
ဒီနေ့က လစာထုတ်ရက်ဆိုတော့ လှည်းတန်းဘက်ကို လျှောက်ဖြစ်သည်။
“ကိုကို .. ဘယ်မှာလဲ”
“ကိုယ်ရောက်နေပြီလေ ..”
“အွန်း ... အဲဒါဆို ငါးကင်ဆိုင်မှာ ခဏစောင့်.. အော်... ပြီးတော့ မာလာရှမ်းကောရယ်၊ ဝက်ဂုတ်သားကင်သုံးချောင်းရယ်၊ အပ်မှိုနှစ်ချောင်းရယ်၊ ဘာဘယ်တီးတခွက်ရယ်မှာထားပေး”
“အင်း .. မှာထားပေးမယ်.. “
ခဏကြာတော့ သူ ရောက်လာသည်။ မှာထားတာတွေကို ကြည့်ပြီး ...
“ဟင် .. ကိုကို က ဘာမှမမှာဘူးလား”
“ချစ် .. မှာထားတာတွေ ကပ်စားမယ်လေ”
“မရပါဘူး .. ကိုယ့်ဟာကိုယ်မှာ .. “
“ပြီးရော .. ပြီးရော .. “
ကျနော်လည်း ခေါက်ဆွဲသုပ်တစ်ပွဲ၊ ရေတစ်ဗူးမှာပြီး သူစားတာကို ပီတိအပြုံးနဲ့ ပြုံးပြုံးကြီး ထိုင်ကြည့်နေမိ၏။
ရပ်ကွက်လက်ဖက်ရည်ဆိုင်မှာ သူငယ်တန်းကတည်းက ခင်မင်ရတဲ့ ဘော်ဒါအရင်းကြီးက ..
“မင်းတော့ ဒီပုံစံအတိုင်းဆို မွဲမှာပဲ”
“ချစ်တာကိုးကွ”
“ဒါနဲ့နေပါဦး .. မင်းကောင်မလေးက ဒီလောက်စားသောက်နေတာတောင် လူက ဘာလို့ပိန်လိန်နေတာလဲ”
“ဟေ့ကောင် မင်းအဲဒီလို မပြောနဲ့ .. စလင်းဘော်ဒီကွ .. ပိန်လိန်တာလို့မပြောနဲ့ ..”
“အေးပါကွာ ..”
ချစ်သူသက်တမ်းက တဖြည်းဖြည်းကြာလာတော့ နှစ်ဦးကြားမှာ ပိုမိုပွင့်လင်းတဲ့ဆက်ဆံရေးမျိုးတွေ ဖြစ်လာသည်။
“ချစ် .. ကိုကာကိုလာ သွားသောက်ရအောင်”
“အင်းသွားမယ်လေ ...”
“ခဏလေး .. အဲဒါဆို .”
“မှတ်ပုံတင်ယူမလို့”
“အမ် .. ကိုကာကိုလာသောက်တာ မှတ်ပုံတင်လိုလို့လား”
ကျနော့်ရဲ့ မချိုမချဉ်မျက်နှာပေးကိုကြည့်ပြီး သူ သဘောပေါက်သွားသည်။ ပြီးတော့ ရှက်ရမ်းရမ်းပြီး ကျနော့်ကျောကုန်းကို ရိုက်တော့သည်။ အဲဒီနေ့က ကိုကာကိုလာ သောက်ဖြစ်ခဲ့ကြသည်။ အဲဒီအကြောင်းကိုတော့ ကျနော့် သူငယ်ချင်းကို မပြောဖြစ်ခဲ့။
“ကိုကို .. နေ့လယ်စာ ထမင်းမစားချင်ဘူး”
“ချစ်က ဘာစားချင်တာလဲ”
“သင့်တော်တာ တစ်ခုခု ကိုကို လာပို့ပေး”
သူ့ရုံးနှင့် ကျနော့်ရုံးက သိပ်မဝေး။ ဒါပေမဲ့ ပြဿနာက ဒီနေ့က ၂၂ရက်နေ့ဆိုတော့ လက်ထဲမှာ ပိုက်ဆံက နည်းနည်းပြတ်ချင်နေပြီ။ ထုံးစံအတိုင်း ..
“သားကြီး .. ငါ့ကို ၂သောင်းလောက်လွှဲပေးပါဦး”
“ဟ ... ငါလည်း ကြပ်နေတယ်ဟ ..”
“လုပ်ပါကွာ .. အရေးကြီးလို့ပါ”
“မင်းကောင်မလေးကို မုန့်ဝယ်ကျွေးဖို့ပဲ မလား”
“ဟဲ .. ဟဲ ..
“နှစ်သောင်းတော့မရဘူး။ တစ်သောင်းခွဲပဲယူ .. ငါညကျ အရက်သောက်ဖို့ဖယ်ထားရဦးမယ်”
“အေးပါကွာ ..”
ပိုက်ဆံဝင်တော့ ကိုရီးယားခေါက်ဆွဲလေး သွားဝယ်ပေးဖြစ်သည်။
“မင်းဒီပုံစံအတိုင်းဆို ... ဒီထက် ဝင်ငွေကောင်းတဲ့အလုပ်ရှာရင်ရှာ .. ဒါမှမဟုတ်ရင်တော့ မင်းကောင်မလေးကို ဖြတ်လိုက်”
လက်ဖက်ရည်ဆိုင်မှာ ကျဆိမ့်တခွက်ကို နှစ်ယောက်သောက်ရင်း ပိတ်ရက်ကို ဖြတ်သန်းနေကြခြင်းဖြစ်၏။
“ဖြတ်တော့ မဖြတ်နိုင်ဘူးကွာ.. ငါအရမ်းချစ်တာကွ”
“ဒါပေမဲ့ မင်းရတဲ့လစာနဲ့ သူစားတာသောက်တာ၊ သုံးတာစွဲတာတွေနဲ့ဆို ကြာရင်မင်းမွဲလိမ့်မယ်”
“ယူလိုက်ရင်တော့ အသုံးအစွဲလျော့သွားမယ်ထင်တယ်ကွ”
ကျနော်ကလည်း ကျနော့်မျှော်လင့်ချက်၊ ကျနော့်ဖြစ်စေလိုမှုတွေနှင့် ဒီစကားကို ပြောလိုက်ခြင်းဖြစ်သည်။ ကျနော့်ဘော်ဒါကတော့ ခေါင်းကိုသာ ခါယမ်းနေသည်။
“ချစ် ကိုယ်တို့ .. လက်ထက်ကြရအောင်”
ဆိုင်းမဆင့်ဗုံမဆင့်ဘဲ ပြောချလိုက်တဲ့ ကျနော့်စကားကြောင့် သူ အံ့အားသင့်သွားပုံရသည်။
“ကိုရယ် .. ဘာမှလည်း အဆင်သင့်မဖြစ်သေးဘဲနဲ့”
အာလူးကြော်ကို တဂျွတ်ဂျွတ်ဝါးရင်း သူက ခပ်ပေါ့ပေါ့ပဲ ပြန်ပြောသည်။ ကျနော်ကတော့ ..
“ဒါပေမဲ့ အခြားသူတွေလည်း ဒီလိုပဲ ရုန်းကန်နေကြတာပဲလေ။ နှစ်ယောက်အတူတူဆိုရင်ပိုပြီးတော့များ ကောင်းမလားလို့”
သူက နည်းနည်းတော့ စဉ်းစားသွားသည်။ ပြီးတော့ ..
“အင်း .. ယူမယ်လေ”
သူ့ဘက်ကတော့ မင်္ဂလာကိစ္စအတွက် ကြီးကြီးမားမားတောင်းဆိုတာမျိုးမရှိ။
ဆိုရရင် ကျနော့်ချစ်သူက အစားအသောက်သောင်းကျန်းတာကလွဲရင် ကျန်တာတွေကို သိပ်ပြီးအလေးအနက်ထားတာမျိုးမရှိ။ အခုလည်း မင်္ဂလာဆောင်တာကို ကြီးကြီးကျယ်ကျယ်တွေဘာတွေလည်း ခေါင်းထဲရှိပုံမရ။ အဲဒီတော့ ကျနော်ကပဲ သင့်တော်သလို အားလုံးစီမံလိုက်သည်။
“ကိုကို .. အိမ်ခွဲနေကြရအောင်”
မင်္ဂလာဆောင်ပြီး နှစ်ပတ်အကြာမှာ .. သူ့ဘက်က တောင်းဆိုခြင်းဖြစ်သည်။
“ဘာလို့လဲ .. ချစ် .. အမေတို့နဲ့အဆင်မပြေလို့လား”
“ပြေပါတယ် .. လွတ်လွတ်လပ်လပ်နေချင်လို့”
ဒါတော့ ဖြည့်ဆည်းပေးရမယ်လို့ ကျနော်တွေးလိုက်သည်။ အဲဒါနဲ့ အိမ်ခွဲနေဖို့ အိမ်လေးတစ်လုံးငှားလိုက်သည်။ မနက်မိုးလင်းအလုပ်အတူတူသွား၊ ညနေအလုပ်အတူတူပြန်နှင့် တော်တော်လေးအဆင်ပြေနေသည်။ အလုပ်ကလည်း လစာလေးတွေ တိုးလာသလို၊ ကျနော့်မိန်းမဖြစ်သွားတဲ့သူကလည်း အရင်လို အစားအသောက်သိပ်ပြီးမသောင်းကျန်းတော့။ ဒါပေမဲ့ .. ပြဿနာတစ်ခုက .. ဝင်ငွေက မလောက်ငှခြင်းပင်။
“ချစ်... အခုမှ ၁၈ရက်ပဲ ရှိသေးတယ် ..ပိုက်ဆံက ပြတ်သွားပြီလား”
“ဟုတ်တယ် .. ကို .. ဘယ်လိုလုပ်မလဲ”
ကျနော့်စိတ်ထဲတော့ သိပ်ဘဝင်မကျ။ ကျနော်ပေးတာတွေက မနည်း။ ဒါတောင် လကုန်ပြီးနှစ်ပတ်အကျော်မှာတင် ပိုက်ဆံပြတ်သွားတယ်ဆိုတော့ .. တခုခုတော့ လွဲမှားနေပြီ။
“ချစ် .. ဘာတွေ သုံးလို့လဲ”
သူ့ဘက်က ဘာမှပြန်မပြော။ ကျနော်လည်း .. စိတ်ထဲမှာတော့ ထင့် သွားသည်။
“ဖြေလေ .. ချစ် .. ဘာတွေ မဟုတ်တာလုပ်ထားလို့လဲ"
“ကို.. နော် ..”
ပြဿနာတခုခုတော့ရှိနေပြီဆိုတာကို ကျနော်ရိပ်မိသွားသည်။ ဒါပေမဲ့ သူ့ဘက်က အဲဒီပြဿနာကို ထုတ်ပြောမှဖြစ်မည်။
“ကဲ .. ပြော.. ဘာပြဿနာရှိလို့လဲ .. ကိုကို ဖြေရှင်းပေးမယ်”
သူ့မျက်ဝန်းထဲက မျက်ရည်တွေကို ကျနော်တွေ့ရသည်။ ပြီးတော့ နောင်တရနေတဲ့ ပုံမျိုးလည်း တွေ့ရသည်။ ကျနော့်ရင်တွေ ဗလောင်ဆူအောင် ပူလောင်သွားသည်။ သူ ဘာတွေများ မဟုတ်တာ လုပ်ထားတာလဲဆိုတဲ့ အတွေးက တော်တော်လေးကို ခံရခက်စေသည်။
“ပြောပါ ... ချစ်ရယ် .. ဘာပြဿနာရှိလို့လဲ ..”
“ဝုန်း ..” ဆိုပြီး ဘာမှပြန်မပြောဘဲ အခန်းတံခါးကို ဆွဲပိတ်သွားသည်။
ကျနော့်အနေနှင့် စုံစမ်းမှဖြစ်တော့မည်။ သူ့ရုံးကို လိုက်သွားသည်။ အဲဒီနေ့က သူက ရုံးမတက်ဘူးဆိုပြီး ခွင့်တိုင်ထားတာကြောင့် ကျနော်က သွားစုံစမ်းခြင်းဖြစ်သည်။
“ကျွန်မပြောတယ်လို့တော့ ပြန်မပြောနဲ့နော်”
“အင်းပါ..”
“သူ .. ဒီရုံးမှာ ကောင်လေးတစ်ယောက်နဲ့ .. ထမင်းစားချိန်တွေဆိုရင် .. တိုးတိုးပြောနေတာကိုတော့ ခဏခဏတွေ့ရတယ်”
“အခု .. အဲဒီကောင်လေးရော”
“အင်း .. သူ့ကိုလည်း မတွေ့မိဘူး”
ကျနော် .. စိတ်ထဲမှာ တခုခုကို သဘောပေါက်သွားသည်။ ဖုန်းခေါ်လိုက်သည်။
“ချစ် .. ဘယ်မှာလဲ”
“အခု ... အပြင် ခဏရောက်နေတယ်”
“ဘယ်မှာလဲဆိုတာပဲပြော”
ကျနော့်ရဲ့ ဒေါသသံကြောင့် .. သူ လန့်သွားပုံရသည်။
“ကိုကို .. ဘာလုပ်မလို့လဲ”
“ပြန်မမေးနဲ့ .. ပြဿနာကို ဒီနေ့အပြတ်ရှင်းမယ်.. အခု နေရာပြော”
အဲဒီအချိန်မှာပဲ သူ့ ဖုန်းကို ယောကျ်ားတစ်ယောက်က ယူကိုင်လိုက်ပြီး ..
“နေရာ က XXXXX မှာ”
ကျနော့် ဒေါသတွေက အထွဋ်အထိပ်ကိုရောက်သွားသည်။
သူတို့နှစ်ယောက်က ကော်ဖီဆိုင်မှာ။ ကျနော့်မိန်းမက ငိုထားပုံရသည်။
“မင်းက .. သူနဲ့တရုံးထဲကောင်လား”
“ဟုတ်တယ် .. “
“ခွေးသဒေါင်းဇား .. “
ကျနော် ဒေါသထွက်ထွက်နှင့် ထိုးချပစ်လိုက်သည်။
“ဟင် .. ကိုကို .. ဘာလုပ်တာလဲ...”
“နင်က .. နင့်လင်ငယ်ကို ထိ လို့ နာတာလား”
“ဟာ .. ကို ... ဘာတွေဖြစ်ပြောနေတာလဲ”
အထိုးခံရတဲ့ကောင်ကလည်း ..
