ကူမွန်တောင်မှအလွမ်းတေးတစ်ပုဒ် (သို့မဟုတ်) ကဝေရှင်ဘကောင်း - အပိုင်း(၁)
lotaya.mpt.com.mm
|
2023-04-07

(ယခုဖော်ပြရေးသားမည့်ဇတ်လမ်းသည် စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားခြင်းဖြစ်ပြီး ဇာတ်   လမ်းအတွင်းပါသည့် အကြောင်းအရာများ၊ အမည်နာမများနှင့် အဖြစ်အပျက်များသည် တစ်စုံတစ်ဦးနှင့် တိုက်ဆိုင်ဆင်တူနေပါက တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

အခန်း (၁)            

အချိန်ကာလအားဖြင့် အင်္ဂလိပ်ကိုလိုနီများက မြန်မာနိုင်ငံအား အုပ်ချုပ်ထားသည့်အချိန်ဖြစ်သည်။ ကူမွန်တောင်ကြီးက ဟူးကောင်းတောင်ကြားကြီး၏ အရှေ့ဘက်တွင် မြင့်မားစွာတည်ရှိနေသည့် တောင်တန်းကြီးဖြစ်ပြီးနောက် တောင်ခြေတစ်ဝိုက်တွင်လဲ အမြဲစိမ်းတောနက်ကြီးများဖြင့် အလွန်နက်ရှိုင်းသည့် တောကြီးများပေါက်ရောက်နေသည်။ ကိုလိုနီအစိုးရလက်ထက်တွင်ဆိုသော်လည်း ကူမွန်တောင်တန်းကြီးပေါ်တွင် ဒေသခံ တိုင်းရင်းသားများက ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေထိုင်ကြသည်။

ထိုတောင်တန်းကြီးက တောထူထပ်ပြီးနောက် အလွန်သွားလာရခက်ခဲသည့်အတွက် ထိုခေတ်အခါက တိုးတက်နေပြီဆိုသော်လည်း ဒေသခံတိုင်းရင်းသားများမှာတော့ ယဉ်ကျေးမှုမထွန်းကားသေးဘဲ အရိုင်းဆန်ဆန်နေထိုင်ကြလျှက်ပင်ရှိသည်။

ကူမွန်တောင်တန်းကြီးတစ်ဝိုက်တွင် နေထိုင်ကြသူများထဲတွင် ထင်ရှားသည့်လူမျိုးစုကတော့ ဗဒီးလူမျိုးစုပင်ဖြစ်သည်။ ထိုလူမျိုးစုများသည် ရှမ်းအနွယ်များဖြစ်ကြသော်လည်း ထိုဒေသတစ်ဝိုက်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အစဉ်တစိုက်နေထိုင်ခဲ့ကြသူများဖြစ်သည်။ ဗဒီးဆိုသည့် အဓိပါယ်က ရှင်သန်ခြင်းပင်ဖြစ်သည်။ 

ဗဒီးလူမျိုးများသည် ကူမွန်တောင်တန်းကြီးပေါ်တွင်စုဝေးနေထိုင်ကြသည်။ ထိုတောင်ကြီးပေါ်တွင် တောင်ပိုရွာ၊ တောင်လိုရွာနှင့် တောင်စွန်ရွာဟူသည့် ရွာသုံးရွာရှိကြသည်။ တောင်ပိုရွာမှာ တောင်ခြေတွင်တည်ရှိပြီးရွာကြီးတစ်ရွာဖြစ်သည်။ အိမ်ခြေရာနှင့်ချီကာတည်ရှိပြီး လူဦးရေလဲများပြားသည်။ ရွာမှလူများမှာ တောင်ခြေတစ်ဝိုက်တွင်နေထိုင်လျှက် မြေဩဇာကောင်းမွန်သည့် ကွင်းပြင်များ၊ လယ်ကွင်းများတွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြသလို၊မွေးမြူရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများလဲလုပ်ကိုင်ကြသည်။ အစာရေစာပေါများပြီးနောက် ရာသီဥတုလဲသင့်တင့်မျှတသဖြင့် နေထိုင်သူ

​ပေါများသည်။

တောင်လိုရွာဆိုသည်မှာ တောင်ခါးပန်းတွင်တည်ထားသည့်ရွာဖြစ်သည်။ ထိုရွာတွင် ဗဒီးလူမျိုးများနေထိုင်ကြသော်လည်း တောင်ပိုရွာလောက်တော့ မကြီးမား၊ မကျယ်ပြန့်ပေ၊ ရွာဆိုသော်လည်း လေ့ကျင့်ကွင်းသဘောမျိုးဖြစ်သည်။ အများအားဖြင့် ဗဒီးလူငယ်များ တောင်လိုရွာတွင်သွားရောက်နေထိုင်ကြပြီးနောက် မုဆိုးအတတ်၊ ပန်းပဲအတတ်၊ တိုက်ခိုက်ရေးအတတ် စသည့်အတတ်ပညာများကို သွားရောက်သင်ကြားကြရာနေရာဖြစ်သည်။

တောင်စွန်ရွာဆိုသည်မှာ ဟိုးတောင်တန်းကြီးထိပ်ဆုံးတွင် အလျားလိုက်တည်ရှိနေသည့် ရွာငယ်ကလေးဖြစ်သည်။ အိမ်ခြေမှာ ဆယ်အိမ်ခန့်ပင်ရှိသည်။ အများစုမှာ နတ်ဆရာကြီးများ၊ မှော်ဆရာကြီးများနေထိုင်ကြခြင်းဖြစ်ပြီး ထိုသူများမှာ ရွာသူရွာသားများနှင့် တသီးတသန့်နေထိုင်ကြသည်။ ရွာတွင် အခါကြီးရက်ကြီး၊ ပွဲတော်ရှိသည့်အခါမျိုးမှသာ တောင်ပေါ်မှ လူကြီးများက ဆင်းလာတတ်ကြသည်။ 

ဗဒီးလူမျိုးအမျိုးသားများသည် အောက်ပိုင်းတွင် ချည်ကြမ်းအဝတ်စကို ပတ်ထားလေ့ရှိပြီး အရှေ့တွင် တန်ဆာကာအဖြစ် အဝတ်စတစ်စကာ ချထားတတ်သည်။ ခါးပတ်တွင်တော့ ကြေးဝါ၊ ကြေးနီတို့နှင့်ပြုလုပ်ထားသည့် အပြားများ၊ ကွင်းများကို အလှဆင်ကာ ပတ်လေ့ရှိသည်။ အပေါ်ပိုင်းတွင် အဝတ်အစားဗလာကျင်းနှင့်နေထိုင်တတ်ကြပြီး ချမ်းအေးသည့်ရာသီများတွင်တော့ အဝတ်ဖျင်စကြီးများကို စောင်ကြီးသဖွယ်ခြုံထားတတ်ကြသည်။ သူတို့၏ လည်ပင်းနှင့် လက်မောင်းများတွင်တော့ သူတို့သတ်ဖြတ်ထားသည့် သားရဲတိရစ္ဆာန်များ၏ အရိုးများ၊ အစွယ်များကို အမြတ်တနိုးအလှဆင်ဝတ်ဆင်ထားတတ်ကြသည်။ 

