
အောင်မိုးတစ်ယောက် စာရင်းတွေ ထိုင်တွက်နေသည်။ ပုတုနှင့် စည်သူကတော့ အရေးကြီးဧည့်သည်တစ်ယောက်နှင့် တွေ့စရာရှိသည်ဆိုကာ နေ့လယ်ကတည်းက ထွက်သွားကြတာ ပြန်မရောက်ကြသေး။
“ဒေါက် .. ဒေါက် .. ဒေါက် .. “
ဒီအချိန်ကြီးကြမှ ဘယ်သူများလဲဆိုပြီး အောင်မိုး တံခါးထဖွင့်ပေးလိုက်သည်။ ရဲနှစ်ယောက်။ အောင်မိုး လန့်သွားသည်။
“ပုတု ရှိလား”
“မရှိ .. မရှိ ပါ ..ဘူး”
ရဲနှစ်ယောက်က အောင်မိုးကို အကဲခတ်သလိုကြည့်ပြီး ..
“မင်းဘာလုပ်နေတာလဲ”
“အော် .. ကျနော် စာရင်းတွေ တွက်နေတာပါ”
“အေး .. ပုတုပြန်လာရင်ပြောလိုက် ငါတို့ လာသွားတယ်လို့”
“ဟုတ် .. ဟုတ် .. “
ရဲနှစ်ယောက်ပြန်ထွက်သွားတော့မှ အောင်မိုးလည်း သက်ပြင်းချရဲသည်။ ဘာဖြစ်လို့လည်းဆိုတော့ ကမန်းကတန်းတံခါးထဖွင့်ပေးလိုက်ရတာကြောင့် စားပွဲပေါ်ကဟာတွေကို မသိမ်းမိ။ အောင်မိုးလည်း ချက်ချင်းပဲ အိမ်ပြန်လာခဲ့တော့သည်။
နောက်တနေ့မှာ အဲဒီအကြောင်းကို ပုတုကိုပြောပြတော့ ပုတုက …
“အေး .. ငါမနေ့ညကပဲ သူတို့နဲ့ တွေ့ပြီးပြီ”
“ငါတော့ နည်းနည်းလန့်တယ်ကွာ”
ပုတုက ပြုံးပြီး ..
“စိတ်မပူပါနဲ့ဟ”
သိပ်မကြာခင်မှာ စည်သူရောက်လာသည်။
“ကဲ … ငါတို့ သုံးယောက် တိုင်ပင်စရာလေးရှိတယ်.. လစ်ကြရအောင်”
“ဘယ်ကိုလဲ ..”
“လာပါ .. လိုက်ခဲ့ .. သိရမှာပေါ့”
သူတို့မြို့က နယ်မြို့ဆန်တယ်ဆိုပေမဲ့ ဆိပ်ကမ်းလည်းရှိသလို၊ တံတားတွေလည်းရှိတာကြောင့် အတော်အတန်သင့်ဖွံ့ဖြိုးတယ်လို့ ဆိုရမည်။ ပြီးတော့ ဒီမြို့မှာက စီးပွားရေးသမားတွေ၊ ဂိုဏ်းစတားတွေတော်တော်များများလည်း အခြေချလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ ရာဇဝတ်မှုတွေ၊ ဒုစရိုက်မှုတွေနည်းပါးတယ်လို့ယူဆလို့ရသည်။ တက္ကသိုလ်တွေဘာတွေနှင့်လည်း အရမ်းကြီးမဝေးတာကြောင့် ကျောင်းသားတွေလည်း ရှိကြသည်။ ဒါပေမဲ့ ..ဒါတွေက အပြင်ပိုင်းအမြင်အရဖြစ်ပြီး အတွင်းထဲမှာတော့ .. ထင်ထားတာထက်ပိုမိုရှုပ်ထွေးတယ်လို့ ဆိုရမည်။
အောင်မိုးက …
“မင်းတို့ ဥပဒေနဲ့မလွတ်ကင်းတာတွေ လုပ်နေကြတာမလား”
စည်သူက ..
“အေး .. အဲဒီအကြောင်းတွေ မင်းကိုအခုပဲ ရှင်းပြမလို့”
ပုတုက ဆေးလိပ်မီးညှိလိုက်ပြီး ..
“ငါရှင်းပြမယ်။ အခု မင်းကိုခိုင်းထားတာတွေက ဥပဒေနဲ့လွတ်ကင်းသေးတယ်။ နောက်ခိုင်းမယ့်ဟာတွေကတော့ မသေချာဘူး”
“ငါကြောက်တယ်နော် .. ငါ တခါမှ အဲဒီလိုမလုပ်ဖူးဘူး”
“လခွမ်းကောင် … ငါကရော လုပ်ဖူးလို့လား”
“အေး .. ငါလည်း မင်းကို အဲဒါ အံ့ဩနေတာ။ မင်းဘယ်လိုဖြစ်သွားတာလဲ”
“ဒါတွေကတော့ နောက်မှ အေးဆေးရှင်းပြမယ်ကွာ။ အခုအရေးကြီးတာက မင်းအတွက် လုံလုံခြုံခြုံနဲ့ အလုပ်လုပ်ဖို့ပဲ။ ပြီးတော့ .. မင်းတာဝန်နည်းနည်းယူပေးရမယ်”
“ဘာလဲ …”
“စာရင်းလည်းလုပ်တဲ့အပြင် .. ပိုက်ဆံတွေပါ နည်းနည်းထိန်းသိမ်းပေး”
အောင်မိုးက ပိုလန့်ဖြန့်သွားတဲ့ပုံဖြင့် ..
“ငါ … က စည်သူလိုလက်ရဲဇက်ရဲလည်းမရှိ၊ ပုတုလို သိုင်းလည်းမတတ်ဘူးနော်… မင်းတို့ ကြည့်ကြပ်ခိုင်းကြဦး”
“မင်းပဲ ယုံလို့ရလို့ပါကွာ”
“ငါ .. ခြောက်လ ပြည့်ရင်တော့ ထွက်မှာနော်”
“စိတ်ချကွာ.. စိတ်ချ..”
“ဒါဆို .. မင်းတို့ ဘာတွေလုပ်နေလဲဆိုတာ ပြောပြဦး”
“မသိချင်နဲ့ကွာ။ မင်းသိထားရမှာက ငါတို့ပေးတဲ့စာရင်းတွေတွက်ပေးတယ်၊ ပိုက်ဆံတွေသိမ်းထားပေးတယ်ဆိုတာပဲ သိထား.. အဲဒါ မင်းအတွက် ပိုအဆင်ပြေလိမ့်မယ်”
“အေးကွာ .. ပြီးရော … “
ဒီလိုနှင့် အောင်မိုးက အရင်လိုမျိုး စာရင်းဇယားတခုတည်းတင်မဟုတ်တော့ဘဲ ငွေပါကိုင်လာရသည်။
တစ်ရက်မှာတော့ … ပုတု က မြို့တော်ဝန်နှင့် တွေ့ခွင့်ရတော့သည်။ ဦးအုန်းမောင်က .. ပုတုဆီ ဆက်သွယ်ပြီး ..
“ကောင်လေး .. မိနစ် ၂၀ တော့ တွေ့ခွင့်ရမယ်။ ညနေ ၃နာရီတိတိမှာ စတားတာဝါက ကော်ဖီဆိုင်မှာ ချိန်းပေးထားတယ်”
“ကျေးဇူးပါ။ ဦးအုန်းမောင်ရေ ..”
ပုတုတစ်ယောက် အခြားအစီအစဉ်တွေအားလုံးကို ဖျက်လိုက်ပြီး .. မြို့တော်ဝန်နှင့်သွားတွေ့ဖို့ ပြင်ဆင်ရတော့သည်။
မြို့တော်ဝန်က ပုတုကို သေချာကြည့်ပြီး …
“ကိုအုန်းမောင်က .. မင်းနဲ့တွေ့ပေးဖို့ ခဏခဏတောင်းဆိုလွန်းလို့..”
“ဟုတ်ကဲ့ .. ကျေးဇူးပါ..”
“ကဲ .. လိုရင်းကို မြန်မြန်ပြော ..အချိန်နည်းနည်းပဲ ရမယ်”
ပုတုက အသင့်ပါလာတဲ့ … မန်မိုနီစတစ်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။ မြို့တော်ဝန်က မျက်မှောင်ကျုံ့လိုက်ပြီး ..
“အဲဒါဘာလဲ ..”
“ကျနော့်ရဲ့ အစီအစဉ်တွေပါ”
မြို့တော်ဝန်က တော်တော်နှင့်မယူ။ ပြီးတော့ မယုံသင်္ကာနှင့် ..
“ဒါက အန္တရာယ်ကင်းတယ်လို့ ငါဘယ်လို ယုံရမှာလဲ”
“ကြည့်ပြီး ဖျက်လိုက်ပါ။ ကျနော် ပြောပြရင် အချိန်တွေအရမ်းကြာသွားမှာစိုးလို့ပါ”
“ဒါလေးပေးတာများ .. ဦးအုန်းမောင်နဲ့ပေးခိုင်းရတာကို ကိုယ်တိုင်တွေ့ဖို့လိုလို့လား”
“ကျနော်လည်း ဘယ်သူ့မှ မယုံလို့ပါ။ ဒါလေးကိုကြည့်ပြီး ကျနော့်အစီအစဉ်တွေမှာ ပူးပေါင်းပေးမယ်ဆိုမှ ကျနော့်ကို ပြန်ဆက်သွယ်ပေးပါ။ တကယ်လို့ စိတ်မဝင်စားဘူး၊ မပူးပေါင်းချင်ဘူးဆိုရင် .. ကျနော် ဒါကို ပေးခဲ့ဖူးတယ်လို့ မသတ်မှတ်ပါနဲ့”
မြို့တော်ဝန်က မန်မိုနီစတစ်လေးကို သူ့ရဲ့ ဖုန်းကာဗာနောက်ထဲထည့်လိုက်ပြီး ..
“ငါတော့ စိတ်ဝင်စားသွားပြီ .. ကြည့်လိုက်မယ်လေ .. ပြီးရင် .. ဦးအုန်းမောင်က တဆင့် ဆက်သွယ်လိုက်မယ်”
ညနေ ဘီယာဆိုင်မှာ ပုတုက ပြန်ပြောပြတော့ .. စည်သူက ..
“ဒါဆို .. မင်းဦးအုန်းမောင်ကို ပြောခဲ့တာတွေက အမှားတွေလား”
“မမှားပါဘူး။ ငါဦးအုန်းမောင် ကမ်းလှမ်းခဲ့တာလည်းအမှန်ပဲ။ ဒါပေမဲ့ အဲဒါက တစိတ်တပိုင်းလေးပဲ ရှိသေးတာ”
“အောင်မြင်နိုင်မလား”
“မပြောတတ်ဘူးလေ။ ပထမအဆင့်ကတော့ အောင်မြင်ပြီလို့ဆိုရမှာပဲ”
ပုတုနှင့် စည်သူတို့ သောက်နေတဲ့အချိန်မှာပဲ။
“ဖုန်း …ခွမ်း “
“ရပ်လိုက်စမ်း ..”
ဆိုင်ပိုင်ရှင်က ငှက်ကြီးတောင်ဓားကို ကိုင်ထားပြီး ..
“ငါ့ဆိုင်ထဲမှာ ဘယ်ကောင်မှရန်လာမဖြစ်ကြနဲ့”
တဝိုင်းထဲသောက်စားနေရင်း ရန်ထဖြစ်ကြခြင်းဖြစ်သည်။ ကြည့်ရတာ .. တစ်ခုခုအဝေမတည့်တဲ့ပုံစံမျိုး။ ဆိုင်ပိုင်ရှင်ကလည်း ခေသူမဟုတ်တော့ ရန်ပွဲက နည်းနည်းရှုပ်ထွေးသည်။ စည်သူက .
“ပြန်ကြရအောင်ကွာ”
“နေဦး .. အမြတ်ထုတ်စရာတကွက်တွေ့ပြီ”
ပုတုက မပြောမဆိုနှင့် ရန်ပွဲထဲကို ဝင်ချသွားသည်။ ပုတုက … ဆိုင်ရှင်ဘက် လှည့်ကာ…
“ကျနော်ကြားထဲက တောင်းပန်ပါတယ်။ ပျက်စီးသွားတာတွေ ကျနော် လျော်ပေးပါ့မယ်”
ရန်ဖြစ်နေတဲ့သူတွေ ကြောင်အမ်းအမ်းတော့ ဖြစ်သွားသည်။ ပြီးနောက် ပုတုက ရန်ဖြစ်နေတဲ့သူတွေဘက်လှည့်ပြီး ..
“ကျနော်တို့ စကားနည်းနည်းလောက် ပြောကြရအောင်”
ပုတုက ခုနက ရန်ဖြစ်နေတဲ့သူတွေကို သူတို့ ဝိုင်းကို ခေါ်လိုက်ကာ..
“ခင်ဗျားတို့ကို ကျနော်သိတယ်။ အခုအချင်းချင်းဖြစ်နေကြတာမဟုတ်လား”
“အင်းဟုတ်တယ်.. “
“ကဲ .. တော်ကြတော့ .. ခင်ဗျားတို့ မဝေမတည့်တဲ့ပြဿနာဖြစ်နေတာလို့ပဲ ကျနော်ထင်တယ်။ ကျနော်ကြားထဲက ဖြေရှင်းပေးပါ့မယ်”
“နေပါဦး .. မင်းက ဘာလို့ကြားထဲက ဝင်ရှင်းနေတာလဲ..”
“ကျနော် ..ခင်ဗျားတို့အဖွဲ့ကို အလုပ်လေးအပ်စရာရှိလို့ပါ”
“ဘာအလုပ်လဲ…”
“ခင်ဗျားတို့လုပ်နေကြအလုပ်ပါပဲ.. ဒါပေမဲ့ ခင်ဗျားတို့ရနေကြထက် တဆခွဲ ပိုပေးမယ်”
အားလုံးစဉ်းစားသွားကြသည်။ ဘာပဲပြောပြောသူတို့လက်ရှိအလုပ်တွေက နည်းနည်းတော့ ကြပ်တည်းနေပြီ။ အဲဒါကြောင့်လည်း အဝေမတည့်ဖြစ်နေကြခြင်းဖြစ်သည်။ အခုတော့ .. အလုပ်အပ်မည့်သူနှင့်တွေ့ပြီ။
“ကဲ .. ပြောပါဦး .. စိတ်ဝင်စားရင်လုပ်မယ်”
“မပြောခင် ..ဘီယာတယောက်တခွက်သောက်ကြရအောင်ဗျာ”
ပုတု ခွက်ကို မြှောက်လိုက်သည်။ အားလုံးလည်း ဝိုင်းမြှောက်ကြသည်။ စည်သူကတော့ ပုတုရဲ့ အကြံကို သဘောပေါက်သွားသောကြောင့် ပြုံးပြုံး ပြုံးပြုံးနှင့် ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ဘီယာကို တကျိုက်ထဲ မော့ချပစ်လိုက်သည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg