အပိုင်း (၂)အလွန်အေးချမ်းဆိတ်ငြိမ်လှသည့် ကျေးလက်တောရွာကလေးတစ်ခုတွင်ဖြစ်သည်။ နည်းပညာများ တိုးတက်လာမှုတို့ကြောင့် မြို့ကြီးများတွင် နေထိုင်သည့်လူဦးရေမှာ အထူးတိုးတက်သွားခဲ့ပြီး ကျေးလက်တောရွာများတွင် နေထိုင်သူများ နည်းပါးသွားကြသည်။ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူနေမှုအဆင့်အတန်းများကြောင့် ကျေးလက်နေပြည်သူများမှာ မြို့ကြီးများသို့ ရွှေ့ပြောင်းနေထိုင်ကြသည့်အတွက်ကြောင့်ဖြစ်သည်။ လွယ်ဆန်ကျေးရွာကလေးက တောင်ကုန်းမြင့်များပေါ်တွင်တည်ရှိပြီး ရွာတစ်ရွာလုံးတွင် လူဦးရေ တစ်ရာပင်မပြည့်တော့ပေ။ အိမ်ကြီးများမှာ အခွံများသာ ကျန်ခဲ့ပြီး နေထိုင်သူမရှိကြတော့ပေ။
ရွှေနုက လွယ်ဆန်ရွာဇာတိဖြစ်ပြီး ထိုရွာကလေးတွင် စာသင်ကျောင်းတစ်ကျောင်းကို ဦးဆောင်ဖွင့်လှစ်နေသူဖြစ်သည်။ လွယ်ဆန်ရွာတွင် သက်ကြီးရွယ်အိုများနှင့် ကလေးများသာ အများအပြားရှိသည်။ စာသင်ကျောင်းတွင် လူသိပ်မရှိဘဲ ကျောင်းသားဦးရေ ဆယ်ယောက်ကျော်သာရှိသည်။ ကလေးများက မရွှေနုကို အလွန်ချစ်ခင်ကြသည်။
မရွှေနုမှာ အသက်တစ်ဆယ့်ရှစ်နှစ်ရှိပြီး လှပကျော့ရှင်းသည့် အသားအရေရှိသည်။ ကိုယ်လုံးကိုယ်ပေါက်လည်း ပြေပျစ်လှပပြီး ရှည်လျားနက်မှောင်သည့် ဆံနွယ်များကိုလဲ ပိုင်ဆိုင်ထားသည်။ သို့သော် မရွှေနုတွင် ကြီးမားသည့် ပြစ်ချက်ကြီးတစ်ခုရှိသည်။ ထိုပြစ်ချက်ကတော့ ကြီးမားလှသည့်အနီရောင်အမှတ်ကြီးတစ်ခုက ညာဖက်မျက်နှာပြင်တစ်ခုလုံးလိုလိုကို ဖုံးလွှမ်းထားလျှက်ရှိသည်။
"ဆရာမလေး ရောက်ပြီလား"
မရွှေနု ကျောင်းသို့ဝင်လိုက်စဉ်မှာပင် ကျောင်းတံခါးဝတွင် အဘိုးအိုတစ်ဦးက တံမြက်စည်းလှဲနေလေသည်။
"အဘိုးရယ်၊ ပင်ပန်းနေဦးမယ်၊ ဒါတွေမလုပ်ပါနဲ့ ကလေးတွေကျောင်းမတက်ခင် သန့်ရှင်းရေးလုပ်ကြမှာပါ"
"မဟုတ်တာပဲကွယ်၊ လူတွေအားလုံး ရွာကိုစွန့်သွားတဲ့အချိန်မှာ ဆရာမလေးပဲ ရွာမှကျန်နေပြီးတော့ ဒီရွာက ကလေးတွေကို စာပေသင်ကြားပေးနေတာနဲ့တင် ကျုပ်တို့တစ်ရွာလုံးက ကျေးဇူးတင်လှပါပြီ"
"ဒါကတော့ အဘိုးရယ်၊ ဒီရွာက ရွှေနုရဲ့ ဇာတိချက်မြှုပ် မွေးရပ်မြေမဟုတ်လား၊ ဘယ်သူတွေ ဘယ်လိုစွန့်ခွာသွားနိုင်ပေမယ့် ရွှေနုကတော့ ဒီရွာကလေးကနေ ဘယ်ကိုမှ ထွက်မသွားဘူး၊ ကိုယ့်ရွာကလေးမှာနေပြီး ရွာကိုအကျိုးပြုပြီးနေချင်တယ်"
"ဆရာမလေးရဲ့ မွန်မြတ်တဲ့စိတ်ထားကို ကျုပ်လေးစားပါတယ်"
"အခုရွာမှာ ကျန်နေခဲ့တဲ့ကလေးတွေဆိုတာကလည်း မိတကွဲ၊ ဖတကွဲနဲ့ နေထိုင်ကြတဲ့ကလေးတွေမဟုတ်လား၊ သူတို့မိဘတွေက စားဝတ်နေရေးအတွက် မြို့တက်ပြီး အလုပ်လုပ်နေတဲ့အချိန်မှာ သူတို့ကလေးတွေ လေမလွင့်သွားအောင်လို့ ရွှေနုက ကိုယ်တတ်ထားသလောက် စာပေသင်ကြားပေးရမယ်မဟုတ်လား"
ထိုစဉ် ကျောင်းသားကလေးများ ရောက်လာကြသည်။ ကျောင်းသားများဆိုသော်လည်း အရွယ်စုံ ဆိုဒ်စုံဖြစ်သည်။ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကျောင်းသားများလည်းပါသလို ဆယ်နှစ်၊ ဆယ့်ငါးနှစ်အရွယ် ကျောင်းသားကြီးများလဲရှိသည်။ သို့သော် သူတို့အားလုံးမှာ အတန်းပညာ၊ စာပေ မတတ်မြောက်ကြသဖြင့် မရွှေနုက အားလုံးကို တစ်ပြေးညီ သင်ကြားပေးနေခြင်းဖြစ်သည်။
"ကလေးတို့အားလုံး စာအုပ်ထုတ်လိုက်ကြပါ"
ကလေးငယ်များက စာအုပ်ထုတ်လိုက်ကြသည်။ ထိုစဉ် အရှေ့ဆုံးထိုင်ခုံမှ ကျောင်းသူလေးတစ်ဦးက မရွှေနုကို ငေးကြည့်နေလေသည်။
"သမီး၊ ဘာတွေကြည့်နေတာလဲ"
"ဆရာမ လည်ဆွဲကလေးက လှလိုက်တာနော်"
မရွှေနုတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်ုလိုက်သည်။ အပြာရောင်ကျောက်ကလေးတစ်လုံးပါသည့် လည်ဆွဲကလေးက နေရောင်အောက်တွင် ဝင်းလက်နေလေသည်။ မရွှေနုက လည်ဆွဲကို အကျီအတွင်းသို့ ပြန်ထိုးသွင်းလိုက်သည်။ ထို့နောက် စာပေသင်ကြားခြင်းအမှုကို ဆောင်ရွက်တော့သည်။
ညနေကျောင်းဆင်းပြီးတော့ မရွှေနုတစ်ယောက် အဝတ်လျှော်ရန်အတွက် ရေပုံးကြီးကိုဆွဲကာ ချောင်းစပ်သို့ထွက်လာခဲ့တော့သည်။ သူတို့ရွာတွင် သောက်သုံးရေအတွက် ရေထွက်ရှိသလို၊ သုံးရေအတွက်တော့ ချောင်းကလေးကိုသာ အားကိုးရသည်။ ညနေ နေဝင်ရီတရောအချိန်တွင် ချောင်းစပ်သို့ရောက်လာခဲ့သည်။ ရေမိုးချိုးပြီးတော့ ထမီရင်လျားဖြင့် အဝတ်တွေ ထိုင်လျှော်နေလိုက်သည်။ ထိုစဉ် သူ့နောက်မှ ခြေသံများကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။
"အလို၊ ကို၊ ကိုမင်းမင်း"
မင်းမင်းဆိုသည့်လူနှင့် ယောက်ျားသုံးဦးက သူ့ကိုဝိုင်းပြီး မတ်တပ်ရပ်လိုက်သည်။
"ဆရာမလေး အဝတ်တွေလျှော်ရတာ ပင်ပန်းနေမှာပေါ့၊ ကျုပ်တို့ကူညီပေးမယ်လေ၊ ဟဲ၊ ဟဲ"
"ကျွန်မကို မနှောင့်ယှက်ကြပါနဲ့ရှင်"
မင်းမင်းက အနီးသို့တိုးကပ်လာခဲ့သည်။
"ဒါဆိုရင်လည်း ကျုပ်တောင်းထားတဲ့အဖြေကိုပေးလေဗျာ"
"ကျွန်မရှင့်ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီမဟုတ်လား၊ ကျွန်မရှင့်ကို စိတ်မဝင်စားဘူး၊ ရှင့်ကိုလည်း မချစ်နိုင်ဘူး"
"ငါကလည်း အဲဒီလိုမရတာကိုမှ လိုချင်တဲ့ကောင်ကွ၊ မင်းကို မရရတဲ့နည်းနဲ့ အပိုင်ယူပြမယ်"
မင်းမင်းက အရှေ့သို့တိုးကပ်လာပြီး မရွှေနုကို လှမ်းဆွဲလိုက်သည်။ မရွှေနုက အကြောက်အကန်ရုန်းသော်လည်း ယောက်ျားအားကို မလွန်ဆန်နိုင်ခဲ့ပေ။
"လွှတ်ပါရှင်၊ ကျွန်မကိုလွှတ်ပါ"
ထိုအခါ မင်းမင်း၏ တပည့်တစ်ယောက်က
"အာစရိ၊ အာစရိအလှည့်ပြီးရင် ကျုပ်တို့ကိုလည်း မမေ့ရဘူးနော်"
မရွှေနု မျက်လုံးများပြူးကျယ်သွားသည်။ မင်းမင်းဆိုသည်မှာ သူတို့ရွှာအနီးတစ်ဝိုက်တွင် နာမည်ကြီးနေသည့် ဓါးပြတစ်ယောက်ဖြစ်သည်။ လူအင်အားနည်းနေသည့် ရွာများကို ဓါးပြတိုက်သည်၊ လူသတ်သည်။ အခုလည်း မရွှေနုကို မတော်မတရားလုပ်ဖို့ ကြံစည်နေပြီဖြစ်သည်။
"ကယ်ကြပါဦးရှင်၊ ကယ်ကြပါဦး"
မရွှေနုက အသံကုန်ဟစ်ပြီးအော်လိုက်သည်။
"ဟား၊ ဟား၊ မင်းအော်လည်းမထူးဘူး၊ မင်းအသံကိုဘယ်သူမှ ကြားမှာမဟုတ်ဘူး"
မင်းမင်းက အတင်းဆွဲလိုက်ကာ ပါးစပ်ကိုလှမ်းပိတ်သည်။ မရွှေနုက တံတောင်ဖြင့် မင်းမင်း၏ နံကြားကိုတိုက်သည်။ ထို့နောက် လက်သီးကိုဆုပ်ကာ ရှိသမျှအားအင်ကို စုဆောင်းလိုက်ပြီး မင်းမင်း၏ ပေါင်ခွကြားကို ထုထည့်လိုက်တော့သည်။ ပျော့ချက်ကိုထိသွားသဖြင့် မင်းမင်းမှာ မရွှေနုကို လွှတ်လိုက်ရသည်။
"တောက်၊ ဒီကောင်မတော့ နုနေလို့မရဘူး၊ အကြမ်းနည်းသုံးမှ ရမယ်ကွ"
မရွှေနုကထွက်ပြေးဖို့ကြိုးစားစဉ် မင်းမင်းတပည့်တစ်ယောက်က မရွှေနု၏ လည်ပင်းကိုလှမ်းဆွဲလိုက်သည်။ ထိုအခါ လည်ပင်းတွင်ဆွဲထားသည့် လည်ဆွဲကလေးမှာ ကြိုးပြတ်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ မင်းမင်းတပည့်က မရွှေနုကိုဖက်ထားလိုက်ရာ မရွှေနုက ထိုလူ၏ မျက်နှာကိုလက်ဝါးဖြင့်တွန်းထားသည်။
"မလုပ်နဲ့နော်၊ ရှင်တို့အဲဒီလိုမလုပ်နဲ့"
မရွှေနုစိတ်ထဲ ဒေါသထောင်းခနဲထွက်လာသည်။
"ရှင်တို့ကို ကျွန်မသတ်ပစ်မယ်"
ထိုစဉ် မရွှေနု၏ လက်ဝါးက ဝင်းလက်လာပြီးနောက် လက်ချောင်းများမှာ နီရဲလာလေသည်။ ထိုလက်ဖြင့် မင်းမင်းတပည့်၏ မျက်နှာကိုတွန်းလိုက်ရာ ရှဲခနဲအသံကြီးနှင့်အတူ မီးခိုးငွေ့များထွက်ပေါ်လာလေသည်။ မင်းမင်းတပည့်လည်း မရွှေနုကိုလွှတ်လိုက်ပြီး အနောက်သို့ပြေးဆုတ်သွားသည်။ သူ့မျက်နှာကြီးတွင်တော့ နီရဲနေသည့် သံချောင်းကြီးနှင့် ထိုးခံထားရသလို မျက်နှာရှိအသားများမှာ လောင်ကျွမ်းနေလေသည်။ မင်းမင်းတို့အကုန်လုံး ထိတ်လန့်သွားသည်။
"မင်း၊ မင်းက မကောင်းဆိုးဝါးမပဲ၊ မင်းက စုန်းမပဲ"
မရွှေနုမျက်စောင်းကြီးခဲထားပြီး အံကြိတ်ထားကာ အလွန်ဒေါသထွက်နေလေသည်။
"အေး၊ ငါက မကောင်းဆိုးဝါးပဲ"
သူ့လက်ဖဝါးကို မင်းမင်းတပည့်နောက်တစ်ဦးထံသို့ လှမ်းပြီးချိန်လိုက်သည့်အခါ လက်ဖဝါးအတွင်းမှ မီးလုံးကြီးတစ်လုံးပျံထွက်သွားကာ ထိုလူအား ထိမှန်သွားလေသည်။ ထိုလူတစ်ကိုယ်လုံးကို မီးများက စွဲလောင်ကုန်ကြပြီး အချိန်ခဏလေးအတွင်းမှာပင် ထိုလူပြာကျသွားလေသည်။ မင်းမင်းတို့အကုန် ပြာပုံကြီးကိုကြည့်ပြီး အံ့သြသွားသလို မရွှေနုလည်း သူ့ကိုယ်သူ အံ့သြနေမိသည်။
"ဟေ့ကောင်တွေ၊ ပြေး၊ ပြေးကြဟ"
မရွှေနုက ရယ်မောလိုက်သည်။
"ဟား၊ ဟား၊ ရှင်တို့ယောက်ျားတွေမဟုတ်ဘူးလား၊ ရှင်တို့အသားနာမှကျတော့ ကြောက်တယ်တဲ့လား"
မရွှေနုလက်ဝါးနှစ်ဖက်ကို စုစည်းလိုက်သည့်အခါ အနီရောင်မီးတန်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုမီးတန်းကြီးဖြင့် မင်းမင်း၏ တပည့်များအားလုံးကို ထိုးချိန်လိုက်ရာ တပည့်နှစ်ယောက်မှာ ပြာအတိကျသွားသည်။ မင်းမင်း၏ ခြေထောက်ကိုလည်း မီးတန်းဖြင့်ထိုးလိုက်ရာ ခြေထောက်နှစ်ချောင်းစလုံး ပြာဖြစ်သွားကာ မင်းမင်းတစ်ယောက် မြေကြီးပေါ်သို့ ဟပ်ထိုးလဲကျသွားသည်။ မရွှေနုက မင်းမင်းအနီးသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ မင်းမင်းက လက်အုပ်ချီလိုက်ပြီး
"ကျုပ်ကိုခွင့်လွှတ်ပါဗျာ၊ ကျုပ်တောင်းပန်ပါတယ်၊ ကျုပ်ကိုမသတ်ပါနဲ့"
"မင်းလို လူ့အမှိုက်တစ်ယောက်ကို ငါကအရှင်ထားမယ်ထင်လို့လား"
မရွှေနုက မင်းမင်း၏ ဦးခေါင်းကို လက်ဝါးဖြင့်ဖိလိုက်ရာ မင်းမင်းတစ်ကိုယ်လုံး အကြောဆွဲသကဲ့သို့ တုန်ယင်လာသည်။ မင်းမင်း၏ ဦးနှောက်မှာ မရွှေနု၏ မီးဒဏ်ကြောင့်် ပွက်ပွက်ဆူလျက်ရှိကာ နားရွက်များ၊ နှာခေါင်းများအတွင်းမှ မီးခိုးငွေ့များထွက်ပေါ်လာလေသည်။ မရွှေနုက သူ့လက်ကိုလွှတ်လိုက်ရာ မင်းမင်းတစ်ယောက် မြေပေါ်သို့လဲကျသွားပြီး လူးလိမ့်နေလေသည်။
"ငါ၊ ငါဘာဖြစ်သွားတာလဲ"
မရွှေနု ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြနေမိသည်။ ထိုအချိန်တွင် အဖြူရောင်အလင်းတန်းကြီးတစ်ခု သူ့အနားတွင် ပေါ်ပေါက်လာပြီး အဘိုးကြီးတစ်ဦးနှင့် အဘွားကြီးတစ်ဦး ပေါ်ထွက်လာလေသည်။ အဘိုးကြီးက မရွှေနု၏ လက်ကိုဖမ်းကိုင်လိုက်သည်။
"မင်းမှာ ထူးခြားကောင်းမွန်တဲ့ မှော်အစွမ်းတွေ ရှိနေခဲ့တာပဲ"
အဘွားကြီးကတော့ မြေပြင်တွင်ကျနေသည့် လည်ဆွဲကလေးကို ကောက်ယူကြည့်လိုက်သည်။
"မှော်ဒဏ်ခံ လည်ဆွဲကို ဝတ်ဆင်ထားခဲ့တာပဲ၊ ဒီလည်ဆွဲကို ဝတ်ဆင်ထားတဲ့လူက မှော်အစွမ်းလုံး၀ အသုံးမပြုနိုင်သလို သူ့ကိုလည်း မှော်အစွမ်းတွေနဲ့ တိုက်ခိုက်လို့မရနိုင်ဘူး"
အဘိုးကြီးနှင့် အဘွားကြီးကို မရွှေနုက အံ့သြစွာဖြင့်ကြည့်နေမိသည်။
"အဘိုးတို့ အဘွားတို့ ကျွန်မအခုဘာတွေဖြစ်နေသလဲဆိုတာ ပြောပြနိုင်မလား"
အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။
"ငါ့နာမည် အဘခင်တဲ့၊ ဟောဟိုကတော့ အရီးဒေါင်းလို့ခေါ်တယ်ကွဲ့၊ အဘတို့ မှော်ပညာတွေတတ်မြောက်ထားတဲ့ ကဝေပျံကြီးတွေပေါ့ကွယ်"
"ဒါဆို ကျွန်မကရော စုန်းကဝေတစ်ယောက်လား"
"မှန်တာပေါ့၊ ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်သလဲ"
"ရွှေ၊ ရွှေနုလို့ခေါ်ပါတယ်"
"နီးစပ်ပါတယ်၊ မင်းရဲ့ အရင်ဘဝက နာမည်ကတော့ ရှင်နှောင်းလို့ခေါ်တယ်"
မရွှေမိမျက်လုံးပြူးသွားသည်။
"အဘိုးတို့က ကျွန်မအရင်ဘဝက အကြောင်းတွေကိုပါ သိနေတယ်လား"
"မင်းငါတို့နဲ့လိုက်ခဲ့မှရမယ်၊ ငါတို့မင်းကိုလိုက်ရှာနေခဲ့တာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီ"
"ကျွန်မဖြင့် ဘာကိုမှ နားမလည်နိုင်တော့ပါဘူး"
"ငါတို့နဲ့လိုက်ခဲ့ရင် အားလုံးနားလည်သွားလိမ့်မယ် မိန်ကလေး"
အရီးဒေါင်းက ပြောဆိုပြီးနောက် မရွှေနု၏ ကျောပြင်ကိုလက်ဝါးနှင့်ပွတ်သပ်လိုက်သည်။ ရေစိုနေသည့် မရွှေနု၏ ထမီမှာပျောက်ကွယ်သွားပြီး အဝတ်အစားသစ်များ ဝတ်ဆင်ပြီးဖြစ်နေလေသည်။ မရွှေနုတစ်ယောက် ကဝေကြီးများကိုကြည့်ရင်း ထိတ်လန့်နေလေသည်။ အဘခင်က တောင်ဝှေးကြီးဖြင့် မြေတွင် စက်ဝိုင်းကြီးရေးဆွဲလိုက်ပြီး စက်ဝိုင်းအတွင်းတွင် ဝင်ရပ်လိုက်သည်။
"ကဲ၊ စက်ဝိုင်းထဲကို မြန်မြန်ဝင်ကြဟေ့"
အရီးဒေါင်းက မရွှေနုလက်ကိုအတင်းဆွဲခေါ်လိုက်သဖြင့်် မရွှေနုလည်း စက်ဝိုင်းအတွင်းသို့ လိုက်ပါသွားသည်။
"ခေါင်းမူးတတ်ရင် မျက်စေ့ပိတ်ထားဟေ့"
အဘခင်က အော်ဟစ်ပြီး တောင်ဝှေးကိုမြေတွင်ဆောင့်ချလိုက်သည့်အခါ မရွှေနုတို့အားလုံး လေထဲလွင့်မြောသလိုဖြစ်သွားသည်။ နံဘေးတွင်လည်း အနီရောင်၊ အဝါရောင်ဖြင့် အရောင်စုံကတောက်ပနေလေသည်။ နောက်တော့ မရွှေနုတစ်ယောက် အလွန်နက်ရှိုင်းလှသည့် ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး အောက်မှလေပင့်သဖြင့် အသည်းတအေးအေးနှင့် ရှိနေလေသည်။ နောက်တော့ ခြေထောက်အောက်တွင် ခိုင်မာသည့် မြေသားကိုနင်းလိုက်မိပြီးနောက် ပတ်ဝန်းကျင်မှ အရောင်စုံများမှာ ပျောက်ကွယ်သွားကာ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ရောက်နေလေသည်။ မရွှေနုခေါင်းတွေ မူးဝေလာပြီးနောက် စားထားသမျှကို တဝေါ့ဝေါ့နှင့် အန်ချလိုက်သည်။
"ငါပြောပါတယ်၊ ခေါင်းမူးတတ်ရင် မျက်စေ့ပိတ်ထားပါဆို"
အဘခင်က ရေရွတ်လိုက်သည်။ မရွေနုက အားရပါးရ အန်ချပြီးတောမှ
"ကျွန်မဘယ်ကိုရောက်နေတာလဲ"
"မင်းရောက်နေတာ ဝင်္ကပါမြို့ကို"
မရွှေနုအလွန်အံ့အားသင့်သွားလေသည်။ အရီးဒေါင်းက
"အဘခင် အသုံးပြုလိုက်တာ နေရာရွှေ့ပြောင်းသွားလာနိုင်တဲ့ အတတ်တစ်ခုပဲ၊ အဲဒီအတတ်နဲ့ဆိုရင် ဘယ်နေရာကိုဖြစ်ဖြစ်သွားလာနိုင်တယ်"
"ဒါကြောင့်ကိုး ဝင်္ကပါမြို့နဲ့ လွယ်ဆန်ရွာက မိုင်ပေါင်းထောင်ချီပြီးဝေးတာကို ချက်ချင်းရောက်လာနိုင်တာပဲနော်၊ အခုဒါဘယ်နေရာလဲ"
"ရွှေတောင်ရွာအဝင်ပေါက်"
မရွှေနု အရှေ့တွင် အလွန်ကြီးမားသည့်် ခြံဝန်းကျယ်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရပြီး ထိုခြံဝန်းကျယ်ကြီးတွင်လည်း သံဖြင့်ပြုလုပ်ထားပြီး ကနုတ်ပန်းများ၊ ရုပ်လုံးရုပ်ကြွများနှင့်် အလှဆင်ထားသည့် တံခါးကြီးတစ်ခုကိုတွေ့လိုက်ရသည်။ တံခါးကြီး၏ ထိပ်နဖူးစီးတွင်တော့ ရွှေတောင်ရွာဆိုသည့် စာလုံးကို ရှည်မြောမြောအက္ခရာများဖြင့် ရေးသားထားလေသည်။
"မင်း၊ တံခါးကိုမြင်ရတယ်မဟုတ်လား"
အဘခင်က မေးလိုက်ရာ မရွှေနုကခေါင်းညိတ်လိုက်သည်။
"ဒီအဝင်ပေါက်ကို သာမန်လူတွေ မမြင်တွေ့နိုင်အောင်လို့ လုပ်ထားတာပဲ၊ မှော်ပညာနဲ့ သက်ဆိုင် ဆက်စပ်တဲ့သူတွေသာ မြင်နိုင်တယ်၊ မှော်ပညာမတတ်သူတွေကြည့်လိုက်ရင် ချုံနွယ်ပိတ်ပေါင်းတွေထနေတဲ့ မြေကွက်အလွတ်ကြီးတစ်ခုလို့ပဲ မြင်ရတယ်"
အဘခင်က အရှေ့သို့ဆက်သွားလိုက်ပြီး တံခါးကြီးကို လက်ဖြင့်ပွတ်ကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ထိုအခါ သံတံခါးကြီးမှာ ဂျိန်းခနဲအသံမြည်သွားလျှက် ပွင့်သွားလေသည်။ အဘခင်အနောက်မှ မရွှေနုလည်း ဖြည်းဖြည်းချင်းလိုက်သွားမိသည်။ တံခါးအတွင်းသို့ရောက်သည့််အခါ လူအများဖြင့်စည်ကားနေသည့် လမ်းမကြီးတစ်ခုကိုတွေ့လိုက်ရသည်။
"ဒါ၊ ဒါက ဘယ်နေရာလဲ"
"ရွှေတောင်ရွာလို့ခေါ်တယ်ကွဲ့"
"ရွာဆိုပေမယ့် အကြီးကြီးပဲနော်၊ အိမ်ခြေတွေလည်း အတော်များမယ်ထင်တယ်"
အရီးဒေါင်းက မရွှေနု၏ အမေးကို သဘောကျသဖြင့်် ပြုံးလိုက်လေသည်။
"ဒါပေ့ါကွယ်၊ ရွာဆိုတာကတော့ ရှေးခေတ်က အခေါ်အဝေါ်တစ်ခုပေါ့၊ အခုဆိုရွှေတောင်ရွာကြီးက မြို့ကြီးတစ်မြို့လို စည်ကားနေခဲ့ပေမယ့် အားလုံးက ရွှေတောင်ရွာလို့ပဲ ဆက်ပြီးခေါ်ဝေါ်ခဲ့ကြတယ်"
ကျောက်သားများဖြင့် စီခင်းထားသည့် လမ်းမကြီးအတိုင်း သူတို့ဆက်လျှောက်ခဲ့ကြသည်။ လမ်းမကြီးဘေးတွင် တိုက်တာအဆောက်အဦးများက စီတန်းလျက်တည်ရှိနေသည်။ မှော်ပညာ၊ ကဝေပညာနှင့်ပတ်သက်သည့် ပစ္စည်းများကိုရောင်းချသည့်ဆိုင်များရှိသလို၊ ကဝေများမှာလည်း လမ်းမကြီးပေါ်တွင် သွားလာလှုပ်ရှားနေကြသည်။ ဆက်လျှောက်လာပြီး မကြာခင်တွင် ရွှေရောင်အဆင်းနှင့် ဝင်းလက်နေသည့် တောင်ကြီးတစ်လုံးကိုလှမ်းတွေ့မြင်လိုက်ရသည်။
"အိုး၊ အဲဒီတောင်ကြီးက တကယ့်ရွှေအစစ်လား"
"အရင်တုန်းကတော့ ကျောက်တောင်ကြီးပဲ၊ အခုတော့ ရွာနာမည်နဲ့လိုက်အောင်လို့ ရွှေရောင်ကြီးဖြစ်သွားအောင် မှော်ပညာနဲ့လုပ်ထားတာလေ"
မကြာခင်တွင် လမ်းလေးခွဆုံတစ်ခုကိုရောက်လာခဲ့သည်။ ထိုနေရာတွင် အတန်ငယ်ကျယ်ဝန်းသည့် ရင်ပြင်ကြီးရှိပြီး ရင်ပြင်ကြီးအလယ်တွင်တော့ ရွှေစင်ရွှေသားဖြင့် မိန်းကလေးပုံစံ ရုပ်တုကြီးတစ်ခုကို ထုလုပ်ထားသည်။
"အဲဒါ ဘယ်သူ့အရုပ်လဲ"
"ဒါက မင်းရဲ့အရုပ်လို့လဲ ပြောလို့ရတယ်၊ ဒီရွှေတောင်ရွာကို တည်ထောင်ခဲ့တဲ့ ရှင်နှောင်းရဲ့အရုပ်ပဲ"
"ရှင်နှောင်းဆိုတာ ဘယ်သူလဲ"
"အလွယ်ပြောရရင်တော့ ရှင်နှောင်းက အင်မတန်မှော်စွမ်းအင်ကြီးမားတဲ့ ကဝေတစ်ယောက်ပဲ၊ သူက တို့တွေအခုနေတဲ့ ရွှေတောင်ရွာကြီးနဲ့ ရွှေတောင်ကြီးကို မှော်ပညာအစွမ်းအသုံးပြုပြီးတော့ ဒီနေရာကိုရွေ့ပြောင်းပေးခဲ့တယ်၊ ပြီးတော့ သူကပျောက်ကွယ်သွားတယ်"
"ဒါဆို ဘယ်ကိုရောက်သွားတာလဲ"
အရီးဒေါင်းက အဘခင်ကိုကြည့်လိုက်သည်။
"ဒီကောင်မလေးကတော့ သိပ်ပြီးအမေးအမြန်းထူတဲ့ကောင်မလေးပဲ"
အဘခင်က ရယ်မောလိုက်ပြီးနောက်
"သူသိချင်နေတာ ပြောပြလိုက်စမ်းပါ မယ်ဒေါင်းရယ်"
"သူက ပျောက်ကွယ်သွားတာ၊ ပြောရရင် အမှုန်တွေလို ရေခိုးရေငွေ့တွေလို ပျောက်ကွယ်သွားခဲ့တာ၊ ငါတို့မှော်ပညာရပ်မှာ ကိုယ့်ရဲ့မှော်စွမ်းအင်တွေကို အဆုံးစွန်အထိ အသုံးချလိုက်ရင် ဒီလိုမျိုးပျက်စီးသွားတတ်တဲ့ သာဓကတွေ ရှိခဲ့တယ်"
မရွှေနုက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မနားလည်ပါပြီ"
"ကဲ၊ ငါတို့တောင်ကြီးဆီကို မြန်မြန်ရောက်အောင်သွားကြစို့၊ မင်းကိုရှာတွေ့ပြီဆိုတာ တခြားသူတွေသိရင် ဝမ်းသာနေကြမှာ"
"ဒါဆိုလည်း အဘိုးရယ်၊ ခုနကလိုမျိုး မှော်ပညာနဲ့ မြန်မြန်ရောက်အောင်လို့ သွားလိုက်ပါလား"
အဘခင်က ခေါင်းခါသည်။
"ဒါတော့ မဖြစ်ဘူးကလေးမရဲ့၊ ငါတို့ ရွှေတောင်ရွာကြီးဟာ မှော်ပညာရှင်တွေ၊ ကဝေတွေနေထိုင်တဲ့ ရွာကြီးဆိုပေမယ့် ဒီရွာထဲမှာတော့ မှော်အတတ်အသုံးချတာကို ပိတ်ပင်ထားတယ်၊ မယ်တော်တစ်ယောက်သာ မှော်အတတ်တွေကို စိတ်ကြိုက်သုံးခွင့်ရှိတယ်၊ ငါတို့လို ကဝေပျံတွေပဲ မိုးပေါ်ပျံခွင့်ရှိတယ်၊ တခြားလူတွေကတော့ ကိုယ့်ခြေထောက်အားကိုယ်ကိုးပြီး သွားလာကြတာပေါ့ကွယ်"
မရွှေနုမျက်လုံးများအရောင်လက်သွားသည်။
"မိုးပေါ်ပျံတတ်တယ်၊ အဘိုးက မိုးပေါ်ပျံနိုင်တယ်လား"
အရီးဒေါင်းနှင့် အဘခင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
"သေချာတာပေါ့ကွာ၊ ကဲ၊ ဒီလိုလုပ်၊ မယ်ဒေါင်းရေ မင်းက ကလေးမရဲ့လက်တစ်ဖက်ကိုဆွဲ၊ ငါက သူ့ရဲ့လက်တစ်ဖက်ကိုဆွဲပြီး ပျံကြမယ်ဟေ့၊ ဒီအတိုင်းသာ လမ်းလျှောက်ပြီးဆက်သွားရင် သူမေးသမျျဖြေနေရတာနဲ့ ငါတို့ ပါးစပ်တွေ တော်တော်ညောင်းနေမှာ"
အဘခင်နှင့် အရီးဒေါင်းက မရွှေနု၏ လက်ကိုတစ်ယောက်တစ်ဖက်ဆီ တွဲလိုက်ကြပြီးသည့်နောက် မိုးပေါ်သို့ပျံတက်သွားကြသည်။ ထိုအခါ မရွှေနုလည်း သူတို့အနောက်သို့ ပျံသန်းရင်းလိုက်ပါလာခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် မိုးပေါ်ပျံတက်ရခြင်းဖြစ်သည်မို့ အလွန်ရင်ခုန်နေမိသည်။ မကြာမီ ရွှေတောင်ရွာကြီးက ဝေးလျက်ကျန်နေခဲ့ပြီး ရွှေရောင်ဝင်းလက်တောက်ပနေသည့် တောင်ကြီးဆီသို့ရောက်လာခဲ့သည်။
"တံခါးဖွင့်ဟေ့"
အဘခင်က အော်လိုက်သည့်အခါ တောင်နံရံကြီးမှာ တံခါးကြီးသဖွယ်ပွင့်သွားပြီး သူတို့လည်းအထဲသို့ ပျံသန်းကာဝင်လာခဲ့ကြသည်။
အခန်း(၅)
"ငါအရမ်းစိတ်ပူနေပြီ၊ မယ်တော်တို့ပြန်ရောက်ဖို့အချိန်သင့်နေပြီ"
ဘွားမယ်သုန်က တောင်ဝှေးကြီးကို တဒေါက်ဒေါက်နှင့်ထောက်လျှက် ကျောက်လှိုဏ်ခန်းမကြီးအတွင်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည်။ မိစိမ်းကတော့ ထိုင်ခုံတစ်ခုတွင်ထိုင်နေလေသည်။ သူ့မျက်နှာတွင်လည်း ပူပန်သည့်အရိပ်အယောင်များကိုတွေ့လိုက်ရသည်။ မကြာခင် အဘခင်နှင့် အရီးဒေါင်းတို့က မရွှေနုကိုခေါ်ဆောင်ကာ ကျောက်လှိုဏ်ဂူခန်းမကြီးအတွင်းသို့ ဝင်လာကြလေသည်။
"ငါတို့တွေ့ခဲ့ပြီ"
မရွှေနုကိုမြင်သည့်အခါ အားလုံးက အံ့သြသွားသည်။ ဘွားမယ်သုန်က မရွှေနုအနားသို့ကပ်လာပြီး အသေအချာကြည့်လိုက်သည်။
"မျက်နှာမှာ အမာရွတ်ကြီးနဲ့ပါလား၊ ရုပ်ရည်ကလည်း ငါမြင်ဖူးခဲ့တဲ့ ရှင်နှောင်းနဲ့ တစ်ပုံစံထဲပဲ"
ဘွားမယ်သုန်က သူတို့ကဝေများထဲတွင် အသက်အကြီးဆုံးဖြစ်ကာ အသက်တစ်ရာကျော်နေပြီဖြစ်ပြီး ရှင်နှောင်းအား မြင်တွေ့ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။
"လာပါ ကလေးမ၊ မင်းဒီထိုင်ခုံမှာထိုင်နေလိုက်"
မရွှေနုလည်း ဘွားမယ်သုန်ညွှန်ပြသည့် ထိုင်ခုံတွင် ထိုင်ချလိုက်သည်။ ဘွားမယ်သုန်က မရွှေနုနားထင်နှစ်ဖက်ကို သူ့လက်ချောင်းများနှင့််ပွတ်သပ်နေလေသည်။
"ငါတို့မင်းကို ရှင်နှောင်းအစစ်ဟုတ်မဟုတ် စမ်းသပ်ကြည့်ရမယ်"
မရွှေနုအံ့သြသွားမိသည်။
"တကယ်လို့ ကျွန်မက ရှင်တို့ပြောတဲ့ ရှင်နှောင်းမဟုတ်ဘူးဆိုရင်ရော"
"ဒါဆိုရင်တော့ မင်းဒီကိုရောက်ခဲ့တဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ပြီးတော့ မင်းနေတဲ့နေရာကို ပြန်ပို့ပေးရမှာပေါ့"
ဘွားမယ်သုန်က ပြောဆိုနေရင်း နားထင်ကိုအားဖြင့်ဖိလိုက်လေသည်။
"အတွေ့အကြုံမရှိဘူးဆိုရင်တော့ နည်းနည်းခေါင်းကိုက်လိမ့်မယ်ဟေ့"
ဘွားမယ်သုန်၏ လက်ချောင်းထိပ်များ လင်းလက်လာပြီးနောက် အဝါရောင်အလင်းတန်းတစ်ချို့က လက်ချောင်းများမှ စီးလာကာ မရွှေနု၏ နားထင်သို့ စီးဝင်နစ်မြောနေလေသည်။ မရွေနုလည်း ဦးခေါင်းကြီးတစ်ခုလုံး လေးလံလာသလိုခံစားလိုက်ရသည်။
"မင်းမျက်လုံးတွေကို မှိတ်လိုက်တော့"
ဘွားမယ်သုန်စကားအရ မရွှေနုလည်း မျက်လုံးများကိုမှိတ်လိုက်တော့သည်။ ထိုအခါ ဦးခေါင်းထဲတွင် အဖြစ်အပျက်များဖြစ်ပေါ်နေသည်ကို အလျင်အမြန်တွေ့လိုက်ရသည်။ အဖြစ်အပျက်များက စာအုပ်တစ်အုပ်ရှိ စာမျက်နှာများကို အမြန်လှန်လှောနေသကဲ့သို့ဖြစ်နေကာ မရွှေနုအနေနှင့် ဘာကိုမှ အသေအချာမတွေ့မြင်လိုက်ရပေ။ နောက်ဆုံးတော့ မီးလောင်နေသည့် မြေတစ်ခုကိုတွေ့လိုက်ရသည်။ ထိုမြေကြီးတစ်ခုလုံးသည် မီးသင်းခံထားရသလိုဖြစ်နေပြီး မီးခိုးငွေ့များ၊ မီးတောက်မီးလျှံများမှာ မြေကြီးအတွင်းမှ တိုးထွက်နေကြသည်။ ထိုမြေကြီးအလယ်တွင်တော့ အနက်ရောင်ခန္ဒာကိုယ်ရှိသည့် ကြီးမားလှသည့် မိစ္ဆာကောင်ကြီးတစ်ကောင်ရှိနေသည်။ ထိုအကောင်ကြီး၏ ဦးခေါင်းတွင်လည်း ဦးချိုကြီးနှစ်ချောင်းက ကော့တက်နေသည်။ မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေပြီး သူ့ပါးစပ်ကြီးကိုဖြဲလိုက်ရာ အတွင်းမှ မီးတောက်မီးလျှံများထွက်လာလေသည်။ မရွှေနုလည်း အလွန်ကြောက်လန့်သွားသဖြင့် သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်သည်။
"မင်းအဆင်ပြေရဲ့လား"
မိစိမ်းက မရွှေနုပုခုံးကို လာရောက်ပုတ်လိုက်သည်။ မရွှေနုခေါင်းကြီးတစ်ခုလုံး လေးလံနေကာ ထိုးကိုက်နေလေသည်။ မိစိမ်းက မရွှေနုခံစားနေရသည်များကို ရိပ်မိသောကြောင့် သူ့လက်ခုပ်အတွင်းတွင် အစိမ်းရောင်အရည်များကို မှော်ပညာဖြင့်ဖန်တီးလိုက်ပြီး မရွှေနုအား ရှူရှိုက်ခိုင်းလေသည်။ မရွှေနုရှုရှိုက်လိုက်တော့ အစိမ်းရောင်အငွေ့ကလေးများက နှာခေါင်းမှတဆင့် ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားကာ စိတ်ကြည်လင် လန်းဆန်းသွားတော့သည်။ မိစိမ်းမှာ အသက်နှစ်ဆယ်ကျော်သာရှိသေးပြီး ကဝေပျံများအထဲတွင် အငယ်ဆုံးဖြစ်သည်။ သို့သော် ထူးခြားသည့် ကုသခြင်းမှော်ပညာရပ်ကို တစ်ဖက်ကမ်းခတ်တတ်မြောက်ထားသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကဝေပျံရာထူးကို ရရှိထားသူတစ်ဦးဖြစ်သည်။
"ဘယ်လိုလဲ ဘွားမယ်သုန်၊ ဒီကလေးမက ရှင်နှောင်းအစစ်ဟုတ်ရဲ့လား"
အဘခင်အမေးကို ဘွားမယ်သုန်က ခေါင်းညိတ်ပြီးဖြေလိုက်သည်။
"ဟုတ်တယ်၊ သူက ရှင်နှောင်းပြန်ဝင်စားတဲ့သူဖြစ်ပုံရတယ်၊ သူ့နောက်ကြောင်းကို ငါစုံစမ်းလိုက်တော့ သူက ရှင်နှောင်းရဲ့ညီမ၊ ရှင်မွှေးရဲ့ ငါးဆက်မြောက် ဆက်ခံသူပဲ၊ ပြောရရင်တော့ သူ့ညီမရဲ့သွေးသားမှာ သူပြန်ပြီးဝင်စားတာပေါ့လေ"
မိစိမ်းက ခေါင်းညိတ်လိုက်ပြီး
"ဒါဆို သူ့မှာရော မှော်စွမ်းအင်တွေရှိနေသလား"
"မင်းတို့ ငါတို့မှာရှိတဲ့စွမ်းအင်တွေထက်ကို ပိုပြီးတော့များတယ်၊ ဒါပေမယ့် သူဘဝတစ်လျှောက်လုံး မှော်ပညာရပ်ကို အသုံးမချခဲ့ဖူးဘူးထင်တယ်"
အရီးဒေါင်းက လည်ဆွဲကလေးကိုပြသလိုက်သည်။ လည်ဆွဲကလေးမှာ ရွှေဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး လော့ကတ်သီးတွင်တော့ ကျောက်အပြာရောင်ကလေးတစ်လုံးကို စီခြယ်မြှုပ်နှံထားလေသည်။ ဘွားမယ်သုန်က ထိုလည်ဆွဲကလေးကို အသေအချာကိုင်ကြည့်သည်။
"မှော်အစွမ်းကို ကာကွယ်တဲ့လည်ဆွဲကလေးပဲ"
"အဲဒီလည်ဆွဲကလေးက ကျွန်မတို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ လည်ဆွဲကလေးပါ၊ ကျွန်မကိုပြန်ပေးပါ"
မရွှေနုက ပြောလိုက်သည့်အခါ ဘွားမယ်သုန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒါပေမယ့်် မင်းက အခုမှော်ပညာတွေကို စတင်သင်ကြား၊ အသုံးပြုရတော့မှာဆိုတော့ ဒီလည်ဆွဲက အစွမ်းတွေကို ငါဖျက်ဆီးလိုက်မယ်"
ဘွားမယ်သုန်က လည်ဆွဲကလေးအား အဝါရောင်အလင်းတန်းတစ်ခုနှင့်ပစ်ခတ်လိုက်ပြီးနောက် မရွှေနုကိုပြန်ပေးလိုက်သည်။ မရွှေနုက လည်ဆွဲကလေးကို လည်ပင်းတွင်ပြန်ဆွဲထားလိုက်သည်။
"ဒါဆို ကျွန်မက အခုဘာလုပ်ရမှာလဲ"
"မင်းအမြင်အာရုံထဲမှာ မကောင်းဆိုးဝါးကြီးတစ်ကောင်ကို မြင်တွေ့လိုက်တယ်မဟုတ်လား"
မရွှေနုက ခေါင်းညိတ်လိုက်သည်။
"အေး၊ အဲဒီကောင်ကြီးနဲ့ မင်းနဲ့တိုက်ခိုက်ရလိမ့်မယ်"
မရွှေနုမျက်လုံးတွေပြူးကျယ်သွားသည်။ သူမြင်တွေ့ခဲ့သည့် မကောင်းဆိုးဝါးကြီးမှာ မြင်ရုံနှင့်ပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။
"မ၊ မဖြစ်နိုင်ဘူးထင်တယ်၊ ဒီမကောင်းဆိုးဝါးကြီးက တော်တော်ကြောက်ဖို့ကောင်းတာနော်"
စိတ်ဆတ်သည့် ဘွားမယ်သုန်က ကျောက်စားပွဲကြီးကို လက်နှင့်ပုတ်လိုက်သည်။
"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မင်းက အရင်တုန်းက နှစ်ကြိမ်တိုင်တိုင်၊ ဒီမကောင်းဆိုးဝါးကြီးကို အနိုင်ယူနိုင်ခဲ့တယ်၊ အခုလည်း မင်းအဲဒီမကောင်းဆိုးဝါးကို တိုက်ခိုက်ရမယ်"
"ကျွန်မက ဘာမှတတ်သေးတာမဟုတ်ဘူးလေ၊ ရှင်တို့က အရမ်းစွမ်းပုံရပါတယ်၊ ရှင်တို့ချည်းတိုက်လို့ မဖြစ်နိုင်ဘူးလား"
ဘွားမယ်သုန်က ပိုပြီးဒေါသထွက်လာခဲ့သည်။
"မရဘူးကလေးမ၊ ငါတို့ဘယ်လောက်စွမ်းစွမ်း သူ့ကိုတိုက်လို့မရဘူး၊ ဒီကမ္ဘာကြီးပေါ်မှာ သူ့ကိုတိုက်ခိုက်အနိုင်ယူလို့ရတဲ့သူက မင်းတစ်ယောက်တည်းပဲရှိတယ်၊ ဒါမင်းရဲ့ ကံကြမ္မာပဲ၊ မင်းလက်ကို လက်ခံရမယ်"
မရွှေနုငြိမ်ကျသွားသည်။
"ဒီနေ့ကစပြီး မင်းနာမည်ဟာ ရှင်နှောင်းပဲ၊ မင်းကို အစွမ်းထက်တဲ့မှော်ပညာတွေ ငါတို့အကုန်လုံး ဝိုင်းသင်ပေးမယ်"
မရွှေနုဘာမှ မပြောနိုင်တော့ပေ။
"ဝုန်း"
ထိုစဉ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ခန်းမအတွင်းသို့ လူတစ်ယောက်ပြုတ်ကျလာလေသည်။ ထိုလူ၏ အဝတ်အစားများတွင် မီးများစွဲလောင်နေလျှက်ရှိပြီး မီးခိုးငွေ့များတအူအူထွက်နေလေသည်။ ခန်းမအတွင်းရှိ ကဝေပျံကြီးများက ထိုလူကြီးကို ပြေးကြည့်လိုက်သည်။
"ဟင် ဘိုးပြောင်"
ဘိုးပြောင်က အားယူပြီး မတ်တပ်ရပ်ရန်ကြိုးစားသော်လည်း မရပ်နိုင်ဘဲ ထိုင်ချလိုက်ရသည်။
"ဘိုးပြောင် ဘာဖြစ်တာလဲ"
"ဒီကောင်ကြီးက တအားစွမ်းတယ်၊ မယ်နီလည်း သူနဲ့တိုက်ရင်းသေပြီ၊ နောက်ပြီးတော့ မယ်တော်၊ မယ်တော်လည်း"
ကဝေပျံများအားလုံး စိတ်ပူသွားကြသည်။ မိစိမ်းက ဘိုးပြောင်အနီးတွင်ထိုင်ချလိုက်ပြီး
"ပြောစမ်းပါဘိုးပြောင်၊ မယ်တော် ဘာဖြစ်သွားပြီလဲ"
"မယ်တော်၊ တိုက်ပွဲမှာ တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ပြီ"
အားလုံး အံ့အားသင့်နေကြသည်။ ဘိုးပြောင်က ဆက်လက်ပြီး
"ကျုပ်တောင်မှ မနည်းလွတ်အောင် ပြန်ပြေးလာခဲ့ရတာ၊ ကျန်ခဲ့တဲ့လူတွေအားလုံး သေကုန်ပြီထင်တယ်"
ဘွားမယ်သုန်က အလွန်ဒေါသထွက်နေသည်။
"ငါမကျေနပ်ဘူး၊ အဲဒီနေရာကို ငါသွားမယ်"
မြေပြင်တွင် စည်းဝိုင်းတစ်ခုကို တောင်ဝှေးဖြင့် ဆွဲလိုက်ကာ ဘွားမယ်သုန်က ထိုစည်းဝိုင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ပျောက်ကွယ်သွားလေတော့သည်။ မိစိမ်းလည်း တားချိန်မရလိုက်ပေ။ ဘိုးပြောင်က
"ကျုပ်တို့ရွှေတောင်ရွာမှာ အုပ်ချုပ်သူမရှိလို့မဖြစ်ဘူး၊ ဒီအတိုင်းဆိုရင် ကျုပ်တို့မယ်တော်၊ ဘိုးတော် ရွေးချယ်ပွဲကို အမြန်ဆုံးကျင်းပရလိမ့်မယ်ထင်တယ်"
"ဟေ့၊ အသာနေစမ်းပါအုံး ဘိုးပြောင်ရာ၊ ဒီကိစ္စက အလောသုံးဆယ်လုပ်ရတဲ့ ကိစ္စမဟုတ်ဘူးကွ"
အဘခင်က ဝင်ပြောသည်။ အရီးဒေါင်းကလည်း ခေါင်းညိတ်လိုက်သည်။
"မှန်တယ်၊ အခုမယ်တော်သေဆုံးသွားတယ်ဆိုတာကို ဘယ်သူမှ မသိသေးဘူးဆိုတော့ လောလောဆယ် ဒီကိစ္စကိုဖုံးဖိထားလိုက်မယ်၊ အချိန်နည်းနည်းရတော့မှ ငါတို့တွေတိုင်ပင်ပြီးလုပ်ကြတာပေါ့"
"မဖြစ်နိုင်ဘူးမယ်ဒေါင်း၊ မယ်တော်သေသွားတာကို နောက်ကျမှသိရင် ဂိုဏ်းတွေက ဆူညံကုန်လိမ့်မယ်၊ နောက်ပြီးတော့ ဒီဂိုဏ်းတွေစုပြီး ကျုပ်တို့ကိုပုန်ကန်နိုင်တယ်နော်"
ဘိုးပြောင်က မရ အရပြောနေသေးသည်။
"ကဲ၊ အားလုံးပဲတော်ကြပါတော့"
မျက်ရည်ကျနေသည့် မိစိမ်းက အော်ပြောလိုက်သဖြင့် ငြင်းခုန်နေသည့်သူများ ငြိမ်ကျသွားသည်။
"မယ်တော်က ဒါတွေဖြစ်လာမယ်ထင်လို့ မှာခဲ့တာတစ်ခုရှိတယ်"
"ဘာမှာခဲ့တာလဲ မိစိမ်း၊ တတိယ ပယင်းနက်အစိတ်အပိုင်းရဲ့နေရာကို မှာခဲ့တာလား"
ဘိုးပြောင်က အားတက်သရောနှင့် မေးမြန်းလေသည်။ မိစိမ်းက ခေါင်းခါလိုက်သည်။
"ဒါတော့ ကျွန်မမသိဘူး၊ မယ်တော်က အကယ်၍သူပြန်မလာနိုင်တော့ဘူးဆိုရင် သူ့ရုံးခန်းထဲက အစိမ်းရောင်သေတ္တာကလေးကို ဖွင့်ကြည့်ဖို့ မှာကြားသွားတယ်၊ ဖွင့်တဲ့အချိန်မှာလည်း ကျန်တဲ့ကဝေပျံတွေ အားလုံးရှိနေရမယ်တဲ့"
"ဒါဆို ဘာကိုစောင့်နေတာလဲ၊ ငါတို့အခုပဲ ဖွင့်ရအောင်"
"စိတ်မလောပါနဲ့ဘိုးပြောင်၊ ဘွားမယ်သုန်မှ မရှိသေးတာ"
ဘိုးပြောင်စိတ်ပျက်သွားပြီး သူ့နဖူးပြောင်ပြောင်ကြီးကို လက်ဖြင့်ပွတ်သပ်နေလေသည်။ နောက်တော့မှ ကျောက်စားပွဲခုံကြီးတွင် ထိုင်နေသည့် မရွှေနုကို သတိထားမိသွားသည်။
"ဒါနဲ့နေပါဦး၊ သူက ဘယ်သူလဲ"
အဘခင်က ဘိုးပြောင်လက်ညှိုးထိုးပြလိုက်သည့် မရွှေနုကိုလှမ်းကြည့်ပြီး
"အဲဒါရှင်နှောင်းပဲ"
ဘိုးပြောင်အလွန်ထိတ်လန့်သွားသည်။
"သေချာလို့လား"
"ဘွားမယ်သုန်က သေချာစုံစမ်းစစ်ဆေးပြီး၊ အတည်ပြုပြီးပြီ၊ ဒီကလေးမက ရှင်နှောင်းရဲ့ညီမ ရှင်မွှေးရဲ့ ငါးဆက်မြောက် ဆက်ခံသူပဲ"
ဘိုးပြောင်အလွန်စိတ်ဓါတ်ကျသွားသည်။
"ဒါဆို ရှင်နှောင်းက သခင်ကြီးကိုတားဆီးတော့မှာပေါ့၊ ပြဿနာက အချိန်ကိုက်ဆို ပေါ်လာတာပဲ၊ မဖြစ်ဘူး၊ ဒီကလေးမ ရွှေတောင်ရွာမှာရှိနေတုန်း ငါ့နည်းငါ့ဟန်နဲ့ သူ့ကိုသတ်ပစ်ရမယ်"
ဟု စိတ်ထဲမှ ကြိမ်းဝါးလိုက်လေသည်။
ဘွားမယ်သုန်က ဘုရားရင်ပြင်သို့ ရောက်သွားလေသည်။ လူသူရှင်းကာ တိတ်ဆိတ်နေလေသည်။ ဘုရားပုထိုးကြီးကတော့ နှစ်ခြမ်းတိတိကြီး ကွဲအက်နေသည်။ ဘုရားအလယ်ဗဟိုချက်အတိုင်း အောက်ဖက်ကိုဆင်းသွားသည့် လှေကားများရှိသည်။ ဘွားမယ်သုန်လည်း ထိုလှေကားမှ ဆင်းလာခဲ့သည့်အခါ အမျိုးမျိုးသော ဘုရားဆင်းတုတော်များ၊ ရွှေငွေ ကျောက်သံရတနာများနှင့် ဌာပနာပစ္စည်းများကို လက်ရာမယွင်းတွေ့ရသည်။ ဌာပနာတိုက်ကို ကာကွယ်သည့်အနေနှင့် တပ်ဆင်ထားသည့် ဓါးစက်၊ လှံစက်၊ မိုးကြိုးစက်များမှာ တစ်စစီကျိုးပဲ့ပျက်စီးနေလေသည်။ ဌာပနာပစ္စည်းများမှာ အရာမယွင်းသော်လည်း ဌာပနာတိုက်တစ်နေရာတွင် ကလပ်အလွတ်ကလေးတစ်ခုကိုတွေ့ရသည်။
"ဒါဟာ သေချာပေါက် ဒုတိယ ပယင်းနက်အစိတ်အပိုင်းကလေးဖြစ်ရမယ်"
ဘွားမယ်သုန်က ရေရွတ်လိုက်လေသည်။ ထို့နောက် ဘုရားရင်ပြင်တော်ပေါ်သို့ ပြန်တက်လာခဲ့သည်။
"ဖျက်တဲ့လူက ဖျက်ပြီးပြီဆိုတော့ ပြင်တဲ့လူက ပြင်ရမှာပေါ့"
ဘွားမယ်သုန်က သူ့တောင်ဝှေးကိုပစ်ချလိုက်ပြီး ခြေကိုခပ်ကျဲကျဲရပ်လိုက်သည်။ ထို့နောက်လက်ဝါးနှစ်ဖက်မှ အဝါရောင်အလင်းတန်းများကိုထုတ်လွှတ်လိုက်ပြီး ဘုရားပုထိုးကြီးအား ပစ်ခတ်လိုက်လေသည်။ မကြာခင် မြေငလျင်တုန်လှုပ်သွားပြီး ဘုရားပုထိုးကြီးမှာ သူ့အလိုလိုပြန်ဆက်သွားသည်။ ကြွေကျ၊ ပဲ့ကျနေသည့် အုတ်များ၊ အင်္ဂတေများမှာလည်း သူ့အလိုလိုပြန်တပ်သွားကြသည်။ ခဏကြာသည့်အခါ ဘုရားပုထိုးကြီးမှာ နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်သွားသည်။
ဘွားမယ်သုန်လည်း သက်ပြင်းချလိုက်ပြီး တောင်ဝှေးကိုပြန်လည်ကောက်ယူလိုက်သည်။ ထိုအခါ ရင်ပြင်တွင် ရွှေရောင်ရွှေပြားကလေးတစ်ပြားကိုတွေ့လိုက်ရသဖြင့် ကောက်ယူကြည့်လိုက်မိသည်။
"ဟုတ်ပြီ၊ တကယ်လို့ ဒါဟာ ရန်သူရဲ့ပစ္စည်းဆိုရင် သူဘယ်သူလဲဆိုတာကို စုံစမ်းစစ်ဆေးလို့ရပြီ"
ကျောက်လှိုဏ်ဂူခန်းမကြီးအတွင်းသို့ ဘွားမယ်သုန်ပြန်ရောက်လာလေသည်။ ဘိုးပြောင်က ဘွားမယ်သုန်ကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး
"မယ်တော်တစ်ယောက်သာ မှော်ပညာကိုလိုသလို သုံးနိုင်တယ်မဟုတ်လား၊ ဘွားမယ်သုန်၊ ခင်ဗျားက မယ်တော်မရှိတော့ဘူးဆိုပြီးတော့ ကျုပ်တို့ကဝေစည်းကမ်းကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေပြီလား"
အလွန်စိတ်ကြီးသည့် ဘွားမယ်သုန်က ဘိုးပြောင်ကို မျက်စောင်းတစ်ချက်သာ ထိုးလိုက်ပြီးနောက် သူ့လက်အတွင်းမှ ရွှေပြားကလေးကိုထုတ်ပြလိုက်သည်။
"အဲဒါ ဘာလဲဘွားမယ်သုန်"
"တကယ်လို့ ဒီရွှေပြားသာ ရန်သူရဲ့ပစ္စည်းဆိုရင် ငါတို့ရင်ဆိုင်နေရတဲ့ ရန်သူဘယ်သူလဲဆိုတာကို စုံစမ်းစစ်ဆေးပြီး သိနိုင်မယ်မဟုတ်လား"
ကျန်သည့် ကဝေများက ထောက်ခံလိုက်ကြသော်လည်း ဘိုးပြောင်ကတော့ အလွန်မျက်နှာပျက်နေသည်။ ထိုရွေပြားကလေးမှာ မယ်တော်အား ပိန်ပိန်ပါးပါးလူကြီးက ပေးခဲ့သည့် ရွှေပြားကလေးဖြစ်နေသည်မဟုတ်ပါလား။
"ကဲ ဘွားမယ်သုန်၊ စလိုက်တော့"
ဘွားမယ်သုန်က ရွှေပြားကလေးကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီး သူ့လက်ဝါးမှ အဝါရောင်အလင်းတန်းများဖြင့် ပစ်ခတ်လိုက်သည်။ ထို့နောက် သူ့မျက်စိကိုမှိတ်လိုက်ကာ အာရုံခံကြည့်နေသည်။
"သူက ပထမအကြိမ် ကမ္ဘာပျက်တာကို လွတ်မြောက်ခဲ့တဲ့သူတစ်ယောက်ပဲ၊ သူ့မျိုးနွယ်က လီဝါးမျိုးနွယ်ပဲ၊ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်နဲ့ပဲ၊ သူ့မှာ နေရောင်လို တောက်ပနေတဲ့ မျက်လုံးတွေရှိတယ်"
ဘွားမယ်သုန်က သူမြင်သမျှအရာအားလုံးကို ရေရွတ်နေလေသည်။
"ဒါဆိုထပ်ပြီးစုံစမ်းပါအုံး ဘွားမယ်သုန်၊ သူ့နာမည်က ဘယ်သူလဲ၊ နောက်ပြီး သူ့ရဲ့အားနည်းချက်က ဘာလဲ"
မိစိမ်းက မျှော်လင့်တကြီးနှင့် မေးလိုက်သည်။ ဘွားမယ်သုန်က မျက်မှောင်ကြုတ်လိုက်ပြီး ပိုမိုအားစိုက်ထုတ်လိုက်လေသည်။
"သူ့နာမည်က ကဲရိသတဲ့၊ သူ့ရဲ့အားနည်းချက်က . . ."
"ဝုန်း"
ပေါက်ကွဲသံကြီးထွက်ပေါ်လာသဖြင့် အားလုံးထိတ်လန့်သွားကြသည်။ ဘိုးပြောင်က ရွှေပြားကလေးကို ဖျက်ဆီးသည့်မှော်စက်တစ်ခုနှင့် ပစ်ခတ်လိုက်ရာ ရွှေပြားကလေးမှာ တစ်စစီပျက်စီးသွားလေသည်။
"ဘိုးပြောင်၊ မင်းဘာလုပ်လိုက်တာလဲ"
"တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်း မယ်တော်ကိုသတ်ခဲ့တဲ့သူမို့လို့ ဒေါသမထိန်းနိုင်ဘဲ ပစ်ခတ်မိလိုက်တာ"
ကဝေပျံများအားလုံး သက်ပြင်းချလိုက်ကြသည်။
"ဘာမှ စိတ်ပူမနေပါနဲ့ အနည်းဆုံးတော့ ငါတို့ရန်သူရဲ့နာမည်ကို သိလိုက်ရပြီမဟုတ်လား"
အဘခင်က အကောင်းမြင်စိတ်ဖြင့်ပြောဆိုလိုက်လေသည်။ ဘိုးပြောင်က မိစိမ်းကိုတစ်ချက်ကြည့်လိုက်ပြီး
"ကဲ၊ ငါတို့အခုလူစုံပြီဆိုတော့ မယ်တော်ထားခဲ့တဲ့ သေတ္တာကိုဖွင့်လို့ရပြီလား"
မိစိမ်းက ခေါင်းညိတ်လိုက်ပြီး ကျောက်ဂူခန်းမကြီးအတွင်းမှ ဦးဆောင်ထွက်ခွာသွားသည်။ သူတို့အနောက်မှ ကဝေပျံများရော ရှင်နှောင်းပါ လိုက်ပါသွားခဲ့လေသည်။
အပိုင်း (၃) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်