
မြောက်ပိုင်းရဲ့ အားသာချက်က ဆိပ်ကမ်းရှိတာပင်။ မှောင်ခိုလှေတွေ၊ မူးယစ်ဆေးဝါးတွေက ရေလမ်းကြောင်းက ဝင်လာလေ့ရှိသည်။ ပုတုက အဲဒီလမ်းကြောင်းကနေ ဝင်ငွေရအောင် ကြိုးစားရမည်။
“မပေးနိုင်ဘူးကွာ.. အရင် စိုးကြီးတုန်းက ငါတို့ စေတနာရှိသလောက်ပဲပေးရတာ”
“ဖြောင်း… ဖြောင်း … “
ပုတုက သူ့ရှေ့က တောင်ပိုင်းက လူမိုက်ကို ပါးနှစ်ချက်ဆင့်ရိုက်ချလိုက်ပြီး..
“မပေးနိုင်ရင် .. မင်းတို့ပစ္စည်းတွေလည်း လာမယူနဲ့။”
ပုတုက မှောင်ခိုဆေးခြောက်အတွက် သူ့ဆိပ်ကမ်းက ဖြတ်မယ်ဆိုရင် တခေါက်ကို ဆယ်သိန်းပေးဖို့တောင်းသည်။ အဲဒါကို တောင်ပိုင်းကလူမိုက်တွေက မကျေနပ်ကြ။ အခု ဆိပ်ကမ်းမှာ တောင်ပိုင်းလူမိုက်ခေါင်းဆောင်ရဲ့ လက်ထောက်ကို ပုတုက ပါးရိုက်လိုက်ခြင်းဖြစ်သည်။
“ဘာကွ .. ဒီကောင်က သူ့ကို လမ်းကြောင်းကြေးပေးရမယ်ဟုတ်လား”
“ဟုတ်တယ် ကျနော့်ကိုလည်း ရိုက်လိုက်တယ်”
တောင်ပိုင်းလူမိုက်ခေါင်းဆောင်က ဒီမြို့မှာ သက်တော်ရှည်လူမိုက်လို့တောင် ဆိုရမည်။ သူက အဓိက ဆေးခြောက်တွေ၊ မှောင်ခိုအရက်တွေကို ဖြန့်လေ့ရှိသည်။ အခြားမြို့တွေအထိပါ သူ့ရဲ့ ဈေးကွက်က ရှိသည်။ အနေအထိုင်သိုသိပ်သလို အကွက်လည်းမြင်တတ်တာကြောင့် သက်တော်ရှည်ခေါင်းဆောင်လူမိုက်တစ်ယောက်ဖြစ်နေတာလို့ ဆိုရမှာဖြစ်သည်။ အခုတော့ .. မနေ့တနေ့ကမှ လူမိုက်ခေါင်းဆောင်တစ်ယောက်နှင့် စ ငြိ ကြခြင်းဖြစ်သည်။
“ဟဲလို … အုန်းမောင်လား”
“အင်း … ပြောလေ ..”
“ငါ ပြဿနာလေးနည်းနည်းရှိနေလို့”
“လာခဲ့လိုက်လေ .. “
ဦးအုန်းမောင်က တောင်ပိုင်းလူမိုက်ခေါင်းဆောင်ပြောသမျှကို နားထောင်ပြီး ..
“ဒါတော့ မဖြစ်ဘူးဗျ။ ဆရာတွေက ခင်ဗျားတို့ကို မသိချင်ယောင်ပဲ ဆောင်ပေးလို့ရမှာ။ ဝင်ပြီး ပတ်သက်လို့ဘယ်ရမလဲ။ ထုံးစံလည်းမရှိဘူးလေဗျာ”
“ဒါဆို .. မင်းတို့ဘက်က မကူညီနိုင်ဘူးပေါ့”
“ဟုတ်တယ် ကူညီလို့မရဘူး။ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ရှင်းရမှာ”
စည်သူက အခုနောက်ပိုင်း ဘား စဖွင့်ကာစဖြစ်လို့ အထိုင်ကျဖို့ကြိုးစားနေရသည်။
ဆိုရရင် စည်သူက စီးပွားရေးအကြောင်း ဘာမှနားလည်တာမျိုးတော့မဟုတ်။ ဘားဖွင့်တယ်ဆိုတာကလည်း အဲဒီက ဝင်ငွေကို အဓိက ထားဖို့မဟုတ်။ နောက်ကွယ်က ငွေမဲတွေကို ငွေဖြူဖြစ်အောင်လုပ်ဖို့အတွက် ဟန်ပြဖွင့်ခြင်းသာ။ လိုင်စင်ဘာညာကတော့ အဆင်ပြေသည်။ ဘားနဲ့ပတ်သက်တဲ့ကျွမ်းကျင်ဝန်ထမ်းတွေခန့်ပြီး စည်သူက စောင့်ကြည့်ရုံပင်။ အခုလည်း ဘားမှာ တောင်ပိုင်းက လူမိုက်တွေ တရုံးရုံးဖြစ်နေတာကို သတိထားမိသည်။ စည်သူနှင့်တွဲဖက်ဖို့အတွက် … မြို့တော်ဝန်စီစဉ်ပေးထားသည့် တိုက်ခိုက်ရေးပညာရှင်တွေထဲက ဂျက် ကို တွဲပေးထား၏။ ပုတုဘေးမှာတော့ ၃ယောက်ထားထားသည်။ သူတို့နာမည်တွေက နာမည်ပြောင်တွေပင်ဖြစ်ကြပြီး .. ဂျင်၊ ဂျောင်၊ ဂျွန် တို့ဆိုပြီး နာမည်ပြောင်ပေးထားကြတာဖြစ်သည်။ သူတို့က နှစ်နှစ်စာချုပ်နှင့် ဒီအလုပ်ကို လာလုပ်ကြတာဖြစ်ပြီး .. သူတို့ဇာတိက နယ်စပ်ဘက်ကဖြစ်၏။
“ပုတု မင်းကို ဦးချစ် က တွေ့ချင်လို့တဲ့”
ဦးချစ်က တောင်ပိုင်းခေါင်းဆောင်ဖြစ်သည်။ အခုတော့ သူ့ဘက်က စ ပြီး တွေ့ဖို့ ကမ်းလှမ်းလာခြင်းဖြစ်သည်။
“အေး .. တွေ့မယ်လေ .. မင်းဘားမှာပဲ စီစဉ်လိုက်။ ဒီည ၇နာရီတွေ့မယ်”
စည်သူ က ငှက်ကြီးတောင်ဓားကို ကောင်တာစားပွဲအောက်နားမှာ ထားထားသည်။ ဂျက်ကိုလည်း အထူးသတိထားဖို့ မှာထားသည်။ ပုတုက သူ့ကိုယ်ရံတော် ၁ယောက်သာ ခေါ်လာတာကို တွေ့ရသည်။ စည်သူက ..
“ဟေ့ကောင် .. ဘာလို့ တယောက်ထဲခေါ်လာတာလဲ”
“အပြင်မှာ ထားထားတာ”
အဲဒီတော့မှ စည်သူက သဘောပေါက်သွားသည်။ ဘားမှာရှိတဲ့ သာမန်ဝိတ်တာဝန်ထမ်းတွေကို အဲဒီနေ့က ခွင့်ပေးလိုက်သည်။ ပြီးတော့ .. သူ့တို့လက်အောက်ခံလူမိုက်တွေ ဝိတ်တာအဖြစ်လုပ်ခိုင်းထားသည်။ ဆိုရရင် ဒီတွေ့ဆုံမှုက ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ မမှားဘူးလို့ ဆိုရမည်။
၇နာရီထိုးတော့ .. ကားသုံးစီး ဆိုင်ရှေ့ကိုရောက်လာသည်။ စုစုပေါင်း အယောက် ၂၀ လောက်ရှိမည်။ ပုတုက …
“လာဗျာ .. ဘာသောက်မလဲ”
“ဝီစကီပဲပေးပါ”
ပုတုက ဝီစကီတပက်ကို ဦးချစ်ခွက်ထဲ ထည့်ပေးလိုက်ပြီး..
“ကဲ .. တွေ့ချင်တဲ့အကြောင်းအရင်းလေး .. “
ဦးချစ်က လူကြီးလည်းဖြစ်၊ ဒီလောကမှာလည်း ကျင်လည်နေတာကြာပြီဖြစ်သောကြောင့် တည်ငြိမ်လွန်းလှသည်။ ပြီးတော့ တဆိုင်လုံးကို အကဲခတ်သလိုကြည့်ပြီး ..
“ကောင်လေး … မင်းက ငါ့ပစ္စည်းတွေအတွက် တခေါက်ကို ဆယ်သိန်းတောင်းတယ်ဆို။ ပြီးတော့ ငါ့တပည့်ကိုလည်း ရိုက်လွှတ်လိုက်သေးတယ်”
ပုတုက ..
“ရိုက်တာကတော့ အချိုးမပြေလို့ ဆုံးမလိုက်တာပါ။ ပစ္စည်းတွေအတွက်ကတော့ ပေးသင့်တယ်ထင်တယ်”
“ဘာလို့လဲကွ။ အဲဒီလို လုပ်လို့မရဘူးလေ။ ထုံးစံမှမရှိတာ”
“ဒါဆိုလည်း ကျနော်က အာဏာပိုင်တွေကို သတင်းပေးလိုက်ရုံပေါ့”
ပုတုက အဲဒီလိုဆိုတော့ ဦးချစ် ဒေါသထွက်သွားသည်။
“အရင်က စိုးကြီးကို ငါတို့ပေးတယ်။ ဒါပေမဲ့ ဒီလောက်ထိတော့မများဘူး”
“အခု စိုးကြီးမဟုတ်တော့ဘူး။ ပုတုဖြစ်နေပြီ။ အဲဒီတော့ ပုတုရဲ့ စည်းမျဉ်းအတိုင်းပဲသွားမယ်”
စကားဝိုင်းက နည်းနည်းတင်းမာလာသည်။ ဦးချစ်က …
“ငါက မင်းနဲ့ ပြဿနာမဖြစ်ချင်ဘူး။ အေးဆေး ညှိနှိုင်းဖို့လာတာ။ အခြေအနေပေးရင် ပါတနာတောင်ဖြစ်နိုင်သေးတာပဲ”
“မလိုပါဘူး။ ကျနော်အခု တခါတည်းပြောမယ်။ ရေလမ်းက သယ်တဲ့ ဒီပစ္စည်းတွေအတွက် တခေါက်ကို ဆယ်သိန်းပေးရမယ်။ ဆိပ်ကမ်းကနေ သီတာရပ်ကွက်အထိ ဘေးကင်းစေရမယ်။”
(သီတာရပ်ကွက်က တောင်ပိုင်းအပိုင်ထဲမှာရှိပေမဲ့ မြောက်ပိုင်းနဲ့လည်း ထိစပ်နေသည်)
ဦးချစ်က အတန်ငယ်စဉ်းစားလိုက်ပြီးနောက် ..
“ငါကတော့ သဘောမတူဘူး”
ဦးချစ်တပည့်တယောက်က အရက်ပုလင်းကို ရိုက်ခွဲလိုက်သည်။ ပြီးတော့ ..
“မင်းတို့ ဆိုင်ကို မီးရှို့မခံချင်ရင် အေးအေးဆေးဆေး သဘောတူလိုက်”
ဦးချစ်က ခနဲ့ပြုံးပြုံးပြီး.. သူ့တပည့်ကို လက်ကာပြကာ ..
“ကောင်လေး မမိုက်ချင်တဲ့။ ငါ တခေါက်ကို ၃သိန်းပေးမယ်။ မင်းသဘောတူလိုက်။ မင်းလည်း ