
Part - 24
မှိုင်း ကားလေးကရန်ကုန်ဝင်လာပြီမို့ နှုတ်ခမ်းတွေက ပြုံးယောင်သမ်းနေ၏။ နယ်ကားရိုက်ရှိသည်မို့ သူနယ်ဆင်းသွားရတာဖြစ်သလို ကြွေကလဲ သူ့ဖုန်းဆိုမကိုင်ပါ။ အခုတော့ လူကိုယ်တိုင်သွားတွေ့မည်ဟု တွေးထားသလို နယ်မှာရှိနေတဲ့အချိန်အတွင်း သူသေချာကို အချိန်ယူစဥ်းစားခဲ့တာလဲ ပြောပြချင်၏။
" ကိုဆက်......ကြွေနဲ့တွဲခဲ့တဲ့ကောင် အခုအိမ်ထောင်ကျသွားပြီဆို....."
" ဘာလုပ်မလို့လဲ....."
တိမ်ယံမှိုင်း ကျစ်ခနဲ စုပ်သပ်လိုက်ရင်းမှ.....
" သိချင်လို့မေးတာပေါ့ဗျ။ "
" မကျသေးပါဘူး......ကောင်မလေးတစ်ယောက်နဲ့တော့ စေ့စပ်ထားတယ်တဲ့။ "
" ယူစရာရှိမြန်မြန်မယူဘူး....."
ရတက်မအေးစွာ ပြောလာသည့် သူ့စကားကြောင့် ကိုဆက်ကပြုံးရင်း.....
" ကြွေပြောပါတယ်.....တကယ်စဥ်းစားကြည့်တော့လဲ သနားဖို့ကောင်းတယ်။ သူကမင်းကိုသိပ်ချစ်တာလေကွာ......သူ့ချစ်သူက အခြားမိန်းကလေးတွေနဲ့ဖက်လိုက်နမ်းလိုက်လုပ်နေတာ သူ့အတွက်နာကျင်မှာပဲ.....မင်းကိုအရွဲ့တိုက်တာ သူမှားပေမယ့် မင်းဝါသနာပါမှန်းသိတော့ မတားခဲ့ဘူးလေ။ "
ဟုတ်တာမို့ သူဘာမှပြန်မပြောပေမယ့် သူဟာအနုပညာကို ရူးသွပ်သည့်လူတစ်ယောက်။ ဒီလိုအခြေအနေရောက်အောင်လဲ သူအတော်ကြိုးစားခဲ့ရတာ သူမ အသိဆုံးပင်။
" ညကျ ကြွေ့ဆီသွားမယ် ကိုဆက်......"
" အိမ်ကိုလား...."
" ဟ! အိမ်ကိုသွားရင် ဂုဏ်တံတိုင်းက ကျွန်တော့်လုပ်မှာပေါ့။ သူ ဒီညနေဆေးခန်းပြစရာရှိတယ်လေ။ အနည်းဆုံးညအထိကြာတာပဲဟာ။ "
" အေးလေ....ဒါပေမယ့် ဂုဏ်တံတိုင်း ပါလာမှာပဲဟာ။ "
" အဲ့အတွက်မပူစမ်းပါနဲ့......ကျုပ်အဲ့လူကို ပ ထုတ်ထားမှာ။ "
ကိုယ့်အကြံနဲ့ကိုယ်ပြုံးမိရင်း မမမျက်နှာကိုပြေးမြင်၏။ မတတ်နိုင်ဘူးလေ......မောင်နှမအချင်းချင်း ဒီလောက်တော့ ကူညီရမှာပေါ့။ အခုချိန်မှာ ဂုဏ်တံတိုင်း၏ အညှာဟာ ဒါပဲရှိသည် မဟုတ်လား။
မြယွန်းချယ်....။
ဟုတ်ပေသည်.....ဂုဏ်တံတိုင်းဟာ ယွန်းကြောင့်အတော်ကို ပြောင်းလဲသွား၏။ တဇွတ်ထိုးတယူသန်ကာ ကိုယ်ချည်းအမှန်ထင်ခဲ့သမျှကို ယွန်းက အချစ်ပါးပါးနှလုံးသားနုနုဖြင့် ထိုအတ္တထုထည်ကို ရိုက်ချိုးသွားခဲ့သည်။
အနားအမြဲရှိနေပေးကာ မငြိုငြင်ခဲ့သမျှ အလိုက်သိခဲ့သမျှက ယွန်းကွယ်ပျောက်သွားသည်နှင့် ဘယ်လောက်ထိတန်ဖိုးထားစရာကောင်းမှန်း ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားရသည်။ မချစ်ဘူးဟု တင်းခံသမျှက အပေါ်ယံအခွံသက်သက်ဖြစ်နေကာ မသိလိုက်ခင်မှာထဲကိုက ဂုဏ်တံတိုင်း၏နှလုံးသားဟာ ပါသွားခဲ့ပြီးသားဖြစ်နေခဲ့၏။
@@@@@@@@@@@@@
ဂုဏ်တံတိုင်း ဒေါက်တာနဲ့အတူ လေ့ကျင့်ခန်းလုပ်နေသည့် ကြွေလေးကိုကြည့်ရင်း ကိုယ့်ညီမပြန်ကောင်းတော့မည်မို့ ဝမ်းသာရပါသည်။ အိတ်ကပ်ထဲမှ ဖုန်းမြည်လာသံကြောင့် ယူကြည့်မိတော့ ယွန်းဆီမှမို့ မယုံနိုင်ဖြစ်သွားရသလို ဝမ်းသာသွားရ၏။
" ဟယ်လို.....ယွန်း မောင်ပါ ပြောလေ။ မောင့်ဆီဖုန်းဆက်တယ်...."
မသိလိုက်ခင်မှာပင် ဖုန်းကကိုင်ပြီးသား။ ကပေါက်တိကပေါက်ချာ စကားတွေက ထွက်လာပြီးသား။
" ကျွန်မ ရှင်နဲ့အခုတွေ့ချင်တယ်....."
" မောင်က အခုကြွေလေးနဲ့.."
" အဲ့တော့......"
သူ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရသည်။ ထပ်မပြောရဲသလို ကြုံတောင့်ကြုံခဲမို့ အခွင့်အရေးရတုန်း သူယွန်းကိုချော့ရမည်။
" ဘာမှမဟုတ်ပါဘူး....မောင် အခုထွက်လာပြီနော်။ "
တိမ်ယံမှိုင်း ဒေါက်တာနဲ့စကားအမြန်ပြောပြီး ထွက်သွားသည့် ဂုဏ်တံတိုင်းကို ကွယ်ရာမှလှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။ ဒါပဲလေ... ဒါပဲပေါ့။ ခြေလှမ်းတွေက ကြွေရှိရာဆီ ဦးတည်လာရင်း သူ့ကိုမြင်သည်နှင့် မျက်နှာလေးပျက်ယွင်းသွားသည်မို့ ရင်ထဲတော့ထိခိုက်သွားရသည်။
" ကြွေ......."
" ဒေါက်တာ ကြွေ ခဏနားပါရစေ။ "
" အိုကေ......."
သူ ပြုံးလိုက်မိသလို ကြွေက ခုံလေးတွင်ထိုင်လျက်ကနေ သူ့အားငေးစိုက်ကြည့်လာသည်။
" ဘာကိစ္စလဲ ကိုတိမ်ယံမှိုင်း။ "
မှိုင်း၏ မျက်နှာက အသားမကျသောခေါ်သံကြောင့် သိသိသာသာကို မျက်မှောင်ကျုံ့သွားရသည်။
" ကိုကို ဖုန်းတွေဆက်တာ ဘာလို့မကိုင်ရတာလဲ။ "
" ကြွေ မကိုင်ချင်လို့ပါ။ "
ခပ်အေးအေးလေးပြန်ဖြေလာပုံက အရင်က လူလည်မလေးနှင့်တခြားစီပင်။
" ကိုကိုတို့ အသစ်ကနေပြန်စကြရအောင်...."
