတင်းအကြပ်ချုပ်ကိုင်ထားသည်။
''မင်းရှေ့ဆက်တိုးရင်၊ မင်းညီမသေမယ်''
''ဟင်၊ ရှင်မွှေး''
ရှင်နှောင်းခြေထောက်တွေရပ်တန့်သွားသည်။ ကိုဘရှိန်က သေနတ်ပြောင်း၀ကို ရှင်မွှေးနားထင်တွင်ချိန်ထားလိုက်သည်။ ဆရာသုန်က ရယ်မောပြီးနောက် မတ်တပ်ရပ်လိုက်ကာ ပုဆိုးကိုပြင်ဝတ်လိုက်သည်။
''ဟဲ၊ ဟဲ၊ ဒါကလဲ အဘွားကြီးတင်ရီဲရဲ့ နည်းလမ်းတစ်ခုပဲပေါ့''
အပိုင်း (၈) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်