
အပိုင်း(၂)
အခန်း (၄)
''အူ၊ ဝူး၊ အူ၊ ဝူး၊ ဝါး''
တောအုပ်အတွင်းအော်သံကြီးက ပျံ့လွင့်လာသည်။ ထို့နောက် ချေငယ်တစ်ကောင်က ကြောက်လန့်တကြားနှင့် ခြေဦးတည့်ရာသို့ အပြေးအလွှားပြေးနေရသည်။ ထိုချေငယ်လေးနောက်တွင်တော့ အလွန်လျှင်မြန်စွာပြေးလွှားနေသည့် လူငယ်တစ်ဦးကိုတွေ့ရသည်။ ထိုလူငယ်၏ကိုယ်ခန္ဓာက ကျစ်လစ်နေပြီးနောက် ကြွက်သားအဖုဖုအတွေက ဖုထစ်လျှစ် အလွန်လက်ရာကောင်းသည့် ပန်းပုဆရာတစ်ယောက် ထုလုပ်ထားသည့်နှယ် ယောက်ျားပီသပြီး အလွန်ကြည့်ကောင်းနေသည်။ ထိုပြေးလွှားနေသည့် လူငယ်နောက်တွင်တော့ မိန်းမငယ်တစ်ယောက်က လိုက်လံပြေးလွှားနေသည်။ ထိုမိန်းမငယ်ကလေးမှာလဲ ဝင်းပသောအသားအရည်ရှိပြီး အလွန်နက်မှောင်သောဆံနွယ်တွေက ပြေးနေသည့်အရှိန်ကြောင့် လေပေါ်လွင့်ပျံနေသည်။
''မီးငယ်၊ ဒီချေကို နင်ရမလား၊ ငါရမလား''
''စောင့်ကြည့်လိုက်ပေါ့ ဘကောင်းရယ်''
ထိုပြေးလွှားနေသည့် လူနှစ်ဦးမှာ တစ်ဦးက ဘကောင်းဖြစ်ပြီး နောက်တစ်ဦးက မီးငယ်ဖြစ်သည်။ သူတို့ပြေးလွှားရင်း ဘကောင်းက လှံတစ်ချောင်းကိုစွဲကိုင်ထားပြီး အခွင့်ကောင်းကို စောင့်နေသည်။ ချေငယ်က သစ်ပင်များကြားတွင် ပြေးလွှားနေရင်း တစ်နေရာအရောက်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ မီးငယ်ကလဲ အချိန်မဆွဲနေတော့ဘဲ သူ့လက်ထဲတွင်ကိုင်ထားသည့် လေးကိုထုတ်လိုက်ကာ မြားတံတစ်ချောင်းကို လေးကြိုးတွင်တင်ကာ ညှို့နေအောင်ဆွဲလျှက် ပစ်ခတ်လိုက်တော့သည်။
''စီ၊ စီ''
ချေငယ်က ပြင်းထန်စွာအော်ဟစ်လိုက်သည်။ မြားတံက ချေငယ်၏ ဝမ်းဗိုက်ဘေးမှ ဖောက်ဝင်သွားသည်။ ချေငယ်ဟန်ချက်ပျက်သွားပြီး ပြန်လှည့်ပြေးမည်အလုပ်တွင် နောက်ထပ်မြားတံတစ်ချောင်းက ချေငယ်၏မျက်လုံးကိုဖောက်ထွက်သွားကာ ဦးနှောက်ထဲအထိတိုးဝင်သွားသည့်နောက် ချေငယ်မှာ အနောက်သို့သုံးလေးလှမ်းခန့်ဆုတ်ရင်း တောင်စောင်းမှပြုတ်ကျသွားတော့သည်။
ဘကောင်းက အချိန်မဆိုင်းတော့ဘဲ တောင်စောင်းတွင် တွယ်ကပ်ပေါက်နေသည့် နွယ်ပင်များကိုခိုစီးလိုက်ကာ အောက်သို့ပြုတ်ကျသွားသည့်ချေငယ်အား နွယ်ကြိုးစီးရင်း လမ်းခုလတ်တွင် ဖမ်းလိုက်ပြီးနောက် တောင်စောင်းပေါ်သို့ပြန်ပစ်တင်လိုက်ကာ ချောက်ကမ်းပါးကို ကုပ်တက်လာခဲ့သည်။
ချေငယ်အနီးတွင်တော့ မောပန်းလှသဖြင့်ထိုင်ပြီးအနားယူနေသည့် မီးငယ်ကိုတွေ့လိုက်ရသည်။ ဘကောင်းက မီးငယ်အနီးသို့လှမ်းလျှောက်လာသည်။
''မုဆိုးတစ်ယောက်က သူလိုက်မယ့်သားကိုကောင် သတ်ဖြတ်ရုံမဟုတ်ဘဲ သားကောင်ကိုရရှိအောင်လဲ တွေးတတ်ရသေးတယ် မီးငယ်ရဲ့''
ဘကောင်းက မီးငယ်နံဘေးတွင် ထိုင်ချလိုက်ပြီးနောက် ချေငယ်၏ နားရွက်ထိပ်ကို လှံသွားနှင့်လှီးဖြတ်လိုက်ကာ သူ၏ပါးစပ်နားတွင်ကပ်၍ တောပိုင်တောင်ပိုင်များကို ပူဇော်ပသသည့်အနေဖြင့် တတွတ်တွတ်ရွတ်ဆိုလျှက် ခပ်လှမ်းလှမ်းမြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
''ချေက ဆက်မပြေးဘူးဆိုတာ အရှေ့မှာချောက်ကမ်းပါးကြီးမှန်းကို သူသိလိုက်လို့ပဲမီးငယ်၊ ငါသာ အချိန်မီမကောက်နိုင်ရင် ဒီသားကောင်က သေတာပဲရှိမှာ၊ ငါတို့စားရမှာမဟုတ်ဘူး၊ ငါတို့မုဆိုးဆိုတာက သားကောင်ကို သတ်ဖြတ်ဖို့ သက်သက်ပဲမဟုတ်ဘူးမီးငယ်''
မီးငယ်က အသက်ကိုမနည်းရှူနေရသည်။ အသက်ပြင်းပြင်းရှူနေသဖြင့် မီးငယ်၏ ထွားကျိုင်းနုပျိုလှသည့် ရွှေရင်အစုံက နိမ့်ချည် မြင့်ချည်ဖြစ်နေသည်ကို ဘကောင်းတစ်ယောက် ရင်သပ်ရှုမောစွာ ကြည့်နေမိသည်။ ခဏကြာတော့မှ မီးငယ်က
''ဘယ်လိုလဲဘကောင်း၊ ဘာပဲဖြစ်ဖြစ် ချေကိုငါပစ်လိုက်နိုင်တာနော်''
ဘကောင်းခေါင်းညိတ်လိုက်သည်။
''မှန်ပါတယ်၊ နင်က မုဆိုးအတတ်အပြင် လေးပစ်လဲ အရမ်းတော်တာကိုတော့ ငါချီးကျူးပါတယ်''
''ဒါကတော့ဘကောင်းရယ်၊ အခုနောက်ပိုင်းဆို ငါအချိန်ရတိုင်း လေးပစ်တာပဲ လေ့ကျင့်နေခဲ့တာ၊ ဘာလို့လဲဆိုတာ နင်လဲသိမှာပါ''
''ငါသိပါတယ်မီးငယ်ရယ်၊ ဒါပေမယ့် ဂျီလောကြီးက ဒီတော၊ ဒီတောင်ကြီးပေါ်မှာ မပေါ်လာတာ တော်တော်ကြာနေပြီမဟုတ်လား''
မီးငယ်က ချေငယ်တွင် စိုက်ဝင်နေသည့် သူ၏ မြားတံများကို ပြန်လည်ဆွဲနှုတ်ရင်း
''အေးပါ၊ သူပြေးနိုင်တုန်းပြေးထားအုံးပေါ့၊ တစ်နေ့သူပေါ်လာတာနဲ့ ငါ့ရဲ့မြားစာမိပြီလို့သာ အောက်မေ့လိုက်ပေတော့''
ဘကောင်းက တဟားဟားနှင့် ရယ်မောလိုက်သည်။ ထို့နောက် ချေငယ်ကို ပုခုံးပေါ်ထမ်းတင်လိုက်ပြီးနောက် လှံကိုလက်တစ်ဖက်က ကိုင်ရင်း ရွာဆီသို့နှစ်ဦးသား အတူတူပြန်လာခဲ့ကြသည်။
ဘာလိုလိုနှင့် ဘကောင်းတို့ပင် အသက်တစ်ဆယ့်ငါးနှစ်ပြည့်ပြီးခဲ့ပြီဖြစ်သည်။ ဘကောင်းမှာ မုဆိုးပညာများကို မုဆိုးကြီး ဘိုးထီးထံမှ အကုန်အစင်သင်ကြားတတ်မြောက်ခဲ့သလို အမဲလိုက်ရာတွင်လဲ အလွန်ကျွမ်းကျင်နေခဲ့ပြီဖြစ်သည်။ ထို့အတူ ကျစ်လစ်သန်မာသည့် ယောက်ျားကြီးတစ်ယောက်အဖြစ် အရွယ်ရောက်ခဲ့ပြီဖြစ်သည်။ ဘကောင်းမုဆိုးပညာများသင်ယူနေဆဲမှာပင် အချိန်ရသည်နှင့် မီးငယ်အား သူတတ်ချင်သည့် မုဆိုးပညာများကို သင်ကြားပေးခဲ့သည်။ မီးငယ်လဲ နဂိုကတည်းက မုဆိုးဖြစ်ချင်သူဆိုတော့ ဘကောင်းထံမှပညာများကို စိတ်ဝင်တစားသင်ကြားခဲ့ရာ အခုဆိုလျှင် မုဆိုးတစ်ပိုင်းပင်ဖြစ်နေပြီဖြစ်သည်။
မီးငယ်လဲ အသက်ဆယ့် ငါးနှစ်ကျော်ခဲ့သည်မို့အလွန်လှပသည့် မိန်းကလေးတစ်ဦးအဖြစ် ဖွံဖြိုးလာခဲ့သည်။ ချီနေသောရင်သားများအောက်တွင်တော့ ချပ်ရပ်ပြီး သေးသွယ်သည့် ခါးရှိကာ ထို့အောက်တွင် ဘေးကိုကားလျှက်ဖြာဆင်းသွားသည့် တင်သားများနှင့်လှပသည့် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ မျက်တောင်ကော့ကော့ မျက်ဝန်းနက်နက်ကြီးတွေကလဲ အလှပေါ်အယဉ်ဆင့်သလိုဖြစ်နေတော့သည်။
သူတို့နှစ်ယောက် စနောက်လျှက် တောအတွင်းလမ်းလျှောက်လာကြရင်း တစ်နေရာအရောက်တွင် လူခြေရာတစ်ခုကိုတွေ့လိုက်ကြရသည်။ ဘကောင်းက မျက်ခုံးပင့်လျှက်
''ကဲ ငါ့တပည့်ကလေး၊ ဒီခြေရာကိုသေသေချာချာကြည့်လိုက်စမ်း''
မီးငယ်က ဘကောင်းကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီးနောက် ထိုင်ချလိုက်ကာ ခြေရာကိုသေချာကြည့်သည်။ ထို့နောက် ခြေရာဘေးတွင် လက်ဖဝါးကိုချပြီးတိုင်းကြည့်သည်။ ခြေရာအတွင်းကျန်နေခဲ့သည့် မြေမှုန့်များကို လက်ချောင်းကလေးများနှင့်ကိုင်ပြီး ပွတ်ကြည့်သည်။ ထို့နောက် ထိုလက်ချောင်းကလေးများကို ပြန်ပြီးနမ်းကြည့်သည်။
''လူစိမ်းပဲ''
''ဘာလို့ဒီလိုပြောနိုင်တာလဲ''
''ခြေရာကိုကြည့်လိုက်ရင် ထူးဆန်းတဲ့ဖိနပ်တစ်မျိုးဝတ်ထားတယ်၊ ငါတို့လို ခြေဗလာမဟုတ်ဘူး၊ နောက်ပြီးတော့ သူ့ခြေရာမှာကပ်နေတဲ့ သဲတွေကလဲ တစ်မျိုးပဲ၊ ဒီလူက လေးလံတဲ့အရာတစ်ခုခုကိုထမ်းပိုးထားပုံရတယ်၊ အရပ်ခပ်ပုပုနဲ့ပဲ''
ဘကောင်းက ပြုံးလိုက်သည်။
''မဆိုးပါဘူး၊ ဒီလူက ဗဒီးမဟုတ်ဘဲ ဘာလို့ဒီတောထဲကို ရောက်နေတာလဲ''
သူတို့ပြောနေကြစဉ်ပင် မကြာခင်တောကြီးအတွင်းမှ ကျားဟိန်းသံကြီးကိုကြားလိုက်ရသည်။ ကျားကြီးမှာ အော်ဟစ်နေပြီး တစ်စုံတစ်ခုနှင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ မီးငယ်လဲ ဘကောင်းကိုကြည့်လိုက်တော့ ဘကောင်းက လက်ထဲက ချေငယ်ကိုပစ်ချပြီးနောက် အသံကြားရာသို့ ပြေးလာခဲ့သည်။ မီးငယ်လဲ ဘကောင်းအနောက်က ပြေးလိုက်လာခဲ့သည်။
တစ်နေရာရောက်တော့ ဘကောင်းက မုဆိုးများသွားလာတတ်သည့်အတိုင်း ထိုင်ချရင်း ခပ်ကုန်းကုန်းနှင့်သွားလာနေသဖြင့် မီးငယ်လဲထိုအတိုင်းသွားလာရသည်။ ထိုနည်းက မုဆိုးများ တောအုပ်အတွင်း အသံမထွက်အောင် သွားလာခြင်းဖြစ်သည်။ သူတို့သွားပြီးသိပ်မကြာခင်တွင် တောအုပ်အတွင်းမီးတောက်များက မြက်ပင်တစ်ချို့ကိုမီးစွဲလောင်နေသည်ကိုတွေ့ရသည်။
ဘကောင်းက မျက်စပစ်ပြလိုက်ပြီးနောက် ဆက်လက်လျှောက်ခဲ့ကြရာ မကြာခင်တွင် တောင်ကြားလမ်းကလေးတစ်ခုကိုရောက်လာခဲ့ကြသည်။ လူတစ်ယောက်က ထိုတောင်ကြားကလေးထဲတွင် ဘယ်ဘက်ကိုကြည့်လိုက် ညာဘက်ကိုကြည့်လိုက်နှင့် ကျီးကန်းတောင်းမှောက်ကြည့်နေသည်။ ထိုသူက တစ်စုံတစ်ခုကို ရှာဖွေနေခြင်းဖြစ်သည်။ သူ့ပတ်ပတ်လည်တွင်တော့ လူတစ်ရပ်ခန့်မြင့်သည့် တောင်နံရံကလေးများရှိပြီး ကျောက်သားထုများဖြစ်သည်။
သူတို့ကြည့်နေစဉ်မှာပင် ထိုတောင်နံရံပေါ်မှ အဝါရောင်နှင့် အနက်ရောင်အစင်းကြားရှိသည့် ကျားကြီးတစ်ကောင်က ခုန်ဆင်းလာခဲ့သည်။ ထိုကျားကြီးမှာ အတော်ကြီးပြီး ကိုးတောင်ခန့်ရှိမည့် ကျားကြီးဖြစ်သည်။ ထိုကျားကြီးက ထိုလူအား နောက်မှခုန်အုပ်လိုက်ပြီးနောက် ချွန်ထက်သည့်လက်သည်းကြီးများနှင့်ထိုလူကို ပုတ်ထည့်လိုက်သည်။
ထိုလူ၏ ကျောပြင်ကြီးကွဲထွက်သွားကာ အတွင်းမှကလီစာများက ပွင့်အန်ထွက်လာသည်။ ထိုလူကလဲ ကျားကြီးကိုလက်ညှိုးထိုးပြီးနောက် မှော်ပညာများဖြင့်တိုက်ခိုက်လေသည်။ သူလက်ညှိုးထိုးရာနေရာများတွင် မိုးကြိုးကဲ့သို့ လျှပ်ပန်းများထွက်ပေါ်လာပြီး ထိမှန်ပေါက်ကွဲတော့သည်။ သို့သော် ကျားကြီးက ခုန်ရှောင်လိုက်ပြီးနောက် တောင်ကမ်းပါးပေါ်ပြန်ခုန်တက်သွားသည်။
''အဲ၊ အဲဒါ ဂျီလောကြီးပဲ''
မီးငယ်က ပြောလိုက်သည်။ ဂျီလောဆိုသည့် ကျားကြီးမှာ ကိုးတောင်ခန့်ရှိပြီး ကျားမကြီးဖြစ်သည်။ သူ၏ကျောကုန်းတွင် ဓါးဖြင့်အခုတ်ခံထားရသည့်အလွန်ကြီးမားသည့် အမာရွတ်ကြီးရှိကာ မျက်လုံးတစ်ဖက်လဲပေါက်နေသဖြင့် ဂျီလောကြီးမှန်း အလွယ်တကူခွဲခြားသိနိုင်သည်။
မီးငယ်က လေးကိုအသင့်ပြင်လိုက်တော့ ဘကောင်းက မီးငယ်လက်ကိုဆွဲလိုက်သည်။
''စိတ်မလောနဲ့မီးငယ်၊ ဂျီလောကြီးမှန်ရင် အရမ်းပရိယာယ်များမှာပဲ၊ ဒီကျားကြီးက အရမ်းစဉ်းလဲ ကောက်ကျစ်တယ်နော်၊ မုဆိုးကနေ သားကောင်ဖြစ်သွားအုံးမယ်''
ဘကောင်းအကြံပေးတာလဲမှန်သည်။ အခုတောင်မှ ထိုမှော်ပညာရှင်အား ဂျီလောကြီးက တိုက်ရိုက်တိုက်ခိုက်ခြင်းမပြုဘဲ ကျားတို့၏ထုံးစံအတိုင်း ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေသည်။ ထိုမှော်ပညာရှင်မှာ နောက်ကျောကြီးပွင့်နေကာ သွေးတွေအလွန်ထွက်နေသဖြင့် ခြေများပင်မခိုင်နိုင်အောင်ဖြစ်နေတော့သည်။ ကျားကြီးဘယ်ကထွက်လာမလဲဆိုပြီး ကြောက်လန့်တကြားကြည့်နေစဉ်ပင် ကျားကြီးက ထိုလူ၏ အပေါ်ဘက်တောင်ကမ်းပါးဆီမှ အရှိန်ဖြင့်ခုန်ဆင်းလာပြီးနောက် ထိုလူ၏ လည်ကုပ်အား ကိုက်ခဲလိုက်တော့သည်။ မှော်ပညာရှင်မှာ ဗလုံးဗထွေးအော်ဟစ်ပြီးနောက် လှုပ်ရှားနေသေးသည်။ ထိုစဉ်တွင် မီးငယ်က ဂျီလောကြီးအား မြားဖြင့်လှမ်းပစ်ခတ်လိုက်တော့သည်။ မီးငယ်ပစ်ခတ်လိုက်သည့်မြားက ဂျီလောကြီး၏ လက်ပြင်ကိုမထိဘဲ လက်မောင်းကိုသာ ထိုးဝင်သွားသည်။
ဂျီလောကြီးလဲ မီးငယ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် တောအုပ်အတွင်းသို့ လူသေကောင်ကိုချီလျှက် ဝင်ပြေးသွားသည်။ မီးငယ်လဲ ချက်ချင်းထလိုက်သည်။ ဘကောင်းက မီးငယ်လက်ကိုဆွဲထားသည်။
''မီးငယ်မလိုက်နဲ့''
''လွှတ်စမ်းဘကောင်း၊ ငါဒီအခွင့်အရေးကိုစောင့်နေခဲ့တာကြာပြီ၊ ဒီနေ့တော့ အခွင့်အရေးက ငါ့ဆီရောက်လာပြီ၊ ဒီနေ့ ဂျီလောကြီးသေရင်သေ၊ မသေရင်တော့ ငါအသေပဲ''
မီးငယ်က ဘကောင်းလက်ကိုပုတ်ချပြီးတောအုပ်အတွင်းဝင်ပြေးသွားရာ ဘကောင်းလဲ လှံတစ်ချောင်းဆွဲကိုင်လျှက် မီးငယ်အနောက်သို့ပြေးလိုက်လာခဲ့သည်။ ဂျီလောကြီးကို ခြေရာခံရသည်မှာ လွယ်ကူသွားသည်။ လက်တစ်ဖက်တွင် ဒဏ်ရာရထားသလို၊ လူကိုလဲ ကိုက်ချီထားသည်မို့ ခြေရာနှင့် သွေးကွက်များကို အတိုင်းသားမြင်ရသည်၊ သို့သော် ဂျီလောကြီးက လူသားစားကျားကြီးမို့ ပါးနပ်သည်။ တောင်ကျစမ်းချောင်းကလေးတစ်ခုနားအနီးသို့ရောက်သည့်အခါတွင် ဂျီလောကြီး၏ ခြေရာများပျောက်သွားသည်။
အောက်ခံမြေကကျောက်သားများ၊ ကျောက်တုံးများဖြစ်သည့်အတွက် ခြေရာမထင်တော့၊ သွေးစက်များကျပါကလဲ ချောင်းရေနှင့်မျောပါသွားနိုင်သည်မို့ သွေးစက်အတိုင်းလိုက်၍မရနိုင်တော့။ မီးငယ်လဲ ချောင်းစပ်တွင်မတ်တပ်ရပ်ကာ တွေဝေနေသည်။
''တောက်၊ တော်တော်ကောက်ကျစ်တဲ့ကျားကြီးပဲ၊ သူချောင်းကိုများဖြတ်သွားလား၊ ဒါမှမဟုတ် ချောင်းရိုးအတိုင်းပဲဆင်းပြေးသွားသလား''
မီးငယ်ရပ်ကာ စဉ်းစားနေချိန်တွင် ဂျီလောကြီးက မီးငယ်အနောက်တွင် ရောက်ရှိနေခဲ့သည်ကို မီးငယ်သတိမထားမိပေ၊ မီးငယ်ခေါင်းထဲတွင် ဂျီလောကြီးကို မိဖို့အတွက်သာ အာရုံစူးစိုက်ထားသည်မို့ ပတ်ဝန်းကျင်အခြေအနေကို သတိတစ်ချက်မေ့နေခဲ့သည်။ ကောက်ကျစ်လှသည့်ကျားကြီးမှာ မီးငယ်ကိုမျက်ခြေဖြတ်ထားပြီး တစ်ဖန်ပြန်လည်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ တွေဝေနေသော မီးငယ်က ချောင်းကိုဖြတ်ကူးဖို့ ကြိုးစားလိုက်သည်။ ဂျီလောကြီးကလဲ မြေတွင်ဝပ်လိုက်ပြီးနောက် မီးငယ်ကို ခုန်အုပ်ဖို့ပြင်လိုက်ကာ ရှေ့သုံးလေးလှမ်းလှမ်းလိုက်ပြီးနောက် မီးငယ်ကိုခုန်အုပ်လိုက်တော့သည်။
''ဝေါင်း''
လှံသွားတစ်ခုက ဂျီလောကြီး၏ ပါးစောင်ကိုဖောက်ဝင်သွားသည်။ ဘကောင်းသာ အချိန်မီမရောက်ခဲ့လျှင် မီးငယ်အသက်ဆုံးပြီဖြစ်သည်။ ဂျီလောကြီး၏ ခုန်အုပ်မှုအားကြောင့် ဘကောင်းနှင့် ဂျီလောကြီးမှာ လုံးထွေးလျှက် စမ်းချောင်းအတွင်းသို့ ကျသွားသည်။ စမ်းချောင်းရေထဲတွင် ဘကောင်းနှင့် ဂျီလောကြီးတို့ ဘတစ်ပြန် ကျားတစ်ပြန် လုံးထွေးသတ်ပုတ်နေကြသည်ကို မီးငယ်က ကြောင်အမ်းအမ်းနှင့်ကြည့်နေမိသည်။ ချောင်းရေထဲတွင် သွေးရောင်တွေက နီရဲပြီးတက်လာသည်။ ဘကောင်းလက်မောင်းများ၊ ပေါင်များတွင်လဲ ကျားကုတ်ခံရသဖြင့် အသားတွေစုတ်ပြဲနေကာ သွေးတွေထွက်နေသလို ဂျီလောကြီးမှာလဲ လှံဖြင့်ထိုးခံထားရသဖြင့် ပါးစောင်ကြီးပေါက်နေပြီး သွေးတွေစီးကျနေသည်။
''မီးငယ်၊ ပစ်''
ဘကောင်းဗလုံးဗထွေးအော်လိုက်မှ မီးငယ်လဲ သတိကပ်သွားပြီးနောက် လေးနှင့်မြားကိုထုတ်ကာ ထိုးချိန်လိုက်သည်။ လုံးထွေးနေသည့် ဘကောင်းနှင့် ဂျီလောကြီးကိုပစ်ခတ်ဖို့အတွက် အတော်ကလေးကို ချိန်နေရသည်။ နောက်ဆုံးတော့ မျက်စိစုံမှိတ်ပြီး ဂျီလောကြီးကိုပစ်ချလိုက်သည်။
အလွန်ကျယ်လောင်သည့် ကျားဟိန်းသံကြီးထွက်ပေါ်လာပြီးနောက် ဂျီလောကြီးမှာ ရေထဲမှပြေးတက်လာသည်။ သူ၏ လက်ပြင်တွင်တော့ မီးငယ်ပစ်လွှတ်လိုက်သည့် မြားတံက စိုက်ဝင်နေသည်။ ဂျီလောကြီးက မတိုက်ခိုက်တော့ဘဲ ချောင်းရိုးအတိုင်းဆင်းပြေးတော့သည်။ မီးငယ်လဲ ဂျီလောကြီးအနောက်သို့ ပြေးလိုက်လာခဲ့သည်။ ဘကောင်းလဲ မီးငယ်နောက်ဆက်၍ပြေးလိုက်လာသည်။
ချောင်းရိုးအတိုင်းဆင်းသွားပြီး တစ်နေရာအရောက် တောင်ကမ်းပါးရံကြီးတွင် ကျောက်ထပ်ကြီးများအကြား ကျောက်ဂူကြီးတစ်ခုဖြစ်ပေါ်နေသည်။ မီးငယ်နှင့် ဘကောင်းလဲ အလွန်သတိထားပြီးနောက် ထိုကျောက်ဂူကြီးအတွင်းသို့ ဝင်သွားကြသည်။ ကျောက်ဂူအတွင်း မှောင်မဲနေသည်။ ဂူအတွင်းပိုင်းသို့သိပ်မရောက်သေးခင်မှာပင် အဝါရောင်အစင်းကျားကြီးနှင့် ဂျီလောကြီးမှာ လဲကျသေဆုံးနေပြီဖြစ်သည်။ ဘကောင်းက စိတ်ချရအောင် လှံရိုးနှင့်ထိုးရိုက်ကြည့်သော်လည်း ဂျီလောကြီးမှာ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သဖြင့် တုတ်တုတ်မျှမလှုပ်တော့။
''သမီးလုပ်နိုင်ပြီ၊ သမီးလုပ်နိုင်ခဲ့ပြီအဖေ''
မီးငယ်ကပြောရင်း ငိုကြွေးနေမိသည်။ သူ့အတွေးထဲတွင်တော့ သူငယ်စဉ်က မြင်ဖူးသည့် အဖြစ်အပျက်တစ်ချို့ကို ပြန်မြင်ယောင်လာသည်။ ထိုစဉ်က မီးငယ် အသက် ခုနစ်နှစ်ခန့်သာရှိသေးဦးမည်ဖြစ်သည်။ တစ်ညတော့ ရွာသားများက အဖေ့ကိုထမ်းလာပြီး အိမ်ရှေ့တွင်ချလိုက်ကြသည်။ ဖခင်ပြန်လာသဖြင့် မီးငယ်လဲ ပျော်ရွှင်စွာပြေးထွက်လာသည်။ သို့သော် ဖခင်ဖြစ်သူမှာ ရင်ဘတ်ကြီးပွင့်နေလျှက် သွေးတွေက မြင်မကောင်းအောင်ထွက်နေသည်။
''အဖေ၊ အဖေ''
'''သ၊ သမီး၊ အဖေလေ ဂျီလောကြီးရဲ့မျက်လုံးတစ်ဖက်ကိုရလိုက်တယ်''
ရွာသားများစုရုံးလာကြပြီးနောက် ရွာလူကြီးဘိုးမိုင်လဲ ပြေးလာသည်။
''ဘိုးမိုင် သူ့ကိုကယ်ပါအုံး၊ ကျွန်မယောက်ျားကို ကယ်ပေးပါအုံးရှင်''
ဘိုးမိုင်က ကြည့်လျှက် ခေါင်းကိုလေးဖင့်စွာခါပြသည်။ မီးငယ်အမေ ငိုတော့သည်။ မီးငယ်လဲ သွေးတွေစွန်းလျှက် စေးကပ်နေသည့် အဖေ့လက်ကိုကိုင်ထားရင်း အဖေက
''သမီးအလှည့်ကျရင်တော့၊ ဒီဂျီလောကြီးရဲ့အသက်ကိုရအောင်ယူပေးပါ''
အဖေငြိမ်ကျသွားသည်။ ဘိုးမိုင်က စမ်းသပ်ပြီးနောက် အဖေ့မျက်လုံးတွေကို မှိတ်ပေးလိုက်သည်။
''သူကတော့ မြေနတ်ဘုရားဆီကို ပြန်သွားခဲ့ရပေပြီ''
ထိုမြင်ကွင်းကို ယခုတိုင်မီးငယ် မမေ့ပျောက်နိုင်သေးပေ၊ အဖေပြောခဲ့သည့်စကားကြောင့် ဂျီလောကြီးကို ပြန်လက်စားချေဖို့အတွက် တစ်ဘ၀လုံးကြံရွယ်ခဲ့ရသည်။
''အခုတော့ရပြီအဖေ၊ အဖေပြောသလို ဂျီလောကြီးရဲ့အသက်ကို သမီးရလိုက်ပြီ''
ဘကောင်းက သစ်တုံးတစ်ခုပေါ်တွင် သစ်သားချောင်းတစ်ခုကို လှည့်ပြီးနောက် မီးမွှေးလိုက်သည်။ မီးပုံကြီးတစ်ပုံဖြစ်သွားသည့်အခါမှ ဂူအတွင်းသို့ဝင်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
အခန်း(၅)
မှောင်မည်းနေသည့် ဂူအတွင်းသို့ မီးတုတ်အားကိုးနှင့်ဝင်ခဲ့သည်။ လဲလျှောင်းသေဆုံးနေသည့် ဂျီလောကြီး၏ ဝမ်းဗိုက်နားတွင် လှုပ်ရှားနေသည်ကိုတွေ့လိုက်ရသဖြင့် ဘကောင်းက မီးငယ်ကိုဟန့်တားလိုက်သည်။
''မသေသေးတာများလား''
သူတို့သေသေချာချာ အနီးကပ်ကြည့်တော့မှ သေဆုံးနေသည့် ဂျီလောကြီး၏ နို့ကို တလှုပ်လှုပ်နှင့်စို့နေသည့် ကျားပေါက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။
''ဟင်၊ ကျားပေါက်လေးပါလား၊ ဂျီလောကြီးရဲ့ကလေးထင်တယ်''
ဘကောင်းက လှံကိုမြှောက်တင်လိုက်ပြီး ကျားပေါက်ကလေး၏ ခေါင်းကိုထိုးစိုက်လိုက်ဖို့ ပြင်ဆင်လိုက်သော်လည်း မီးငယ်က ဘကောင်းကိုဟန့်တားလိုက်သည်။
''မလုပ်ပါနဲ့ဘကောင်းရယ်၊ ကျားကလေးကြည့်ရတာ သနားစရာကလေးပါ''
ကျားကလေးက သေဆုံးနေသည့် မိခင်ကျားမကြီးနို့ကို အငမ်းမရစို့နေတော့သည်။ မီးငယ်လဲ သနားသွားပြီးနောက် ကျားကလေးကို ပွတ်သပ်ပေးနေမိသည်။
ကျားကလေးမှာ အသက်လပိုင်းမျှပင်ရှိသေးသည်။ ထိုအချိန်မှာပင် ဘကောင်းကတော့ ဂူအတွင်းသို့ လှည့်ပတ်ကြည့်နေမိသည်။ ဂူအတွင်းတွင်တော့ အပုပ်နံ့က တထောင်းထောင်းထနေသည်။ အတွင်းတွင် လူအရိုးများ၊ တိရိစ္ဆာန််အရိုးများကိုတွေ့ရသည်။
ပုံပျက်ပန်းပျက်ဖြစ်နေသည့် အလောင်းကောင်တွေက ပုပ်ပွနေသဖြင့် နံစော်နေသည်။ တစ်နေရာအရောက်တွင် လူအရိုးပုံကြီးကိုတွေ့ရသည်။ အရိုးများက နှစ်ပေါင်းများစွာကတည်းက စားသောက်ထားသည်ထင်သည်၊ တောင်လိုပုံနေတော့၏။
ဘကောင်းစပ်စုရင်း ထိုလူအရိုးပုံကြီးနားတွင် ဝင်းလက်နေသည့်အရာတစ်ခုကို သတိထားလိုက်မိသည်။ သို့နှင့် ထိုဝင်းလက်နေသည့်အရာကို သွားကောက်ကြည့်လိုက်ရာ ပယင်းကျောက်နက်ကလေးတစ်ခုကို တွေ့လိုက်ရသည်။
''ဒါ လူတစ်ယောက်ယောက်ရဲ့ဟာဖြစ်မယ်၊ ဂျီလောကြီးစားသောက်ထားတဲ့ လူက ကျန်ခဲ့တာဖြစ်မယ်''
ထိုပယင်းကျောက်နက်ကလေးကို ကောက်ကိုင်လိုက်သည့်အခါတွင် ဘကောင်းတစ်ယောက်လေပေါ်ပျံသွားသလိုလို၊ မိုးပေါ်ကနေပြုတ်ကျသလိုလို တစ်ကိုယ်လုံးပေါ့ပါးသွားပြီးနောက် တစ်ကိုယ်လုံးလဲ ဖိန်းတိန်းရှိန်းတိန်းဖြစ်လာခဲ့သည်။
''ဘာ၊ ဘာဖြစ်တာလဲ''
ထိုအရာက လည်ဆွဲကလေးတစ်ခုဖြစ်သည်။ ချည်သားနှင့်ပြုလုပ်ထားသည့်ကြိုးဖြစ်ပြီး လည်ဆွဲကလေးတွင်တော့ အနက်ရောင်ပယင်းကျောက်တုံးကလေးတစ်ခုကို တပ်ဆင်ထားသည်။ ပယင်းကျောက်နက်ကလေးမှာ တြိဂံပုံစံ သုံးမြှောင့်ချွန်ဖြစ်သည်။
''အတော်ပဲ၊ ငါနဲ့ထိုက်လို့ ငါရတာ''
ထိုသို့ပြောပြီး ထိုလည်ဆွဲကလေးကို လည်တွင်ဝတ်ဆင်လိုက်တော့သည်။ ထိုလည်ဆွဲကလေးနှင့်အတူ ထူးဆန်းသည့် ခြင်းတောင်းတစ်ခုကိုလဲတွေ့ရသည်။ ထိုခြင်းတောင်းထဲတွင်တော့ အရိုးများရှိပြီး ထိုအရိုးများပေါ်တွင် ပုံတွေရေးခြစ်ထားသည်။ ပုံတွေဆိုသော်လည်း စာလုံးတွေဖြစ်ဖို့များသည်။ ဘကောင်းကတော့ နားမလည်သဖြင့် လျှောက်ကြည့်နေမိသည်။
''ဘာတွေရေးထားတာလဲမသိဘူး''
ဂူထဲက ပြန်ထွက်ခဲ့တော့ မီးငယ်က ကျားကလေးကို ပွတ်သပ်နေလေသည်။ ဘကောင်းက ခေါင်းခါလိုက်ပြီးနောက်
''မဖြစ်ဘူးမီးငယ်၊ ဒီအတိုင်းထားရင် သူသေသွားလိမ့်မယ်၊ သူက အစားအစာရှာမစားတတ်သေးဘူးလေ''
''ငါမွေးမယ်၊ ငါသူ့ကိုမွေးချင်တယ်''
''ဖြစ်ပါ့မလားမီးငယ်ရယ်''
''ဖြစ်ပါတယ်၊ ငါသူ့ကိုအမဲလိုက်ပြီးတော့ သားကောင်တွေရှာကျွေးမယ်လေ''
တားမရသည့်အဆုံး ဘကောင်းခေါင်းညိတ်ပြလိုက်သည်။ သူတို့က ကျားကလေးကို ထိုဂူထဲတွင်ထည့်ကာ ဂူအဝကို သစ်လုံးများနှင့် တံခါးလုပ်ပြီး ပိတ်ထားခဲ့သည်။ ဂျီလောကြီးကို သူတို့သတ်ဖြတ်ခဲ့ကြောင်းပြောလျှင်လဲ မည်သူမှယုံမည်မထင်သဖြင့် ကျားကြီးကိုဖျက်ပြီး အရေခွံကိုတော့ ကျားကလေးအိပ်နိုင်အောင် ဂူအတွင်းထားပေးခဲ့သည်။
ကျားကလေးကိုတော့ ဂျီလောကြီးရဲ့ ကလေးဖြစ်သဖြင့် ဂျီရားဟု အမည်ပေးလိုက်ကြသည်။
နောက်ပိုင်း မီးငယ်က အမဲလိုက်ပြီး ကျားကလေးကို အသားကျွေးမွေးသည်။ ဘကောင်းကတော့ ဂူထဲကရသည့် ဘာရေးထားမှန်းမသိသည့် အရိုးတွေကိုသာကြည့်ရင်း အချိန်ကုန်နေမိတော့သည်။
ရက်မှလပြောင်း၊ လမှနှစ်ပြောင်းကာ အချိန်တွေကုန်ဆုံးခဲ့တော့သည်။ အချိန်အားဖြင့် နှစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မီးငယ်လဲ ကျားမိခင်တစ်ယောက်ဖြစ်လာခဲ့သည်။ ကျားကလေးမှာ အတော်ပင်ကြီးထွားနေခဲ့ပြီဖြစ်သည်။
ဘကောင်းက လူမျိုးစုခေါင်းဆောင်၏ သားဆိုသော်လည်း တစ်ရွာလုံးက သူ့ကိုမလေးစားကြပေ၊ အကြောင်းမှာ အဆင့်အတန်းနိမ့်သည့် မုဆိုးတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။ သူ့အကိုဘသောင်းကတော့ ထိုသို့မဟုတ်ပေ၊ ရွာတွင် မှော်ပညာရှင်တစ်ဦးဖြစ်နေခဲ့ပြီးနောက် ရွာသားများအားလုံးက လေးစားကြသည်။ နောက်တက်မည့်လူမျိုးစုခေါင်းဆောင်မှာ ဘသောင်းဖြစ်မည်ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပေ။
ဘကောင်းက တောဝက်တစ်ကောင်ကိုထမ်းပြီး
ခြံထဲသို့ ဝင်လာတော့ ဘသောင်းက မျက်နှာကိုရှုံ့မဲ့လျှက်
''ဟေ့ကောင်ဘေကာင်း၊ မင်းမုဆိုးအလုပ်ကို စွန့်လွှတ်စမ်းကွာ၊ မင်းတော့မရှက်ပေမယ့်မင်းအစားငါရှက်တယ်''
''အိုဗျာ၊ အကိုဘသောင်းကလဲ ဘာရှက်စရာရှိလို့လဲ''
''မင်းကလေ ပြောလေကဲလေပါလား၊ တို့တစ်မျိုးတစ်ဆွေလုံးမှာ မင်းလိုမျိုး ညစ်ပတ်ပတ်နဲ့ အောက်တန်းစား မုဆိုးတစ်ယောက်မှ မရှိခဲ့ဘူးကွ''
ဘသောင်းပြောစကားက ဘကောင်းအရှိုက်ကိုထိစေသည်။
''ဒါဆိုလဲ ကျုပ်ကိုသင်ပေးလေ၊ ခင်ဗျားတို့တတ်တဲ့ မှော်ပညာသင်ပေးလေ''
''ဒါကတော့မင်း အဖေ့ကိုသွားမေးရမှာပဲ၊ မင်းကိုဘာလို့ မှော်ပညာမသင်ခိုင်းသလဲဆိုတာတော့ ငါလဲဘယ်သိမလဲ၊ တစ်ခါတစ်လေ အဖေ့ကိုငါ သံသယရှိမိတယ်''
''ဘာသံသယလဲ''
''မင်းက သူနဲ့ရထားတဲ့သား အရင်းမှ ဟုတ်ရဲ့လားလို့ပေါ့''
''အကိုဘသောင်း ခင်ဗျားကို ကျုပ်အကိုဆိုပြီးတော့ ကျုပ်သည်းခံနေတာ၊ ခင်ဗျားလွန်နေပြီနော်''
ဘကောင်းက လှံကိုကိုင်လိုက်ပြီးနောက် ဘသောင်းကိုထိုးချိန်လိုက်သည်။ ဘသောင်းက ပြုံးလျှက်
''အောင်မာ၊ မင်းက ငါ့ကိုဘာလုပ်ချင်လို့လဲ''
သဘောင်းက ပါးစပ်ကတစ်ခုခုကိုရွတ်ဆိုလိုက်သည့်အခါတွင် ဘကောင်းကိုင်ထားသည့် လှံတံမှာ မီးစ၊ မီးခဲတစ်ခုလို ပူလောင်လာသဖြင့် ဘကောင်းလှံကိုလန့်ပြီးလွှတ်ချလိုက်မိသည်။ လှံက မြေပြင်ပေါ်ရောက်သည့်အခါတွင် မီးသွေးခဲဖြစ်သွားသည်။
''လုပ်ပါအုံးဘကောင်းရဲ့၊ မုဆိုးကြီးရဲ့၊ မင်းလှံဘယ်မှာလဲ၊ ဟား၊ ဟား၊ ဟား''
ဘသောင်းရယ်မောတော့ ဘသောင်းရဲ့သူငယ်ချင်းများသာမက အိမ်ရှိလူများပါ ဝိုင်းရယ်မောကြတော့သည်။ ဘကောင်းလဲ ဆက်ပြီးရန်မဖြစ်ချင်တော့၊ အကိုဖြစ်သူ ဘသောင်း၏ မှော်ပညာကိုလဲ သူပြန်လည်တုံ့ပြန်နိုင်မည်မဟုတ်သဖြင့် တောဝက်ကိုကောက်ထမ်းလိုက်သည်။
ထိုအခါ ဘသောင်းက ပြီတီတီရယ်မောလျှက် လက်ဖျောက်တစ်ချက်တီးလိုက်ရာ တောဝက်ကြီးမှာ ကြက်ဖကြီးတစ်ကောင်ဖြစ်သွားတော့သည်။
''ငါ့ညီရာ မင်းကြက်သားစားချင်တယ်ဆိုရင်လဲ ခြံထဲမှာဖမ်းလို့ရပါတယ်၊ တကူးတက တောထဲသွားဖမ်းစရာမလိုပါဘူးကွ''
''ဟား၊ ဟား၊ ဟား''
လှောင်ပြောင်ရယ်မောသံများကို မခံချင်တော့သည်မို့ ဘကောင်းတစ်ယောက် ကြက်ဖကြီးကိုပစ်ချလိုက်ပြီးနောက် အိမ်မှထွက်လာခဲ့တော့သည်။
''မီးငယ်၊ ငါနင့်ကိုချစ်တယ်၊ ငါနင့်ကိုလက်ထပ်ယူမယ်''
ကျယ်ပြောလှသည့် ကောင်းကင်ကြီးကိုငေးကြည့်ရင်း ဘကောင်းတစ်ယောက်စိတ်ကူးယဉ်နေမိသည်။ ညကောင်းကင်ကြီးတွင် ကြယ်တွေထွန်းလင်းလျှက်ရှိသည်။ ထိုကြယ်ကလေးများထဲတွင် မီးငယ်၏ လှပသော မျက်နှာကလေးကို မြင်ယောင်နေမိသည်။ တစ်ချိန်က အတူတူကစားဖော်ဖြစ်ခဲ့သောမီးငယ်၊ အတူတူအမဲလိုက်ဖော်လိုက်ဖက်မီးငယ်၊ ထိုသူနှင့်မှ လက်မထပ်ရလျှင် ဘကောင်းတစ်ယောက်ကို ရွာတွင်လက်ထပ်မည့်သူမရှိပေ။ မီးငယ်ကိုသူချစ်သည်။ မီးငယ်လဲ သူ့ကိုချစ်နေမှာအမှန်ဖြစ်သည်။ သူတို့နှစ်ယောက်ပေါင်းဖက်ပြီးတော့ သားသမီးတွေမွေးကြမည်၊ စိတ်ကူးနှင့် ဘကောင်းမှာ ပြုံးလျှက်ရှိသည်။
ထိုနေ့က သူတို့ရွာတွင် မင်္ဂလာအခမ်းအနားကျင်းပသည့်ပွဲဖြစ်သည်။ အရွယ်ရောက်ပြီးသည့် လူပျိုများက ရွာမှအပျိုများကို တောင်းရမ်းရသည့်ပွဲ သတို့သမီးတောင်းပွဲဖြစ်သည်။ ထိုသို့တောင်းရမ်းရာတွင် ထိုမိန်းကလေးကို အခြားလူပျိုတစ်ဦးက ကြိုက်နှစ်သက်လျှင် ထိုလူပျိုက ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ထို့နောက် ထိုလူပျိုနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်ရင်း မိန်းကလေးကို အပြိုင်လုရသည်။ အနိုင်ရသည့်လူက ထိုမိန်းကလေးကို လက်ထပ်ထိမ်းမြားရသည်။
ရွာလယ်တွင် မင်္ဂလာမဏ္ဍပ်ကြီးကို ပြင်ဆင်ထားပြီး ပန်းများ၊ သစ်ရွက်သစ်ခက်များနှင့် အလှဆင်ထားသည်။ မဏ္ဍပ်အလယ်တွင် မီးပုံရှိပြီးနောက် ရွာမှ အပျိုလူပျိုများက မီးပုံနံဘေးတွင် ဝိုင်းဖွဲ့ကာ ကခုန်နေကြသည်။ ထိုနေ့တွင် အဖြူရောင်ပိတ်အပါးလေးဝတ်ထားသည့် မီးငယ်မှာ အလွန်ပင်လှပလျှက်ရှိသည်။ ဘကောင်းက မီးငယ်ကိုကြည့်ပြီး ပြုံးပြလိုက်တိုင်း မီးငယ်က ရှက်သွားဟန်နှင့် အကြည့်လွှဲသွားတတ်သည်။
''ဒူ''
မောင်းထုသံကြီးထွက်လာပြီးနောက် မင်္ဂလာအခမ်းအနားစတင်ပြီဖြစ်သည်။ ဘိုးမိုင်က မတ်တပ်ရပ်လိုက်ပြီးနောက်
''ယနေ့ကတော့ ရွာမှာရှိတဲ့ လူပျို၊ အပျိုတွေအတွက် သတို့သမီးတောင်းရမ်းပေးမယ့် မင်္ဂလာအခမ်းအနားဖြစ်ပါတယ်၊ ဒီတော့ ရှေးဘိုးဘေးတွေရဲ့ ထုံးစံအတိုင်း ငါတို့ကျင်းပကြမယ်''
ဘကောင်းက အဖေဖြစ်သူနားသို့ ကပ်လိုက်သည်။
''အဖေ သားလဲဒီနေ့ မိန်းမယူမယ်နော်''
''အံမယ် ငါ့သားက ကြိုက်နှစ်သက်တဲ့သူ တွေ့ထားလို့လား''
ဘကောင်းပြုံးလျှက် ခေါင်းညိတ်ပြသည်။
''အေးလေ၊ ကောင်းပြီ၊ သားစိတ်ကြိုက်သာလုပ်''
အခမ်းအနားစပြီးသည်နှင့် ဘကောင်းက မတ်တပ်ရပ်ဖို့ပြင်လိုက်သည်။ ထိုအခါတွင်ပင် အကိုဖြစ်သူ ဘသောင်းက မတ်တပ်ကောက်ရပ်လိုက်သောကြောင့် ဘကောင်းတစ်ယောက် ထိုင်ပေးလိုက်ရသည်။ ရွာမှအပျိုများက တစ်ချိန်တွင် လူမျိုးစုခေါင်းဆောင်ဖြစ်မည့် ဘသောင်းက ရွေးချယ်မည်ဆိုတော့ စိတ်လှုပ်ရှားနေကြပုံရသည်။ ဘသောင်းက အပျိုများကိုကြည့်လျှက် တစ်ယောက်ချင်းစီအား အသေးစိတ်စူးစိုက်ကြည့်နေကာ အပျိုတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
''မင်းကိုငါရွေးမယ်၊ မင်းနာမည် မီးငယ်မဟုတ်လား''
မီးငယ်က ခေါင်းကလေးငုံ့လျှက်ရှက်ပြုံးကလေးပြုံးကာ အရှေ့သို့ထွက်လာသည်။ မီးငယ်ပုံကိုကြည့်ရတာ ပျော်ရွှင်ကျေနပ်နေပုံရသည်။ ဘိုးမိုင်က မီးငယ်အမေကို ခေါ်ပြီးတော့။
''ဘယ်လိုလဲ မင်းရဲ့သမီးနဲ့ ငါ့ရဲ့သားကို သဘောတူလက်ခံတယ်မဟုတ်လား''
''ဘယ်လိုပြောလိုက်ပါလိမ့် ဘိုးမိုင်ရယ်၊ ကျွန်မသမီးကို ရွေးချယ်တဲ့အတွက် ကျွန်မကပဲ ဝမ်းသာဂုဏ်ယူမဆုံးပါဘူးရှင်''
ဘိုးမိုင်က ပြုံးလိုက်ပြီးနောက်မီးငယ်ကိုခေါ်ကာ ဘသောင်းနှင့် လက်ချင်းတွဲပေးလိုက်သည်။
''ကဲ၊ ဒါဆိုရင်တော့ ဟောဒီက ကျုပ်သားဘသောင်းနဲ့ မီးငယ်ကို လက်ထပ်ထိမ်းမြား . . .''
''ကျုပ်ကန့်ကွက်တယ်''
ကျယ်လောင်သည့်အသံကြီးက အခမ်းအနားအတွင်းထွက်ပေါ်လာသည်။ အသံလာရာသို့ လူအားလုံးက လှည့်ကြည့်လိုက်ကြသည်။ ကန့်ကွက်သူကတော့ အခြားသူမဟုတ်၊ ဘကောင်းပင်ဖြစ်သည်။
''ဟင် ဘကောင်း''
မီးငယ်က တိုးတိုးကလေးရေရွတ်လိုက်သည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်