မျက်လွှာလေးပင့်ကာ သူ့ကိုကြည့်လာရင်းမှ သူမက ခပ်ယဲ့ယဲ့လေးပြုံးလာ၏။
" အသစ်ပြန်စတော့ရော....ဘာမှမထူးဘူးကိုကို။ ကြွေလေ အခုချိန်ထိကိုကို့ကို သိပ်ချစ်တုန်းပါပဲ။ ဒါပေမယ့် ထပ်နာကျင်ရမှာကြောက်တယ်။ ကိုကိုကဘာမှမလုပ်ပါဘူး.....ကြွေကပဲ အရွဲ့တိုက်ပြီးသစ္စာဖောက်ခဲ့တာပါ။ ဒါပေမယ့် အဲ့လိုလုပ်ရလောက်တဲ့အထိကို ကြွေပူလောင်ခဲ့ရတာ။ ပြောရင်လဲ ဆင်ခြေပေးသလိုဖြစ်မှာပါပဲ။ ကြွေ ကိုကို့ကို မပိုင်ဆိုင်ရဲဘူး......."
ကြွေ တကယ်ပူလောင်ခဲ့ရပါသည်။ ရတက်မအေးမှု ၊ စိတ်တိုခြင်း ၊ သဝန်တိုခြင်း ၊ ဝမ်းနည်းငိုကြွေးခြင်း ကြွေတစ်ယောက်ထဲ ရူးမတတ်ကိုလှိမ့်ခံစားခဲ့ရတာ ကိုကိုမသိပါဘူး ။
တိမ်ယံမှိုင်း ကြွေ့မျက်နှာလေးကိုငေးကြည့်ရင်းမှ ကျစ်ခနဲ စုပ်သပ်မိသည်။
" ကိုကို ကြွေ့ကိုလွမ်းတယ်...."
" ကြွေ နေပြန်ကောင်းတာနဲ့ ရှန်ဟိုင်းကိုသွားတော့မယ်။ ဟိုမှာပဲအပြီးနေဖို့တွေးထားတယ်..."
တကယ်ကို ပြောင်းလဲသွားသည့် မိန်းကလေးပင်။အခြားတစ်ယောက်လို ရင့်ကျတ်သွားလိုက်တာ......သူ့ကိုမှချစ်သေးရဲ့လားပင် ဝေခွဲမရနိုင်တော့။
" ကြွေလေး......ကိုယ် "
" ကြွေ ကိုကို့ကို ကြိုးစားပြီးမေ့ပစ်လိုက်မှာမို့ ကိုကိုလဲ မေ့ပစ်ပါ။ "
တိမ်ယံမှိုင်း၏ မျက်နှာက တည်တင်းသွားရသလို ကြွေ့မေးဖျားလေးအား လက်တစ်ဖက်ဖြင့် အသာဆွဲပင့်ရင်း......
" ကိုကို အစကတော့ အစီအစဥ်မရှိပါဘူး......အခုတော့ ကိုကိုဆုံးဖြတ်လိုက်ပြီ။ "
သူ့စကားကို နားမလည်သလို မျက်လုံးဝိုင်းလေးတွေဖြင့်ငေးကြည့်နေသည့်ကြွေ့ကိုယ်လေးအား သူအသာပွေ့ချီလိုက်သလို ကိုဆက်ကအနားပြေးလာ၏။
" ဟိတ်ကောင်......မှိုင်း......"
" နောက်ပြဿနာတွေကြည့်ရှင်းခဲ့ပါ ကိုဆက်......ကြွေ့ကို ကျွန်တော်ခေါ်သွားပြီ။ "
" ဟမ်.....ကိုကို့....ကြွေမလိုက်ဘူးနော်။ ဘာလုပ်တာလဲ...."
နှစ်ယောက်သားအကြည့်ချင်းဆုံသွားရသလို ခပ်ထေ့ထေ့ထွက်လာသည့်စကားက.....
" မိန်းမခိုးတာလေ....."
ယွန်း အအေးသောက်နေရင်း ငြိမ်နေရာမှ ယွန်းကို အကဲခတ်နေသည့် ဂုဏ်တံတိုင်းကြောင့် ဘာပြန်ပြောရမှန်းလဲမသိ။
" ယွန်း.....မောင် ပြောနေတာကြားလား။ မောင့်ကို အခုထိ ခွင့်မလွှတ်သေးဘူးလားဟင်။ "
ယွန်း ခေါင်းလေးကို ခါယမ်းလိုက်ရင်းမှ....
" ငါ မင်းကိုပြောပြီးသားလေ။ "
" ဒါဆို မောင့်ကိုဘာလို့......"
တူ....တူ......တူ
ဖုန်းမြည်သံကြောင့် ယွန်းကောက်ကိုင်လိုက်သလို ကြားလိုက်ရသည့် တစ်ဖက်မှကိုဆက်၏စကားကြောင့် အလန့်တကြားထအော်မိ၏။
" ဘာ! ခိုးပြေးသွားပြီ.....ပြောတော့ ကြွေနဲ့စကားပြောရုံပဲဆို။ "
" ဟင်! "
ဂုဏ်တံတိုင်း ကြားလိုက်ရသည့်စကားကြောင့် ကိုယ်ကြီးဆတ်ခနဲ ဖြစ်သွားရသလို တဆက်ထဲဝင်လာသည့် ဒေါက်တာ့ဆီမှဖုန်းကိုနားထောင်ပြီး နားလည်သွားရသည်။ ယွန်းကို ခပ်တည်တည် စိုက်ကြည့်မိတော့ သူ့ကိုမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လာရင်း......
" ဒီလိုဖြစ်မယ်မထင်လို့ပါ။ "
ကောင်းရော။
@@@@@@@@@@@@
ကားပေါ်လိုက်လာရင်းမှ ယွန်းမျက်နှာက မှင်သေသေလေးရှိနေကာ နှုတ်ဆိတ်နေမိသည်။ မှိုင်းကိုလဲ ဆူပစ်ချင်သလို လုပ်သွားပုံက ပြောတော့တစ်မျိုး လုပ်တော့ကိုယ်ကအပြစ်မလွတ်။ အခု ယွန်းမှာ ကိုဆက်ကိုမရမကမေးပြီး မှော်ဘီကခြံကို လိုက်လာပေးရသည့်အဖြစ်။
" အဲ့ကောင်က ဘာစောက်ရူးထတာလဲ။ သူပဲ အရင်လမ်းခွဲပြီး ဘာကိစ္စသူများ ညီမကိုခိုးပြေးရတာတုန်း။ "
ယွန်း မကြားဟန်သာဆောင်နေသလို ကျစ်ခနဲစုပ်သပ်လိုက်သည့် အသံကိုလဲ ကြားလိုက်၏။
" ယွန်း.....မောင့်စိတ်အတိုင်းဆို အဲ့ကောင်...."
" ဘာအဲ့ကောင်လဲ.....မှိုင်းကလဲလူပျို ကြွေလေးကလဲ အပျိုလေ။ လူပျိုအပျိုချစ်ကြိုက်တာ ဘာဖြစ်လို့လဲ ။ "
သူ့မောင်ကိုထိတော့ ခပ်စွာစွာလေးရန်ပြန်တွေ့လာသည်မို့ ဂုဏ်တံတိုင်း မချင့်မရဲဖြင့် စကားလုံးတွေကို မြိုသိပ်လိုက်ရသည်။ မှော်ဘီခြံရောက်လာသည်နှင့် ကားကိုခြံထဲထိုးရပ်ကာ အိမ်ကိုကြည့်တော့ တံခါးကအစသော့ခတ်ထား၏။
" ဟင်.....ကိုဆက်ပြောတော့ ဒီမှာဆိုပြီး။ "
" လိမ်တာနေမှာပေါ့....သက်သက်အချိန်ကုန်အောင်။ ဖုန်းပြန်ဆက်ကြည့်။ "
ယွန်း ဖုန်းကိုကြည့်လိုက်ရင်းမှ....
" ဆက်လို့မရတော့ဘူး.... အားကုန်နေပြီ။ "
" ကောင်းတာပေါ့.....လာ ကားပေါ်တက်။ "
ကားပေါ်နှစ်ယောက်သားပြန်တက်လာကာ စက်နှိုးလိုက်ပေမယ့် .....
" တောက်! ဘာတစ်ခုမှကို အဆင်မပြေဘူး။ "
ကားက စက်နှိုးမရတော့သလို သူကလဲ မပြင်တတ်။ သူ့ကို ငေးကြည့်နေသည့် ယွန်းအား ကြည့်ကာ သက်ပြင်းချလိုက်ရင်းမှ.....
" ဒီအိမ်သော့ရှိလား......"
" ရှိတယ်လေ.....ကားကရော။ "
" မရတော့ဘူး......မောင့်ဖုန်းကလဲ လိုင်းမမိဘူး။ ယွန်းဖုန်းကို အရင်အားသွင်းကြတာပေါ့။ သော့ပေး......"
ယွန်း စလင်းဘတ်လေးထဲမှ သော့ကိုထုတ်ပေးလိုက်သလို စိတ်အရမ်းညစ်သွားရသည်။ တကယ်တမ်း ဂုဏ်တံတိုင်း၏ ဖုန်း လိုင်းမိနေတာလဲ မသိသလို ပြုံးစိစိမျက်နှာပေးကိုလဲ မမြင်လိုက်မိပါ။
ကြွေ ကိုကို့ကိုမကြည်သလ်ိုကြည့်ရင်းမှ....
" ကိုကိုသိပ်တဇွတ်ထိုးဆန်တာပဲ။ ကြွေ့ကို ကိုကို့ဘဝထဲက အတင်းနှင်ထုတ်တုန်းကနှင်ထုတ်ပြီး ကြွေ့ဘဝနဲ့ကြွေနေမယ်ဆိုတော့လဲ လက်မခံဘူး။ "
".........."
တုံ့ပြန်မှုမရှိတော့ ကြွေ အောက်နှုတ်ခမ်းကို ဖိကိုက်မိသည်။
" ကိုကို့နာမည်ကျသွားနိုင်တယ်နော်....ကိုကို့အနုပညာမှာ....."
" အဲ့ဒါ ကြွေလေးဂရုစိုက်စရာမလိုပါဘူး.....ကိုကို့ဘာသာဖြေရှင်းမယ်။ "
တိမ်ယံမှိုင်း စူပုတ်ပုတ်လေးဖြင့် ကြံရခက်ကာ စိတ်အိုက်သွားသည့် ကြွေ့ပုံစံလေးကိုငေးကြည့်ကာ ပြုံးမိ၏။ မတတ်နိုင်ပါ.....သူမလေးက သူ့ကိုအပြီးတိုင်ပင် မေ့ပစ်တော့မည်လုပ်နေတာ မဟုတ်လား။
ပြီးတော့ သူ ဆုံးဖြတ်ထားပါပြီ။
ကြွေ့ကို သူ့ကြောင့်ထပ်ပြီး နာကျင်ပူလောင်ရမှာမျိုး မဖြစ်စေချင်တော့။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 25
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