အဖြူရောင်ကောင်းကင် - အပိုင်း (၃)
lotaya.mpt.com.mm
|
2023-08-18

အပိုင်း (၃)

"အခုပဲ ကြော်ငြာတစ်ခုတက်လာတယ်၊ အကိုဘသိန်း"

အခန်းထဲသို့ ညီမဖြစ်သူ မြထွေးက ဝင်လာခဲ့လေသည်။ ဘသိန်းက နှစ်ယောက်ထိုင်ဆိုဖာတစ်ခုပေါ်တွင် လှဲလျက် မျက်နှာကို ဦးထုပ်နှင့်အုပ်ထားသည်။ မြထွေးစကားကြားပြီးသော်လည်း ဘသိန်းက တုတ်တုတ်မျှမလှုပ်သဖြင့်် မြထွေးက ဘသိန်းအနီးသို့ရောက်လာပြီး ဘသိန်း၏ ဦးထုပ်ကိုဆွဲလှန်လိုက်သည်။

"နင်ပြောတာ ငါကြားပါတယ်ဟ၊ ဆက်ပြောစမ်းပါ"

"မသိပါဘူး၊ ညီမကတော့ အကိုကြီးသေများသေသွားပြီလားလို့"

ဘသိန်းက ငုတ်တုတ်ကောက်ထိုင်လိုက်ပြီး သူ့အရှေ့စားပွဲခုံတွင် တင်ထားသည့် ဆေးလိပ်ပြာခွက်ထဲမှ သောက်လက်စဆေးပြင်းလိပ်ကြီးတစ်လိပ်ကို ကောက်ယူလိုက်လေသည်။ ထို့နောက် ဇစ်ပိုမီးခြစ်တစ်ခုကို အင်္ကျီအိတ်အတွင်းမှထုတ်လိုက်ပြီး ဆေးပြင်းလိပ်ကို မီးညှိလိုက်လေသည်။

"ပြောစမ်းပါဦး၊ ဘာကြော်ငြာလဲ"

မြထွေးက စာရွက်တစ်ရွက်ကို စားပွဲပေါ်သို့ချပြလိုက်သည်။ ဘသိန်းက ဆေးပြင်းလိပ်ကို ခဲရင်း စားပွဲပေါ်မှစာရွက်ကိုလှမ်းယူကြည့်လိုက်သည်။

"အသေရရ၊ အရှင်ရရ၊ သိန်းသုံးရာဆိုပါလားဟ"

ဘသိန်းက ရေရွတ်လိုက်သည်။ မြထွေးကပြုံးလိုက်ပြီးနောက်

"အကိုကြီးပဲ ငါးအကြီးကြီးတစ်ကောင်ဖမ်းချင်တယ်ဆိုရှင့်၊ အခုငါးတွေ့နေပြီမဟုတ်လား"

ဘသိန်းက ဆိုဖာခုံပေါ်သို့ ပြန်လည်လှဲချလိုက်သည်။

"ဒီသိန်းသုံးရာလောက်နဲ့တော့ ငါမလှုပ်ရှားဘူးဟာ၊ ငါ့ကို သိန်းတစ်ထောင်လောက်တန်တဲ့ ငါးတစ်ကောင်လောက်ရှာပေးစမ်းပါ"

မြထွေးက သူ့အကိုကြီးကို မျက်စောင်းထိုးလိုက်သည်။

"အကိုကြီးကတော့ ဟိုဟာဆိုရင် နည်းတယ်၊ ဒီဟာဆိုရင်လည်း နည်းတယ်နဲ့၊ အခုတော့ ဒီခုံမှာပဲအိပ်နေခဲ့တာ ငါးလကျော်ပြီမဟုတ်လား"

ထိုစဉ် သူတို့အခန်းတံခါးကြီးပွင့်ထွက်သွားသည်။ ဘသိန်းက သူ့ချိုင်းအောက်တွင်ထည့်ထားသည့် ခြောက်လုံးပြူးသေနတ်ရှည်ကြီးကိုဆွဲထုတ်လိုက်ပြီးနောက် အခန်းတံခါးဝသို့ထိုးချိန်လိုက်သည်။

"ကျွန်မရှင်တို့နဲ့ ရန်ဖြစ်ဖို့ လာခဲ့တာမဟုတ်ဘူး"

အနက်ရောင်ခြုံလွှာကို ခြုံထားသည့် မိန်းကလေးတစ်ဦးကိုတွေ့လိုက်ရသည်။ အသံကြားသဖြင့်သာ မိန်းကလေးဟုခန့်မှန်းသိလိုက်သော်လည်း သူ့မျက်နှာကိုမမြင်ရပေ၊ အနက်ရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး ခြုံလွှာကိုလဲ ခပ်ငိုက်ငိုက်ဆောင်းထားသည့်အတွက် မည်သူမည်ဝါမှန်း မသိနိုင်ပေ။

"ရန်မဖြစ်ချင်ဘူးဆိုရင် အခန်းတံခါးဝမှာ လူခေါ်ဘဲလ်တပ်ထားတယ်လေ"

"ရှင်တို့လန့်သွားတယ်ဆို တောင်းပန်ပါတယ်ရှင်"

ထိုမိန်းကလေးက ဆိုဖာကိုကြည့်လိုက်သည်။ ဆိုဖာခုံများ အများအပြားရှိသော်လည်း အမှိုက်များ၊ သတင်းစာစက္ကူများနှင့် စားကြွင်းစားကျန်ပန်းကန်များက နေရာယူထားလေသည်။

"ဒီမှာ မြထွေး၊ ကျေးဇူးပြုပြီး ဒီခုံကိုရှင်းပေးနိုင်မလား၊ ကျွန်မဒီခုံမှာ ထိုင်ချင်လို့"

မြထွေးအံ့သြသွားလေသည်။ သူတို့ဆီလာသည့်ဧည့်သည်က သူ့နာမည်ကို မမေးဘဲသိနှင့်နေပြီဖြစ်သည်။ မြထွေးလည်း ဘသိန်းနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာမှ စာအုပ်များနှင့် သတင်းစာများကိုရှင်းလင်းပေးလိုက်သည့်အခါ ထိုမိန်းကလေးက ဆိုဖာခုံတွင် ထိုင်လိုက်လေသည်။

"ရှင်တို့ဆီလာတဲ့ အမှုသည်ကို ရှင်တို့အဲဒီလိုပဲ ကြိုဆိုနေကျပဲလား၊ ဒါကြောင့်လည်း ရှင်တို့အလုပ်မရှိတာနေမယ်"

ဘသိန်းက ငုတ်တုတ်ထိုင်လိုက်ပြီးနောက် သူကိုင်ထားသည့် ခြောက်လူးပြူးသေနတ်ကြီးကို နှစ်ပတ်ခန့်လှည့်လိုက်ပြီးချိုင်းကြားရှိ သေနတ်လွယ်သည့်အိတ်ထဲသို့ ပြန်လည်ထိုးထည့်လိုက်သည်။ မြထွေးက အိမ်နောက်ဘက်သို့ဝင်သွားလေသည်။

"ကောင်းပြီ၊ မင်းဘာလိုချင်တာလဲ"

"လူမုဆိုးဆီကို လာတယ်ဆိုမှတော့ လူတစ်ယောက်လိုချင်လို့ပေါ့ရှင်"

ထိုမိန်းကလေးက အိတ်အတွင်းမှ ဖုန်းတစ်လုံးကိုထုတ်လိုက်ကာ ဘသိန်းရှေ့ရှိ ဆက်တီစားပွဲခုံကလေးပေါ် တွင်ချပေးလိုက်သည်။ ဖုန်းတွင် အသင့်ရှိနေသည့် ဗွီဒီယိုကလေးကို ဖွင့်ပြလိုက်သည်။ ဗွီဒီယိုထဲတွင် ကောင်လေးတစ်ယောက်က ဆိုင်တစ်ခုအတွင်းတွင် လူမိုက်များနှင့် တိုက်ခိုက်နေသည်ကိုတွေ့လိုက်ရသည်။ ဘသိန်းကကြည့်နေရင်းခေါင်းညိတ်လိုက်သည်။

"အဲဒီကောင်လေးက သိန်းသုံးရာတန်တဲ့ကောင်လေးမဟုတ်လား၊ ကျုပ် အဲဒီလောက်ပမာဏကို စိတ်မဝင်စားဘူး"

ဘသိန်းက ဖုန်းကို ထိုမိန်းကလေးဆီသို့ ပြန်တွန်းထုတ်ပေးလိုက်သည်။ ထိုမိန်းကလေးက

"ရှင်နဲ့ဈေးစကားမပြောရသေးပါဘူးရှင်"

"ကောင်းပြီလေ၊ မင်းဘယ်လောက်ပိုပေးမလဲ"

"ရှင်ပြောကြည့်လေ၊ ရှင်နံပါတ်တစ်ခုပြောကြည့်"

ဘသိန်းစဉ်းစားရခက်နေသည်။ ထို့ကြောင့် လက်သုံးချောင်းထောင်လိုက်ပြီး

"သန်းသုံးရာ"

"ချလွင်"

ခွက်တစ်ခုကျကွဲသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ မြထွေးဖြစ်နေသည်။ မြထွေးက ဧည့်သည်အားတိုက်ရန်အတွက် ကော်ဖီသွားဖျော်နေခြင်းဖြစ်သည်။ ထို့နောက် ဘသိန်းအနီးသို့ပြေးလာလေသည်။ ဘသိန်းအနီးသို့တိုးကပ်လိုက်ကာ

"အကိုကြီးရာ၊ သူ့ကိုဈေးအများကြီးခေါ်လို့ သူက ငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ၊ သိန်းငါးရာလောက်ခေါ်ရင်တော်ပြီပေါ့"

သူတို့တိုင်ပင်နေသည်ကို မိန်းကလေးက ကြားလား၊ မကြားလားတော့မပြောတတ်ပေ။

"ကျွန်မလက်ခံတယ်"

မြထွေးအလွန်အံ့သြသွားသည်။ မျက်လုံးလေးများပြူးသွားပြီး ပါးစပ်အဝိုင်းသားဖြစ်သွားသည်။ ဘသိန်းက အံ့သြသွားသော်လည်း မျက်နှာတွင် အမူအရာမဖြစ်အောင် ထိန်းထားလေသည်။

"တကယ်ပြောတာလား"

မြထွေးက ထိုမိန်းကလေးအနီးသို့ပြေးသွားသည်။ ဘသိန်းကတော့ မယုံသည့်ဟန်ဖြင့်

"မင်းက ပါးစပ်နဲ့ပေးနေတာပဲလေကွာ၊ ငါမယုံဘူး၊ မင်းတကယ်ပေးမယ်ဆိုရင် စရံအနေနဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်တော့ ချထားသင့်တယ်"

မိန်းကလေးက ခေါင်းညိတ်လိုက်သည်။

"ရှင်တို့မှာ ဘဏ်အကောင့််ရှိသလား"

"ရှိ၊ ရှိပါတယ်"

မြထွေးကပြောပြီး စားပွဲပေါ်တွင်တင်ထားသည့် QRကုဒ်နံပါတ် ကတ်ပြားကလေးကိုလှမ်းပေးလိုက်သည်။ ထိုမိန်းကလေးက ဖုန်းကိုဖွင့်လိုက်ပြီး တစ်ခုခုနှိပ်နေသည်။ ထို့နောက် ထိုကုဒ်နံပါတ်ကလေးကို Scan ဖတ်လိုက်ပြီးနောက်

"ရှင်မယုံဘူးဆိုရင် ကျွန်မငွေအကြေချေပါ့မယ်"

မြထွေးက သူ့ဖုန်းကိုထုတ်လိုက်ပြီး သူတို့ဘဏ်စာရင်းကိုစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများပြူးသွားပြီး

"အကိုကြီး၊ သန်းသုံးရာ ညီမလေးတို့ ဘဏ်အကောင့်ထဲကိုရောက်လာခဲ့ပြီ"

ဘသိန်းက သွေးအေးအေးနေသော်လည်း သူ့စိတ်ထဲတွင် အတော်ပျော်နေမိသည်။

"ကောင်းပြီလေ၊ ကျုပ်တို့က ဘာလုပ်ပေးရမှာလဲ"

"အဲဒီကောင်လေးကို အရှင်လိုချင်တယ်"

ဘသိန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ဒါနဲ့ ငါတို့က ကောင်လေးကိုတွေ့ပြီဆိုပါစို့ မင်းကိုဘယ်လိုဆက်သွယ်ရမလဲ"

"ရှင့်ကိုဆက်သွယ်ဖို့က မခက်ပါဘူး၊ နေရာတိုင်းမှာ ကျွန်မရဲ့မျက်စိတွေရှိတယ်"

ဘသိန်းက ရယ်မောလိုက်သည်။

"အိမ်သာထဲမှာတော့ မရှိလောက်ပါဘူးနော်၊ ဟား၊ ဟား"

ထိုမိန်းကလေးက မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူ့ဖုန်းအားနှိပ်နေပြန်သည်။ မြထွေးလည်း မသင်္ကာသဖြင့် သူ့ဖုန်းကိုထုတ်ပြီး သူ့အကောင့်ကို စစ်ဆေးလိုက်သည့်အခါတွင် သန်းသုံးရာ သူ့အကောင်ထဲမှ ပြန်ထွက်သွားသည်ကိုတွေ့ရသည်။

"ဘယ်လို၊ ရှင်ဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်မအကောင့်ထဲကငွေတွေကို ရှင်ဘယ်လိုပြန်ထုတ်သွားတာလဲ"

"ဟား၊ ဟား၊ သူများတွေအတွက်က ငွေဆိုပေမယ့် ကျွန်မအတွက်ကတော့ ကိန်းဂဏန်းကလေးတွေပါပဲ၊ ကဲပါ၊ ရှင်တို့လုပ်ရမှာက အဲဒီကလေး ကျွန်မဆီကို ခေါ်လာရမယ်၊ ဒါဆိုရင် ရှင်တို့သန်းသုံးရာရမယ်၊ ရှင့်အတွက်တော့ မခက်ဘူးမဟုတ်လား လူမုဆိုးဘသိန်းရဲ့"

ဘသိန်းက ရယ်မောလိုက်ကာ

"ဟား၊ ဟား၊ လူမုဆိုးဘသိန်းဆိုတဲ့ ကျုပ်နာမည်ဘယ်လောက်ကြီးသလဲဆိုရင် ခင်ဗျားတောင်ကြားဖူးနေပြီပေါ့ဗျာ၊ ဟား၊ ဟား"

ထိုမိန်းကလေးက စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။

"ရှင့် အခန်းတံခါးအရှေ့မှာ ရေးထားတယ်လေ ဘသိန်းရဲ့"

ထိုမိန်းကလေးက အခန်းအတွင်းမှပြန်ထွက်သွားလေသည်။ မြထွေးက ဘသိန်းကိုငေးကြည့်လိုက်သည်။ ဘသိန်းက ဆိုဖာခုံမှ မတ်တပ်ထရပ်လိုက်ပြီး

"မလှုပ်ရှားတာကြာပြီဆိုတော့ အကြောအချင်တွေတောင်မှ တောင့်နေပြီဟ"

ကိုယ်ကိုဘယ်ညာကိုင်းလျက် အကြောများကိုဖြေရှော့နေလေသည်။ လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းပြီး ခါးကိုလှည့်လိုက်သည့်အခါ ခါးအဆစ်မှ တဂျွတ်ဂျွတ်ဖြင့် မြည်သံများထွက်လာလေသည်။

"ကဲ ငါသွားတော့မယ်၊ ဒီငါးကလေးက အရွယ်အစားတော့သေးပေမယ့် ဈေးတော့ကြီးတယ်ဟ၊ နင်အိမ်မှာနေရင်း ဘာသတင်းထူးသလဲဆိုတာ ဆက်ပြီးစောင့်ကြည့်နေ"

ဘသိန်းနှင့်လည်း အခန်းအတွင်းမှထွက်ရန်ပြင်ဆင်လိုက်သည်။။ မြထွေးက ကြမ်းပြင်ပေါ်ကျနေသည့် ဘသိန်း၏ ကောင်းဘွိုင်ဦးထုပ်ကြီးကို ကောက်ယူပြီး လှမ်းပစ်ပေးလိုက်ရာ ဘသိန်းက အသာကလေးဖမ်းယူလိုက်ပြီး ခေါင်းတွင်ခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ ထို့နောက် ဘသိန်းက အိမ်ခန်းအတွင်းမှထွက်လာခဲ့သည်။

"လူမုဆိုး ဘသိန်း"

အိမ်ခန်းအထွက်တံခါးတွင် ရွှေရောင်စာလုံးကလေးများဖြင့် ဆိုင်းဘုတ်တစ်ခုကို တပ်ဆင်ထားလေသည်။

(ဆ)

"ငါတို့ ဒီအတိုင်းလမ်းမကြီးတွေပေါ်မှာ နေလို့မရဘူးကံကောင်း၊ ငါတို့ ကိုယ်ယောင်ဖျောက်မှရမယ်"

သက်လုံက ကံကောင်းလက်ကိုဆွဲလိုက်ပြီးနောက် လမ်းမကြီးပေါ်တွင် ဟိုဟိုဒီဒီကြည့်နေလေသည်။ ကံကောင်းက သက်လုံကို ဆိုင်းဘုတ်တစ်ခုကိုလက်ညှိုးထိုးပြလိုက်သည်။

"ဟိုမှာ မိုတယ်လို့ရေးထားတယ်အကိုကြီး၊ ကျုပ်တို့အဲဒီမှာ တစ်ညလောက်နားကြရအောင်"

သက်လုံလည်း ခေါင်းညိတ်လိုက်ပြီး မိုတယ်အတွင်းသို့ဝင်ခဲ့သည်။ မိုတယ်မှာ လမ်းကြားကလေးတစ်ခုအတွင်းတွင်ရှိပြီး ခပ်စုတ်စုတ်ဖြစ်သည်။ သူတို့ဝင်လိုက်သည့်အခါ မိုတယ်အဝင်ဝတွင် လုံခြုံရေးဦးလေးကြီးက အိပ်ငိုက်နေလေသည်။ သူတို့မိုတယ်အတွင်းသို့ ဝင်လိုက်သည့်အခါ လုံခြုံရေးဦးလေးကြီးက သူတို့လက်ကိုဖမ်းဆွဲလိုက်သည်။

"အောင်မာ၊ ကောင်လေးတွေ၊ ဒီနေရာက ကစားကွင်းမဟုတ်ဘူး၊ ပြန်ကြတော့"

"မဟုတ်ပါဘူး၊ ကျုပ်တို့ကလည်း ဒီမှာတည်းဖို့လာတာပါ၊ ဟောဒီမှာ ပိုက်ဆံပါတယ်တွေ့လား"

သက်လုံက ငါးသောင်းတန်များကို ယပ်တောင်လိုဖြန့်ပြလိုက်ရာ ထိုတော့မှ လုံခြုံရေးဦးလေးကြီးလည်း သူတို့လက်ကိုလွှတ်ပေးလိုက်သည်။ မိုတယ်အတွင်းသို့ဝင်သည့်အခါ ကောင်တာတွင် ခပ်၀၀ အဒေါ်ကြီးတစ်ယောက်ထိုင်နေလေသည်။

"ကောင်လေးတွေ ဘာလာရှုပ်တာလဲ"

"ကျုပ်တို့ကို အခန်းတစ်ခန်းပေးဗျာ"

"ဘာအခန်းယူမလဲ၊ Delux ခန်းလား၊ Double Delux အခန်းလား၊ Superior အခန်းလား"

ထိုအဒေါ်ကြီး ရွတ်ပြနေတာတွေကို သူတို့နှစ်ယောက်နားမလည်သဖြင့် ကြောင်ပြီးကြည့်နေသည်။ အဒေါ်ကြီးစကားပြောပြီးတော့မှ သက်လုံက ပိုက်ဆံများကို ကောင်တာပေါ်သို့ ပစ်ချလိုက်ပြီး

"ခင်ဗျားပြောတာတွေကို ကျုပ်တစ်ခုမှမသိဘူးအဒေါ်ကြီး၊ ဒီမှာရှိတဲ့ ဈေးအကြီးဆုံးအခန်းကို ပေးပါ"

ပိုက်ဆံများကို အဒေါ်ကြီးက ကောက်ယူလိုက်ပြီးနောက် ကျေနပ်စွာပြုံးရင်း သူတို့ကိုကြည့်နေသေးလည်။ ထို့နောက် သူ့အံဆွဲကိုဖွင့်လိုက်ကာ သော့တွဲတစ်ခုကိုလှမ်းပေးလိုက်သည်။

"အခန်းနံပါတ် ၄၀၅ ပဲ၊ ဓါတ်လှေကားကနေတက်သွားရင် အပေါ်ဆုံးအထပ်ပဲ"

သော့တွဲကို သက်လုံကယူလိုက်ပြီး သူတို့လှေကားအတိုင်းတက်လာကြသည်။ မိုတယ်ကြီးတွင် သူတို့သာမကဘဲ အခြားတည်းခိုသူများလည်းရှိသည်။ ဓါတ်လှေကားကို မတက်တတ်သဖြင့် လှေကားမှတက်လာကြရသည်။ အပေါ်ဆုံးထပ်အရောက် လျှောက်လမ်းအစွန်ဆုံးတွင် သူတို့အခန်းကိုတွေ့လိုက်ရသည်။ သက်လုံက သော့တံကိုထည့််ပြီး အသာလှည့်လိုက်ရာ အခန်းတံခါးကပွင့်သွားသည်။

"ဟား၊ မိုက်တယ်ဟ"

အခန်းအတွင်းကြီးမားသည့် ကုတင်ကြီးရှိပြီး အဖြူရောင်အိပ်ရာခင်းများနှင့် စောင်များရှိသည်။ သက်လုံက ပြေးသွားလိုက်ပြီး ကုတင်ပေါ်သို့တက်လိုက်ကာ ခုန်ပေါက်နေလေသည်။ ကုတင်ရှိ မွေ့ယာကြီးမှာ သက်လုံခုန်လိုက်တိုင်း ပြန်ကန်ကန်တက်လာသဖြင့် သက်လုံပျော်ရွှင်နေသည်။ ကံကောင်းကတော့ ရေချိုးခန်းအတွင်းသို့ တန်းဝင်သွားသည်။ ကံကောင်းရုပ်ကိုကြည့်ရတာ ပျော်ရွှင်ပုံမရပေ။

"ကံကောင်း၊ ညီလေးဘာဖြစ်နေတာလဲ"

"စိတ်ထဲတစ်မျိုးကြီးပဲ အကိုကြီး၊ ကျုပ်ဒေါသထွက်နေတဲ့အချိန်မှာ စိတ်တိုပြီးလူသတ်မိပေမယ့် အခုတော့ ကျုပ်စိတ်ထဲ တစ်မျိုးကြီးခံစားနေရတယ်"

"ကဲ၊ ရေချိုးပြီး နားလိုက်တော့ ညီလေးကံကောင်း၊ မနက်ဖြန်ကျရင် ကောင်းသွားမှာပါကွာ"

ကံကောင်းက ရေပန်းကိုဖွင့်လိုက်သည်။ ကံကောင်းအပေါ်ကထပ်ဝတ်ထားသည့် အဝတ်အစားများသည် သွေးများပေကျံကာ ခြောက်သွေ့နေလေသည်။ ကံကောင်း၏ လက်နှင့် လက်ဖျံများတွင် သွေးများပေကျံနေသေးသည်။ သွေးခြောက်အချို့မှာ ရေနှင့်ထိသဖြင့် အရည်ပျော်သွားပြီးနောက် ရေနှင့်အတူစီးဆင်းကျနေလေရာ ကံကောင်း၏ ခြေထောက်အောက်ဘက်တွင် သွေးတွေက စီးဆင်းကျနေလေသည်။

သက်လုံကတော့ ကုတင်ပေါ်တပ်လိုက်ပြီး တီဗွီကိုဖွင့်ကြည့်လိုက်သည်။ တီဗွီကြီးမှာ အလွန်ကြီးမားသည့် တီဗွီကြီးဖြစ်သည်။ သက်လုံက စပ်စပ်စုစုရှိသည်မို့ ထိုတီဗွီကြီးကို ဖွင့်ကြည့်တတ်သည်။ ကုတင်ဘေးနားရှိ ရေခဲသေတ္တာကလေးကိုဖွင့်လိုက်သည့်အခါ အအေးဘူးများနှင့် ရေဘူးများ၊ ဘီယာဘူးများကိုတွေ့ရသည်။ သက်လုံက လိမ္မော်ရည်ဘူးတစ်ဘူးကိုဖောက်ပြီး သောက်နေလိုက်သည်။

"ဒီညအတွက် သတင်းအစီအစဉ်လာပါပြီ၊ ဒီညမှာတော့ မြို့လယ်ခေါင်က ကြက်ကြော်ဆိုင်မှာဖြစ်သွားတဲ့ လူမိုက်ဂိုဏ်းတွေရဲ့ ရန်ပွဲအကြောင်းကို တင်ဆက်ပေးသွားမှာပါ"

သက်လုံက ကြည့်ရင်းပျင်းလာသဖြင့် တခြားလိုင်းတစ်ခုကိုလှည့်လိုက်သည်။ ထိုလိုင်းတွင်တော့ သေနတ်ပစ်နေကြသည့် ဇာတ်ကားတစ်ကားကိုပြနေသည်။ ဇာတ်ကားက အက်ရှင်ကားဖြစ်သည်မို့ သက်လုံက ထိုကားကိုဆက်ကြည့်နေရင်း အသံကိုအကျယ်ကြီး ချဲ့ထားလိုက်လေသည်။

သက်လုံတို့အပေါ်သို့တက်သွားသည့်အခါ ကောင်တာတွင်ထိုင်နေသည့် အဒေါ်ကြီးက သူ့အံဆွဲအတွင်းမှ ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းအတွင်းရှိ ကောင်လေးနှစ်ယောက်၏ပုံကို သေသေချာချာကြည့်လိုက်လေသည်။

"ငါထင်တာမှန်နေပြီ၊ ဒီကောင်လေးတွေပဲ"

ထိုအခါ လုံခြုံရေးဦးလေးကြီးကလည်း ကောင်တာအနီးသို့ရောက်လာသည်။

"ဒီကောင်လေးတွေက သိန်းသုံးရာတန် ကောင်ကလေးတွေမဟုတ်လား"

ကောင်တာမှအဒေါ်ကြီးက ခေါင်းညိတ်လိုက်သည်။

"ငါလည်း သူတို့လို့ထင်လို့ တမင်သက်သက်အပေါ်ဆုံးအထပ်က အခန်းကိုပေးလိုက်တာမဟုတ်လား၊ ဒါဆို သူတို့ဘယ်ကိုမှ ထွက်ပြေးလို့မရတော့ဘူးလေ"

လုံခြုံရေးဦးလေးကြီးက ပြုံးလိုက်သည်။

"အမက ဒီလိုကျတော့ တော်သားပဲဗျ၊ ဟဲ။ ဟဲ"

"အောင်မယ်၊ ငါက နင့်အမပါဟဲ့၊ နင့်ထက် တစ်ကွက်ပိုမြင်ပြီးသား"

"ဒါဆိုကျုပ်တို့ဘာလုပ်ကြမလဲ"

"စားစရာက ပါးစပ်ထဲအသင့်ရောက်လာနေပြီပဲ ငါ့မောင်ရာ ဘာကိုစောင့်နေရမှာလဲ"

ထိုအဒေါ်ကြီးက အံဆွဲအကြီးတစ်ခုကိုဖွင့်လိုက်ပြီး ထိုအတွင်းမှ ပြောင်းချောသေနတ် (Shotgun) တစ်လက်ကိုထုတ်လိုက်လေသည်။ လုံခြုံရေးဦးလေးကြီးကလည်း သူ့ခါးတွင်ထိုးထားသည့်် ပစ္စတိုသေနတ်တစ်လက်ကိုထုတ်လိုက်သည်။

"တခြားဧည့်သည်တွေရှိတယ်မဟုတ်လား"

"လာစမ်းပါ၊ ဘယ်ဧည့်သည်မှာ ငါတို့ကို သိန်းသုံးရာပေးပြီးမတည်းဘူးဟ၊ ငါတို့ အခုဧည့်သည်တွေ နှင်ကြမယ်"

ထိုအဒေါ်ကြီးနှင့် လုံခြုံရေးဦးလေးကြီးတို့မှာ သေနတ်များကိုင်ဆောင်ပြီး မိုတယ်ရှိဓါတ်လှေကားအတိုင်း တက်လာခဲ့ကြသည်။

ဈေးပေါသည့်မိုတယ်ဖြစ်သည့်အတွက် တည်းခိုသူအသင့်အတင့်ရှိလှသည်။ မိုတယ်အခန်းတစ်ခန်းအတွင်းတွင် စုံတွဲတစ်တွဲက ချစ်တင်းနှောနေကြလေသည်။ ထိုအချိန်တွင် မိုတယ်တံခါးကြီးမှာ ဝုန်းခနဲပွင့်ထွက်သွားပြီး လုံခြုံရေးဦးလေးကြီးနှင့် အဒေါ်ကြီးဝင်လာလေသည်။ ထိုစုံတွဲမှာ ကုတင်ပေါ်တွင်မှာပင် အံ့သြလျက်ရှိသည်။

"ခင်ဗျားတို့ဘာလာလုပ်တာလဲ၊ ကျုပ်တို့ဒီမှာ အလုပ်များနေတာ မမြင်ဘူးလား"

အဒေါ်ကြီးက ထိုစုံတွဲအား သေနတ်နှင့်ထိုးချိန်လိုက်လေသည်။

"မင်းအသက်မသေချင်ဘူးဆိုရင် အခုချက်ချင်းအခန်းထဲက ထွက်သွားပေတော့"

ညည့်ငှက်လေးဖြစ်ပုံရသည့် မိန်းကလေးက ကုတင်ခြေရင်းမှ သူ့အဝတ်အစားများကိုကောက်ကာ ထွက်ပြေးသွားလေသည်။ သို့သော် ကုတင်ပေါ်ကျန်နေသည့်လူငယ်မှာ လုံးဝမကျေမနပ်ဖြစ်နေသည်။

"အဘွားကြီး၊ ကျုပ်ဘယ်ဂိုဏ်းကလဲဆိုတာ ခင်ဗျားသိရဲ့လား"

အဒေါ်ကြီးအလွန်စိတ်ဆိုးသွားသည်။

"မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်"

"အဘွားကြီးလို့ခေါ်လိုက်တာလေ၊ မဟုတ်ဘူးလားအဘွားကြီးရဲ့"

ထိုသို့ပြောပြီး ထိုလူငယ်က သူ့နံဘေးရှိစားပွဲပေါ်တွင်တင်ထားသည့် သေနတ်ကိုလက်လှမ်းလိုက်သည်။ မိုတယ်ပိုင်ရှင်အဒေါ်ကြီးမှာ ကုတင်ပေါ်မှခေါင်းအုံးတစ်လုံးကိုဆွဲယူလိုက်ပြီးနောက် သူ့သေနတ်ပြောင်းဝရှေ့တွင်ကာဆီးလိုက်ပြီး သေနတ်ခလုပ်အား နှိပ်ချလိုက်သည်။

"ဝုန်း"

ခေါင်းအုံးအုပ်ထားသဖြင့် သေနတ်သံက ခပ်တိုးတိုးသာထွက်ပေါ်လာခဲ့သည်။ မိုတယ်ပိုင်ရှင် အဒေါ်ကြီး၏ ပြောင်းချောသေနတ်မှ ထွက်သွားသည့် ကိုးလုံးကျည်ဆန်က ထိုလူငယ်၏ ကျောဘက်ကိုထိကာ ရင်ဘတ်ကြီးပွင့်ထွက်သွားလေသည်။ ထိုလူငယ်လည်း သေနတ်ဆီသို့လက်လှမ်းနေရင်း သေဆုံးသွားလေသည်။

"အမကလဲ စိတ်အေးအေးထားစမ်းပါဗျာ"

လုံခြုံရေးဦးလေးကြီးကပြောလိုက်သည်။ အဒေါ်ကြီးက သေနတ်မောင်းကိုတစ်ချက်ဆွဲလိုက်ပြီး ကျည်အိမ်အတွင်းမှ ကျည်ဆံအခွံကိုထုတ်လိုက်ရင်း

"ငါ့ကို အဘွားကြီးလို့ခေါ်တာလောက် စိတ်ဆိုးတဲ့အရာမရှိဘူးငါ့မောင်၊ လာ၊ သွားကြမယ်၊ တခြားအခန်းတွေကိုလဲ ရှင်းရဦးမယ်"

မကြာမီ မိုတယ်အတွင်းမှ လူများသုတ်သီးသုတ်ပြာနှင့်ပြေးထွက်သွားသည်။ မောင်းထုတ်မရသဖြင့် ပြန်ခုခံကြသူများအား သေနတ်ဖြင့်ပစ်ခတ်ကြလေသည်။ သေနတ်သံများ မိုတယ်အတွင်း ခပ်တိုးတိုးထွက်ပေါ်နေသော်လည်း တီဗွီကိုအသံအကျယ်ကြီးဖွင့်ကြည့်နေသည့် သက်လုံတစ်ယောက် ထိုသေနတ်သံများကို မကြားရပေ။

ဘသိန်းက ဆိုင်ကယ်ကြီးကိုစီးရင်း ကြက်ကြော်ဆိုင်ဆီသို့ထွက်လာခဲ့လေသည်။ ထိုစဉ်မှာပင် သူ့နားတွင်တပ်ဆင်ထားသည့် နားကြပ်ကလေးမှာ မီးလင်းလာကာ ဖုန်းဝင်လာလေသည်။ ဘသိန်းက နားကြပ်ကလေးအား လက်ဖြင့်တစ်ချက်ပုတ်လိုက်သည်။

"ဟဲလို"

"ရှင်လား"

အသံကိုကြားလိုက်သည်နှင့် ခုနက တွေ့ခဲ့သည့် မိန်းကလေးဖြစ်နေမှန်းသိလိုက်သည်။

"မင်း ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ပြီး သိသွားတာလဲ၊ ငါလည်း အခန်းတံခါးမှာ မရေးထားပါလားကွ"

"မဟုတ်တာတွေပြောမနေနဲ့တော့၊ ကောင်လေးနှစ်ယောက်ကို နောက်ဆုံးတွေ့ခဲ့ရတာက မိုတယ်တစ်ခုမှာပဲ"

"ဘယ်မိုတယ်မှာလဲ"

"ရှင်လည်းသိမှာပါ၊ ဘလိတ်တို့ မောင်နှမရဲ့ မိုတယ်လေ"

ဘသိန်းက ဘာမှဆက်မပြောတော့ဘဲ သူ့ဆိုင်ကယ်ကြီးကို အရှိန်ဖြင့် ဂငယ်ကွေ့၊ ကွေ့ချလိုက်လေသည်။ ကားလမ်းပေါ်သွားနေသည့် ကားများက ဟွန်းများဆူညံစွာတီးလိုက်သော်လည်း ဘသိန်းက ဂရုမစိုက်ပေ။

(ဇ)

ဘသိန်းက မိုတယ်ရှေ့တွင် ဆိုင်ကယ်ကြီးကိုရပ်လိုက်သည့်အခါ မိုတယ်အတွင်းမှလူများ၊ အဝတ်အစားများ ဖရိုဖရဲနှင့် ပြေးထွက်လာကြလေသည်။ ဘသိန်းက ကောင်မလေးတစ်ယောက်လက်ကိုလှမ်းဆုပ်ကိုင်လိုက်သည်။

"မင်းတို့ဘာလို့ပြေးထွက်လာရတာလဲ"

"အရူးမကြီး၊ မိုတယ်ပိုင်ရှင်က အရူးမကြီးပဲ၊ ကျွန်မတို့ကို သေနတ်နဲ့ချိန်ပြီး မိုတယ်ကထွက်သွားဖို့ခြိမ်းခြောက်တယ်"

ဘသိန်းလည်း သိချင်တာ သိရပြီဖြစ်သဖြင့် ထိုမိန်းကလေးလက်ကိုလွှတ်လိုက်ကာ မိုတယ်အတွင်းသို့ဝင်ခဲ့သည်။

ဘလိတ် မောင်နှမမှာ အခန်းနံပတ် ၄၀၅ ၏ အရှေ့တွင်ရပ်လိုက်ကြသည်။ ထို့နောက်တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လျက် ပြုံးရယ်လိုက်ကြပြီး အခန်းတံခါးကို သော့ဖြင့်ဖွင့်ရန်အတွက်ပြင်ဆင်နေချိန်

"ဟေ့၊ သိပ်မလောနဲ့ဦးဗျ"

အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကုတ်အကျီရှည်ကြီးကိုဝတ်ဆင်ထားပြီး ကောင်းဘွိုင်ဦးထုပ်ဆောင်းထားသည့် လူတစ်ဦးကိုတွေ့လိုက်ရသည်။

"မင်းကဘာကောင်လဲ၊ ကိုယ်နဲ့မဆိုင်တာ ဝင်မရှုပ်နဲ့ကွ၊ သွားစမ်း"

ဘသိန်းက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးဗျ၊ ဒီကိစ္စက ကျုပ်နဲ့လဲဆိုင်တယ်"

ထိုအခါ လုံခြုံရေးဦးလေးကြီးက သူ့အမကိုတစ်ချက်ကြည့်လိုက်ပြီး သူ့လက်အတွင်းမှသေနတ်ဖြင့် ဘသိန်းကိုပစ်ရန်ချိန်ရွယ်လိုက်သည်။ ထိုစဉ်မှာပင် ဘသိန်းက ချိုင်းကြားမှ ခြောက်လုံးပြူးကြီးကိုဆွဲထုတ်လိုက်ပြီး လုံခြုံရေးဦးလေးကြီး၏ သေနတ်သို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ ဘသိန်း၏ ကျည်ဆန်မှာ လုံခြုံရေးကြီး၏ သေနတ်ခလုပ်ဆွဲညှစ်မည့် လက်ညှိုးကိုထိမှန်သွားကာ လက်ညှိုးပြတ်ထွက်သွားလေသည်။ အဒေါ်ကြီးက ဘသိန်းကို သေသေချာချာကြည့်လိုက်သည်။

"ငါက ဘယ်သူများလဲမှတ်တယ်၊ လတ်စသတ်တော့ လူမုဆိုး ဘသိန်းပဲ၊ အေးပေါ့လေ၊ ဒီလိုကိစ္စမှာ နင့်လိုလူမုဆိုးက မပါဘဲနေပါ့မလား"

ထိုအဒေါ်ကြီးက ဘသိန်းကိုသေနတ်ဖြင့်ထိုးချိန်လိုက်သည်။

"ဒါပေမယ့် ငါတို့ရဲ့ကိစ္စမှာဝင်ပါရင်တော့ နင့်ဘာနင် ဘာကောင်ကြီးဖြစ်နေဖြစ်နေ ငါတို့ဂရုမစိုက်ဘူး၊ နင်ပြန်တော့ ဘသိန်း၊ ဒီကောင်လေးတွေက နင်နဲ့မဆိုင်ဘူး"

"ဟား၊ ဟား မြင်းမိုရ်ဂိုဏ်းက ဆုကြေး သိန်းသုံးရာထုတ်ပြန်ပြီးသားပဲလေ၊ ဒီကောင်လေးတွေ ဒီမှာရှိတယ်ဆိုတာကိုသာ တခြားသူတွေသိရင်လည်း သူတို့လာကြမှာပဲ"

အဒေါ်ကြီးက ဘာမှမပြောတော့ဘဲ သေနတ်နှင့်ထိုးချိန်ကာ ပစ်ချထည့်လိုက်သည်။ ဘသိန်းက ကျွမ်းထိုးပြီးခုန်ရှောင်လိုက်ကာ လျှောက်လမ်းအကွယ်ကလေးတွင် ပုန်းအောင်းနေလိုက်သည်။ ထိုအခါ လုံခြုံရေးဦးလေးကြီးက သူ့အမကိုကြည့်လျက်

"ကျုပ်သူ့ကိုထိန်းထားလိုက်မယ်၊ အမက အခန်းထဲကိုဝင်ပြီးကလေးတွေကို သွားခေါ်"

အဒေါ်ကြီးက ခေါင်းခါလိုက်သည်။

"နင်က လက်တစ်ချောင်းပြတ်နေတာ၊ ဘယ်လိုလုပ်ပြီးတော့ သေနတ်ပစ်နိုင်မှာလဲ၊ ငါပစ်ထားလိမ့်မယ်၊ နင်အထဲဝင်ပြီး ကလေးတွေကိုသာခေါ်လိုက်"

ထိုအခါ လုံခြုံရေးဦးလေးကြီးက ခေါင်းညိတ်လိုက်လေသည်။ ဘသိန်းက မြေပြင်တွင်ဝပ်လိုက်ရင်း လျှောတိုက်ကာထွက်လိုက်သည်။ အဒေါ်ကြီးက ပြောင်းချောသေနတ်ကြီးဖြင့် ဘသိန်းအားသုံးလေးချက်ခန့် ပစ်ထည့်လိုက်သည်။ သို့သော် ပြောင်းချောသေနတ်များမှာ ပစ်မှတ်မတိကျသဖြင့် ဘသိန်းအားမထိမှန်ပေ။ ဘသိန်းက လျှောတိုက်ရင်း အဒေါ်ကြီး၏နဖူးကို တစ်ချက်တည်းပစ်ထည့်လိုက်သည်။ ရှစ်မီလီမီတာ မဂ္ဂနမ်ကျည်ဆန်က အဒေါ်ကြီး၏ မျက်လုံးနှစ်လုံးကြားကိုထိမှန်သွားပြီး ကျည်အားပြင်းသဖြင့် အဒေါ်ကြီးအနောက်သို့လွင့်ထွက်သွားသည်။ သူ့နောက်စေ့တွင်တော့ အကြမ်းပန်းကန်လုံးအရွယ် အပေါက်ကြီးပွင့်ထွက်သွားပြီး ဦးနှောက်တွေလွင့်စင်ကာ ပြန့်ကျဲသွားသည်။ ထိုအခါ အခန်းအတွင်းမှ လုံခြုံရေးဦးလေးကြီးက ပြေးထွက်လာလေသည်။

"အမ၊ အမ"

သေဆုံးသွားသည့် အဒေါ်ကြီးကိုကြည့်ရင်း အော်ဟစ်နေလေသည်။ ဘသိန်းက သေနတ်ကိုလက်မှကိုင်ရင်း တစ်လှမ်းခြင်းလျှောက်လာလေသည်။

"ခင်ဗျားမသေချင်ဘူးဆိုရင် ဒီအတိုင်းကလေးသာ ငြိမ်ငြိမ်ကလေးထိုင်နေလိုက်စမ်းပါ"

လုံခြုံရေးဦးလေးကြီးက မျက်နှာကြီးရှုံ့မဲ့ပြီး မတ်တပ်ရပ်လိုက်လေသည်။

"ငါတို့ကို ဘာလို့ ဘလိတ်မောင်နှမတွေလို့ ခေါ်ကြလဲဆိုတာ မင်းသိလား"

ထို့နောက် သူဝတ်ထားသည့် လုံခြုံရေးအကျီကိုဆွဲချွတ်လိုက်သည်။ သူ့ခါးတွင် ချိတ်ထားသည့် နံပါတ်တုတ်ကို ဖြုတ်လိုက်သည်။ ထို့နောက် နံပါတ်တုတ်၏ တုတ်တံကိုဖြုတ်လိုက်ရာ တုတ်တံအတွင်းမှ ဓါးသွားတစ်ခုထွက်လာလေသည်။ ဓါးသွားမှာ တစ်တောင်ခန့်ရှိကာ စတီးရောင်ပြောင်လက်နေလေသည်။

"ငါတို့က ဓါးသိုင်းကျွမ်းကျင်လို့ ငါတို့ကို ဘလိတ်တွေလို့ ခေါ်တာကွ"

ထိုဦးလေးကြီးက ဘသိန်းထံသို့ အပြေးဝင်တိုက်ခိုက်လေသည်။ ဘလိတ်ဟု အမည်ရသည့်အတိုင်း ဓါးကိုင်တာ ကျွမ်းကျင်လွန်းလှသည်။ ဘသိန်းအားလျှပ်တစ်ပြက်ဓါးချက်များဖြင့် တိုက်ခိုက်ရာ သေနတ်ကိုင်ထားသည့် ဘသိန်းပင်လျှင် သေနတ်နှင့်မပစ်သာဘဲ ဓါးချက်မထိစေရန် အသည်းအသန်ရှောင်ရှားနေရသည်။ တစ်ချီတွင်တော့ ထိုဦးလေးကြီးက အပေါ်မှမိုး၍ ဘသိန်းကို ဓါးဖြင့်ထိုးခုတ်လိုက်သည်။ ဘသိန်းလည်း ရှောင်မရတော့သဖြင့် သူ၏ ဓါးချက်အား သေနတ်ဖြင့်ပြန်လည်ခုခံလိုက်ရသည်။

"ချွင်"

ဓါးနှင့်သေနတ်ပြောင်း ရိုက်ခတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ဘသိန်းက လုံခြုံရေးဦးလေးကြီးကို ကန်ထုတ်လိုက်ပြီး အနောက်သို့ခုန်ရှောင်လိုက်သည်။ ထို့နောက် ထိုဦးလေးကြီး၏ လက်အား သေနတ်ဖြင့်ပစ်ခတ်လိုက်လေသည်။ ထိုလူကြီး၏ ဓါးကိုင်လက်ကောက်ဝတ်ကို ကျည်ဆန်ထိမှန်သွားပြီး လက်မှာပြတ်ထွက်သွားလေသည်။ ထိုလူကြီး အံ့သြနေစဉ်မှာပင် ဘသိန်းက နောက်ထပ်ကျည်တစ်တောင့်ကို နောက်လက်တစ်ဖက်ဆီသို့ ပစ်ခတ်လိုက်သည်။ လက်ဝါးအား ကျည်ဆန်က ထိမှန်သွားပြီး လက်ချောင်းများအကုန်လုံးပြတ်ကျသွားသည်။

"ခင်ဗျားတော်လောက်ပြီ၊ ကျုပ်လူမသတ်ချင်ဘူးနော်"

ဘသိန်းက သေနတ်ကိုဆွဲထည့်လိုက်ပြီး အခန်းတံခါးဆီသို့လှမ်းလျှောက်လာခဲ့သည်။ ထိုလူကြီးက မြေပြင်ပေါ်သို့ထိုင်ကျသွားလေသည်။

"ငါ့ကိုတစ်ခု ကူညီပါ ဘသိန်းရာ"

ဘသိန်းရပ်တန့်လိုက်သည်။

"လက်မရှိတော့ဘဲ ငါတို့ဘလိတ်တွေ ဘယ်လိုဓါးကိုင်မလဲ၊ ဘယ်လိုသေနတ်ပစ်တော့မလဲကွ၊ မင်းငါ့ကို ဒီလိုတော့ ဘဝဆုံးအောင်မလုပ်ခဲ့ပါနဲ့ကွာ၊ ကျေးဇူးပြုပြီး မင်းငါ့ကို သတ်လိုက်စမ်းပါ၊ ငါမင်းကိုခွင့်လွှတ်တယ်၊ မင်းငါ့ကို သတ်ပေးစမ်းပါကွာ"

ဘသိန်းတွေဝေနေသည်။

"ငါ့ကိုအဆုံးသတ်ပေးပါတော့ကွာ၊ ငါ့အမမရှိဘဲ ငါဘယ်လိုရပ်တည်ရမလဲ၊ ငါ့လက်တွေမရှိတော့ဘဲ၊ ဓါးမကိုင်နိုင်တော့ဘဲ ငါဘယ်လိုလုပ် အမှောင်လောကမှာ မျက်နှာပြပြီးနေရတော့မလဲကွာ၊ လုပ်စမ်းပါဘသိန်းရာ"

"ဒိန်း"

ကျယ်လောင်သည့် သေနတ်သံတစ်ချက်ထွက်ပေါ်လာလေသည်။ ဘသိန်းလက်ထဲတွင် သူ၏လက်စွဲတော် ခြောက်လုံးပြူးကြီးကို ကိုင်ထားပြီး ခြောက်လုံးပြူး၏ ပြောင်းဝမှ ယမ်းငွေ့တွေထွက်နေသေးသည်။ ဘသိန်းက ဆက်လက်လျှောက်သွားသည့်အခါ ထိုလူကြီးမှာ မှောက်ခုံကြီးလဲကျသွားလေသည်။

ဘသိန်းအခန်းတံခါးကို အသာဖွင့်လိုက်သည်။ အခန်းအတွင်း တီဗွီဖွင့်ထားသော်လည်း လူတစ်ဦးမှမရှိတော့ပေ၊ ရေချိုးခန်းအတွင်း ရေကျသံကြားရသော်လည်း လူတစ်ယောက်မှမရှိတော့။ ထိုစဉ် ဘသိန်း၏ နားကြပ်မှာအသံမြည်လာခဲ့သည်။

"ရှင်နောက်ကျသွားတယ်ဘသိန်း"

"မင်းပဲ ဒီမိုတယ်မှာ ရှိတယ်ဆို"

"ကောင်လေးတွေက ကျွန်မတို့ကို တစ်ပတ်ရိုက်သွားပြီရှင့်"

"ဒါဆို ငါလူနှစ်ယောက်ကို အလကားသတ်မိလိုက်တာပေါ့"

"ရှင်သတ်လိုက်တာ နှစ်ယောက်တည်းပါရှင်"

"ဒီမှာမိန်းကလေး၊ ငါပြောလိုက်မယ်၊ ငါကလူမုဆိုး၊ လူသတ်သမားမဟုတ်ဘူး"

"ကျွန်မသိပါတယ်၊ ဒါကြောင့်လည်း ရှင်တစ်ယောက်တည်းကိုပဲ သတ်ခဲ့တာပေါ့၊ တစ်ယောက်ကတော့ ရှင့်ကိုတောင်းပန်လို့ သတ်လိုက်ရတာမဟုတ်လား"

ဘသိန်းမျက်လုံးပြူးသွားသည်။ မိုတယ်အပေါ်ဆုံးထပ်တွင် မည်သူမှမရှိတော့ပေ၊ ထိုမိန်းကလေးက သူတို့အဖြစ်အပျက်တွေအားလုံးကို အသေးစိတ်သိနေသည်။ သူဘယ်လိုသိနေသလဲဆိုတာ ဘသိန်းတွေးနေမိသည်။

"မျက်မှောင်ကြီးကြုတ်ပြီး တွေးမနေပါနဲ့ရှင်၊ ရှင်ကျွန်မဘယ်လိုသိသလဲဆိုပြီးတော့ တွေးနေတယ်မဟုတ်လား၊ ကျွန်မပြောသားပဲ၊ နေရာတိုင်းမှာ ကျွန်မရဲ့မျက်စိတွေရှိတယ်လို့၊ ရှင်မဟုတ်တာလုပ်မယ်မကြံနဲ့နော်၊ ကျွန်မက ရှင့်ကိုအချိန်ပြည့်စောင့်ကြည့်နေတယ်ဆိုတာ ရှင်မမေ့နဲ့"

ဘသိန်းက တောက်တစ်ချက်ခေါက်လိုက်သည်။ ထို့နောက် မိုတယ်ပေါ်မှဆင်းလာခဲ့တော့သည်။

(ဈ)

သက်လုံနှင့် ကံကောင်းတို့နှစ်ယောက် လမ်းကြိုလမ်းကြားကလေးထဲတွင် ပြေးလွှားနေလေသည်။ ထိုလမ်းကလေးက တိုက်ကြီးများ၏ အနောက်ဘက်တွင်ရှိသည့် နောက်ဖေးလမ်းကြားကလေးတစ်ခုဖြစ်သည်။ လုံခြုံသည့်နေရာသို့ရောက်ပြီထင်သဖြင့် ကံကောင်းက ရပ်တန့်လိုက်သည်။

"ဘာလို့ငါတို့ထွက်ပြေးလာရသလဲဆိုတာ ငါ့ကိုပြောပြနိုင်မလား ညီလေး"

"ကျုပ်တို့ မိုတယ်မှာတည်းတယ်ဆိုတာ တမင်အယောင်ပြလိုက်တာပဲ အကိုသက်လုံ"

"ဘာကိုအရောင်ပြတာလဲ"

"ကျုပ်တို့ လူမိုက်တွေကို ချခဲ့တယ်မဟုတ်လား၊ အဲဒီလူမိုက်တွေက ကျုပ်တို့အနောက်ကို အနံ့ခံပြီးလိုက်နေမှာ အကိုကြီးရဲ့၊ နောက်ပြီးတော့ မိုတယ်က အဒေါ်ကြီးရဲ့ အံဆွဲထဲမှာ သေနတ်ကိုကျုပ်တွေ့ခဲ့ရကတည်းက တစ်ခုခုမင်္သကာခဲ့တာ"

"မင်းက သေနတ်ကိုဘယ်လိုတွေ့တာလဲ"

သူ့ခေါင်းပေါ်မှာ ငွေရောက်လက်နေတဲ့ မီးဆိုင်းကြီးတစ်ခုချိတ်ဆွဲထားတယ်မဟုတ်လား၊ သူအံဆွဲကိုဖွင့်လိုက်တော့ အဲဒီမီးဆိုင်းထဲမှာ သူ့ရဲ့လှုပ်ရှားနေတာတွေကိုပြန်မြင်နေရတယ်၊ သူ့အံဆွဲထဲမှာ သေနတ်အရှည်တစ်လက်တွေ့လိုက်တယ်"

သက်လုံက ကံကောင်း၏ပုခုံးကိုပုတ်လိုက်သည်။

"ငါ့ညီကတော့ သိပ်တော်တာပဲကွာ၊ ကဲ အခု ငါတို့ဘယ်ကိုသွားကြမလဲ"

"ဒီနေရာက အလုံခြုံဆုံးပဲအကို"

တိုက်ကြီးတစ်ခု၏ အနောက်ဖေးသို့ထွက်သည့် လှေကားထစ်ကလေးတွင် ကံကောင်းက ထိုင်ချလိုက်သည်။

"ကျုပ်တို့ဒီမှာ အိပ်ကြတာပေါ့အကိုရာ၊ မနက်ကျတော့မှ တစ်ခုခုစဉ်းစားကြတာပေါ့"

သက်လုံက ဘေးဘီကိုကြည့်လိုက်ပြီး

"ဟာကွာ၊ ဘေးမှာလည်း အမှိုက်ထုပ်တွေနဲ့မဟုတ်လား"

"အကိုသက်လုံရာ ကျုပ်တို့က အမှိုက်ပုံကလာတာမဟုတ်လား၊ ဘာကိုရွံ့နေတာလဲ အကိုရ"

သက်လုံက ပြုံးလိုက်ပြီး

"အေးကွ၊ ဟုတ်တော့ဟုတ်တယ်"

သက်လုံလည်းထိုင်ချလိုက်ကာ အိတ်အနက်ကလေးကို ပိုက်ရင်း ငုတ်တုတ်ကလေးအိပ်လိုက်တော့သည်။

အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#မောင်နှမ
#လူမိုက်
#မျက်လုံး
#မျက်နှာ

Some text some message..