ထူးခြားချက်မှာ အမျိုးသားများအားလုံးလိုလို၏ အမည်ရှေ့တွင် ဘ ထည့်ခေါ်ရခြင်းဖြစ်သည်။ လူကြီးဖြစ်ပြီး အိုမင်းလာသည့်အခါတွင်တော့ နာမည်ရှေ့တွင် ဘိုးထည့်ခေါ်ကြသည်။ 

ဗဒီးအမျိုးသမီးများမှာတော့ ရင်ဘတ်တွင်ရင်စည်းနှင့် အပေါ်က ရင်စေ့အကျီလတ်ပြတ်အတိုကလေးကို ဝတ်ဆင်ကြသည်။ အပျိုမိန်းကလေးများမှာ ချက်ကိုဖော်ပြရသည့်အနေဖြင့် ခါးကိုဖော်ကာဝတ်ဆင်ကြသည်။ အောက်ပိုင်းတွင်တော့ ယောက်ျားလေးများကဲ့သို့ အဝတ်စကို ခပ်ရှည်ရှည်ပတ်ထားကြပြီးနောက် ခါးနှစ်ဖက်ဘေးတွင် ကြေးများ၊ သံများနှင့် အလှဆင်ချိတ်ဆွဲထားကြသည်။ မိန်းကလေးများ အထူးတန်ဖိုးထား ဝတ်ဆင်သည်ကတော့ ပယင်းဖြစ်သည်။ ပယင်းမှာ ဗဒီးလူမျိုးများက နတ်ဘုရားများက ပေးသည့် ထူးခြားသည့်အစွမ်းရှိသည့် ကျောက်မျက်တစ်မျိုးဟု မှတ်ယူထားကြသည်။ မြန်မာအမျိုးသမီးများ ရွှေမက်သလို ဗဒီးတို့အတွက် ပယင်းသည်အဖိုးတန်သည့် ရတနာတစ်မျိုးဖြစ်သည်။

ဟူးကောင်းတောင်ကြားတစ်လျှောက်တွင်လဲ သဘာ၀အတိုင်း ပယင်းထွက်သည်။ ရှေးယခင်ကတည်းက ရှမ်းများ၊ ကချင်များက ပယင်းတွင်းများတူးဖော်ထုတ်လုပ်လျှက်ရှိသလို၊ ဗြိတိသျှအစိုးရက ကိုလိုနီအုပ်ချုပ်ပြီးသည့်အခါတွင်လဲ ပယင်းများကို တူးဖော်ထုတ်လုပ်လျှက်ရှိသည်။ သို့သော် ထိုနေရာသည့် ဗဒီးလူမျိုးများနှင့် အတော်လှမ်းသလို ဗဒီးလူမျိုးများသည်လဲ အခြားလူမျိုးများနှင့် သိပ်စပ်စပ်ယှက်ယှက်မရှိဘဲ သီးသန့်နေထိုင်ကြသည်သာများသည်။

ရွာသို့ တစ်ခါတစ်လေလာရောက်သည့် ကုန်သည်များထံမှ လိုအပ်သည့် အသုံးအဆောင်များကို ဝယ်ယူ၊ လဲလှယ်လေ့ရှိသည်မှာလွဲပြီး အခြားလူမျိုးများနှင့် ထိတွေ့ဆက်ဆံမှုမရှိသလောက်နည်းပါးသည်။

အခန်း (၂)

တောင်ပိုရွာရှိ တဲကြီးတစ်ခုအတွင်းတွင် လူတွေစုရုံးနေကြသည်။ တဲအတွင်းမီးပုံကြီးဖိုထားပြီး လူကြီးများက ထိုမီးပုံကိုဝိုင်းဖွဲ့ကာ ထိုင်နေကြသည်။ မကြာခင်တွင် တဲအတွင်းသို့ ခါးကုန်းကုန်းနှင့်အဘိုးအိုတစ်ယောက်ဝင်လာသည်။ ထိုအဘိုးအို၏ ဦးခေါင်းတွင် ချေတစ်ကောင်၏ ဦးခေါင်းခွံရိုးကိုဆောင်းထားပြီး အရောင်စုံသော ငှက်မွှေးငှက်တောင်များကို ထိုးစိုက်ထားသည်။ ခါးကုန်းနေသည့် ကျောပြင်တွင် အမျိုးစုံသော ငှက်တို့၏ အမွှေးအတောင်များကို ထိုးစိုက်ထားသည့် ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားသည်။ ထိုအဘိုးဝင်လာသည့်အခါ လူအများကဘေးသို့ဖယ်ပေးလိုက်ကြပြီးနောက် ဘိုးမိုင်ဆိုသည့်လူတစ်ယောက်က မွေးကင်းစ ကလေးလေးတစ်ယောက်ကို ကိုင်လျှက် မီးပုံနားသို့တိုးကပ်လာခဲ့သည်။

ငှက်မွှေးများနှင့် ဆင်ယင်ထားသည့် အဘိုးအိုမှာ သူတို့လူမျိုးစု၏ အလေးအမြတ်ထားသည့် နတ်ဆရာကြီး ဘိုးကွန်း ပင်ဖြစ်သည်။ ဘိုးကွန်းက မီးပုံနားသို့တိုးလိုက်ပြီးနောက် သူလွယ်ထားသည့် ပလိုင်းကလေးတစ်လုံးထဲမှ ငှက်မွှေးတစ်ချို့ကိုမီးပုံထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ မီးပုံအတွင်းတောက်လောင်နေသည့် မီးတောက်များသည် ငှက်တစ်ကောင်အသွင်သို့ပြောင်းလဲသွားသည်။ ရွာသားများလဲ အံ့ဩစွာနှင့်ကြည့်နေချိန်တွင် ဘိုးကွန်း ဆိုသူအဘိုးကြီးက ထိုမီးပုံထဲမှ ငှက်ကြီးကို အခြားလူများနားမလည်နိုင်သည့် ဘာသာတစ်မျိုးနှင့်ပြောဆိုနေတော့သည်။

ထို့နောက်မီးပုံထဲမှ ပြာတစ်ချို့ကို လက်နှင့်သုတ်ယူလိုက်ပြီးနောက် ဘိုးမိုင်ကိုင်ထားသည့် ညာဘက်လက်မှ ကလေး၏ နဖူးတွင် ပြာများကိုလက်နှင့်သုတ်လိမ်းလိုက်ရင်း

"ဒီကောင်လေးလား"

"ဟုတ်ပါတယ်၊ ဘိုးကွန်း သူက ကျုပ်မနေ့ကမှမွေးထားတဲ့ ကျုပ်ရဲ့ဒုတိယမြောက်သားပါ"

ထိုအချိန်တွင်ပင် ဘိုးကွန်းတစ်ယောက် လန့်ပြီးထအော်လိုက်သည်။ သူတို့နားမလည်သည့်ဘာသာစကား တွေကိုလဲယောက်ထဲပြောနေပြီးမှ

"ဒီကလေးက မကောင်းဘူး၊ သူ့မှာ မကောင်းတဲ့စွမ်းအားတွေ တွေ့နေရတယ် ဘိုးမိုင်"

"ဒါဆိုဘယ်လိုလုပ်ကြမလဲ"

"ငါအကြံပေးမယ်ဘိုးမိုင်၊ မင်းဒီကလေးကို မှော်ပညာလုံး၀သင်ပေးလို့မရဘူးနော်၊ သူ့ရဲ့အနာဂတ်မှာ အလွန်ကြောက်စရာကောင်းတဲ့ ဘေးဆိုးကြီးတစ်ခုကို ငါတွေ့နေရတယ်"

ဘိုးကွန်းက ပြောရင်း ခြေတွေလက်တွေ တုန်ယင်လာသည်။ ဘိုးမိုင်လဲ ဘိုးကွန်းတစ်ယောက် အခုလို ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်ကို ဘ၀တစ်လျှောက်လုံး မတွေ့ဖူးပေ၊ ထို့ကြောင့် တစ်ခုခုတော့မှားနေပြီဆိုတာကို သိလိုက်သည်။

"ဟုတ်ကဲ့ပါ ဘိုးကွန်း၊ ကျုပ်လိုက်နာပါ့မယ်၊ ဒါနဲ့ ဒီကလေးကို နာမည်ပေးပေးပါအုံး"

ဘိုးကွန်းက မီးပုံကြီးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်  ကလေးကိုလက်ညှိုးထိုးလိုက်သည်။ 

"သူ၊ သူ့ကိုတော့ ဘကောင်းလို့ နာမည်ပေးလိုက် ဘိုးမိုင်၊ မကောင်းတာတွေဖြစ်မလာအောင်လို့ သူနာမည်မှာကောင်းပါအောင်လို့ ဘကောင်းလို့သာ မှည့်ခေါ်လိုက်"

ဘိုးမိုင်လဲ ခေါင်းငုံ့ပြီးအရိုအသေပြုလိုက်သည်။ ဘိုးကွန်းက မီးပုံကိုသုံးပတ်ပတ်ပြီးနောက် မီးပုံအတွင်းသို့ ခုန်ဝင်သွားလေသည်။ မီးတောက်မီးလျှံများ ဟုန်းခနဲတောက်လောင်ပြီးသည့်နောက် မီးခိုးငွေ့များထွက်လာကာ ဘိုးကွန်းတစ်ယောက် ပျောက်ကွယ်သွားတော့သည်။

"ကဲ၊ ရွာသားအပေါင်းတို့ ခုနက ဘိုးကွန်းပြောသွားတာ ကြားလိုက်တယ်မဟုတ်လား၊ ဒီနေ့ကစပြီး ငါ့ရဲ့သားလေကို ဘကောင်းလို့ အားလုံးခေါ်ကြရမယ်"

ဘိုးမိုင်ကပြောရင်း ဟန်ပါပါနှင့်အော်ဟစ်လိုက်ကာကလေးကို မြှောက်တင်လိုက်တော့သည်။

ဗဒီးလူမျိုးများက နတ်ဘုရားများကို ကိုးကွယ်ကြသည်။ သူတို့အဓိက ကိုးကွယ်သည့်နတ်မှာ မာမာ ခေါ် မြေနတ်မင်းဖြစ်သည်။ မြေနတ်မင်း၏ အသွင်သဏ္ဍန်က ပယင်းကျောက်ဖြစ်သည်။ ထို့ကြောင့် ပယင်းကျောက်ကို တန်ဖိုးထားကြသည်။ 

ဗဒီးလူမျိုးများအနက် ဘိုးမိုင်သည် တောင်ပိုရွာသူကြီးဖြစ်ပြီး ဗဒီးလူမျိုးစုများ၏ အုပ်ချုပ်သူဖြစ်သည်။ ဗဒီးမျိုးနွယ်များတွင်လဲ ထူးဆန်းသည့်မှော်ပညာများကို တတ်မြောက်ကြသလို ထိုမှော်ပညာများကိုလဲ မျိုးနွယ်အကြီးအကဲများ၏ အမွေဆက်ခံသူများနှင့် မျိုးနွယ်စုသွေးရင်းများ၊ အကြီးအကဲများသာ သင်ကြားခွင့်ရသည်။

ကျန်သည့်ဗဒီးလူမျိုးအများစုမှာ စစ်သည်တော်များ နှင့် လယ်သမားများဖြစ်ကြသည်။ ထို

စစ်သည်တော်များ၊ လယ်သမားများ၏ သားသမီးများသည် တောင်လိုရွာသို့သွားရောက်ကာ လယ်ယာစိုက်ခြင်းနှင့် တိုက်ခိုက်ရေးပညာများကဲ့သို့ ပညာရပ်များကို သင်ယူကြရပြီးနောက် အကြီးအကဲများ၏ သားသမီးများကတော့ တောင်စွန်ရွာအထိ သွားရောက်ကာ နတ်ဆရာကြီးများ၊ မှော်ဆရာကြီးများထံတွင် မှော်အတတ်များကို သင်ယူကြရသည်။ တစ်နည်းပြောရလျှင် မှော်ပညာသင်ယူနိုင်ခွင့်ရှိသူမှာ မျိုးနွယ်စုအကြီးအကဲနှင့် ထိပ်ပိုင်းလူကြီးများသာ သင်ကြားခွင့်ရသည်။

ဘိုးမိုင်တွင် သားနှစ်ယောက်ရှိသည်၊ သားအကြီးက ဘသောင်းဟုခေါ်ပြီး အငယ်ကတော့ ဘကောင်းဖြစ်သည်။ ဘသောင်းက ဘကောင်းထက် အသက်သုံးနှစ်ခန့်ပိုကြီးသည်။ ဘသောင်းအသက်ခုနစ်နှစ်သို့ရောက်သည့်အခါတွင်တော့ ဘိုးမိုင်က ဘသောင်းအား အထုပ်အပိုးများပြင်ဆင်ပေးနေတော့သည်။

"အဖေ၊ အကိုက ဘယ်သွားမလို့လဲ"

"မင်းအကို တတ်အပ်တဲ့ မှော်ပညာတွေကိုသင်ယူဖို့ တောင်စွန်ရွာကိုသွားမှာလေ"

ဘကောင်းစိတ်မကောင်းဖြစ်မိသွားသည်။

"သားလဲလိုက်မယ် အဖေ၊ သားလဲလိုက်ချင်တယ်"

ဘိုးမိုင်မျက်နှာပျက်သွားပြီးနောက် ဘကောင်းလက်ကိုဆွဲလိုက်သည်။

"မလိုက်ရဘူး၊ ဘကောင်းမင်းမလိုက်ရဘူး"

အကိုဖြစ်သူ ဘသောင်းက မြည်းတစ်ကောင်စီးပြီး ရွာကထွက်သွားသည်ကို အဖေဖြစ်သူလက်ကိုဆွဲထားရင်းငေးမောကြည့်နေမိသည်။ အမှန်တော့ ဘကောင်းလဲ ကလေးပီပီမှော်ပညာသင်ယူချင်သည်။ ဘသောင်းကတော့ တောင်စွန်ရွာတွင် နတ်ဆရာကြီးများ၊ မှော်ဆရာကြီးများထံမှ မှော်ပညာများကို စနစ်တကျသင်ယူခွင့်ရသည်။ 

တောင်စွန်ရွာမှ ခဏအိမ်သို့ပြန်လာသည့်အခါတွင်လဲ သူတတ်မြောက်ခဲ့သည့် မှော်ပညာများကို အိမ်ရှိလူများကို ပြန်လုပ်ပြတတ်သည်။ 

"ညီလေးဘကောင်း မင်းအခန်းကို အမှောင်ချလိုက်စမ်း"

ဘကောင်းလဲ အခန်းတံခါးကိုပိတ်လိုက်တော့သည်။ အခန်းက နေ့ခင်းဘက်ပင်ဖြစ်လင့်ကစား မှောင်ကျသွားတော့သည်။ ဘသောင်းက လက်ညှိုးနှစ်ချောင်းကိုပူးလျှက် တစ်ခုခုကိုရွတ်ဖတ်လိုက်ရာတွင် သူ့လက်ညိုးတွင် မီးတောက်ကလေးတစ်ခု ပေါ်လာခဲ့သည်။

"ဟာ၊ ထူးဆန်းလိုက်တာ အကိုရာ"

''ဟဲဟဲ၊ အဲဒါမှော်ပညာလို့ခေါ်တယ်ကွ၊ ငါ့ညီရ''

''ကျုပ်လဲတတ်ချင်တယ် အကို၊ ကျုပ်ကိုသင်ပေးပါလား''

''မင်းအသက် ခုနစ်နှစ်ပြည့်တော့ အဖေက မင်းကိုသင်ဖို့စေလွှတ်ပေးမှာပေါ့ကွာ၊ ကဲ ငါဆက်လုပ်ပြမယ်''

ဘသောင်းက ရေမရှိသည့်ရေခွက်အတွင်းသို့ လက်ညှိုးမှထွက်သည့်ရေတွေကိုထည့်ပြသည်။ မီးတောက်ကလေးများကို အခန်းအတွင်းလှည့်ပတ်ပျံဝဲစေခြင်း စသည့်မှော်အတတ်များကို တစ်ခုပြီးတစ်ခုလုပ်ပြရာ ညီငယ်ဘကောင်းကလဲ အံ့ဩစွာဖြင့်ကြည့်နေမိသည်။

''ကောင်းလိုက်တာအကိုရာ၊ တစ်နေ့ကျုပ်လဲ မှော်ပညာတတ်အောင်သင်ရမယ်''

သို့သော်လည်း ဘကောင်းလေး ဆယ်နှစ်ရောက်သည့်တိုင် အဖေဖြစ်သူက မှော်ပညာမသင်ပေးဘဲ ငြင်းဆန်နေဆဲဖြစ်သည်။

''အဖေ ဘာလို့ကျုပ်ကိုမသင်ခိုင်းတာလဲ''

''မင်းမှော်ပညာမသင်ရဘူး ဘကောင်း၊ အခုမှ မဟုတ်ဘူး နောင်လဲ မင်းမှော်ပညာနဲ့ပက်သက်တာ တစ်ခုမှ မသင်ရဘူး''

''ဘာလို့လဲအဖေ၊ ကျုပ်က ဒီရွာရဲ့ လူမျိုးစုခေါင်းဆောင်ရဲ့သားပါအဖေရဲ့၊ ကျုပ်မှာလဲ မှော်ပညာသင်ခွင့်ရှိတယ်မဟုတ်ဘူးလား''

ဘိုးမိုင် ခေါင်းခါပြသည်။

''မရဘူးသား၊ မှော်ပညာတစ်ခုတော့မရဘူး၊ ကျန်တာတော့ သားသင်ချင်တဲ့ပညာသင်လို့ရတယ်''

ဘကောင်းဘာမှမပြောဘဲပြေးထွက်လာခဲ့သည်။ စိတ်ညစ်ညစ်နှင့် ရွာမှထွက်ပြီး ရွာအပြင်စမ်းချောင်းကလေးနံဘေးတွင် ထိုင်နေမိသည်။ စမ်းချောင်းရေက အေးစက်ကြည်လင်နေပြီး စမ်းရေစီးသံကလေးများကြားလိုက်ရသည့်အခါ ဘကောင်းစိတ်ထဲ နည်းနည်း နေသာထိုင်သာရှိသွားသည်။ ထိုစဉ် သူ့ဘေးကိုလူတစ်ယောက်ရောက်လာသည်။ ထိုသူကိုကြည့်လိုက်တော့ မီးငယ်ဖြစ်နေသည်။

''နင်ပါလားမီးငယ်''

မီးငယ်ဆိုသည့် ကောင်မလေးက ဘကောင်းနှင့်အသက်ရွယ်တူလောက်ဖြစ်မည်။ ဗဒီးလူမျိုးများတွင် မိန်းကလေး၏ နာမည်ရှေ့တွင် မီးထည့်တတ်ကြပြီး အသက်ကြီးလာပါက မိန်းဆိုသည့် စကားလုံးကိုပြောင်းလဲထည့်တတ်ကြသည်မို့ အိမ်တွင်အငယ်ဆုံးသမီးဖြစ်သည့် သမီးကို မီးငယ်ဟု အမည်ပေးထားခြင်းဖြစ်သည်။

မီးငယ်က ဘကောင်းနှင့်ဆော့ဖော်ဆော့ဖက်ဖြစ်သည်။ မီးငယ်တွင်အဖေမရှိတော့ပေ။ မီးငယ်က ဆိတ်ကျောင်းသူဖြစ်သည်။ ယခုလဲ ရွာပြင်စားကျက်တွင် ဆိတ်ကျောင်းရင်း ဘကောင်းနှင့်တွေ့ဆုံကြခြင်းဖြစ်သည်။

''နင်ဘာဖြစ်နေတာလဲ ဘကောင်း''

''ငါစိတ်ညစ်တယ်ဟာ၊ ငါက လူမျိုးစုခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်ပေမယ့် ငါ့အဖေက ငါ့ကို မှော်အတတ်ပညာတွေ မသင်ပေးဘူးတဲ့''

''ဒါဆိုလဲ မှော်အတတ်ပညာမသင်ဘဲ တခြားပညာသင်ပေါ့ဟာ၊ ငါဆိုရင် မုဆိုးပညာတတ်ချင်တာ''

''နင်ကမိန်းကလေးပဲမီးငယ်၊ မိန်းကလေးတွေက ရက်ကန်းတို့၊ အချုပ်အလုပ်၊ လက်မှုပညာတွေ သင်ရမှာမဟုတ်ဘူးလား''

မီးငယ်ခေါင်းခါလိုက်ပြီးနောက်

''ငါအဲဒါတွေ စိတ်မဝင်စားဘူး ဘကောင်း၊ ငါဖြစ်ချင်တာ မုဆိုးပဲ''

''ထူးဆန်းပါလားမီးငယ်၊ မုဆိုးဆိုတာရွာမှာရှားသွားပြီမဟုတ်လား၊ အသားစားချင်ရင် အခုလိုဆိတ်တွေ၊ နွားနောက်တွေ မွေးပြီးစားလို့ရတယ်မဟုတ်လား''

ဘကောင်းမေးလိုက်တော့ မီးငယ်က အံ့ကိုကြိတ်လိုက်သည်။ မီးငယ်၏မျက်လုံးများက တောက်ပကာ ကြည်လင်နေသည်။

''မဟုတ်ဘူးဘကောင်း၊ ငါကဘာလို့မုဆိုးဖြစ်ချင်တာလဲဆိုတော့ ငါ့အဖေက မုဆိုးတစ်ယောက်ဆိုတာ နင်အသိပဲလေ၊ ငါငယ်ငယ်တုန်းက ငါ့အဖေက ဂျီလောလို့ခေါ်တဲ့ လူသားစားကျားကြီးတစ်ကောင်ကို နှိမ်နင်းဖို့ကြိုးစားရင်း အဲဒီကျားကြီးရဲ့အစားကို ခံလိုက်ရတယ်မဟုတ်လား''

ဘကောင်းခေါင်းညိတ်လိုက်သည်။ လူသားစားကျားကြီး ဂျီလော အကြောင်းက ရွာတွင် အိပ်ရာဝင်ပုံပြင်များသဖွယ်ဖြစ်နေပြီး ကလေးများကိုလဲ ထိုကျားကြီးနှင့်ခြောက်လေ့ရှိကြရာ ငယ်ငယ်က ဘကောင်းပင် ကျားကြီး ဂျီလော လာပြီဟေ့ဟု လူကြီးတွေက ခြောက်လျှင် အလွန်ကြောက်လန့်ခဲ့ရသေးသည်။

''ငါက မုဆိုးပညာကိုသင်ယူမယ်၊ နောက်ပြီးရင် ငါ့အဖေကို သတ်သွားတဲ့ အဲဒီကျားကြီး ဂျီလောကို ငါကိုယ်တိုင်ပြန်ပြီး ဖမ်းဆီးသတ်ဖြတ် လက်တုံ့ပြန်ရမှ ငါကျေနပ်မယ်''

စိတ်ဓါတ်ပြင်းထန်သည့် မီးငယ်၏ စိတ်ဓါတ်ကို ဘကောင်းပင် အံ့ဩရတော့သည်။ မီးငယ်ကိုကြည့်ရတာ စိတ်ဆုံးဖြတ်ပြီးပုံရသည်။

''ဒါဆိုလဲ နင်မုဆိုးအတတ်ကိုသင်ပေါ့ဟာ''

မီးငယ်မျက်နှာကလေး မှိုင်ကျသွားပြီးနောက် မြက်ခင်းပြင်တစ်နေရာကို ငေးကြည့်နေသည်။

''မဖြစ်နိုင်ပါဘူးဟာ၊ အမေက ငါ့ကိုမိန်းကလေးမို့ မိန်းကလေးတွေတတ်သင့်တဲ့အတတ်တွေကိုပဲ သင်ရမယ်တဲ့''

ဘကောင်းလဲ စိတ်မကောင်းဖြစ်မိသည်။ မီးငယ်ဖခင်အတွက် လက်စားချေမည်ကိုတော့ သူအားပေးသည်။ နောက်ပြီး သူ့သူငယ်ချင်း မီးငယ် ၏ စိတ်ကူးစိတ်သန်းများကိုလဲ အကောင်အထည်ဖော်ပေးချင်သည်။ ခက်တာက သူတို့လူမျိုးဓလေ့အရ မိန်းကလေးဖြစ်သူက မုဆိုးဖြစ်ခွင့်မရှိပေ။ ဘကောင်းလဲစဉ်းစားရင်း မှိုင်တွေနေသည့် မီးငယ်မျက်နှာကလေးကိုကြည့်ကာ သနားသွားတော့သည်။

အခန်း(၃)

''ဘာ၊ ဘကောင်း၊ မင်းက မုဆိုးတစ်ယောက်ဖြစ်ချင်တယ် ဟုတ်သလား''

ဖခင်ဖြစ်သူ လူမျိုးစုခေါင်းဆောင် ဘိုးမိုင်က သားဖြစ်သူဘကောင်းအား အံ့ဩစွာနှင့်ကြည့်နေသည်။ ဘကောင်းကတော့ အဖေဖြစ်သူပြောသည့်စကားကို ခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။

''မုဆိုးဆိုတာ နိမ့်ကျတဲ့အတတ်ပညာတစ်ခုပဲသား၊ သားက လူမျိုးစုခေါင်းဆောင်ရဲ့သားဖြစ်ပြီးတော့ ဘာလို့ဒီအတတ်ကိုတတ်ချင်ရတာလဲ''

''သားတို့လူမျိုးစုရဲ့ထုံးစံအရ ယောက်ျားလေးတွေက သူတို့သင်ယူချင်တဲ့ပညာကို သင်ယူခွင့်ရှိတယ်မဟုတ်လားအဖေ''

ဘိုးမိုင်က ခေါင်းညိတ်လျှက်

''အင်း၊ မှော်ပညာကလွဲလို့ပေါ့''

''ဟုတ်ပြီလေ၊ အခုအဖေကရော သားကိုမှော်ပညာသင်ပေးဖို့ အစီအစဉ်ရှိသလား''

ဘိုးမိုင်ခေါင်းခါလိုက်သည်။

''ဒါဆိုရင်တော့သားက အခြားအတတ်ပညာတစ်ခုခုသင်ရတော့မယ်မဟုတ်လား၊ ဒီတော့ သားမုဆိုးဖြစ်ချင်တယ်အဖေ၊ မုဆိုးအတတ်ပညာတွေ သင်ယူချင်တယ်''

''သားရယ်၊ ဘာပညာမှမသင်လဲ သားအေးအေးဆေးဆေးနေလို့ရပါတယ်၊ လူမျိုးစုခေါင်းဆောင်ရဲ့သားက မုဆိုးအတတ်တွေသင်တယ်ဆိုတော့ လူကြားလို့မကောင်းပါဘူး''

''အဖေက လူမျိုးစုခေါင်းဆောင်ဖြစ်ပြီးတော့ လူမျိုးစုထုံးတမ်းကို ပယ်ရှားတော့မလို့လား၊ နောက်ပြီးအဖေပဲပြောထားတယ်လေ၊ မှော်ပညာကလွဲပြီးတော့ မင်းသင်ချင်တဲ့ပညာကို သင်ယူပါဆို''

ဘကောင်းအမေးက ဘိုးမိုင်ကို ချောင်ပိတ်စေခဲ့ပြီဖြစ်သည်။ ဘကောင်းကိုလဲ မှော်ပညာလုံး၀သင်ကြားပေးလို့မရသဖြင့် နောက်ဆုံးတော့ ဘိုးမိုင်လဲ ဘကောင်းပြောသည်ကို လက်ခံလိုက်ရတော့သည်။

''ကောင်းပြီသား၊ တောင်လိုရွာကို သားသွားရမယ်၊ အဲဒီမှာ မုဆိုးကြီးတစ်ယောက်နေထိုင်တယ်၊ သားသူ့ဆီကိုသွားပြီးတော့ ပညာသင်ယူတော့''

ဘိုးမိုင်က ထိုသို့ပြောလိုက်ရသော်လည်း စိတ်ထဲတော့ဘဝင်မကျပေ။ သို့နှင့် ဆရာဖြစ်သူအား ပူဇော်မည့် အခကြေးငွေအဖြစ် ပယင်းကျောက်များ၊ ဆန်စပါးများနှင့် သားရေ၊ အဝတ်အစားများကို ထုပ်ပိုးပေးပြီးနောက် ဘကောင်းကိုပေးလိုက်လေသည်။ ပုံမှန်ဆိုလျှင်တော့ လူမျိုးစုခေါင်းဆောင်များ၏ သားသမီးများသည် မြည်းကလေးများ စီးတတ်ကြသော်လည်း ဘကောင်းကိုတော့မြည်းပင်မပေးဘဲ ခြေလျင်လွှတ်လိုက်တော့သည်။

''ဘာ၊ ဘကောင်းက မုဆိုးပညာသင်မယ်ဟုတ်လား''

ရွာသားများအားလုံး အထူးအဆန်းဖြစ်ကုန်သည်။ မျိုးနွယ်စုခေါင်းဆောင်၏ သားများသည် မှော်ပညာများ၊ နတ်ဆေးပညာများကိုသာ သင်ယူကြပြီး တစ်သက်လုံးထိုပညာများဖြင့် အဆင့်မြင့်မြင့် ဂုဏ်သရေရှိရှိ နေထိုင်တတ်ကြသူများဖြစ်သော်လည်း အခုတော့ ဘကောင်းက အလွန်နိမ့်ကျသည့် မုဆိုးဆိုသည့် ပညာကိုသင်ယူမည်ဖြစ်သောကြောင့် အထူးအဆန်းအနေနှင့် ဘကောင်းကိုထွက်ကြည့်ကြသည်။

ဘကောင်းကတော့ သူ့အဖေပေးလိုက်သည့် ဝန်စည်စလွယ်များကို လွယ်ပိုးလျှက် ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့သည်။

''ဘကောင်း၊ နင်တကယ်ဆုံးဖြတ်ပြီးပြီလား''

''ခေါင်းဆောင်ရဲ့သားက မုဆိုးလုပ်မယ်တဲ့ဟေ့''

''နင့်အဖေကိုသေချာမေးကြည့်အုံး၊ နင်က သားအရင်းမှ ဟုတ်ရဲ့လား''

ရွာသားတွေ တစ်ယောက်တစ်ပေါက်အော်ဟစ်ပြောဆိုနေသံများကို ဘကောင်းက မသိကျိုးကျွန်ပြုကာ ဆက်လျှောက်လာခဲ့သည်။ ရွာသားတော်တော်များများကတော့ ဘကောင်းကို ဟားတိုက်လှောင်ပြောင်ကြသည်။ ဘကောင်းလဲ လျှောက်လာရင်း မီးငယ်တို့အိမ်ရှေ့အရောက်တွင် အိမ်ထဲမှပြေးထွက်လာသည့် မီးငယ်နှင့်ဆုံတွေ့သည်။ မီးငယ်က ဘကောင်းအနားသို့ပြေးလာပြီးနောက်

''ဘကောင်း၊ နင်ဘာလို့ မုဆိုးလုပ်ချင်တာလဲ''

ဘကောင်းက ပြုံးပြီးတော့

''ဘယ်သူမှမပြောနဲ့နော်၊ ငါက နင့်အတွက် မုဆိုးလုပ်ပေးမှာ''

မီးငယ်အံ့ဩသွားသည်။ ဘကောင်းပြောသည်ကိုလဲ နားမလည်သလိုကြည့်နေမိသည်။

''ဒီလိုလေ မီးငယ်ရဲ့၊ ငါတောင်လိုရွာက မုဆိုးကြီးဆီမှာ မုဆိုးအတတ်ပညာတွေ သင်ခဲ့မယ်၊ ပြီးရင် နင့်ကိုငါ ပြန်သင်ပေးမယ်လေ၊ ဒါဆိုရင်တော့ နင်အရမ်းဖြစ်ချင်နေတဲ့ မုဆိုးဖြစ်ပြီ၊ နင်အရမ်းတတ်ချင်နေတဲ့ မုဆိုးပညာတွေ နင်တတ်ပြီလေ၊ နောက်နင်ကြီးလာတဲ့တစ်နေ့ နင့်အဖေကို သတ်ခဲ့တဲ့ ဂျီလောကြီးကို နင်ပြန်လက်စားချေလို့ရမှာပေါ့ဟာ''

မီးငယ်မျက်ဝန်းထဲ မျက်ရည်တွေလျှံတက်လာသည်။ ထို့နောက် မီးငယ်က ဘကောင်းကိုဖက်လိုက်သည်။

''ဘကောင်းရယ်၊ နင့်ကိုကျေးဇူးတင်ပါတယ်၊ နင်ငါ့အတွက်နဲ့ နိမ့်ကျတဲ့မုဆိုးအဖြစ်ကို နင်တကယ်ခံယူတော့မှာလား''

''ဒါပေါ့ဟ၊ စိတ်မပူပါနဲ့၊ ငါပညာတွေတတ်ရင် နင့်ကိုငါအကုန်ပြန်သင်ပေးမယ်၊ ဟုတ်ပြီလား''

မီးငယ်ခေါင်းညိတ်ပြီးသည့်နောက် ဘကောင်းတစ်ယောက် ပေါ့ပါးသည့် ခြေလှမ်းများနှင့် ရွာပြင်သို့ဦးတည်ကာ လှမ်းလျှောက်သွားတော့သည်။ မီးငယ်ကတော့ ဘကောင်း၏ ကျောပြင်ကိုကြည့်ပြီးနောက်

''ကျေးဇူးတင်ပါတယ်ဘကောင်း၊ နင့်ကိုငါ အများကြီးကျေးဇူးတင်ပါတယ်''

တောင်ခါးပန်းပေါ်တွင်ရှိသည့် တောင်လိုရွာသို့ရောက်ရန်အတွက် နေ့တစ်ပိုင်းမျှတောင်တက်ရသည်။ တောင်တက်လမ်းတစ်လျှောက်လဲ အလွန်ထူထပ်သည့် မိုးသစ်တောကြီးကိုဖြတ်သန်းသွားရသည်။ သစ်တောအတွင်း လူသွားလမ်းအဖြစ် သူတို့လူမျိုးများသတ်မှတ်ထားသော လမ်းကြောင်းမှတက်ခဲ့ရသော်လည်း တောကြီးမျက်မည်းအတွင်းမှ ဖြတ်သန်းသွားရခြင်းဖြစ်သဖြင့် တောတွင်းသားရဲတိရစာန်များ၏ အော်ဟစ်သံများ၊ ဟိန်းဟောက်သံများကိုကြားနေရသည်။

နေ့တစ်ပိုင်းခန့်တက်ပြီးသောအခါ တောင်ခါးပန်းတွင် ကွေ့ပတ်တည်ထားသည့် တောင်လိုရွာသို့ရောက်ခဲ့ပြီဖြစ်သည်။ ရွာကလေးက အိမ်ခြေအစိတ်လောက်သာရှိပြီး တိတ်ဆိတ်နေသည်။ ရွာကိုစည်းရိုးခတ်ထားသည်ကိုတွေ့ရပြီးနောက် စည်းရိုးအနားတွင် အဘိုးအိုတစ်ယောက်က ဆေးတံထိုင်သောက်နေလေသည်။

''လူလေး၊ ဘာပညာသင်ဖို့လာခဲ့တာလဲ''

''ကျုပ် မုဆိုးပညာသင်ဖို့လာခဲ့တာပါ''

အဘိုးအိုမှာ အလွန်အံ့ဩနေဟန်ရသည်။ 

''မင်းတကယ်ပြောတာလား''

''တကယ်ပြောတာပါ၊ ကျုပ်က လူမျိုးစုခေါင်းဆောင် ဘိုးမိုင်ရဲ့သားအငယ် ဘကောင်းပါ''

ထိုအဘိုးအိုက ပိုပြီးမျက်လုံးပြူးသွားတော့သည်။

''မင်း၊ မင်းက လူမျိုးစုခေါင်းဆောင်ရဲ့သားဖြစ်ပြီး ဘာလို့မုဆိုးပညာကိုသင်ယူချင်ရတာလဲ''

''ဪဗျာ၊ မုဆိုးပညာသင်ပါတယ်ဆိုမှ မုဆိုးဖြစ်ချင်လို့ပေါ့ဗျ''

အဘိုးအိုက ခေါင်းညိတ်ပြီးနောက်

''မင်းလိုလူမျိုးစုခေါင်းဆောင်ရဲ့ သားတစ်ယောက်ကို သင်ကြားပေးရမှာဖြစ်တဲ့အတွက် ငါအရမ်းဂုဏ်ယူပါတယ်''

ဘကောင်းလဲမျက်မှောင်ကြုတ်လိုက်ပြီး

''ဒါနဲ့ အဘိုးကဘယ်သူလဲ''

''ငါ့နာမည် မုဆိုးကြီး ဘိုးထီး ပဲ''

ထို့နောက် ဘိုးထီးက ဘကောင်းကို သူ့အိမ်သို့ခေါ်ဆောင်သွားတော့သည်။ ရွာကလေး၏ အစွန်ဘက်၊ တဲကလေးတစ်လုံးဖြစ်သည်။ တဲထဲတွင်တော့ သားရဲတိရစ္ဆာန်တို့၏ အရိုးများ၊ အရေခွံများနှင့် ဦးခေါင်းခွံများက တဲအတွင်းပြန့်ကျဲနေသည်။

လူမျိုးစုဓလေ့ထုံးစံအတိုင်း ဆရာဖြစ်သူကို ပူဇော်သည့်လက်ဆောင်များပေးပြီးနောက်တွင်

''ကျုပ်ကိုတပည့်အဖြစ်လက်ခံပြီး ပညာကုန်သင်ကြားပေးပါဆရာ''

မုဆိုးကြီး ဘိုးထီးက ဆေးတံဖွာလျှက်

''ဒီလိုတွေလုပ်မနေပါနဲ့ကွာ၊ ငါနဲ့စကားပြောရင် ပုံမှန်အတိုင်းဆက်ဆံစမ်းပါ''

ခါးကုန်းပြီး အရိုအသေပေးနေသည့် ဘကောင်းပင် မတ်တပ်ရပ်လိုက်တော့သည်။ ဘိုးထီးက ဘကောင်းယူလာသည့် လက်ဆောင်များကို ဖွင့်ကြည့်နေသည်။ ဘကောင်းလဲ တဲအတွင်းပတ်ကြည့်ပြီးသည့်နောက်

''ဒါနဲ့ တခြားဘယ်သူမှ မုဆိုးပညာကို မသင်ယူကြဘူးလား''

ဆေးတံဖွာနေသော ဘိုးထီးတစ်ယောက်တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ 

''ဒါပေါ့ကွ၊ ဂျီလောကြီးသောင်းကျန်းပြီးနောက်ပိုင်း ဘယ်သူမှ မုဆိုးမဖြစ်ချင်တော့ဘူးလေ၊ မုဆိုးဆိုတာ အသားအတွက် တိရစာန်တွေဖမ်းတယ်၊ သားရေတွေရောင်းတယ်လေကွာ၊ အခုနောက်ပိုင်းတော့ အသားလဲ မင်းတို့ရွာမှာ မပူရတော့ဘူး၊ သားရေတွေအစားလဲ သားမွှေးတွေ၊ ခေတ်ပေါ် အဝတ်အထည်တွေ ကုန်သည်တွေက လာရောင်းချနေပြီဆိုတော့ ဘယ်သူက ဝတ်တော့လို့လဲ၊ ဒီတော့ မုဆိုးအလုပ်ကိုစွန့်လွှတ်လိုက်ကြတော့တာပေါ့၊ မင်းတို့ တောင်ပိုရွာမှာတောင် မုဆိုးရှိသေးလို့လား''

ဘကောင်းကသေချာစဉ်းစားလိုက်ပြီး

''သုံးလေးယောက်တော့ရှိပါတယ်၊ ဒါပေမယ့် သူတို့လဲ မုဆိုးလိုအသက်မမွေးတော့ပါဘူး၊ လယ်သမားတစ်ပိုင်းဖြစ်နေကြပါပြီ''

''ဒါပေါ့ကွ၊ ဒါကြောင့်မုဆိုးအတတ်ကို တလေးတစားနဲ့ ဘယ်သူမှမသင်ချင်တော့တာ''

တစ်မနက်ခင်းလုံး တောင်ပေါ်တက်လာရသဖြင့် ဘကောင်းမှာ အလွန်ဆာလောင်နေပြီဖြစ်ရာ

''ဒါနဲ့ ဗိုက်ဆာတယ်ဗျာ၊ ဘာစားစရာရှိသလဲ''

ဘိုးထီးကရယ်မောလျှက် မတ်တပ်ရပ်လိုက်သည်။

''ကောင်းပြီ၊ ဒါဆို မုဆိုးသင်ခန်းစာ နံပတ်တစ်စမယ်ဟေ့၊ မုဆိုးဆိုတာ ငတ်သေတယ်လို့မရှိဘူးကွ၊ နောက်ပြီး ဗိုက်ဆာလာရင်လဲ ကိုယ့်ဝမ်းစာအတွက် ကိုယ်ဖြေရှင်းတတ်ရတယ်''

ဘကောင်းက နားမလည်နိုင်သဖြင့် ခေါင်းကုတ်ပြီးကြည့်နေသည်။ ဘိုးထီးက လှံတစ်လက်ကို ဘကောင်းကိုလှမ်းပေးလိုက်ပြီးနောက် သူကိုယ်တိုင်လဲ လှံရှည်ကြီးကိုဆွဲကိုင်လိုက်ပြီး

''လာကွာ၊ ငါတို့စားဖို့ အမဲသွားလိုက်ကြမယ်''

ဘိုးထီးက အသက်အရွယ်ကြီးနေပြီဆိုသော်လည်း အလွန်လျှင်မြန်ဖြတ်လတ်သေးသည်။ လှံတစ်ချောင်းကိုကိုင်ပြီး ပြေးလွှားနေလေရာ အနောက်က ဘကောင်းပင် ဘိုးထီးကိုမီအောင် မနည်းပြေးလိုက်နေရသည်။

''မှတ်ထားကောင်လေး၊ မုဆိုးတွေရဲ့အသက်က လျှင်မြန်ခြင်းပဲ၊ မင်းဟာ မင်းရဲ့သားကောင်ထက် ပိုပြီးလျှင်မြန်နေရမယ်''

ပြေးလွှားရင်း ရွာမှထွက်ကာ တောစပ်သို့ရောက်လာကြသည်။ ထိုအခါ ဘိုးထီးက တောစပ်တွင်ရပ်လိုက်ပြီးနောက် ရင်ဘတ်ကိုကော့ကာ အသံရှည်ကြီးတစ်ခုကို အော်ဟစ်လိုက်သည်။

''ဝူး၊ ဟူး၊ ဝူး၊ ဟူး၊ ဝါး''

ဘကောင်းက နားမလည်နိုင်သဖြင့် ကြည့်နေမိသည်။ ဘိုးထီးက သူကျေနပ်တဲ့အထိအော်ဟစ်ပြီးတော့မှ ဘကောင်းဘက်သို့လှည့်လိုက်ပြီး

''မုဆိုးတစ်ယောက်တောထဲရောက်လာပြီ၊ သားကောင်တွေကို အမဲလိုက်တော့မယ်ဆိုတဲ့အကြောင်း အရင်အသိပေးရတာ မုဆိုးတွေရဲ့ စည်းကမ်းပဲကွ၊ ကဲ မင်းအလှည့်ပဲဘကောင်း၊ မင်းအော်တော့''

''ဝူး၊ ဟူး၊ ဝူး၊ ဟူး၊ ဝါး''

ဘကောင်းအော်သံကို ဘိုးထီးက မျက်မှောင်ကြုတ်ပြီး ကြည့်နေသေးသည်။

''မကြိုက်ဘူးကွာ တိုးသေးတယ်၊ ကျယ်ကျယ်အော်''

ဘကောင်းက နောက်တစ်ခါထပ်အော်ပြန်သည်။ 

''မကောင်းသေးဘူး၊ ပိုပြီးကျယ်ကျယ်အော်ကွာ''

ဘကောင်းက လှံကိုဆွဲကိုင်လျှက် အသက်၀၀ရှုပြီးနောက် ရင်ဘတ်ထဲမှ အားဖြင့် အားကုန်ထည့်ကာ အော်ဟစ်လိုက်တော့သည်။

''ဝူး၊ ဟူး၊ ဝူး၊ ဟူး၊ ဝါး''

ဘကောင်း၏အော်သံကြီးသည် ကူမွန်တောင်တန်းကြီးတစ်လျှောက် ပဲ့တင်ထပ်မျှ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။

အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#အခန်း
#ခေါင်းဆောင်
#ဘုရား
#မုဆိုး

Some text some message..