
အပိုင်း (၇)
မီးငယ်တစ်ယောက် ဓားမြှောင်ကလေးကို ကိုင်ရင်း ရွာအတွင်းသို့ပြေးဝင်လာခဲ့သည်။ တစ်ရွာလုံးရှိ အိမ်များက မီးများစွဲလောင်လျှက် လဲပြိုနေကြသည်။ အိမ်များမှာ သစ်သားများ၊ ဝါးများနှင့် ဆောက်လုပ်ထားကြသည်မို့ မီးလောင်ရလွယ်ကူသည်။ မီးလောင်ဒဏ်ရာကြောင့် သေဆုံးနေကြသည့် ရွာသူရွာသားများ၊ အိမ်မွေးတိရစ္ဆာန်များ မှာ ရွာအတွင်းပြန့်ကျဲနေကြသည်။ ရွာသူရွာသားအချို့ကတော့ မီးတောက်များထဲတွင် ပြေးလွှားနေလျှက်ရှိသည်။
''မေမေရေ၊ မေမေ''
မီးလောင်ဒဏ်ရာနှင့်လဲကျသေဆုံးနေသည့် အမေဖြစ်သူ၏ နံဘေးတွင် ကလေးငယ်တစ်ယောက်က ငိုယိုနေသည်ကိုတွေ့လိုက်ရသည်။ မီးငယ်လဲ ထိုကလေးငယ်ကိုတွေ့ပြီးနောက် မိခင်ဖြစ်သူကို သတိရသွားမိသည်။ ထိုကလေးငယ်ကို ကယ်ဆယ်ရန်ပြေးလွှားသွားသည့်အချိန်တွင် မီးလောင်ထားသည့် အိမ်ကြီးတစ်လုံးက ပြိုလဲကျပြီးထိုကလေးလေးအပေါ် ပိသွားလေသည်။
မီးငယ်တစ်ယောက် ရင်ထဲအလွန်နာကျင်နေရသည်။ ထိုကလေးငယ်အတွက်လဲစိတ်မကောင်းဖြစ်မိသည်။ ထိုကလေးငယ်က မီးတောက်မီးလျှံများကြားတွင် ကျယ်လောင်စွာအော်ဟစ်ငိုကြွေးနေသေးသည်။ နောက်တော့ ငိုသံတိတ်သွားတော့သည်။
''အမေ၊ အမေ''
မီးငယ်က သတိရပြီးအိမ်ဆီသို့ပြေးလာခဲ့သည်။ ပြေးလွှားရင်း လမ်းတွင်ပြိုကျနေသည့်အိမ်များ၊ မီးစွဲလောင်နေသည့် သစ်ပင်များကို ရှောင်လွှားကာ ပြေးနေရသည်။ မကြာခင်တွင် သူတို့အိမ်ကလေးဆီသို့ရောက်လာသည်။ မီးလောင်နေသည့် သူတို့အိမ်ကလေးကို လှမ်းမြင်လိုက်ရသည်။ ခြံဝန်းအတွင်းသို့ ဝင်လိုက်သည့်အခါ အိမ်ခေါင်မိုးတွေက မီးတွေလောင်နေသည်။ မီးငယ်လဲ အိမ်နောက်ဖေးဘက်သို့ပြေးသွားပြီး အိမ်တံခါးကိုပြေးဖွင့်လိုက်သည်။
အိမ်ထဲတွင် မီးခိုးလုံးများက ပြည့်နှက်နေသည်။
''အမေ၊ အမေ''
''သမီး၊ အဟွတ်၊ သမီးလေးလား''
အိမ်ခန်းတစ်ခုအတွင်း ပိတ်မိနေသည့်အမေဖြစ်သူကိုတွေ့ရသည်။ အိမ်အပြင်ရေအိုးမှ ရေကိုဆွဲယူလိုက်ပြီး ပက်ဖြန်းလိုက်သည်။ ထို့နောက် ပြိုကျနေသည့် အိမ်ထဲမှအပျက်အစီးများကို ဖယ်ပြီးနောက် အမေဖြစ်သူအား မနည်းဆွဲထုတ်ရသည်။
အိမ်အပြင်သို့ တရွတ်တိုက်ဆွဲလာပြီးသည့်အခါ မီးဘေးမှလွတ်သည့်သစ်ပင်တစ်ပင်အောက်တွင် သားအမိနှစ်ယောက် ထိုင်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်ထားလိုက်ကြသည်။
အမေက မီးငယ်မျက်နှာကိုကြည့်ပြီး ဆံသားလေးတွေကို ပွတ်သပ်ပေးနေသည်။
''သမီး၊ သမီးလေး၊ အမေကတော့ဖြင့် သမီးလေးကို မတွေ့ရတော့ဘူးလို့ ထင်နေတာ''
''သမီးလဲ အမေ့ကိုထပ်မတွေ့ရတော့ဘူးလို့ထင်နေခဲ့တာအမေ''
သူတို့အိမ်ကလေးက မီးစွဲလောင်နေသည်။ မီးငယ်လဲ အိမ်ထဲသို့ပြေးဝင်သွားပြန်သည်။
''သမီး၊ ပြန်ထွက်လာခဲ့''
မီးငယ်က အိမ်အတွင်းဝင်ကာ ရှာဖွေနေသည်။ မကြာခင်မှာပင် အိမ်နံရံတွင်ထိုးစိုက်ထားသည့် ဖခင်ဖြစ်သူ၏ လေးနှင့် မြားတံများကို ယူလိုက်ပြီးပြန်ပြေးထွက်လာခဲ့သည်။
''သမီးရယ်၊ အဲဒါတွေက ဒီလောက်အရေးကြီးရဲ့လားသမီး''
''အရေးကြီးတယ်အမေ၊ ဒီလေးနဲ့မြားက အဖေထားခဲ့တဲ့ နောက်ဆုံးအမွေအနှစ်တွေပဲအမေ၊ နောက်ပြီးတော့ အဖေ့ကိုသတ်ခဲ့တဲ့ ဂျီလောကြီးကိုလဲ သမီးလက်စားချေခဲ့ပြီးပြီအမေ''
သူ့အမေက နားမလည်နိုင်သလိုနှင့် အံ့ဩကာကြည့်နေသည်။ မီးတွေက များသထက်များလာသည်။
''အမေလမ်းလျှောက်နိုင်သလား၊ သမီးတို့ ရွာကနေထွက်ရအောင်''
အမေဖြစ်သူက မတ်တပ်ရပ်လိုက်သည်။ သို့သော်ခြေထောက်တစ်ဖက်က အားသိပ်မရှိပေ။ မီးငယ်လဲ အနားတွင်ကျနေသည့် သစ်ကိုင်းရှည်ကြီးတစ်ခုကို ကောက်ပေးလိုက်ပြီးနောက် အမေက တောင်ဝှေးသဖွယ်အားပြုကာ ဖြည်းဖြည်းချင်းလျှောက်နေသည်။
''အမေ ဒီအတိုင်းဖြေးဖြေးချင်းလျှောက်ပြီး ရွာကနေထွက်သွားပါ၊ တောင်လိုရွာကို သွားတဲ့လမ်းမှာ သမီးကိုစောင့်နေပါ''
အမေဖြစ်သူက အလွန်စိတ်ပူသွားသည်။ မီးငယ်လက်ကိုလှမ်းဆွဲထားသည်။
''သမီး၊ သမီးက ဘယ်သွားအုံးမလို့လဲသမီးရယ်၊ မသွားပါနဲ့၊ အမေနဲ့အတူလိုက်ခဲ့ပါ''
မီးငယ်စိတ်ထဲ ဆုံးဖြတ်ရခက်နေသည်။ ထို့နောက် ဘိုးကွန်းပြောသည့် စကားအချို့ကို နားထဲပြန်ကြားယောင်လာခဲ့သည်။
''မိန်းကလေး၊ မင်းကိုပဲ အားကိုးရတော့မယ်၊ မင်းငါတို့ရဲ့ လူမျိုးစုကို ကယ်တင်ပါ''
မီးငယ်က ထိုစကားများကို ကြားပြီးသည့်အချိန်တွင် မိခင်ဖြစ်သူ၏ ဆွဲထားသည့်လက်များကို ဖြုတ်ချလိုက်သည်။
''သမီး ဒီလူမျိုးစုအတွက် လုပ်ရမယ့်တာဝန်တွေရှိသေးတယ်အမေ''
''ထားခဲ့လိုက်ပါသမီးရယ်၊ ထားခဲ့လိုက်ပါ၊ သမီးကို ဒီလူမျိုးစုက လူတွေက သတ်ဖို့ကြိုးစားခဲ့တာလေ၊ နောက်ပြီးတော့ ဒီရွာကလူတွေက သမီးအပေါ်ဘယ်သူကောင်းခဲ့ဖူးလို့လဲ၊ သူတို့အတွက်နဲ့သမီးအသက်ပေးရတာ တန်ရဲ့လားသမီး''
မိခင်ပြောတာလဲမှန်သည်။ သူတို့ဖခင်ရှိစဉ်ကတည်းက ရွာမှလူများက မုဆိုးမိသားစုဆိုပြီးတော့ အားလုံးက အထင်အမြင်သေးကြသည်။ ထိုမျှမကသေး ဖခင်သေဆုံးပြီးသည့်အခါတွင်လဲ သူတို့သားအမိကို လူတော်တော်များများက ဆေးဖော်ကြောဖက်ပင်မလုပ်တော့။ မီးငယ်နှင့် အဖော်အဖြစ်ရှိနေသူက ဘကောင်းတစ်ယောက်တည်းသာရှိသည်။ ထိုမျှမက ကျားကလေးဂျီရားနှင့်ပက်သက်ပြီးတော့လဲ သူ့ကိုစွပ်စွဲပြီး ယဇ်ပူဇော်ဖို့ပင် ကြံစည်ခဲ့သူများဖြစ်သည်။
သို့သော်လည်း သူလုပ်စရာတစ်ခုရှိသေးသည်။ သူ့အပေါ် ဒီရွာကလူတွေ ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ သူက မွေးကတည်းက ဒီရွာသားတစ်ယောက်၊ ဗဒီးလူမျိုးတစ်ယောက်၊ ထို့အတွက်ကြောင့် မိမိအမျိုးကိုစောင့်ရှောက်ရမည်ဆိုသည့် ဇာတိမာန်တစ်ချို့က အတွေးထဲအထိဝင်ရောက်လာပြီးနောက်တွင်
''အမေသွားပါတော့၊ တကယ်လို့ သမီးမသေခဲ့ရင် အမေ့ကိုလာရှာပါ့မယ်''
ထိုသို့ပြောပြီး အမေဖြစ်သူထံမှ ပြေးထွက်လာခဲ့သည်။ အမေကတော့ မီးငယ်၏ကျောကုန်းကိုကြည့်ရင်း အော်ခေါ်နေသည်။
''သမီး၊ မီးငယ်၊ အမေ့ဆီပြန်ခဲ့ပါသမီးရယ်''
အမေ၏ ခေါ်သံကိုကြားသော်လည်း အရေးမစိုက်တော့ဘဲ မီးငယ်ရွာထဲ ဇွတ်ပြေးလာခဲ့တော့သည်။
''ဝုန်း''
မှော်ပညာရှင်များနှင့် ထိုအကောင်ကြီး၏ တိုက်ပွဲကားပြင်းထန်လျှက်ရှိနေဆဲပင်ဖြစ်သည်။ သူတို့က ရွာလယ်တွင် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ မီးငယ်က ရောက်လာပြီးနောက် မြင်ကွင်းကောင်းစေရန်အတွက် သစ်ပင်တစ်ပင်ပေါ်သို့ တက်လိုက်သည်။ ဖြာထွက်နေသည့် သစ်ကိုင်းကြီးအပေါ်သို့တက်ပြီးနောက် လေးနှင့်မြားကိုထုတ်ကာ ထိုအကောင်ကြီးကို ချိန်ရွယ်လိုက်သည်။
လေပေါ်ပျံဝဲနေသည့် မှော်ပညာရှင်တစ်ယောက်ကို ထိုအကောင်ကြီးက လက်နှင့်လှမ်းဖမ်းလိုက်သည်။ ထို့နောက် ထိုမှော်ပညာရှင်အား စွမ်းအင်များစုပ်ယူနေသည်။ မီးငယ်လဲ ထိုအကောင်ကြီး၏ ဦးခေါင်းက ငြိမ်နေသည်မို့ထိုဦးခေါင်းရှိ မျက်လုံးနေရာကိုချိန်ပြီးနောက် မြားကိုလေးညှို့မှ လွှတ်လိုက်တော့သည်။
မြားတံကအရှိန်နှင့် ထွက်သွားပြီးနောက် ထိုအကောင်ကြီး၏ ဘယ်ဖက်မျက်လုံးကို စိုက်ဝင်သွားသည်။ ထိုအကောင်ကြီးမှာ အသံနက်ကြီးနှင့် အော်ဟစ်လျှက် သူ့လက်ထဲတွင်ကိုင်ထားသည့် မှော်ပညာရှင်ကိုလွှတ်ချလိုက်သည်။ မှော်ပညာရှင်များလဲ မီးငယ်ကိုတွေ့သွားကြသည်။
''ဘိုးကွန်းရဲ့ အမိန့်ပေးမှုအရ ကျွန်မလာခဲ့တာပဲ၊ ဒီအကောင်ကြီးကို မှော်ပညာနဲ့တိုက်ခိုက်လို့မရနိုင်ဘူးတဲ့''
''ဒါဆိုဘယ်လိုလုပ်ကြမလဲ''
''သူ့ကို လက်နက်တွေနဲ့ တိုက်ခိုက်မှပဲ ရနိုင်သတဲ့၊ ဓါးတွေ၊ လှံတွေနဲ့ တိုက်ခိုက်ကြရမယ်တဲ့၊ အခုသူ့မျက်လုံးကို မြားနဲ့ပစ်လိုက်တော့ သူအရမ်းနာကျင်သွားတာ တွေ့တယ်မဟုတ်လား''
မှော်ပညာရှင်များလဲ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် မှော်ပညာရှင်တစ်ယောက်က မြေတွင်လဲကျသေဆုံးနေသည့် စစ်သည်တော်တစ်ဦး၏ လှံတံကို မှော်ပညာဖြင့်ကောက်ယူလိုက်ပြီးသည့်နောက် မှော်စွမ်းအင်နှင့်ပင် ထိုလှံတံကို အကောင်ကြီးထံသို့ ပစ်လွှတ်လိုက်လေသည်။ ထိုလှံတံက အကောင်ကြီးကိုစိုက်ဝင်ပြီးနောက် ထိုအကောင်ကြီးကလဲ အော်ဟစ်နေတော့သည်။
''အလုပ်ဖြစ်တယ်၊ ဒီအတိုင်းဆက်တိုက်ခိုက်ကြမယ်''
မီးငယ်က မိုးပေါ်ကိုမော့ကြည့်လိုက်သည်။ ညသန်းခေါင်ကျော်အချိန်ဖြစ်နေပြီ၊ လမင်းက ကောင်းကင်တွင် ဝင်းပစွာသာနေသည်။ မှော်ပညာရှင်များက မှော်ပညာနှင့်တိုက်ရိုက်မတိုက်ခိုက်တော့ဘဲ ဓားလှံလက်နက်များကို ပစ်လွှတ်ကာတိုက်ခိုက်သည်။
အခန်း (၁၃)
''ခင်ဗျားထွက်သွား၊ ကျုပ်ခန္ဓာကိုယ်ထဲကနေခုထွက်သွား''
အမှောင်ထုကြီးထဲတွင် ဘကောင်းတစ်ယောက် အော်ဟစ်နေမိသည်။ သူအမှောင်ထဲတွင် လမ်းပျောက်နေခဲ့သည်။ သို့သော် တဖြည်းဖြည်း အာလစ်ခန်းမှာ အားနည်းလာသည်ကိုတွေ့ရသည်။ အမှောင်ထုကြီးအတွင်း လျှပ်စီးလက်သလို ပျိုးပျိုးပြက်ပြက်အရောင်များကို ခဏခဏတွေ့နေရသည်။
''ခင်ဗျားထွက်သွားတော့''
''မထွက်ဘူးကွ''
အသံနက်ကြီးကို ကြားလိုက်ရပြီးသည့်နောက် သူ့ရှေ့တွင် အာလစ်ခန်းက ပေါ်လာသည်။
''မထွက်ဘူး၊ မင်းလို ပျော့ညံ့တဲ့ကောင်ရဲ့ ခန္ဓာကိုယ်ကို ရထားတာကိုက ငါ့အတွက်တော့ ကံဆိုးတာပဲ''
''ခင်ဗျားဘာတွေလျှောက်လုပ်နေတာလဲ''
''သူတို့က ငါလုပ်ထားတဲ့ လက်နက်တွေနဲ့ ငါ့ကိုပြန်တိုက်ခိုက်နေကြတယ်၊ ဒါပေမယ့် ဒီလိုတိုက်ခိုက်လို့လဲ ငါကသေနိုင်တာမဟုတ်ဘူး၊ ဒါပေမယ့်လဲ သူတို့နဲ့တိုက်ခိုက်နေရတာကြောင့် ငါ့မှော်အစွမ်းတွေ တဖြည်းဖြည်းကျဆင်းလာတာတော့အမှန်ပဲ''
''တော်ပါတော့ဗျာ၊ ကျုပ်ကိုယ်ထဲနေ ခင်ဗျားထွက်သွားပါတော့''
''မပျော့ညံ့နဲ့ဘတား၊ မင်းဘာလို့ ငါ့ကိုမလိုချင်တာလဲ၊ မင်းရဲရင့်စမ်းပါ၊ မင်းနဲ့ငါနဲ့ပေါင်းပြီးတော့ ဒီလောက ကြီးကိုအုပ်စိုးလို့ရနေပါလျှက် မင်းကဘာလို့ဒီလိုအစွမ်းတွေကို မလိုချင်ရတာလဲ''
ဘကောင်းက မျက်ရည်တွေကျလာသည်။ ထို့နောက်ခေါင်းခါလျှက်
''မလိုချင်ဘူး၊ ကျုပ်မလိုချင်တော့ဘူး၊ ကျုပ်အေးအေးချမ်းချမ်းနဲ့ပဲ နေချင်တယ်၊ ကျုပ်တို့ရွာကလေးမှာ ကျုပ်ချစ်တဲ့သူရယ်၊ ကျုပ်ကိုချစ်ကြတဲ့သူတွေရယ်နဲ့ အေးအေးချမ်းချမ်းပဲနေချင်တယ်''
''ဟား၊ ဟား၊ မင်းဒီလိုမျိုးပျော့ညံ့နေမယ်ဆိုတာ ငါသိတယ်ဘတား၊ ဒါကြောင့်လဲ မင်းရဲ့ရွာကို ငါဖျက်ဆီးခဲ့တာ၊ မင်းချစ်တဲ့သူတွေအားလုံးလဲ အခုကုန်ပြီလေ''
''မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး''
''မဖြစ်နိုင်ဘူးထင်ရင် မင်းကိုယ်တိုင်ကြည့်လိုက်''
ထိုအခါ ဘကောင်းမျက်လုံးထဲ မြင်ကွင်းတွေ၊ ပုံရိပ်တွေကို မြင်လာရသည်။ သူ့ပတ်ပတ်လည်တွင်တော့ မီးလောင်ပျက်စီးနေသည့်အိမ်များရှိပြီး ရွာကလေးတစ်ရွာလုံးကလဲ ပျက်စီးနေသည်။ ထို့အတူရွာသားများမှာလဲ မြေပေါ်တွင်လဲကျလျှက် သေဆုံးနေကြလေသည်။
ထိုအဖြစ်ကိုမြင်ပြီး ဘကောင်းတစ်ယောက်လဲ ငိုယိုနေမိတော့သည်။
''ကုန်ပြီ၊ အားလုံးကုန်ပြီ၊ ဒါခင်ဗျားကြောင့်၊ ဒါခင်ဗျားကြောင့်''
''ဟား၊ ဟား ဘတားရယ်၊ ငါကမင်းရဲ့ခန္ဓာကိုယ်မှာ ကပ်နေရတာမို့လို့ မင်းကိုဒီလောက်သည်းခံနေတာ၊ နို့မဟုတ်ရင်တော့ မင်းကိုငါသတ်ပစ်လိုက်တာကြာပြီ''
ဘကောင်းလဲ သူ့ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်နိုင်နေပြီဖြစ်လို့ သူ့လှည့်ထွက်လိုက်သည်။ လှည့်ထွက်ပြီး ရွာမှဝေးနိုင်သမျှ ဝေးအောင်ပြေးနေမိသည်။ သို့သော် အာလစ်ခန်းက သူ့ကိုထိန်းချုပ်ဖို့ ပြန်ကြိုးစားနေခဲ့ပြီ၊ ခဏအတွင်း အာလစ်ခန်းမှာထိုအကောင်ကြီးကိုပြန်ထိန်းချုပ်သွားနိုင်သည်။ ဘကောင်းက ထိုင်ချလိုက်ပြီး အာလစ်ခန်းအရှေ့တွင် အရိုအသေပေးလိုက်သည်။
''သွားပါတော့ဗျာ၊ ခင်ဗျား ကျေးဇူးပြုပြီး သွားပါတော့''
''အေးပါကွာ၊ သိပ်လဲစိတ်ပူမနေပါနဲ့ အချိန်တန်ရင် ငါသွားရမှာပါ၊ အခုတော့ အချိန်မတန်သေးဘူး ဘကောင်း၊ မိုးမလင်းခင် ရွာကလူတွေဆီကနေ အစွမ်းတွေအားလုံး ငါရမှဖြစ်မယ်''
ထိုမကောင်းဆိုးဝါးအကောင်ကြီးက ရွာလယ်ရှိတိုက်ခိုက်နေသည့်နေရာမှ ရုတ်တရက်ထပြီးပြေးလွှားသွားသဖြင့် မီးငယ်ပင် အံ့ဩနေမိသည်။ ခြေလှမ်းကျဲကြီးများနှင့် ပြေးလွှားသွားရာ မကြာခင်တွင် ထိုအကောင်ကြီးမှာ ရွာပြင်သို့ရောက်သွားသည်။
''ဘာလို့ထွက်ပြေးသွားတာပါလိမ့်''
မီးငယ်လဲ ထိုအကောင်ကြီးနောက်သို့ ပြေးလိုက်လာမိသည်။ လူသားတစ်ယောက်ခြေလှမ်းမို့ အလှမ်းနှေးသည့်အပြင် ရွာလမ်းမကြီးရှိ အပျက်အစီးများကို ရှောင်ကွင်းသွားနေရခြင်းကြောင့် နှေးကွေးနေသည်။ မှော်ပညာရှင်များကတော့ လေပေါ်တွင်ပျံဝဲကာ လိုက်ပါသွားကြသည်။
''မဟုတ်ဘူး၊ မဖြစ်ရဘူး''
ပြေးရင်းလွှားရင်း မီးငယ် ရေရွတ်နေမိသည်။ ထိုအကောင်ကြီးပြေးသွားသည့်နေရာက ရွာအပြင်ဘက်၊ တောင်လိုရွာသို့သွားသည့် လမ်းကိုဖြစ်သည်။ မီးငယ်လဲ အားစိုက်ပြီး ပိုမိုမြန်အောင်ပြေးနေမိသည်။
ထိုအကောင်ကြီးက ပြေးရင်း တောင်လိုရွာသွားသည့်လမ်းနားရောက်လာသည်။ တောအုပ်ကိုဖြတ်ကျော်ပြီးသည့်နောက် မြေပြန့်ကလေးတစ်ခုအနားတွင် ရွာသားများစုရုံးနေသည်ကိုတွေ့လိုက်ရသည်။
''စားရကံကြုံတော့ ဟား၊ ဟား''
ထိုရွာသားများကို ဖမ်းချုပ်သည့်မှော်ပညာနှင့် ဖမ်းချုပ်လိုက်ပြီးလက်မည်းကြီးများထွက်ပေါ်စေကာ ဖမ်းချုပ်လိုက်သည်။ ထို့နောက် အားလုံးထဲမှ စုပ်ယူသည့်မှော်ပညာနှင့် ထိုလူတို့၏ အသက်ဓါတ်များကို စုပ်ယူလိုက်သည်။ မကြာခင်မှာပင် ထိုလူအားလုံး လဲကျသေဆုံးသွားသည်။
''ကောင်းလိုက်တာ၊ ငါ့စွမ်းအားတွေ တဖြည်းဖြည်းများပြားလာပြီ၊ ငါ့အစွမ်းတွေများလာရင် ငါ့ကိုဘယ်သူမှ တားဆီးနိုင်မှာမဟုတ်တော့ဘူး''
''ငါ့အစွမ်းနှစ်ဆင့်ပဲလိုတော့တယ်၊ ငါ့အစွမ်းနှစ်ဆင့် ပြီးတာနဲ့ ငါ့ရဲ့သားသမီးတွေကို လူ့လောကကိုဆင့်ခေါ်လို့ရပြီ၊ ငရဲပြည်က ငါ့ရဲ့မကောင်းဆိုးဝါးတွေနဲ့ လူ့လောကမှာရှိတဲ့လူတွေကို မကောင်းမှုတွေချည်းဖြစ်အောင် ခိုင်းစေလို့ရပြီပေါ့၊ ဟား၊ ဟား၊ ဟား''
မှော်ပညာရှင်များက လေပေါ်ပျံဝဲလာပြီး တိုက်ခိုက်ရန်ပြေးလာကြသည်။ အာလစ်ခန်းလဲ မှော်အစွမ်းများ ပြည်လျှံနေပြီမို့ အဆင့်မြင့်သည့် မှော်အစွမ်းတစ်ခုကို ထပ်မံအသုံးပြုလိုက်သည်။
''လာလေယု''
ပြင်းထန်သည့်အသံလှိုင်းကြီးတစ်ခုဖြစ်ပေါ်သွားပြီးနောက် ကောင်းကင်ကြီးတွင် အနက်ရောင်တိမ်မည်းကြီးများက ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ထိုတိမ်မည်းကြီးများထဲမှ လက်ပုံစံတိမ်စိုင်ကြီးများ ဆင်းလာပြီး မှော်ပညာရှင်များကိုဖမ်းယူလိုက်တော့သည်။
''ဟား၊ ဟား၊ ဟား ဒီတစ်ခါတော့ အသက်ဓာတ်တွေတင်မဟုတ်ဘဲ မှော်အစွမ်းတွေပါ အများကြီးရတော့မယ်''
ထိုမှော်ပညာရှင်များမှာ အလွန်အစွမ်းထက်သည့် မှော်ပညာရှင်များဖြစ်သောကြောင့် မှော်စွမ်းအင်များ အလွန်များပြားစွာရှိကြရာ အာလစ်ခန်းမှာ နောက်ထပ်အဆင့်တစ်ဆင့် ထပ်မံတိုးမြင့်သွားသည်။
''ကောင်းတယ်၊ နောက်တစ်ဆင့်ကိုရောက်ရင် အားလုံးပြီးပြီ''
မီးငယ်လဲပြေးလွှားရင်း ထိုနေရာသို့ရောက်လာသည်။ ကွင်းပြင်အတွင်းလဲကျသေဆုံးနေကြသူများထဲတွင် သူ့အမေကိုရှာကြည့်မိသည်။ အာလစ်ခန်းက မီးငယ်ကိုတွေ့ပုံမရပေ။ မီးငယ်က ရှာဖွေရင်း နောက်ဆုံးအမေဖြစ်သူ၏ ရုပ်အလောင်းကိုသွားတွေ့သည်။
''အမေ၊ အမေ''
အရိုးခြောက်နီးပါး ပိန်ချုံးခြောက်ကပ်နေသော အမေဖြစ်သူကိုပွေ့ဖက်ရင်း မီးငယ်က မကောင်းဆိုးဝါးကောင်ကြီးကိုကို စိတ်နာနာနှင့် မော့ကြည့်လိုက်သည်။
''နင့်ကိုငါအဆုံးသတ်ပေးမယ်၊ ဒီတစ်ခါလည်း နင်သေရင်သေ၊ မသေရင်ငါအသေပဲပေါ့ ဘကောင်းရယ်''
အာလစ်ခန်းက မီးလောင်နေသည့် တောင်ပိုရွာကလေးကို တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် တောင်ခါးပန်းပေါ်ရှိ တောင်လိုရွာကလေးကို တစ်ချက်ငေးကြည့်လိုက်သည်။
''ဟား၊ ဟား၊ ငါလာပြီဟေ့''
ထိုသို့ပြောပြီးနောက် တောင်လိုရွာဆီသို့ဦးတည်လျှက် သစ်တောကြီးအတွင်းတိုးဝှေ့ပြီးဖြတ်သန်းလာခဲ့သည်။
မီးငယ်က ထိုမကောင်းဆိုးဝါးကြီး၏ မျက်လုံးကိုချိန်လျှက် မြားတစ်စင်းနှင့် ပစ်လွှတ်လိုက်သည်။ သို့သော်လည်း မျက်လုံးကိုမထိဘဲ ပါးပြင်ကိုသာစိုက်ဝင်သွားသည်။ မထင်မှတ်ထားသည်မို့ ထိုမကောင်းဆိုးဝါးကြီးက အော်ဟစ်ညည်းညူရင်း သူ့အားတိုက်ခိုက်သူကို ရှာဖွေလိုက်သည်။
''ဪ၊ လက်စသတ်တော့ ကောင်မလေးတစ်ယောက်ပဲ''
မီးငယ်လဲ တောအုပ်အတွင်းသို့ ဝင်ပြေးတော့သည်။ မကောင်းဆိုးဝါးကြီးကလဲ ဒေါသထွက်လျှက် မီးငယ်နောက်သို့ပြေးလိုက်လာသည်။ ထို့နောက် မှော်ပညာများနှင့်ပစ်ခတ်လေသည်။ သို့သော် တောအုပ်အတွင်းမို့ သစ်ပင်များထူထပ်စွာပေါက်နေသဖြင့် မီးငယ်အားမထိဘဲ သစ်ပင်ကြီးများ၊ ဝါးပင်ကြီးများကိုသာ မှော်အစွမ်းများက ထိမှန်လေသည်။ မှော်အစွမ်းထိသည့် သစ်ပင်ကြီးများ၊ ဝါးပင်ကြီးများမှာ ပြင်းထန်စွာပေါက်ကွဲ ပျက်စီးကုန်သည်။
''မလောက်လေး မလောက်စား ကောင်မလေးကများ''
ထိုမကောင်းဆိုးဝါးကြီးက အရှိန်မြှင့်တင်လိုက်သည်။ မီးငယ်နှင့် အရွယ်အစားအလွန်ကွာသည်မို့ ထိုအကောင်ကြီး၏ခြေတစ်လှမ်းက မီးငယ်ခြေဆယ်လှမ်းမကပေ။ မကြာခင် မီးငယ်အား မီလာတော့သည်။ ထိုအချိန်တွင် တောအုပ်ထဲမှ အဝါရောင်နှင့် အနက်ရောင်အစင်းရှိသည့် ကျားတစ်ကောင်ကိုတွေ့လိုက်ရသည်။
''ဂျီရား''
မီးငယ်ကရေရွတ်လိုက်စဉ် ဂျီရားက သူ့ရှေ့တွင်လာရပ်သဖြင့် ဂျီရားကျောကုန်းပေါ်သို့ခုန်တက်လိုက်ကာ အလျှင်အမြန်ပြေးခိုင်းရသည်။ ကျားဖြင့်ပြေးနေသည်မို့ ထိုမကောင်းဆိုးဝါးကြီးမှာ မီးငယ်ကို လိုက်မမီတော့ပေ။ မီးငယ်က တောအုပ်အတွင်းပြေးလွှားနေကာ တောင်လိုရွာနှင့်ဆန့်ကျင်ဘက်အရပ်သို့ ပြေးလွှားနေခြင်းဖြစ်သည်။ ခဏကြာတော့ မကောင်းဆိုးဝါးကြီးက ရပ်တန့်လိုက်သည်။ ထိုနေရာသည် ကျောက်ချပ်များထူထပ်သည့် ကျောက်တလင်းတစ်ခုဖြစ်သည်။ မီးငယ်လဲ အနောက်က မကောင်းဆိုးဝါးကြီး လိုက်မလာတော့သဖြင့် ပြန်ပြီးလှည့်ကြည့်လိုက်သည်။
''ငါအရူးပဲ၊ ငါအရူးပဲ၊ ဒီရွာကိုရရင် ငါ့အစွမ်းတွေ အကုန်သုံးလို့ရပြီ၊ ဘာလို့ဒီကောင်မလေးတစ်ယောက်နောက်ကို ငါပြေးလိုက်နေရတာပါလိမ့်''
အာလစ်ခန်းက ရေရွတ်လိုက်ပြီးနောက် တောင်လိုရွာဘက်သို့ပြန်လှည့်လိုက်သည်။ မီးငယ်က တောင်လိုရွာသို့ မသွားစေလိုတော့သဖြင့်
''ဟေးမကောင်းဆိုးဝါးကြီး၊ နင်ငါ့ကိုကြောက်နေပြီလား၊ ငါ့လိုမိန်းမသားတစ်ယောက်ကို နင်ကြောက်သလား''
အာလစ်ခန်းက တစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် တောင်စောင်းမှနေပြီး အရှေ့အရပ်သို့လှမ်းမျှော်ကြည့်လိုက်သည်။ အရှေ့အရပ်တွင် အလင်းရောင်တစ်ချို့ထွက်လာခဲ့ပြီဖြစ်သည်။
''ဟာ၊ မဖြစ်ဘူး၊ နေထွက်တော့မယ်၊ နေမထွက်ခင် ဟိုရွာကို ရောက်မှဖြစ်မယ်''
အာလစ်ခန်းက ရေရွတ်လိုက်ပြီး တောင်လိုရွာဆီသို့ ပြေးတော့သည်။ မီးငယ်လဲ အနောက်ကနေပြေးပြီးလိုက်လာရင်း ဘိုးကွန်းပြောသည့်စကားများကို ပြန်ကြားယောင်နေမိသည်။
''နေထွက်လာရင် အဲဒီအကောင်ကြီးက ဘကောင်းပြန်ဖြစ်သွားလိမ့်မယ်''
မီးငယ်လဲ ထိုအကောင်ကြီးနောက် ပြေးလိုက်လာရင်း တစ်ခုစဉ်းစားမိသွားသည်။
''ဘကောင်း၊ ဘကောင်း''
ဘကောင်းတစ်ယောက် အမှောင်ထုထဲတွင် လမ်းပျောက်နေပြန်သည်။ သို့သော် သူ့နားထဲတွင် အသံတစ်ခုကြားလိုက်ရသည်။
''ဘကောင်း၊ ဘကောင်း''
ထိုအသံကိုကြားလိုက်ပြီးသည့်နောက် သူ့မျက်လုံးမှာ အမြင်တွေပြန်ရလာသည်။ သူက တောအုပ်ထဲရောက်နေသည်။ အသံက သူ့အနောက်က ကြားနေသဖြင့် သူပြေးလွှားနေသည်ကို ရပ်တန့်လိုက်သည်။
''မီးငယ်၊ မီးငယ်အသံပဲ''
ဘကောင်းလဲ ရပ်တန့်လိုက်မိသည်။ ထိုအခါ အာလစ်ခန်းက သူ့အားပြောသည်။
''ဘတား၊ မင်းမရပ်နဲ့၊ မင်းမရပ်လိုက်နဲ့''
''ဘာဖြစ်လဲ ကျုပ်ဟာကျုပ်ရပ်တာဘာဖြစ်လဲ''
ထိုအကောင်ကြီးက တစ်ယောက်တည်းရေရွတ်နေသည်ကို မီးငယ်က ကြားလိုက်ရပြီးသည့်နောက် ဘကောင်းနှင့် သူ့ကိုယ်တွင်းက တစ်ယောက်ယောက် ငြင်းခုံနေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
''ဘကောင်း၊ ငါပြောတာနားထောင်ပါဘကောင်း၊ နင်ဘကောင်းမှန်းငါသိပါတယ်''
အာလစ်ခန်းဘယ်လိုပြောပြော ဘကောင်းကိုထိန်းချုပ်မရတော့ပေ။ အာလစ်ခန်းလဲ အလွန်စိတ်ပျက်သွားမိသည်။
''ဘတား၊ မင်းကွာ ဟိုရွာကိုရောက်ရင်မင်းလိုချင်တာအကုန်ဖြစ်ပြီကွ''
''ကျုပ်ကိုဘတားလို့မခေါ်နဲ့၊ ကျုပ်နာမည်ဘကောင်း''
ဘကောင်းက ကိုယ်ကိုတစ်ပတ်လှည့်လိုက်သည်။ ထိုအချိန်မှာပင် အာလစ်ခန်းက မီးငယ်အား မှော်အစွမ်းတစ်ခုနှင့်ပစ်ခတ်ရန်ကြိုးစားသည်။ သို့သော် ဘကောင်းကလဲ အာလစ်ခန်းကြိုးစားသည်ကို သိသည်မို့ ထိုမှော်အစွမ်းမထွက်နိုင်အောင် ကြိုးစားသည်။
''ဘကောင်း၊ နင်ငါ့ကိုမသိတော့ဘူးလား၊ နင်ငါ့ကိုပါ သတ်ချင်နေပြီလားဘကောင်း''
''မဟုတ်ဘူး ငါနင့်ကိုမသတ်ဘူး၊ ငါနင့်ကိုမသတ်ဘူး မီးငယ်''
ထိုသို့ပြောပြီးနောက် ထိုအကောင်ကြီးမှာ အော်ဟစ်လျှက် လဲပြိုသွားတော့သည်။ အာလစ်ခန်းက ဘကောင်းကိုလုံး၀ထိန်းမရတော့ပေ။ အာလစ်ခန်းနှင့်ဘကောင်းမှာ စိတ်နှစ်ခုဖြစ်နေသော်လည်း နှလုံးသားတစ်ခုတည်းကို မျှဝေအသုံးပြုနေရသည်မို့ ဘကောင်းနှလုံးသားက ခိုင်းစေသည့် အခါ အာလစ်ခန်းက ဘကောင်းကို မလွှမ်းမိုးနိုင်တော့ပေ။
နေမင်းကြီးက အရှေ့အရပ်မှ ထွက်လာခဲ့သည်။ တောင်စောင်းပေါ်တွင်မို့ တောင်ခြေထက် နေအလင်းရောင်ကို စောစီးစွာရရှိသည်။ နေမင်းကြီးက အဝါရောင်ရှေ့ပြေးရောင်ခြည်တစ်ချို့ကို ဖြန့်ကျက်ပြီး အရှေ့ဘက်တောင်တန်းများကြားမှ တိုးထွက်လာခဲ့သည်။
နေရောင်က ထိုအကောင်ကြီး၏ ကိုယ်ပေါ်သို့ ထိုးကျသွားချိန်တွင် ထိုအကောင်ကြီးမှာလဲ တဖြည်းဖြည်းသေးငယ်သွားပြီးနောက် နောက်ဆုံးတွင် ဘကောင်းပြန်ဖြစ်သွားသည်။ နေထွက်လာသည့် နေ့အချိန်တွင် အာလစ်ခန်း၏ အမှောင်စွမ်းအင်များက လုံး၀အသုံးပြုမရတော့သလို အာလစ်ခန်းမှာလဲ ဘကောင်းစိတ်၏ မှောင်မိုက်သည့်နေရာတွင်သာ နေထိုင်လျှက် တစ်နေ့တာကို ခိုအောင်းနေရအုံးမည်ဖြစ်သည်။
ဘကောင်းက လဲကျနေလျှက် ကုန်းထလိုက်သည်။ ထို့နောက် မီးငယ်ကိုလှမ်းကြည့်လိုက်သည်။ မီးငယ်လဲ ဘကောင်းကိုမြင်လိုက်သည်နှင့် ကျားကလေးဂျီရားပေါ်မှ ခုန်ဆင်းလိုက်သည်။
''ဘကောင်း၊ ငါနင့်ကိုရှင်းပြချင်တယ်၊ နင်ငါ့အပေါ် အထင်လွဲတာတွေကို ငါရှင်းပြချင်တယ်''
ဘကောင်းက ခေါင်းခါပြီး
''ငါနားမထောင်ချင်တော့ဘူး၊ ငါဘာမှနားမထောင်ချင်တော့ဘူး''
''ဘကောင်းရာ၊ နင်ဘာတွေဖြစ်နေတာလဲ၊ နင်ဒီအတိုင်းနေရတာကို ပျော်ရဲ့လား''
''ငါအစကတော့ ပျော်ခဲ့တယ် မီးငယ်၊ ငါက ရွာမှာ အနှိမ်ခံတစ်ယောက်၊ ငါ့မှာ ဘာအစွမ်းအစမှ မရှိတဲ့သူတစ်ယောက်ဆိုပြီး တစ်ရွာလုံးက ငါ့ကိုပျက်ရယ်ပြုခဲ့ကြတယ်၊ ဒီစွမ်းအားတွေရလာတော့ ငါ့ကိုယ်ငါ ကျေနပ်လာခဲ့တယ်၊ မှော်ပညာတွေတတ်လာခဲ့ရင် ငါ့ကိုလဲ ငါ့အဖေလို၊ ငါ့အကိုတွေလို တစ်ရွာလုံးက လူတွေအားလုံးက လေးစားမယ်လို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် ငါမှားခဲ့တယ်၊ ဒီအရာက အလွန်ဆိုးရွားတဲ့ အရာတစ်ခုပဲ မီးငယ်''
ဘကောင်းကပြောရင်း သူ့လက်ဖဝါးတွေကို သူပြန်ကြည့်နေမိသည်။
''အခုငါ့လက်နဲ့ ငါ့အဖေကို သတ်ခဲ့ပြီးပြီ၊ ငါ့ရွာကိုလဲ ငါဖျက်ဆီးပြီးပြီ၊ ငါ့လူမျိုးတွေကိုလဲ အကုန်ငါသတ်ပြီးပြီ၊ ငါဘာလုပ်ရမှာလဲမီးငယ်၊ ငါဘာဆက်လုပ်ရမှာလဲ''
မီးငယ်က
''မဟုတ်သေးဘူးဘကောင်း၊ နင့်မှာငါရှိသေးတယ်လေ၊ နင်အချစ်ဆုံးဆိုတဲ့ ငါရှိသေးတယ်လေဟာ၊ နင်ငါနဲ့လိုက်ခဲ့၊ ငါတို့အတူတူ ဒီကနေထွက်သွားကြမယ်၊ နင်စိတ်ကူးထားသလို အေးချမ်းတဲ့ရွာကလေးမှာ ငါတို့အတူတူ နေထိုင်သွားကြမယ်လေ''
ဘကောင်း ကိုယ့်နားကိုယ်ပင် မယုံနိုင်တော့ပေ။
''နင်၊ နင်တကယ်ပြောတာလား မီးငယ်''
''တကယ်ပြောတာပေါ့ဟာ''
''ဒါဆို နင်၊ နင်ငါ့ကို ချစ်၊ ချစ်''
မီးငယ်က ဘကောင်းကိုပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။
''ငါနင့်ကိုချစ်ပါတယ်ဘကောင်းရယ်''
ဘကောင်းပျော်ရွှင်လွန်းသဖြင့် သူ့မျက်လုံးမှ မျက်ရည်များစီးကျလာသည်။ နှစ်နှစ်ကာကာပြုံးလျှက် မီးငယ်မျက်နှာကိုကြည့်နေသည်။ ထိုအချိန်တွင် မီးငယ်က သူ့ဆီသို့ပြေးလာသည်။ သူလဲ လက်နှစ်ဖက်ကိုဆန့်တန်းရင်း မီးငယ်ဆီသို့ပြေးသွားလိုက်သည်။
သူတို့နှစ်ဦးဆုံတွေ့သည့်အခါတွင်တော့ ဘကောင်းက မီးငယ်ကိုဆွဲပွေ့ဖက်လိုက်ပြီးနောက် ရင်ခွင်ထဲထွေးပွေ့ထားသည်။
''မီးငယ်၊ နောက်ဆုံးတော့ နင်ငါ့ကို ချစ်လာပြီပေါ့၊ နင်ငါ့ကို ချစ်ခဲ့ပြီပေါ့နော်''
မီးငယ်ထံမှ ဘာသံမှမကြားရပေ။
''မီးငယ်၊ နင်ပြန်ဖြေလေဟာ၊ နင်ပြန်ဖြေပါအုံး''
ဘကောင်းရင်၀မှ ဆစ်ခနဲနာကျင်မှုကိုခံစားလိုက်ရပြီးနောက် ဖက်ထားသည်ကို ပြန်ဖြုတ်ပြီးတော့ မီးငယ်ကိုကြည့်လိုက်သည်။ မီးငယ်မျက်လုံးတွင် မျက်ရည်တွေစီးကျနေသည်။ သူ့ရင်ဘတ်တွင်တော့ ကြေးဝါရောင် ဓါးမြှောင်ကလေးတစ်ချောင်းက တစ်ဆုံး ထိုးဝင်နေသည်ကိုတွေ့လိုက်ရသည်။
ဘကောင်းမျက်နှာတွင် အံ့ဩခြင်း၊ နားမလည်နိုင်ခြင်း အစရှိသည့် အမူအရာများဖုံးလွှမ်းနေလျှက် မီးငယ်ကိုကြည့်နေသည်။
''ဘာ၊ ဘာလို့လဲ မီးငယ်''
''ငါနင့်ကိုချစ်လို့၊ ငါနင့်ကိုချစ်လို့ ဒီလိုလုပ်ခဲ့တာဘကောင်း၊ ငါနင့်ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်မရှင်သန်စေချင်တော့ဘူးဘကောင်း''
''နင်၊ နင်ငါ့ကိုတကယ်မချစ်ခဲ့ဘူးမီးငယ်၊ နင် ငါ့ကိုဖြားယောင်းလှည့်စားဖို့အတွက်ပဲ နင်ငါ့အချစ်ကိုအသုံးချခဲ့တာ''
မီးငယ်က ငိုယိုလျှက်
''နင်ထင်ချင်သလိုထင်တော့ ဘကောင်း၊ ဒါပေမယ့် ငါကတော့ နင့်လုပ်ရပ်ကို တားမြစ်ရမှာပဲ''
မီးငယ်က ဘကောင်းရင်ဘတ်မှ ဓားမြှောင်ကိုဆွဲနှုတ်လိုက်သည်။ ထိုဒဏ်ရာမှ သွေးတွေကစီးကျလာပြီးနောက် ဘကောင်းခေါင်းတွေမူးဝေသွားသည်။
''မီး၊ မီးငယ်၊ ဒီလိုလုပ်လိုက်ရင် တကယ်ပဲ မကောင်းတာတွေက အဆုံးသတ်သွားမှာလား''
''ဒါပေါ့ဘကောင်းရယ်၊ တခြားနည်းလမ်းမရှိတော့ဘူး၊ နင်ငါ့ကိုခွင့်လွှတ်ပေးပါ''
ဘကောင်းက ဘေးတစောင်းလေး လဲကျသွားသည်။ မီးငယ်က ဘကောင်းလည်ပင်းတွင်ဆွဲထားသည့် ပယင်းနက်ဆွဲကြိုးကလေးကို ဓါးနှင့်ဖြတ်ထုတ်လိုက်သည်။ ထို့နောက် ဘကောင်းလက်ကို ဆုပ်ကိုင်ထားပေးသည်။
''ကောင်းတယ်၊ ငါနင့်ကို အပြစ်မတင်ပါဘူး မီးငယ်ရာ၊ ဒီအကောင်ကြီးကို ငါ့ကိုယ်ထဲက ထွက်သွားအောင်လုပ်ပေးနိုင်လိုက်တာကိုပဲ ငါကျေးဇူးတင်နေပါပြီ''
''ဘကောင်းရယ်''
မီးငယ်က ဘကောင်းကိုကြည့်ရင်းငိုနေတော့သည်။
''မငိုနဲ့မီးငယ်၊ ဒါနဲ့နင့်လက်ကလေးက နွေးလိုက်တာဟာ''
ဘကောင်းမှာ ထိုသို့ပြောပြီးနောက် ဇက်ကျိုးကျသွားကာ ငြိမ်သက်သွားတော့သည်။ မီးငယ်လဲ အနက်ရောင် တြိဂုံပုံစံ ပယင်းနက်ကလေးကို သေချာစိုက်ကြည့်လိုက်သည်။
''ဝတ်လိုက်၊ အရမ်းလှတယ်မဟုတ်လား၊ ဝတ်ကြည့်လိုက်စမ်းပါ''
ထိုပယင်းနက်ကလေးက သူ့ကိုဆွဲဆောင်နေသဖြင့် လက်တွေက အလိုလိုလည်ပင်းအနားသို့တိုးကပ်သွားမိသည်။ ထိုအချိန်တွင်ပင်
''ရပ်လိုက်စမ်း''
အသံတစ်သံကြားလိုက်သဖြင့် သူ့လက်တွေရပ်တန့်သွားသည်။ သူတွေ့ရသည့်သူကတော့ တောင်စွန်ရွာတွင် ကျန်နေခဲ့သည့် နတ်ဆရာကြီး ဘိုးချာဖြစ်သည်။
''အဲဒီပယင်းနက်ကို မဆွဲနဲ့ ငါ့ကိုပေးပါမိန်းကလေး''
မီးငယ်က ပယင်းနက်ကိုကြည့်ရင်း စိတ်ထဲနှမြောနေမိသည်။ သို့သော်လည်း စိတ်ကိုပိုင်းဖြတ်လိုက်ပြီးနောက် နတ်ဆရာကြီးအား ထိုပယင်းနက်ကိုပေးလိုက်တော့သည်။
''ဒီအရာက အလွန်ကြောက်စရာကောင်းတဲ့အရာတစ်ခုပဲ၊ မာမာက ဒီအရာကို သူ့ဆီကိုပြန်ပေးခိုင်းနေတယ်၊ ဒီအရာဟာ မြေအောက်ထဲကလာခဲ့တာမို့လို့ ဟိုးမြေအောက် အမှောင်ထုထဲကို ပြန်ပြီးတော့ အပ်နှင်းရလိမ့်မယ်''
မီးငယ်လဲ ဘိုးချာအား ထိုပယင်းနက်ကိုပေးပြီးသည့်နောက် ဂျီရားကလေး၏ ဦးခေါင်းကိုပွတ်သပ်လိုက်သည်။ ထို့နောက် ဂျီရားကိုယ်ပေါ်သို့ လွှားခနဲခုန်တက်သွားပြီးသည့်နောက် တောအုပ်အတွင်းသို့ ပြေးဝင်သွားတော့သည်။
ဘိုးချာကတော့ ထိုပယင်းနက်ကလေးကို ကြည့်နေမိသည်။ တြိဂံပုံစံ ပယင်းနက်ဆွဲပြားကလေးက နေရောင်အောက်တွင် ဝင်းလဲ့နေသည်။
''မင်းငါ့ကို ထပ်ပြီးမြှူဆွယ်လို့မရတော့ဘူး မကောင်းဆိုးဝါးရေ''
ဘိုးချာက ထိုပယင်းနက်အပြားကလေးကို အနက်ရောင်အဝတ်စတစ်ခုနှင့် ထုတ်ပိုးလိုက်ပြီးနောက် သူ့နောက်ကျောတွင်လွယ်ထားသည့် ပလိုင်းကလေးတစ်ခုအတွင်းသို့ ထည့်လိုက်တော့သည်။ ဘိုးချာက အမွှေးထူသည် နွားနောက်သားရေကြီးကို ချုံလွှမ်းထားပြီးနောက် ဦးခေါင်းထက်တွင်လဲ ပြောင်ဦးချိုကြီးကိုဆောင်းထားကာ ခါးအလွန်ကုန်းနေသည်။ လက်တစ်ဖက်တွင် တောင်ဝှေးကြီးတစ်ချောင်းကို ကိုင်ထားသည်။
''မာမာရဲ့လမ်းညွှန်ချက်အတိုင်း ဒီပယင်းကလေးကို မြေအောက်အမှောင်ကမ္ဘာထဲကိုပြန်ပို့ရမယ်''
ဘိုးချာလဲ တောင်ကြားကြီးကို ဖြတ်ပြီးဆင်းလာခဲ့သည်။ တောနက်ကြီးများအတွင်း တစ်ယောက်တည်း ခရီးဖြတ်သန်းနှင်လျှက် ကူမွန်တောင်တန်းကြီးပေါ်မှဆင်းလာခဲ့သည်။ တောင်တန်းပေါ်မှဆင်းလာပြီးလျှက် လှေကလေးတစ်စီးဖြင့် တောင်ကျချောင်းကလေးများအတိုင်း ဆက်လက်လှော်ခတ်လာရာ တနိုင်ခမြစ်အတွင်းသို့ရောက်လာခဲ့သည်။
ထို့နောက် အနောက်ဘက်တောင်ကုန်းများဆီသို့ ဦးတည်လိုက်သည်။ ဘိုးချာက နတ်ဆရာကြီးတစ်ဦးဖြစ်သည့်အတိုင်း မာမာနတ်ခေါ် မြေနတ်၏ လမ်းညွှန်ပြသမှုကိုခံယူရင်း လာခဲ့ရာ မကြာမီတွင် တောင်ကုန်းကလေးတစ်ခုကိုရောက်လာခဲ့သည်။ ထိုတောင်ကုန်းကလေးက မိုင်းခွင်းမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသည့် တောင်ကုန်းကလေးတစ်ခုဖြစ်သည်။
''နောက်ဆုံးတော့ ရောက်လာခဲ့ပြီ၊ မာမာနတ် လမ်းညွှန်ပြသပါ''
ဘိုးချာက ထိုသို့ရေရွတ်လိုက်ပြီးနောက် သစ်ကိုင်းတစ်ကိုင်းကို ကိုင်ကာ မြေတွင်ချကြည့်သည်။ ထို့နောက် ထိုသစ်ကိုင်းညွှန်ပြသည့်အတိုင်းလိုက်သွားမိသည်။ ချုံနွယ်ပင်များကြားတွင် လူနှစ်ဖက်ခန့်ရှိသည့် တွင်းပေါက်ကလေးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုတွင်းပေါက်ကလေးက အစအဆုံးမရှိသည့် မြေအောက်ကမ္ဘာသို့ ရောက်နိုင်သည့် တွင်းပေါက်ကလေးဖြစ်သည်။
ပလိုင်းထဲမှ ပယင်းနက်ကလေးကို ထုတ်ယူပြီး ထိုတွင်းနက်ကလေးထဲသို့ ပစ်ချရန်ပြင်ဆင်လိုက်သည်။
''ဒိုင်း''
ထိုစဉ်ကျယ်လောင်သည့် သေနတ်သံတစ်ချက်ပေါ်လာပြီးသည့်နောက် ဘိုးချာမှာ လွင့်ထွက်သွားတော့သည်။ သေနတ်ကျည်က အရှိန်ပြင်းသဖြင့် လဲကျသွားခြင်းဖြစ်ပြီး ကျည်ဆန်က ဘိုးချာ၏ ရင်၀ကိုဖောက်ထွင်းဝင်ရောက်သွားသည်။ သွေးအိုင်ထဲလဲကျနေသည့် ဘိုးချာသည် သူ၏ နောက်ဆုံးထွက်သက်ကို ခက်ခက်ခဲခဲရှုသွင်းနေရသည်။ ထိုအခိုက်တွင် လူနှစ်ဦးက သူ့အနားရောက်လာသည်။
''ပြောင်ထင်တာကွာ၊ လူရိုင်းကြီးဖြစ်နေတာကိုး''
လူတစ်ဦးက ညည်းညူလိုက်သည်။ သူတို့မှာ ကချင်လူမျိုးများဖြစ်ပုံရသည်။ ထိုသူများက ဘိုးချာ ဝေဒနာခံစားနေရသည်ကို သနားလှသဖြင့် နောက်ထပ်ကျည်တစ်တောင့်ဖြင့် ဘိုးချာအား ဇီဝိန်ချွေပေးလိုက်တော့သည်။ ပါလာသည့်လူတစ်ယောက်က ဘိုးချာသယ်ဆောင်လာသည့် ပစ္စည််းများကိုစူးစမ်းလေ့လာနေရာမှ အဝတ်စနက်နှင့်ထုပ်ထားသည့် ပယင်းနက်ကျောက်တုံးကလေးကို တွေ့သွားလေသည်။
''ပယင်း၊ ဒီဟာက ပယင်းနက်ပဲကွ''
အပိုင်း (၈) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်