
ကိုယ့်ကိုလက်သီးနဲ့ထိုးသူကို ကိုယ်က လက်သီးနဲ့ပြန်ထိုးလိုက်ရတာ၊ ဓားနဲ့ခုတ်သူကိုဓားနဲ့ပြန်ခုတ်လိုက်ရတာက ရိုးရှင်းတဲ့ လက်တုန့်ပြန်မှု၊ လက်စားချေခြင်းလို့ ယူဆလို့ရသည်။ လောကမှာ အဲဒီလိုမျိုး ရိုးရိုးရှင်းရှင်းလက်တုန့်ပြန်လို့၊ လက်စားချေလို့မရတဲ့ အခြေအနေမျိုးတွေရှိသည်။ ဆိုရရင် နှလုံးသားရေးရာကိစ္စတွေမှာ လက်စားချေခြင်းဟာ သိမ်မွေ့လွန်းလှ၏။ ကိုယ့်ကိုထားခဲ့တဲ့သူကို ကိုယ်က ပြန်ထားခဲ့ပြီး လက်စားချေလို့မရဘူး။ ကိုယ်က ပြန်ထားခဲ့နိုင်ဖို့ ကိုယ်ဆီပြန်လာအောင်အရင်ပြန်လုပ်ရသေးသည်။ ကိုယ့်ကိုသစ္စာဖောက်သွားသူကို ကိုယ်ကပြန်ပြီး သစ္စာဖောက်လို့မရပြန်ဘူး။ ဆိုလိုချင်တာက နာကျင်မှုအတိုင်းအတာပမာဏခြင်းမတူညီတာကြောင့်ပါ။ ကိုယ်က စတင် သစ္စာဖောက်ခံလိုက်ရတဲ့ နာကျင်မှုနဲ့ ကိုယ်ကတဖန်သစ္စာပြန်ဖောက်တဲ့နာကျင်မှုမျိုးဟာ ဘယ်တော့မှ မတူညီပါဘူး။ သူ့ဘက်မှာက ..”ငါက အရင်ဖောက်မိတာပဲလေ” ဆိုတဲ့ ဖြေသာစရာတစ်ခုရှိနေတာကြောင့်ပါပဲ။
ဒါကြောင့် နှလုံးသားရေးရာကိစ္စတွေမှာ လက်စားချေခြင်းဟာ ထင်သလောက်မရိုးရှင်းဘူးလို့ ဆိုရခြင်းပဲဖြစ်သည်။ ဒါကြောင့် သဘောကျမိတဲ့ နှလုံးသားရေးရာနှင့်ပတ်သက်တဲ့ လက်စားချေတဲ့အကြောင်းအရာလေးတွေကို မျှဝေပေးချင်သည်။
ကောင်လေးတစ်ယောက်က ဆေးဆိုင်မှာ တစ်ပတ်တစ်ခါလောက် ကွန်ဒုံးသွားသွားဝယ်လေ့ရှိသည်။ ကြာလာတော့ သူ့သူငယ်ချင်းက မေးသည်။
“မင်းမှာ စော်လည်းမရှိဘဲနဲ့”
“အေး ..ဟုတ်တယ်လေ”
“ဒါဆို ဘာလို့မင်းက တစ်ပတတစ်ခါကွန်ဒုံးဝယ်နေတာတုန်း”
“အဲဒီဆေးဆိုင်က ကောင်မလေးက ..ငါ့ EX လေကွာ”
ဘယ်လောက်လှပလိုက်တဲ့ လက်စားချေမှုလဲ..။ သွေးမထွက်ဘူး၊ ရုန်းရင်းဆန်ခတ်မဖြစ်ဘူး။ ဒီနေရာမှာ ဗွီဒီယိုလေးက ဆုံးသွားသည်။ ဆက်တွေးရရင် … ဇာတ်လမ်းဆက်ရရင် ..
“ငါကွန်ဒုံးသွားဝယ်တိုင်း သူ့ရဲ့မျက်နှာကို အရသာခံပြီး ကြည့်ခဲ့တာကွ။ သူ့မျက်နှာမှာ စိတ်ရှုပ်မှုတွေ၊ အလိုမကျမှုတွေ၊ သဝန်တိုမှုတွေကို မြင်ရတယ်ကွ”
“သူက မင်းကိုမချစ်တော့ရင်တော့ သဝန်တိုမယ်မထင်ဘူးနော်”
“လူ့စိတ်က ဆန်းကျယ်တယ်ကွ။ သူ့အနေနဲ့ ငါ့ကို မချစ်တော့ဘူးဆိုရင်တောင် သူနဲ့ပတ်သက်ခဲ့ဖူးသူတစ်ယောက်က သူ့ရှေ့မှာ နောက်တယောက်နဲ့ ခဏခဏမြင်နေရရင် သဝန်တိုစိတ်က ဖြစ်ကိုဖြစ်လာတယ်ကွ”
“ဒါပေမဲ့ မင်းက ကွန်ဒုံးပဲသွားဝယ်တာလေ။ နောက်တစ်ယောက်နဲ့တွဲပြနေတာမှမဟုတ်တာ”
“ကွန်ဒုံးက ဘာလုပ်ဖို့လဲ”
“Sex ကိစ္စလုပ်ဖို့လေ”
“အေးလေ .. ငါကွန်ဒုံးသွားဝယ်တိုင်း သူ့စိတ်ထဲမှာ ငါဟာ အခြားတယောက်နဲ့ Sex ကိစ္စလုပ်နေမယ်လို့တွေးနေမှာပဲ။ အဲဒီအတွေးက သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေမှာ၊ ပင်ပန်းစေမှာ အသေချာပဲ”
နောက်တစ်ခုရှိသေးသည်။ ဒါကကျတော့ တစ်ဖက်သတ်အချစ်ကိစ္စ။
ကောင်လေးက ကောင်မလေးကို အမြဲတမ်းတဖက်သတ်ချစ်နေရသူဖြစ်သည်။ ကောင်မလေးလိုအပ်တိုင်းလည်း သူက အမြဲတမ်းဖြည့်ဆည်းဖို့ အဆင်သင့်။ ဝမ်းနည်းစရာကောင်းတာက ကောင်မလေးမှာက ရည်းစားရှိနေခြင်းပင်။ တစ်ရက်မှာတော့ .. ကောင်မလေးက ဖုန်းဆက်သည်။
“ရှင်ကျွန်မဆီလာခဲ့ပါလား”
“မင်းက အခုဘယ်မှာလဲ”
ကောင်မလေးက သူရှိတဲ့နေရာကို ပြောလိုက်တော့ .. မိုင် ၅၀လောက်ဝေးသည်။
“အခု ညတွင်းချင်းကြီးလား”
“အင်းဟုတ်တယ်”
ကောင်လေးက မိုင် ၅၀ လောက်အကွာအဝေးကို အပြေးသွားသည်။ အချိန်ကလည်း လင့် နေပြီ။ ကောင်လေးစိတ်ထဲမှာက ကောင်မလေးအနေနဲ့ သူ့ခံစားချက်တွေကို နားလည်လို့ အခုလို ချိန်းတာလို့ ယူဆမိသည်။ ဒီလိုနှင့် အိမ်အောက်ရောက်တော့ .. ကောင်လေးက ဖုန်းဆက်လိုက်သည်။ ကောင်မလေးက ..
“ဟင်နင်တကယ်ရောက်လာတာလား”
“အေးလေ ..”
“ငါက … ငါ့ကောင်လေးနဲ့ စိတ်ဆိုးပြီး သူမခံချင်စိတ်ဖြစ်အောင်လို့ နင့်ကို ဖုန်းဆက်ခေါ်လိုက်တာ”
“ဟာ ..”
ကောင်လေးခမျာတော်တော်ဝမ်းနည်းသွားပုံရသည်။ ပြီးနောက် .. လှည့်ပြန်လာဖို့စဉ်းစားလိုက်သည်။ ဒါပေမဲ့ သူ့ရဲ့ မာနတရားတွေ၊ တန်ဖိုးတွေကို နင်းချေခံလိုက်ရသလို ခံစားလိုက်ရ၏။ ဒီအတိုင်းလှည့်ပြန်လာတာထက် တစ်ခုခုတုံ့ပြန်ဖို့ ဆုံးဖြတ်ပြီး အိမ်ထဲကို ဝင်သွားသည်။ ကောင်မလေးရော၊ သူ့ကောင်လေးရော အိမ်ထဲမှာ ရှိနေသည်။
“ဒီမှာ .. “
“နင်ပြန်တော့လေ..”
