အဖြူရောင်ကောင်းကင် အပိုင်း - (၇)
lotaya.mpt.com.mm
|
2023-09-01

(ကြိုတင်သတိပေးချက်၊ ဤအပိုင်းတွင် မသတီစရာ စိတ်နှလုံးမနှစ်မြို့ဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်အချို့ပါဝင်နေသဖြင့် စာဖတ်သူများ မနှစ်မြို့ပါက ချင့်ချိန်ဖတ်ရှုပါရန်)

ဝိုင်းဝန်းထိုးနှက်ခံထားရသဖြင့် ကံကောင်းတစ်ယောက်မျက်နှာများဖူးယောင်နေလေသည်။ မကြာခင်မှာပင် မျှော်စင်ကြီးအောက်ရှိ တံခါးမှာပွင့်သွားပြီး လှေကားထစ်များအတိုင်း လူများဆင်းသက်လာခဲ့သည်။ နံရံမှ မီးခလုပ်တစ်ခုကိုနှိပ်လိုက်သည့်အခါ မှောင်မဲနေသည့်အခန်းအတွင်းလင်းထိန်သွားသည်။ ကံကောင်းလည်း ထိုလူများကို ဦးဆောင်ထားသည့်လူကို အသေအချာကြည့်လိုက်သည်။

"ဦး၊ ဦးရှည်ကြီး"

ဦးရှည်ကြီးက စီးကရက်ကိုတစ်ချက်ဖွာလိုက်ပြီး သူ့အနီးသို့ရောက်လာသည်။ ထို့နောက် သူ့ကိုဖမ်းချုပ်ထားသည့် သံကြိုးများတွင်ခတ်ထားသည့် သော့များကိုဖြုတ်ပေးလိုက်သည်။

"ငါပြောသားပဲ၊ မင်းငါ့ရဲ့လက်ထောက်ဖြစ်ပါမယ်ဆိုနေမှာ"

"ကျုပ်၊ ကျုပ်ကိုဘာလို့လွှတ်ပေးတာလဲ"

"မင်းငါ့ရဲ့လက်ထောက်ဖြစ်သွားပြီ၊ ငါနဲ့အတူတူလိုက်ပြီး ဂိုဏ်းချုပ်ကြီးနဲ့ လိုက်တွေ့စမ်းကွာ"

"ကျုပ် မလုပ်ဘူးလို့ပြောထားတယ်လေ"

"မလုပ်လို့မရဘူး၊ မင်းအခုငြင်းရင်၊ ဒီလူတွေက မင်းကိုသတ်ဖို့ဝန်လေးမှာမဟုတ်ဘူး"

ကံကောင်းမျက်လုံးများပြူးကျယ်သွားသည်။

"ဒါဆိုရင် ကျုပ်၊ ကျုပ်ဘောင်းဘီထဲကို ကန်ဒီတွေထည့်ပေးလိုက်တာက"

ဦးရှည်ကြီးက ရယ်မောလိုက်သည်။

"အဲဒါ ငါထည့်ပေးလိုက်တာပေါ့ကွာ၊ မင်းတင်ပါးကို ငါပုတ်လိုက်တာကို မင်းမမှတ်မိဘူးလား"

ထိုတော့မှ ကံကောင်းလည်း သူ့တင်ပါးကို ဦးရှည်ကြီးပုတ်လိုက်သည့်အဖြစ်ကို ပြန်သတိရသွားသည်။ သူ့စိတ်ထဲတွင်တော့ အချင်းချင်းစနောက်နေသည်ဟုသာ ထင်မိလိုက်ခြင်းဖြစ်သည်။

ဦးရှည်ကြီးက သူ့နောက်မှလူများကိုကြည့်လိုက်သည့်အခါ လူနှစ်ယောက်က သူ့လက်မောင်းများကိုချုပ်ကိုင်ပြီး ဆွဲခေါ်သွားကြသည်။ ကံကောင်းတစ်ယောက် ရုန်းကန်လိုက်ချင်သော်လည်း အခြေအနေဆက်စောင့်ကြည့်မည်ဟု တွေးလိုက်ကာ အေးအေးဆေးဆေးလိုက်ပါလာခဲ့သည်။ မျှော်စင်မှထွက်ပြီး လျှောက်လမ်းကြီးအတိုင်းလျှောက်လှမ်းလာခဲ့သည်။ နောက်ဆုံးတော့ ယူတိုးပီးယား၏ ဝင်ပေါက်တံခါးကြီးဆီသို့ရောက်ခဲ့သည်။ ထိုတံခါးကြီးမှထွက်ခဲ့ပြီး အပြင်ဘက်ရှိ အဆောက်အဦးကြီးထဲသို့ဝင်ခဲ့သည်။ အဆောက်အဦးကြီး၏ ရှစ်ထပ်မြောက်တွင် ဓါတ်လှေကားကိုရပ်လိုက်ပြီး အခန်းတစ်ခုအတွင်းဝင်ခဲ့ကြသည်။ ထိုအခန်းထဲတွင် ဂိုဏ်းချုပ်ကြီးက ဆုံလည်ကုလားထိုင်ကြီးတွင် အခန့်သားထိုင်နေလေသည်။

"မင်းနာမည် ကံကောင်းမဟုတ်လား"

"ဟုတ်၊ ဟုတ်ပါတယ်"

ဂိုဏ်းချုပ်ကြီးက သူ့ကိုယ်ရေးအချက်အလက်များရေးသားထားသည့် ဖိုင်တွဲတစ်ခုကိုကြည့်နေလေသည်။ ထို့နောက် ထိုဖိုင်တွဲကို စားပွဲပေါ်ပစ်တင်လိုက်သည်။

"ငါတို့ ဂိုဏ်းထဲကို ဝင်မယ်ဆိုရင် တစ်ခုပဲလိုအပ်တယ်၊ အဲဒါကတော့ သစ္စာရှိမှုပဲ"

ထို့နောက် ကံကောင်းကိုစိုက်ကြည့်လိုက်ပြီး

"မင်းငါ့အပေါ်မှာ သစ္စာရှိနိုင်မလား ကံကောင်း"

ကံကောင်းတွေဝေနေလေသည်။ ထိုစဉ် ဦးရှည်ကြီးက သူ့ကိုစိုက်ကြည့်နေသဖြင့် ခေါင်းညိတ်လိုက်မိသည်။

"သ၊ သစ္စာရှိပါ့မယ်"

"ကောင်းပြီ၊ အရှည်ကြီးရေ၊ ဒီကောင်ကလေးကို အခုပဲ လုပ်ငန်းခွင်ဝင်ခိုင်းလိုက်ပါ၊ ပြီးရင် ငါတို့လုပ်ငန်းအကြောင်းကိုလဲ ပြောပြလိုက်စမ်းပါ"

ထို့နောက် နောက်ထပ်ဖိုင်တွဲတစ်ခုကိုယူလိုက်ပြီး အခြားလူတစ်ဦးထံသို့လှမ်းပေးလိုက်သည်။

"ဒါက ငါတို့ဖောက်သည်တစ်ယောက် အရေးတကြီးလိုနေတဲ့ အရာပဲ၊ သူ့အချက်အလက်တွေနဲ့ ကိုက်ညီတဲ့လူကို မင်းရှာဖွေပြီး စီစဉ်လိုက်ပါ"

ထိုလူကလည်း ဖိုင်တွဲကိုယူပြီး ဂိုဏ်းချုပ်ကြီးကို အရိုအသေပေးလိုက်သည်။ ဦးရှည်ကြီးက အခန်းထဲမှထွက်သွားသဖြင့် ကံကောင်းလည်းအနောက်မှလိုက်သွားရသည်။

"ကျုပ်တို့ဘယ်သွားရမှာလဲ"

"အရင်ဆုံး မင်းရဲ့ပုံစံကို ပြင်ဆင်ပေးရမယ်"

ကံကောင်းကို ရေမိုးချိုးခိုင်းလိုက်ပြီးနောက် အဖြူရောင် ကုတ်အကျီနှင့် ဘောင်းဘီဝမ်းဆက်ကိုဝတ်ဆင်ပေးလိုက်သည်။ မျက်မှန်အနက်တစ်လက်နှင့် ရွှေရောင်အကောင်းစားနာရီတစ်ခုကို ဝတ်ဆင်ပေးကြသည်။ ပြီးသည့်အခါ အခြားလူများနှင့် သွားရောက်ပူးပေါင်းရသည်။ ခုနက ဖိုင်တွဲယူလိုက်သည့်လူက ဖိုင်တွဲကိုဖွင့်ဖတ်နေသည်။ ထိုလူအရှေ့တွင် သူတို့အယောက်နှစ်ဆယ်ခန့်က မတ်တပ်ရပ်နေကြသည်။

"ဒီတစ်ခါငါတို့ရဲ့ဖောက်သည်ကတော့  လောင်းကစားလုပ်ငန်းတွေလုပ်ကိုင်တဲ့ သန်းကြွယ်သူဌေးကြီးတစ်ယောက်ပဲ၊ သူ့သမီးက အသက်ဆယ့်ငါးနှစ်ရှိပြီ၊ မွေးရာပါ နှလုံးမကောင်းဘူး၊ အခုတော့ နှလုံးက ပိုပြီးဆိုးရွားလာခဲ့တယ်၊ ငါတို့ဆီက နှလုံးရဖို့အတွက် သန်းတစ်ရာပေးမယ်လို့ပြောတယ်"

ကံကောင်းမျက်လုံးပြူးသွားမိသည်။ ဦးရှည်ကြီးက သူ့လက်ကိုပုတ်လိုက်ပြီး အနားသို့ကပ်လာကာ

"အဲဒီလူနာမည်က စစ်နိုင်တဲ့ကွ၊ သူက ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အရင်းပဲ"

ဖိုင်တွဲကိုင်ထားသည့်လူကို မေးငေါ့ရင်းပြောပြလိုက်သည်။ ထိုလူက ဆံပင်အရှည်ကို အနောက်သို့စုကာ စည်းနှောင်ထားပြီး လူမိုက်ပုံစံ ခပ်ကြမ်းကြမ်းရုပ်ရည်ရှိသည်။

"သူ့ရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီအဆင်ပြေမယ့်လူကို ငါတို့သိုးတွေထဲမှာ ရှိမရှိကိုရှာပေးပါ"

ထိုအခါ လူတစ်ယောက်က ဖိုင်တွဲကိုယူပြီးအပြင်သို့ထွက်သွားလေသည်။ ကံကောင်းတို့လည်း ငြိမ်နေလိုက်ပြီး ထိုလူကိုအကဲခတ်ကြည့်နေမိသည်။

"ဘာလို့သူတို့က စာရွက်တွေကိုပဲ အသုံးပြုတာလဲ ဦးရှည်ကြီး၊ ကွန်ပြူတာမသုံးဘူးလား"

"ကွန်ပြူတာသုံးရင် သူများက ဖောက်ထွင်းပြီးတော့ အချက်အလက်တွေခိုးမှာကြောက်လို့ပေါ့ကွာ"

မကြာခင် ဖိုင်တွဲတစ်ခုကိုကိုင်ထားသည့် လူက ပြန်ထွက်လာကာ စစ်နိုင်ထံသို့ ဖိုင်တစ်ခုကိုပေးလိုက်ပြန်သည်။

"ဒီသိုးက ကျွန်တော်တို့လိုချင်တဲ့ အချက်အလက်တွေနဲ့ ပြည့်စုံပါတယ်"

စစ်နိုင်က ပြုံးလိုက်ပြီး

"ကောင်းပြီ၊ မင်းတို့လေးယောက်က အဆောင်မှူးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်စရာရှိတာကိုဆက်လုပ်ပါ"

စစ်နိုင်အမိန့်အရ လူလေးယောက်က အခန်းထဲမှထွက်သွားသည်။

"မင်းတို့တွေကတော့ သွားလာရေးအဆင်ပြေအောင်လုပ်ထားလိုက်၊ ကိုရှည်ကြီးတို့ကတော့ ဒီလူတွေလှုပ်ရှားပြီးသွားတာနဲ့ ခင်ဗျားတို့အလှည့်ပဲ"

ကိုရှည်ကြီးနှင့် ကံကောင်းတို့ထထွက်လာပြီး အခန်းတစ်ခုအတွင်းသို့ ဝင်လာခဲ့ကြသည်။ ထိုအခန်းထဲတွင် ဆိုဖာခုံများကိုချထားသည်။ စောင့်ကြည့်သည့်အခန်းတစ်ခုဖြစ်မည်ထင်သည်။ ကံကောင်းက ဘာမှနားမလည်သဖြင့် ဦးရှည်ကြီး၏ အနားသို့ကပ်လိုက်လေသည်။

"ကျုပ်တို့က ဘာလုပ်ရမှာလဲ၊ သိုးတွေဆိုတာရော ဘာတွေလဲ"

ဦးရှည်ကြီးက ဆေးလိပ်တစ်လိပ်ကိုထုတ်သောက်လိုက်ပြီးနောက် ကံကောင်းအား ဆေးလိပ်တစ်လိပ်လှမ်းပေးလိုက်သည်။ ကံကောင်းက ခေါင်းခါပြလိုက်သည်။

"လုပ်ပါကွ၊ သောက်စမ်းပါ၊ ဒါက ယူတိုးပီးယားမဟုတ်တော့ပါဘူး"

ကံကောင်းလည်း ဆေးလိပ်ကိုလှမ်းယူလိုက်ပြီး ပါးစပ်တွင်တပ်လိုက်သည်။ ဦးရှည်ကြီးက သူ့လက်ထဲမှ မီးခြစ်ဖြင့် ဆေးလိပ်ကိုမီးတို့ပေးလိုက်သည်။

(တ)

"ငါတို့အဖြူရောင်ဂိုဏ်းက ဘယ်ကဝင်ငွေတွေနဲ့ ရပ်တည်နေတယ်လို့ မင်းထင်သလဲ"

"အလှူရှင်တွေရဲ့ငွေတွေရယ်၊ ယူတိုးပီးယားက ထွက်သွားတဲ့လူတွေရဲ့ ပြန်လည်လှူဒါန်းမှုတွေရယ်"

ဦးရှည်ကြီးက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

"မင်းက ယူတိုးပီးယားမှာနေခဲ့တာဆိုတော့ သူတို့ခေါင်းထဲရိုက်သွင်းထားတာတွေပဲ စွဲနေတာပေါ့ကွာ၊ မှတ်ထားကွ၊ ငါတို့အဖြူရောင် ဂိုဏ်းဆိုတာ ဒုစရိုက်လောကမှာ နာမည်ကြီးတဲ့ ဂိုဏ်းတစ်ခုပဲကွ"

ကံကောင်းနားမလည်နိုင်တော့ပေ။

"ပရဟိတတွေ၊ လှူဒါန်းမှုတွေလုပ်နေတာမဟုတ်ဘူးလား"

"တကယ်တော့ ငါတို့ဂိုဏ်းရပ်တည်နေတယ်ဆိုတာ ကလီစာ ရောင်းဝယ်ရေးနဲ့ရပ်တည်နေတာပဲကွ"

"ကလီစာ၊ ဟုတ်လား၊ အဲဒါတွေကို ချက်စားကြတာလား"

ကံကောင်း၏ စကားကိုနားထောင်ရင်း ဦးရှည်ကြီးတစ်ယောက် ရယ်မဆုံးတော့ပေ။

"ဟား၊ ဟား၊ ဒါကြောင့် မင်းတို့ကိုသိုးတွေလို့ ခေါ်တာ သိုးတွေဆိုတာ ဖြူစင်တယ်မဟုတ်လား"

"ခင်ဗျားပြောတာတွေ ကျုပ်တစ်ခုမှ နားမလည်တော့ဘူး ဦးရှည်ကြီး"

"ငါပြောပြမယ်ကွ၊ ဒီကမ္ဘာကြီးမှာ လူတွေအရမ်းကြောက်ကြတာတစ်ခုရှိတယ်၊ အဲဒါကတော့ သေဆုံးခြင်းဆိုတာပဲကွ၊ ဒါပေမယ့် လူတွေက အမြဲတမ်းအသက်ရှင်နေရင်း ရောဂါတွေရနေကြတယ်မဟုတ်လား၊ တစ်ချို့ကလည်း မွေးရာပါချို့ယွင်းချက်တွေပါလာတယ်မဟုတ်လားကွာ"

"ဒီတော့ ဒီလူတွေက သူတို့ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူတို့ရဲ့မိသားစုဝင်တွေ၊ သူတို့ချစ်ရတဲ့လူတွေ သေဆုံးမှာကို စိုးရိမ်ကြတယ်လေ၊ အဲဒီလူတွေ ရောဂါရပြီးတော့ ကလီစာတွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးသွားတဲ့အခါကျတော့ အဲဒီပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို အသစ်ပြန်လည်အစားထိုးချင်ကြတယ်မဟုတ်လား"

"ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုယ်တွင်းကလီစာဆိုတာ လိုချင်တိုင်းရနိုင်တယ်မဟုတ်လား"

ဦးရှည်ကြီးက ပြုံးလိုက်သည်။

"မင်းကိုမေးမယ်၊ သဘာဝအတိုင်းဆိုရင် ကြက်ဥက ရဖို့လွယ်ရဲ့လားကွ"

"သိပ်တော့မခက်ဘူးလို့ထင်တယ်၊ ဒါပေမယ့် အများကြီးတော့ မရနိုင်ဘူးပေါ့"

"အေးဟုတ်ပြီ၊ ဒါပေမယ့် အဲဒီကြက်တွေကို မွေးထားလိုက်တဲ့အခါကျတော့ မင်းလိုချင်သလောက် ကြက်ဥတွေ မရနိုင်ဘူးလား"

ထိုစကားကို စဉ်းစားရင်း ကံကောင်းက မျက်လုံးပြူးသွားသည်။

"ဒါဆိုရင် ယူတိုးပီးယားက လူတွေက . . ."

ဦးရှည်ကြီးက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ သူတို့က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဖို့ မွေးထားတဲ့လူတွေပဲ"

ကံကောင်းအလွန်ထိတ်လန့်သွားသည်။

"ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်တဲ့ ဈေးကွက်ကို အနီရောင်ဈေးကွက် (Red Market) လို့ခေါ်ကြတယ်ကွ၊ ဟောင်ကောင်၊ အိန္ဒိယ နဲ့ ဘရာဇီးလိုနိုင်ငံတွေမှာ သိပ်ခေတ်စားတာပေါ့ကွာ၊ အခုတော့ ငါတို့ ဝင်္ကပါမြို့ကြီးက နံပါတ်တစ်ဖြစ်နေတာပေါ့၊ အဲဒီဝင်္ကပါမြို့ကြီးထဲမှာမှ ငါတို့အဖြူရောင်ဂိုဏ်းက ထိပ်ဆုံးကရပ်တည်နေတာပဲကွ"

"ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်မည့်လူတွေက အသက်ကြီးတဲ့လူတွေထက်၊ ကလေးတွေ၊ လူငယ်တွေရဲ့ အစိတ်အပိုင်းတွေကို ပိုပြီးသဘောကျ ကြတယ်မဟုတ်လား၊ ကလေးတွေရဲ့ အစိတ်အပိုင်းတွေက လူကြီးတွေလောက် အသုံးမပြုရသေးဘူးမဟုတ်လားကွ"

ဦးရှည်ကြီးက ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်သည်။

"နောက်ပြီးတော့ အဲဒီလူငယ်တွေရဲ့ အစိတ်အပိုင်းထဲမှာမှ၊ ကျန်းမာရေးကောင်းပြီး ရောဂါကင်းစင်တဲ့ အစိတ်အပိုင်းကို လူတွေကပိုပြီး ရွေးချယ်ကြတယ်လေ၊ ဒါကြောင့် ငါတို့ဂိုဏ်းက ကလေးငယ်တွေကို ကျန်းကျန်းမာမာနဲ့ အစားကောင်းအသောက်ကောင်းတွေကျွေးတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်တို့၊ အရက်တို့၊ မူးယစ်ဆေးတို့ မတိုက်ဘဲနဲ့ သေသေချာချာမွေးထားတာပေါ့ကွာ၊ ဒါကြောင့်မို့ ငါတို့အဖြူရောင်ဂိုဏ်းကနေထွက်တဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးဟာ ကမ္ဘာ့ကလီစာဈေးကွက်မှာ နံပါတ်တစ်အဖြစ်နဲ့ အရည်အသွေးအကောင်းဆုံးဖြစ်နေတာပေါ့ကွာ"

ကံကောင်းအားလုံးကို နားလည်သွားပြီဖြစ်သည်။

"ဒါဆိုရင် ဒီလူတွေအားလုံးက တစ်နေ့ကျရင် အစိတ်အပိုင်းတွေအဖြုတ်ခံရမယ့်လူတွေလား"

ဦးရှည်ကြီးက ခေါင်းညိတ်လိုက်သည်။

"ဒါကြောင့် ငါတို့က သူတို့ကို သိုးတွေလို့ခေါ်တာပေါ့ကွ"

"ခင်ဗျားတို့က တော်တော်ယုတ်မာတဲ့သူတွေပဲ"

ဦးရှည်ကြီးက ကံကောင်း၏ ပုခုံးကိုပုတ်လိုက်သည်။

"မင်းဘာမှ မတတ်နိုင်ဘူးကွ၊ ငါလည်း မတတ်သာပဲ ဒီအလုပ်ကိုလုပ်နေခဲ့ရတာ"

ကံကောင်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

"မင်းသိလား၊ လမ်းဘေးက ကလေကချေလေးတွေကိုခေါ်ပြီး ယူတိုးပီးယားမှာ ပညာသင်ပေးတယ်ဆိုပြီး လိမ်ညာထားလိုက်တယ်လေကွာ၊ သူတို့ကို ကလေးထဲက ခေါင်းထဲရိုက်သွင်းခဲ့တာဆိုတော့ သူတို့တွေလဲ ယုံနေကြတာပေါ့ကွာ"

ကံကောင်းက ထိုတော့မှ တစ်ခုတွေးမိသည်။ သူ့အကိုသက်လုံက လွန်ခဲ့သည့် လေးနှစ်လောက်မှ ကျောင်းနေဖူးပြီး အခုတော့ ပညာသင်အထိပါသွားမည်ဆိုသည်က မဖြစ်နိုင်သည့်ကိစ္စတစ်ခုလို့ ယခင်က ထင်မှတ်ထားဖူးသည်။ ထိုသို့တွေးရင်းနဲ့မှ သက်လုံနှင့် ကောင်းကင်တို့ပါ တစ်နေ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အထုတ်ခံရတော့မည်ကိုတွေးမိလိုက်ကာ အလွန်စိတ်ပူလာခဲ့သည်။

"ငါတားဆီးရမယ်၊ ငါရအောင်တားဆီးရမယ်"

"မင်းသိချင်တယ်ဆိုရင် အနီရောင်လေလံပွဲကို ငါလိုက်ပြမယ်"

ကံကောင်းလည်း ခေါင်းညိတ်လိုက်သဖြင့် ဦးရှည်ကြီးက သူ့ကိုဦးဆောင်၍ခေါ်သွားသည်။ ကျယ်ဝန်းလှသည့် ခန်းမကြီးထဲတွင် ခုံများကိုစီတန်းပြီးချထားသည်။ ထိုခန်းမကြီး၏ နံရံတွင် ကြီးမားသည့် စခရင်ကြီးရှိကာ စခရင်အရှေ့တွင်လဲ ကွန်ပြူတာများကို ချထားလေသည်။ သူတို့ဝင်လာတော့ ဂိုဏ်းချုပ်ကြီးနှင့် အခြားလူများက သူတို့ကိုဝိုင်းကြည့်နေသည်။

"အရှည်ကြီး ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ၊ ဘာလာရှုပ်တာလဲ"

"ကျုပ်တို့လူသစ်ကလေးကို လုပ်ငန်းသဘောတွေရှင်းပြနေတာပါ"

ဦးရှည်ကြီးပြောလိုက်တော့မှ ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်လိုက်သည်။

"ကဲ၊ လေလံပွဲစမယ်ဟေ့"

စခရင်ကြီးပွင့်သွားပြီး ကမ္ဘာလုံးပုံစံ ပုံရိပ်ကြီးပေါ်လာခဲ့သည်။ ထိုပုံရိပ်တွင် ကမ္ဘာတစ်ဝှမ်းရှိ နေရာအသီးသီးအား အစက်အပျောက်ကလေးများဖြစ် ပြသထားသည်။

"ဖောက်သည်တွေအကုန်လုံး အွန်လိုင်းပေါ်တက်လာပါပြီး ဂိုဏ်းချုပ်ကြီး"

"ကောင်းပြီ၊ စတော့"

ကွန်ပြူတာကို ထိန်းချုပ်နေသည့် အမျိုးသမီးက အချက်အလက်များကိုထည့်သွင်းလိုက်သည်။ ထို့နောက် အလွန်ချောမောလှပသည့် မိန်းကလေးက မိုက်ခွက်ကို ကိုင်လိုက်သည်။ ကင်မရာက သူ့ကိုချိန်ရိုက်ထားသဖြင့် သူ့ပုံရိပ်က စခရင်ကြီးတွင် ပေါ်လာလေသည်။

"အားလုံးပဲ မင်္ဂလာပါ၊ အခုကတော့ အဖြူရောင်ဂိုဏ်းရဲ့ (၁၇၆၅) ကြိမ်မြောက်ကျင်းပမယ့် လေလံပွဲဖြစ်ပါတယ်၊ ဒီနေ့ လေလံတင်မယ့် မိန်းကလေးကတော့ အသက်ဆယ့်ငါးနှစ်ရှိပြီး၊ သွေးအမျိုးအစား အေဘီ၊ အာအိတ်ချ် ပလက်စ်၊ သန့်စင်မှု ဘီအဆင့်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်၊ သူ့ကိုယ်ခန္ဓာက အစိတ်အပိုင်းတွေတော်တော်များများကို ထုတ်ယူလို့ရမှာပါ"

ထိုသို့ အင်္ဂလိပ်လိုပြောကြားလိုက်ပြီး ထုတ်ယူ၍ရရှိနိုင်သည့်အစိတ်အပိုင်းများစာရင်းကိုဖော်ပြလိုက်သည်။ မျက်ကြည်လွှာမှစတင်၍၊ အသည်း၊ ကျောက်ကပ်များ အစရှိသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း တော်တော်များများပါဝင်လေသည်။ ထိုအချိန်တွင် စခရင်တွင် လူပုံများ အများအပြားပေါ်လာလေသည်။

"ကျုပ်နှလုံးလိုချင်တယ် သန်းသုံးဆယ်ပေးမယ်"

ကပ္ပလီကြီးတစ်ယောက်က ပြောလေသည်။ သို့သော် ထိုကောင်မလေးက ခေါင်းခါလျက်

"စိတ်မရှိပါနဲ့ရှင့်၊ နှလုံးက တစ်ယောက်ယူပြီးသွားပါပြီ၊ ကျန်တဲ့အစိတ်အပိုင်းတွေပဲ ရပါ့မယ်"

"ကျုပ် ကျောက်ကပ်တစ်စုံလိုချင်တယ်၊ တစ်လုံးကို ဒေါ်လာငါးသောင်းပေးမယ်"

တရုတ်မျက်နှာပေါက်နှင့် လူကြီးတစ်ယောက်က ပြောလိုက်လေသည်။ ထိုကောင်မလေးက စာရင်းမှတ်လျက်

"ဟောင်ကောင်က ဖောက်သည်ကြီးက ကျောက်ကပ်တစ်လုံးကို ငါးသောင်းနဲ့ နှစ်လုံးယူမလို့ပါတဲ့ရှင်"

ထိုအခါ အနောက်တိုင်းသားကြီးတစ်ဦးက

"ကျုပ်ကို ကျောက်ကပ်ရောင်းပါ၊ တစ်လုံးကို ခြောက်သောင်းပေးမယ်"

"စပိန်က ဖောက်သည်က ခြောက်သောင်းပါတဲ့၊ ဈေးပြိုင်ပိုပေးမယ့်သူ ရှိသလားရှင့်"

ထိုကောင်မလေးက သုံးကြိမ်တိတိခေါ်သော်လည်း ဘယ်သူမှဈေးပိုမပေးတော့ပေ။ ထို့ကြောင့် သူ့စားပွဲခုံပေါ်မှာ သစ်သားတူကလေးကို ကောက်ယူလိုက်ပြီး တူထုသည့်သစ်သားပြားကလေးကို သုံးကြိမ်ထုနှက်လိုက်သည်။

"စပိန်က ဖောက်သည်ကြီးက ကျောက်ကပ်တစ်လုံးကို ဒေါ်လာခြောက်သောင်းနဲ့ ကျောက်ကပ်တစ်စုံကို ဒေါ်လာတစ်သိန်းနှစ်သောင်း ယူသွားပါပြီရှင့်၊ နောက်ထပ်ဆယ့်ငါးမိနစ်အတွင်း ငါးဆယ်ရာခိုင်နှုန်းကိုစရံချရပါမယ်၊ မနက်ဖြန် လေယာဉ်နဲ့ စပိန်ကိုအမြန်ဆုံးပို့ပေးပါ့မယ်"

သို့နှင့် မျက်ကြည်လွှာများ၊ အခြားအစိတ်အပိုင်းများကိုပါ လေလံတင်ပြီး ရောင်းချဝယ်ယူနေကြသည်။ ကံကောင်းက ထိုအဖြစ်ကိုကြည့်ပြီးအလွန်ဒေါသထွက်နေသည်။ လူတစ်ယောက်ကို သက်မဲ့ပစ္စည်းတစ်ခုကဲ့သို့ တစ်စစီဖြုတ်ပြီး လေ့လံတင်နေကြသည်ကိုကြည့်ကာ အလွန်စက်ဆုပ်ရွံ့ရှာနေမိသည်။

လေလံပွဲပြီးသွားပြီဖြစ်သည်။ ထိုအခါ သူတို့အားလုံး အခန်းထဲမှပြန်ထွက်လာကြသည်။ ဖောက်သည်များက သူတို့ဂိုဏ်း၏ ငွေစာရင်းထဲသို့ စရံငွေများကို ပေးချေနေကြပြီး စာရင်းကိုင်များက တွက်ချက်နေကြလေသည်။ ထိုကောင်မလေးတစ်ယောက်ကို လေလံဆွဲရာ ဒေါ်လာ သန်းနှင့်ချီ၍ ရလိုက်လေသည်။

"လေလံတင်ပြီးရင် ဘာလုပ်မှာလဲဗျ"

ကံကောင်းက ဦးရှည်ကြီးကိုမေးလိုက်သည်။

"လေလံတင်ပြီးရင်တော့ သိုးကလေးကို ငါတို့ဂိုဏ်းကပိုင်ဆိုင်တဲ့ ပရဟိတ ဆေးရုံကြီးဆီကိုခေါ်သွားမယ်ကွာ၊ အဲဒီမှာ ခွဲစိတ်ကျွမ်းကျင်တဲ့ ပါရဂူတွေနဲ့ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲထုတ်ကြမယ်၊ နောက်ပြီးတော့ အဆင့်မြင့်ပြုလုပ်ထားတဲ့ သေတ္တာတွေထဲကိုထည့်ပြီးတော့ သီးသန့်လေယာဉ်တွေနဲ့ ဖောက်သည်တွေဆီကို ပို့ပေးကြလိမ့်မယ်ကွ"

ကံကောင်းအလွန်စိတ်တိုနေမိသည်။ သူ့လက်တွေ တုန်ယင်နေသည်။ သူ့စိတ်ရှိတိုင်းဆို ထိုအဆောက်အဦးထဲရှိလူများကို သတ်ဖြတ်ချင်လိုက်သည်။ သို့သော် အများနှင့်တစ်ယောက်မို့ မဖြစ်နိုင်သေးပေ၊ နောက်ပြီး သူ့အကိုသက်လုံနှင့် ကောင်းကင်တို့ကို ကယ်တင်ရဦးမည်ဖြစ်သည်။

"မကြာခင် ငါတို့အလုပ်စဖို့အချိန်ရောက်တော့မယ်၊ မင်းငါနဲ့လိုက်ခဲ့တော့"

သူတို့လည်း မကြာခင် ကားတစ်စီးပေါ်သို့တက်လိုက်သည်။ ကားသုံးစီးက ပြိုင်တူမောင်းနှင်လာကြသည်။ နောက်တော့ ကြီးမားပြီးခေတ်မီလှသည့် အဖြူရောင်ပရဟိတ အဆင့်မြင့်ဆေးရုံကြီးထဲသို့ ကားကိုချိုးဝင်လိုက်သည်။ ကျန်ကားနှစ်စီးက ဆက်သွားသော်လည်း သူတို့ကားက ကားပါကင်တွင် ရပ်လိုက်ပြီးနောက် သီးသန့်ပြုလုပ်ထားသည့် ဓါတ်လှေကားအတိုင်းတက်လာခဲ့သည်။ သူတို့နှစ်ယောက် အခန်းကြီးတစ်ခုအတွင်းသို့ရောက်လာခဲ့သည်။

အခန်းမျက်နှာကျက်တွင် မီးဆိုင်းကြီးများတပ်ဆင်ထားပြီး အခန်းအတွင်းတွင်လည်း စတီးဖြင့်ပြုလုပ်ထားသည့် စားပွဲခုံများ၊ စင်များကိုချထားသည်။ အခန်းကြီးအတွင်း အအေးဓါတ်များလွှတ်ထားသဖြင့် အလွန်ချမ်းအေးလှပေသည်။ အခန်းအဝင်တွင် အဝတ်လဲခန်းတစ်ခုရှိပြီး အဝတ်လဲခန်းအတွင်းသို့ရောက်သည့်အခါ ဖိနပ်များကိုချွတ်လိုက်ရသည်။ ဦးရှည်ကြီးက သူ့အဝတ်အစားများအပေါ်မှ မိုးကာကဲ့သို့ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသည့် (PPE) ဝတ်စုံကြီးကိုဝတ်ဆင်လိုက်သည်။ ရာဘာဖြင့်ပြုလုပ်ထားသည့် လည်ရှည်ဖိနပ်ကြီးကို စီးနင်းလိုက်ရပြီးနောက် ပိုးသတ်ဆေးရည်များထည့်ထားသည့် ကန်တစ်ခုကိုဖြတ်လျှောက်လိုက်ရသည်။ အခန်းအတွင်းရောက်သည့်အခါ လက်ကိုဆပ်ပြာဖြင့် အသေအချာဆေးကြောကာ ရာဘာလက်အိတ်ရှည်များကိုဝတ်ဆင်လိုက်ရသည်။ မျက်နှာတွင်လည်း ခွဲစိတ်ခန်းသုံးမျက်နှာဖုံးကို တပ်ဆင်လိုက်ရပြီး မျက်လုံးကလေးကိုသာဖော်ထားရလေသည်။

ဦးရှည်ကြီးက စတီးစင်တစ်ခုကိုဖွင့်လိုက်ပြီး အတွင်းမှ သားရေဖြင့်ပြုလုပ်ထားသည့် အလိပ်တစ်ခုကိုထုတ်လိုက်သည်။ ထို့နောက် ရွေ့လျားနိုင်ရန်အတွက် ဘီးများတပ်ထားသည့် စတီးစားပွဲကလေးတစ်ခုပေါ်တွင် ထိုအလိပ်ကိုဖြန့်ချလိုက်သည့်အခါ အရွယ်အစားစုံလင်လှသည့် ဓါးနှင့် လက်နက်ကိရိယာများကိုတွေ့လိုက်ရသည်။ ကံကောင်းလည်း အံ့သြပြီးကြည့်နေမိသည်။

"ကျုပ်တို့က ခွဲရမှာလား"

"ခွဲစိတ်ကျွမ်းကျင်တဲ့ ဆရာဝန်တွေက သူ့ကိုခွဲစိတ်ပြီး ကလီစာတွေကိုထုတ်ယူလိမ့်မယ်၊ ငါတို့က ကျန်တာကိုဆက်လုပ်ရမှာပဲ"

အခန်းကြီးက အေးစက်နေသော်လည်း ကံကောင်းကတော့ ဇောချွေးတွေပြန်နေလေသည်။ သူလုပ်ရမည့်အလုပ်များကိုတွေးရင်း အလွန်စိုးရိမ်နေမိသည်။ နာရီဝက်ခန့်ကြာသည့်အခါ သူတို့အခန်းတံခါးဝင်ပေါက်တွင်တပ်ထားသည့် မီးလုံးကလေးလင်းလာလေသည်။

"ရောက်ပြီ၊ လာ၊ ငါတို့သွားသယ်ကြရအောင်"

ကံကောင်းက ဦးရှည်ကြီးအနောက်သို့ လိုက်လာခဲ့သည်။ အခန်းတံခါးကိုဖွင့်လိုက်သည့်အခါ ဘီးတပ်ကုတင်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုကုတင်ပေါ်တွင်လူတစ်ယောက်ကို ပလတ်စတစ်အမည်းစကြီးဖြင့် ထုပ်ပိုးထားလေသည်။ ကံကောင်းထိုလူကိုကြည့်ရင်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ အထုတ်ခံလိုက်ရသည့်လူမှန်းသိလိုက်ကာ အလွန်ကြောက်ရွံ့သွားမိသည်။

"လာကွ၊ ဘာကြောင်ကြည့်နေတာလဲ"

ထိုကုတင်ကို အခန်းအတွင်းသို့တွန်းထည့်လိုက်ပြီးနောက် ပလတ်စတ်စအနက်ဖြင့်ထုတ်ထားသည့် ထိုလူကို သူတို့နှစ်ယောက် ပွေ့ချီလိုက်ကာ စတီးစားပွဲကြီးပေါ်သို့ တင်လိုက်ကြသည်။

"အရင်ကဆို ငါတစ်ယောက်တည်းလုပ်ရတာကွ၊ အခုမင်းရှိတော့ ငါလည်းသက်သာရတာပေါ့၊ ကဲ၊ ကတ်ကြေးယူပြီးတော့ ဒီပလတ်စတစ်တွေကို ဖြဲခွာပစ်စမ်းကွာ"

စတီးရောင်လက်နေသည့် အသွားချွန်ကတ်ကြေးကလေးကို ယူလိုက်ပြီးကံကောင်းက ပလတ်စတစ်ကိုထိုးခွဲချလိုက်သည်။

"ဝေါ့၊ အင့်၊ အင့်"

"ဟေ့ကောင် အန်မချနဲ့နော်"

ခြေထောက်မှစပြီး ခွဲလိုက်ရာ ဖြူဖွေးဝင်းအိနေသည့် မိန်းကလေးတစ်ယောက်၏ ခြေထောက်များကိုတွေ့လိုက်ရသည်။ အထက်သို့ဆက်တက်ပြီးခွဲလိုက်ရာ ဝတ်လစ်စားလစ်အနေအထားနှင့် မိန်းကလေးဖြစ်ပြီး ဆီးခုံမှစ၍ ရင်ခေါင်းအထိ ဗိုက်ကြီးကို အခွဲခံထားရသည်။ အတွင်းတွင်တော့ သွေးများပေကျံနေသည့် ရောင်းချ၍မရသည့် ကလီစာများသာကျန်နေလေသည်။ ထိုကလီစာများကိုကြည့်ရင်း ကံကောင်းတစ်ယောက် ပျို့အန်တက်လာသည်။

"ငါတို့ အမြန်လုပ်ရမယ်ကွ၊ တစ်နာရီအတွင်း အပြီးသတ်အောင်လုပ်ရမယ်၊ မဟုတ်ရင် အသားတွေက မလတ်ဆတ်တော့ဘဲ နေလိမ့်မယ်၊ လုပ်စမ်းကွာ၊ ခေါင်းအထိခွာလိုက်"

ကံကောင်းလည်း ကတ်ကြေးဖြင့် ခေါင်းကိုဖြေလိုက်သည်။ ထိုအခါ သူအလွန်အံ့သြသွားပြီး ကြက်သေသေသွားမိသည်။ ဦးရှည်ကြီးက သူ့အနားသို့ရောက်လာပြီး

"ရုပ်ကလေးကတော့ ကြည့်လို့ကောင်းသားပဲကွ"

ကြက်သေသေကာ အံ့သြနေသည့် ကံကောင်းကို ဦးရှည်ကြီးက ကြည့်လိုက်သည်။

"သူ့ကိုမင်းသိလို့လား"

"သိ၊ သိတာပေါ့ဗျာ၊ သူ့နာမည်က ဝတ်ရည်တဲ့"

ဝတ်ရည်၏ မျက်နှာကလေးမှာ အိပ်ပျော်နေသလိုပင်ဖြစ်နေသည်။ နှုတ်ခမ်းကလေးများမှာ အနည်းငယ်ပြုံးမယောင်ကလေးဖြစ်နေသည်။ အရင်ရက်က သူထမင်းဘူးပေးခဲ့ဖူးသည့် ဝတ်ရည်ဆိုသောမိန်းကလေး၊ ကောင်းကင်ကို သူ့ချစ်သူရည်းစားဟု လိမ်ညာပြောခဲ့သော မိန်းကလေးမှာ အခုတော့ အသက်မဲ့ခန္ဓာနှင့် ငြိမ်သက်စွာ လဲလျောင်းနေပြီဖြစ်သည်။ ဦးရှည်ကြီးက သူ့ကိုစက်ကတ်ကြေးတစ်ခုကိုပေးလိုက်သည်။

"သူ့ဆံပင်တွေကို မင်းရိတ်ထားလိုက်၊ ငါက သူ့ခေါင်းခွံကို ခွာမယ်"

ကံကောင်းက ဆံပင်တွေကိုရိပ်လိုက်လေသည်။ ဆံပင်များပြောင်သွားတော့မှာ ဦးရှည်ကြီးက စက်တပ်ထားသည့် လွှာအသေးကလေးတစ်ခုဖြင့် ဦးခေါင်းခွံကိုဖွင့်လိုက်လေသည်။ ထို့နောက် အတွင်းမှ ဦးနှောက်များကို ထုတ်ယူလိုက်သည်။ ဦးနှောက်ထုတ်လိုက်သည့်အခါ မျက်လုံးတွေက ပွင့်တက်သွားပြီး အတွင်းသို့ခွက်ဝင်သွားသည်။

"ဟိုနားက သေတ္တာကလေးယူလာခဲ့ဟေ့"

ကံကောင်းလည်း တုန်တုန်လှုပ်လှုပ်ဖြင့် သေတ္တာကလေးကိုယူပေးလိုက်သည်။ သေတ္တာအတွင်းသို့ ဦးရှည်ကြီးက ဦးနှောက်များကိုထည့်လိုက်ကာ ပြန်ပိတ်လိုက်သည်။ ထို့နောက် ဝတ်ရည်၏ ဝမ်းဗိုက်ကိုဖွင့်လှန်လိုက်လေသည်။ အူများကိုကိုင်ကြည့်လိုက်ပြီး

"လတ်ဆတ်တယ်ကွ၊ နွေးနေတုန်းပဲ၊ ကိုင်ကြည့်စမ်း"

"ကျုပ်၊ ကျုပ်မကိုင်ချင်ဘူး"

"လုပ်စမ်းပါကွ၊ ငါတို့မြန်မြန်လုပ်ဖို့လိုတယ်"

ကံကောင်းလည်း အူအခွေလိုက်ကြီးကို ကိုင်လိုက်မိသည်။ အူများက နွေးနေတုန်းရှိသေးသည်။ ဦးရှည်ကြီးက ဓါးတစ်ချောင်းကို ကောက်ယူလိုက်ပြီးနောက် ဝတ်ရည်၏ ပေါင်သားများကိုခွာထုတ်နေလေသည်။

"ဒီမှာလာကြည့်၊ ဟိုဖက်ပေါင်ကို ငါလှီးသလိုလိုက်လှီးစမ်းကွာ"

ကံကောင်းလက်တွေတုန်ယင်နေသည်။ သူ့မျက်လုံးတွေက မျက်ရည်တွေကျနေပြီး မှုန်ဝါးနေလေသည်။

"လုပ်စမ်းပါကွ၊ အဓိက အသားကောင်းတဲ့နေရာတွေကို ပြတ်ပါသွားလို့မဖြစ်ဘူးနော်၊ ဘာလို့လဲဆိုတော့ အပျိုကလေးရဲ့ပေါင်သားဆိုတာ ဈေးကောင်းရတယ်ကွ"

"ခင်ဗျားတို့ အဲဒီအသားတွေကို ဘာလုပ်ကြတာလဲဗျာ"

"မြင်းမိုရ်ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာ လီဒလီးစီးယက် ဆိုတဲ့ ပြင်သစ်စားသောက်ဆိုင်ရှိတယ်၊ အဲဒီစားသောက်ဆိုင်က မန်ဘာကြေးတစ်နှစ်စာသွင်းပြီးတော့မှ စားသောက်လို့ရတာကွ၊ သူတို့က ဒီအသားတွေကိုသုံးတယ်ကွာ၊ ရှင်းရှင်းပြောရရင်တော့ လူသားစားတဲ့ အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်တာပေါ့"

"ဒါဆို ဒီအသားတွေကို သူတို့က ချက်စားမှာပေါ့"

"ဒါပေါ့ကွ၊ ဒါကြောင့်အသားတွေက လတ်ဆတ်နေဖို့လိုတာ၊ ဒီပေါင်သားတစ်ဖတ်ဆိုရင် ဆယ်သိန်းဆိုရင်လဲဟုတ်တယ်၊ သိန်းနှစ်ဆယ်ဆိုရင်လဲ ဟုတ်တယ်ကွ"

ကံကောင်းအလွန်တုန်လှုပ်နေမိသည်။

"တို့အတွက်တော့ လူတစ်ယောက်ဆိုတာ လွှင့်ပစ်စရာမလိုတဲ့ ကုန်စည်တစ်ခုပါပဲကွာ၊ အသားတွေ၊ အူတွေကို ဟင်းတွေချက်စားမယ်၊ အရိုးကိုကျတော့ စွတ်ပြုတ်လုပ်ကြတယ်ကွာ၊ မြန်မြန်လုပ်ဟေ့၊ ဒီကောင်မလေးရဲ့ နံရိုးသားတွေလှီးရဦးမယ်၊ မိန်းကလေးအင်္ဂါဆိုရင် သိန်းသုံးဆယ်လောက်တန်တာကွ၊ လူတစ်ယောက်မှာ တစ်ခုပဲပါတာမဟုတ်လား"

ကံကောင်းက သူ့ဓါးကို ဝတ်ရည်၏ ပေါင်အရင်းပေါ်သို့တင်လိုက်သည်။ ထို့နောက် သူ့အရှေ့တွင် တကုန်းကုန်းနှင့်လုပ်နေသည့် ဦးရှည်ကြီးကိုကြည့်လိုက်မိသည်။ ဦးရှည်ကြီးက ဓါးကိုကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်လျက် အသားများကို ခွာထုတ်နေလေသည်။

(ထ)

"ဝေါ့၊ ဝေါ့၊ အော့"

အခန်းအပြင်ရောက်တော့မှ ကံကောင်းက အမှိုက်ပုံတစ်ခုအတွင်းသို့ အန်ချမိလိုက်သည်။ သူ့လက်တွေ တုန်ယင်နေဆဲဖြစ်ပြီး သူဝတ်ဆင်ထားသည့် PPE ဝတ်စုံတွင်လည်း သွေးများစွန်းပေလျက်ရှိသည်။ ထိုဝတ်စုံကို ချွတ်ချလိုက်ပြီး အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်သည်။

"ကောင်လေး၊ ပြီးပြီလား"

သူ့အနားသို့ လူနှစ်ယောက်ရောက်လာသည်။

"ပြီးပြီ၊ ဟိုအခန်းထဲက သေတ္တာထဲမှာ အသားတွေထည့်ထားထားတယ်"

ထို့နောက် ကံကောင်းက အပြင်သို့ထွက်လာခဲ့သည်။ ဆေးရုံအပြင်ရောက်တော့မှ လေကောင်းလေသန့်ကို ဝအောင်ရှုရှိုက်လိုက်သည်။ ထို့နောက် ဦးရှည်ကြီးထံမှ ရလာသည့် စီးကရက်ဘူးကိုဖွင့်လိုက်ပြီး ဦးရှည်ကြီး၏ မီးခြစ်ဖြင့်ပင် ဆေးလိပ်ကိုမီးညှိလိုက်လေသည်။ ဆေးလိပ်သောက်လိုက်တော့မှ မသတီစရာများပျောက်ပြီး နည်းနည်းအသက်ရှုချောင်သွားသည်။

"ဒီအတိုင်းဆိုရင်မဖြစ်ဘူး၊ တစ်ချိန်ကျ အကိုသက်လုံရော၊ ကောင်းကင်ရော ဒီလိုဖြစ်လာမှာပဲ၊ ပြီးတော့ ငါကလည်း သူတို့ရဲ့အလောင်းတွေကို အမဲသား၊ ဝက်သားဖျက်သလို ဖျက်ပေးနေရမှာပဲ"

"ဟေ့ကောင်လေး၊ လာ၊ ပြန်ကြမယ်"

သူတို့စီးလာသည့် ကားက ရပ်လာသဖြင့် ကံကောင်းလည်း ကားပေါ်သို့တက်လိုက်သည်။

"ဒါနေ့ အရှည်ကြီးရောကွ"

"သူက အရေးကြီးလို့ ပြန်နှင့်မယ်လို့ပြောတယ်"

ကားပေါ်မှလူများက ရယ်မောကြသည်။

"ဒီကောင်ကတော့ သူ့မိန်းမကိုလွမ်းနေပြီနဲ့တူပါရဲ့ကွာ၊ ဟား၊ ဟား"

ကားအဖြူကလေးပေါ်သို့ စီးလျက် လိုက်ပါလာခဲ့သည်။ ထိုစဉ် ဆေးရုံကြီး၏ အနောက်ဖက်ပေါက်မှာ ရေအေးခဲစနစ်တပ်ဆင်ထားသည့် ကုန်သေတ္တာတင်ကားကြီးက မောင်းနှင်ကာ ထွက်ခွာသွားလေသည်။

"မင်းလုပ်တာ တော်တယ်ကောင်လေး"

ဂိုဏ်းချုပ်ကြီးက ချီးကျူးလိုက်ကာ သူ့ကိုအနက်ရောင်ကတ်ပြားကလေးတစ်ခုထုတ်ပေးသည်။ ထိုကတ်ပြားကလေးတွင် ရွှေရောင်ဖြင့် မြင်းမိုရ်တောင်ပုံစံကလေးကို ရေးဆွဲထားလေသည်။

"ဒါ မြင်းမိုရ်ဘဏ်က ဘဏ်ကတ်ပြားပဲ၊ မင်းအတွက် ပိုက်ဆံငါးသိန်းထည့်ပေးထားတယ်၊ နောက်နေ့တွေလဲ မင်းတာဝန်မင်းကျေအောင်လုပ်ရင် ဒီထက်ပိုပြီးရမယ်"

ကံကောင်းက ထိုကတ်ပြားကလေးကို လှမ်းယူလိုက်သည်။ ဂိုဏ်းချုပ်ကြီးက ကံကောင်း၏လက်ကိုဆွဲထားလိုက်သည်။

"မင်းမဟုတ်တာတွေ လျှောက်မတွေးနဲ့လို့ ငါအခုကတည်းက သတိပေးလိုက်မယ်၊ မင်းတစ်ခုခုလုပ်လို့ကတော့ နောက်နေ့အမဲဖျက်ပြီးရောင်းခံရမယ့်သူက မင်းဖြစ်သွားမယ်"

ကံကောင်း ခေါင်းညိတ်ပြီး ကတ်ပြားလေးကို ယူလိုက်ကာ အိတ်ကပ်အတွင်းသို့ထည့်လိုက်လေသည်။ သူ့ကိုအိပ်စက်ဖို့အတွက် ယူတိုးပီးယား၏ မျက်နှာချင်းဆိုင်တွင်ရှိသည့် အဖြူရောင်ဂိုဏ်း၏ အဆောက်အဦးကြီးတွင် နေရာပေးထားလေသည်။ အခန်းကြီးကဟိုတယ်ခန်းကြီးအလား သားနားလှသည်။ ထိုအထပ်တွင် သူ့လို ဂိုဏ်းအဖွဲ့ဝင်လူမိုက်များရှိကာ ထိုလူမိုက်များအတွက် မိန်းကလေးများ၊ မူးယစ်ဆေးများ၊ အရက်၊ ဆေးလိပ်များကို အလျှံပယ်ရနိုင်အောင် စီစဉ်ပေးထားလေသည်။

(ဒ)

မြင်းမိုရ်ဟိုတယ်။

နီယွန်မီးရောင်ကြီးများဖြင့် အလွန်မြင့်မားလှသည့် မျှော်စင်တာဝါကြီးတစ်ခုဖြစ်သည်။ ထိုတာဝါကြီးက ဝင်္ကပါမြို့ကြီးရှိ ဒုစရိုက်ဂိုဏ်းပေါင်းစုံ စုဝေးရာနေရာဖြစ်သည်။ ဟိုတယ်ကြီး၏ အနောက်ဘက်ပေါက်တွင်တော့ ကုန်ပစ္စည်းချသည့် ဝင်ပေါက်တစ်ခုရှိပြီး ထိုဝင်ပေါက်တွင်လက်နက်ကိုင်များက စောင့်ကြပ်နေလေသည်။

အအေးပေးစနစ်ပါဝင်သည့် ကုန်သေတ္တာကားကြီးက ထိုအရှေ့တွင်ရပ်လိုက်လေသည်။ ကားမောင်းသူက စာတစ်စောင်ထုတ်ပြီး ဂိတ်စောင့်ကိုပြလိုက်သည်။

"အသားတွေလာပို့တာပါ"

ဂိတ်တံခါးပွင့်သွားသောအခါ ကားကိုအတွင်းသို့မောင်းဝင်ခဲ့သည်။ ကုန်ပစ္စည်းတင်သည့် ဓါတ်လှေကားအရှေ့တွင် ကားကိုရပ်လိုက်ပြီး ကားပေါ်မှ သေတ္တာများကို လှည်းကလေးများပေါ်သို့ချလိုက်ကြသည်။ ထို့နောက် ဓါတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့တက်ခဲ့သည်။ အပေါ်ဆုံးထပ်တွင်တော့ အလွန်ခမ်းနားပြီး လှပကာ အထက်တန်းကျသည့် ပြင်သစ်စားသောက်ဆိုင်တစ်ခုရှိသည်။ လီဒလီးစီးယက် ဆိုသည်မှာ အရသာရှိသည်ဟု အဓိပ္ပါယ်ရလေသည်။

ထိုဆိုင်တွင် စားသောက်ရန်အတွက် ဆိုင်တွင် ကြိုတင်ကာ မန်ဘာကြေးပေးသွင်းပြီး စားသောက်၍ရနိုင်သည်။ သာမန်လူများအားဝင်ခွင့်မပြုဘဲ မန်ဘာများနှင့် ဒုစရိုက်ဂိုဏ်းလောကမှ ပတ်သက်သူများသာ စားသုံးခွင့်ရှိသည်။ ထိုစားသောက်ဆိုင်၏ အောက်ဘက်ရှိ မီးဖိုအတွင်းသို့ ကုန်သေတ္တာတင်ထားသည့် လှည်းကလေးများမှာ တွန်းဝင်လာလေသည်။

"အသားတွေရပြီ"

စားဖိုဆောင်အတွင်းတွင် ချက်ပြုတ်သူများက အလုပ်များနေကြသည်။ ကုန်သေတ္တာများကို ရေခဲသေတ္တာအကြီးကြီးအတွင်းသို့ ထည့်လိုက်ကြသည်။ အမှာစာတစ်ခုကို စားပွဲထိုးကလေးက ယူလာပေးရာ စားဖိုမှူးက အမှာစာကိုကြည့်လိုက်သည်။

"လျှာသားဟင်းတဲ့ဟေ့၊ လျှာကိုထုတ်ကြ"

စားဖိုဆောင်မှ အကူလေးတစ်ယောက်က ကုန်သေတ္တာတစ်ခုကိုဖွင့်လိုက်သည်။

"အား"

ထိုအကူလေး၏ အော်သံက စားဖိုဆောင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာသဖြင့် ချက်ပြုတ်နေသူများအားလုံး ထိုကောင်ကလေးဆီသို့ ပြေးလာခဲ့ကြသည်။ ထိုအခါ ကုန်သေတ္တာအတွင်းတွင် လူခေါင်းပြတ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။

"ကလင်၊ ကလင်"

တယ်လီဖုန်းမြည်သွားသဖြင့် ဂိုဏ်းချုပ်ကြီးက ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ပြောပါ"

"ဆရာရေ ပြဿနာတစ်ခုတက်နေပြီ"

"ဘာဖြစ်တာလဲ"

"စားသောက်ဆိုင်မှာ ကိုရှည်ကြီးရဲ့ ခေါင်းပြတ်ကြီးကိုတွေ့လို့တဲ့"

"ဘာ၊ အရှည်ကြီးဟုတ်လား"

ဂိုဏ်းချုပ်ကြီးက ဒေါသထွက်ထွက်ဖြင့် ဖုန်းကိုပစ်ပေါက်လိုက်သည်။ ဂိုဏ်းချုပ်ကြီးအနီးတွင် ထိုင်နေသည့် စစ်နိုင်ပင်လျှင် အလွန်အံ့သြသွားသည်။

"ဂိုဏ်းချုပ်ကြီး၊ ဘာများဖြစ်လို့လဲ"

"ဟို ကံကောင်းဆိုတဲ့ မအေပေးလေးဘယ်မှာလဲ"

"အိပ်ဆောင်မှာရှိမှာပါ"

"အဲ့ဒီကောင်လေးကိုဖမ်းပြီးတော့ အမဲဖျက်လိုက်စမ်းကွာ"

စစ်နိုင်အံ့သြသွားသည်။

"ဘာဖြစ်လို့လဲ"

"ဒီကောင်လေးက အရှည်ကြီးကို အမဲဖျက်သွားတယ်တဲ့ကွ"

စစ်နိုင်က တစ်ချက်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်ကာ အခန်းအပြင်သို့ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"စစ်နိုင်၊ မင်းလက်တော့မလွန်စေနဲ့ကွ၊ ဒီကောင့်ကို ငါကျွေးမွေးထားတယ်ဆိုတာ အလကားမဟုတ်ဘူး"

"ကျုပ်သိပါတယ် ဂိုဏ်းချုပ်ကြီး၊ သူ့ကိုဖမ်းမိတာနဲ့ တစ်ခါတည်း လေလံတင်ပြီး အမဲဖျက်ကြမယ်"

စစ်နိုင်က အခန်းအတွင်းမှပြေးထွက်သွားလေသည်။ သူ့အိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းဆက်လိုက်သည်။

"ကံကောင်းဆိုတဲ့ ကောင်ကိုရှာကြစမ်း"

"ခုနကပဲအပြင်ထွက်သွားပါတယ်"

"ဒီကောင့်ကိုတွေ့တာနဲ့ ငါ့ကိုသတင်းပို့"

စစ်နိုင်ဖုန်းကိုချလိုက်သည်။ ခဏကြာသည့်အခါ သူ့ဖုန်းမြည်လာလေသည်။

"မင်းတို့တွေ့ပြီလား"

"ဒီကောင်လေး ယူတိုးပီးယားထဲကို ခိုးဝင်သွားတယ်"

စစ်နိုင်က သိလိုက်ပြီဖြစ်သည်။

"ယူတိုးပီးယားထဲက လူတွေကိုဆက်သွယ်လိုက်၊ ဒီကောင်နဲ့ ပတ်သက်တဲ့လူတွေ အကုန်လုံးကို ဖမ်းချုပ်ထားလိုက်စမ်း"

စစ်နိုင်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။

(ဒ)

"ဒုန်း၊ ဒုန်း၊ ဒုန်း"

အဆောင်တံခါးကို အပြင်းအထန်ခေါက်သံကြားလိုက်သဖြင့် သက်လုံ အိပ်နေရာမှ လန့်နိုးသွားသည်။

"ညီလေး၊ ညီလေး ကံကောင်းလား"

သက်လုံက အမြန်ထပြီး တံခါးဖွင့်လိုက်သည့်အခါ သူထင်ထားသည့်အတိုင်း ကံကောင်းဖြစ်နေသည်။ သက်လုံက ကံကောင်းကိုပွေ့ဖက်လိုက်သည်။

"ငါသိတယ်၊ ငါ့ညီက ဒီလိုမျိုးမူးယစ်ဆေးတွေ မလုပ်ဘူးဆိုတာ ငါသိတယ်"

"အကိုကြီး အခု မူးယစ်ဆေးထက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်နေပြီအကိုကြီး"

"ဘာများလဲညီလေးရာ"

"နောက်မှပြောပြမယ်၊ အကိုကြီး ကျုပ်နဲ့လိုက်ခဲ့မှရမယ်"

"ငါက၊ ငါက ဘယ်ကိုလိုက်ခဲ့ရမှာလဲ"

"ကျုပ်တို့ ယူတိုးပီးယားကနေ ထွက်သွားကြမယ်အကိုကြီး"

ကံကောင်းက သက်လုံ၏လက်ကိုဆွဲပြီး ပြေးလိုက်သည်။ သက်လုံက ကံကောင်း၏ လက်ကိုခါချလိုက်သည်။

"ငါတို့ ဘာလို့ ဒီကနေထွက်ပြေးရမှာလဲ ကံကောင်းရာ"

"အကိုကြီး၊ ကျုပ်ပြောတာကိုယုံပါ၊ အကိုကြီးတို့ အသက်အန္တရာယ်ရှိနေပြီ"

"မင်းဘာတွေပြောနေတာလဲ ကံကောင်း၊ မင်းဘာတွေဖြစ်နေတာလဲ"

ကံကောင်းအလွန် အလျင်လိုနေလေသည်။

"ကျုပ်နောက်တော့ ရှင်းပြမယ်၊ ကျုပ်အကုန်ရှင်းပြမယ်အကိုကြီးရာ၊ လောလောဆယ် ဒီကနေထွက်သွားဖို့လိုတယ်"

"ငါမသွားနိုင်ဘူးကံကောင်း၊ မင်းငါ့ကို အကြောင်းပြလေ၊ ငါတို့ဘာလို့သွားရမလဲဆိုတဲ့ အကြောင်းအရင်းခိုင်ခိုင်မာမာပြလေကွာ"

ကံကောင်းက သက်လုံလက်ကိုဆွဲလိုက်သည်။

"ကိုဖြိုးတို့ပြောတာမှန်တယ်ဗျ၊ ဒီအဖြူရောင်တွေက လူကောင်းတွေမဟုတ်ဘူး၊ သူတို့က လူဆိုးတွေ၊ လူယုတ်မာတွေ"

သက်လုံက ခေါင်းခါသည်။

"ကိုဖြိုးစကားက အမှားကြီးလေကွာ၊ ငါတို့ဒီထဲရောက်ပြီးတော့ ဘယ်လောက်စိတ်ချမ်းသာရလဲ၊ အစားအသောက်၊ အနေအထိုင်ကအစ၊ အခုဆို ငါတောင်မှ ပညာတွေတတ်ပြီးတော့ နိုင်ငံခြားကို ပညာသင်သွားရတော့မှာမဟုတ်လား"

"အဲဒါတွေအကုန်လုံးက အလိမ်အညာတွေဗျ"

ကံကောင်းအော်ဟစ်လိုက်သည်။

"အကိုကြီးစဉ်းစားကြည့် အကိုကြီးကို စာတစ်လုံးမှ မဖတ်တတ်တဲ့လူက ဒီမှာလေးငါးနှစ်လောက် ပညာသင်ပြီးတော့ နိုင်ငံခြားသွားတယ်ဆိုတာဖြစ်နိုင်မလား၊ ဒါတွေက သူတို့တွေက ကြံစည်ထားခဲ့တာ၊ အကိုကြီးတို့ကို တော်တယ်ဆိုပြီးတော့ အမှတ်တွေအများကြီးပေး၊ လူတော်တွေဖြစ်အောင်လို့ တမင်လိမ်ညာထားခဲ့တာ"

သက်လုံက ကံကောင်းကို မျက်လုံးအပြူးသားနှင့်ကြည့်နေလေသည်။

"ငါမယုံခဲ့ဘူး ကံကောင်း၊ သူများတွေ ဘာပြောပြာ ငါမယုံခဲ့ဘူး"

"ဘာကိုမယုံတာလဲအကိုကြီး"

"မင်းမူးယစ်ဆေးတွေသုံးပြီးတော့ စိတ်ဖောက်သွားတယ်၊ ရူးသွားတယ်ဆိုတာကိုလေ၊ အခုတော့ ငါယုံပြီ၊ သူတို့တွေပြောတာထက်ကို မင်းကပိုဆိုးနေတယ်၊ မင်းဆေးတွေသုံးပြီးတော့ အသိစိတ်ပျောက်နေတာပဲ"

ကံကောင်းအလွန်အံ့သြနေမိသည်။

"အကိုကြီး၊ အကိုကြီးကပါ ကျုပ်ကိုမယုံတော့ဘူးပေါ့၊ အကိုကြီးကပါ ကျုပ်ဆေးတွေသုံးနေတယ်လို့ ယုံနေတယ်ပေါ့"

"မင်းရူးနေပြီကံကောင်း၊ မင်းမူးယစ်ဆေးလိုချင်တာနဲ့ပဲ ယူတိုးပီးယားကနေ ထွက်သွားချင်တာမဟုတ်လား"

"မဟုတ်ဘူးအကိုကြီး၊ ကျုပ်ပြောတာကို ယုံပါ၊ အကိုကြီးကို ကျုပ်ဘယ်တော့မှ မလိမ်ညာခဲ့ဘူး"

ထိုစဉ် အဖြူရောင်ကားကြီးတစ်စီး သူတို့အဆောင်အရှေ့တွင် ထိုးရပ်လိုက်သည်ကို မြင်တွေ့ရသည်။ ကားပေါ်မှ လူကြီးများက တုတ်များကိုကိုင်ဆောင်လျက် ပြေးဆင်းလာကြသည်။

"အကိုကြီး၊ ကျုပ်တို့သွားမှာဖြစ်မယ်၊ လာပါဗျာ"

"ငါမလိုက်ဘူးကံကောင်း၊ မင်းသွားချင်ရင်သွားတော့၊ ငါဒီကနေ ခြေတစ်လှမ်းမှ ထွက်မသွားနိုင်ဘူး"

"လုပ်ပါအကိုကြီးရာ၊ ကျုပ်တောင်းပန်ပါတယ်"

"မင်းငါ့ကိုအကိုကြီးလို့မခေါ်နဲ့တော့ ကံကောင်း၊ ငါ့မှာ မင်းဆိုတဲ့ညီမျိုးမရှိဘူး"

ကံကောင်းမျက်လုံးတွေ ပြူးကျယ်သွားသည်။

"အကိုကြီး၊ အကိုကြီးဘယ်လိုပြောလိုက်တာလဲ"

ထိုစဉ် ပြေးတက်လာသည့် လူကြီးများမှာ လှေကားထိပ်သို့ရောက်လာခဲ့သည်။ လူကြီးတစ်ယောက်က ကံကောင်းကိုလက်ညှိုးထိုးပြီး

"အဲဒီ ဆေးသမားကို ဖမ်းကြဟေ့"

ထိုလူကြီးများလက်ထဲတွင် လျှပ်စစ်ကျင်စက်ပါသည့် တုတ်ရှည်ကြီးများကို ကိုင်ဆောင်ထားကြသည်။ ထိုလူကြီးများက ကံကောင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။

အပိုင်း (၈) ဇာတ်သိမ်းပိုင်းတွင်

ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#တင်ပါး
#အလှူ
#သေတ္တာ
#စားပွဲ

Some text some message..