အပိုင်း(၁)ခရစ်သက္ကရာဇ် ၁၈၃၉ ခုနှစ်၊ မော်လမြိုင်မြို့။
ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲပြီးဆုံးသွားသည့် ၁၈၂၆ ခုနှစ်ကတည်းက ထားဝယ်နှင့် တနင်္သာရီဒေသများကို မြန်မာမင်းတို့ လက်လွှတ်ခဲ့ရသည်။ ထိုဒေသများအား အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ပြီးနောက် ကိုလိုနီချဲ့ထွင်ရန်အတွက် အခြေစိုက်စခန်းများအဖြစ်တည်ဆောက်ခဲ့ကြလေသည်။ မော်လမြိုင်မြို့မှာလည်း အင်္ဂလိပ်လက်အောက်တွင် တည်ရှိနေခြင်းဖြစ်ပြီး အင်္ဂလိပ်အစိုးရက မြို့ကွက်သစ်တည်ဆောက်ကာ မြို့ကိုချဲ့ထွင်နေသည့်ကာလဖြစ်သည်။
မော်လမြိုင်မြို့ ဆိပ်ကမ်းအနီးတွင် အင်္ဂလိပ်များက ခံတပ်ကြီးတစ်ခုတည်ဆောက်ထားပြီးနောက် ဆိပ်ကမ်းကြီးကိုလည်း ပင်လယ်ကူးသင်္ဘောကြီးများဆိပ်ကပ်နိုင်အောင် တိုးချဲ့ထားသဖြင့် ထိုခေတ်က မော်လမြိုင်မြို့မှာ အတော်စည်ကားလှသည့်မြို့ကြီးတစ်မြို့ဖြစ်နေသည်။ အထူးသဖြင့် ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းများသို့ ကူးသန်းသွားလာနေကြသည့် ပင်လယ်ရေကြောင်းကုန်တင်သင်္ဘောကြီးများ၊ အရှေ့တောင်အာရှတွင် ကိုလိုနီချဲ့ထွင်နေကြသည့် ဥရောပသားများနှင့် အိန္ဒိယ သင်္ဘောကုန်သည်များ၊ ဆီလုံကျွန်းမှ ကုန်သည်များသာမက တရုတ်များနှင့် ယိုးဒယားများပါ ကူးလူးဆက်ဆံနေကြလျှက် ခြေချင်းလိမ်နေကြသည့် မြို့တစ်မြို့ဖြစ်သည်။
အဲလိဇဘက်အမည်ရ သင်္ဘောကြီးမှာ မော်လမြိုင်မြို့ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည်နှင့် အင်္ဂလိပ်ပိုင် အရှေ့အိန္ဒိယ ဆိပ်ကမ်းတွင် ကမ်းကပ်လိုက်သည်။ ထို့နောက် သင်္ဘောကြီးပေါ်မှ သင်္ဘောသားများဆင်းသက်လာကြသည်။ အင်္ဂလိပ်တို့ဘက်မှ အရာရှိများနှင့် လူကုံထံများမှာလည်း ထိုသင်္ဘောကြီးအား သွားရောက်ကြိုဆိုကြသည်။ ထိုအခါ သင်္ဘောပေါ်မှ ဒေါက်တာဟယ်ဖာ နှင့်အဖွဲ့မှာဆင်းသက်လာကြသည်။
"ဒေါက်တာဟယ်ဖာ ကို ကျွန်ုပ်တို့ ဗြိတိသျှဗမာပြည်ကနေ ကြိုဆိုပါတယ်"
မော်လမြိုင်မြို့အုပ် မစ္စတာ ဘလွန်းဒဲက ထိုသို့ပြောပြီး ဒေါက်တာဟယ်ဖာ ဆိုသူအား လက်ဆွဲကာကြိုဆိုလိုက်သည်။ ဒေါက်တာဟယ်ဖာမှာ အသက်ငါးဆယ်ခန့်ဖြစ်သော်လည်း သန်မြန်ကျန်းမာသူတစ်ယောက်ဖြစ်သည်။ သူက ခေတ်ပေါ်သက္ကလပ်စများဖြင့် ချုပ်လုပ်ထားသည့် လှပသည့်ပင်လယ်ပြာရောင် ကုတ်အကျီကိုဝတ်ဆင်ထားပြီး နှုတ်ဆက်သူ မစ္စတာ ဘလွန်းဒဲကို မကြည့်ဘဲ မော်လမြိုင်မြို့ပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကြားထားဖူးသလို အတော်ကိုလှပတဲ့မြို့ကလေးပါပဲဗျာ"
မစ္စတာ ဘလွန်းဒဲက ဒေါက်တာဟယ်ဖာကို ဦးဆောင်ပြီး မြင်းရထားများဖြင့်ခေါ်ဆောင်သွားသည်။ မော်လမြိုင်ဆိပ်ကမ်းတွင် သင်္ဘောသားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ဈေးရောင်းဝယ်နေသူများနှင့် အလွန်စည်ကားနေသည်။ မကြာမီ တောင်ကုန်းကလေးတစ်ခုအတိုင်း တက်လာခဲ့ကြပြီး မြို့အုပ်မင်း၏ နေအိမ်ကြီးသို့ရောက်လာခဲ့သည်။ မြို့အုပ်မင်း၏ နေအိမ်ကြီးမှာ ကျွန်းသားများဖြင့်တည်ဆောက်ထားသည့် အိမ်ကြီးတစ်လုံးဖြစ်သည်။ အိမ်၏ဖွဲ့စည်းပုံမှာ တရုတ်အိမ်တစ်လုံးနှင့်အနည်းငယ်ဆင်တူသည်။ အိမ်ကြီးထဲရောက်သွားသည့်အခါ များပြားလှသည့်အစေခံများကိုတွေ့ရသည်။ ကြီးမားလှသည့်လှေကားထစ်ကြီးများမှ အိမ်ပေါ်သို့တက်လာခဲ့ပြီး အိမ်ပေါ်ရှိဧည့်ခန်းအတွင်းတွင် ဝင်ထိုင်လိုက်ကြသည်။ ဧည့်ခန်းမှကြည့်လျှင် မော်လမြိုင်ဆိပ်ကမ်းနှင့် ပင်လယ်အတွင်းသွားလာနေကြသည့် သင်္ဘောများနှင့် လှေများကိုမြင်တွေ့ရသည်။ ထိုမျှသာမကသေး ကမ်းခြေရှိ ခံတပ်ကြီးကိုလည်းအပေါ်စီးမှမြင်နိုင်သည်။ ပြတင်းပေါက်များမှ ပင်လယ်ကိုဖြတ်သန်းတိုက်ခတ်လာသည့်လေများကလည်း တဖြူးဖြူးတိုက်ခတ်နေရာ အတော်နေလို့ကောင်းပေသည်။
မြို့အုပ် မစ္စတာ ဘလွန်းဒဲက သူ့ဧည့်ခန်းတံခါးကိုပိတ်လိုက်ပြီး အစေခံများအားလုံးကိုထွက်သွားလိုက်စေသည်။ ထို့နောက် ဒေါက်တာဟယ်ဖာကို ကြည့်လိုက်သည်။
"ပြောချင်တာ ပြောလို့ရပါပြီဒေါက်တာ၊ ကာလကတ္တားကနေ အလောတကြီးလာခဲ့ရတာ ဘာကိစ္စများကြောင့်ပါလိမ့်"
ဒေါက်တာဟယ်ဖာက မြို့အုပ်ကိုလှမ်းကြည့်လိုက်သည်။ သို့သော် မြို့အုပ်အနီးတွင် လူတစ်ယောက်မတ်တပ်ရပ်နေသည်ကိုမြင်သဖြင့် ထိုလူအားကြည့်လိုက်ရာ မြို့အုပ်မင်းက ဘာကိုဆိုလိုမှန်းသဘောပေါက်သွားသည်။
"သူ့က ကျုပ်ရဲ့လူယုံပါ ဒေါက်တာ၊ သူ့နာမည် ဒီလာ ကွန်ဒါမိုင်းလို့ခေါ်ပါတယ်၊ ပြင်သစ်တစ်ယောက်ပါပဲ၊ ကျုပ်ရဲ့ငယ်ကျွန်ဆိုလည်းမမှားပါဘူး"
ဒေါက်တာ ဟယ်ဖာက သူ့ကုတ်အကျီအတွင်းအိတ်ကိုနှိုက်လိုက်ပြီးတော့ စာတစ်စောင်ကိုထုတ်ယူလိုက်သည်။ စာအိတ်မှာ ဖြူလွလွနှင့်ဖြစ်ပြီး ဘုရင့်တံဆိပ်ကပ်နှိပ်ထားသည်။ မြို့အုပ်မင်းက စာကိုလက်နှစ်ဖက်နှင့် သေသေချာချာယူလိုက်ပြီး စာအိပ်တွင်ပိတ်ထားသည့် ဘုရင့်တော်ဝင်ချိတ်တံဆိပ်ကိုကြည့်လိုက်သည်။
"ဒါဟာ ဘုရင်မင်းမြတ်ရဲ့ တိုက်ရိုက်အမိန့်စာပဲ မြို့အုပ်"
မစ္စတာ ဘလွန်းဒဲက စာအိတ်ဖွင့်သည့် ဓါးချွန်ကလေးနှင့် စာကိုအသေအချာဖွင့်ပြီးဖတ်လိုက်သည်။
"ခင်ဗျားတစ်ယောက်တည်းမဖတ်နဲ့လေ၊ ကျုပ်တို့အားလုံး ကြားရအောင် ဖတ်ပြပါအုံး"
ဒေါက်တာဟယ်ဖာက ပြောသည့်အခါ မြို့အုပ်မင်းက ခေါင်းညိတ်လိုက်ပြီး စာရွက်ကိုအသေအချာကိုင်လိုက်သည်။
"ဤအမိန့်စာဖတ်ရှုသူမည်သူမဆိုသည် ဘုရင်မင်းမြတ်၏ နှုတ်ထွက်အမိန့်အတိုင်းမှတ်ယူကာ လိုက်နာ နာခံရမည်၊ ယခု လွှတ်လိုက်သည့် ဒေါက်တာ ဟယ်ဖာအား ဘုရင့်အစေခံတစ်ယောက်အဖြစ်မှတ်ယူပြီး သူအလိုရှိသမျှကို စီစဉ်ဆောင်ရွက်ပေးရမည်။ ဒေါက်တာဟယ်ဖာက မာဂွေး ကျွန်းစုများအနီးတွင် ၁၆ ရာစုကာလက ပျောက်ဆုံးသွားခဲ့သည့် ရွှေသင်္ဘောတစ်စီးကို လာရောက်ရှာဖွေခြင်းဖြစ်သည်။ ဗြိတိသျှရေတပ်နှင့် အရေးပိုင်များ လိုအပ်သလို ကူညီစေ၊ ပျက်ကွက်လျှင် အရေးယူခြင်းခံရမည်"
မြို့အုပ် မစ္စတာ ဘလွန်းဒဲက စာကိုဖတ်ပြီးနောက် ဒေါက်တာဟယ်ဖာကို အံ့သြစွာဖြင့်ကြည့်လိုက်သည်။ ဒေါက်တာ ဟယ်ဖာကတော့ တစ်ခုခုကိုသိပြီးနေသည့်အတိုင်း ခပ်အေးအေးသာနေရင်း လက်ဖက်ရည်တစ်ခွက်ကို မွှေနေလိုက်သည်။
"ဒါဆို ဒေါက်တာက အဲဒီရွှေသင်္ဘောကို လာရှာတာပေါ့"
ဒေါက်တာ ဟယ်ဖာက လက်ဖက်ရည်တစ်ကျိုက်ကို ဟန်ပါပါနှင့်မော့သောက်လိုက်သည်။
"သိပ်ပြီးထူးဆန်းသွားသလား မြို့အုပ်၊ ကျုပ်ဒီကိစ္စအနောက်ကို လိုက်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ"
ထိုအခါ မစ္စတာ ကွန်ဒါမိုင်းက
"သိပ်ပြီးတော့လည်း မအံ့သြပါဘူး ဒေါက်တာရဲ့"
ကွန်ဒါမိုင်းက ထိုသို့ပြောလိုက်သည့်အခါ ဒေါက်တာဟယ်ဖာက ဒေါသထွက်သွားပုံရသည်။ သို့သော် လူကြီးလူကောင်းတို့ ထုံးစံအတိုင်း ဒေါသကိုထိန်းထားလိုက်ကာ ဟန်လုပ်လျှက် ပြုံးလိုက်သည်။
"သင်္ဘောတစ်စီးလုံး ရွှေတွေနဲ့ပြည့်နေတဲ့အရာထက် ပိုပြီးထူးဆန်းတာ ဘာများဖြစ်အုံးမလဲ မစ္စတာ ကွန်ဒါမိုင်းရဲ့"
"ခင်ဗျားတို့ ဥရောပက လူတွေအတွက်တော့ ဒီစကားက ထူးဆန်းချင်ကောင်း ထူးဆန်းနေပါလိမ့်မယ်၊ ကျုပ်တို့လို ဒီမှာနေတဲ့သူတွေအတွက်တော့ ဒီအကြောင်းအရာတွေက ကြားနေကျပုံပြင်တွေထက် မပိုပါဘူး"
ဒေါက်တာဟယ်ဖာက လက်ဖက်ရည်ခွက်ကိုပြန်ချလိုက်သည်။
"ကဲ၊ ဒါဆိုရင်လည်း ပြောစမ်းပါဦး၊ ခင်ဗျားတို့ကြားဖူးထားတဲ့ပုံပြင်တွေကို ကျုပ်လည်းနားထောင်ချင်လို့ပါ"
ကွန်ဒါမိုင်းက ဧည့်ခန်းရှိ ထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။
"ဒီလိုဗျ၊ ပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်တုန်းကပေါ့ဗျာ၊ အဲဒီခေတ်တုန်းက ဥရောပသားတွေက အရှေ့တိုင်းကို စူးစမ်းလေ့လာပြီး ကိုလိုနီချဲ့ထွင်နေတုန်းကပေါ့၊ ခန့်မှန်းခြေ ၁၆၀၄ ခုနှစ်မှာ မလက္ကာကျွန်းကို သိမ်းပိုက်တပ်စွဲထားတဲ့ ပေါ်တူဂီတွေနဲ့ ကျွန်းကိုအသစ်ရောက်လာတဲ့ ဒတ်(ချ်)တွေ စစ်မက်ဖြစ်ပွားကြတယ်၊ ပေါ်တူဂီတပ်တွေက အခြေအနေမကောင်းမှန်းသိတာမို့ ရေတပ်ဗိုလ်ချုပ်ကြီး ပီဒရို အာလီဗာရက်ဇ်က မလက္ကာကျွန်းမှာရှိသမျှ တန်ဖိုးကြီးပစ္စည်းတွေကို လုယူတူးဖော်ပြီးစုဆောင်းခဲ့ကြတယ်"
"မလက္ကာကျွန်းကို ပေါ်တူဂီတွေမရောက်ခင်က ဘုရင်ကြီးတစ်ပါးက မြို့ရွာတည်ထောင်ပြီးအုပ်ချုပ်နေခဲ့တယ်၊ ပေါ်တူဂီတွေတိုက်ခိုက်လိုက်တဲ့အခါမှာတော့ အဲဒီဘုရင်ကြီးရဲ့ ရတနာတွေကို အကုန်ရသွားခဲ့တာပေါ့၊ သူတို့ ပြောစကားအရဆိုရင် အဲဒီထဲမှာ ရွှေထည်တွေအများကြီးပါတယ်၊ မလက္ကာကျွန်းမှာ အရင်က ရွှေတွင်းတွေအများကြီးရှိတယ်လို့ ကြားဖူးတယ်မဟုတ်လား"
ဒေါက်တာဟယ်ဖာက ပြုံးလိုက်သည်။
"ကဲ ဆက်ပြောပါဦး ကွန်ဒါမိုင်း"
"ဒါနဲ့ အာလီဗာရက်(ဇ်)က ရသမျှရွှေထည်တွေကိုစုစည်းပြီးတော့ ပေးဂတ်ဆက်စ်(နတ်မြင်းပျံ) လို့ခေါ်တဲ့ သင်္ဘောကြီးပေါ်ကိုတင်လိုက်တယ်၊ အဲဒီသင်္ဘောကြီးက တန်ချိန်(၃၀၀) လောက်တင်နိုင်သတဲ့၊ ရွှေတွေထည့်ပြီးတော့ နောက်ထပ်သင်္ဘောခြောက်စီးနဲ့အတူ သင်္ဘောသား၊ စစ်သား တစ်ထောင်ကျော်နဲ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာအခြေစိုက်တဲ့ ပေါ်တူဂီဘုရင်ခံဆီကို စေလွှတ်လိုက်သတဲ့"
"ဒါပေမယ့် အဲဒီသင်္ဘောခုနစ်စီးက လမ်းမှာ မုတ်သုန်မုန်တိုင်းနဲ့မိတော့တယ်၊ ဒါနဲ့ သင်္ဘောတွေကိုအုပ်ချုပ်တဲ့ ရေတပ်ဗိုလ်ချုပ်က အဲဒီသင်္ဘောတွေကို သန်လျင်ဆိပ်ကမ်းကို တစ်ထောက်ဝင်နားဖို့ ကြံစည်လိုက်တယ်၊ အဲဒီတုန်းက သန်လျင်မှာ ဒီဘရစ်တိုလို့ခေါ်တဲ့ ပေါ်တူဂီသားတစ်ယောက်က မြို့တည်ပြီး ပေါ်တူဂီကိုလိုနီအဖြစ် အခိုင်အမာအုပ်ချုပ်နေတဲ့အချိန်ပေါ့ဗျာ"
ဒေါက်တာ ဟယ်ဖာက သိပ်မအံ့သြသော်လည်း မြို့အုပ် မစ္စတာ ဘလွန်းဒဲကတော့ ကွန်ဒါမိုင်းပြောသည့်အကြောင်းများကို နားထောင်ပြီး အလွန်စိတ်ဝင်စားနေသလို အံ့သြနေမိသည်။
"ဒါဆို အဲဒီသင်္ဘောတွေက ဘာဖြစ်သွားသလဲ ကွန်ဒါမိုင်း"
ကွန်ဒါမိုင်းက ခေါင်းခါလိုက်ပြီး
"အဲဒီသင်္ဘောခုနစ်စီးက သန်လျင်ကိုဘယ်တော့မှမရောက်ခဲ့သလို ဂိုအာမြို့ကိုလည်း မရောက်လာခဲ့ဘူး"
"ဒါဆို ဘယ်ရောက်သွားတာလဲ"
"လူတွေပြောကြတာကတော့ မာဂွေး(မြိတ်) မြို့အနားက ကျွန်းစုတွေထဲက ကျွန်းတစ်ကျွန်းပေါ်ကို သောင်တင်သွားတယ်လို့ဆိုတယ်၊ တစ်ချို့ကလည်း မုန်တိုင်းမိပြီးတော့ ပျက်စီးသွားတယ်လို့ဆိုကြတယ်ဗျ၊ ဟုတ်မဟုတ်ကတော့ ကျုပ်လည်းမသိဘူးပေါ့"
မြို့အုပ်မင်းက အတော်အံ့သြနေသည်။
"ဒီအကြောင်းတွေကို ငါတောင်မသိဘူးကွန်ဒါမိုင်းရေ၊ မင်းက ဘယ်လိုလုပ်ပြီးသိတာလဲ"
"ကျုပ်တို့အိမ်မှာ အလုပ်လုပ်နေတဲ့အစေခံ မွန်တွေပြောတာကို ကျုပ်ကြားဖူးထားတာပဲ မစ္စတာ ဘလွန်းဒဲ၊ ဒီပုံပြင်တွေက ဒီဘက်မှာ မသိတဲ့သူမရှိတဲ့ပုံပြင်တွေပါဗျာ၊ ဗမာတွေကတော့ ဗရင်ဂျီရတနာသိုက်လို့ ခေါ်တယ်ဗျ၊ သူတို့က ပေါ်တူဂီတွေကို ဗရင်ဂျီလို့ ခေါ်ကြတာကိုး"
မြို့အုပ် မစ္စတာ ဘလွန်းဒဲက ကွန်ဒါမိုင်းကိုတစ်ချက်ကြည့်ပြီး ဒေါက်တာ ဟယ်ဖာကိုတစ်ချက်ကြည့်လိုက်ပြန်သည်။
"ဒါဆို ဒေါက်တာရဲ့အလုပ်က အဲဒီသင်္ဘောတွေကို သွားရှာရမယ်မဟုတ်လား"
ထိုအခါ ကွန်ဒါမိုင်းက ရယ်မောလိုက်သည်။
"ကျုပ်က ပွင့်ပွင့်လင်းလင်းပြောတတ်တာ စိတ်မရှိပါနဲ့ဒေါက်တာ၊ ဒီလိုပုံပြင်တွေအပေါ်ကို ခေတ်ပညာတတ် ဒေါက်တာတစ်ယောက်က ယုံယုံကြည်ကြည်နဲ့ အလေးထားနေတယ်ဆိုတာကို ကျုပ်ဖြင့်မယုံနိုင်ဘူးဗျ၊ တကယ်လို့ ဒေါက်တာသာ ဒီသင်္ဘောတွေကိုမတွေ့ခဲ့ရင် ဘုရင်မင်းမြတ်က ဒေါက်တာ့ကို စိတ်ဆိုးမှာပဲမဟုတ်လား"
ဒေါက်တာ ဟယ်ဖာက စိတ်မဆိုးသည့်အပြင် ပြုံးပါပြုံးလိုက်သည်။
"ငါစိတ်မဆိုးပါဘူး ကွန်ဒါမိုင်း၊ ဘာလို့လည်းဆိုတော့ ဒီသင်္ဘောတွေကိစ္စကို ငါအရင်စခဲ့တာမဟုတ်ဘူးကွ၊ ဘုရင်မင်းမြတ်ကိုယ်တိုင်ငါ့ကို စပြီးလုပ်ခိုင်းခဲ့တာ၊ မင်းက ငါ့ကိုပညာတတ်ပြီး မိုက်မဲတယ်လို့ထင်နေတယ်ဆိုရင်တော့ အင်ပါယာရဲ့အုပ်သျှောင်ဘုရင်မင်းမြတ်က ငါ့ထက်ပိုပြီး မိုက်မဲတယ်လို့ မင်းမထင်ဘူးလား"
ကွန်ဒါမိုင်းအံ့သြသွားသည်။
"နှစ်ပေါင်းနှစ်ရာကျော်ခဲ့ပြီဒေါက်တာ၊ ဒီရတနာတွေအကြောင်းကို သိတဲ့သူတွေက လိုက်ရှာနေခဲ့တာ နှစ်တွေကြာခဲ့ပြီ၊ ဗမာဘုရင်ကလည်း ရတနာရှာဖို့ ရေတပ်စေလွှတ်ခဲ့တာပဲ၊ ဒီလိုပဲ ယိုးဒယားတွေ၊ ဆီလုံကျွန်းသားတွေ၊ တရုတ်တွေသာမက ကျုပ်တို့ဥရောပတိုက်သားတွေပါ လာရှာဖွေခဲ့ပြီးပြီမဟုတ်လား၊ တကယ်တမ်းသာ မာဂွေးကျွန်းစုတွေပေါ်မှာသာရှိမယ်ဆိုရင် တစ်ယောက်ယောက်တွေ့သွားတာ ကြာရောပေါ့ဗျ"
ဒေါက်တာက ခေါင်းခါပြီး စုတ်တစ်ချက်သပ်လိုက်သည်။
"တို့ဘုရင်မင်းမြတ်ရဲ့ အမျှော်အမြင်ရှိမှုကို မင်းမစော်ကားချင်နဲ့ ကွန်ဒါမိုင်း၊ ငါသေသေချာချာပြောပြမယ်၊ ဘာလို့ ငါတို့ ဗြိတိသျှတွေက မာဂွေးနဲ့ တနင်္သာရီကို စစ်ခင်းပြီး သိမ်းပိုက်ခဲ့တယ်လို့ ထင်သလဲကွ"
"ဒါကတော့ဗျာ၊ သူများတွေလည်း ကိုလိုနီချဲ့နေကြတာမဟုတ်လား၊ ဒီအရှေ့တိုင်းမှာဆို ပြင်သစ်တို့၊ ဒတ်(ချ်)တို့၊ စပိန်နဲ့ ပေါ်တူဂီတို့ဆိုတာ ခြေချင်းလိမ်နေကြတာပဲမဟုတ်လား"
ဒေါက်တာက ခေါင်းခါလိုက်သည်။ ထို့နောက် သူ့အကျီအိတ်အတွင်းမှ စာအုပ်အသေးလေးတစ်အုပ်ကိုထုတ်လိုက်သည်။ စာအုပ်အဖုံးမှာ သားရေများဖြင့်ချုပ်ထားပြီး အနည်းငယ်ထူထဲသည့် စာအုပ်ကလေးဖြစ်သည်။
"ဒီပျောက်ဆုံးသွားတဲ့ ရွှေသင်္ဘောကြီးက ဒေသခံတွေတင်မဟုတ်ဘူး၊ ငါတို့ဥရောပမှာလည်း ပုံပြင်တစ်ပုဒ်အဖြစ် ဖြစ်နေခဲ့တာကြာပြီ ကွန်ဒါမိုင်း၊ ဒါပေမယ့် ဘုရင်မင်းမြတ်က ဒီကိစ္စအပေါ်အလေးအနက်ထားတယ်၊ ၁၈၂၀ ခုနှစ်မှာ ဘုရင့်ရေတပ်က ကပ္ပတိန် ရော့စ် ခေါင်းဆောင်တဲ့ စစ်သင်္ဘောတွေက မာဂွေးကျွန်းစုတွေကို လေ့လာရေးတစ်ခေါက်ထွက်ခဲ့တယ်၊ အကြောင်းကတော့ အဲဒီသင်္ဘောတွေကို ဘုရင်က ရှာဖွေခိုင်းခဲ့လို့ပဲ"
"အဲဒီတော့ဘာဆက်ဖြစ်သလဲ"
"ခင်ဗျားတို့ ယုံချင်မှယုံမယ်၊ ကပ္ပတိန် ရော့စ်က ရွှေသင်္ဘောတွေဆီက ရွှေအချို့ကို ရခဲ့တယ်၊ ဒါနဲ့ ဘုရင်မင်းမြတ်ကို ပြန်ပြီးဆက်သလိုက်တော့ ဘုရင်မင်းမြတ်ကလည်း ရွှေသင်္ဘောတွေ တကယ်ရှိမယ်ဆိုပြီး ယုံကြည်သွားခဲ့တာပေါ့"
"ဒါနဲ့ပဲ ၁၈၂၄ ခုနှစ်မှာ ဗမာတွေနဲ့စစ်ဖြစ်လိုက်တာပေါ့၊ ဟုတ်ရဲ့လား"
ဒီတစ်ခါဝင်မေးသူကတော့ မစ္စတာ ဘလွန်းဒဲဖြစ်သည်။ သူ့အမေးကို ဒေါက်တာက ခေါင်းညိတ်ကာပြန်လည်ဖြေလိုက်သည်။
"တို့ဘုရင်မင်းမြတ်ကရော ဗြိတိသျှအစိုးရကရော အဲဒီရွှေသင်္ဘောကိုလိုချင်ခဲ့တယ်၊ ဒါပေမယ့် တရားဝင်အလုံးအရင်းနဲ့ရှာဖို့မဖြစ်နိုင်တဲ့အတွက် ဗမာဘုရင်နဲ့စစ်ခင်းပြီးတော့ မာဂွေးနဲ့ တနင်္သာရီဒေသကို သိမ်းယူခဲ့တာပဲ ကွန်ဒါမိုင်း"
ဒီတစ်ခါတော့ ဒေါက်တာရဲ့စကားကို ကွန်ဒါမိုင်းခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။
"ဒါဆိုရင် သူတို့ရှာမတွေ့ခဲ့သေးဘူးပေါ့"
"မှန်တယ်၊ ကပ္ပတိန်ရော့စ်က ရွှေတွေကိုတွေ့တဲ့အချိန်မှာ မြေပုံနဲ့အတူ စစ်သားလေးတစ်ယောက်ကို ရွှေတစ်သေတ္တာထည့်ပေးလိုက်တယ်၊ ဒါပေမယ့် နောက်ထပ်သွားရှာတော့ ကပ္ပတိန်ရော့စ်ကို မတွေ့ကြရဘူး၊ သူပေးတဲ့မြေပုံမှာ ပြထားတဲ့ကျွန်းကလည်း အဲဒီနေရာမှာ တကယ်ရှိမနေဘူး"
"ဒါနဲ့ ဘုရင်မင်းမြတ်က ၁၈၃၀ ခုနှစ်မှာ ကပ္ပတိန် လွိုက်ကို ထပ်မံစေလွှတ်ပြီးရှာဖွေခိုင်းပြန်တယ်၊ ဒါပေမယ့် ကပ္ပတိန် လွိုက်ကဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး"
ဒေါက်တာစကားကြောင့် အားလုံးစိတ်ဓါတ်ကျသွားသည်။
"ဒါဆို ခင်ဗျားကရော ဒီတစ်ခါ ရှာလို့တွေ့မယ်လို့ ထင်နေတာလား ဒေါက်တာ"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"ဒီတစ်ခါတော့ တကယ်တွေ့ပြီ၊ ဘာလို့လဲဆိုတော့ငါတို့လူတစ်ယောက်ကို ဖမ်းမိထားတယ်"
ထိုစဉ် ခံတပ်မှ ခေါင်းလောင်းထိုးသံကိုကြားရသည်။ နေ့လည်ခင်းအချိန်ရောက်ပြီဖြစ်သဖြင့် သူတို့စကားပြောခြင်းကို အဆုံးသတ်လိုက်ကြသည်။
"ဒေါက်တာ ဟယ်ဖာကို ကျုပ်က နေ့လည်စာ တည်ခင်းဧည့်ခံပါရစေခင်ဗျာ"
မြို့အုပ်ပြောသဖြင့် သူတို့မတ်တပ်ရပ်လိုက်ကြသည်။
"ကျုပ်မှာအချိန်မရှိဘူးမြို့အုပ်၊ ကျုပ် ရတနာတွေရှာဖွေဖို့လူလိုတယ်၊ ခင်ဗျားလူတွေစုပေးရမယ်"
"ကောင်းပါပြီဗျာ၊ ကဲ ထမင်းစားပြီး စကားဆက်ပြောကြတာပေါ့"
(၂)
ကပ္ပလီပင်လယ်အတွင်း သင်္ဘောကြီးတစ်စီးက ရွက်လွှင့်နေလေသည်။
"ကပ္ပတိန် ဆိပ်ကမ်းဘက်မှာ လှေတစ်စီးတွေ့ပါတယ်"
သင်္ဘောသားတစ်ယောက်က လှမ်းအော်ပြောလိုက်သဖြင့် ကပ္ပတိန်က အပြေးထွက်လာခဲ့သည်။ ဆိပ်ကမ်းဘက် ဆိုသည်မှာ သင်္ဘောသားအခေါ်အဝေါ်ဖြင့် ဘယ်ဘက်ခြမ်းကိုခေါ်ဝေါ်ခြင်းဖြစ်သည်။ ကပ္ပတိန်က ကြေးဖြင့်ပြုလုပ်ထားသည့် မှန်ပြောင်းကိုအရှည်ကြီးဖြစ်အောင်ဆန့်ထုတ်လိုက်ပြီး သင်္ဘောသားညွှန်ပြသည့်နေရာကိုလှမ်းကြည့်လိုက်သည်။ ပင်လယ်အတွင်း လှေကလေးတစ်စီးမျောနေလေသည်။ လှေပေါ်တွင် လူအရိပ်အယောင်မတွေ့ရပေ။
"လှေအကြီးစားတစ်ခုပဲကွ၊ လူတော့မတွေ့ဘူးနော်၊ ရွက်တွေကတော့ အကောင်းအတိုင်းပဲ"
ကပ္ပတိန်က ရေရွတ်လိုက်သည်။ ထိုအခါ သင်္ဘောမာလိန်မှူးကလည်း မှန်ပြောင်းဖြင့်ကြည့်လိုက်ပြီး
"လှေဝမ်းထဲမှာတော့ သေတ္တာပုံးတွေတွေ့တယ်၊ ကုန်တွေဘာတွေ ပါလာတာလားမသိဘူး"
ကပ္ပတိန်က မှန်ပြောင်းဖြင့်တစ်ချက်ပြန်ကြည့်ပြီး
"ဟုတ်တယ်ဟေ့၊ အဲဒီလှေကိုဆယ်ရအောင်၊ အထဲမှာ ဘာတွေပါလည်းမသိဘူး၊ လှေပိုင်ရှင်ကိုလည်းမတွေ့ဘူးဆိုတော့ လှေပိုင်ရှင်က သေသွားလို့ လှေကမျောနေတာဖြစ်မယ်ကွ"
သင်္ဘောကြီးကို လှေအနားသို့တိုးကပ်သွားပြီး သင်္ဘောသားတစ်ချို့လှေပေါ်သို့ခုန်ဆင်းလိုက်ပြီးနောက် ကုန်သေတ္တာများကိုလှေပေါ်တင်လိုက်ကြသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ရှိနေသည့် ကုန်သေတ္တာများကို သင်္ဘောသားများက ဝိုင်းကြည့်နေကြသည်။
"ဖွင့်စမ်းကွာ၊ အထဲမှာ ဘာတွေရှိသလဲလို့ကြည့်ရအောင်"
ကပ္ပတိန်က ပြောလိုက်သဖြင့် သင်္ဘောသားတစ်ဦးက ကုန်သေတ္တာများကိုဖွင့်လိုက်သည်။ အထဲတွင်တော့ သဲများသာတွေ့သည်။ သင်္ဘောသားများစိတ်ပျက်သွားကြသည်။
"သဲတွေဟ၊ ဘာမှလည်းမရှိဘူး"
"မင်းတို့ဘာတွေရှာနေကြတာလဲ"
သင်္ဘောထိပ်ဦးပိုင်းမှ အသံကြားလိုက်သဖြင့် သူတို့အကုန်လုံးဝိုင်းကြည့်လိုက်သည်။ ဘောင်းဘီတိုတစ်ထည်ကိုဝတ်ဆင်ထားပြီး ဖြူလွှလွှအကျီလက်ပြတ်ကိုဝတ်ဆင်ထားကာ အသားအရေမည်းညစ်နေသည့် ဗလတောင့်တောင့်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ကပ္ပတိန်က ထိုလူကိုကြည့်ပြီး အံ့သြသွားသည်။
"နေစမ်းပါဦး၊ မင်းက ဘယ်သူလဲ၊ မင်းကိုငါတို့လှေပေါ်မှာ မတွေ့ဖူးပါလား"
ထိုအခါ ထိုလူက မတ်တပ်ရပ်လိုက်ပြီး ခါးကြားထိုးထားသည့် ဓါးတစ်လက်ကိုဆွဲထုတ်လိုက်သည်။
"ဘယ်တွေ့ဖူးပါ့မလဲဗျ၊ ကျုပ်က ခင်ဗျားတို့လူမှမဟုတ်တာ ကျုပ်က ပင်လယ်ဓါးပြတစ်ယောက်ပဲ"
သင်္ဘောသားများအားလုံး အံ့အားသင့်သွားကြသည်။
"ပင်လယ်ဓါးပြကလည်း တစ်ယောက်တည်းလားကွ၊ ဟား၊ ဟား"
ကပ္ပတိန်က ရယ်မောလိုက်သည်။
"အောင်မာ၊ ခင်ဗျားတို့လို့ သင်္ဘောသေးသေးလေးလောက်တော့ ကျုပ်တစ်ယောက်တည်းနဲ့ဖြစ်ပါတယ်ဗျာ၊ ကဲ ကျုပ်နဲ့ဘယ်သူ တိုက်ခိုက်ချင်သလဲ"
ထိုအခါ သင်္ဘောသားများမှာ ခါးတွင်ချိတ်ဆွဲထားသည့် ဓါးများကိုထုတ်လိုက်သလို အချို့ကလည်း လှံတံများ၊ မှိန်းများကို ကိုင်တွယ်လိုက်ကြသည်။
"နေဦးလေ၊ ကျုပ်ကတစ်ယောက်တည်း၊ ခင်ဗျားတို့က အများကြီးဗျ၊ ဘယ်သူကျုပ်နဲ့တစ်ယောက်ချင်းတိုက်ရဲသလဲ"
ထိုအခါ ကပ္ပတိန်က သူ့ခါးတွင်ချိတ်ထားသည့် ဓါးကိုဆွဲထုတ်လိုက်သည်။
"မင်းလိုကောင်လောက်ကတော့ ငါနဲ့လည်းဖြစ်ပါတယ်ကွ"
ကပ္ပတိန်က အရှေ့သို့ခုန်တက်သွားလိုက်သည်။ ကပ္ပတိန်မှာ အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်ပြီး ဓါးကောက်ကြီးတစ်ချောင်းကိုကိုင်ထားသည်။ ပင်လယ်ဓါးပြကတော့ ဆေဘာဟုခေါ်သည့် ဓါးကောက်တစ်ချောင်းကို ကိုင်တွယ်ထားသည်။ ထို့နောက် သူတို့နှစ်ယောက်တိုက်ခိုက်ကြသည်။ သင်္ဘောသားများမှာ စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေသည်။ ကပ္ပတိန်မှာလည်း ဓါးပညာအတော်တတ်မြောက်သူဖြစ်ရာ ဓါးချက်များမှာအတော်လျင်မြန်လှသလို တိကျလှသည်။ သို့သော်လည်း ပင်လယ်ဓါးပြလူငယ်မှာ ကပ္ပတိန်၏ဓါးချက်များကို ပွတ်ကာသီကာ ရှောင်ရှားနေသည်မှာ အသည်းယားစရာကောင်းလှသည်။
အနည်းငယ်ကြာလာသည့်အခါ ကပ္ပတိန်မှာ ပင်ပန်းလာပြီဖြစ်သည်။ တစ်ချီတွင် ကပ္ပတိန်၏ဓါးချက်မှာ ချော်ထွက်သွားပြီး ပင်လယ်ဓါးပြက ကပ္ပတိန်၏ ကျောနှင့်ရင်ဘတ်ကို ဓါးပြားနှင့်ရိုက်ပုတ်လိုက်ပြီးနောက် ရင်ဝကိုကန်ထည့်လိုက်ရာ ကပ္ပတိန်မှာ လဲကျသွားလေသည်။
"ခင်ဗျားကို ကျုပ်မသတ်ချင်ဘူးနော်"
ထိုအချိန် သင်္ဘောသားများမှာ ပင်လယ်ဓါးပြကို ဝိုင်းထားလိုက်ကြသည်။ ကပ္ပတိန်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဟား၊ ဟား၊ မင်းအားလုံးနဲ့တော့ ပြိုင်မတိုက်နိုင်ပါဘူးကွာ"
"ကောင်းပြီလေ၊ ဒါဆိုရင် ကစားနည်းတစ်ခုကစားရအောင်၊ ခင်ဗျားဘက်ကလူနဲ့ ကျုပ်ဘက်ကလူနဲ့ ဘယ်သူများသလဲဆိုတာ ပြိုင်ကြမယ်ဗျာ"
ကပ္ပတိန်က အလွန်ရယ်စရာကောင်းသည့် ပျက်လုံးတစ်ခုကိုကြားလိုက်ရသလို ရယ်မောလိုက်သည်။
"ဟား၊ ဟား တစ်ယောက်တည်းလာတဲ့မင်းကများကွာ၊ အေးလေ၊ မင်းဘက်မှာ ဘယ်သူတွေပါလည်းဆိုတာ ပြစမ်းပါအုံးကွာ"
ပင်လယ်ဓါးပြ လူငယ်က ဓါးကိုခါးကြားတွင်ပြန်ထိုးလိုက်သည်။
"ကျုပ်နာမည် ငမန်းပဲ၊ ကျုပ်တစ်ခု ကတိပေးနိုင်တာကတော့ ကျုပ်ဘက်မှာရှိတဲ့လူတွေကို ကျုပ်မသတ်ဘူးဆိုတာ ကတိပေးတယ်၊ ဘယ်သူ ကျုပ်ဘက်က နေချင်သလဲ"
သင်္ဘောသားများ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် သင်္ဘောသားတစ်ယောက်က ငမန်းဘက်သို့လျှောက်လာပြီး ငမန်းဘေးတွင်ဝင်ရပ်လိုက်သည်။ မကြာခင် သင်္ဘောသားများအားလုံးလိုလို ငမန်းဘေးနားသို့ရောက်လာပြီးဝင်ရပ်ကြလေသည်။ ကပ္ပတိန်မှာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။ နောက်ဆုံးတွင် သင်္ဘောတစ်ခုလုံးရှိ သင်္ဘောသားများအားလုံးမှာ ငမန်းဘက်တွင်ရပ်နေကြပြီး ကပ္ပတိန်ဘက်တွင်တော့ ကပ္ပတိန်အပြင် အလွန်ငယ်ရွယ်သည့် သင်္ဘောသားလေးတစ်ယောက်သာ မှိန်းကြီးကိုင်ပြီးရပ်နေလေသည်။
သင်္ဘောသားကြီးတစ်ယောက်က ထိုငယ်ရွယ်သည့်သင်္ဘောသားကလေးကို လှမ်းအော်ပြောလိုက်သည်။
"ဟေ့ကောင်၊ ငါတို့ဘက်ကိုလာရပ်ဟ"
"ဘာလို့လာရပ်ရမှာလဲ"
"ကပ္ပလီပင်လယ်မှာ ငမန်းနဲ့တွေ့ရင် ငမန်းဘက်က ရပ်ရင်ရပ်၊ မရပ်တဲ့လူကတော့ ငါးမန်းစာဖြစ်သွားလိမ့်မယ်တဲ့ကွ"
ထိုလူငယ်ကလေးလည်း ကြောက်ကြောက်နှင့် ငမန်းဘေးတွင် လာရပ်သည်။ ငမန်းက ကပ္ပတိန်ကို လှောင်ပြောင်သည့်အကြည့်နှင့် ကြည့်လိုက်သည်။
"ကဲ၊ ခင်ဗျားဘက်ကလူတွေ ဘယ်ရောက်သွားပြီလဲ"
ကပ္ပတိန်မှာ ဇောချွေးတွေပြန်လာသည်။ ထို့နောက် ငမန်းရှေ့တွင် ဒူးထောက်လိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့ကွာ၊ ငါနဲ့ပါလာတဲ့ ကုန်တွေအကုန်ယူချင်ရင်ယူပါကွ"
ငမန်းကလည်း ကပ္ပတိန်အနားသို့ကပ်သွားလိုက်သည်။
"ခင်ဗျားကိုကျုပ်မသတ်ပါဘူးဗျာ၊ ခင်ဗျားကိုသတ်လိုက်ရင် တန်ဖိုးမရှိတဲ့ ခင်ဗျားကိုယ်ကြီးကိုပဲ ကျုပ်ကရမှာပေါ့ဗျ၊ စိတ်ချပါ၊ ခင်ဗျားအိမ်ကလူတွေဆီကို စာရေးပြီးတော့ ခင်ဗျားကိုလာရွှေးခိုင်းမှာ၊ မပူပါနဲ့ ခင်ဗျားမှည့်တစ်ပေါက်မစွန်းစေရဘူး"
ထို့နောက် ငမန်းက သင်္ဘောသားများဘက်သို့လှည့်လိုက်သည်။ သင်္ဘောသားများက ကပ္ပတိန်အား ကြိုးများဖြင့်တုပ်ထားလိုက်လေသည်။
"ဘာလုပ်နေကြတာလဲ၊ ကိုယ့်နေရာကိုယ်သွားကြလေ"
ထိုအခါ သင်္ဘောသားခေါင်းဆောင်က ငမန်းအနားသို့ကပ်လာသည်။
"ကပ္ပတိန်ငမန်း၊ ကျုပ်တို့ဘယ်ကိုသွားကြမှာလဲ"
"အင်း၊ သင်္ဘောကိုတော့ အာလာဒင်ကျွန်းကိုပို့ထားလိုက်၊ ငါကတော့ မာဂွေးကိုသွားပြီးတော့ ဒီလူရဲ့မိသားစုဆီကို စာရေးထည့်ပေးရမယ်မဟုတ်လား"
ငမန်းက သင်္ဘောနောက်ပိုင်းသို့ခုန်တက်သွားပြီး သင်္ဘောပဲ့ကိုထိန်းထားလိုက်သည်။
"ရွက်တွေချလိုက်တော့၊ လေကောင်းတုန်း သင်္ဘောကိုရွက်ကုန်ဖွင့်မယ်"
အဖြူရောင်ဖျင်ရွက်ထည်ကြီးများကိုချလိုက်သည်။ အနောက်ဘက်မှတိုက်ခတ်လာသည့်လေကြောင်းကြောင့် သင်္ဘောကြီးမှာ အရှိန်ပြင်းစွာနှင့် အာလာဒင်ကျွန်းဆီသို့ မောင်းထွက်လာခဲ့လေတော့သည်။
"ကျုပ်နာမည်ငမန်း၊ ကပ္ပလီပင်လယ်မှာ ကျုပ်နာမည်ကိုမသိတဲ့သူမရှိတဲ့ ပင်လယ်ဓါးပြတစ်ယောက်ပေါ့ဗျာ"
(၃)
ညနေရောက်သည့်အခါ ဒေါက်တာ ဟယ်ဖာတို့အား မြို့အုပ်မင်းက မော်လမြိုင်မြို့လယ်ရှိ တရုတ်စားသောက်ဆိုင်သို့ခေါ်ဆောင်သွားသည်။ ထိုစားသောက်ဆိုင်မှာ တရုတ်များပိုင်ဆိုင်ခြင်းဖြစ်ပြီး မော်လမြိုင်မြို့၏ အကောင်းဆုံးစားသောက်ဆိုင်ဖြစ်သည်။ စားသောက်ဆိုင်တစ်ခုလုံးကို တရုတ်မီးပုံးများ၊ အနီရောင်ပိုးဖဲစများဖြင့် အလှဆင်ထားသည်။ ထိုစားသောက်ဆိုင်အပေါ်ထပ်တွင် သီးသန့်အခန်းကြီးများရှိရာ သူတို့ထိုအခန်းသို့တက်လာခဲ့သည်။ မြို့အုပ်ကိုယ်တိုင်ပါလာသဖြင့် စားသောက်ဆိုင်ပိုင်ရှင်မှာ သူတို့ကိုချိုသာစွာဖြင့် ဧည့်ခံသည်။
"မြို့အုပ်မင်းကြွလာပါလား၊ ထိုင်ကြပါ၊ အကောင်းဆုံးအစားအစာတွေ ပြင်ဆင်ပေးပါ့မယ်"
သူတို့ထိုင်လိုက်ပြီးသည့်အခါ အခန်းအတွင်းသို့ လှပချောမောသည့် မိန်းကလေးတစ်ယောက်ဝင်လာသည်။ ထိုမိန်းကလေးမှာ ထဘီဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် ပိုးအင်္ကျီအပါးသားလေးဝတ်ဆင်ထားကာ အင်္ဂလန်ဖြစ်ဇာထည်ကို အပေါ်ကထပ်ခြုံထားသည်ကိုကြည့်ချင်းအားဖြင့် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လောက်မည်ဟု ဟယ်ဖာက ခန့်မှန်းလိုက်သည်။
"သူ့နာမည်က မိစိမ်းလို့ခေါ်ပါတယ်၊ သူက ဗမာစကား၊ မွန်စကား၊ ကရင်စကား၊ အင်္ဂလိပ်စကား ကျွမ်းကျင်ပါတယ်၊ နောက်ပြီးတော့ တရုတ်စကားနဲ့ ပြင်သစ်စကား၊ ပေါ်တူဂီစကားကိုလည်း အနည်းငယ်နားလည်ပါတယ် ဒေါက်တာ၊ ဒေါက်တာ ခရီးစဉ်အတွက်လိုအပ်တဲ့သူတစ်ယောက်ဖြစ်မှာမို့လို့ ကျုပ်မိတ်ဆက်ပေးတာပါ"
"သူက ယုံရရဲ့လား"
"စိတ်ချပါရှင်၊ ကျုပ်တို့က မင်းမျိုးမင်းနွယ်တွေပါ၊ ကတိတစ်လုံးပေးပြီးရင် သေတဲ့အထိတည်အောင်ထိန်းထားတတ်သူတွေပါ"
မိစိမ်းဆိုသည့်မိန်းကလေးက ဒေါက်တာအား အင်္ဂလိပ်စကားဖြင့် ကျင်လည်စွာဖြေဆိုလိုက်ရာ ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"သူက အရင်တုန်းက ဟံသာဝတီခေါ်တဲ့ မွန်ပြည်က မင်းမျိုးမင်းနွယ်အဆက်ပါ၊ အခုတော့ ဗမာတွေက မွန်ပြည်ကိုပါ သိမ်းထားပြီးပြီလေ"
ဒေါက်တာက မိစိမ်းကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီမိန်းကလေး ကျုပ်တို့ဘာလို့လာတာလဲဆိုတာ မြို့အုပ်ပြောထားပြီးသားဖြစ်မှာပါ"
မိစိမ်းက ခေါင်းညိတ်သည်။
"ဒါနဲ့ ကျွန်မတို့သိထားတာကတော့ ရွှေလှေတွေက ခုနစ်စီးတောင်ရှိတာနော်"
ထိုအခါ ဒေါက်တာက ပြုံးလိုက်သည်။
"ဘုရင်မင်းမြတ်ကတော့ တစ်စီးပဲလို့ သိထားတာပါ မိန်းကလေးရဲ့"
ထိုအခါ မိစိမ်းက ဒေါက်တာကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သလို ဒေါက်တာကလည်း မိစိမ်းကိုကြည့်ပြီး ပြန်လည်ရယ်မောလိုက်ရာ မြို့အုပ်နှင့် ကွန်ဒါမိုင်းတို့လည်း လိုက်လံရယ်မောကြသည်။
"ကောင်းပြီလေ၊ ကျွန်မရှင်တို့ကို အကုန်လုံးကူညီပေးမယ်၊ တကယ်လို့သာ သင်္ဘောက ခုနစ်စီးဆိုရင်တော့ ကျွန်မကိုတစ်စီးပေးရမယ်"
ဒေါက်တာက ကျေနပ်စွာပြုံးလိုက်သည်။
"ကောင်းပါပြီမိန်းကလေး"
ထိုအခါ မြို့အုပ်မင်းက အံ့သြလျှက်
"ဒေါက်တာ တကယ်လို့သာ ရွှေသင်္ဘောခုနစ်စီးဆိုရင် ကျုပ်ကိုလည်းမမေ့ရဘူးနော်"
"စိတ်ချစမ်းပါဗျာ၊ ခင်ဗျားအတွက်လည်း အကျိုးအမြတ်မနည်းစေရပါဘူး"
သူတို့အားလုံးပျော်ရွှင်နေမိသည်။ ရွှေသင်္ဘောတွေက ဘယ်စီနေမှန်းမသိသေးသော်လည်း ပိုင်ဆိုင်ရမည်ဆိုသော မက်လုံးဖြင့် ဝမ်းမြောက်နေမိသည်။ မကြာမီ တရုတ်ဆိုင်မှ အစားအသောက်များလာချပေးသည်။ တရုတ်အစားအစာ အကောင်းစားများဖြစ်သည့် ငါးမန်းတောင်ဟင်းချိုများ၊ တန်ဖိုးကြီးသည့် ငှက်သိုက်စွပ်ပြုတ်များ စသဖြင့် တည်ခင်းဧည့်ခံသော်လည်း ဒေါက်တာဟယ်ဖာမှာ စားနေကျမဟုတ်သဖြင့် ခံတွင်းသိပ်မတွေ့လှပေ။
မကြာခင် အချိုတည်းရန်အချိန်ရောက်လာသည်။ တရုတ်တစ်ဦးက ဆူးတွေပါသည့် အသီးတစ်လုံးကိုယူလာသည်။ အသီးအနံ့မှာ အလွန်နံလှသည်ဖြစ်ရာ ဒေါက်တာ ဟယ်ဖာက နှာခေါင်းပိတ်ထားလိုက်သည်။ မြို့အုပ်မင်းကတော့ ဒေါက်တာကိုကြည့်ရင်း ပြုံးရယ်နေမိသည်။ ထိုတရုတ်က အသီးကိုခွဲလိုက်ပြီး အတွင်းမှ အမွှာကလေးများကိုထုတ်ယူလိုက်သည်။ ထို့နောက် ကြွေပန်းကန်ပြားအတွင်း အမွှာကလေးများကိုထည့်ပေးသည်။
"မြည်းကြည့်စမ်းပါဒေါက်တာရဲ့၊ ဒီအသီးက ဒီဒေသထွက်အသီးဗျ၊ အလွန်စားကောင်းတာ"
မြို့အုပ်မင်းက ပြောလိုက်ပြီး ဇွန်းတစ်ချောင်းဖြင့်အမွှာကလေးမှ အဝါရောင်အသားများကိုခြစ်ယူလိုက်ကာ စားသောက်နေသည်။ ဒေါက်တာဟယ်ဖာလည်း မြို့အုပ်မင်းစားသည့်အတိုင်း လိုက်လံစားသောက်လိုက်သည်။ အလွန်ပြင်းထန်သည့်အနံ့ရှိသလို ပူရှိန်းရှိန်းအရသာရှိပြီး အလွန်ချိုမြိန်သည့်အရသာကိုခံစားလိုက်ရသည်။ သူတို့အနောက်တိုင်းရှိ ကိတ်မုန့်များတွင်ထည့်သည့် ခရင်(မ်)များကဲ့သို့ အလွန်အရသာရှိပေသည်။
"ခင်ဗျားကြိုက်သွားပြီမဟုတ်လား ဒေါက်တာ၊ ဒီအသီးကို ဒူးရင်းသီးလို့ခေါ်တယ်ဗျ"
"အေးဗျာ၊ အနံ့ပြင်းပေမယ့် စားလို့တော့မဆိုးပါဘူး"
"ဒီအသီးကတော်ဝင်အသီးဗျ၊ အင်းဝက ဗမာဘုရင်ဆိုရင် ဒီအသီးပေါ်ချိန်မှာ အသီးတွေပို့ပေးဖို့ကို ကျုပ်တို့နဲ့စာချုပ်တောင်ချုပ်ထားသေးတာဗျ၊ ဒီအရပ်မှာပဲပေါက်ပြီး အထက်ဘက်မှာ မပေါက်ဘူးလေဗျာ"
ဒူးရင်းသီးကို အချိုတည်းပြီးသည့်နောက် ဒေါက်တာဟယ်ဖာက မိစိမ်းကိုကြည့်လိုက်သည်။
"ကျုပ်ကတော့ ခပ်မြန်မြန်စလိုက်ချင်တယ်၊ ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး"
မိစိမ်းက ခေါင်းညိတ်လိုက်ပြီး
"မာဂွေးကျွန်းစုတွေမှာ ကျွန်းပေါင်းတစ်ထောင်ကျော်ရှိတယ်၊ နောက်ပြီး အဲဒီနေရာက ဝင်္ကပါကြီးလိုဖြစ်နေလို့ တော်တော်များများက မသွားလာတတ်ကြဘူး ဒေါက်တာ၊ ဒါကြောင့်မို့ ကျွန်မတို့လမ်းပြတစ်ယောက်လိုတယ်၊ အဲဒီကျွန်းတွေကို ထုံးလိုချေ ရေလိုနှောက်ပြီး ဘယ်နေရာမှာဘာရှိတယ်ဆိုတာကအစ သိနေတဲ့လူတစ်ယောက်ပေါ့"
ဒေါက်တာက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီမိန်းကလေး၊ ဒါဆို မင်းဘယ်သူ့ကိုခေါ်ချင်သလဲ"
"သူ့နာမည်က ငမန်းလို့ခေါ်တယ်"
ထိုအခါ မြို့အုပ်နှင့် ကွန်ဒါမိုင်းမှာ မျက်လုံးပြူးသွားကြသည်။
"ငမန်း၊ ကျုပ်တို့သိတဲ့ ငမန်းကိုပြောတာလား"
မိစိမ်းက ခေါင်းညိတ်လိုက်သည်။ မြို့အုပ်မင်းက
"မဖြစ်ဘူးထင်တယ်နော်၊ အဲဒီငမန်းဆိုတဲ့သူက အက်ဒမန်ပင်လယ်မှာ မသိသူမရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပင်လယ်ဓါးပြတစ်ယောက်ပဲဗျ"
ဒေါက်တာက မျက်ခုံးပင့်ပြီး မိစိမ်းကိုကြည့်လိုက်သည်။
"သူကလွဲရင် ဒီကျွန်းစုတွေအကြောင်းကို သေသေချာချာသိတဲ့လူ ကမ္ဘာပေါ်မှ နောက်တစ်ယောက်မရှိဘူး ဒေါက်တာ"
ဒေါက်တာက အချိန်အတန်ကြာအောင်စဉ်းစားနေသည်။
"ကောင်းပြီလေ၊ ပင်လယ်ဓါးပြဆိုလည်းဘာဖြစ်သလဲ၊ သူ့ကိုကျုပ်တို့ဘယ်လိုကမ်းလှမ်းရမလဲ"
ထိုအခါ မိစိမ်းက ပြုံးလိုက်သည်။
"ကျွန်မမှာ နည်းလမ်းရှိပြီးသားပါ"
အပိုင်း (၂) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်