“ဟာ .. ခင်ဗျား ဘာတွေ ပြောနေတာလဲဗျ”
“ငါအကုန် သိပြီးပြီ .. မင်းတို့နှစ်ယောက် ရုံးထဲမှာ ခိုးတွဲနေကြတာလေ”
“ဟာ .ဗျာ .. အစ်မ ရှင်းဦး”
“ကိုကို မှားနေပြီ .. “
“ကဲ .. ပြော .. ဘာမှားတာလဲ”
“ချစ်က .. သူ့ကို အကြွေးပေးစရာရှိလို့”
“အမ် .. “
“ဟုတ်တယ် .. ချစ် .. စလော့ဂိမ်းတွေ ဆော့ပြီး အရှုံးအရမ်းများနေတာ”
“အဲဒါ သူ့ဆီက ချေးထားတာပေါ့”
“မဟုတ်ဘူး .. သူက အေးဂျင့် .. အခုနောက်ပိုင်း အကြွေးတွေပါဆော့မိနေလို့”
“ခင်ဗျား... မိန်းမကြောင့် .. ကျနော်လည်း အပေါ်ဒိုင်နဲ့ဘယ်လိုရှင်းရမလဲမသိဘူး .. ကျနော် ကြားထဲက အာမခံပေးထားတာဗျ”
“ဟင် .. ဒါဆို မင်းတို့က ဖောက်ပြန်နေတာမဟုတ်ဘူးပေါ့”
“ခင်ဗျားမိန်းမလို လောင်းကစားသမားကို ကျနော်က စိတ်တောင်မဝင်စားဘူး”
ဖောက်ပြန်နေတာမဟုတ်တဲ့အတွက် ကျနော့်အနေနဲ့ အနည်းငယ် စိတ်အေးသွားရသည်။ ဒါပေမဲ့ .. ကျနော် သိချင်တာ တစ်ခုလည်း ရှိလာသည်။
“ချစ်က .. ဘယ်တုန်းကတည်းက လောင်းကစားကို စွဲလန်းနေတာလဲ”
“ကိုကိုနဲ့ မတွဲခင်ကတည်းက ..”
ကျနော့်စိတ်ထဲ ဘဝင်မကျစရာတစ်ခုရှိလာသည်။
“အဲဒါဆို .. ကိုကို့ ကို လက်ထပ်ခဲ့တာက .. သေချာစဉ်းစားပြီး ဆုံးဖြတ်ခဲ့တာရော ဟုတ်ရဲ့လား”
သူက ပြန်မဖြေ။ ကျနော် က ထပ်ခါထပ်ခါမေးတော့ ..
“ကိုကို စိတ်မဆိုးဘူးလို့ ကတိပေး”
“ပေးတယ် ..ပေးတယ် .. ပြော”
“အဲဒီတုန်းကတည်းက အကြွေးဝိုင်းနေတာ။ အဲဒါ မင်္ဂလာဆောင်လိုက်ရင် ရုံးက ဖွဲ့တဲ့လက်ဖွဲ့တွေနဲ့ အကြွေးဆပ်ဖို့ ရည်ရွယ်လိုက်တာ.... ကိုကို ကိုတော့ တကယ်ချစ်တာပါ”
ကျနော် .. ဘာမှ ဆက်မပြောနိုင်။
“ဒါနဲ့ .. အကြွေးက ဘယ်လောက်လဲ”
“သိန်းနှစ်ဆယ် .. “
တဖက်လူကို ထိုးမိတဲ့အတွက်ရော၊ အကြွေးအတွက်ရော ကျေလည်အောင် တောင်းပန်လိုက်ရသည်။
“ချစ် ... နောက်တခါ စလော့ဂိမ်းတွေ မဆော့တော့ပါဘူးလို့ ကတိပေး”
သူက ခေါင်းညိမ့်သည်။ ပြီးတော့ ..
“ကိုကို .. “
“ပြော ...”
“ကလေးယူကြရအောင်”
“ဘာလို့လဲ..”
“ချစ် .. စလော့ဂိမ်းတွေမဆော့မိအောင်လို့ .. မကြာမကြာကလေးမွေးနေရင်ကောင်းမလားလို့”
ကျနော့်မှာ ဟိုစကားပုံကိုသာ သွားသတိရမိတော့သည်။ ဆုပ်လည်းဆူး၊ စားလည်းရူး ဆိုတဲ့စကားပုံပေါ့။
ကျနော့်မိန်းမ စလော့ဂိမ်းတွေဘက် စိတ်ပြန်မလည်သွားဖို့ .. ကလေးတွေအများကြီးမွေးဖို့ ကြိုးစားရတော့မှာပါလား။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg