
ဘွားမယ်စိန်တစ်ယောက် အသိမိတ်ဆွေတစ်ဦး၏
ရွာထံသို့အလည်အပတ်ရောက်နေခဲ့သည်။
ထိုခရီးကို မောင်တိုးကလိုက်ပို့ပေးရှာသည်။
မိမိတို့သောင်ထွန်းရွာနှင့်အတန်ငယ်အလှမ်းကွာလှသော
ရွာဖြစ်သော်လည်း ခင်မင်နေသော ဒေါ်ပြုံးကြီး၏
အလည်အပတ်လိုက်ခဲ့ပါတော် ဆိုသော စကားကြောင့်
ဘွားမယ်စိန်အလည်အပတ်ရောက်လာခဲ့ရသည်။
ဒေါ်ပြုံးကြီး၏မိသားစုကလည်းဘွားမယ်စိန်ကို
တရိုတသေဆက်ဆံကြသည်မို့
သုံးလေးရက်တိုင်တိုင် ထိုရွာမှဘွားမယ်စိန်မပြန်ဖြစ်သေးပေ။
ငါးရက်မြှောက်သောနေ့ နံနက်စောစောအချိန်၌...
“အမေရေ...ရွာထဲမှာသတင်းထူးတယ်တော့်”
မနက်စာအတွက်ရွာထဲအကြော်သွားဝယ်သော ဒေါ်ပြုံးကြီး၏
သမီးလတ်သည် အိမ်သို့ပြန်ရောက်ရောက်ခြင်းသူ၏အမေဖြစ်သူကိုပြောလိုက်သည်။
ဘွားမယ်စိန်နဲ့မောင်တိုးကတော့
လက်ဖက်ရည်ကြမ်းသောက်ရင်း နားထောင်နေကြ၏။
“ဘာသတင်းထူးတာတုန်း မိတုတ်”
“ရွာပြင်မှာ လူစိမ်းတစ်ယောက်သတိလစ်နေလို့
ဘုန်းကြီးကျောင်းကိုပို့ထားကြတယ်လို့ပြောတယ်တော့်”
“ဟေ...လူစိမ်း...ဘယ်သူလဲ...ဘာဖြစ်လို့များလဲ”
“ကျုပ်လည်းမသိဘူးလေအမေရယ်...
ကြားရတဲ့သတင်းကတော့အဲ့သည်လောက်ပဲ”
“အေးပါ တော်နေ နင့်အစ်ကိုကို သူ့ဘကြီးဘုန်းကြီးဆီလွှတ်လိုက်...ဒါဆိုရင်အကြောင်းစုံသိရမှာ”
“ဟုတ်အမေ”
“ကဲ...ကဲ...ညည်းဘွားတို့အတွက်
အကြော်လေးထည့်ပေးဦးမိတုတ်”
“ဟုတ်...”
ဒေါ်ပြုံးကြီး၏သမီးမိတုတ်လည်း ဘွားမယ်စိန်တို့စားပွဲပေါ်သို့
အကြော်များကိုပန်းကန်နှင့်ထည့်၍ချပေးလေသည်။
“မိပြုံး...ဘာတွေဖြစ်တာတုန်းအေ့”
“ကျုပ်လည်းသေချာမသိသေးပါဘူးအစ်မရယ်...
သြော်...ဒါနဲ့ကျုပ်တို့ဘုန်းကြီးကျောင်းကိုသွားကြရအောင်လေ
အစ်မလည်းမရောက်ဖူးသေးဘူးမလား...။
အဲ့ကကျောင်းထိုင်ဆရာတော်က
ကျုပ်ရဲ့အစ်ကိုတော်တယ်တော့်”
“အေး...ညည်းအားတဲ့အချိန်သွားကြတာပေါ့အေ”
“အားပါ့တော်...အိမ်ကိစ္စကအလတ်မ လုပ်လိမ့်မယ်...
လယ်ကိစ္စကအကြီးကောင်တာဝန်...
ကျုပ်ကဘုရားသွားကျောင်းတက်အလုပ်ပဲရှိတာတော့်”
ဒေါ်ပြုံးကြီးစကားကြောင့် ဘွားမယ်စိန်ပြုံးနေလေသည်။
ဒေါ်ပြုံးကြီးသည် သောင်ထွန်းရွာသား ဦးပိန်နှင့်ရ၍
သောင်ထွန်းရွာနှင့်မစိမ်းလှ။
သို့သော်ဦးပိန်ဆုံးလေတော့ယခုနေထိုင်သော
သူ၏မွေးရပ်မြေရွာဆီသို့အပြီးပြောင်းရွေ့လာခဲ့လေသည်။
သောင်ထွန်းရွာကိုလည်းလုံးလုံးကြီးပစ်ပယ်ခြင်းမရှိဘဲ
တစ်နှစ်တစ်ခေါက်အလည်လာတတ်၏။
ယခုအခေါက်၌ ဘွားမယ်စိန်ကိုပါ အလည်ခေါ်လာခဲ့ရှာသည်။
ထို့သို့ဖြင့်ဒေါ်ပြုံးကြီးကြောင့်ဘွားမယ်စိန်နှင့်မောင်တိုးတို့လည်းဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ကြသည်။
ကိုယ့်ရပ်ရွာမဟုတ်သော်လည်း ဒေါ်ပြုံးကြီးမိတ်ဆက်ပေးထား၍ ရွာသူ၊ရွာသားတို့မှာ လမ်းတွေ့လျှင်မေးကြပြောကြဖော်ရွေကြရှာသည်။
ဘုန်းကြီးကျောင်းသို့ရောက်တော့ ကျောင်းထိုင်ဆရာတော်ဘုရား၏ဘေး၌လူငယ်လေးတစ်ဦးနှင့်
လူကြီးသုံးယောက်ထိုင်နေကြ၏။
“ဟာ...ဒေါ်ပြုံးကြီးတို့ပါလား...
ဆရာတော့်ဆီလာကြတာလားဗျ...
သြော်...ဧည့်သည်တွေလည်းပါလာတာပဲ...”
ဟု...လူကြီးတစ်ဦးမှမေးလေတော့...
“ဆရာတော့်ဆီလည်းလာရင်း သတင်းထူးလေးလည်း
နားစွင့်ရင်းပေါ့သူကြီးရယ်”
ဟုပြော၍ အသီးသီးနေရာဝင်ထိုင်ကြပြီး ဆရာတော်ဘုရားအားဦးချကန်တော့ကြသည်။
ဦးချပြီးလေတော့ဆရာတော်ဘုရားမှ...
“ဧည့်သည်တွေလားဒကာမကြီး”
“မှန်ပါ့ဘုရား...တပည့်တော်ခင်ပွန်းရွာက
အသိမိတ်ဆွေတွေ.ပါ...
ရွာကိုအလည်အပတ်ခေါ်လာတာပါဘုရား”
“အင်း...အင်း...အင်း... ဒကာမကြီးတို့လိုတာရှိရင်ပြောပါ...
ဟဲ့ကျောင်းသား...သွား...ကြောင်အိမ်ထဲက
ငှက်ပျောသီးနှင့်မုန့်ကြော်တွေသွားယူချေ........”
ဆရာတော်သည်ဘွားမယ်စိန်တို့ကိုပြောရင်း
ဘုန်းကြီးကျောင်းသားလေးကိုခိုင်းလိုက်၏။
ပြီးနောက်...
“ဟောသည်ကဒကာလေးက ညကရွာပြင်မှာသတိလစ်နေတဲ့သူပေါ့...
အခုမှသူသတိလေးဝင်လာလို့မေးသင့်တာမေးမလို့အစပျိုးနေကြတာ...ကဲ... ဒကာ... ဒကာလေးဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ဘုန်းဘုန်းတို့ကိုအမှန်တိုင်းပြောစမ်း...
ဒါမှဒကာလေးကိုကူညီသင့်သလား
မသင့်သလားဘုန်းဘုန်းတို့စဉ်းစားရမှာ”
လူငယ်လေးသည် မောင်တိုးထက်ပင် ငယ်သေးသည်။
သူ၏လက်အုပ်လေးကိုချီ၍...
“တင်ပါ့ဘုရား...တပည့်တော်အမှန်တိုင်းလျှောက်တင်ပါ့မယ်
တပည့်တော်မှာမိဘနှစ်ပါးရှိပါတယ်ဘုရား...
တပည့်တော်မိဘများက ကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်...
တစ်ရွာဝင်တစ်ရွာထွက် နယ်လှည့်စျေးရောင်းသူတွေပါဘုရား...
တပည့်တော် အဖေနာမည်ကဦးတိုးပါ အမေနာမည်ကတော့
ဒေါ်နုလို့ခေါ်ပါတယ်ဘုရား.................”
ဦးတိုးနှင့်ဒေါ်နုတို့လင်မယားသည် ရွာစဉ်လှည့်၍
ကုန်ရောင်းကုန်ဝယ်ပြုလုပ်ကြသူများဖြစ်၏။
သားဖြစ်သူမောင်မိုးလေးကို လက်ကဆွဲ၍
ရွာစဉ်လိုက်၍အထည်များရောင်းချကြသည်။
ထိုသို့ရောင်းဝယ်လာရင်း
မောင်မိုးလေးပင်အရွယ်ရောက်လာခဲ့လေသည်။
မောင်မိုးလေးသည် မိခင်၊ဖခင်တို့နှင့်အတူလိုက်ပါ၍
ကူညီရှာသည်။
“အဘ...ဒီတစ်ခေါက်အထည်တွေကများလှပါလားဗျ”
“များဆို...အခါရက်ကလည်းနီးပြီလေငါ့သားရဲ့...
အသစ်အဆန်းဆိုဝယ်ချင်သူကအများသားဆိုတော့
ဒီတစ်ခေါက်ပိုထည့်လာတာ”
ဦးတိုးတို့မိသားစုသည် ယခုအခေါက်ရွာစဉ်လှည့်၍ အထည်ရောင်းကြရာ ထင်သလောက်မရောင်းရခဲ့။
တစ်ရွာဝင်တစ်ရွာထွက်အားမလျော့ဘဲ သွားလာကြရာ
နောက်ဆုံးသွားလာနေကြမဟုတ်သော အရပ်တစ်ခုသို့ရောက်လာခဲ့ကြသည်။
“အဘနဲ့အမေ...ကျုပ်တို့ရွာတွေ့ပါဦးမလားဗျ”
“ငါ့သားရယ် အစောကရွာမှာ မေးလာတာပဲ
ဒီအနီးအနားမှာရွာကြီးတစ်ရွာရှိတယ်လို့အသေအချာပြောလိုက်တာအဖေကြားပါတယ်ကွာ”
“ဟုတ်မှလည်းလုပ်တော်...မိုးကလည်း ချုပ်တော့မယ်...
ရွာကအခုထက်ထိရှာမရဘူး...
မဟုတ်ရင်ကျုပ်တို့တောထဲအိပ်ရကိန်းနော် ကိုတိုးကြီး”
“အေးပါ မိန်းမရယ်...လာကွာ...မင်းတို့သားအမိသာ
ခပ်သွက်သွက်လာကြ”
လမ်းညွှန်လိုက်သောရွာဆီသို့မရောက်ဘဲ ဦးတိုးတို့
မိသားစုမှာ တောထဲ၌ တဝဲလည်လည်ဖြစ်နေကြသည်။
အချိန်သည်လည်းအတော်ညနက်လာသည်မို့
ညောင်ပင်ကြီးတစ်ပင်ကိုအတွေ့ ထိုညောင်ပင်အောက်၌သာ
အမောဖြေထိုင်ကြရရှာသည်။
မှောင်ကာမည်းမည်းတောအတွင်း၌
ခြင်ကကိုက်ဖြုတ်ကကိုက်ဖြင့် ဦးတိုးတို့မှာ
ဝမ်းကတကျုတ်ကျုတ်ကိုပင် သတိမမူအား
ရွာတွေ့ဖို့အရေးသာစိတ်လောနေကြရသည်။
“အဖေ...ပတ်ဝန်းကျင်ကအတော်မှောင်နေပြီဗျ...
ဒီလိုမှန်းသိအစောတုန်းကရွာမှာရှိတဲ့
ဘုန်းကြီးကျောင်းမှာပဲတည်းပါတယ်ဗျာ”
“ဟုတ်ပါ့ငါ့သားရယ်...”
ဒေါ်နုနဲ့မောင်မိုးလေးတို့သားအမိက အတိုင်အဖောက်ညီညီပြောနေကြသည်။
ဦးတိုးမှာတော့ တဘက်ဖြင့်သူ၏မျက်နှာအထက်မှာရှိသော
ချွေးများကို သုတ်ဖယ်၍ ဘေးဘီကိုကြည့်နေခဲ့၏။
ထိုစဉ်မြင်လိုက်ရသောမီးရောင်တလက်လက်တို့ကြောင့်...
“ဟာ...ဟိုမှာ...ရွာတွေ့ပြီ”
“ဟင်...”
“ဟာ...”
ဦးတိုးညွှန်ပြသောနေရာကိုကြည့်ရင်းဒေါ်နုနှင့်မောင်မိုးလေးတို့
ဝမ်းသာသွားကြသည်။
“ကဲ...ကဲ...မောင်ကဲကဲနဲ့ဒေါ်ဒေါ်နုရေ...ရွာမတွေ့လို့ငါ့ကိုပဲ
အပြစ်တင်နေလိုက်ကြ...အခုရွာတွေ့ပြီဆိုတော့
ဟင်း...ဟင်း...ဟင်း...........”
“ဟုတ်ပါတယ်အဖေရာ...ကျုပ်တို့မှားတာပါ...
ကဲသွားကြစို့...အချိန်ကလည်းအတော်နောက်ကျနေပြီ”
မောင်မိုးလေးသည်အထုတ်များကိုဝိုင်းကူသယ်ပေးရင်း
မီးရောင်တဝင်းဝင်းရွာလေးဆီသို့ရောက်လာခဲ့ကြသည်။
မီးများလင်းထိန်နေသော ရွာလေး၏လမ်းမအထက်၌
ကလေးများကအော်ဟစ်ဆော့ကစားနေပြီး
လူကြီးများမှာလည်း သူ့အလုပ်ဖြင့်သူရှုပ်နေကြ၏။
ဦးတိုးတို့လည်းရွာထဲဝင်လာကြပြီး
အိမ်ရှေ့၌ဆန်ပြာနေသော ရွာသူတစ်ယောက်ကို...
“ဒီကညီမကြီးရေ...အစ်ကိုတို့ကို
ဒီရွာရဲ့သူကြီးအိမ်ကိုညွှန်ပေးလို့ရမလား”
“အစ်ကိုကြီးတို့ကဧည့်သည်တွေလား”
“ဟုတ်ပါတယ်ညီမ...အစ်ကိုတို့ကအထည်ရောင်းတဲ့
အထည်သည်တွေပါ...”
“သြော်...သြော်...သြော်...ဒါဆိုရင်ဒီရွာလမ်းတည့်တည်အတိုင်းဝင်သွား...အကြီးဆုံးအိမ်က ကျုပ်တို့ရွာရဲ့
အကြီးအကဲအိမ်ပဲတော့်”
“ကျေးဇူးပါညီမ”
“ကျေးဇူးနော်”
ဦးတိုးတင်မက ဒေါ်နုကပါကျေးဇူးတင်စကားပြောလိုက်သည်။
ထိုနေရာမှထွက်ခွာလာအပြီးမောင်မိုးလေးသည်...
“အမေ...စောစောမိန်းမကြီးကတမျိုးပဲဗျ”
“ဘာဖြစ်လို့လဲငါ့သားရဲ့”
“ဘာဖြစ်ရမှာလည်း သားတို့သူနဲ့စကားပြောပြီး
ထွက်လာတော့သားနောက်ကိုလှည့်ကြည့်မိလိုက်သေးတယ်...
အဲ့မှာသူက သားတို့ကိုပြုံးပြုံးကြီး
ကြည့်နေတာကိုမြင်လိုက်ရတယ်”
“အင်း...ငါ့သားပြောသလိုဆိုသတိထားစရာပဲ”
“ဟိုသားအမိဘာတွေစကားများနေကြတာလဲ...
လာကြ...ဟိုမှာ သူကြီးအိမ်ကိုတွေ့ပြီ...”
ဦးတိုးသည် ပျဉ်ထောင်နှစ်ထပ်ဖြင့်တည်ဆောက်ထားသော
အိမ်မည်းကြီးတစ်လုံးကိုညွှန်၍ပြောလိုက်၏။
အနီးအနားအိမ်များထက်ကြီးသော ထိုအိမ်ကြီးမှာ
အစောကရွာသူပြောလိုက်သည့် သူကြီးအိမ်ဆိုတာမမှားပေ။
“ဗျို့...အိမ်ရှင်တို့...အိမ်ရှင်တို့ရှိလားခင်ဗျ”
ဟု... ဦးတိုးသည်မီးများထွန်းထားသော
အိမ်အတွင်းကိုကြည့်၍အော်ခေါ်လိုက်သည်။
ဦးတိုးအော်ဟစ်၍ခေါ်အပြီး၌ မိန်းမကြီးတစ်ဦးသည်
ဒေါကြီးမောကြီးဟန်ဖြင့် အိမ်အတွင်းမှထွက်လာပြီး
ခါးကြီးကိုထောက်၍ ကြည့်လေသည်။
“ဘာတုန်း...ဘာကိစ္စရှိလို့ရောက်လာကြတာလဲ”
“ဟို...ဟို...ဒါက ဒီရွာရဲ့သူကြီးအိမ်လားခင်ဗျ...
ကျုပ်တို့ကကုန်သည်တွေပါ...ဒီရွာကိုလာရင်း
လမ်းမှာအတော်ကြာသွားလို့
အခုလိုမိုးချုပ်မှရောက်လာကြတာကိုစိတ်မရှိပါနဲ့ခင်ဗျ”
“အင်း...အဲ့ဒီတော့.......”
မိန်းမကြီး၏အကြည့်ကို
ဦးတိုးတို့အားလုံးကြောက်ရွံ့မိကြသော်လည်း စိတ်ကိုတင်း၍...
“ဟိုလေ... အဲ့တာ ဒီရွာမှာဒီညတည်းခိုချင်လို့
သူကြီးဆီကိုလာခွင့်တောင်းတာပါ...
သူကြီးကောရှိလားခင်ဗျ”
“ဟဲ့...ဒီရွာကိုအုပ်ချုပ်နေတဲ့သူကငါပဲ........”
“ခင်ဗျာ...”
“အေး...နင်တို့တည်းချင်ရင်တည်းလို့ရတယ်...
လာ...အနောက်ကလိုက်ခဲ့ကြ”
မိန်းမကြီးစကားကြောင့်ဦးတိုးတို့အံ့သြသွားကြသည်။
သို့သော်သူခေါ်ရာနောက်သို့အထုပ်လေးများကိုဆွဲရင်း
လိုက်ပါသွားကြတော့၏။
အိမ်အပေါ်ထပ်၌ ဦးတိုးတို့ကိုနေရာပေးလေတော့...
“ကျုပ်တို့ကိုအခုလိုတည်းခိုခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မကြီးရယ်...နောက်ပြီးတော့
ကျုပ်တို့က မနက်ဖြန်ရွာထဲအထည်လိုက်ရောင်းပြီးတာနဲ့
ပြန်ကြမှာပါ “
“ရပါတယ်...နေကြပါ...သြော်
ဒါနဲ့ညစာကောစားပြီးကြပြီလား”
မိန်းမကြီးကမေးတော့ ဦးတိုးတို့လင်မယားမှာပြိုင်တူခေါင်းခါလိုက်ကြသည်။
“ကောင်းပြီ...ဒါဆိုရင်ခဏတော့စောင့်...ထမင်းပွဲပြင်ပေးမယ်”
“အား...အားနာစရာဗျာ”
ဦးတိုးကအားနာ၍ပြောလိုက်သော်လည်း
မိန်းမကြီးမှာအိမ်အောက်ထပ်ဆီသို့ဆင်းသွားတော့သည်။
“အဖေနဲ့အမေ...သူကျွေးတာတွေကောစားကြဦးမလို့လား...
ဒီမိန်းမကြီးကြည့်ရတာကျုပ်တို့ သူ့အိမ်ကိုလာတည်းတာ
မကြိုက်တဲ့ပုံကြီးဗျ”
“ငါ့သားကလည်းကွာ...အဖေတို့ကသူစိမ်းတွေလေ...
ဒါကြောင့်ဘယ်သူယုံမှာလဲ...အိမ်မှာတည်းခွင့်ပေးတာတင်
ကျေးဇူးတင်လှပါပြီကွာ”
ခဏမျှကြာလေတော့ ထမင်းစားဖို့ရန်လာခေါ်သည်။
အငွေ့တထောင်းထောင်းဖြင့် ပြင်ဆင်ပေးထားသော
ထမင်းဝိုင်းကိုကြည့်ရင်း ဦးတိုးတို့လင်မယားမှာ
အလွန်သဘောတွေ့နေကြသည်။
မောင်မိုးလေးကတော့သူတို့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေသော
မိန်းမကြီးကိုကြည့်ရင်းစားရမှာကိုပင် ထိတ်လန့်နေမိ၏။
“ကဲ...စားကြ...”
“အစ်မကြီးလည်းအတူတူဝင်စားပါလားရှင်”
“ရတယ်...ငါကစားပြီးသွားပြီ...
အဲ့တာညည်းတို့အတွက်ချက်ပေးထားတာ”
ထိုသို့ပြောလေတော့
ဦးတိုးတို့လည်းအားမနာတမ်းစားသောက်ကြတော့သည်။
“သား...စားလေကွာ”
“တော်ပြီအဖေ...ကျုပ်အစောက
ထန်းလျက်တွေစားထားလို့ထမင်းမစားချင်သေးဘူး”
မောင်မိုးလေးသည်မိဘနှစ်ပါးစားသောက်နေကြသည်ကိုသာ
ထိုင်ကြည့်နေရှာသည်။
ထမင်းစားပြီး၍ အိပ်ရာဝင်ကြတော့...
“အဖေ...ကျုပ်ဘုရားရှိခိုးမလို့...ဒီအိမ်မှာဘုရားစင်လည်း
ကျုပ်မတွေ့မိဘူးဗျ...ဒီမိန်းမကြီးက
ဗုဒ္ဓဘာသာကောဟုတ်ရဲ့လား”
“တစ်ညတစ်လေတော့ဒီတိုင်းပဲရှိခိုးလိုက်ပါငါ့သားရာနော်...
အဖေတို့လည်းခရီးပန်းတော့အိပ်ချင်ပြီကွ”
ဟု...ပြောရင်းဦးတိုးတစ်ယောက်အိပ်ပျော်သွားခဲ့သည်။
မိဘနှစ်ပါးလုံးအိပ်မောကျနေပြီမို့
မောင်မိုးလေးလည်းဘုရားစာကိုစိတ်အတွင်းမှရွတ်ဆို၍
ဦးချကန်တော့လိုက်သည်။
ထိုသို့ပြုလုပ်နေစဉ်အိမ်ကြီးသည်တစ်ချက်လှုပ်ရမ်းခါသွား၏။
“ဟာ.......”
မောင်မိုးလေးအထိတ်တလန့်အော်လိုက်မိပြီး
မိဘတွေကိုကြည့်တော့
မည်သည်ကိုမှမသိလိုက်သည့်အလားအိပ်မောကျနေကြ၏။
“ဘုရား...ဘုရား...ဘုရား...ကောင်းတာတွေပဲဖြစ်ပါစေဗျာ”
ဟု...မောင်မိုးလေးရေရွတ်လိုက်ပြီးနောက်
ဖခင်၏ဘေး၌ဝင်အိပ်လိုက်သည်။
မှေးရင်းမှေးရင်းမှအိပ်ပျော်ခြင်းဆီသို့ရောက်သွားတော့သည်။
မည်မျှကြာအောင်အိပ်မောကျနေသည်မသိ
သူ၏ဘေး၌ ဝူးဝူးဝါးဝါးအသံများကိုကြားလိုက်လေမှ
မောင်မိုးလေးအလန့်တကြားနိုးလာခဲ့ရှာသည်။
နိုးနိုးခြင်းမြင်လိုက်ရသောမြင်ကွင်းမှာ...
“ဟာ...............အဖေ..............အမေ..........”
သွေးများရွဲရွဲစိုနေသောအခန်းကြီးထဲတွင် မည်းမည်းအရိပ်ကြီးများအပြင်ဆံပင်စုပ်ဖွားဖြင့်မိန်းကြီး။
ထိုမိန်းမကြီး၏လက်သည်းများသည်ကရှည်လျားလွန်းပြီး
ထိုလက်သည်းများမှာလည်းသွေးများစိုရွဲနေခဲ့သည်။
သူ၏လက်တစ်ဖက်၌ အူများအခွေလိုက်ကိုင်ထားပြီး
မောင်မိုးလေးကိုပြုံးပြုံးကြီးကြည့်နေ၏။
မိန်းမကြီးမှာအခြားသူမဟုတ် မောင်မိုးလေးတို့တည်းခိုသော
အိမ်မှအိမ်ရှင်မိန်းမကြီးပင်။
မျက်လုံးများအပြူးသားဖြင့် ရုပ်ပျက်စွာသေဆုံးနေသော
မိဘများ၏အလောင်းများ။
ဒါတင်မကသေး သူ၏နံဘေး၌အရိပ်မည်းမည်းကြီးများအပြင်
ကြောက်စရာကောင်းလှသော မိန်းမကြီးကို
မောင်မိုးလေးကြည့်ရင်း...
“အား...ခင်ဗျား...ခင်ဗျား....
ကျုပ်မိဘတွေကိုဘာလုပ်လိုက်တာလဲ”
“ဟား....ဟား...ဟား..
ဟား...ဟား..ဟား...
မဖိတ်ပဲလာတဲ့ဧည့်သည်တွေဆီက
အောင်သေအောင်သားလေးစားမလို့လေ...
ဟဲ...ဟဲ.....နောက်ပြီးရင်တော့
နင့်အလှည့်ပဲကောင်လေးရေ.....”
“ဟား....အဖေ...အမေ....
အီး...ဟီး.....ဟီး......”
မောင်မိုးလေးလည်းမိဘနှစ်ပါးအဖြစ်ကိုကြည့်ရင်း
ချုံးပွဲချငိုကြွေးတော့သည်။
ပြီးနောက်သတိဝင်လာခဲ့ပြီးသူ့အား သတိမထားမိကြခင်
ထိုရွာမှာထွက်ပြေးလာခဲ့လေသည်။
“ဒီလိုဆိုရင် ဒကာလေးက ထွက်ပြေးလာလို့သာ
လွှတ်သွားခဲ့တာပေါ့”.
“တင်ပါ့ဘုရား”
“သြော်...သြော်...သြော်...
တော်တော်ကြောက်ဖို့ကောင်းတာပါလား...
ဘဝဆိုးရောက်နေတာတောင်အပြစ်တွေဆက်ပြီး
ကျုးလွန်နေကြတာပဲကွယ်....”
“မှန်ပါ့ဘုရား...ဒီက မောင်ရင်လေးသာထွက်မပြေးခဲ့ရင်
အခုလိုကိစ္စတပည့်တော်တို့တောင်သိကြ၊ ကြားကြရမှာတောင်
မဟုတ်ဘူးဘုရား”
မောင်မိုးလေးပြောပြသော သူ၏အဖြစ်ပျက်ကြောင့်
အားလုံးကသနားကုန်သွားကြသည်။
ဘွားမယ်စိန်ကတော့အဖြစ်အပျက်ကိုနားထောင်အပြီး
စဉ်းစားနေပုံရသည်။
ခဏကြာမှသာစကားဝိုင်းသို့ဝင်၍...
“ဒီအနီးအနားမှာအဲ့သည်လိုအသားစားကျတ်တစ္ဆေတွေနေတဲ့နေရာရှိနေတာလားမိပြုံးရဲ့...”
“အဲ့သည်လိုရှိတယ်ထင်တယ်အစ်မ...
ကျုပ်တို့ငယ်ငယ်က ရွာကဒီနေရာမှာမဟုတ်ဘူးလေ...
အခုရွာနဲ့ခပ်လှမ်းလှမ်းမှာ
ရွာဟောင်းရှိသေးတယ်တော့်...
ရွာဟောင်းက အခုချိန်တော့လူသွားလူလာနည်းပြီး
တောလိုဖြစ်နေပါပြီအစ်မရဲ့...”
“အဲ့သည်ရွာကနေ အခုနေရာကို
ဘာကြောင့်ပြောင်းလာခဲ့ကြရတာလဲ...
ဘာအကြောင်းများရှိလို့လဲအေ့”
ဘွားမယ်စိန်နှင့်ဒေါ်ပြုံးကြီးတို့၏စကားဝိုင်းမှာ
အားလုံးကငြိမ်သက်၍နားထောင်နေကြသည်။
ဆရာတော်ဘုရားကလည်းအသာနားထောင်နေခဲ့၏။
“ဒီလိုအစ်မရဲ့...ကျုပ်မိဘများပြောတာကတော့
အဲ့သည်ရွာဟောင်းမှာတုန်းကဆို
ရောဂါဘယတွေထူပြောပြီးလူတွေသေကြတာများတယ်တဲ့...
ကျောင်းထိုင်ဆရာတော်ကနေရာမကောင်းဘူးအခြားနေရာပြောင်းရမယ်ဆိုလို့ တစ်ရွာလုံးပြောင်းခဲ့ကြရတာတဲ့လေ...
အဲ့သည်ရွာဟောင်းမှာတော့သေခဲ့ကြတဲ့
သူတွေမနည်းမနောဆိုပဲ...”
“ဟုတ်တယ်တကာမကြီးရဲ့ဘုန်းဘုန်းတို့ရွာဟောင်းက
မြေနေရာကမသန့်ဘူးလို့ပြောကြတယ်...
ရွာခိုက်လို့လူတွေသေကျေတာမနည်းမနောပဲ...
အခုချိန်ကျ တော်ယုံလူဆိုအဲ့သည်တောထဲမသွားဝံ့ကြဘူး...
ဒီ ဒကာလေးတို့မိသားစုကိုလည်း
ဘယ်လူနောက်ပြောင်ပြောလွှတ်လိုက်သလဲမသိပါဘူးလေ...
လူတွေကလည်းဒုက္ခ...ဒုက္ခ.........”
“ကျုပ်ကတော့အဲ့သည်ရွာဟောင်းမကလို့ဘာပဲဖြစ်ဖြစ်ဗျာ...
ကျုပ်ကိုမိမရှိ...ဖမရှိဘဝမျိုး
ရောက်အောင်လုပ်ခဲ့တာကိုမကျေနပ်ဘူး...
ဒင်းတို့နေတဲ့အရပ်ကိုမီးနဲ့ရှို့ပစ်ချင်တယ်...”
“ဒကာလေး...စိတ်ကိုလျော့ပါကွယ်...
ဖြစ်လာမှတော့ဘာမှမတတ်နိုင်ဘူးလေ...”
“ဘုန်းဘုန်းကဗုဒ္ဓဘုရားနဲ့စာပေတွေနဲ့အသိညဏ်ပွားနိုင်ပေမယ့်
တပည့်တော်ကပုထုဇဉ်လူသားမို့တရားနဲ့လည်း
မဖြေနိုင်ပါဘူးဘုရား”
“ကဲပါမောင်ရင်လေးရယ်...ဟောသည်က
အရီးရဲ့ဧည့်သည် အစ်မကြီးကလေ အရမ်းအစွမ်းထက်တာ
သူက သရဲတွေတစ္ဆေတွေရှင်းလင်းတဲ့နေရာမှာ
အတော်နာမည်ကြီးတဲ့သူကွဲ့...”
“ဗျာ......ဒီကဘွားက အထက်လမ်းဆရာမကြီးပေါ့လေ”
“အဲ့သည်လိုပဲပြောရမှာပဲမောင်ရင်လေးရဲ့...”
ဒေါ်ပြုံးကြီးသည် မောင်မိုးလေးစိတ်သက်သာစေရန်အတွက်
ဘွားမယ်စိန်နှင့်မိတ်ဆက်ပေးလေသည်။
ဆရာတော်ဘုရားနှင့်ရွာသူကြီးတို့မှာလည်း
မောင်မိုးလေးကိုသာကြည့်နေခဲ့ကြ၏။
“ကဲ...ဒီလိုဆိုရင် မိပြုံးရေ...”
“ဘုရား”
“ ဒီ ဒကာလေးကို အိမ်ကိုခေါ်သွားချေ...
ဒကာလေးကို ဘုန်းဘုန်းရဲ့မွေးစားသားအဖြစ်
မွေးစားလိုက်ပြီမို့
ဘာမှလိုတာမရှိစေနဲ့ ကြားသလားဟဲ့”
“တင်ပါ့ဘုရား..ဆရာတော့်ရဲ့သဘောအတိုင်းပါပဲ
ဘုရား”
“အေး...အေး... ဒကာလေး...ဒီက ဒကာမကြီးနဲ့လိုက်သွား...
ဘာမှစိတ်မကောင်းမဖြစ်နဲ့ကွယ်
အချိန်ကကုစားပေးပါလိမ့်မယ်”
“တင်ပါ့ဘုရား”
ထိုသို့ဖြင့်မောင်မိုးလေးကိုဆရာတော်က
သားအဖြစ်မွေးစားလိုက်လေသည်။
ဒေါ်ပြုံးကြီးကလည်းကြည်ဖြူစွာပင်
အိမ်သို့ခေါ်သွားတော့၏။
ဒေါ်ပြုံးကြီး၏အိမ်သို့ရောက်တော့ မောင်မိုးလေးနဲ့မောင်တိုးတို့မှာအတော် ခင်မင်သွားကြ သည်။
မောင်တိုးကလည်းဘွားမယ်စိန်နှင့်သွားလာခဲ့ရသော
ခရီးများအကြောင်းကိုပြောပြလေတော့
မောင်မိုးလေးမှာအတော်ပင်စိတ်ဝင်စားဟန်ရှိ၏။
မောင်တိုးမပြောပြသောအခါများ၌ အတင်းမေး၍
ပြောခိုင်းလေသည်။
မောင်တိုးခမျာလည်းမောင်မိုးလေးကိုသနားသောကြောင့်
စိတ်ပြေရာပြေကြောင်းပြောပြရှာသည်။
“ဒါဆိုရင်ဘွားက ဟိုကျုပ်မိဘများကိုသတ်ခဲ့တဲ့
ဟိုကျတ်သရဲတွေကိုရှင်းပစ်နိုင်တယ်ပေါ့နော်...
ကျုပ်ပြောတာဟုတ်တယ်မလားကိုကြီးတိုး”
“ဒါပေါ့ကွာ...”
“ဟား...ဒါဆိုရင်ကျုပ်တို့သွားကြရအောင်လေဗျာ...
ဘွား...ဘွားလိုက်မယ်မဟုတ်လားဟင်”
မောင်တိုးကိုမေးနေရင်းမှ ဘွားမယ်စိန်ကို မျှော်လင့်တကြီးဟန်ပန်လေးဖြင့် မောင်မိုးလေးသည်မေးရှာသည်။
“အချိန်အခါကိုကြည့်ရ ဦးမှာပေါ့မောင်ရင်လေးရယ်
စိတ်တွေမစောပါနဲ့ ဦး”
“ဟင်း.....”
ဘွားမယ်စိန်စကားကြောင့်မောင်မိုးလေးသည် သက်ပြင်းကို
ခပ်လေးလေးချလိုက်၏။
ထို့နောက်ပိုင်း နေ့ခင်းဆိုလျှင်မောင်မိုးလေးကို ရှာမတွေ့၍
မောင်တိုးခမျာရွာအနှံ့လိုက်ရှာရ၏။
နောက်ဆုံးတော့ တောထဲရှိ ရွာပျက်ဆီသို့အဖော်များခေါ်၍
သွားရှာလေမှ အံ့တကြိတ်ကြိတ်ဖြင့် ပျက်စီးအိုမင်းပြီး
ခြုံနွယ်များထူထပ်နေသော ရွာပျက်ကြီးကို အဝေးသစ်ပင်အောက်မှစိုက်ကြည့်နေသော မောင်မိုးလေးကိုတွေ့ကြရသည်။
ထိုအခါ...
မောင်တိုးတို့လည်းချော့ကာမော့ကာဖြင့်မောင်မိုးလေးကို
အိမ်ပြန်ခေါ်လာခဲ့ကြရရှာသည်။
“ဘွား.......”
“ဟေ...”
မောင်မိုးလေးအနီးတွင်မရှိခိုက်မောင်တိုးက
ဘွားမယ်စိန်ကိုခေါ်လိုက်သည်။
“မောင်မိုးလေးကလေ သူ့မိဘတွေအတွက်
အတော်အခဲမကျေနေတာဘွားရဲ့”
“အေးလေ...ဒါမျိုးဆိုတာမောင်ရင်ကြုံခဲ့ရင်လည်း
သူ့လိုစိတ်မျိုးဖြစ်နေမှာပဲကွဲ့...”
“ဟုတ်ပါတယ်ဘွားရယ်...အဲ့တာကြောင့်ဒီကောင်လေးဆန္ဒအတိုင်းကျုပ်တို့လူသားစားတဲ့ကျတ်တွေကို
ရှင်းပစ်ကြရအောင်လားဗျ””
မောင်တိုးသည် မောင်မိုးလေးကိုသနားနေရှာသည်။
ဘွားမယ်စိန်ကလည်း...
“ဒီမယ်ကွဲ့...အဲ့သည်ကျတ်တွေဆိုတာကလေ...
သူတို့ကရောဂါဆိုးတွေဝင်ပြီး
ဘာမှန်းမသိညာမှန်းမသိသေခဲ့ကြရတော့
အတော်လေးရန်လိုစိတ်များနေကြတာ...
ဘွားကအချိန်ကိုဆွဲနေတာမဟုတ်ဘူးမောင်ရင်ရဲ့...
လာမယ့်လကွယ်ညမှာဒင်းတို့နေရာကိုသွားပြီး
ဘွားဖယ်ရှားပစ်မှာ...လကွယ်ညကိုရောက်မယ့်နေ့ကို
စောင့်နေတာပါကွယ်....”
“သြော်...အဲ့သည်လိုလားဘွား...ဒါဆိုရင်ကျုပ်ကျေနပ်ပါတယ်ဗျာ...ဒါကိုဟိုကောင်လေးသိရင်လည်းဝမ်းသာသွားရှာမှာ”
“သူ့ကိုတော့မပြောပါနဲ့ကွယ်...
ဘွားတို့သွားမယ့်အကြောင်းလည်းမပြောလေနဲ့...
ခေါ်သွားခဲ့ရင်လည်းသူကမိဘစိတ်နဲ့ထင်ရာလုပ်လိုက်လို့ရှိရင်
ထိခိုက်သွားနိုင်တာမို့...မပြောတာပဲကောင်းပါတယ်ကွယ်”
ဘွားမယ်စိန်စကားကြောင့်မောင်တိုးလည်း
ခပ်ဖြေးဖြေးခေါင်းညိတ်လိုက်ရှာသည်။
မောင်မိုးလေးကိစ္စကြောင့်ဘွားမယ်စိန်တို့မှာ
ဒေါ်ပြုံးကြီးတို့ရွာ၌ နေထိုင်ကြသည်မှာ
ရက်နှစ်ဆယ်နီးနီးရှိခဲ့လေသည်။
သောင်ထွန်းရွာကိုတော့လူကြုံဖြင့်
ပြန်မလာနိုင်သေးကြောင်းပြောထားရ၏။
မောင်မိုးလေးကတော့ ဘုန်းကြီးကျောင်းကိုသွား၍
ကျောင်းဝေယျာဝစ္စများကိုလုပ်ကိုင်ပေးနေသည်မို့
သူ့အတွက်စိတ်အေးနေကြရသည်။
မိုးသည် သည်းထန်စွာရွာသွန်းနေခဲ့၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ညနေမှောင်ရီပျိုးစဖြစ်သော်လည်း
မိုးကြောင့်အတော်မှောင်မိုက်နေခဲ့သည်။
ထိုသို့သည်းထန်စွာရွာသွန်းနေသော
မိုးရေစက်များကြား၌ လှုပ်ရှားသွားလာနေသော
လူရွယ်တစ် ဦး။
ထိုလူရွယ်သည် ဝါးခမောက်တစ်ခုကိုဆောင်း၍
မိုးရွာနေသည်ကိုပင်ဂရုစိုက်ပုံမရဘဲသူလိုရာအရပ်ဆီသို့
ခြေလှမ်းကိုခပ်မြန်မြန်သွားလာနေခဲ့သည်။
လမ်း၌ကာဆီးနေသောခြုံနွယ်များကိုလည်းသူ၏
လက်ထဲရှိ တုတ်ရှည်တစ်ချောင်းဖြင့်တွန်းကာ
ဖယ်ကာဖြင့် တောလမ်းလေးကိုကျင်လည်စွာသွားလာနေ၏။
ထိုသို့တောလမ်းလေးကိုကျော်လွန်သောအခါ
ရွာဟုထင်ရသော အိမ်ပြိုအိမ်ပျက်များဆီသို့ရောက်လာခဲ့သည်။
ထိုနေရာသို့ရောက်တော့ မိုးသည်တိတ်၍သွားပြီဖြစ်သော်လည်း
ပတ်ဝန်းကျင်မှာတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ထိုတိတ်ဆိတ်မှုသည်
အသည်းငယ်သူအဖို့ ခြောက်ခြားစရာပင်။
သို့သော် လူရွယ်မှာတော့တိတ်ဆိတ်နေသော
ရွာပျက်ကြီးကို ကြည့်၍ အနီးရှိသစ်ပင်အောက်၍
ထိုင်လိုက်သည်။
“တောက်...........”
ထိုင်နေရင်းမှတောက်တစ်ချက်ကို
နာနာကျဥ်ကျဥ်ဟန်ဖြင့်ခေါက်လိုက်သည်။
အချိန်အတော်ကြာအောင်သူသည် ထိုနေရာ၌ထိုင်နေခဲ့၏။
ညသန်းခေါင်အချိန်သို့ရောက်လာသောအခါ
ရွာသည် တဖြေးဖြေးအသွင်များပီပြင်လာကာ
မီးများလည်းထိန်ထိန်လင်းလာခဲ့တော့သည်။
ပြောင်းလဲလာသောအခြေအနေကြောင့်
ထိုလူရွယ်သည် သူ၏ချည်လွယ်အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အံကိုကြိတ်လိုက်၏။
မီးများလင်းထိန်လာသောရွာသည်
မိုးလင်းနေသည့်အတိုင်း လူများဟိုသည်
သွားလာလှုပ်ရှားနေကြသည်။
ကလေးများကအိမ်အပြင်ထွက်၍ဆော့ကစားနေကြသလို
လူကြီးများကလည်း ထမင်းချက်၊ရေခပ်ဖြင့်အလုပ်များလုပ်ကိုင်နေကြသည်။
လူရွယ်လည်း လင်းထိန်နေသော ရွာလမ်းအတိုင်း
သူ၏ချည်လွယ်အိတ်ကိုခပ်တင်းတင်းဆုပ်ကိုင်၍
ခြေလှမ်းကျဲကြီးဖြင့်လှမ်းလာခဲ့တော့၏။
ရွာလမ်းအတိုင်း သွားနေသောလူရွယ်ကို
ဆော့ကစားနေကြသောကလေးများ၊
အလုပ်လုပ်ကိုင်နေကြသော လူကြီးများမှာ
မျက်စိတဆုံးလိုက်ကြည့်နေကြသည်။
သူ့အားကြည့်နေကြသည်ကိုသိပါသော်လည်း
လူရွယ်သည် ခြေလှမ်းကိုမရပ်ဘဲ
ဆက်၍လှမ်းလာခဲ့သည်။
သူသွားလိုသော အိမ်တစ်အိမ်၏
အရှေ့သို့ရောက်လာ ချိန်မှာတော့ ...
“ဗျို့...အိမ်ကြီးရှင်...ထွက်ခဲ့စမ်းပါ...
ကျုပ်နဲ့ခင်ဗျားစာရင်းရှင်းစရာတွေရှိသေးတယ်လေ
အခုထွက်ခဲ့စမ်း”
ဟု...အသံကုန်အော်ခေါ်လိုက်သည်။
သူ၏အသံကြောင့်အိမ်အတွင်းမှ
မိန်းမကြီးတစ် ဦးထွက်လာခဲ့၏။
ထိုမိန်းမကြီးသည်ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း
လူရွယ်အားမဲ့ပြုံးတစ်ချက်ပြုံးကာကြည့်လေသည်။
မိန်းမကြီးသည်ထဘီမည်းကြီးကိုခပ်တိုတိုဝတ်ဆင်ထားပြီး
ရှုပ်ပွနေသောသူ့ခေါင်းအထက်၌ ဘီးချွန်တစ်ချောင်းကိုလည်း
ထိုးစိုက်၍ထားသည်။
မျက်နှာပြားပြားအရပ်ပုပုထိုမိန်းမကြီးကို
လူရွယ်သည်မကျေနပ်စိတ်များဖြင့်ကြည့်နေခဲ့သလို
မိန်းမကြီးကလည်းလူရွယ်ကိုသရော်သလိုပုံစံဖြင့်
ကြည့်နေခဲ့သည်။.
“ဟဲ့...အကောင် နင်ကငါ့ရွာကိုပြန်လာရဲသေးတယ်ပေါ့လေ”
“ဟောသည်မှာခင်ဗျားတင်မကဘူး
ခင်ဗျားတို့တစ်ရွာလုံးကိုပါ မျိုးဖြုတ်ပစ်နိုင်တဲ့
ပစ္စည်းတွေကျုပ်မှာရှိတယ်...အဲ့သည်တော့
ကျုပ်အဘနဲ့အမေအတွက် လက်စားချေဖို့အချိန်တန်ပြီ...”
“ဟား....ဟား..ဟား...ဟား...ဟား...
နင်ကလည်းအတော် မလွယ်တဲ့ အကောင်ပါလား...
ဘယ်သူ့ပစ္စည်းတွေခိုးလာပြီးငါ့ကိုမာန်လာဖီနေရတာလဲ...
ဟင်း...ဟင်း...စမ်းကြည့်လိုက်ဟဲ့..
ခင်သိုက်အကြောင်းသိသွားတာပေါ့”
ဟု...ပြောအပြီးဆေးလိပ်ကြီးကိုဖွာရှိုက်လိုက်သည်။
လူရွယ်သည် အခြားသူမဟုတ် မောင်မိုးလေးပင်ဖြစ်သည်။
ဘွားမယ်စိန်၏ချည်လွယ်အိတ်ကိုခိုးယူပြီးမိဘများအတွက်
လက်စားချေဖို့ရန်ရောက်လာခဲ့ခြင်းပင်။
ခင်သိုက်ဆိုသောမိန်းမကြီးသည်မျက်တောင့်နီကြီးဖြင့်
မောင်မိုးလေးကိုစိုက်ကြည့်နေသည်။
မောင်မိုးလေးကလည်း သူ၏ ချည်လွယ်အိတ်အတွင်းမှ
ပုလင်းလေးကိုထုတ်၍ ခင်သိုက်ဆီသို့ရွယ်ကာ
ပုလင်းလေးထဲမှအရည်များဖြင့်ဖြန်းပတ်လိုက်သောအခါ...
“ဟား....ဟား...ဟား....ဟား.........”
ခင်သိုက်သည်နေရာမှချက်ချင်းပျောက်ကွယ်သွားပြီး
မောင်မိုးလေး၏ကျောပေးထားသောနေရာသို့
ရောက်ရှိသွားခဲ့၏။
ခင်သိုက်၏ရယ်မောသံကြီးကြောင့်မောင်မိုးလေးသည်
သူ၏ကျောပေးထားသောဘက်သို့အလျင်အမြန်
မျက်နှာမူလိုက်ချိန်..
“အ.......”
“နင်ကများ........”
ခင်သိုက်သည် တဖြေးဖြေးလူကောင်ကြီး ကြီးလာခဲ့ပြီး
မောင်မိုးလေးကိုပင်အပေါ်စီးမှကြည့်ကာ မောင်မိုးလေး၏လည်ပင်းအား သူ၏ရှည်လျားသောလက်ကြီးဖြင့်
ဆွဲညှစ်လေသည်။
ခင်သိုက်၏ပုံစံမှာ အလွန်ကြောက်စရာကောင်း၏။
မောင်မိုးလေးခမျာ ခင်သိုက်ကြောင့်မြေပေါ်၌ပင်ခြေစုံမရပ်နိုင်တော့ဘဲ လေပေါ်၌ တအအ တအီအီဖြင့်
ခင်သိုက်လက်မှလွှတ်ဖို့ရန်ရုန်းကန်နေရရှာသည်။
ထို စဉ်….
“ဟာ...မောင်မိုးလေး...”
“ဟဲ့...ကောင်မ အခုလွှတ်လိုက်စမ်း”
နောက်ကျောဘက်ဆီမှရောက်ရှိလာသော မောင်တိုးသည်
မောင်မိုးလေးအတွက်အလွန်စိုးရိမ်သွားရှာသည်။
ဘွားမယ်စိန်သည်က တောင်ဝှေးကိုထောက်၍
ခင်သိုက်ကို လွှတ်ဖို့ရန်အမိန့်ပေးလိုက်လေသည်။
ခင်သိုက်ကလည်းဘွားမယ်စိန်တို့ကိုကြည့်၍ သူ၏ကျန်လက်တစ်ဖက်ဖြင့် ရိုက်ဖို့ရန်အရွယ် ဘွားမယ်စိန်သည်
သူ၏တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သောအခါ
ခင်သိုက်၏ကိုယ်ကြီးကို အားတစ်ခုကဝင်ဆောင့်လိုက်သည့်အလားအနောက်သို့လှန်ကာလှဲကျသွားပြီး
မောင်မိုးလေးသည်လည်းမြေပေါ်သို့ပြုတ်ကျသွားတော့၏။
“မောင်မိုးလေး......”
မောင်တိုးသည်ပြာပြာသလဲပြေးထူပြီး မောင်မိုးလေးကို
ဘွားမယ်စိန်၏အနောက်သို့တွဲကူ၍ခေါ်လာခဲ့သည်။
ဘွားမယ်စိန်ကလည်း မောင်တိုးနဲ့မောင်မိုးလေးကို
သူ၏တောင်ဝှေးဖြင့်စည်းဝိုင်းပေးကာ...
“စည်းဝိုင်းထဲကမထွက်ကြနဲ့.......”
ဟုပြောလိုက်သည်။
ထိုအချိန် ခင်သိုက်သည်လဲနေရာမှလူးလဲထသောအခါ
သူ၏ကြီးမားရှည်လျားသောကိုယ်ကြီးကိုဘွားမယ်စိန်မှာ
ခေါင်းကိုမော့ကာပင်ကြည့်ရ၏။
“ဟဲ့...ညည်းဒီလောက်နဲ့ရပ်တာအကောင်းဆုံးဖြစ်လိမ့်မယ်...
မဟုတ်ရင်တော့ နင့်ကိုငါကိုယ်တိုင်
ဖျက်စီးပစ်ရလိမ့်မယ်ဟဲ့.....”
“စမ်းကြည့်လိုက်လေ...
ခင်သိုက်ကဘယ်တော့မှအရှုံးမပေးဘူး”
“အေး...ခင်သိုက်...မနိုင်တာကိုသိသိနဲ့ ယှဉ်တဲ့
နင့်ကိုသဘောကျတယ်အေ...
ကောင်းပြီ..ညည်းကအာခံတော့လည်း မယ် စိန်ကလည်း အကြောင်းပြရသေးတာပေါ့ဟဲ့.........”
“အီး........”
ခင်သိုက်သည် အားကြီးနှင့်ကုန်းအော်ဟစ်လေတော့
ရွာပျက်ကြီးအတွင်းမှအမည်းရောင်အငွေ့များသည်
ခင်သိုက်ထံသို့စုပေါင်းဝင်ရောက်လာခဲ့၏။
ခင်သိုက်ထံသို့ ရွာ၏ရှိသမျှ
ကျတ်သရဲများဝင်ရောက်ပူးကပ်ခြင်းပင်ဖြစ်လေသည်။
ခင်သိုက်၏မျက်လုံးနီခြင်းနှင့်ကြီးမားရှည်လျားလှသော
ကိုယ်ကြီးမှာအလွန်ကြောက်စရာကောင်းသည်။
ဘွားမယ်စိန်ကလည်းတောင်ဝှေးကိုအလယ်ပိုင်းမှလက်ဖြင့်
ဆုပ်ကိုင်ထားပြီး ခင်သိုက်ကိုကြည့်နေခဲ့၏။
ထို စဉ်မှာပင် ခင်သိုက်သည် သူ၏ပါးစပ်ကြီးကိုဟ၍
လေများစုပ်ယူသယောင်ပြုပြီးနောက်....
“ဝေါ..........”
မည်းမည်းအငွေ့တန်းကြီးကိုဘွားမယ်စိန်ထံသို့
မှုတ်ထုတ်လိုက်သောအခါ ဘွားမယ်စိန်သည်သူ၏တောင်ဝှေးဖြင့် ပြန်လည်တွန်းကန်၍ ရင်ဆိုင်လိုက်၏။
တောင်ဝှေးဖြင့်ထိန်းထားရင်း နှုတ်မှဂါထာတစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီးနောက်..
“ငါမယ်စိန်ဟဲ့............”
ဟုအသံမာမာဖြင့်အော်လိုက်သောအခါ
ခင်သိုက်၏မည်းမည်းအငွေ့တန်းမှာအားပျော့သယောင်ဖြင့်
တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။
သူ၏အငွေ့တန်းပျောက်ကွယ်သွားတော့ ခင်သိုက်မှာခေါင်းကြီးကိုတရမ်းရမ်းဖြင့်ဒေါသထွက်သွားပုံရသည်။
ဘွားမယ်စိန်ကလည်း...
“ခင်သိုက်ရေ...နင့်အပေါင်းအပါတွေနဲ့ငရဲကိုသွားဖို့
အချိန်သင့်ပြီဟဲ့.............”
“ဒုန်း......”
“ဝုန်း......”
ဘွားမယ်စိန်သည်ခင်သိုက်ကိုကြည့်၍ပြောအပြီး၌
သူ၏တောင်ဝှေးကိုမြေပေါ်သို့အားကုန်ဆောင့်ချလိုက်ချိန်
ခင်သိုက်၏ကိုယ်ကြီးသည် ဝုန်းခနဲမီးများတောက်လောင်သွားခဲ့ပြီးနောက် တစ်စ တစ်စ ဖြင့်ပျောက်ကွယ်သွားခဲ့သည်။
အဖြစ်အပျက်တဆုံးငေးမောကြည့်နေကြသော
မောင်တိုးနဲ့မောင်မိုးလေးမှာဟိုငေးဒီငေးဖြင့် ခင်သိုက်ကိုလိုက်လံရှာဖွေကြသည်။
ဘွားမယ်စိန်ကတော့နောက်ကြောင်း ကိုပြန်လှည့်လာခဲ့ပြီး...
“ကဲ...ဟိုကလေး...ဘာမပြောညာမပြောနဲ့
တဇွတ်ထိုးလုပ်ရတာသိပ်သဘောတွေ့နေတာလားဟမ်...
တော်သေးတာပေါ့ မောင်ရင်ပျောက်သွားတာအမြန်သိပေလို့
နို့မိုဆိုရင်တော့မောင်ရင်လည်းမောင့်ရင့်မိဘတွေနောက်
လိုက်သွားရလိမ့်မယ်...”
“ဟုတ်တယ်မောင်မိုးလေးရာ...
မင်းကအရမ်းတဇွတ်ထိုးဆန်တာပဲ...
မင်းအတွက်ဘွားကဒီကျတ်သရဲတွေရှင်းဖို့စီ စဉ်ထားပြီးသားပါကွာ...အခုတော့ မင်းကြောင့်သူတို့ကိုတရားမပြနိုင်တော့ဘဲ
ငရဲတန်းပို့လိုက်ရပြီကွ...”
“ကျုပ်...ကျုပ်မှားပါတယ်ဗျာ...
ဘွားတို့ကကျုပ်ကိုအချိန်ဆွဲနေတယ်ထင်လို့...
ဘွားရဲ့လွယ်အိတ်ကိုခိုးပြီးလာခဲမိတာပါ...
တော်သေးတာပေါ့ ဘွားတို့လိုက်လာလို့...မဟုတ်ရင်
ကျုပ်ဘဝကဒေါ်ခင်သိုက်လက်မှာသေရမယ့်ကိန်းပါဗျာ”
“ကဲပါကွာ...ဘယ်တတ်နိုင်မလဲ..အခုလည်းဘွားဖြေရှင်းလိုက်နိုင်ပြီပဲ...လာ...ထ...ထ...တို့တွေရွာထဲပြန်
ဝင်ကြတာပေါ့”
ဘွားမယ်စိန်နဲ့မောင်မိုးလေးတို့လည်းရွာသို့ပြန်လာကြတော့သည်။
အမှန်မှာကမောင်မိုးလေးသည်ဘွားမယ်စိန်အလှစ်၌
ချည်လွယ်အိတ်ကိုခိုး၍လာရောက်ခြင်းဖြစ်ပြီး
မောင်တိုးမှာမောင်မိုးလေးပျောက်နေသည်ကိုအသိမြန်၍
အလျင်လိုက်လာကြခြင်းဖြစ်၏။
ဒေါ်ပြုံးကြီးတို့မိသားစုမှာလည်းစိတ်ပူစွာဖြင့်
တစ်ညလုံးမအိပ်နိုင်ဘဲထိုင်စောင့်နေကြရှာသည်။
ဘွားမယ်စိန်တို့ပြန်ရောက်လာလေမှသာ
စိတ်ပူတာလျော့ပြီး ကျတ်သရဲမခင်သိုက်တို့အုပ်စုကိုရှင်းလင်းပစ်နိုင်ခဲ့ပြီဆိုတာသိ၍ဝမ်းသာသွားကြတော့သည်။
ခင်သိုက်တို့ကျတ်သရဲအုပ်စုကိုရှင်းလင်းပစ်ပြီးနောက်ရက်၍
ဆရာတော်ဘုရားကထိုရွာဟောင်းသို့သွား၍
ပရိတ်တရားများရွတ်ဆိုကာ ပရိတ်ရည်များဖြန်း၍
မြေသန့်ပေးလေသည်။
မောင်မိုးလေးမှာလည်းရန်ငြိုးများကျေ၍
ဘုန်းကြီးကျောင်း၌သာနေလေတော့သည်။
အားလုံးပြီး
နောက်တစ်ရက်မှာတော့ဘွားမယ်စိန်တို့သည် အားလုံးကို
နှုတ်ဆက်၍သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ယဥ်မင်း(ကန့်ဘလူ)