မှတစ်ပါး........(အပိုင်း -၁၄)
lotaya.mpt.com.mm
|
2023-07-30

Part – 14

အခန်းလေးထဲတွင် အနေအထားက ငြိမ်သက်တိတ်ဆိတ်နေပေမယ့် အချိန်မရွေးထပေါက်ကွဲတော့မည့် ခံစားမှုကို နှစ်​ယောက်စလုံး ပြင်းပြင်းထန်ထန် သိရှိနေ၏။ သမုဒယ မောင့်အနားတိုးကပ်သွားရင်းမှ လက်မောင်းကြီးကို အသာဆုပ်ကိုင်ကာ.....

" မောင်...."

ဆတ်ခနဲနေအောင် သမုဒယ၏လက်ကို ဖယ်ထုတ်ပစ်ရင်း ငဲ့ကြည့်လာသည့် မောင့်မျက်ဝန်းတွေထဲ မောင့်ဒေါသကို အထင်းသားမြင်တွေ့လိုက်ရသည်။ 

" မင်းကို ငါ ကလေးမယူဖို့ အသေအချာပြောထားတယ် မဟုတ်လား။ "

သမုဒယ နှုတ်ခမ်းလေးတင်းတင်းစေ့မိသွား၏။ ရာဇဘွားက သမုဒယကို အကဲခတ်သလိုကြည့်လာရင်း....

" မေမေယူခိုင်းတာလား...."

ဒီကိစ္စမှာ မေမေ့ပယောဂပါသည်ဆိုတာ သူကျိန်းသေသိသည်။

" သမုဒယလဲ လိုချင်တယ် မောင်......"

" ဘာ!"

သမုဒယ အံကိုတင်းခနဲကြိတ်မိ၏။

" ဟုတ်တယ်.....မောင့်ရင်သွေးကို သမုဒယလဲ လွယ်မွေးချင်တယ်။ မောင်က မောင့်သွေးသားကိုပဲ မောင်ချစ်တာလေ။ "

ရာဇဘွား အံကိုတင်းခနဲကြိတ်မိရင်းမှ ခေါင်းကိုတဆတ်ဆတ်ညိတ်မိသည်။ ကောင်းပြီလေ....ဒီလမ်းကို မင်းပဲရွေးချယ်တာ ။ ငါ့အလွန် မဟုတ်ဘူး။

" ကောင်းပြီလေ.....မင်း ရွေးချယ်တဲ့လမ်းပဲပေါ့။ "

သမုဒယမျက်နှာလေးတင်းခနဲ ဖြစ်သွားရင်းမှ အခန်းထဲကနေ ထွက်သွားရန်ပြင်နေသည့် မောင့်လက်ကို ကပျာကယာ ဖမ်းဆွဲလိုက်သည်။ 

" ဒါ ဘာသဘောလဲ.....မောင် ဘာအဓိပ္ပါယ်လဲ။ သမုဒယမွေးရင်လဲ မောင့်သွေးသားပဲလေ။ "

ရာဇဘွား လက်ကိုဆောင့်ရုန်းပစ်ရင်းမှ.....

" မတူဘူးကွ......မင်း နဲ့ ကြွယ် မတူဘူး။ ဟုတ်တယ်....ငါမင်းကိုချစ်တယ် ကြွယ့်ကိုမချစ်ဘူး။ ကြွယ်က ပညာတတ်၊ လှတယ် ထက်တယ်၊မျိုးရိုးကောင်းတယ်...စိတ်ထားလဲပြည့်ဝတယ်။ သူနဲ့ငါ့သွေးသားက ဘယ်လောက်အဖိုးတန်မလဲ မင်းတွေးကြည့်......"

" ဘာ....မောင် ဘာပြောတယ်။ "

ရာဇဘွား နှုတ်ခမ်းကိုမဲ့ချလိုက်ရင်းမှ သမုဒယမျက်နှာကို စူးစိုက်ကြည့်မိ၏။

" မင်းကရော.....မင်းက ငါ့ရဲ့တရားဝင်ဇနီးတောင် မဟုတ်ဘူးလေ..... မင်းသာငါ့ရင်သွေးလွယ်မွေးရင် ဒီပတ်ဝန်းကျင်၊ဒီမြို့မှာ ငါ့သိက္ခာကရော.....ငါရော၊ငါ့သမီးကိုပါ ထိခိုက်လာမှာ။ အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကိုတောင် မြူစွယ်ဖောက်ပြန်ရဲတဲ့ မင်း....ငါ့ကြွယ်ဝမှုကို မင်းက သဘောကျတာပါ။ "

" မောင့်! "

မခံမရပ်နိုင်ခြင်းကြီးစွာ ကြုံးအော်သံနဲ့အတူ သမုဒယ၏လက်တစ်ဖက်က မြောက်တက်လာသဖြင့် ရာဇဘွား ဆတ်ခနဲပုတ်ချလိုက်ရင်း လက်ပြန်ရိုက်ချပစ်၏။ ကြမ်းပြင်ထက်ခွေကျသွားသည့် သမုဒယကို စူးစိုက်ကြည့်ရင်းမှ....

" ကြွယ်ရှိလျက်နဲ့တောင် မင်းငါနဲ့ဖောက်ပြန်ခဲ့တယ်လေ....သူများယောကျာ်းပါလားဆိုပြီး မင်းရှက်တတ်ခဲ့လား....ဟီရိသြတ္တပ တဲ့။ ဟီရိဆိုတဲ့ အရှက်မရှိရင် သြတ္တပဆိုတဲ့ အကြောက်တရားလဲမရှိတတ်ကြဘူး။ အေး......မကြောက်တတ်တဲ့လူက ဘာမဆိုလုပ်နိုင်တာမို့ ကြောက်စရာအကောင်းဆုံးပဲ။ အဲ့လိုမိန်းမက ငါ့သွေးသားကိုမွေးမယ် ဟုတ်လား......ငါခွင့်မပြုဘူး။ "

ပြတ်ပြတ်သားသားပြောကာ အခန်းထဲမှ ထွက်သွားသည့် သူ့ကိုကြည့်ရင်း သမုဒယ ဒေါသထွက်လွန်း၍ နှုတ်ခမ်းတွေပင် တဆတ်ဆတ်တုန်လာရသည်။ အံကိုတင်းခနဲကြိတ်မိရင်းမှ အနီးအနားရှိပစ္စည်းတွေအား ပစ်ပေါက်ဖျက်ဆီးကာ ဒေါသတကြီး အော်ဟစ်မိ၏။ 

ကြည့်နေလိုက်ပါ.....ဒီကလေးကို ရအောင်မွေးပြမယ်။

@@@@@@@@@@@@

" ဖေဂျီး.....မီးက မောင်ယေး ရမှာလားဟင်။ "

အလုပ်ကပြန်လာပြီး သမီးနဲ့အတူဆော့ပေးနေစဥ် သမီးဆီမှထွက်လာသည့်စကားကြောင့် ရာဇဘွား အံ့အားသင့်သွားရ၏။ 

" သမီးကို ဘယ်သူပြောတာလဲ။ "

" ဖွားဖွားဂျီး...."

ရာဇဘွား၏နှုတ်ခမ်းတွေစေ့သွားရင်းမှ ဟင်းခနဲ သက်ပြင်းချမိ၏။ အမေကတော့ သူ့ကို ဒုက္ခပေးပြန်ပြီဖြစ်သည်။

" သမီးမှာ မောင်လေး မရှိပါဘူးဗျာ.....ဖွားဖွားက သမီးကို စနောက်နေတာ။ "

သူ့စကားကိုကြားတော့ နှုတ်ခမ်းလေးထော်ကာ စဥ်းစားရင်း.....

" တီတီက ပြောတယ်.....သူ့ဗိုက်ထဲမှာ ကလေးလေးရှိတယ်တဲ့.....ဖေဂျီးက အရမ်းချစ်မှာဆို .....မီးမီးထက်ပိုချစ်သွားမှာလား။ "

ကျစ်.....ဒီမိန်းမတော့။

သမီးရှေ့မှာမို့ သူ ဟန်ဆောင်ပြုံးလိုက်ရင်းမှ....

" ဘယ်ကသာဗျာ.....ဖေကြီးသမီးလေးကို အချစ်ဆုံး။ ဘယ်မောင်လေးမှ သမီးနေရာကို မလုစေရဘူး။ "

အခုမှ စိတ်ကျေနပ်သွားဟန်ရသည့် သမီးကိုကြည့်ရင်း သူ စိတ်ချမ်းသာသွားရသည်။ 

" မူမူ....မူမူရေ သမီးနဲ့လာဆော့ပေးလိုက်စမ်း။ "

သမီးအနား မူမူရောက်လာသည်နှင့် သူမေမေ့အခန်းဆီ လျှောက်လာခဲ့သည်။ မေမေက သမုဒယ၏ ကလေးကို ယောကျာ်းလေးဖြစ်နေဖို့မျှော်လင့်ပြီး လက်ခံနေသည်။ သူဒီကိစ္စကိုရှင်းရမည်ပင်။

ဒေါ်ပုလဲသီ အခန်းတံခါးပင်မခေါက်ပဲ ကမူးရှုးထိုးဝင်လာသည့် သားဖြစ်သူကို ကြည့်ကာ မျက်မှောင်ကျုံ့မိသွား၏။

" မင်းမှာ ယဥ်ကျေးမှုပါ မရှိတော့ဘူးလား ရာဇဘွား။ သူများအခန်းထဲဝင်ချင်ရင် တံခါးခေါက်ပြီး အရင်ခွင့်တောင်းရတယ်။ "

" မေမေ သမုဒယကိုယ်ဝန်ကိစ္စကို ရှင်းလိုက်ပါ။ "

ဒေါ်ပုလဲသီ မျက်မှောင်ကျုံ့သွားရင်းမှ....

" မင်း ဘာဖြစ်နေလဲ ရာဇဘွား။ "

" အဲ့ကလေးမွေးလာလို့ မဖြစ်ဘူး။ ကျွန်တော့်ဂုဏ်သိက္ခာရှိသေးတယ်....မြို့ကလူတွေ သိသွားရင်...."

" ဘာဖြစ်လဲ.....သိသွားရင်ဘာဖြစ်မှာလဲ။ ရာဇဘွား......မင်း ငါ့ကိုဆင်ခြေတွေ လာမပေးနဲ့။ မင်း ကိုယ့်မိန်းမအပေါ်မှာ သစ္စာမရှိပဲဖောက်ပြန်တာ မြို့ကလူတွေအကုန်သိတယ်။ မိန်းမသေပြီးတာနဲ့အပျော်မယားကို အိမ်ပေါ်ခေါ်တင်လိုက်တာလဲ မြို့ကလူတွေ အကုန်လုံးသိတယ်။ အခုမှ ဘာထဖြစ်နေတာတုန်း။ "

ရာဇဘွား အံကိုတင်းခနဲ ကြိတ်မိ၏။

" မင်း မချစ်ပါဘူးဆိုတဲ့ လှလွန်းကြွယ်မွေးတဲ့ ကလေးကိုတောင် ချစ်နိုင်သေးတာပဲ။ "

ဒေါ်ပုလဲသီစကားကြောင့် သူ ခပ်ရွဲ့ရွဲ့ပြုံးမိ၏။ 

" အမေ သိလား.....ကျွန်တော် အမေ့ကို သည်းခံလာရတာ များနေပြီ။ အရာရာတိုင်းမှာ အမေ့စိတ်၊အမေ့သဘောနဲ့ အမေပဲမှန်တယ်ဆိုတဲ့ စိတ်ပျက်စရာအတွေးအခေါ်အယူအဆတွေ....."

" ရာဇဘွား....."

ကြုံးအော်လိုက်သည့် ဒေါ်ပုလဲသီကိုကြည့်ပြီး ရာဇဘွား ခပ်လှောင်လှောင်ပြုံးလာ၏။

" အမေ မသိသေးတာပါ ထပ်ပြောလိုက်မယ်......သမုဒယ.....အဲ့မိန်းမဗိုက်ထဲက ကလေးက ကျွန်တော့်ကလေး မဟုတ်ဘူး။ "

ဒေါ်ပုလဲသီ အလန့်တကြားဖြစ်သွားရင်းမှ....

" ဒါ....ဒါဆို ဘယ်သူ့ကလေး....."

" အမေ အဲ့ကလေးကို မရှင်းဘူးဆိုရင် ကျွန်တော်ရှင်းပစ်မှာ....."

အခန်းထဲမှ ထွက်သွားသည့် သားဖြစ်သူကိုကြည့်ရင်း ဒေါ်ပုလဲသီ ကြိမ်ကုလားထိုင်ပေါ် ပြန်ထိုင်ကျသွားရသည်။ ဘုရားရေ.....ဘာတွေဖြစ်ကုန်တာပါလိမ့်။ 

@@@@@@@@@@

ရာဇဘွား ငြိမ်ငြိမ်လေးထိုင်ဆော့နေသည့် သမီးကိုကြည့်ရင်းမှ အနားဝင်ထိုင်ကာ....

" သမီးလေး.....ငြိမ်နေပါလား ဖေကြီးသမီးလေးက။ "

" ဖေဂျီး......မီး နာတယ်။ "

" ဟင်!"

မျက်နှာလေးရှူံ့မဲ့နေသည့် သမီးကြောင့် သူ သမီးနဖူးလေးကိုအသာစမ်းကြည့်မိတော့ ပူခြစ်တောက်နေတာမို့ ရင်ထဲဒိန်းခနဲဆောင့်သွားရ၏။ 

" သမီးးးးးဟာ...ကိုယ်တွေပူနေတာပဲ။ သမုဒယ.....သမုဒယ.....မူမူ......အကုန်ဘယ်သွားသေနေကြတုန်း။ "

သမီးကိုယ်လေးကို ပွေ့ချီကာ ရင်ခွင်ထဲထည့်ချီလိုက်ရင်းမှ အခန်းထဲဝင်လာကာ အိပ်ယာထက်လှဲသိပ်ရင်း အနောက်ကနေရောက်လာကြသည့် သမုဒယနှင့်မူမူ့ကို စူးခနဲစိုက်ကြည့်မိသည်။ 

" ကလေးဖျားနေတယ်.....နင်တို့ဘာတွေလုပ်နေကြတာလဲ...ဟမ်။ သမုဒယ.....သမီးဒီလောက် ကိုယ်တွေပူနေတာ မင်းမသိဘူးလား။ "

သမုဒယက ရာဇဘွားကို ငေးစိုက်ကြည့်နေရာမှ ခပ်အေးအေးပြုံးရင်း ပြန်ဖြေလာသည်။

" ကလေးပဲ..... ဖျားနာတာရှိတယ်လေ။ ပြီးတော့ ကိုယ့်ဘာသာတောင် မပေါ့မပါးကြီးနဲ့ မောင့်သမီးကိုမောင်ဂရုစိုက်ပေါ့။ "

ကြည့်စမ်း.... ဒီစကားက သူ့ကိုစိန်ခေါ်လိုက်တာပင်။ ရာဇဘွား ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ရင်းမှ.....

" ကောင်းပြီလေ.....မူမူ....ဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်။ "

ဆရာဝန်ကြီးရောက်လာပြီး သမီးကိုကြည့်ပေးပေမယ့် အဖျားကချက်ချင်းမကျချေ။ သူလဲတစ်ညလုံး မအိပ်ရသလို ရေပက်တင်ပေးလိုက် သမီးနဖူးလေးစမ်းလိုက်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်ရသည်။ နှာတွေပါစေးပြီး နှပ်တွေပိတ်နေတာမို့ သမီးခမျာ အသက်ရှူရတာ ပါးစပ်ကလေးပင်တဟဟ။ 

" ချစ်သမီးလေးက နှာတွေအရမ်းပိတ်နေတာ။ "

မူမူက လက်ကိုင်ပုဝါဖြင့် နှပ်ခဏခဏညှစ်ပေးနေရတာ သမီးဆိုနှာခေါင်းလေးတွေပင် နာရှာနေပြီမို့ သူလက်ကာပြလိုက်ရင်း.....

" ဟဲ့....အရမ်းအရမ်းလုပ်မနေနဲ့။ ဖယ်စမ်းပါ....."

ရာဇဘွား အိပ်ငိုက်နေသည့်သမီးနှာခေါင်းလေးကိုကြည့်ရင်း နီရဲနေပြီမို့ သနားသွားရသည်။လက်ဖြင့်ညှစ်လျှင် နာနေဦးမည်မို့ နှာခေါင်းထဲမှနှပ်တွေအား ပါးစပ်ဖြင့်စုပ်ထုတ်ပေး၏။ မရွံသလို သူ့စိတ်ထဲ သူ့သမီးလေးသက်သာဖို့သာ စိတ်ထဲရှိ၏။ 

သမုဒယ.....သူ့သမီးကို တစ်ချက်လာမကြည့်သလို သူ့ကိုဆန္ဒပြနေတာမို့ သူ့အတွက် ဘာလုပ်ရမည်ဆိုတာကို ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သည်။ 

@@@@@@@@@@@@@@@@@@@@@@

To be continue P - 15

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ


#LTY_အနမ်းခြွေ
#မျက်နှာ
#အခန်း
#အနာ
#ပုလဲ

Some text some message..