
“ပြေး .. ပြေး ..”
“ဝုန်း .. ဝုန်း .. ဝရော …ဝရော …”
ည ၂နာရီထိုးကြီး ရပ်ကွက်ထဲ ဆူညံပွက်လော ရိုက်သွားကြသည်။
“သူခိုး ဗျို့ .. သူခိုး ..သူခိုး ..”
ထုံးစံအတိုင်း မီးကပျက်နေတော့ ညဘက်ကြီး အသံဗလံတွေသာ ဆူညံနေသည်။ ဓာတ်မီးရောင်တဝင်းဝင်းနှင့် ..
“ဘယ်မှာလဲ …သူခိုး ..”
“လိုက်ကြ .. လိုက်ကြ…”
ပြေးသူက ပြေး၊ လိုက်သူကလိုက်နှင့် ။ လိုက်သူကလည်း သူခိုးသံကြားလို့သာ လိုက်တာ သူခိုးကိုမတွေ့။ ပြေးတဲ့သူတွေကလည်း .. သူတို့ပြေးသမျှမှာ …
“ဝုန်း …ဝုန်း…ဝုန်း .. ဝရော ..ဝရော… “ ဆိုတဲ့ အသံကြီးက ကပ်ပါလာ၏။
နောက်ဆုံးတော့ ပြေးသူတွေက ရပ်ကွက်ထိပ်က လမ်းမတန်းမှာ ရပ်တန့်သွားသည်။ လိုက်သူတွေကလည်း ဓာတ်မီးရောင်တဝင်းဝင်းနှင့် ..။
“ဟာ .. မင်းတို့ ..”
အမှုကတော့ ရပ်ကွက်ရုံးမှာတင် ပြီးသွားသည်။ ဒဏ်ငွေ တသောင်းနှင့် ပြီးဆုံးသွားခြင်းဖြစ်၏။ ခိုးတဲ့အမှုကတော့ အုန်းလက်ခိုးမှု။ သင်္ကြန်မှာ အုန်းလက်မဏ္ဍပ်ဆောက်ဖို့အတွက်ပင်။
“ဟေ့ကောင် ..ဟိုဘက်ရပ်ကွက်က သီတာတို့အဖွဲ့က ငါတို့ မဏ္ဍပ်မှာ လာကစားချင်လို့တဲ့”
ကျော်ကြီး က အဲဒီလိုဆိုတော့ အောင်ထွေးက ..
“ကောင်းတာပေါ့ … ငါတို့ မဏ္ဍပ်လူစည်တာပေါ့”
ဒီနေ့က အကြိုနေ့မရောက်ခင် တစ်ရက်ဖြစ်သည်။ ဒီညမှာ သူတို့ အုန်းလက်မဏ္ဍပ်ဆောက်ဖို့ စီစဉ်ထားကြသည်။ ဒီညဆောက်မှ နောက်နေ့မနက်အကြိုနေ့မှာ စတင် ကဲ နိုင်မှာပဲ ဖြစ်သည်။ သူတို့အဖွဲ့မှာ ကျော်ကြီးက ခေါင်းဆောင်ဖြစ်သည်။ အခုဆို အုန်းလက်တွေ၊ ဝါးတွေကြိုးတွေလည်း စုံပြီ။ ညကျ အဆင်သင့်ဆောက်ရုံပင်။
“ကိုကျော်ကြီး .. ဆောင်းဘောက်ကိစ္စက အဆင်မပြေဘူးဖြစ်နေတယ်”
“ဘာလို့လဲ”
“ပိုင်ရှင်က သူ့ဘောက်တွေ ရေစိုမှာစိုးလို့မငှားဘူးတဲ့”
“ဟာ … ဒုက္ခပဲ .. ငါတို့ မဏ္ဍပ်မှာ ဘောက်မရှိရင် .. လူတွေဘယ်စိတ်ဝင်စားပါ့မလဲ”
ဒီလိုနှင့် သူတို့ ဆောင်းဘောက်အငှားထွက်ကြရပြန်သည်။
အချိန်က အရမ်းကပ်နေပြီဆိုတော့ ဘယ်မှာမှ ရှာလို့မရ။ သူတို့ တော်တော်စိတ်ညစ်နေကြသည်။ အဲဒီအချိန်မှာ ကိုကြည်ညွှန့်က သူတို့အရှေ့က ဖြတ်သွားတော့..
“ကိုကြည်ညွှန့် .. ကိုကြည်ညွှန့် .. “
“ဟေ .. “
ကိုကြည်ညွှန့် က ရပ်ကွက်ဓမ္မာရုံရဲ့ သော့ကိုင်။ ရပ်ကွက်ဓမ္မာရုံမှာ ဆောင်းဘောက်အကြီးတွေရှိတာကို ကျော်ကြီးက သိထားသည်။
“လာဗျာ .. လက်ဖက်ရည်သောက်ပါဦး”
“မသောက်တော့ပါဘူး.. ဘာကိစ္စရှိလို့လဲ”
“ဆောင်းဘောက်လေး ငှားချင်လို့…”
“မရဘူးကွ .. တရားပွဲအတွက် ငှားထားပြီးပြီ.. “
“တရားပွဲက ညမှ မဟုတ်လား.. ကျနော်တို့ တရားပွဲအမီပြန်ပေးမယ်လေ”
ကိုကြည်ညွှန့် အတန်ငယ်စဉ်းစားသွားသည်။ ကျော်ကြီးက ကိုကြည်ညွှန့်နားကပ်သွားပြီး .. အိတ်ကပ်ထဲကို တထောင်တန်အချို့ ထည့်ပေးလိုက်ပြီး ..
“ကိုယ့်ရပ်ကွက်ထဲက လူငယ်တွေပဲဗျာ .. ပြီးတော့ ကျနော်တို့အိမ်ကလည်း ဝါတွင်းတိုင်း မပျက်မကွက်အလှူငွေထည့်ပေးနေတာပဲ”
“မင်းတို့ တရားပွဲအမီပြန်ပေးမှာ သေချာလား”
“စိတ်ချ .. စိတ်ချ .. သေချာပြန်ပေးပါ့မယ်”
ဒီလိုနှင့် ဆောင်းဘောက်ကိစ္စလည်း အဆင်ပြေသွားသည်။ ဆိုတော့ .. သူတို့အုန်းလက်မဏ္ဍပ်က ပြည့်စုံသွားပြီလို့ ဆိုရမည်။ ဒါတောင် အောင်ထွေးက သူ့အိမ်မှာ သုံးနေတဲ့ စည်ပိုင်းကြီးကို ..
“အမေ .. ဒီစည်ပိုင်း ခဏငှား”
“ဟဲ့ .. ငါတို့ ရေချိုးတော့ ဘာနဲ့ချိုးမလဲ”
“မနက်စောစောချိုး.. ဒါမှမဟုတ် ..ညမှချိုးဗျာ”
“အမလေးဟယ် .. မရဘူး”
သူ့အဖေကတော့ ..
“လူငယ်တွေ တစ်နှစ်မှ တစ်ခါလောက်ပျော်ရတာပဲ မိန်းမရယ် ..ပေးလိုက်ပါ”
ဒီလိုနှင့် စည်ပိုင်းရလာသည်။
အကြိုနေ့ …
မနက်ခြောက်နာရီကတည်းက .. ကျော်ကြီးဖို့အဖွဲ့ သူတို့ မဏ္ဍပ်ကို ရောက်နေကြသည်။ ရေစည်တွန်းတဲ့သူကတွန်း၊ သီချင်းဖွင့်ဖို့လုပ်တဲ့သူက လုပ်နှင့် အလုပ်ရှုပ်နေကြသည်။ မြတ်ကြီးကတော့ အရက်စပ်ဖို့ တာဝန်ယူထားသည်။ အကြိုနေ့တနေကုန် သူတို့အဆင်ပြေကြသည်။ ပြဿနာက ညနေ .. ဆောင်းဘောက်ပြန်ပို့မယ့်အချိန် … အကုန်လုံးက မူးနေကြသည်။
တရားပွဲကလည်း စခါနီးပြီ။ အခုထိ ဆောင်းဘောက်က မရသေး။ ကိုကြည်ညွှန့် ခေါင်းမီးတောက်လေပြီ။
“ကိုကြည်ညွှန့် ဆောင်းဘောက်တွေရော”
အတွင်းရေးမှုးက မေးတော့ ကိုကြည်ညွှန့်လည်း ဖြေမိဖြေရာနှင့် ..
“နေ့လယ်က အပြင်မှာ အသံစမ်းနေတုန်း ကလေးတွေ ရေပက်တာစိုသွားလို့ .”
“ဟာ .. ဒါဆို ဘယ်လိုလုပ်မလဲ .. ဘာလို့ စောစောမပြောတာလဲ”
“ပြန်ကောင်းမယ်ထင်လို့ … “
“ဒီအချိန်ကျမှ ဆောင်းဘောက်က ဘယ်က ရမှာတုန်း”
“လော်စပီကာနှစ်လုံးတော့ ရှိတယ်”
“ဒါဆိုလည်း အဲဒါနဲ့ပဲ ဖြစ်အောင်လုပ်လိုက်ဗျာ .. ဆရာတော်က ခဏနေရင်ရောက်တော့မှာ”
အကြိုနေ့ညက ကျော်ကြီးတို့ကောင်းမှုနှင့် တစ်ရပ်ကွက်စလုံး တရားနာလိုက်ကြရသည်။ လော်စပီကာဆိုမှတော့ တစ်ရပ်ကွက်စလုံး ကြားရပြီပေါ့။
နောက်နေ့မှာတော့ ကိုကြည်ညွှန့်တစ်ယောက် ဒေါကြီးမောကြီးနှင့် ကျော်ကြီးတို့ မဏ္ဍပ်ကို ရောက်လာသည်။ ပြီးတော့ လူနှစ်ယောက်လည်း ပါလာသည်။ ဆောင်းဘောက်တွေကို အတင်းဖြုတ်သိမ်းသည်။ ကျော်ကြီးတို့လည်း အသည်းအသန်တောင်းပန်ပေမဲ့ ဘယ်လိုမှ မရ။
အကျနေ့က လူပိုစည်သည်။ ကျော်ကြီးတို့မဏ္ဍပ်ကတော့ ခြောက်ကပ်ကပ်နှင့်။ ဆောင်းဘောက်မှ မရှိတော့တာကိုး။ မလှမ်းမကမ်းက ကျော်ကြီးတို့ မဏ္ဍပ်နှင့်အပြိုင်အဆိုင် အုန်းလက်မဏ္ဍပ်တစ်ခုရှိသည်။ ကျော်ကြီးတို့ ငြိမ်နေတာသိတော့ ကျော်ကြီးတို့ဘက် ဘောက်လှည့်ပြီး အသံကျယ်ကျယ်ဖွင့်သည်။ အောင်ထွေးက သည်းမခံနိုင်တော့။ တွေ့ကြသေးတာပေါ့ဟု ကြုံးဝါးကာ .. ရပ်ကွက်ထဲဆင်းသွားသည်။ ပြန်တက်လာတော့ ဆိုက်ကားတစ်စီးနှင့်။ လော်နှစ်လုံးပါလာသည်။
ကျော်ကြီးတို့ မဏ္ဍပ်က ပိုဂေါ်သွားသည်။ အုန်းလက်မဏ္ဍပ်ကို လော်နှစ်လုံးတပ်လိုက်သောကြောင့် တစ်ဖက်မဏ္ဍပ်က ရုတ်တရက် ကြောင်သွားသည်။ တစ်ဖက်ကလည်း ဆောင်းဘောက်သံကို အဆုံးတင်လိုက်သည်။
“အမဲလိုက်အက ..စင်မြင့်ထက်က .. “
ဆောင်းဘောက်သံက တအုန်းအုန်းနှင့် ..။
“မိချောရေ … မိချောရေ .. ပက်အုံး..”
လော်သံကလည်း စူးပြီးဝင်လာသည်။
အမဲလိုက်အကနှင့် အမှန်အကန်ကနေတဲ့ တစ်ဖက်မဏ္ဍပ်ကကောင်တွေ တွန့်ကနဲဖြစ်သွားသည်။ လော်သံက ဆောင်းဘောက်သံလို တအုန်းအုန်းမဖြစ်ဘဲ စူးကနဲ စူးကနဲဖြစ်နေတာကြောင့် တစ်ဖက်မဏ္ဍပ်ကသူတွေခမျာ .. သူတို့ သီချင်းနှင့် ကောင်းကောင်းကလို့မရ။ အကျနေ့ကတော့ ရေကောင်းကောင်းမပက်လိုက်ကြရဘဲ .. လော်နှင့် ဆောင်းဘောက်တို့ရဲ့ အားပြိုင်မှုကိုသာ တွေ့လိုက်ကြရသည်။ ကျော်ကြီးတို့ မဏ္ဍပ်မှာတော့ ကောင်မလေးတွေမရှိတော့။ ရှက်သည်ဟုဆိုကာ ပြန်သွားကြသည်။
အကြတ်နေ့မှာတော့ ကျော်ကြီးတို့ မဏ္ဍပ်ကို လူတွေပိုစိတ်ဝင်စားလာကြသည်။ ဘာဖြစ်လို့လည်းဆိုတော့ အုန်းလက်မဏ္ဍပ်မှာ လော်စပီကာတပ်ထားတာကို မမြင်ဖူးသောကြောင့်ပင်။ အဲဒီနေ့က ကျော်ကြီးတို့က သူတို့မဏ္ဍပ်မှာ မုန့်လုံးရေပေါ်လုံးသည်။ တစ်ဖက်မဏ္ဍပ်က သာကူကြိုသည်။ ဒီနေ့တော့ မုန့်လုံးရေပေါ်နှင့် သာကူတို့ အားပြိုင်မှုဖြစ်သည်။ ဒါပေမဲ့ ကျော်ကြီးတို့ရဲ့ မုန့်လုံးရေပေါ်က ပိုဂေါ်သည်။ ဘာဖြစ်လို့လည်းဆိုတော့ …မုန့်လုံးရေပေါ် ထဲမှာ ထန်းလျက်တို့၊ ငရုပ်သီးတို့မထည့်ဘဲ သကြားလုံးတွေ ထည့်သောကြောင့်ပင်။
“ခွီး .. တခါမှာ မကြုံဖူးပါဘူးကွာ”
အမှန်တော့ ထန်းလျက်က ဝယ်လို့မရတော့လို့ အလွယ်တကူဝယ်လို့ရတဲ့ ဘာလီသကြားလုံးတွေ ထည့်ပြီး လုံးခြင်းဖြစ်သည်။
အတက်နေ့မှာတော့ သူတို့ အပီအပြင်ကဲဖို့ ဆုံးဖြတ်လိုက်သည်။ ဓမ္မာရုံက ဆောင်းဘောက်ပြန်ငှားသည်။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ရက်စလုံး လော်နှင့်တစ်ရပ်ကွက်စလုံးကို နားဒုက္ခပေးသောကြောင့် ရပ်ကွက်ထဲကလူတွေရော၊ ဥက္ကဌကပါ သူတို့ကို ဆောင်းဘောက်ပြန်ငှားပေးဖို့ ဆုံးဖြတ်လိုက်သောကြောင့်ပင်။
“ကိုကျော်ကြီး ..”
“ဟေ .. “
“ဟိုဘက် မဏ္ဍပ်ကကောင်တွေက ပြောတယ် .. ကျနော်တို့ ကို တောသားတွေတဲ့”
“ဘာကွ … ဘာလို့ အဲဒီလို ပြောတာလဲ”
“ကျနော်တို့ က တာတွေက တောဆန်တယ်တဲ့ .. သူတို့ကတာတွေကမှ အလန်းတဲ့”
“တွေ့ကြသေးတာပေါ့ကွာ”
ကျော်ကြီးတစ်ဖွဲ့လုံး ဒါမျိုးတော့ အကျောမခံပါ။
“ဟေ့ကောင်တွေ Black Pink သီချင်းဖွင့်လိုက်စမ်း ..”
တော်သေးသည်။ ဆောင်းဘောက်နှင့်မို့လို့။ လော်နှင့်ဆိုလို့ကတော့ Black Pink သီချင်းနှင့်လော်နှင့် ကြည့်ကောင်းဦးမည်။
ကျော်ကြီးတို့ က တာကို တစ်ဖက်မဏ္ဍပ်ကသူတွေခမျာ ပါးစပ်အဟောင်းသားနှင့်ငေးလို့။ မငေးခံနိုင်ရိုးလား။ ကျော်ကြီး က လီဆာလို ဝတ်မည်ဆိုကာ .. အောက်က အတွင်းခံဘောင်းဘီကို အုန်းလက်တွေနှင့်ကာပြီး ဝတ်ထားလေသည်။ အုန်းလက်မဏ္ဍပ်မှာ၊ Black Pink သီချင်းဖွင့်ပြီး ပေတရာလမ်းမပေါ်မှာ ကွေးနေအောင်က နေတဲ့ ကျော်ကြီးတို့အဖွဲ့ကို တစ်ရပ်ကွက်လုံးကတောင် ထွက်ကြည့်ရသည်။
ပြီးတော့ အားလုံး ပြုံးစိစိနှင့်။ ကောင်မလေးတွေက တအံ့တဩဖြစ်နေကြသည်။ အကြောင်းရင်းကတော့ …
ကျော်ကြီးရဲ့ အကမှာ တစ်ခါတစ်ခါ အုန်းလက်က ဖယ်သွားပြီး .. ဖွားဖက်တော်နေရာပေါ်ပေါ်လာသောကြောင့်ပင်။ ပုံမှန်အတိုင်းဆိုရင်တောင် လူတွေက အထူးတလည်အံ့ဩမှာမဟုတ်ဘဲ … အခုက ပေါ်လာလိုက်တိုင်း .. ပြားကပ်ကပ်လေး ဖြစ်နေသောကြောင့်ပင်။
“ရေစိုနေလို့ ကပ်နေတာနေမှာပါ”
“ဘယ်လောက်ပဲ ကပ်ကပ်ပါအေ .. အရာလေးတောင် မရှိတာကတော့ လွန်လွန်းပါတယ်”
“အေးဟယ် … ဘယ်လောက်ပဲရေစိုစို အရာသေးသေးလေးတော့ ရှိသင့်တယ်မလား”
အဲဒီသင်္ကြန်ပြီးကတည်းက ကျော်ကြီးလည်း နာမည်အသစ်တစ်ခုရသွားသည်။ အဲဒီ နာမည်ကတော့ ဂိုတွေး လေး ဆိုတာပင်။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg