
ဟိုတလောက ဖေ့ဘွတ်မှာ နာမည်မှာ ဘာပါရင် လက်ဆောင်ယူဘာညာဆိုတဲ့ Trend တစ်ခု ဖြစ်ခဲ့သည်။
ဈေးရောင်းတဲ့ပေ့ချ်တွေက အပြိုင်အဆိုင်တင်ကြတာကို တွေ့ရသည်။ အချို့ကလည်း တကယ်ပေးချင်လို့ ပေးတာဖြစ်သလို၊ အချို့ကလည်း မရှိနိုင်လောက်ပါဘူးထင်ပြီး ပေးဖို့လုပ်ကြ၏။ ရယ်တော့လည်းရယ်ရသည်။ ကျနော်တို့နိုင်ငံမှာ ဘာသာစကားမတူတဲ့ တိုင်းရင်းသားအများအပြားရှိကြသည်။ ဆိုတော့ ဗမာအခြေပြုနာမည်တွေမှာ မရှိနိုင်လောက်တဲ့ နာမည်တွေက တိုင်းရင်းသားနာမည်တွေမှာ ဒုနှင့်ဒေးရှိနေကြသည်။ မရှိနိုင်လောက်ဘူးထင်ပြီး ပေးမယ်လို့ ကြေညာပြီးမှ တကယ်ရှိနေတော့ အောင့်သက်သက်နှင့်ပေးလိုက်ရတာတွေလည်းရှိကြ၏။ Trend နောက်ကို လိုက်တဲ့အခါ Reach တွေ၊ Engagement တွေ အများအပြားရရှိတတ်ကြသည်။ ဒါပေမဲ့ အချို့ကတော့ ကောင်းခြင်းတွေနဲ့ဖြစ်ပြီး အချို့ကတော့ နာမည်ပျက်သွားလေ့ရှိကြသည်။
နာမည်မှာ “ဖုတ်” ပါတဲ့ မိန်းကလေးတစ်ယောက်ကတော့ တော်တော်လေးနာမည်ကြီးသွားသည်။ ကျနော်တို့ ဗမာနာမည်တွေမှာ ဖုတ် ဆိုတဲ့နာမည်ကို မှည့်လေ့မရှိကြပေမဲ့လည်း တိုင်းရင်းသားနာမည်တွေထဲမှာတော့ ရှိသည်။ ပေ့ချ်တွေအနေနှင့် ကံကောင်းသည်ပြောရမည်။ ဘာဖြစ်လို့လည်းတော့ အဆိုပါ နာမည်မှာ “ဖုတ်” ပါတဲ့ မိန်းကလေးရဲ့ မှတ်ပုံတင်အရ “ဖုတ်” ဆိုတာ မျိုးရိုးနာမည်ဖြစ်ဖို့များသည်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အဖေနာမည်မှာလည်း ဖုတ် ပါသောကြောင့်ပင်။ တကယ်လို့များ ဆက်စပ်ပြီးတွေးမိတာက . သူ့မှာ ညီအစ်ကိုမောင်နှမ ဆယ်ယောက်လောက်များရှိနေခဲ့ရင် ဆိုတာပါပဲ။ အဲဒီတော့ “ဖုတ်” ပါတဲ့ နာမည် ဆယ်ယောက်လောက်ထွက်လာမှာဖြစ်ပြီး လက်ဆောင်ပေးရတဲ့ ပေ့ချ်တွေ၊ ဆိုင်တွေလည်း ဒေဝါလီတောင်ခံသွားရနိုင်သည်။ သိရသလောက်တော့ အဆိုပါမိန်းကလေးက သူတစ်ယောက်တည်းအတွက်သာ လက်ဆောင်တွေ သိမ်းကျုံးယူသွားတာဖြစ်ပြီး သူ့အမျိုးတွေကို မန်းရှင်းမခေါ်ခဲ့တာက ပေ့ချ်တွေအတွက ကံကောင်းသည်ဟု ဆိုလို့ရသည်။
နောက်တစ်ခုရှိသေးသည်။ နာမည်မှာ “ဘာဂျာ” ပါရင် အိုင်ဖုန်းပေးမယ်ဆိုတာပင်။ တကယ်တမ်း တိတိကျကျအထောက်အထားနှင့်လည်း လာပြရော .. အလကားစတာပါဖြစ်သွားတော့သည်။
ဆိုတော့ အဲဒီလိုပေ့ချ်တွေကတော့ .. Reach တွေ၊ Engagementတွေ ရသွားပေမဲ့ နာမည်ပျက်သွားတယ်လို့ ဆိုရမည်။ အချို့ပေ့ချ်တွေမှာတော့ ပေ့ချ်အက်မင်တွေက ဆိုင်ပိုင်ရှင်တွေကို မတိုင်ပင်ဘဲနဲ့ ဆိုရှယ်ရဲ့ Trend နောက်ကို အမီလိုက်ဖို့ ကြိုးစားရင်း မရှိနိုင်လောက်ဘူးထင်တဲ့နာမည်တွေကို သေချာရွေးကြခြင်းဖြစ်ပုံရသည်။ ဒါပေမဲ့လည်း အထက်မှာဆိုခဲ့သလို တိုင်းရင်းသားမျိုးစုံရှိတဲ့ ဒီနိုင်ငံမှာ နာမည်မျိုးစုံရှိသည်။ ကျနော်တို့အတွက် နာမည်မဟုတ်ပေမဲ့ အခြားတိုင်းရင်းသားတွေအတွက် မျိုးရိုးနာမည်တွေတောင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။
နာမည်တွေနှင့်ပတ်သက်ပြီး ပြုံးချင်စရာနာမည်တွေလည်း ကြုံခဲ့ဖူးသည်။
ကျနော်ကတော့ ရန်ကုန်မှာပဲမွေးသောကြောင့် ဗမာနာမည်တွေနှင့်သာ ရင်းနှီးနေသည်။ ဗမာနာမည်တွေက များသောအားဖြင့် နေ့နံတွေ၊ မိဘနာမည်တွေ နဲ့ ချိန်ကိုက်ပြီးပေးလေ့ရှိသည်။ အချို့ကတော့လည်း မွေးတဲ့ကာလကို အစွဲပြုပြီး ပေးလေ့ရှိသည်။ ပြီးတော့ နာမည်ပြောင်တွေလည်း ရှိသေးသည်။
နာမည်ပြောင်တွေနှင့်ပတ်သက်ပြီးပြောရမယ်ဆိုရင် ငယ်ငယ်က လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲမှာ လွန်ဆွဲပွဲတစ်ခုရှိ၏။ ကျနော်တို့အဖွဲ့ကလည်း ဝင်ဆွဲဖို့ နာမည်ပေးတာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်လုပ်သူက ပြိုင်ပွဲကျင်းပရေးကို သွားပေးလိုက်တဲ့ နာမည်တွေကတော့ နာမည်ပြောင်တွေဖြစ်နေသည်။
“အခု တစ်ခါ ယှဉ်ပြိုင်ရမယ့်အဖွဲ့ကတော့ .. စာကလေးအဖွဲ့နဲ့ ဗလကြီး အဖွဲ့တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ..”
“စာကလေးအဖွဲ့မှာဆိုရင် … ဝက်ကြီး၊ ကြွက်ကြီး၊ ဖားကြီး၊ ခွေးကြီး၊ ကျီးကန်း၊ ကြွက်လေး တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ…”
“ဟာ .. တိရစ္ဆာန်အသင်းပဲ..”
ဒါက တိရစ္ဆာန်နာမည်နဲ့ နာမည်ပြောင်တွေဖြစ်သည်။ အခြား ကိုယ်ခန္ဓာတစ်ခုခုကို အစွဲပြုပြီး ခေါ်တဲ့ နာမည်ပြောင်တွေလည်း ရှိသေးသည်။
အရပ်ရှည်လျှင် အရှည်ကြီး၊ နဖူးပြောင်လျှင် ပြောင်ကြီး၊ အရပ်ပုရင် ဂျပု၊ ပုတု၊ အသားမဲရင် မဲကြီး အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ ဒါကိုလည်း တရားသေသတ်မှတ်လို့မရပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ .. နာမည်ပြောင်နဲ့ လူနဲ့ မလိုက်တာတွေလည်း ရှိသည်။
ဗလကြီး ဆိုပေမဲ့ လူက ဖလံလေးဖြစ်နေတာမျိုး၊ တရုတ်ကြီးဆိုပေမဲ့လည်း အသားမဲနေတာမျိုး၊ လောရှည်ဆိုပေမဲ့လည်း အရပ်ပုနေတာမျိုး ဒါမျိုးတွေလည်း ကြံကြံဖန်ဖန်ပေးတတ်ကြသေးသည်။ မြန်မာလူမျိုးတွေက နာမည်ပြောင်ပေးတာ အလွန်တော်တယ်လို့ ဆိုရမည်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာကျော်တွေကိုတောင် နာမည်ပြောင်ပေးပြီး ခေါ်တတ်ကြသောကြောင့်ပင်။
ကျနော်တို့ ငယ်ငယ်က မန်ယူတိုက်စစ်မှုး နစ္စတယ်ရွိုင်းကို နွားကြီး၊ အွန်နရီကို အုန်းသီး၊ ဆိုးရှားကို ခွေးကျိုး၊ ဒီပို့တီပိုဘောလုံးအသင်းကို တူးပို့တူးပို့၊ ဂျူဗင်ကို မအူပင်၊ လီဗာပူးလ်ကို ဘီယာဗူး၊ အစရှိသဖြင့် ကြားခဲ့ဖူးပြီး ယနေ့အချိန်အခါမှာလည်း နာမည်ပြောင်တွေပေးနေကြဆဲ ဖြစ်သည်။ ဘောလုံးပရိသတ်ဖန်တွေက အဆိုးဆုံးဖြစ်မည်ထင်သည်။ မန်စီးတီးကို နို့ဗူး၊ လီဗာပူးလ်ကို တစ်လုံးချိုင့်၊ အာဆင်နယ်ကို ရေပြွတ်၊ မန်ယူကို ဆိုက်ဆိုက် အစရှိသဖြင့်ပေါ့။ နာမည်ပြောင်တွေကိုလည်း လျှော့တွက်လို့တော့ မရပေ။ ဒီအတိုင်းလက်လွတ်စပယ်ပေးကြတာမျိုးမဟုတ်ဘဲ .. ခိုင်လုံတဲ့ အကြောင်းရင်း၊ အထောက်အထားတွေနှင့် ပေးကြခြင်းဖြစ်သည်။
ပြီးတော့ မွေးတဲ့လကို အစွဲပြုပြီး ပေးတတ်ကြတဲ့ နာမည်တွေလည်း ရှိသေးသည်။ အများဆုံးတွေ့ရတာက ဧပရယ်၊ မေ၊ ဇူလိုင်၊ ဒီဇင်ဘာ ဆိုတဲ့ နာမည်တွေဖြစ်သည်။ လနာမည်တွေထဲမှာ ဒီနာမည်လေးတွေက လှ တော့ အဲဒီလမှာ မွေးတဲ့သူတွေကို ပေးကြခြင်းဖြစ်ပုံရသည်။ ကျနော်ကတော့ ဒီနာမည်တွေကိုသာ အများဆုံးကြားဖူးသည်။ အခုထိတော့ .. မောင်အောက်တိုဘာ၊ မစက်တင်ဘာ၊ ဦးဇန်နဝါရီ၊ မဖေဖော်ဝါရီဆိုတဲ့ နာမည်မျိုးတွေကိုတော့ မကြားဖူးသေးပါ။ အချို့ကလည်း အထင်ကရနေ့တွေကို အစွဲပြုပြီးပေးလေ့ရှိသည်။ အာဇာနည်နေ့မှာ မွေးတဲ့သူတွေဆို များသောအားဖြင့် ဇာနည် ဆိုတဲ့ နာမည်ကို မှည့်လေ့ရှိသည်။
နောက်တစ်ခုက ကျနော်တို့ဆီမှာ လူတစ်ယောက်ဘယ်နေ့မွေးသလဲဆိုတာကို သူ့နာမည်ကို ကြည့်ပြီး အနီးစပ်ဆုံးခန့်မှန်းနိုင်ကြသည်။ အကြောင်းရင်းကတော့ နေ့နံအလိုက် နာမည်ပေးသောကြောင့်ပင်။
ကျော်၊ ခိုင်၊ ခင်၊ ကောင်း၊ အစရှိတဲ့နာမည်တွေဆိုရင် တနင်္လာ၊ စိုး၊ ဆွေ၊ ဇော် အစရှိတဲ့နာမည်တွေဆိုရင် အင်္ဂါ၊ ယွန်း၊ လွင်၊ ဝါ အစရှိတဲ့ နာမည်တွေဆိုရင် ဗုဒ္ဓဟူး၊ ပြည့်၊ ဖြိုး၊ ပိုင်၊ မျိုး၊ မြင့်၊ ဘို အစရှိတဲ့နာမည်တွေဆိုရင် ကြာသာပတေး၊ တင်၊ ထွန်း၊ ဒွေး၊ နိုင် အစရှိတဲ့နာမည်တွေဆိုရင် စနေ၊ သန့်၊ ဟိန်း တို့က သောကြာ၊ အောင် တနင်္ဂနွေ အစရှိတာတွေကို အများဆုံးတွေ့ရလိမ့်မည်။ ဒါက နေ့နံနှင့် မည့်မယ်ဆိုရင် ဒီနာမည်တွေကို အများဆုံးစဉ်းစားလေ့ရှိကြပြီး အချို့ကတော့ ဆန်းဆန်းပြားပြားလေးတွေ၊ စိတ်ကူးကောင်းကောင်းလေးတွေနှင့် နာမည်လှလှလေးတွေ ပေးတတ်ကြသေးသည်။
နာမည်မှည့်တဲ့အခါ အရေးကြီးဆုံးက အတွဲအစပ်ပင်။ ဘယ်တော့မှ မတွဲစပ်သင့်တဲ့နာမည်တွေဆိုရင် မျိုးလင်း၊ စိုးလင်း တို့လို နာမည်မျိုးတွေပင်။ ဆိုရရင်တော့ နာမည်ဆိုတာ လူ့ဘဝမှာ တော်တော်လေးကို အရေးပါတယ်လို့ ယူဆလို့ရသည်။ သက်ရှိတင်မဟုတ်ဘဲ သက်မဲ့တွေမှာလည်း နာမည် ဆိုတာမျိုးရှိသည်။ လူမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုး၊ အစဉ်အလာအမျိုးမျိုးနှင့် နာမည်မျိုးစုံကို မှည့်ခေါ်နေကြတဲ့အခါမျိုးမှာ ကိုယ်သိတဲ့အသိလောက်လေး၊ ဗဟုသုတလောက်လေးနဲ့ ဒီနာမည်တော့ မရှိလောက်ပါဘူးလို့ မထင်စေချင်ဘူး။
ဖုတ်၊ ဘာဂျာ၊ ဒုတ်၊ အစရှိတဲ့နာမည်တွေတောင် ရှိနေသေးတာကြောင့် … အခြားသော ကျနော်တို့ မဖြစ်နိုင်ဘူးလို့ ယူဆလို့ရတဲ့ နာမည်တွေလည်း အများအပြားရှိနေဦးမှာ အသေချာပါပဲ။ ဒါကြောင့် နာမည်နဲ့ပတ်သက်ရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ပဲ ပြောပါရစေ။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg