ကဝေပျံရှင်နှောင်း - အတွဲ (၃) အပိုင်း(၆)
lotaya.mpt.com.mm
|
2023-09-23

အခန်း (၁၂)

ရွှေတောင်ရွာကြီးတစ်ရွာလုံးရှိ ကဝေများမှာ ကဲရိသဖန်ဆင်းထားသည့် ကွန်ချာကြီးအတွင်းတွင် ပိတ်မိနေကြသည်။ ကေနှင့် အယ်လ်တို့က ကဲရိသာအား နှစ်ယောက်ပြိုင်ပြီးတိုက်ခိုက်နေကြလေသည်။ ကဲရိသာမှာ ကေနှင့် အယ်လ်တို့၏ ဓါးခုတ်ချက်များကို သူ၏ဝတ်ရုံကြီးဖြင့် ဆီးကာနေရသည်။ တစ်ချီတွင်တော့ ကဲရိသက သူ့လက်ဖျားတွင် အင်အားများကိုစုလိုက်ကာ မြေကြီးပေါ်သို့ရိုက်ချလိုက်သည့်အခါ ကေနှင့် အယ်လ်တို့နှစ်ယောက်မှာ လွင့်ထွက်သွားလေသည်။

"တော်ကြတော့၊ မင်းတို့နှစ်ယောက်စလုံးက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးကွ"

အယ်လ်က ဆက်လက်တိုက်ခိုက်ရန်အတွက် အလင်းဓါးကိုဝင့်လိုက်သော်လည်း ကေကတော့ အေးတိအေးစက်နှင့် မတ်တပ်ရပ်နေလေသည်။ အယ်လ်က ကေကိုလှမ်းကြည့်လိုက်သည်။

"ခင်ဗျားသူ့ကိုမတိုက်ဘူးလား"

"တိုက်နေလို့လဲအပိုဘဲလေ၊ သူပြောတာလည်းဟုတ်တာပဲ"

အယ်လ်က ဒေါသထွက်သွားကာ ကေထံသို့ပြေးဝင်လာသည်။ ကေက အယ်လ်၏ ဦးခေါင်းကိုလက်နှင့်ဖမ်းချုပ်ကိုင်လိုက်သည်။

"ငါပြောတာနားထောင်စမ်းပါ၊ မင်းဆက်ပြီးတိုက်နေရင် အားအင်ကုန်တာပဲရှိမယ်ကွ၊ ငါတို့ရဲ့တာဝန်က ဘာလုပ်ဖို့လဲ"

"ရှင်နှောင်းကို ကာကွယ်ဖို့လေ"

"အေးလေ၊ အခုအဲဒီရှင်နှောင်း ဘယ်မလဲ"

အယ်လ်က ဘေးဘီသို့တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသကိုလျှော့လိုက်ကာ အလင်းဓါးကိုပြန်လည်သိမ်းဆည်းလိုက်သည်။ ကေကပင်ဆက်လက်၍

"သူကထွက်ပြေးသွားပြီကွ၊ ငါတို့က သူဒီမှာရှိနေတဲ့အချိန်ပဲ ကာကွယ်ပေးနိုင်မှာမဟုတ်လားကွ၊ သူဘယ်ရောက်သွားမှန်းမသိတော့ ငါတို့ကဘယ်ကို လိုက်ပြီး ကာကွယ်နေရမှာလဲကွ"

"ခင်ဗျားပြောတာလည်း ဟုတ်တာပဲ"

"ဒီတော့ ငါတို့မှာရန်သူမရှိဘူး၊ ငါတို့ရဲ့တာဝန်က ဒီမှာခုနစ်ရက်ဆက်နေမယ်၊ ခုနစ်ရက်ပြည့်ရင် ငါတို့ရဖို့ရှိတဲ့ရွှေတွေကိုယူပြီးတော့ ပြန်မယ်"

ထိုအခါ ကဲရိသက လက်ခုပ်တီးလိုက်သည်။

"မင်းတို့ အမြင်မှန်ရသွားတာ သိပ်ကောင်းပါတယ်၊ ငါကလည်း မင်းတို့ကိုမသတ်ချင်ပါဘူးကွာ၊ မင်းတို့နဲ့ငါနဲ့လည်း ဘာရန်ငြိုးမှရှိတာမဟုတ်ဘူး"

ကေက ဝတ်ရုံကြီးကိုခြုံလိုက်ရင်း

"ဒါဆိုရင်လည်း ငါတို့ကိုဒီနေရာကနေထွက်ခွာခွင့်ပေးပါ"

"ဆန္ဒမစောပါနဲ့ကွာ၊ ငါမင်းတို့ကို တစ်ခုကမ်းလှမ်းချင်တယ်၊ မင်းတို့သာ ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းတို့လိုချင်တဲ့ ရာထူး၊ အာဏာ၊ အရှိန်အဝါတွေကို မင်းတို့လိုချင်သလောက် ရစေရမယ်"

ကေက ခေါင်းခါလိုက်သည်။

"ကျုပ်တို့က ကြေးစားတွေ၊ ရာထူးတွေဘာတွေကျုပ်တို့မမက်ဘူး"

ကဲရိသက ဟားတိုက်ကာ ရယ်မောလိုက်သည်။

"မင်းတို့ ကြေးစားတွေနဲ့တော့ ခက်တော့တာပဲကွာ၊ အေးလေ၊ မင်းတို့က ငွေကြေးတစ်ခုကိုပဲ တန်ဖိုးထားတတ်ကြတာမဟုတ်လား၊ ဒီတော့ ငါမင်းတို့ကို အလုပ်အပ်မယ်ကွာ၊ ဒီအလုပ်အောင်မြင်ရင် မင်းတို့တစ်ယောက်ကို ရွှေပြားတစ်သိန်းဆီ ငါပေးမယ်"

ကေက ကဲရိသအနီးသို့တိုးကပ်သွားလိုက်ပြီး

"တောင်းပန်ပါတယ်၊ ကျုပ်တို့က ကြေးစားတွေဆိုပေမယ့် အလုပ်နှစ်ခုကိုတစ်ပြိုင်တည်းမလုပ်ပါဘူး၊ ကျုပ်အလုပ်တစ်ခုလက်ခံထားတာရှိတယ် ဒီအလုပ်ပြီးတော့မှ ကျုပ်နောက်တစ်ခုကိုလက်ခံမယ်"

ကေ၏ စကားကြောင့် ကဲရိသ ဒေါသထွက်သွားလေသည်။

"မင်းတို့ကို ငါတစ်ခါပဲကမ်းလှမ်းမှာနော်"

"ကြေးစားတွေကလည်း သူတို့လုပ်ချင်တဲ့အလုပ်ကိုပဲ လက်ခံတာပါ၊ စိတ်မကောင်းပါဘူးလူကြီးမင်း၊ ကျုပ်ကိုသွားခွင့်ပြုပါ"

ကေက ပြိုင်ပွဲကွင်းထွက်ပေါက်သို့ ထွက်ခွာသွားလေသည်။ ကော၏ အနောက်မှာ အယ်လ်ကလည်း ကြောင်တောင်တောင်နှင့် လိုက်ပါသွားသည်။ အမှန်အတိုင်းပြောရမည်ဆိုလျှင် ကဲရိသကလည်း ကေနှင့် အယ်လ်တို့၏ အစွမ်းကို အသုံးချချင်သည်။ သူ့လိုလူကို တိုက်ခိုက်ဝံ့သည့်လူနှစ်ယောက်မို့ အစွမ်းအစမသေးမှန်း ကဲရိသက သဘောပေါက်ထားသည်။

"မင်းတို့ကို ငါသတ်လိုက်လို့ရတယ်နော်"

ကေက တစ်ချက်လှည့်ကြည့်ပြီး

"ခင်ဗျားလုပ်ချင်တာလုပ်ပါ"

ထို့နောက် ကွန်ချာကြီးဆီသို့ဆက်လျှောက်သွားသည်။ ကေက အဖြူရောင်ဓါးရှည်ကြီးဖြင့် မှော်ကွန်ချာကြီးကို နှစ်ချက်ဆင့်ခုတ်လိုက်သည်။ ထိုအခါ မှော်ကွန်ချာကြီးမှာ ကြက်ခြေခတ်ပုံသဏ္ဍာန်ပြတ်တောက်သွားပြီး လူတစ်ကိုယ်စာအပေါက်ကြီးဖြစ်သွားလေသည်။ ကဲရိသပင် ကေ၏အစွမ်းကို အံ့သြနေလေသည်။

"ငါ့ရဲ့ မှော်ကွန်ချာကို မင်းကထိုးဖောက်နိုင်တယ်တဲ့လား"

"ကျုပ်ဓါးမဖြတ်နိုင်တဲ့အရာ မရှိဘူးဗျ"

ကေနှင့် အယ်လ်တို့ မှော်ကွန်ချာကြီးအတွင်းမှ ထွက်ခွာသွားသည့်အခါ ကဲရိသက သူ့တန်ခိုးဖြင့် မှော်ကွန်ချာကြီးကို ပြန်လည်ပိတ်လိုက်လေသည်။ ထို့နောက် မှော်အလင်းတန်းထိမှန်ထားသည့် မယ်စိမ်းထံသို့ လျှောက်သွားလိုက်သည်။ မယ်စိမ်းက ကာကွယ်ရေးအစီအရင်သုံးထားသဖြင့် မှောင်အလင်းတန်းထိသော်လည်း သေလောက်သည့် ဒဏ်ရာမရပေ။ ဘိုးပြောင်က ကဲရိသအားအော်ခေါ်နေသည်။

"သခင်ကြီး၊ ကျုုပ်ကိုကယ်ပါဦးသခင်ကြီး"

ဘိုးပြောင်၏ ခါးအလယ်အထိ ကြေးအဖြစ်ပြောင်းလဲနေသလို လက်များမှာလည်း ကြေးများဖြစ်နေပြီဖြစ်သည်။ ဘိုးပြောင်၏ ရင်ဘတ်နှင့် ခေါင်းပိုင်းသာ လူအဖြစ်ကျန်နေလေသည်။ ကဲရိသက ဘိုးပြောင်အနီးသို့တိုးကပ်သွားသည်။

"ကျုပ်ကို ကယ်ပါဦးသခင်ကြီးရာ၊ ကျုပ်ကို ပြန်လုပ်ပေးပါဦး”

ငါမင်းကိုကြည့်နေတာ ကြာခဲ့ပြီဘိုးပြောင်၊ ဒီပြိုင်ပွဲက မင်းသဘောနဲ့မင်းပြိုင်တဲ့ပွဲပဲ၊ မင်းက မှော်ပညာဘာမှမတတ်တဲ့ ကလေးမလေးတစ်ယောက်ကိုတောင် ရှုံးနိမ့်ခဲ့တယ်ဆိုတော့ မင်းလိုလူက ငါကဘယ်နေရာမှာ သွားပြီးအသုံးချရမှာလဲကွ"

ကဲရိသစကားကြားပြီး ဘိုးပြောင်မှာ အလွန်ထိတ်လန့်သွားသည်။

"သခင်ကြီး ကျုပ်ကိုကယ်ပါ၊ ကျုပ်ကိုဒီတစ်ခါပဲ အခွင့်အရေးပေးပါ၊ ကျုပ်အဲဒီကောင်မလေးကို နောက်တစ်ခါအနိုင်ယူပါ့မယ်"

ကဲရိသက ဘိုးပြောင်ကိုလှည့်မကြည့်ဘဲ သူ့လက်ဝါးမှ အလင်းတန်းတစ်ခုဖြင့်ပစ်ခတ်လိုက်သည်။ အလင်းတန်းက ဘိုးပြောင်ရင်ဘတ်ကိုထိမှန်သွားပြီး ဘိုးပြောင်က အော်ဟစ်နေတော့သည်။ ဘိုးပြောင်၏ မျက်လုံးများ၊ ပါးစပ်နှင့် နှာခေါင်းပေါက်များအတွင်းမှ နေရောင်ခြည်ကဲ့သို့ အလင်းများထွက်ပေါ်လာကာ ဘိုးပြောင်တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားလေသည်။

"ငါ့ရဲ့ဘက်မှာ အရှုံးသမားတွေအတွက် နေရာမရှိဘူးကွ"

ကဲရိသလုပ်ရပ်ကိုကြည့်ပြီး ကဝေများအားလုံး ကြောက်လန့်နေကြသည်။ ကဲရိသက မယ်စိမ်းဘက်သို့လှည့်လိုက်ပြီး

"ကဲ၊ ပယင်းနက်ရဲ့ နောက်ဆုံးအစိတ်အပိုင်း ဘယ်မှာရှိသလဲဆိုတာ ငါ့ကိုပြောပြ"

မယ်စိမ်းက ကဲရိသနှင့် အကြည့်လွှဲလိုက်ပြီး

"ငါမသိဘူး၊ သိရင်လည်း ရှင့်လိုလူကို မပြောပြဘူး"

ကဲရိသက ခပ်သဲ့သဲ့ရယ်မောလိုက်သည်။

"ဟား၊ ဟား၊ ခေါင်းမာတယ်ပေါ့၊ ငါကလည်း အဲဒီလို ခေါင်းမာတဲ့မိန်းကလေးမျိုးကိုမှ ကြိုက်တာကွ"

ကဲရိသက သူ့လက်အတွင်းမှ အလင်းတန်းများနှင့် မယ်စိမ်း၏ ခြေထောက်များကိုပစ်ခတ်လိုက်သည်။ အလင်းတန်းများက ခြေထောက်ကိုထိမှန်ပြီးနောက် မယ်စိမ်းမှာ အလွန်နာကျင်စွာ အော်ဟစ်နေလေသည်။

"နောက်တစ်ကြိမ်မေးမယ်၊ ပယင်းနက် အစိတ်အပိုင်းကို ဘယ်မှာဖွက်ထားသလဲ"

မယ်စိမ်းက အံကြိတ်လျက်

"မပြောဘူး"

ကဲရိသက အလင်းတန်းများကို မယ်စိမ်း၏ လက်ဆီသို့ ပစ်ခတ်လိုက်ပြန်သည်။ မယ်စိမ်းက မြေတွင်လူးလိမ့်လျက် အော်ဟစ်နေပြန်သည်။

"ငါမင်းကို သတ်ဖို့ဝန်မလေးဘူးနော် မိန်းကလေး၊ ငါနောက်ဆုံးတစ်ကြိမ်မေးမယ်၊ မင်းတို့ ပယင်းနက်အစိတ်အပိုင်းကို ဘယ်မှာသွားဖွက်ထားတာလဲ"

မယ်စိမ်းက နာကျင်မှုဝေဒနာကို မခံနိုင်တော့ပေ၊ သူ့ပါးစပ်မှ တစ်ခုခုပြောရန်ကြံစည်လိုက်ပြီး ပါးစပ်ကို ဟစိဟစိလုပ်နေလေရာ ကဲရိသက မယ်စိမ်း၏ ပါးစပ်အနီးသို့ သူ့မျက်နှာကိုကပ်လိုက်သည်။

"ထွီ"

မယ်စိမ်းပါးစပ်မှ စကားသံထွက်မလာဘဲ တံတွေးထွက်လာပြီး ကဲရိသမျက်နှာကို ထိမှန်သွားသည်။ ကဲရိသက အံ့ကြိတ်လိုက်ပြီးသည့်နောက် မယ်စိမ်းဦးခေါင်းအား အလင်းတန်းဖြင့်ပစ်ခတ်လိုက်လေရာ မယ်စိမ်းမှာအော်ဟစ်ရင်း အခိုးအငွေ့များအဖြစ်သို့ လွင့်စင်ပျောက်ကွယ်သွားသည်။ ကဲရိသက သူ့ပါးတွင် ပေနေသည့် တံတွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်သည်။

"ကဲ၊ ကဝေတွေအားလုံးနားထောင်ကြစမ်း၊ မင်းတို့ကို ငါရွေးချယ်စရာတစ်ခုပေးမယ်၊ မင်းတို့ထဲက ဘယ်သူငါနဲ့ ပူးပေါင်းချင်သလဲ၊ ငါနဲ့ပူးပေါင်းပြီးရင် ငါတို့အတူတူ ကမ္ဘာကြီးကိုအုပ်စိုးကြမယ်၊ ကမ္ဘာကြီးမှာ ငါတို့သာ အင်အားအကြီးဆုံးဖြစ်ရမယ်၊ ငါတို့ရဲ့စကားကို ဘယ်သူမှမလွန်ဆန်နိုင်ရဲပဲ၊ ငါတို့ကို နတ်ဘုရားတွေလို ကိုးကွယ်နေစေရမယ်ကွ"

ထိုအခါ သောမာဂိုဏ်းအဖွဲ့ဝင်များက ပွဲကြည့်စင်များပေါ်မှ ဆင်းလာကြပြီး ကဲရိသနှင့် ပူးပေါင်းလိုက်ကြသည်။

"အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲရမယ်၊ ငါနောက်ဆုံးအကြိမ် မင်းတို့ကိုကမ်းလှမ်းမယ်"

ထိုအခါ ကဝေများအကြားတွင် တစ်ယောက်တစ်ပေါက်ဆူညံစွာ ငြင်းခုန်ကြတော့သည်။ ကဲရိသနှင့် ပူးပေါင်းမည့်သူများနှင့် မပူးပေါင်းဘဲ အသေခံမည့်သူများဟူ၍ နှစ်ဖွဲ့ကွဲသွားလေသည်။ ပူးပေါင်းမည့်သူများက ပွဲကြည့်စင်များပေါ်မှဆင်းလာကာ ကဲရိသနှင့် ပူးပေါင်းလိုက်ကြသော်လည်း ကဝေများ၏ သုံးပုံတစ်ပုံခန့်သာရှိပြီး ကျန်သည့် နှစ်ပုံကတော့ ပူးပေါင်းရန်စိတ်ကူးမရှိပေ။

"ရှင်နှောင်းက ငါတို့ကိုလာကယ်လိမ့်မယ်၊ ရှေ့ဖြစ်ဟောကိန်းအရဆိုရင် ရှင်နှောင်းကြိမ်းသေပေါက်နိုင်မှာပဲ"

"သူလာမကယ်ရင်လည်း ငါတို့က သိက္ခာရှိရှိနဲ့ အသေခံသွားကြမယ်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ရပ်ရွာကိုတော့ ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး"

ထိုစကားများကို ကြားသည့်အခါ ကဲရိသက ဒေါသဖြစ်သွားသည်။

"ကောင်းတယ်၊ ဒါဆိုလည်း ခင်ဗျားတို့ရဲ့ ရှင်နှောင်းကို ခင်ဗျားတို့စောင့်နေကြ၊ ဒီမှော်ကွန်ချာကြီးက တဖြည်းဖြည်းနဲ့သေးသေးသွားပြီး ခုနစ်ရက်နေရင် ကြက်ဥအရွယ်အစားလောက် သေးငယ်သွားလိမ့်မယ်၊ ဒီမှော်ကွန်ချာနဲ့ ထိတွေ့မိတဲ့သူတိုင်းကလည်း ရေခိုးရေငွေ့တွေအဖြစ်နဲ့ ပျောက်ကွယ်သွားလိမ့်မယ်"

ကဲရိသက သူ့ဘက်သားများကိုဦးဆောင်ကာ အပြင်သို့ခေါ်ထုတ်သွားလေသည်။ ပြိုင်ပွဲကွင်းကြီးအတွင်း ကဲရိသနှင့် မပူးပေါင်းသည့် ကဝေများသာ ကျန်နေရစ်ခဲ့သည်။ ကဝေတစ်ယောက်က စိတ်လိုက်မာန်ပါဖြင့် မှော်ကွန်ချာကြီးကို ဝင်တိုးကြည့်သည်။ မှော်ကွန်ချာနှင့် ထိတွေ့လိုက်သည်နှင့် ထိုကဝေက အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားလေသည်။ အချို့ကဝေများက မှော်အစွမ်းများကို ထုတ်သုံးရန်ကြိုးစားကြသော်လည်း ကွန်ချာကြီးမှ အကွက်များထံမှ အလင်းတန်းများက ထွက်ပေါ်ကာ မှော်ပညာအသုံးပြုသူကို ပစ်ခတ်သဖြင့် ကဝေများသေဆုံးကုန်ကြသည်။ နောက်ဆုံးတော့ ကဝေများအားလုံး လက်လျှော့လိုက်ကြသည်။

"ဘာမှ စိတ်မပူကြပါနဲ့၊ ကျုပ်တို့မယ်တော်ရှင်နှောင်း အသက်ရှင်နေသေးတယ်၊ သူက ကျုပ်တို့ကိုလာကယ်မှာပါ"

ကဲရိသက သူ့လူများကို ကွင်းပြင်တွင်စုစည်းလိုက်ပြီးနောက်

"ကဲ၊ ဘယ်သူကျုပ်ကို ရွှေတောင်ကြီးဆီကို လမ်းပြမလဲ"

ထိုအခါ လူအုပ်အတွင်းမှ မိန်းကလေးတစ်ဦးလက်ထောင်လိုက်သည်။ ထိုသူမှာ မယ်တော်၏လက်ထောက် သီရိဖြစ်နေသည်။ သီရိက

"ကျွန်မက အရင်မယ်တော်ဆီမှာ ခြောက်နှစ် အလုပ်လုပ်ခဲ့ပါတယ်၊ ဒီတော့ ရွှေတောင်ကြီးအကြောင်းတွေကို အကုန်လုံးနီးပါးသိပါတယ်"

ကဲရိသက ပြုံးလိုက်ပြီး သူ့လက်ထဲတွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသည့် သရဖူတစ်ခုကိုဖန်ဆင်းလိုက်သည်။ ထို့နောက် သီရိ၏ ခေါင်းတွင် ထိုသရဖူကို ဆောင်းပေးလိုက်သည်။

"အခုအချိန်က စပြီး မင်းက မယ်တော်ဖြစ်သွားပြီ"

သီရိ ဝမ်းသာလွန်းသဖြင့် မယုံကြည်နိုင်အောင်ဖြစ်နေမိသည်။

"ကျွန်မဘဝတစ်လျှောက်လုံး ကဝေပျံဖြစ်ချင်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မကို သူတို့က လက်ထောက်အဖြစ်ပဲ ရာထူးပေးပြီးတော့ ခြောက်နှစ်ကျော် ခိုင်းစားခဲ့တယ်၊ အခု ကျွန်မက ကဝေပျံတင်မကဘဲ မယ်တော်ဖြစ်ခဲ့ပြီ"

သီရိက ကြွေးကြော်နေလေသည်။ ကဲရိသက သီရိပုခုံးကိုပုတ်လိုက်ပြီး

"မင်းသာ ပယင်းနက်အစိတ်အပိုင်းရှိတဲ့နေရာကို သိအောင်ဖော်ထုတ်ပေးရင်၊ မင်းလိုချင်တာ အားလုံး ဖြစ်စေရမယ်မိန်းကလေး"

သီရိက ကဲရိသရှေ့တွင် ဒူးထောက်လိုက်သည်။

"ကျွန်မ သခင်ကြီးပေးတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ပါ့မယ်"

ထို့နောက် သူတို့အားလုံး ရွှေတောင်ကြီးဆီသို့ ချီတက်လာခဲ့ကြသည်။

ကေနှင့် အယ်လ်မှာ ရွှေတောင်ရွာအဝင်ဝသို့ ရောက်လာခဲ့ကြသည်။ အယ်လ်က စဉ်းစားနေလျှက်

"ဒီလူ ဒီအထဲကို ဘယ်လိုဝင်လာပါလိမ့်"

ကေက ပြုံးလိုက်ပြီး

"မင်းက အတော်ဉာဏ်နည်းတာပဲ အယ်လ်ရာ၊ မယ်နီကို ကဲရိသက မသေအောင်တမင်လုပ်ထားတာကွ၊ မယ်နီက သူ့ဌာနေကိုပြန်မယ်ဆိုတာကို သူသိလို့၊ မယ်နီအနောက်ကနေ လိုက်လာခဲ့တာပေါ့ကွာ"

ရွှေတောင်ရွာအဝင်ဝတွင် ပျက်စီးနေသည့် ရထားလုံးကြီးနှင့်အတူ မြေပြင်တွင် ပြန့်ကျဲနေသည့် မိန်းမဝတ် အဝတ်အစားအပိုင်းအစများကိုတွေ့ရသည်။ အယ်လ်က ထိုအဝတ်စများကို ကောက်ကိုင်လိုက်သည်။

"အနက်ရောင်ညီအမရဲ့ အဝတ်အစားတွေပဲ၊ တစ်စစီဖြစ်နေပြီဆိုတော့ သူတို့သေသွားလောက်ပြီပေါ့"

"ကဲရိသဆိုတဲ့သူက ငါတွေ့ဖူးသမျှ စုန်းတွေ၊ ကဝေတွေထဲမှာ အတော်စွမ်းအားကြီးတဲ့သူပဲကွ၊ သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားသင်ဘူးအယ်လ်"

"သူက ဒီကိုဘာလာလုပ်တာလဲ"

"အများပြောတာတော့ သူ့ဆီမှာ ပယင်းနက်အစိတ်အပိုင်းနှစ်ခုရှိတယ်တဲ့၊ ဒီလိုဆိုရင် ဒီကိုရောက်လာတာ နောက်ထပ်ပယင်းနက်အစိတ်အပိုင်းတစ်ခုကို လာရှာတဲ့ပုံပဲ၊ ပယင်းနက်အစိတ်အပိုင်းသုံးခုပြည့်ရင် တန်ခိုးကြီးတဲ့ နတ်ဆိုးကြီးတစ်ကောင်ကို ဆင့်ခေါ်နိုင်မယ်တဲ့ကွ"

အယ်လ်မျက်လုံးများ အရောင်လက်သွားသည်။

"ဒါဆို သူနောက်ဆုံးအစိတ်အပိုင်းမရခင် ကျုပ်တို့သူ့ကိုတားဆီးရမှာပေါ့"

ကေ ကခေါင်းခါလိုက်သည်။

"နောက်ဆုံးအစိတ်အပိုင်းကို သူရှာပါစေကွာ"

ကေ၏ စကားကိုကြားသဖြင့် အယ်လ်တစ်ယောက် အလွန်အံ့အားသင့်သွားသည်။ ကေက ဆက်လက်ပြီး

"သူအစိတ်အပိုင်းအားလုံးကိုရသွားပြီဆိုတော့မှ ငါတို့သူ့ဆီကနေ ပယင်းနက်ကို လုကြမယ်"

အယ်လ်နှင့် ကေတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ ရယ်မောလိုက်ကြတော့သည်။

အခန်း (၁၃)

ပတ်ဝန်းကျင်တွင် အဖြူလွှလွှအရောင်များကိုသာ မြင်တွေ့နေရသည်။ ရှင်နှောင်း၏ အမြင်အာရုံတွေက ဝေဝါးနေလေသည်။

"ရှင်နှောင်း၊ မင်းထတော့"

ရှင်နှောင်းမျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ ကဲရိသက သူ့အရှေ့တွင်ရပ်နေသည်ကိုမြင်တွေ့လိုက်ရသည်။ ရှင်နှောင်းလည်း လန့်သွားပြီး လက်နှစ်ဖက်ကို စုစည်းလိုက်ကာ မှော်အစွမ်းဖြင့် ပစ်ခတ်ရန်ကြိုးစားလိုက်သည်။ သို့သော် ကဲရိသက သူ့လုပ်ရပ်ကိုမြင်သည့်အခါ ရယ်မောနေလေသည်။

"ရှင်ဘာတွေရယ်နေတာလဲ"

"ငါတို့ရောက်နေတာ ဝိညာဉ်လောက လို့ခေါ်တယ်ကွ၊ ဒီလောကမှာ တစ်ယောက်ကိုယ်တစ်ယောက် ထိခိုက်သွားအောင်လုပ်လို့မရဘူး"

ရှင်နှောင်းက ကဲရိသပြောသည်ကို မယုံကြည်သေးပေ၊ ထို့ကြောင့် ကဲရိသအား မှော်ပညာဖြင့် ပစ်ခတ်ရန်ကြိုးစားသည်။ မှော်အစွမ်းက လုံးဝထုတ်၍မရပေ။ ထို့ကြောင့် ကဲရိသအားလက်သီးဖြင့်ပြေးထိုးလိုက်သည်။ သို့သော် သူ့လက်သီးက ကဲရိသကိုယ်လုံးကို ဖောက်ဝင်သွားပြီး လေကိုထိုးနှက်ရသကဲ့သို့ဖြစ်နေသည်။

"ဝိညာဉ်လောကမှာ တိုက်ခိုက်လို့ရတယ်ဆိုရင် ငါကမင်းကိုအရင်သတ်ပြီးလောက်ပြီပေါ့ ရှင်နှောင်းရာ"

"ရှင်ဘာတွေပြောနေတာလဲ၊ ကျုပ်ကရော ဘာလို့ဒီလောကကို ရောက်နေရတာလဲ"

ကဲရိသက လက်နှစ်ချောင်းထောင်လိုက်သည်။

"နှစ်ချက်ပဲရှိတယ်ကွ၊ တစ်ချက်ကတော့ မင်းက ဝိညာဉ်ခွာနိုင်လို့၊ နောက်တစ်ချက်ကတော့ မင်းကသေသွားလို့ပဲ"

ရှင်နှောင်းအသေအချာပြန်စဉ်းစားလိုက်သည်။ ဝိညာဉ်ခွာသည့်အတတ်ကို သူမကြားဖူးခဲ့၊ ထို့ကြောင့် ကဲရိသပြောသည့် ဒုတိယအချက်ပင်ဖြစ်မည်၊ သူ ကဲရိသပစ်ခတ်လိုက်သည့် အလင်းတန်းထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်မည်"

"ဒါဆို ကျွန်မ၊ ကျွန်မသေသွားပြီပေါ့"

"ငါလည်း အဲဒီလိုပဲ ယူဆပါတယ်"

"ဒါဆိုရင် ကျွန်မသေသွားပြီဆိုရင် ရွှေတောင်ရွာကြီးနဲ့ ကဝေတွေအားလုံးကို ရှင်က သတ်ပစ်တော့မှာပေါ့"

ကဲရိသက ပြုံးလိုက်သည်။

"တကယ်လို့ မင်းသာသေသွားပြီဆိုရင် ငါသူတို့ကိုမသတ်တော့ပါဘူးကွာ၊ ငါ့ရဲ့လမ်းခရီးမှာ အတားအဆီးဖြစ်နေတာက မင်းပဲ ရှင်နှောင်း၊ မင်းသေရင် အားလုံးပြီးဆုံးသွားပြီ"

ကဲရိသပြောနေသည်ကို ရှင်နှောင်းဘာမှ နားမလည်နိုင်တော့ပေ။

"ဘာလို့ ကျွန်မကရှင့်အတွက် အတားအဆီးဖြစ်နေတာလဲ၊ ရှင်နဲ့ကျွန်မနဲ့ သိတောင်သိတာမှမဟုတ်တာ"

"မင်းရဲ့ ကံကြမ္မာကြောင့်ပဲရှင်နှောင်း"

"ကျွန်မ ဘာမှနားမလည်ဘူး"

"ကောင်းပြီလေ၊ ဒါဆိုရင် ငါကမင်းရဲ့အတိတ်အကြောင်းတွေကို ပြန်ပြောရမှာပေါ့"

အခန်း (၁၄)

ဤကမ္ဘာလောကကြီးကား အမြဲဖြစ်ပျက် ပြောင်းလဲနေသည်။ ကမ္ဘာကြီးရှိ သက်ရှိသတ္တဝါများအားလုံးသည် မရေမတွက်နိုင်အောင် အသက်ရှည်နေရာမှ တဖြည်းဖြည်း လောဘ၊ ဒေါသများဖုံးလွှမ်းလာသဖြင့် အသက်တိုသွားခဲ့ကြသည်။ နောက်ဆုံးတွင် လူတစ်ဦး၏ အသက်မှာ ငါးနှစ်အရွယ်မျှဖြစ်သည်အထိ သက်တမ်းတိုသွားကြမည်၊ ထိုအခါ ကမ္ဘာဖျက်မိုးကြီး ရွာသွန်းလေသည်။ မီးတောက်မီးလျှံကြီးများမှာ ခုနစ်ရက်တိုင်တိုင် ရွာသွန်းသဖြင့် လောကကြီးရှိ သတ္တဝါများအားလုံး သေကြေပျက်စီးကြသည်။ မီးတောက်မီးလျှံများရွာချပြီးသည့်အခါ ချော်ရည်ပူများက ထပ်မံ၍ ခုနစ်ရက်တိုင်တိုင်ရွာသွန်းပြန်သည်။ သေဆုံးသွားသည့် သတ္တဝါများကို ချော်ရည်၊ ကျောက်ရည်ပူများက ဖုံးလွှမ်းသွားသည်။ အရာအားလုံး ပြီးဆုံးသွားတော့မှ မိုးကြီးခုနစ်ရက်တိုင်တိုင်ရွာချပြန်သည်။ ထိုချော်ရည်ပူများမှာ ကျောက်သားများ မြေပြင်များအဖြစ်ပြောင်းလဲသွားပြီး သေဆုံးခဲ့သည့် သတ္တဝါများကို ပြန်လည်ဖုံးလွှမ်းသွားတော့သည်။ နှစ်ကာလကြာရှည်လာသည့်အခါ ထိုမြေသားတွင် သစ်ပင်များ၊ သတ္တဝါများ ပြန်လည်ဖြစ်ထွန်းလာကာ သတ္တလောကကြီး အသစ်ပြန်လည်စတင်ဖြစ်ထွန်းတော့သည်။ ထိုသည်ကို ကပ်ကာလတစ်ခုဟု ခေါ်တွင်ကြသည်။

ယခု ကပ်ကာလမှ ပြန်လည်ရေတွက်သည့်အခါ ခုနစ်ခုမြောက် ကပ်ကာလတွင်ဖြစ်သည်။ ထိုခေတ်ကာလတွင် လူသားတို့အသက်သည် အနှစ်တစ်သောင်းမျှရှည်လျားလေသည်။ လူသားတို့မှာ မခူးတောင်တန်းကြီးအနီးတွင် အခြေချနေထိုင်ကြသည်။ မခူးတောင်တန်းကြီး၏ အနောက်ဘက်တွင် ကျယ်ပြန့်လှသည့် ပင်လယ်ကြီးတစ်ခုရှိကာ ထိုပင်လယ်ကြီးအနီးတွင် မြေသြဇာကောင်းမွန်သည့် လွင်ပြင်ကြီးများရှိသည်။ တစ်ဖန်ထိုလွင်ပြင်ကြီးအလယ်တွင်တော့ ကျောက်တုံးကျောက်သားများဖြင့် တည်ဆောက်ထားသည့် ကျောက်တုံးမြို့တော်ကြီးတည်ရှိသည်။
(ကျောက်တုံးမြို့တော်ကြီးနှင့် မခူးတောင်တန်းကြီးအကြောင်းသိလိုပါက ကျွန်ုပ်ရေးသားခဲ့သည့် မီးလျှံကြားက ပန်းတစ်ပွင့်ဇာတ်လမ်းတွင် ဖတ်ရှုနိုင်ပါသည်)

မခူးတောင်တန်းကြီးပေါ်တွင် နေထိုင်ကြသည့် လူမျိုးစုများမှာ လူရိုင်းများအဖြစ်မှ တဖြည်းဖြည်းယှဉ်ကျေးလာခဲ့ပြီး ကျောက်တုံးမြို့တော်ကြီးကို တည်ထောင်ကြခြင်းဖြစ်သည်။ ထိုအထဲတွင် လီဝါးလူမျိုးများလည်း အပါအဝင်ဖြစ်သည်။ လီဝါးလူမျိုးများမှာ အခြားလူမျိုးများထက် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သလို တီထွင်နိုင်စွမ်းလည်းရှိသည်။ ပိုပြီးထူးဆန်းသည့်အချက်မှာ လီဝါးလူမျိုးများမှာ မှော်ပညာများကို မွေးရာပါအသုံးချတတ်ခြင်းပင်ဖြစ်သည်။

ထိုကာလက ကမ္ဘာကြီးတွင် လူသားမျိုးနွယ်တစ်ခုတည်း နေထိုင်ခဲ့ကြသည်မဟုတ်ပေ၊ အမျိုးအစားအစုံ၊ ပုံသဏ္ဌာန်အစုံနှင့် သတ္တဝါကြီးများမှာ ကမ္ဘာကြီးတွင် နေထိုင်ခဲ့ကြသည်။ ကျောက်တုံးမြို့တော်မတည်ဆောက်ခင်က ထိုလွင်ပြင်ကြီးတွင် လူထက်အရွယ်အစားကြီးမားပြီး နီမြန်းသည့် ခန္ဓာကိုယ်ရှိသည့် ဘီလူးကြီးများနေထိုင်ကြသည်။ လူသားများက ထိုဘီလူးကြီးများကို ပူးပေါင်းတိုက်ခိုက်သဖြင့် ဘီလူးကြီးများအရေးနိမ့်ပြီး ပင်လယ်အတွင်းသို့ ဆုတ်ခွာထွက်ပြေးကုန်ကြသည်။ ထိုအခါ စုပေါင်းထားသည့်လူသားများက လွင်ပြင်တစ်ဝိုက်ကိုသိမ်းပိုက်လိုက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထို့နောက် ကျောက်တုံးမြို့တော်ကြီးကို တည်ထောင်ခဲ့ကြသည်။

ဘီလူးကြီးများနှင့် တိုက်ခိုက်ရာတွင် တစ်တပ်တစ်အား ပါဝင်ခဲ့သည့်် လီဝါးမျိုးနွယ်စုများမှာ ကျောက်တုံးမြို့တော်ကြီးတွင် လူကုံထံများအဖြစ် နေရာပေးခြင်းခံရသည်။ ၎င်းတို့၏ မှော်ပညာစွမ်းအားဖြင့် ထူးခြားသည့်တည်ဆောက်မှုများ၊ ထူးခြားသည့်လက်နက်များကို ဖန်တီးခဲ့ကြကာ လူသားတို့၏ ရန်သူများကို တိုက်ခိုက်အောင်မြင်ခဲ့ကြသည်။ သို့နှင့် ကျောက်တုံးမြို့တော်အား ဦးဆောင်သည့်ဘုရင်အဆက်ဆက် လီဝါးလူမျိုးများကို တလေးတစားဆက်ဆံခဲ့ရာမှာ ကျောက်တုံးမြို့တော်တွင် ခုနစ်ဆက်မြောက် ခေါင်းဆောင်သည့် ဘုရင်ကြီးလက်ထက်တွင်တော့ လီဝါးလူမျိုးများ ကြမ္မာငင်ခဲ့ကြတော့သည်။

ထိုဘုရင်ကြီးမှာ မှော်ပညာကိုအလွန်ကြောက်လန့်သူဖြစ်ပြီး နန်းတွင်းတွင် လီဝါးလူမျိုးများ ကြီးစိုးနေသည်ကိုလည်း မကျေနပ်သူဖြစ်သည်။ ထိုစဉ်က ကဲရိသမှာ လီဝါးလူမျိုးစုတို့၏ ခေါင်းဆောင်ဖြစ်သလို၊ ကျောက်တုံးမြို့တော်ကြီး၏ အမတ်ချုပ်ကြီးလည်းဖြစ်ပေသည်။ ကဲရိသမှာ ငယ်စဉ်ကတည်းက ဗဟုသုတလေ့လာဆည်းပူးခဲ့သူဖြစ်ပြီး ကမ္ဘာအနှံ့သို့သွားရောက်ကာ ပညာဆည်းပူးခဲ့သူဖြစ်သဖြင့် လီဝါးလူမျိုးစုများအတွင်းမှာသာမက ကျောက်တုံးမြို့တော်ကြီးနှင့် မခူးတောင်တန်းကြီးအပေါ်တွင်မှာပါ သြဇာညောင်းသူဖြစ်ခဲ့သည်။ ယခုတက်လာသည့် ဘုရင်ကြီးမှာ အစဉ်အလာအရ ဘုရင်ဖြစ်လာခဲ့ရသော်လည်း ကဲရိသလောက် လူထုထောက်ခံမှုနှင့် သြဇာညောင်းမှု မရှိသူဖြစ်သည့်အတွက် ကဲရိသနှင့် လီဝါးများကို ရှင်းထုတ်ရန် ကြံစည်ခဲ့တော့သည်။

သို့သော်လည်း ကဲရိသက ထိုအဖြစ်မျိုးဖြစ်ပျက်မည်ကို ကြိုတင်မှန်းဆနိုင်ခဲ့သည်။ မနာလိုသည့် ဘုရင်တစ်ပါးနှင့်တွေ့လျှင် သူတို့တွေ ဘေးဆိုးကပ်ဆိုးကြတော့မည်ကို ခန့်မှန်းမိလေသည်။ သို့သော်လည်း သူ့တွေးဆမှုက အချိန်နှောင်းခဲ့သည်။ အကြောင်းမှာ ဘုရင်ကြီးနန်းတက်စကပင် ဘေးဆိုးကပ်ဆိုး စတင်ခဲ့ပြီဖြစ်သည်။

ဘုရင်ကြီးက တစ်ရက်တွင် နန်းတွင်းစုံညီ ညီလာခံကျင်းပမည်ဟု သတင်းလွှင့်ပြီး လီဝါးလူမျိုးများကို အထူးဖိတ်ကြားခဲ့သည်။ လီဝါးလူမျိုးများ နန်းတွင်းရောက်သည့်အချိန်တွင် အကုန်လုံးကိုဖမ်းဆီးခဲ့သည်။ ကဲရိသပါ အဖမ်းဆီးခံခဲ့ရသည်။ ဘုရင်ကြီးက လီဝါးမိန်းမများကို သိမ်းပိုက်ပြီး အခြားလူမျိုးများနှင့် လက်ထပ်စေကာ လီဝါးအမျိုးသားများကိုတော့ အဆုံးအစမဲ့သည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ပစ်ချခဲ့သည်။ ထိုချောက်နက်ကြီးအောက်ခြေတွင် စစ်ရှုံးသွားခဲ့သည့် ဘီလူးကြီးများ ပုန်းအောင်းနေသည့်နေရာဖြစ်သည်။ ထိုဘီလူးကြီးများမှာ ချောက်နက်အတွင်းကျလာသည့် လူသားများကို ဖမ်းဆီးစားသောက်ခဲ့သည်။ သို့သော် လီဝါးလူမျိုးများကို ကဲရိသဦးဆောင်မှုဖြင့် ထိုချောက်နက်ကြီးအတွင်း လီဝါးလူမျိုးများမှာ မြို့ကြီးတစ်မြို့ တည်ဆောက်ခဲ့ကြလေသည်။ ကဲရိသမှာလည်း ချောက်နက်အတွင်းရှိ ဘီလူးများနှင့် ခင်မင်ရင်းနှီးမှု ရရှိသွားသည်။

သို့သော်လည်း လီဝါးများတွင် မိန်းမမပါသဖြင့် လီဝါးများမျိုးဆက်မပွားနိုင်ဘဲ အသက်ကြီးကာ မျိုးတုံးကုန်ကြသည်။ မခူးတောင်တန်းကြီးပေါ်ရှိ လီဝါးကျေးရွာကိုလည်း လရှီးလူမျိုးများက သိမ်းပိုက်ကာ လူမျိုးတုန်းသတ်ဖြတ်လိုက်သဖြင့် လီဝါးများ မျိုးဆက်ပြတ်သွားကြသည်။ သို့သော် ကဲရိသမှာ အသက်ရှည်အောင်နေထိုင်သည့် နည်းလမ်းများသိသဖြင့် ကဲရိသတစ်ယောက်သာ ချောက်နက်ကြီးအတွင်း အသက်ရှင်သွားလေသည်။

ချောက်နက်ကြီးအတွင်းမှ လွတ်မြောက်သွားသော်အခါ ကဲရိသက သူ၏ မိုးပျံဝတ်ရုံ၊ နေရောင်သရဖူတို့ကို ပြန်လည်စုစည်းခဲ့ပြီး ကျောက်တုံးမြို့တော်ဘုရင်ကြီးကို လက်စားချေရန်ကြိုးပမ်းခဲ့သည်။ သို့သော် ကျောက်တုံးမြို့တော်ကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှပေ၊ ထို့အတွက် ပင်လယ်အတွင်းသို့ထွက်ခွာခဲ့သည်။ ပင်လယ်ကြီး၏ အနောက်ဘက်တွင် အရိပ်တိုင်းပြည်ကြီးတည်ရှိသည်။ ထိုတိုင်းပြည်တွင် မကောင်းဆိုးဝါးကြီးများနေထိုင်ကြသည်။ ထိုမကောင်းဆိုးဝါးကြီးများကို အုပ်ချုပ်သူတစ်ယောက်ရှိသည်။ ထိုသူကတော့ အာလစ်ခန်းဆိုသည့် မိစ္တာနတ်ဆိုးကြီးပင်ဖြစ်သည်။

အာလစ်ခန်းနှင့် ကဲရိသမှာ မိတ်ဆွေဖွဲ့ကြသည်။ ထို့နောက် အတူတူတိုင်ပင်ကြသည်။ အာလစ်ခန်းက ကဲရိသအား ကူညီသည့်အနေဖြင့် ကျောက်တုံးတိုင်းပြည်ကြီးကို တိုက်ခိုက်ပေးမည်ဖြစ်သည်။ ထိုသို့တိုက်ခိုက်ပြီးပါက ကမ္ဘာကြီးတွင်ရှိနေသည့် အခြားတိုင်းပြည်များအား အတူတကွသိမ်းပိုက်ကြမည်၊ ကမ္ဘာတစ်ခြမ်းကို ကဲရိသက ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်သည့် ကမ္ဘာတစ်ခြမ်းကိုတော့ အာလစ်ခန်းက ပိုင်ဆိုင်ယူကြမည်ဖြစ်သည်။

"ကျွန်မနားလည်ပြီ၊ ဒါဆို အာလစ်ခန်းနဲ့ ရှင်နဲ့က သူငယ်ချင်းတွေပဲ၊ တစ်ယောက်ကိုတစ်ယောက် ပြန်ကယ်တင်တဲ့သဘောပေါ့"

"မှန်တာပေါ့ကွာ"

"ဒါနဲ့ ဘာဆက်ဖြစ်သွားကြသလဲ"

"တိုက်ပွဲမှာ အမှားတစ်ခုဖြစ်သွားတယ်ကွ၊ အဲဒီမှာ အာလစ်ခန်းနဲ့ သူ့အရိပ်တပ်သားတွေက ရန်သူတွေရဲ့ထောင်ချောက်မိပြီးတော့ ဟိုးကမ္ဘာကြီးရဲ့အလယ်ဗဟိုကို ကျသွားတော့တယ်၊ အဲဒီနေရာမှာ အရမ်းပူပြင်းပြီး ချော်ရည်တွေ၊ မီးတောက်မီးလျှံတွေနဲ့ ဝိုင်းနေတယ်၊ လူတွေကတော့ အဲဒီနေရာကို ငရဲလို့ခေါ်တာပေါ့ကွာ၊ အာလစ်ခန်းကိုတော့ မိစ္ဆာတို့၊ နတ်ဆိုးတို့၊ စေတန်ဆိုပြီး လူတွေက အမျိုးမျိုးခေါ်ဝေါ်ကြတာပေါ့ကွာ"

"အဲဒါနဲ့ ကျွန်မနဲ့ဘာဆိုင်လို့လဲ"

"အာလစ်ခန်းက ငရဲကနေထွက်မရပေမယ့် သူ့ရဲ့ကိုယ်ပွားကို လူ့ပြည်ကိုစေလွှတ်နိုင်တဲ့ နည်းလမ်းတစ်ခုကိုတွေ့ခဲ့တယ်၊ အဲဒီနည်းလမ်းနဲ့ သူက ဒီကမ္ဘာကြီးပေါ်မှာ အရိပ်တိုင်းပြည်ကြီးကို ပြန်လည်တည်ထောင်ချင်နေတယ်လေ၊ သူ့ရဲ့ ဝိညာဉ်ကိုယ်ပွားကို ပယင်းနက်ကလေးအထဲကို ထည့်ထားခဲ့တယ်၊ ပြီးတော့ သူ့ကိုယုံကြည်ကိုးကွယ်တဲ့သူတစ်ယောက်ကို အသုံးချပြီး ကမ္ဘာကိုသိမ်းပိုက်ဖို့ကြိုးစားတော့တာပါပဲ"

ကဲရိသက ရှင်နှောင်းကို လက်ညှိုးထိုးလိုက်သည်။

"ဒါပေမယ့် အတားအဆီးက မင်းပဲကွ"

ရှင်နှောင်းလန့်သွားသည်။

"မင်းက အာလစ်ခန်းကို အနိုင်တိုက်မယ့် ပါရမီပါလာခဲ့တယ်၊ မင်းက ဟိုးအရင်က အာလစ်ခန်းကို ငရဲကိုကျအောင် လုပ်ခဲ့တဲ့သူပဲ၊ ဒါတင်မကသေးဘူး အာလစ်ခန်းက ဝိညာဉ်ကိုယ်ပွားနဲ့ ကမ္ဘာကြီးကို အုပ်စိုးဖို့ကြိုးစားတိုင်း မင်းက သူ့ကိုတားဆီးနိုင်ခဲ့တယ်"

ရှင်နှောင်းက ထိုအဖြစ်များကို ဘွားမယ်သုန်ပြသဖြင့် မြင်တွေ့ပြီးဖြစ်သည်။

"နောက်ဆုံးတစ်ခေါက် အာလစ်ခန်းနဲ့တိုက်ခိုက်တော့ မင်းက သူ့ကို အနိုင်တိုက်နိုင်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ခိုအောင်းနေတဲ့ ပယင်းနက်ကို သုံးပိုင်း ချိုးပစ်ခဲ့တယ်၊ အဲဒီပယင်းနက်ကို သုံးနေရာမှာ ခွဲပြီးတော့ ဝှက်ထားခဲ့တယ်၊ တစ်နေရာကတော့ ဟိမဝန္တာတောင်တန်းကြီးပေါ်က ဂျာဒူးလ်ရွာကလေးမှာ၊ နောက်တစ်ခုကတော့ ပက်ကွိုင်တောင်တန်းကြီးပေါ်က ဘုရားတစ်ဆူမှာပေါ့၊ ဒီနှစ်ခုကို ငါရပြီးပြီ"

"နောက်ဆုံးတစ်ခုရော ရှင်ရပြီလား"

"နောက်ဆုံးတစ်ခုက ရွှေတောင်ရွာကြီးမှာ ရှိနေမယ်လို့ငါထင်တယ်၊ ဒီအပိုင်းအစလည်း မကြာခင်ရတော့မှာပါကွာ"

ကဲရိသက ပျော်ရွှင်နေပုံရသည်။

"အခုတော့ မင်းလည်းသေပြီဆိုတော့ ငါ့တို့ကို ဘယ်သူမှမတားဆီးနိုင်တော့ဘူးပေါ့ကွာ၊ အပိုင်းအစတွေ စုံသွားရင် ငါ့သူငယ်ချင်းကို ငါပြန်နှိုးမယ်၊ ပြီးတော့ သူနဲ့ငါနဲ့ကတိအတိုင်း ကမ္ဘာကြီးကို တစ်ယောက်တစ်ဝက် အုပ်စိုးကြမယ်"

ရှင်နှောင်းက အတန်ကြာအောင်တွေးလိုက်ပြီး

"ရှင့်အစွမ်းနဲ့ ကမ္ဘာကြီးကို တစ်ယောက်တည်းအုပ်စိုးလို့ရတာပဲ၊ ဘာလို့ သူ့ကိုပါခေါ်နေမှာလဲ"

ကဲရိသက ခေါင်းခါလိုက်ပြီး

"ငါက ငါ့ကတိကိုတည်ချင်လို့ကွ"

"ဒါဆိုရှေ့လျှောက် ဘာဆက်ဖြစ်မလဲ"

"ငါကတော့ ဝိညာဉ်လောကကို ကူးချည်သန်းချည်လုပ်နိုင်လို့ ငါပြန်သွားလို့ရတယ်၊ ရှင်နှောင်း မင်းကတော့ ဝိညာဉ်လောက ကနေ ထွက်ပေါက်တစ်ခုမတွေ့ချင်း မင်းအချိန်အကြာကြီး ဒီအထဲမှာကျင်လည်နေရလိမ့်မယ်၊ ငါ့လိုပေါ့ကွာ"

ရှင်နှောင်းသူ့လက်တွေကိုသူကြည့်ပြီး အလွန်ဝမ်းနည်းသွားသည်။ ငိုချလိုက်သော်လည်း မျက်ရည်က ကျမလာခဲ့ပေ။

"ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ ငါမင်းကိုကယ်တင်နိုင်ပါတယ်"

"ရှင်က ကျွန်မကိုကယ်တင်မယ်၊ ဟုတ်လား"

"ဝိညာဉ်လောက ကနေထွက်တဲ့နည်းလမ်းကို ငါသိတယ်ကွ၊ ဒီတော့ ငါမင်းကိုကယ်တင်ပေးနိုင်တယ်၊ ဒါပေမယ့် မင်းငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ်"

ရှင်နှောင်းက စိတ်လှုပ်ရှားစွာဖြင့် ကဲရိသကိုကြည့်နေလိုက်သည်။

"မင်းငါနဲ့ပူးပေါင်းပါ"

ရှင်နှောင်းက ခေါင်းခါလိုက်သည်။

"ရှင့်စကားက အဓိပ္ပါယ်မရှိဘူး"

ရှင်နှောင်းက ဆက်လက်ပြီး

"ရှင့်အတွက် ကျွန်မက အတားအဆီးလို့လဲပြောသေးတယ်၊ နောက်ပြီး ရှင်နဲ့ပူးပေါင်းရမယ်လဲ ပြောပြန်တယ်၊ ကျွန်မရှင်နဲ့ပူးပေါင်းလို့ ရှင်က ဘာအကျိုးအမြတ်ရမှာမို့လို့လဲ"

"မင်းတွေးတာ မှန်ပါတယ်၊ မင်းက အခုငါ့ရဲ့အတားအဆီးဆိုပေမယ့်၊ နောင်တစ်ချိန်ကျရင် ငါ့ရဲ့လက်နက်ဖြစ်လာမယ့်သူပဲ"

ရှင်နှောင်းက မျက်မှောင်ကြုတ်ပြီး တွေးနေမိသည်။

"ဒါဆိုရှင်ဆိုလိုချင်တာက ရှင်က ရှင့်သူငယ်ချင်းကို ပြန်ပြီး သစ္စာဖောက်ဖို့လား"

"ဟား၊ ဟား၊ မင်းတွေးတာမှန်ပါတယ်၊ ငါက အာလစ်ခန်းကိုပြန်ခေါ်မယ်၊ ပြီးတော့ သူ့ဆီက မှော်ပညာတစ်ချို့ ငါတတ်မြောက်ချင်တယ်၊ ပြီးရင်တော့ မင်းနဲ့ပေါင်းပြီး သူ့ကိုပြန်နှိမ်နင်းမယ်၊ သူသေသွားတော့မှာ ကမ္ဘာကြီးကို ငါတစ်ယောက်တည်းအုပ်စိုးမယ်၊ သူ့ကိုတော့ ဘယ်တော့မှပြန်ပြီး နိုးထလို့မရအောင် ငါလုပ်ပစ်မယ်"

ရှင်နှောင်းက ခေါင်းကိုသွက်သွက်ခါလိုက်ပြန်သည်။

"ရှင့်အကြံက အကောင်းလား အဆိုးလားဆိုတာ ကျွန်မတော့ မဝေခွဲတတ်တော့ဘူး"

"မင်းဘက်ကပဲ တွေးကြည့်စမ်းပါ၊ အာလစ်ခန်းကြီး သေဆုံးသွားမယ်ဆိုတာ မကောင်းဘူးလား၊ ဒါဆိုရင် လူသားတွေကို ဒုက္ခပေးမဲ့သူ မရှိတော့ဘူးဆိုတာ မကောင်းဘူးလား"

"ကောင်းတော့ကောင်းပါတယ်၊ ဒါပေမယ့် ရှင်ရှိနေသေးတယ်လေ၊ အာလစ်ခန်းကြီးက လူသားတွေကို ဒုက္ခပေးတယ်ဆိုပေမယ့် ရှင်လည်း လူသားတွေကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ"

ကဲရိသက တွေဝေသွားလေသည်။

"မင်းကို ရွေးချယ်စရာတစ်ခုပေးမယ်၊ မင်းငါနဲ့ပူးပေါင်းပါ၊ ဒါဆိုရင် မင်းကိုငါတတ်ထားသမျှ မှော်ပညာတွေအကုန်သင်ပေးမယ်၊ အာလစ်ခန်းကြီး နိုးထလာခဲ့ရင် သူ့ဆီက ငါလိုချင်တာယူပြီးတော့ ငါတို့နှစ်ယောက် သူ့ကိုပေါင်းပြီးနှိမ်နင်းကြမယ်၊ ပြီးရင် ငါက ကမ္ဘာကြီးကို အုပ်စိုးမယ်၊ မင်းကတော့ ငါ့လက်ထောက်လုပ်ပေါ့"

ရှင်နှောင်းစိတ်တွေ ထွေပြားနေသည်။

"ကျွန်မ စဉ်းစားချင်သေးတယ်"

ကဲရိသက ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ၊ ဒါဆို ငါမင်းဆီ မကြာခင် ပြန်လာခဲ့မယ်"

ကဲရိသမှာ တဖြည်းဖြည်းမှုန်ဝါးပြီး ပျောက်ကွယ်သွားလေသည်။ ရှင်နှောင်းတစ်ယောက်တည်းသာ မှိုန်ဖျော့ဖျော့ ဝိညာဉ်လောကကြီးတွင် ကျန်နေရစ်ခဲ့သည်။

"ငါတကယ်သေသွားပြီလား"

ထိုစဉ် တစ်နေရာမှ အလင်းရောင်စူးစူးတစ်ခုကိုတွေ့လိုက်ရသည်။

"ငါ့ဆီလာရှင်နှောင်း၊ မင်းငါ့ဆီကိုလာခဲ့"

ရှင်နှောင်းက ဘာမှန်းမသိသဖြင့် သိပ်မသွားရဲပေ၊ သို့သော် ဝိညာဉ်လောကတွင် တစ်စုံတစ်ယောက်အား နာကျင်အောင်ပြုလုပ်၍မရသည်မို့ မကြောက်တော့ဘဲ အသံရှင်အနောက်သို့အပြေးလိုက်ခဲ့သည်။ စူးရှသည့်အလင်းစက်ကလေးမှာ တဖြည်းဖြည်း ထင်လင်းလာလေသည်။ ရှင်နှောင်းက ပြေးနေသည်ဆိုသော်လည်း မြေကြီးနှင့်ခြေထောက်နှင့်မထိဘဲ လေဟာနယ်အတွင်း လွင့်မြောနေသလိုလို၊ ရေအောက်တွင် ကူးခတ်နေသလိုလို ခံစားနေရသည်။

"ရှင်နှောင်း၊ ငါ့ဆီကိုလာခဲ့"

အလင်းရောင်နောက်သို့ လိုက်ပါခဲ့ရင်း မကြာခင်တွင် လူတစ်ကိုယ်စာနီးနီးရှိသည့် အလင်းရောင်လုံးကြီးတစ်ခုကိုတွေ့ရသည်။ ထိုအလင်းရောင်လုံးကြီးအတွင်းမှ မျက်နှာကြီးတစ်ခုထွက်ပေါ်လာသည်။ ရှင်နှောင်မှာ အလွန်ကြီးမားသည့် မျက်နှာကြီးကိုကြည့်ပြီး အံ့သြသွားမိသည်။

"ရှင်ကရော ဝိညာဉ်လောကထဲမှာ လွင့်နေတဲ့ ဝိညာဉ်တစ်ကောင်လား"

"ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး"

"ရှင့်အဖြေက ဘာကြီးလဲ"

"ငါက တစ်ခြားစကြဝဠာကြီးထဲက အရာတစ်ခုပဲ"

"ရှင့်နာမည်က ဘယ်သူလဲ"

"ငါ့မှာနာမည်မရှိဘူး၊ အထီးအမမရှိဘူး၊ မင်းတို့လူ့လောကမှာ ထိုင်ခုံတစ်လုံးကို နာမည်မပေးတတ်ကြသလို၊ အဲဒီထိုင်ခုံကိုလည်း အထီးလားအမလား မခွဲခြားကြဘူးမဟုတ်လား"

ရှင်နှောင်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တော့ဟုတ်ပါတယ်၊ ဒါနဲ့ ရှင်က ဘာလို့ကျွန်မကိုခေါ်တာလဲ"

"မင်းဆီက အကူအညီတစ်ခုတောင်းချင်လို့"

ရှင်နှောင်းသက်ပြင်းချလိုက်သည်။

"ကျွန်မတောင် ဝိညာဉ်လောကထဲရောက်နေပြီး ကူရာကယ်ရာမဲ့နေတာ၊ ရှင့်ကို ဘယ်လိုကူညီရမလဲ"

"ရတယ်၊ မင်းငါ့ကို ကူညီလို့ရတယ်"

"ပြောကြည့်လေ၊ ကျွန်မရှင့်ကိုဘယ်လိုကူညီရမလဲ"

"ကဲရိသကို သတ်ပေးပါ"

ရှင်နှောင်းထိတ်လန့်သွားသည်။

"သူ့လိုလူကို ကျွန်မကဘယ်လိုလုပ်ပြီးသတ်မှာလဲ"

မျက်နှာကြီးက စိတ်ဆိုးနေပုံရသည်။

"မင်းကူညီမယ်ဆိုရင်ဖြစ်ပါတယ်၊ မင်းသာကူညီမယ်လို့ပြောရင် ငါကဲရိသရဲ့ အားနည်းချက်ကိုပြောပြမယ်၊ သူ့ကိုဘယ်လိုသတ်ရမလဲဆိုတာကိုလည်း ပြောပြမယ်"

"ကျွန်မက အခုဝိညာဉ်တစ်ကောင်ဖြစ်နေပြီလေ"

"မဟုတ်သေးဘူး၊ မင်းက မသေသေးဘူးရှင်နှောင်း"

"ကျွန်မက မသေသေးဘူးလား"

"မင်းကို နားလည်လွယ်အောင် ပြောပြရရင်တော့၊ မင်းအခုရောက်နေတဲ့ ဒီလောကကြီးက ဝိညာဉ်လောက အစစ်မဟုတ်ဘူးကွ၊ ကဲရိသဖန်တီးထားတဲ့ ဝိညာဉ်လောကကြီးပဲ၊ ဒါကြောင့်မို့ ဒီလောက ကြီးထဲမှာ ဘယ်သူမှမရှိဘဲ မင်းတစ်ယောက်ထဲရှိနေတာပေါ့ကွာ"

"သူက ဘာလို့ ကျွန်မကိုဒီကိုခေါ်လာတာလဲ"

"သူက မင်းကိုသတ်ချင်တယ်ဆိုတာ တခြားမဟုတ်ဘူးကွ၊ မင်းကိုသတ်လိုက်ပြီးတော့ သူဖန်ဆင်းထားတဲ့ ဟောဒီလောကကြီးထဲကို ထည့်လိုက်မယ်၊ ဒီလောကကြီးထဲမှာ ဘယ်သူမှမရှိဘူး၊ မင်းရယ် သူရယ်ပဲရှိမယ်၊ ဒါကြောင့်မို့လို့ မင်းနဲ့သူနဲ့ အာလစ်ခန်းကိုရှင်းဖို့ ကိစ္စကို အေးအေးဆေးဆေးတိုင်ပင်နိုင်မယ်မဟုတ်လား၊ အပြင်လောကမှာဆိုရင် မင်းနဲ့သူနဲ့စကားပြောဖို့အတွက် အခွင့်အရေးမရှိသလို၊ လုံလဲ မလုံခြုံဘူးလို့ သူကထင်နေတယ်လေ၊ တကယ်လို့ မင်းက သူ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်ဆိုရင် မင်းကိုအသက်ပြန်သွင်းပေးမယ်ဆိုပြီး ပြောလိမ့်မယ်၊ တကယ်တော့ မင်းက မသေသေးဘူးကွ၊ မင်းက မေ့မြောနေတာပဲ၊ ကဲရိသရဲ့ လက်နက်ကိုထိပြီးတော့ မင်းရဲ့ဝိညာဉ်ကို သူဖန်တီးထားတဲ့ ဒီလောက ကြီးထဲမှာ ပိတ်လှောင်ခဲ့တာပဲ"

"ဒါဆိုရှင်ကရော၊ ကဲရိသ ဖန်တီးထားတဲ့ ဝိညာဉ်လောကြီးဆိုရင် ရှင်က ဘယ်လိုလုပ်ပြီး ဒီအထဲကိုရောက်နေတာလဲ"

"စကြာဝဠာကြီးတစ်ခုလုံးမှာ ငါမသွားလို့ရတဲ့နေရာ မရှိဘူး ရှင်နှောင်း၊ ပြီးတော့ ငါက အရာအားလုံးကိုသိမြင်ထားတယ်၊ မင်းရဲ့အတိတ်၊ မင်းရဲ့အနာဂါတ်တွေအကုန်လုံးကို ငါကြိုမြင်ထားတယ်၊ ဒါကြောင့်မို့ တစ်ချို့က ငါ့ကို ပညာရှိကြီးလို့ ခေါ်ဝေါ်ကြတယ်"

"ဟုတ်ပြီလေ၊ ရှင်က ဘာလို့ ကဲရိသကို သတ်ချင်နေတာလဲ"

"ကဲရိသက ငါ့ဆီက ပစ္စည်းတစ်ခုယူသွားတယ်၊ ကဲရိသ သေသွားရင် ငါသူ့ဆီက အဲဒီပစ္စည်းကို ပြန်ယူချင်တယ်"

ရှင်နှောင်းတွေဝေနေသည်။

"မင်းတစ်ခုကို ရွေးချယ်ပါ၊ ကဲရိသကမ်းလှမ်းတာကိုလက်ခံမလား၊ ငါကမ်းလှမ်းတာကို လက်ခံမလား"

"ကျွန်၊ ကျွန်မစဉ်းစားချင်သေးတယ်"

"ကောင်းပြီလေ၊ ဒါပေမယ့် မင်းတစ်ခုမှတ်ထားပါ၊ ကဲရိသ ဟာ လူကောင်းတစ်ယောက်မဟုတ်ဘူး၊ သူမင်းကိုလိုအပ်တယ်ဆိုတာကလည်း အာလစ်ခန်းကို မင်းတစ်ယောက်တည်းသာ သုတ်သင်နိုင်လို့၊ သူလိုချင်တာရပြီးရင်တော့ မင်းကိုရှင်းပစ်ဖို့ ဝန်လေးနေမယ့်သူမဟုတ်ဘူး"

"ဒါဆိုရင် ရှင်ကရော"

"ငါ့ကိုယ်ငါလည်း လူကောင်းလို့မဆိုလိုပါဘူး၊ ဒါပေမယ့် မင်းငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းကိုအသက်ပြန်ရှင်အောင် ငါလုပ်ပေးမယ်၊ မင်းက ကဲရိသကို သတ်ပေးရမယ်၊ ကဲရိသဆီက ငါလိုချင်တဲ့ပစ္စည်းရရင် ပြီးပြီ၊ မင်းလုပ်ချင်တာ လုပ်ပေတော့"

"ကျွန်မစဉ်းစားအုံးမယ်"

"ကောင်းပြီလေ၊ မနက်ဖြန်ငါပြန်လာခဲ့မယ်၊ သြော် ဒါနဲ့ ဒီလောကကြီးထဲမှာ နေ့တို့ ညတို့မရှိဘူးဆိုတော့ မနက်ဖြန်က ဘယ်အချိန်လဲဆိုတာ မင်းသိမှာမဟုတ်ဘူး"

မျက်နှာကြီးမှာ ပြန်လည်ပျောက်ကွယ်သွားသည်။ ရှင်နှောင်းတစ်ယောက် သူ့ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင်မှိန်ဖျော့ဖျော့များသာ ဖြစ်သည်။ မျက်စိတစ်ဆုံးကြည့်လိုက်သည့်အခါ ကျယ်ပြန့်သည့်အဖြူရောင်ကြမ်းပြင်ကြီးကိုသာမြင်နေရသည်။

"ဒါက ကဲရိသဖန်တီးထားတဲ့ လောကကြီးတဲ့လား"

ရှင်နှောင်းက လက်မလျှော့သေးဘဲ ခုန်ပျံကာ သွားလာနေမိသည်။ သို့သော်လည်း နေရာတိုင်းမှာ ပုံစံတူချည်းသာဖြစ်သဖြင့် ဘယ်ကိုရောက်လို့ရောက်နေမှန်း မသိတော့ပေ။

"ဒီလောကကြီးက တကယ်ပဲထွက်ပေါက်မရှိဘူးထင်တယ်"

ရှင်နှောင်းက အဖြူရောင်မြေပြင်ကြီးပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ဦးခေါင်းကိုသူ့လက်များနှင့်ကိုင်တွယ်လိုက်သည်။ သို့သော်လည်း လက်များက ဦးခေါင်းကိုဖောက်ထွက်သွားလေသည်။ သူ့စိတ်တွေရှုပ်ထွေးနေသည်။

"ငါဘာလုပ်ရမလဲ၊ ကဲရိသကမ်းလှမ်းတာကို လက်ခံရမလား၊ ဒါမှမဟုတ် ဟို ပညာရှိကြီးဆိုတဲ့ မျက်နှာကြီးပြောတာကို လက်ခံရမလား"

အပိုင်း (၇) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#အခန်း
#ဘုရား
#ဒေါသ
#ယောက်မ

Some text some message..