
၁။
တိုးကြွယ် စိတ်လေလေနဲ့ လမ်းထိပ်ဘက်ကို ထွက်လာတယ်။ မလေဘဲ နေမလား။ တိုးကြွယ် အလုပ်မရှိတာ ဆယ်ရက်ကျော်နေပြီလေ။ လူကနေပေမယ့် ဗိုက်က အချိန်တန်ရင် ဆာတယ်။ အိုကြီးအိုမ အမေရဲ့ လုပ်စာကို သူ့လို သန်သန်မာမာ လူငယ်တစ်ယောက်က ဇိမ်နဲ့ ထိုင်စားမနေချင်ဘူး။ ရှက်တယ်။
တိုးကြွယ်က အမေတစ်ခုသားတစ်ခု။ အမေက နေ့ခင်းဘက် သာကူယိုတို့ ဂျုံယိုတို့ ထွက်ရောင်းတယ်။ တိုးကြွယ်ကတော့ ရရာအလုပ် အကုန်လုပ်တယ်။ တလောလေးက ဟိုဘက် တစ်လမ်းကျော် မြဂုဏ်ရောင်အရပ်ထဲက ဦးထွန်းက ခေါ်လို့ အဝေးပြေးကား စပယ်ယာ အလုပ်ရတယ်။
လမ်းတစ်လျောက်က ကုန်တွေ ကားပေါ် တင်ရချရပေါ့။ မဆိုးဘူး အဲ့ဒီအလုပ်က ။ စားပြီးသောက်ပြီး တစ်ခေါက်ကို သူ့လက်ထဲငွေကိုးရာ၊တစ်ထောင် အေးအေးတော့ကျန်တယ်။ အမေ့ကို ငွေအပ်နိုင်တာပေါ့။ တိုးကြွယ် အဝေးပြေးကားစပယ်ယာဘဝက ၃လလောက်တော့ ဟုတ်နေသေးတယ်။ ဦးထွန်းက ကားမောင်းလည်း သင်ပေးမယ်တဲ့။
အခု ... အဲ့ဒီကားကို ဦးထွန်းက ရောင်းလိုက်တော့ ၊ သူက အော်တိုမစ်တစ် အလုပ်ပြုတ်ပါရောလား။
အဲ့ဒီကားက သေးလို့၊ကုန်များများတင်နိုင်မယ့် ကားကြီးတာ ထပ်ဝယ်မယ်လို့ ဦးထွန်းကတော့ ပြောတာပဲ။ ကားဝယ်ပြီးရင်တော့ ခေါ်မယ်တဲ့။ အခုထိ ကားမရသေးတော့ တိုးကြွယ် အလုပ်လက်မဲ့ ဖြစ်နေရှာတယ်။
ဦးထွန်းက ကားအကြောင်းနားလည်တယ်။ စေ့စပ်သေချာတယ်။ ဒီတော့ စိတ်တိုင်းကျ ကား ရှာမရသေးသ၍ကတော့ ဦးထွန်းက ဝယ်မှာမဟုတ်ဘူး။ နောက်ထပ် ဘယ်နှစ်ရက် သူ့စိတ်ကြိုက် ကားထပ်ရှာဦးမလဲ မပြောနိုင်ဘူး။ တိုးကြွယ် ဒီကြားထဲ အလုပ်တစ်ခု ထပ်ရှာမှ ဖြစ်တော့မယ်။ ဈေးရောင်းနေတဲ့ အမေ့ကိုလည်း ပြန်ကြည့်ရဦးမယ်လေ။
တိုးကြွယ် ခုလောလောဆယ် စဉ်းစာလို့ရတာက ၊ ဈေးမှာ ကုန်စိမ်းထမ်းတဲ့ ခင်မောင်ဦးကိုပဲ။
ခင်မောင်ဦးက ကုန်စိမ်းတန်းမှာ ဂါလီဆွဲတယ်။ မနက်အစောကြီးတော့ ထရတယ်။ မနက် ၂နာရီထိုးကို ကုန်စိမ်းကားတွေ ဝင်တယ်တဲ့။ အဲ့ဒီအချိန် ကားပေါ်က ကုန်စိမ်းတွေကို ဈေးထဲ သယ်ပို့ပေးရတာ။ကုန်နည်းရင် လူနဲ့ ထမ်းပိုးပြီး ပို့ရတာရှိသလို၊ကုန်များရင် ဂါလီပေါ်တင်ပြီး ဆွဲပို့ရတာလည်း ရှိတယ်။ ပင်တော့ ပင်ပန်းတယ်။ နေ့တွက်တော့ ကိုက်တယ်။အပင်ပန်းခံ လုပ်နိုင်သလောက် ပိုက်ဆံရတယ်။
မတတ်နိုင်ဘူး။ ပင်ပန်းလည်း ပန်းပစေတော့။ အလုပ်မှ မရှိတာ။ ရှိတဲ့အလုပ် လုပ်ရမှာပေါ့။
သူ ခင်မောင်ဦးရှိတတ်တဲ့ မမျိုး ကွမ်းယာဆိုင်ဘက်ကို ခြေဦးလှည့်လိုက်တယ်။ ဒီအချိန်ဆို ခင်မောင်ဦးက မမျိုး ကွမ်းယာဆိုင်က လက်တောက်ခုံမှာ ဇယ်တောက်နေတတ်တယ်လေ။
" ဟေ့ကောင် တိုးကြွယ် ... ဘယ်တုန်းဟ "
တိုးကြွယ် ခေါ်သံကြားလို့ ကြည့်လိုက်တော့ 'အာကာမင်းလ္ဘက်ရည်ဆိုင်'ထဲကနေ သူ့ကို လှမ်းခေါ်နေတဲ့ ဦးထွန်းကို တွေ့လိုက်တယ်။ဦးထွန်းက လူတယောက်နဲ့ လ္ဘက်ရည်ဆိုင် ထိုင်နေတယ်။
" လာအုံး တိုးကြွယ်၊ မင်းကို ပြောစရာရှိတယ်ကွ "
တိုးကြွယ် လ္ဘက်ရည်ဆိုင်ထဲ ဝင်သွားလိုက်ပြီး ...
" ဦးထွန်း ကားဝယ်ပြီးပြီလား "
" ဟူး ... မရသေးပါဘူးကွာ ၊ ဈေးကြိုက်တော့ ကားမကြိုက်၊ ကားကြိုက်တော့ ဈေးက မလိုက်နိုင်နဲ့။ ငါတော့ ကားရောင်းမိတာ မှားတာပါပဲကွာ ၊ ကဲ ထိုင်ဟေ့ တိုးကြွယ်။ မင်း ဘာသောက်မလဲ "
တိုးကြွယ်က အဖျော်ဆရာ ကြားလောက်အောင် အော်ပြောလိုက်တယ်။
" ဖန်ချို တစ်ခွက် "
ဦးထွန်းက ...
" ငါ ကားဝယ်လို့မရခင် စပ်ကြား ၊ မင်းအတွက် အလုပ်တစ်ခု ရှာပေးမလို့ကွ "
တိုးကြွယ် ပျော်သွားတယ်။ ဦးထွန်းကို ကျေးဇူးတင်ဟန်နဲ့ ...
" ဝမ်းသာလိုက်တာဗျာ ၊ ကဲ ပြော ဘာအလုပ်လုပ်ရမလဲ "
" အေးပါကွ ပြောပါ့မယ် ၊ နေအုံး အလုပ်အကြောင်း မပြောခင် ငါ့မိတ်ဆွေ ကိုသောင်းခင်နဲ့ မိတ်ဆက်ပေးအုံးမယ်။ ကိုသောင်းခင် ဒါ ကျွန်တော် ပြောနေတဲ့ တိုးကြွယ်ဆိုတာပဲ ၊ တိုးကြွယ် ဒါက ကိုသောင်းခင်တဲ့ ။ပိတ်ကားထောင် ရုပ်ရှင် နယ်လှည့် ပြသရေး လုပ်တယ် "
တိုးကြွယ်က တလေးတစား ခေါင်းငြိမ့် ပြုံးပြလိုက်တယ်။ကွမ်းယာဝါးနေတဲ့ ဦးသောင်းခင်က ကွမ်းထွေးခွက်ထဲ ကွမ်းထွေးလိုက်ပြီး ...
" ဒီလိုကွ ငါ့တူရ။ ဦးလေးက နယ်တွေက အလှုပွဲတို့ ၊ ဘုရားပွဲတို့က ငှါးရင် ၊ သူတို့ဆီမှာ ပိတ်ကားထောင် ရုပ်ရှင် ပြရတယ်။
တခါတစ်လေ ပွဲဆက်ရှိရင်၊ တစ်ခါတည်း နောက်တစ်ရွာကို ပွဲကူးသွားရတယ်ကွာ။ တခါတစ်လေကျတော့ နယ်ဘက်ကလူတွေက ၊စငှားတုန်းကတော့ တစ်ရက်ပဲ ငှားပေမယ့် နောက်ရက် ဆက်ငှားချင်လဲ ငှားကြတာကွ ။ ဦးလေးတို့ကလဲ ပွဲအားနေရင်တော့ ဆက်ပြရတာပေါ့ကွာ ။
ဆိုချင်တာက နယ်ထွက်ပြီဆိုရင် ဘယ်နှစ်ရက်ကြာမယ်ဆိုတာ ကြိုမသိနိုင်ဘူး။ တခါတစ်လေ လပေါက်ကြာတတ်တယ်။
အခု ငါ့တူကို ဦးလေးက ပိတ်ကားထောင်တာတို့၊ ရုပ်ရှင်ပြစက် ဖွင့်တာတို့ကို အလုပ်လုပ်ရင်းနဲ့ သင်ပေးသွားမယ်။ မင်းကို လစာအနေနဲ့ ပေးရမလား။ နေ့တွက်နဲ့ ရှင်းရမလား။ မင်း အဆင်ပြေသလိုလုပ်။ အလုပ်က မင်းတယောက်တည်းမဟုတ်ပါဘူး။ ဦးလေးရော၊ ဦးလေးရဲ့ တူတစ်ယောက်ပါမယ်။ မင်းနဲ့ဆို ၃ယောက်ပေါ့ကွာ "
ဦးထွန်းက ကြားဖြတ် ဝင်ပြောလိုက်တယ်။
" ဒီလိုလုပ်ဗျာ ကိုသောင်းခင်။ တိုးကြွယ်က အမေတစ်ခုသားတစ်ခုဆိုတော့၊ သူ့အမေကို ပိုက်ဆံ ပေးထားချင်ခဲ့မှာပဲ ။ အဲ့ဒီတော့ ခင်ဗျားက သူ့ကို ကြိုသုံး ထုတ်ပေးလိုက်။ ကျန်တာတော့ ခင်ဗျားနဲ့ သူနဲ့ နေ့တွက်ညှိပေါ့ဗျာ "
ဦးထွန်း စကားကို တိုးကြွယ်က ထောက်ခံသလို၊ ဦးသောင်းခင်ကလည်း သဘောတူလိုက်တယ်။
ဒီလိုနဲ့ ဦးထွန်းရဲ့ ဆောင်မမှုကြောင့်၊ တိုးကြွယ် ကုန်စိမ်း မထမ်းရတော့ဘဲ ၊ နယ်လှည့် ရုပ်ရှင်ပြသရေးမှာ အလုပ်ရသွားတယ်။
ဦးသောင်းခင်က ကိုယ်ပိုင် ကုန်တင်ကားရှိတယ်။ အဲ့ဒီကားပေါ်မှာ ရုပ်ရှင် ပြစက်တင်ပြီး၊ နောက်တွဲ ထော်လီပေါ်မှာက မီးစက်ကြီးတလုံး ပါတယ်။
၁၉၉၀ခုနှစ် ဝန်းကျင်ကာလ ဆိုတော့ နယ်ဘက် ရွာတွေမှာက လျှပ်စစ်မီး မရှိသေးဘူး။ အဲ့ဒီတော့ မီးစက်လည်း လိုအပ်တယ်လေ။
___________
၂။
တိုးကြွယ်တစ်ယောက် အထက်မြန်မာပြည် တခုလုံးကို အခုမှပဲ နှံ့နှံ့စပ်စပ် ရောက်ဖူးတော့တယ်။
ရွာဓလေ့က အလှုမင်္ဂလာပွဲတွေသာမက၊ ဘုန်းကြီးပျံတို့၊ ကျောင်းအပ်ပွဲတို့ ၊ ကျောင်းဆောင်သစ်ဖွင့်ပွဲတို့မှာပါ အငြိမ့်၊ ဇာတ်သဘင်များသာမက သူတို့လို ပိတ်ကားထောင်ရုပ်ရှင်တွေကိုပါ ပျော်ပွဲရွှင်ပွဲအဖြစ် ထည့်ကြတယ်။
ပိတ်ကားထောင် ရုပ်ရှင်သက်သက်သာ ပါတဲ့ပွဲဆိုရင်၊ တိုးကြွယ်တို့ စက်အဖွဲ့သားတွေ မျက်နှာပွင့်ကြတယ်။
ရွာခံ ကာလသားတွေက ထန်းရည်တို့ ကြက်ကြော်တွေတို့တောင် တကူးတက လာပို့ကြပြီး ...
" စက်ဆရာကြီး တော်လှန်ရေးကား တွေပါရဲ့လား ။ နေထက်လင်းတို့ သီဟတင်စိုးတို့သာ များများပြဗျာ ၊ အချစ်ကားတွေ မပြနဲ့ "
ရွာခံကာလသမီးတို့ အပျိုကြီးတို့ကတော့ တမျိုး။ မုန့်ဗောက်ကြော်တို့ ၊ စာကလေးခွေကြော်တို့ကို အလျံအပယ်ယူလာပြီး ...
" ရဲကိုကိုနဲ့လင်းဇာနည်ဇော်တို့ အတွဲလေးပါတဲ့ အချစ်ကားလေး ပြပေးနော်။ ဟို ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာလည်း ကောင်းတယ်။ အိုတော် ... အချစ်ကားနုနုယွယွလေးတွေ မင်းသားချောချောလေးတွေပါတာပဲ ပြတော်။ ကျုပ်တို့က သွေးထွက်သံယိုတွေ ကြည့်ရဲတာမဟုတ်ဘူးရယ် "
ဒီလို ကာလသားသမီးပျိုတွေအပြင်၊ တချို့များဆို အသက် ၅၀ကျော်၊ ၆၀ကျော် အဖိုးအဖွားတွေကပါ လက်ဖက်တို့ ရေနွေးကြမ်းတို့နဲ့ တည်ခင်းဧည့်ခံပြီး သူတို့ ကြည့်ချင်တာကို တောင်းဆိုတတ်ကြသေးတယ်။
" မောင်တို့ ရုပ်ရှင်အဖွဲ့မှာ ကြည်ကြည်ဌေးဇာတ်ထုပ်တွေ မပါဘူးလား။ ကောလိပ်ဂျင်နေဝင်းတို့ မြတ်လေးတို့ပါတဲ့ ဖလင်ရော မပါကြဘူးလားကွယ်။ သူတို့ကမှ ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို စကားပြောကောင်းတာကွဲ့။ ပါရင်လည်း တစ်ပုဒ်တစ်လေ ထည့်ပြစမ်းပါကွယ် ၊ အလွမ်းပြေ ကြည့်ချင်ပါ့"
ဦးသောင်းခင်ကတော့ လာသမျှ ရွာခံတွေကို အဆင်ပြေအောင် ပြောတတ်တယ်။ ညဘက်ကျရင်လည်း အစောပိုင်းမှာ တော်လှန်ရေးကား၊ ပြီးတော့ ရှေးဟောင်းရုပ်ရှင်တွေ ၊ အားလုံးပြီးမှ အချစ်ကားတွေ ပြပေးတယ်။
ရွာတွေမှာ တစ် ခုကောင်းတာက၊ ရုပ်ရှင်ပြစက်က ပိတ်ပြီဆိုကာမှ ကိုယ်ဖျာကိုယ်လိပ် ပြန်ကြတာ။ မပြီးသေးခင်များ ၊ လူတွေက ဘယ်လောက် အိပ်ငိုက်ငိုက် ၊ ငိုက်ပြီဆိုတာနဲ့ သရက်ကင်တို့ ဂွေးသီးကင်၊ ဇီးဖြူသီး ဆားရည်စိမ်တို့ကို ဂျွမ်းခနဲ ဂျွမ်းခနဲ ကိုက်ဝါးပြီး မျက်လုံးပြူးအောင် လုပ်ကြတာလေ။ သေချာတယ်။တရွာလုံးက ရုပ်ရှင်ကြည့်ပရိတ်သတ်က ရုပ်ရှင်ပြစက်သာ မပိတ်လို့ကတော့ မပြန်ဘူးရယ်။
သူတို့ခမျာ ပွဲရှိမှ ကြည့်ရတာကိုး။ မြို့မှာလို ရုပ်ရှင်ရုံလည်း ရှိတာမဟုတ်ဘူးလေ။
ဒီလိုနဲ့ တိုးကြွယ်လည်း ရုပ်ရှင်ပြစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်လာခဲ့တယ်။ နောက်ပြီး ဒီအလုပ်မှာ သူ ပျော်မွေ့လာတယ်။ ဦးထွန်းကိုတောင့် မေ့တေ့တေ့ပေါ့။
တစ် ရက်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းခရိုင်ထဲက ပြအိုးရွာကို သူတို့ ရုပ်ရှင်ပြသဖို့ ရောက်လာခဲ့ကြတယ်။
ရွာက ရမည်းသင်းမြို့ အနောက်ထဲမှာ၊ ခေါင်တယ်ပြောရမယ်။ ကတ္တရာလမ်းက ၂မိုင်လောက်ပဲ ပေါက်တယ်။ ပြအိုးရွာ ရောက်ဖို့ဆို မြေသားလမ်း ခပ်ကြမ်းကြမ်းကို ထပ်ပြီးတော့ မောင်းရဦးမယ်။
မြေသားလမ်းအတိုင်း မောင်းလာလိုက်တာ ၂နာရီသာသာလောက် ထပ် မောင်းရတယ်ထင်တယ်။ လမ်းက ကြမ်းတော့ သူတို့တွေ ခါးတွေနာနေကြတယ်။ ဖင်တွေ အောင့်နေကြတယ်။ ပြအိုးရွာ ရောက်တော့ ညနေစောင်းရော ဆိုကြပါစို့။
ပြအိုးရွာအဝင်ကတည်းက လူတွေက သူတို့ ရုပ်ရှင်ပြစက်အဖွဲ့ကို စောင့်ကြိုနေကြတယ်။ မလာမှာ ၊ မရောက်မှာ ပူပန်နေကြပုံပဲ။ သူတို့စက်အဖွဲ့ ကားကြီးမြင်ရမှ မျက်နှာတွေက ပျော်တပြုံးပြုံးနဲ့ အားရကျေနပ်နေကြတာများ အထင်းသားပဲ။
ရွာက တာဝန်ရှိတဲ့သူ(ကာလသားခေါင်း)က ရုပ်ရှင်ပြရမယ့် ကွင်းကို လိုက်ပို့တယ်။ နေရောင်ရှိသေးတော့ တိုးကြွယ်က သူတို့ ပြရမယ့် ရုပ်ရှင်စက် အထိုင်နေရာကို ကြည့်ပြီး ထိတ်ခနဲ ရင်ခုန်သွားတယ်။
ရုပ်ရှင်ပြမည့်ကွင်း အနောက်ဘက်တည့်တည့်မှာက ရွာသင်္ချိုင်း။ အုတ်ဂူတွေ၊ မြေပုံတွေက ထိုးထိုးထောင်ထောင်နဲ့ အတိုင်းသားမြင်နေရတာကိုး ။
ရွာခံ ကာလသားခေါင်းက တိုးကြွယ်နဲ့ဦးသောင်းခင်တို့ အမူအယာကြည့်ပြီး ...
" ဆရာတော်ရဲ့ အန္တိမဇာပနကိုလည်း ဒီကွင်းထဲမှာပဲ ကျင်းပခဲ့တာဗျ ။ ရွာသင်္ချိုင်းနဲ့ နီးတယ်ဆိုပေမယ့် သင်္ချိုင်းနဲ့ ဒီကွင်းကို ကွင်းအစပ်က ဆူးခြုံတွေနဲ့ ခြားထားသလို ဆိုတော့ အဆင်ပြေပါတယ် "
ကာလသားခေါင်းကတော့ ဘာမှ မဖြစ်သလို ခပ်အေးအေး ပြောသွားပေမယ့်၊ ဦးသောင်းခင်နဲ့တိုးကြွယ်တို့ခမျာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ၊ သက်ပြင်းချလိုက်ကြမိတယ်။
ဟုတ်တယ်လေ။ ဆူးခြုံတွေ ခြားတယ်သာ ပြောတာ၊သူတို့ စတည်းချမယ့်ကွင်းက သင်္ချိုင်းမြေနဲ့ အရမ်းနီးကပ်နေတာမဟုတ်လား။ သူတို့ရဲ့ စိတ်ထဲမှာ ကိုယ်စီ မသတီကြတာ ဘာဆန်းမလဲ။
ဒါပေမဲ့ ရွာခံက ပြင်ပေးထားတဲ့ မြေဆိုတော့ သူတို့လည်း ငြင်းနေလို့မှ မဖြစ်တာ။ ဒါနဲ့ တိုးကြွယ်နဲ့ စိုးသူက ပိတ်ကားထောင် တိုင်ကို နေရာရွေး ထောင်လိုက်ကြတယ်။
ရုပ်ရှင်ပြစက်ကို သင်္ချိုင်း ကျောပေး နေရာယူလိုက်ကြတယ်။ ညနေ ၅နာရီထိုးကတည်းက ရွာကလူတွေက နေရာလာဦးကြတာပေါ့။
သင်ဖျာတွေ ၊ နှီးကြောဖျာတွေ လာခင်းကြတဲ့သူတွေ၊ ခုံတန်းရှည်တွေ လာချကြတဲ့သူတွေ အလျိုလျိုနဲ့။
" ဟေ့ တိုးကြွယ် ... မီးစက်ကန်တော့ပွဲ ခုထိ လာမပေးကြသေးပါလားကွ ၊ ကာလသားခေါင်းကို မေးကြည့်လိုက်အုံး "
ဦးသောင်းခင်က မီးစက်ကို ဆီထည့်နေရင်းနဲ့ တိုးကြွယ်ကို လှမ်းသတိပေးလိုက်တယ်။
ထုံးစံအတိုင်း မီးစက် မနိုးခင်မှာ အုန်း၊ငှက်ပျောနဲ့ ကန်တော့ပွဲ ထိုးနေကျလေ။ အခု စက်တွေ အကုန် နေရာချထားပြီးတာတောင် ကန်တော့ပွဲက ရောက်မလာသေးတော့ ဦးသောင်းခင်က သတိပေးရတယ်ပေါ့။
" ခုဏက ကာလသားခေါင်းကို ပြောလိုက်တယ် ဦးလေး။ သူ ရွာထဲ သွားယူလိုက်အုံးမယ်ဆိုပြီး ထွက်သွားတာပဲ ၊ ခဏ စောင့်လိုက်ပါအုံး။ ပြန်လာမှာပါ "
တိုးကြွယ် ပြောအပြီး ဘာကြာလိုတုန်း။ ရွာထဲက လူအချို့ ကန်တော့ပွဲတွေ ရွက်လာကြတယ်။
ပိတ်ကားအနီးမှာ ကန်တော့ပွဲ တပွဲ။ ရုပ်ရှင်ပြစက်အနီးမှာ တပွဲ၊ မီးစက်အနီးမှာ တပွဲ ... ကန်တော့ပွဲတွေ ထိုးလိုက်ကြတယ်။
ဦးသောင်းခင် ကန်တော့ပွဲတွေ ထိုးရင်း မိုး၊ လေ မကျဖို့ ၊ မီးစက် မပျက်ဖို့ ဆုတောင်းတယ်။ ဒါက သူ လုပ်နေကျ။
ဒီလိုနဲ့ ရုပ်ရှင်ပြချိန် နီးလာတော့ ရွာထဲက လူတွေ တဖွဲဖွဲနဲ့ ကွင်းထဲ ဝင်လာပြီး နေရာ ယူကြလေရဲ့။ တချို့ အပြီးထိ ကြည့်ကြမယ့်သူတွေက ချိုင့်ကြီးချိုင့်ငယ်တွေနဲ့ စားစရာတွေ ယူလာကြတယ်။
ရွာခံ ကာလသားခေါင်းက တာဝန်ကျေရှာတယ်။ စက်အဖွဲ့အတွက် ညစာ ထမင်းဟင်းတွေအပြင်၊ ဆေးလိပ်၊ကွမ်းယာ အားလုံး စီစဥ်ပေးတယ်။
ည၇နာရီခွဲမှာ ရုပ်ရှင် စပြတယ်။ အနှောက်ယှက် တစုံတရာ မရှိပါဘူး။ မီးစက်လည်း နှိုးရလွယ်သလို ၊ ရုပ်ရှင်ပြစက်ကလည်း တစက်ကလေးမှ မဖေါက်ဘူး။
ရယ်စရာပါရင် တဝါးဝါးတဟားဟားနဲ့ ဟားတိုက် ရယ်မောကြပြီး၊ ငိုစရာပါတော့လည်း တရှုံ့ရှုံ့နဲ့ ပရိတ်သတ်က ရုပ်ရှင်မှာ ဈာန်ဝင်နေကြတာပေါ့။
တိုးကြွယ်က ရုပ်ရှင်ပြစက်အနီးမှာ နောက်ပြမယ့် ဖလင်ဘူးကို အသင့် ဖြစ်စေရန် ပြင်ဆင်နေတယ်။ ဦးသောင်းခင်ကတော့ ကားမောင်းလာရတာ ပန်းလို့ဆိုပြီး ထမင်းစားပြီးကတည်းက ကားပေါ်တက် အိပ်နေလေရဲ့။
_______________
၃။
ဇာတ်ကားတစ်ကား ကြာမြင့်ချိန်က ၂နာရီနဲ့ ၃နာရီကြားဆိုတော့ ၊ စက်က ပူတတ်တယ်။ စက်တွေက ဟောင်းနွမ်းနေပြီလေ။ အိုးမော်ဒယ် (Old model) တွေ။ ရုပ်ရှင်ရုံကြီးတွေမှာ မသုံးတော့တဲ့ ပြစက်အဟောင်းတွေပေါ့။ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်နေရတဲ့အဆင့်။
အဲ့ဒီတော့ တစ်ကားပြပြီးသွားရင် မိနစ်၂၀ အစိပ်လောက် ခဏတာ စက်ကို အနားပေးရတယ်။ နားနေတဲ့အချိန် ကက်စက်နဲ့ သီချင်းဖွင့်ပေးထားလိုက်တယ်။ အဲ့ဒီအချိန် ရုပ်ရှင်ကြည့် ပရိတ်သတ်တွေက အပေါ့အပါးသွားကြ ၊ မုန့်ထွက်ဝယ်ကြပေါ့။
ည ၂နာရီ ထိုးတော့ ၊ တိုးကြွယ်က ပရိတ်သတ်အကြိုက် ဇာတ်ကား တစ်ကား ထိုးပြပြီး ၊ ဦးသောင်းခင် အိပ်နေတဲ့ ကားဆီကို လျှောက်သွားလိုက်တယ်။
ရုပ်ရှင်ပြစက်အနီးမှာ စိုးသူကို ထားခဲ့တယ်။ ရွာက လူငယ်အချို့က စပ်စပ်စုစု ရုပ်ရှင်ပြစက်အနီးကို မယောင်မလည် လာတတ်ကြတယ်။မတော် ရုပ်ရှင်ပြစက်ကို ဟိုဟာလုပ် ဒီဟာလုပ် လုပ်များ လုပ်လိုက်ရင် ရုပ်ရှင်ပြစက် ပျက်စီးမှာ။ အဲ့ဒါ စိုးရိမ်လို့ အစောင့်အဖြစ် တစ်ယောက်တော့ အမြဲ ရှိနေမှ။
တိုးကြွယ်က မသွားခင်မှာ စိုးသူကို အသေအချာ မှာတယ်။
" စိုးသူ ... ငါ ဦးလေးဆီ ခဏ သွားလိုက်အုံးမယ်။မင်း ပြစက်နားက ဘယ်မှ မသွားနဲ့နော် ၊ ပြီးတော့ အိပ်လဲ အိပ်မနေနဲ့အုံး "
" အေးပါကွ ... စိတ်ချလက်ချ သွားပါ ၊ ငါ မအိပ်ပါဘူး "
စိုးသူနဲ့ တိုးကြွယ်က အသက်မတိမ်းမယိမ်း။ ၂၅ဝန်းကျင်တွေပေါ့။ အလုပ်အတူတူ လုပ်ဖေါ်ကိုင်ဖက်လူငယ်တွေဆိုတော့ ပြောမနာဆိုမနာ။ ပြီးတော့ ၂ယောက်စလုံးက တွက်ကပ်တတ်ကြသူတွေမဟုတ်။
တိုးကြွယ် ကားအနီးရောက်တော့၊ စကားပြောသံကြားလိုက်ရတယ်။ ဦးသောင်းခင် ဧည့်သည်တစ်ယောက်နဲ့ စကားပြောနေတာနဲ့တူတယ်။
ရုပ်ရှင်ပြစက် တညတာ ငှားရမ်းခကို ဦးသောင်းခင်က တွက်ချက်ပြနေတာနဲ့တူတယ်။
" ဒါက မီးစက်ဖိုး ၊ ဆီဖိုးနဲ့ လမ်းစရိတ်ကာမိရုံပါ ၊ ပြီးတော့ မနက်ဖြန် ကျွန်တော်တို့က ပွဲအားနေတာနဲ့ တိုက်ဆိုင်လို့ ဒီဈေးနဲ့ ပြသပေးမယ်လို့ ပြောတာပါ ။ ဈေးတော့ ထပ်မဆစ်ပါနဲ့တော့ဗျာ ... "
ဦးသောင်းခင် အကျင့်က စကားကို ကျယ်ကျယ် ပြောတတ်တယ်။ အခု တိုးကြွယ် က ဦးသောင်းခင်ရဲ့ ဈေးစကားပြောနေသံသာ ကြားရပြီး၊ ပွဲငှားအသံကို မကြားရဘူး။ ရုပ်ရှင်က အသံတွေကလည်း ဆူညံနေတာကိုး။
ဧည့်သည် ရှိနေတာပဲ ဆိုပြီး၊ တိုးကြွယ်က ကားပေါ် မတက်သေးဘဲ၊ခပ်လှမ်းလှမ်းက လမ်းနံဘေးမှာ အပေါ့သွားစွန့်တယ်။ အပေါ့စွန့်ပြီး သူ ကားဆီ ထွက်လာတော့ ကားနံဘေးမှာ ဦးသောင်းခင် တစ်ယောက်တည်း မတ်တတ်ရပ်ပြီး လက်ပြနုတ်ဆက်နေတယ်။
ဦးသောင်းခင် လက်ပြ နုတ်ဆက်တဲ့ဘက် လှမ်းကြည့်တော့ လူတစ်ယောက်မှ မတွေ့ဘူး။ ဒါနဲ့ ...
" ဦးလေး ဘယ်သူ့ကို နုတ်ဆက်နေတာလဲ "
ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ဦးသောင်းခင်က သူ့ဘက် လှည့်လာပြီး
" ပွဲငှားတွေလေကွာ ... ဟိုဘက်ရွာကတဲ့ ၊ မနက်ဖြန် တည သူတို့ရွာကို ရုပ်ရှင် လာပြပေးပါတဲ့ "
တိုးကြွယ် အသေအချာ လှမ်းကြည့်တယ်။ ဦးသောင်းခင် လက်ပြတဲ့ဘက်မှာ ရွာသင်္ချိုင်းပဲ တွေ့ရတယ်။ မှောင်မည်းနေတာမို့ ဘာကိုမှ မမြင်ရဘူး။
" စရံပေးသွားလား ဦးလေး "
" အေးကွ ... ပေးသွားတယ်။ မနက်ဖြန်ကျ ဆက်ဆက်လာခဲ့ပါတဲ့။ ရွာရောက်တာနဲ့ ကျန်ငွေ အကုန်ရှင်းပေးပါ့မယ်တဲ့ "
တိုးကြွယ်ကို ဦးသောင်းခင်က သူ့အင်္ကျီအိတ်ထောင် ပုတ်ပြပြီး ပြောလိုက်တာဖြစ်တယ်။
တိုးကြွယ် မြင်တာတော့ ဦးသောင်းခင်ရဲ့ အိတ်ထောင်ကြီးတော့ ဖောင်းကားနေတာပဲလေ။
_______ _______
၄။
ပြအိုးရွာမှာ သူတို့ အောင်မြင်စွာ ရုပ်ရှင်ပြပြီးတော့၊ နောက်တစ်နေ့ နံနက်မှာ ပစ္စည်းတွေ သိမ်းကြဆည်းကြပေါ့။
ရွာက လူကြီးတွေက မနက်စာ စားပြီးမှ သွားကြပါဆိုတော့ သူတို့သုံးဦး ရွာထဲက ထမင်းကျွေးမယ့်အိမ်ကို ရောက်သွားကြတယ်။
ဟင်းတွေက ဖွယ်ဖွယ်ရာရာ ၊ တောချက်ဆိုတော့ အင်မတန်စားကောင်းတယ်။ စားပြီး အချိုပွဲ ဧည့်ခံသေးတယ်။ ရေနွေးကြမ်းကတော့ ရွာဓလေ့ မပါမဖြစ်ပေါ့။ ထန်းလျက်ခဲ ဖွေးဖွေးလေးတွေ ၊ လ္ဘက်အကြော်စုံတွေ ချပေး၊ ရွာခံတွေက စေတနာဗရပွနဲ့ ဧည့်ခံတယ်။
" ဒီကနေ ဘယ်ကို ပွဲကူးရမှာလဲ "
ရွာခံ လူကြီးက ဦးသောင်းခင်ကို မေးတော့မှ ဦးသောင်းခင်က ရယ်ဖြဲဖြဲ လုပ်ရင်း ...
" အေးဗျ ... မနေ့က လူကလဲ အိပ်ချင်မူးတူးနဲ့ ၊ ပွဲငှားကို ဘယ်ရွာလဲတောင် ဂဃနဏ မမေးလိုက်ရပါဘူးဗျာ ။ ပြောတော့ ပြောသွားတယ်ဗျ ။ ကျွန်တော်လဲ ခပ်မေ့မေ့ဆိုတော့ ။
နေပါအုံး သူ ပြောတာက ခင်ဗျားတို့ရွာနဲ့ သိပ်မဝေးဘူးတဲ့ ၊ လှည်းလမ်းကြောင်းအတိုင်း အနောက်ဖက်ကိုသာ မောင်းလာခဲ့တဲ့ ။ သူတို့ ရွာထိပ်က ကြိုနေမယ် ပြောတယ် ။
စရံလဲ ပေးသွားတယ်ဗျ။ တစ်နာရီအေးအေးလောက် မောင်းရင် ရောက်တယ်ပြောတယ် "
ရွာခံလူကြီးက ခေါင်းငြိမ့်ပြရင်း၊
" ရွာသာအေး ပြောတာဖြစ်မယ်ထင်တယ်။ ကျုပ်တို့ အနောက်ဖက်ဆို ရွာသာအေးနဲ့ ချမ်းသာရွာပဲ ရှိတာ။ ချမ်းသာရွာက ကားလမ်းမကောင်းဘူးဗျ ။ နည်းနည်းခေါင်တယ် ၊ နို့ဖြင့် ကျုပ်တော့ ရွာသာအေးမှာ အလှုရှိတယ် မကြားမိပါဘူး ၊ ဘာအတွက် ငှားတာတဲ့လဲ "
" သြော်… အဲ့ဒါတော့ ပြောသွားတယ်ဗျ ။ ရွာက စုပြီး ရွာကျောင်းဆရာတော်ရဲ့ ကံထပ်ပွဲတဲ့။ ပွဲငတ်နေတာကြာပြီမို့ ၊ ဒီရွာကို ရုပ်ရှင်ပြစက် ရောက်တယ်ကြားတာနဲ့၊ ညတွင်းချင်း ကူးလာပြီး လာငှားတာတဲ့။ ရွာက မညီတော့ အငြိမ့်ထည့်ချင်တာ ဈေးမတတ်နိုင်လို့ဆိုပဲ "
" သြော်.. ဒါဖြင့် ခင်ဗျားတို့ ဟန်ကျသွားတာပေါ့။ ရွာသာအေးက လူတွေက အေးချမ်းကြပါတယ်။ ဆူဆူပူပူ လုပ်မယ့်သူ မရှိပါဘူး။
အဲ ... ခင်မွန်ချောင်းကူး တံတားရောက်ရင်တော့ ကားကို ဂရုစိုက်မောင်းဗျ ။
ခုချိန်က ချောင်းထဲ ရေမရှိဘူး။ တံတားက လှည်းလောက်ပဲ ကူးလို့ရတယ်။ ခင်ဗျားတို့ကား ကူးမယ်ဆိုရင်၊ တံတားရဲ့ ညာဘက်ဘေးက လမ်းကနေ ချောင်းထဲက ဖြတ်ကူးရမှာ။
တချို့ကားတွေ ရေမရှိတော့ သဲနစ်တယ်။ သဲချောင်းက မကျယ်ပါဘူး။ အလွန်ရှိလှ ပေ၃၀ပေါ့။ သွားထားတဲ့ ကားလမ်းကြောင်းအတိုင်းသာ လိုက်နင်းဗျာ။ အဲ့ဒါဆို သဲ မရုန်းရတော့ဘူး "
ရွာခံလူကြီးက ဦးသောင်းခင်ကို စိတ်ရှည်ရှည်နဲ့ လမ်းအနေအထား ရှင်းပြတယ်။ နေ့လယ် ၁၁နာရီလောက်မှာ စားသောက်ပြီးတော့ သူတို့ ခရီးဆက်ဖို့ ရွာက လူကြီးတွေကို နုတ်ဆက်တယ်။
ရွာထဲက ကာလသားတယောက်က ၊ ဖီးကြမ်းငှက်ပျောသီးတဖီးနဲ့ ကောက်ညှင်းဆန်နဲ့လုပ်တဲ့ မုန့်ဗောက်ကြော်တွေ၊ကုလားပဲနဲ့လုပ်ထားတဲ့ စာကလေးခွေကြော်တွေ အများကြီး လက်ဆောင်လာပေးတယ်။
သူတို့လည်း ကျေးဇူးတင်ကြောင်း ပြောပြီး ပြအိုးရွာကနေ ထွက်လာခဲ့ကြတယ်။
ရွာသင်္ချိုင်းရှေ့က ဖြတ်တော့ တိုးကြွယ် အမှတ်တမဲ့နဲ့ သင်္ချိုင်းထဲကို လှမ်းကြည့်လိုက်မိတယ်။
အုံ့ဆိုင်းဆိုင်း ညိုမှိုင်းနေတဲ့ ညောင်ညိုပင်ကြီးအောက်မှာ အေးချမ်းစွာ လှဲလျောင်းနေကြတဲ့ အုတ်ဂူ ဖြူဖြူလေးတွေ ၊ ညောင်ညိုပင်ရဲ့ အရိပ်လွတ်ရာ ၊ နေပူထဲမှာ မို့မောက်မောက် စီသွယ်တန်းနေတဲ့ ကဗျည်းမှတ်တိုင်လေးတွေနဲ့ မြေပုံလေးတွေ မြင်လိုက်ရတယ်။
သုဿန်က ငြိမ်သက်အေးချမ်းစွာ ရှိနေလေတော့ တိုးကြွယ်ရဲ့ စိတ်ထဲမှာ ...
" အင်း ငါကတော့ ငါ့ဘဝ ရှင်သန်နိုင်ရေးအတွက် ဘယ်အချိန်အထိများ ခရီးဆက်နေရအုံးမလဲ မသိဘူး။ လူဆိုတာ သေမှပဲ အေးချမ်းတာပါလား "ဟု သံဝေဂရနေမိတော့တာပေါ့။
_____________
၅။
" ရှေ့က တံတားက ပြအိုးရွာက လူ ပြောတဲ့ ခင်မွန်တံတားနေမှာကွ "
ကားမောင်းနေတဲ့ ဦးသောင်းခင်က ရှေ့တူရူမှာ မြင်ရတဲ့ သစ်သားတံတားကို ကြည့်ပြီး သူ့ဘေးမှာ ထိုင်လိုက်လာတဲ့ တိုးကြွယ်ကို လှမ်းပြောလိုက်တာ ဖြစ်တယ်။
တိုးကြွယ် လှမ်းကြည့်တော့ တံတားက လှည်းတစီး သွားသာရုံသာ၊ ခိုင်ခံ့မှု သိပ်ရှိလှပုံမပေါ်။
တံတား ညာဘက်ဘေးမှာ သဲချောင်းထဲ ဆင်းသည့် ကားလမ်းတခု ရှိတာ တွေ့ရတယ်။ ဦးသောင်းခင်က တံတား ညာဘက်ဘေးက ကားလမ်းထဲ မဆင်းခင် ၊ ကားကို စက်ရပ်လိုက်တယ်။
" လာကွာ တိုးကြွယ် ၊ သဲချောင်းကို ကားနဲ့ မဖြတ်ခင် ဆင်းကြည့်ကြရအောင် "
သူတို့ ကားပေါ်ကဆင်းပြီး သဲချောင်းကို သွားလေ့လာကြတယ်။ သဲချောင်းမှာ ကားတွေ ဖြတ်ထားတဲ့ ကားဘီးရာ လမ်းကြောင်း တွေ့ရတယ်။
ဦးသောင်းခင်က အဲ့ဒီ ကားလမ်းကြောင်းပေါ် လူကိုယ်တိုင် သွားနင်းကြည့်ပြီး ...
" ကားတွေတော့ ဖြတ်သွားဖြတ်လာ ရှိကြပုံပဲကွ ။ အင်း ... ဒီအနေအထားလောက်ဆို ငါတို့ကားလဲ ဖြတ်လို့ ရမှာပါ "
ဦးသောင်းခင်က အဲ့သလို ဆုံးဖြတ်လိုက်ပြီး ၊ သဲချောင်းကို ဖြတ်ဖို့ ကားဆီ ပြန်သွားတယ်။
တိုးကြွယ်က ရှေ့ကနေ လမ်းကြောင်း ကြည့်ပေးဖို့ သဲချောင်းမှာ ကျန်နေရစ်တယ်။
"ဝေါ ... ဝေါ ... ဝူး "
ဦးသောင်းခင်က ကားကို ကျင်လည်စွာနဲ့ သဲချောင်းကို ဖြတ်မောင်းတယ်။ နောက်တွဲ ထော်လီပေါ်က မီးစက်က ကြီးတော့ ၊ အတော် ရုန်းရတယ်။
သဲချောင်းကို ဖြတ်အပြီးမှာ ခပ်မော့မော့ ကုန်းမြေပေါ် ပြန်တက်ရပြန်တယ်။ အဲ့ဒီအချိန် ဦးသောင်းခင်က ကားကို လီဗာ စွတ်တင်တော့ နောက်တွဲ ထော်လီက ယိမ်းသွားတယ်။
" ဂျောင်း ဂျလောင်း "
" ဦးလေး ဖြေးဖြေး ဖြေးဖြေး "
တိုးကြွယ်က လှမ်းသတိပေးသေးတယ်။ ဒါပေမဲ့ ဦးသောင်းခင်ကလည်း အတက်ဆိုတော့ လီဗာကို ခပ်ဖိဖိ နင်းလိုက်ပုံရပါတယ်။ ပြီးတော့ နောက်တွဲချိတ်မှာ တပ်ထားတဲ့ မူလီကလည်း မကောင်းလို့ ထင်ပါရဲ့ ။
" ဖျောင်း "
" ဘုန်း "
မူလီပြတ်ပြီး ၊ နောက်တွဲထော်လီက ညာဘက်ကို စောင်းသွားလိုက်တာ တခြမ်းစောင်းလဲသွားတဲ့အထိပါပဲ။ မီးစက်နဲ့တွဲထားတဲ့ ဘီးနှစ်ဘီးပါ ထော်လီဟာ တစောင်းကြီး လဲကျသွားပါတော့တယ်။
ဦးသောင်းခင်က ကားကို ဘေးနားချ ရပ်လိုက်တယ်။ သူ ဆင်းကြည့်တော့ မီးစက်ကြီးက တခြမ်းစောင်း လဲကျနေပြီး ၊ ဆီတွေ ယိုကျနေတယ် ။
တိုးကြွယ်ရယ် စိုးသူရယ် ဦးသောင်းခင်ရယ် သူတို့ သုံးယောက်အားနဲ့ ဒီမီးစက်ပါ ထော်လီကြီးကို ဘယ်လို ပြန်ထောင်ရမလဲ တွေးကာ မျက်နှာတွေ ရှုံ့မဲ့ကုန်ကြတယ်။
နာရီကို ကြည့်တော့ နေ့လယ် ၁၂နာရီ ကျော်ကာစ ။ အချိန်ကတော့ ရသေးတယ်။ ဒါပေမဲ့ မီးစက်ကို ပြန်ထောင်ဖို့ လူအား လိုနေပြီမဟုတ်လား။
_____________
၅။
သူတို့သုံးယောက် ပါလာတဲ့ သစ်မာချောင်းတွေကို ကုတ်အဖြစ်သုံးပြီး ကားကို ကုတ်ဖြင့်ကော်ထောင်ကြတယ်။
ဒါပေမဲ့ နေကပူ၊ အရိပ်ကလည်းမရှိနဲ့၊ ချွေးပျံတာပဲ အဖတ်တင်တယ်။ မီးစက်ကြီးနဲ့ ထော်လီက ထောင်မရဘူး။
နေ့လည် မွန်းတိမ်းချိန် ၂နာရီလောက်မှာ ထင်းတွေလား သစ်တွေလား တင်လာတဲ့ ထော်လာဂျီတစီး ဖြတ်မောင်းလာတာ တွေ့တာနဲ့ အကူအညီ တောင်းကြည့်တယ်။
အဲ့ဒီထော်လာဂျီပေါ်မှာ ရွာသား ၃ယောက်ပါတယ်။ အားကောင်းမောင်းသန်တွေပါပဲ။ သူတို့ကားကို တစ်နေရာ ဘေးချရပ်ထားလိုက်ပြီး ကူညီကြတယ်။
အတော် ထောင်ယူရတယ်။ စိုးသူဆို ခြေမပေါ် သစ်သားချောင်းပြုတ်ကျသွားလို့ ခြေသည်း ညိုပုပ်သွားရှာတယ်။
ဦးသောင်းခင်က လူကြီးဆိုတော့ မောနေတာပေါ့။ သူက အသက်ကြီးပြီဆိုတော့ သက်လုံမကောင်းတော့ဘူး။ သူ မောဟိုက်နေတာကြည့်ပြီး တိုးကြွယ် စိတ်မကောင်း ဖြစ်နေတယ်။
ထော်လာဂျီပေါ် ပါလာတဲ့ လူတွေကြောင့် မီးစက်ကြီးပါတဲ့ နောက်တွဲထွေလာကို ပြန်ထူမနိုင်ခဲ့တယ်။ သူတို့လည်း အတော် ပြိုင်းသွားကြတယ်။ ထွေလာကို ထူမပြီး ခြေပစ်လက်ပစ် နားနေကြရသေးတယ်။ ဦးသောင်းခင်က အဲ့ဒီလူတွေကို ကျေးဇူးတင်လို့ မုန့်ဘိုးသွားပေးတယ်။ သူတို့က ရယ်ရယ်ပြုံးပြုံးနဲ့ ငြင်းကြတယ်။ မယူပါဘူးဗျာတဲ့ ၊ ကျုပ်တို့က မနေ့က ခင်ဗျားတို့ ရုပ်ရှင်ပြခဲ့တဲ့ ပြအိုးရွာကပါတဲ့။
ကျေးလက်ဒေသက လူတွေများ တကယ်ကို ရိုးစင်းပြီး သဘောဖြူကြတာကိုး။ ဒါနဲ့ ဦးသောင်းခင်လည်း သူ့မှာပါလာတဲ့ စီးကရက်ဘူးအသစ်တဘူးကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။
သူတို့ ရုပ်ရှင်ပြစက်အဖွဲ့လည်း အဲ့ဒီထော်လာဂျီ ထွက်သွားပြီး မရှေးမနှောင်းမှာ 'ခင်မွန်တံတား' ကနေ ထွက်လာခဲ့ကြပါတယ်။
နောက်တွဲ ထွေလာမှောက်တာ ဘယ်လောက်တောင် ခရီးကြန့်ကြာသွားသလဲဆိုရင် ၊ ခင်မွန်တံတားကနေ သူတို့ထွက်တော့ ညနေ ၄နာရီ ထိုးသွားပြီ။
ဒီလိုနဲ့ ခရီးရှေ့ဆက်ခဲ့ရာမှာ ကံမကောင်းချင်တော့ ကားဘီးတလုံးက ဒိုင်းခနဲ ထပေါက်ပြန်ပါရောလား။ လမ်းကလည်း ခပ်ကြမ်းကြမ်းဆိုတော့ ကားဘီးပေါက်မှာပေါ့။
ဒီတစ်ခါတော့ ဦးသောင်းခင်ကို အနားပေးပြီး ၊ တိုးကြွယ်နဲ့စိုးသူပဲ ကားဘီး အပိုတလုံးနဲ့ ပေါက်သွားတဲ့ ဘီးကို အစားထိုး လဲလိုက်ကြတယ်။
ဘီးလဲပြီး ၊ လမ်းက ကျင်းကမုတွေ ပေါတော့ ခပ်ဖြည်းဖြည်း တစ်လိမ့်ချင်း လိမ့်လာရတယ်။ ဦးသောင်းခင်က ကားမောင်းရင်း ငြီးငြူရှာတယ်။
" လခွမ်း ... ဒီလောက် လမ်းဆိုးမှန်းသိရင် ပွဲ လက်မခံပါဘူးကွာ ။ ဆိုးလိုက်တဲ့လမ်း ပြအိုးရွာက စားလာတဲ့ ထမင်းတောင် ဘယ်ချောင်ရောက်သွားပြီလဲ မသိပါဘူး "
တိုးကြွယ် အလိုက်တသိနဲ့ ပြအိုးရွာသား လက်ဆောင်ထည့်ပေးလိုက်တဲ့ ဖီးကြမ်းငှက်ပျောသီးကို တစ်လုံးဖြုတ်ပြီး အခွံပါခွါပေးလိုက်တယ်။
ဦးသောင်းခင် တစ်လုံးနဲ့ မတင်းတိမ်နိုင်ဘူး။ နောက်ထပ် ၂လုံး ထပ်ခွာပေးလိုက်တော့မှ အဆာပြေသွားဟန်တူတယ်။
" ရေပေးပါအုံး ငါ့တူရာ "
တိုးကြွယ် ရေဘူးထဲက ရေကို မတ်ခွက်ထဲ ထည့်ပေးလိုက်တယ်။ စီယာတိုင်ကို လက်တစ်ဖက်နဲ့ ထိမ်းမောင်းရင်း ဦးသောင်းခင်က ရေကို မော့သောက်လိုက်တယ်။
ရေကုန်တော့ အေ့ခနဲ လေချဉ်တက်တယ်။ ဦးသောင်းခင်က ပြုံးပြီး
" ဘယ်လိုလဲ တိုးကြွယ် ၊ စိတ်ပျက်သွားပြီလား ၊ ငါတို့အလုပ်က အဲ့သလိုပဲ ငါ့တူရေ ။ အိမ်က မိန်းမတွေက ငါတို့ လမ်းမှာ ဘယ်လိုခက်ခဲလဲ သိတာမဟုတ်ဘူး ။
ပြန်လာရင် ငွေပါမှ ၊ ငွေများ အပ်နေကျထက် လျော့ရင် မျက်နှာတွေက ပျက်ချင်ချင်ရယ် ။
သားကျွေးမှု၊ မယားကျွေးမှုတွေ တယ် မလွယ်ဘူးဟေ့။ မင်းလဲ ငါ့ကို ကြည့်ပြီး သံဝေဂယူကွ ။
လူပျိုပဲလုပ် ... မိန်းမတော့ မယူလေနဲ့ ဟားဟားဟား…. "
ဦးသောင်းခင်က ပြောရင်းနဲ့ရယ်ရင်းနဲ့ ဝန်းကျင်ကို အကဲခတ်တယ်။ ပြီးတော့ သူ့လက်မှာ ပတ်ထားတဲ့ စီကိုဖိုက်နာရီကို တစ်ချက်ကြည့်ပြီး ...
" တို့ နေ့လယ်ကတည်းက ထွက်လာတာ ၊ အခု မှောင်ရီတောင် သန်းနေပါပေါ့လား ။
ဟိုရောက်ရင်တော့ မင်းတို့တွေ နားချိန် ရတော့မယ်မတူပါဘူးကွာ။ပိတ်ကားထောင်၊ တိုင်စိုက်နဲ့ အလုပ်များတော့မယ် "
ပြောလည်းပြော ဦးသောင်းခင်က ကားရှေ့မီးကြီးကို ဖွင့်လိုက်တယ်။ ဒီဘက်မှာက တောရိပ်တောင်ရိပ်နဲ့ဆိုတော့ အလင်းရောင်က အားဖျော့လာတယ်မဟုတ်လား။
ဆယ်မိနစ်လောက် မောင်းလာတော့ လမ်းဆုံတခုမှာ လူနှစ်ယောက် ပုဆိုးကို ခေါင်းမြီးခြုံပြီး စောင့်နေကြတာ တွေ့လိုက်ရတယ်။
ကားမီးရောင်မြင်တော့ သူတို့က လက်တားကြတယ်။ ပြီးတော့ ကားအနီး ရောက်လာပြီး ... တယောက်သောသူက အသံခပ်ဩဩနဲ့ ...
" ရုပ် ရှင် ပြ မယ့် အ ဖွဲ့ တွေ လား "
လို့ လာမေးကြတယ်။ ဦးသောင်းခင်က ... ' ဟုတ်တယ်ဗျ ၊ ရုပ်ရှင်ပြမယ့် ရွာကလား ' လို့ ပြန်မေးလိုက်တယ်။
သူတို့က ခေါင်းငြိမ့်ပြပြီး ... ' လာပါ ... ကျုပ်တို့ အနောက်က လိုက်ခဲ့။ ရုပ်ရှင်ပြရမယ့် နေရာကို လိုက်ပြပေးမယ် ' လို့ ခပ်လေး လေးပြန်ဖြေကြတယ်။
မျက်နှာတွေက သဲသဲကွဲကွဲလည်း မမြင်ရဘူး။ ပုဆိုးတွေနဲ့ အုပ်ထားကြတယ်။ အရပ်အမောင်း ကောင်းတယ်။ ပုဆိုးကို ခပ်တိုတို ဝတ်ထားတော့ တုတ်ခိုင်တဲ့ သူတို့ရဲ့ သလုံးသားတွေကို အတိုင်းသား မြင်နေရတယ်။
ကြည့်ရင်း သတိထားမိတာက လာကြိုတဲ့ သူ နှစ်ယောက်စလုံး ဖိနပ်မပါကြဘူး။ ခြေဖမိုးတွေက ရွံတွေ ဖုန်တွေ အလိမ်းလိမ်းကပ်လို့ပေါ့။
သူတို့နှစ်ယောက်က လမ်းခွဲရဲ့ ညာဘက်ကို ရှေ့ကနေ ခပ်သွက်သွက် လျှောက်သွားကြတယ်။ သူတို့က နောက်ကနေ ကားမောင်းရင်း လိုက်လာကြတယ်။
တောသားဆိုတော့ လမ်းလျှောက်တာ မြန်သလားပဲ။ ခြေလှမ်းကြဲကြီးတွေနဲ့ လျှောက်သွားလိုက်တာ လှစ်ခနဲ လှစ်ခနဲ ဆိုတော့ ...
" ငါတို့ နောက်ကျလို့ စိတ်များ ဆိုးနေကြသလား မသိဘူးနော် ၊ ရှေ့ကနေ လျှောက်သွားတာကလဲ မြန်လိုက်တာ"
လို့ ဦးသောင်းခင်ကတောင် ပြောလိုက်မိသေးတယ်။ တိုးကြွယ်ကတော့ အဲ့ဒီလူတွေကို လိုက်ကြည့်မနေပါဘူး။ ဒီည ဘာကားတွေ ပြရမလဲဆိုတာပဲ စိတ်ထဲ စီစဉ်နေမိတယ်။
သူတို့ ပြရမယ့် ကွင်းပြင်ကျယ်ကို ရောက်ပြီ။ ကားမီးရောင်နဲ့ ကွင်းကို ကောင်းကောင်းကြီး မြင်နေရတယ်။
တိုးကြွယ်က ...
" ဦးလေး ... ရုပ်ရှင်ပြမယ့်ကွင်းထဲ ဖျာတို့ ခုံတို့လဲ လာမချထားကြဘူးနော်။ ဘာလို့ပါလိမ့် "
ဦးသောင်းခင်ကတော့ ...
" သြော် ... ငါတို့ မရောက်သေးတော့၊ လာမှ လာပါ့မလားဆိုပြီး၊ နေရာ ဦးမထားကြတာနေမှာပေါ့။ အံမယ်လေး ပူမနေပါနဲ့ကွာ ၊ ခဏနေ အလျိုလျိုနဲ့ ရောက်လာကြမှာပါ "
ဟုတ်မှာပါပဲလို့ တိုးကြွယ် တွေးလိုက်ပြီး စိုးသူနဲ့အတူ ပစ္စည်းတွေ နေရာချ။ ပိတ်ကားထောင်တိုင်တွေစိုက်ပေါ့ ။
ဦးသောင်းခင်ကလည်း လဲကျထားတဲ့ မီးစက်ကို လိုက်စစ်ပြီး၊ ဆီဖြည့်သင့်တာဖြည့်တယ်။ ပြီးတော့ မီးစက်ကို မောင်းကြည့်လိုက်တယ်။
" ဒုန်း ဒုန်း ဒုန်း "
မီးစက်ကြီးက တဒုန်းဒုန်းနဲ့ နှိုးသွားတယ်။ တော်ပါသေးရဲ့လို တိုးကြွယ် စိတ်ထဲ အောက်မေ့လိုက်မိတယ်။ မီးစက်သာ မနှိုးလို့ကတော့ သူတို့ ဘာမှ လုပ်ရမှာ မဟုတ်ဘူးလေ။
ပိတ်ကားလဲ ထောင်ပြီးပြီ၊ မီးစက်ကို နှိုးထားတော့ ကွင်းလည်း မီးလင်းပြီ။ ဒါပေမဲ့ အခုထိ ရုပ်ရှင်ပြမယ့်ကွင်းထဲ လူတယောက်မှ ရောက်လာတာ မတွေ့သေးဘူး။ ယုတ်စွအဆုံး ခုဏက သူတို့ကို လာကြိုတဲ့ လူနှစ်ယောက်တောင် ဘယ်အချိန်က ထွက်သွားတယ်မသိလိုက်ရ။ မီးတွေ လင်းနေတဲ့ ရုပ်ရှင်ပြမယ့်ကွင်းထဲမှာ သူတို့သုံးယောက်သာ ယောင်လည်လည် ရှိနေကြလေရဲ့။
______________
၆။
" သူတို့ဖာသာ လာချင်လဲလာ၊ မလာချင်လဲနေ ၊ တို့က တို့အလုပ် တို့လုပ်ရမှာပဲ တိုးကြွယ် "
ဦးသောင်းခင်က တဒီးဒီး လည်နေသော ပြစက်အနီးမှ ပိတ်ကားပေါ်မှာ လှုပ်ရှားနေသော ပုံရိပ်များကို ကြည့်၍ ပြောလိုက်ခြင်းပင်။
ဒီညအတွက် ပြရမယ့် ဖလင်တွေကို ဦးသောင်းခင်ကိုယ်တိုင် လာရွေးပေးသွားတယ်။ တိုးကြွယ် သတိထားမိသလောက်ကတော့ ခေတ်ဟောင်းဇာတ်ကားတွေချည်းပဲ။
ည၈နာရီထိုးသည်အထိ ရုပ်ရှင်ပြသမည့်ကွင်းအတွင်းသို့ ပရိတ်သတ် တစ်ယောက်မှ ဝင်မလာကြဘူး။
ဦးသောင်းခင်ကတော့ ကွမ်းယာဝါးရင်း ခပ်အေးအေးပင်။ ပရိတ်သတ် မရှိသော ကွင်းထဲက ပိတ်ကားတွင် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ကတော့ သက်ဝင်လှုပ်ရှားနေပါတယ်။
သူတို့ ပြသနေတဲ့ ကွင်းပြင်ဟာ တောင်ကုန်းလွင်ပြင်တခု ဖြစ်ပြီး၊ ချိုင့်နည်းနည်းကျသော အရှေ့စူးစူး ကိုက်အနည်းငယ် ဝေးသောနေရာ၌ အိမ်ခြေ ၅၀ခန့်ရှိမည့် ရွာကို မြင်တွေ့နေရတယ်။
မီးရောင် လက်လက်လင်းနေသော ရွာကလေးသည် ရုပ်ရှင်လာမကြည့်ကြသေးပါ။ သူတို့ ယခုအချိန်ထိ ဘာတွေ အလုပ်ရှုပ်နေကြသလဲမသိနိုင်။
ရုပ်ရှင်က အသံများနှင့် မီးစက်သံသာ ကွင်းပြင်၌ စီနေတယ်။ဦးသောင်းခင်ကတော့ ထုံးစံအတိုင်း သူတို့နှစ်ဦးကို ထား၍ ကားပေါ်တက်သွားတယ်။
ရုပ်ရှင်ပြစက်အနီးမှာ စိုးသူနဲ့ တိုးကြွယ်ပဲ ကျန်ရစ်ခဲ့တယ်။ လူမရှိတဲ့ ကွင်းပြင် ခြောက်ကပ်ကပ်ကြီးကို ကြည့်ပြီး မျက်နှာပျက်နေသော စိုးသူက၊
" ငါ့စိတ်ထဲ တမျိုးကြီးပဲ တိုးကြွယ်ရာ။ ဒီကွင်းထဲ နေရတာ မသိုးမသန့်နဲ့ ။ တခုခု ဖြစ်လာလိမ့်မယ် ထင်တယ်ကွာ ။ မင်း ကြည့်လေကွာ ၊ ဒါမျိုး ငါတို့ ဘယ်တုန်းက ကြုံဖူးလို့လဲ ၊ ရုပ်ရှင်သာ ပြနေတာ ကြည့်မယ့်ပရိတ်သတ်က ခုထိ တယောက်မှ မလာဘူးဆိုတော့ "
တိုးကြွယ်ကိုယ်၌က ဒီကနေ့ည ရုပ်ရှင် ပြနေရသည်ကို စိုးရိမ်စိတ်လိုလို ၊ ကြောက်စိတ်လိုလို ခံစားနေရတာဆိုတော့ ...
" မင်းကလဲ မရှင်းမလင်းနဲ့ ။ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတာ ဘာကို ပြောတာလဲ ။ ဘာဖြစ်မှာလဲ စိုးသူ "
" ဘာဖြစ်မှာလဲ ငါလဲ တပ်အပ်သေချာ မသိဘူး တိုးကြွယ်။ ဒါပေမဲ့ မကောင်းတာတစ်ခုခု ဖြစ်မယ်လို့တော့ ငါ သိနေသလိုပဲ "
စိုးသူ စကားကြောင့် တိုးကြွယ်ဟာ မီးစက်နှိုးတဲ့ ဂေါက်တံကို ခါးကြားထိုးထားလိုက်တယ်။ အရေးရယ်အကြောင်းရယ်ဆို ကိုယ်က ခုခံစရာ လက်နက် တခုတလေတော့ ရှိထားမှမဟုတ်လား။ တိုးကြွယ်က စိုးသူကို ...
" စိုးသူ ... မင်းလဲ လက်နက်တစ်ခုတော့ ဆောင်ထားကွာ ၊ ဘာရယ်မဟုတ်ဘူး ၊ ဖြစ်လာတော့လဲ ရင်ဆိုင်ကြရုံပေါ့ "
စိုးသူက အနီးအနားကို မျက်လုံးဝဲကြည့်လိုက်တယ်။ လက်နက်ဆိုလို့ ကပ်ကြေးတချောင်းသာ တွေ့ရတော့ အဲ့ဒီကပ်ကြေးကိုပဲ ယူကိုင်ထားလိုက်ပြီး ၊ တိုးကြွယ်ကို တိုင်ပင်လိုက်တယ်။
" တိုးကြွယ် ... မင်း ငါ့ဦးလေးကို သွားပြောကြည့်ပါလား ။ ဒီ ဇာတ်ကား ပြီးလို့မှ ကွင်းထဲကို လူ ဝင်မလာရင် ပစ္စည်းတွေသိမ်းပြီး ပြန်ကြရအောင်လို့လေ "
တိုးကြွယ် သက်ပြင်းချလိုက်တယ်။သူ ဦးသောင်းခင်အကြောင်း သိနေတယ်လေ။ ငွေအကြေ မရသေးသရွေ့တော့ ဦးသောင်းခင်က ပြန်လိမ့်မယ် မထင်။
"ဟူး ... မင်းလဲ မင်းရဲ့ဦးလေးအကြောင်း မသိတာကျလို့ စိုးသူရာ။ သူက သူ့ငွေ အကြေမရလို့ကတော့ ပြန်မှာမဟုတ်ဘူးကွ ။ ငါ သွားပြောလဲ အလကားပဲ "
" အိုကွာ ... လူ့အသက်ထက် ငွေက ပိုအရေးကြီးအုံးမှာလား ၊ ဘာလဲ ... မင်းက မပြောရဲဘူးလား ။ ဒါဆို မင်း ဒီမှာ နေခဲ့။ ငါ သွားပြောလိုက်မယ် "
စိုးသူက အဲ့သလိုပြောပြီး ကားဆီကို ထွက်သွားတယ်။ တိုးကြွယ်ကတော့ ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း ကျန်နေခဲ့တာပေါ့။
ဆယ်မိနစ်လောက် ကြာတော့၊ စိုးသူ ပြန်ရောက်လာတယ်။ စိုးသူ မျက်နှာက စိုးရိမ်ထိတ်လန့်နေဟန် အတိုင်းသား ပေါ်လွင်နေတော့ ...
" ဟေ့ကောင် ဘာဖြစ်လာတာလဲ ၊ ဦးလေးက ဆူလိုက်လို့လား "
စိုးသူ ခေါင်းခါပြတယ်။ သူ တခုခု ကို စိုးထိတ်နေပုံပဲ။ တိုးကြွယ်က သူ့လက်မောင်းကို ကိုင်လှုပ်ရင်း 'ဘာဖြစ်လာတာလဲ စိုးသူ' ဆိုတော့မှ
" ဟေ့ကောင် တိုးကြွယ် ။ ငါ့ဦးလေး ရူးသွားပြီ ထင်တယ် "
" ဟေ! မင်း ငါ့ လာနောက်နေတာလား စိုးသူ ။ ဦးလေးက ဘာဖြစ်လို့ ရူးရမှာလဲကွ "
" ငါ ဦးလေးဆီသွားတော့ ကားပေါ်မှာ စကားပြောသံတွေ ကြားလိုက်ရတယ်။ ငါလဲ အံဩသွားတာပေါ့။ ဦးလေး ဘယ်သူနဲ့ စကားပြောနေပါလိမ့်ဆိုပြီး ချောင်းကြည့်လိုက်တော့။
ဦးလေးက သစ်ရွက်တွေကို ပိုက်ဆံလိုမျိုး ရေတွက်နေတာ မြင်လိုက်ရတယ်။ ပြီးတော့ သူ့ရှေ့မှာ လူတယောက် ရှိနေသလိုမျိုး စကားတွေ ရွှန်းရွှန်းဝေအောင် ပြောနေတာကွ။
သူ စကားပြောနေတာက ငါတို့ကို လာငှားတဲ့ ပွဲငှားကို ပြောနေသလိုပဲ။
ဘာတဲ့ကွာ .. သြော် သိပြီ။ ' စိတ်ချပါ ခင်ဗျားတို့အကြိုက် ဇာတ်ကားတွေပဲ ရွေးပြပေးပါ့မယ်၊ ခုလဲ ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကား ထိုးထားပါတယ် ။ကျန်ငွေ ပိုက်ဆံလဲ ပြည့်ပါတယ် ။သြော်..ဒါနဲ့ ကျွန်တော်တို့ ၃ယောက်အတွက်တော့ ညစာ ထမင်းလေး စီစဉ်ပြီး ပို့ပေးပါအုံးနော် ' တဲ့။ ငါ သေသေချာချာ ကြည့်ခဲ့တယ် တိုးကြွယ်။ ကားပေါ်မှာ ဦးလေးကလွဲရင် တစ်ခြားလူ ဘယ်သူမှ မရှိဘူး ။ ပြီးတော့ ဦးလေးကိုင်ထားတာလဲ ပိုက်ဆံတွေ မဟုတ်ဘူး။ သစ်ရွက်ခြောက်တွေ ... "
ဟေ!
ပိတ်ကားကို ကျောပေးနေတဲ့ တိုးကြွယ်ပါးစပ်က ဟေလို့သာ ရေရွတ်လိုက်မိတော့တယ်။
စိုးသူက တိုးကြွယ်ကို မကြည့်ဘူး။ ပိတ်ကားဖက်ကို ကြည့်နေရင်း ...
" တိုး ... တိုး ... တိုးကြွယ် !
ဟို ဟို မင်း နောက်မှာ ... "
တိုးကြွယ် ခါးကြားက သံဂေါက်တံကို ထုတ်ယူပြီး လှည့်ကြည့်လိုက်တယ်။
" ဟင်! "
ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ။ အများကြီးပဲ။ သူတို့ ဘယ်အချိန်က ရောက်လာတာလဲ။ ဒီလောက် လူအများကြီး ရောက်လာတာတောင် အသံ တစ်သံမှ မကြားလိုက်ရပါလား။
_____________
၇။
" စိုး ... စိုး သူ "
" ဘာ ... ဘာလဲ တိုးကြွယ် "
" သူတို့ ကြည့်စမ်း ၊ မျက်နှာတွေက မရယ်မပြုံးနဲ့ ။ ပြီးတော့ ဖွေးဖွေးစုတ်စုတ်ကြီးတွေ ... "
" အေး ... ခြေထောက်တွေ ကြည့်လိုက်အုံး တိုးကြွယ်။ တစ်ယောက်မှ ဖိနပ်မပါကြဘူး "
"ဟုတ်တယ် အဝတ်အစားတွေကလဲ နွမ်းဖတ်စုပ်ပြတ်နေတာပဲနော် "
" ကလေးအမေတွေလဲ ပါတယ် တိုးကြွယ်။ ဒါပေမဲ့ ကလေးငိုသံ တစ်ချက်လေးမှ မထွက်ဘူးဟ "
" သေသေချာချာ ကြည့် စိုးသူရေ။
သူတို့မျက်လုံးတွေက ဘယ်မှ မရွေ့ဘူး။ မျက်လုံးအသေတွေ "
" ဟေ့ကောင် တိုးကြွယ် ။ ငါ့တစ်ကိုယ်လုံး ကြက်သီးတွေ အဖီးဖီး ထလာပြီ ။ ငါ... ငါ ... ငါတို့ ပြေးကြရအောင်လား "
" စိုးသူ သတိကပ်စမ်း။ ခုတွေ့နေရတာ သူခိုး ဓားပြတွေမဟုတ်ဘူး။ အိုကွာ လူသားတွေကို ဟုတ်ဟန်မတူဘူး။ ငါတို့ သူခိုးဓားပြလက်ကသာ လွတ်အောင် ပြေးနိုင်မယ်။ တစ္ဆေတွေလက်ကတော့ ပြေးလို့ လွတ်မယ်မထင်ဘူး ။ ပြီးတော့ ဦး ... ဦးလေး "
" မသိဘူး တိုးကြွယ်။ ခုချိန် ဘယ်သူ့မှ ငဲ့ကွက်မနေနိုင်ဘူး ၊ မင်း မလိုက်ရင်နေခဲ့ ၊ ငါတော့ ပြေးပြီ "
" ဟာ ဟေ့ကောင် စိုးသူ "
စိုးသူ ပြေးလေပြီ။ စိုးသူ ပြေးမှတော့ ၊ တိုးကြွယ်လည်း ဘယ်နေရဲပါတော့မလဲ။ စိုးသူနောက်ကနေ ပြေးတော့တာပေါ့ ။
ဖွေးစုတ်စုတ်မျက်နှာသေတွေနဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်ကတော့ သူတို့နှစ်ဦးကို အရေးမလုပ်ပါဘူး။
ပိတ်ကားပေါ်က ခေတ်ဟောင်း ဇာတ်ကားကိုသာ စိတ်ဝင်တစား ကြည့်ရင်း ကျန်နေခဲ့လေရဲ့ ။
______________
တိုးကြွယ်နဲ့ စိုးသူ သူတို့ ဘယ်လောက်ထိ ထိတ်လန့်ကြောက်ရွံသွားသလဲဆို ၊ မနက် ၄နာရီထိုးအထိ အဲ့ဒီနေရာနဲ့ ဝေးဝေးကို ပြေးကြသတဲ့။
ဒါပေမဲ့ အံဩစရာက သူတို့နှစ်ယောက် ဘယ်လောက်ပြေးပြေး၊ ဘယ်ဘက်ပြေးပြေး ၊ အဲ့ဒီ ရုပ်ရှင်ပြကွင်းထဲပဲ ပြန်ပြန်ရောက်လာကြသတဲ့။
နောက်တနေ့ နံနက်မှာ အဲ့ဒီကွင်းစပ်တနေရာမှာ တိုးကြွယ်နဲ့ စိုးသူကို အမော့ဆို့ပြီး သတိလစ်မေ့မြောနေတာကို ရွာနီးခြုံစပ်က လူတချို့ မြင်တွေ့သွားကြတယ်။
ကွင်းထဲက ပိတ်ကားပေါ်မှာ ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကားတကား ပြသနေဆဲပဲတဲ့။
ထူးဆန်းတာက မျက်လုံးတွေ ကြောင်စီစီနဲ့ ဦးသောင်းခင်ဆိုတဲ့ ရုပ်ရှင်ပြစက်ပိုင်ရှင်ဟာ ၊ ခေတ်ဟောင်းကားတွေကို တစ်ညလုံး တကားပြီး တကားထိုးပြလိုက်၊ သစ်ရွက်တွေကို ပိုက်ဆံလိုမျိုး ရေတွက်လိုက်နဲ့ ပေါက်ပန်းလေးဆယ်စကားတွေ ရယ်မောပြောဆိုနေတာကို တွေ့ကြရပါသတဲ့ဗျာ။
ပြီးပါပြီ
ပီပီ
၁၇၊၃၊၂၀၂၃
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