“ပြန်တာက ပြန်မယ်။ ငါတစ်ခုကြိုသတိပေးထားမယ်နော် .. နင့်ဗိုက်ထဲက ကလေးကို လုံးဝအထိခိုက်မခံနဲ့။ ငါဒါပဲ ပြောချင်တယ်။”
“နင်ဘာတွေပြောနေတာလဲ”
“နင့်ဘာသာ ဘယ်သူနဲ့ပဲ ဘယ်လိုနေနေ ငါတို့ ကလေးကိုထိခိုက်ရင်တော့ နင့်ကိုငါ လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးနော်။ နင့်ကို အဲဒါသိစေချင်လို့”
ကောင်လေးက ပြောပြီးတာနှင့် ပြန်ထွက်လာခဲ့သည်။ အလွန်လှပသော ဂလဲ့စားဖြစ်သည်။ ညတွင်းချင်းတော့ ကိုယ်ဝန်ရှိမရှိ စစ်နိုင်မှာမဟုတ်သလို၊ ဒီည သူတို့ လွတ်လွတ်လပ်လပ်ပျော်ခွင့်ရမှာလည်း မဟုတ်တော့ပေ။
ဒါလေးကိုကြည့်မိတော့လည်း သဘောကျမိသည်။ ဒီလိုလက်စားချေချင်းမျိုးက ပိုပြီးထိရောက်တယ်လို့တောင် ယူဆလို့ရသည်။ နောက်တစ်ခုရှိသေးသည်။ အဲဒါက ကောင်မလေးဘက်က ဂလဲ့စားချေခြင်းပင်။
ကောင်လေးနှင့် ကောင်မလေးတို့က ပြတ်သွားပြီး သုံးလလောက်အကြာမှာ ကောင်လေးက နောက်တစ်ယောက်နှင့်တွဲနေသည်။ အဲဒါကို ကောင်မလေးက မြင်တော့ ဘေးမှာပါလာတဲ့ သူ့သူငယ်ချင်းကို အကူညီတောင်းသည်။ လောလောဆယ်ကောင်မလေးမှာ တွဲစရာကောင်လေးမရှိ။ အခုက ကုန်တိုက်ထဲမှာ ဆုံတွေ့နေကြပြီ။ အနိမ့်ဆုံးတော့ ရည်းစားဟောင်းကို မျက်နှာချင်းဆိုင်တွေ့ရင် နှုတ်ဆက်ရနိုင်သည်။ ပြီးတော့ ကောင်လေးက သူ့ရည်းစားအသစ်ကိူ မိတ်ဆက်ပေးရင် အောင့်သက်သက်နှင့် ပြုံးပြရဦးမည်။ ဒီအခြေအနေကို ကောင်မလေးအနေနဲ့ အကောင်းဆုံးတုန့်ပြန်ဖို့အတွက် သူ့သူငယ်ချင်းကို အကူအညီတောင်းခြင်း ဖြစ်သည်။ သူငယ်ချင်းကလည်း သူငယ်ချင်းကောင်းပီသသည်။ ပါလာတဲ့ အပေါ်အနွေးထည်အကျီကိုချွတ်လိုက်ပြီး ကောင်မလေးရဲ့ ဗိုက်အောက်ထဲထည့်လိုက်၏။ ဗိုက်က ဖောင်းဖောင်းလေးဖြစ်သွားသည်။ ပြီးတော့ ကောင်လေးနှင့် သွားတွေ့သည်။
“ဟဲ ..ဟဲ. ဒါငါ့ရည်းစားလေ”
“အင်း..”
ကောင်လေးက သူ့ရည်းစားအသစ်ဘက်လှည့်ပြီး ..
“ဒါက ကိုယ့်ရည်းစားဟောင်းလေ ..ပြတ်သွားတာမကြာသေးဘူး”
ကောင်မလေးက အလိုက်သင့်မပွင့်တပွင့်လေးပြုံးပြီး သူ့ခါးကိုသူလက်နှင့်ထောက်လိုက်ပြီး ..
“နင်တို့ အဆင်ပြေတယ်မလား…”
“ပြေပါတယ် …”
သူတို့နှစ်ယောက်စလုံးက ကောင်မလေးရဲ့ ဗိုက်ကို သတိထားမိကြသည်။
“ဒါက .. “
ဘေးက သူငယ်ချင်းက ဝင်ဖြေသည်။
“ကိုယ်ဝန်ရှိနေတာလေ”
“ဟင် .. ဘယ်လောက်ရပြီလဲ”
“လေးလလောက်တော့ရှိပြီ..”
ကောင်လေး စိတ်ထဲမှာရက်တွေကို တွက်နေသည်။ ဘေးနားကသူ့ရည်းစားအသစ် ကောင်မလေးကလည်း နည်းနည်းရိပ်မိသွားပုံရသည်။ သူ့ကောင်လေးကို ..
“ရှင်တို့နှစ်ယောက်ပြတ်တာ ဘယ်လောက်ရှိပြီလဲ”
“၃လနီးပါး..”
“ဒါ .. ဒါဆို .. ဗိုက်ထဲက ကလေးက .. “
အဲဒီအချိန်မှာပဲ ကောင်မလေးက …
“ရပါတယ်ဟာ … ငါ့ဘာသာမွေးပါ့မယ် .. နင်တို့ အဆင်ပြေကြပါစေ”
လို့ ပြောပြီး လှည့်ထွက်လာခဲ့သည်။ ကျန်ခဲ့တဲ့အတွဲကတော့ စကားတွေများပြီး ကျန်ခဲ့လေတော့သည်။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg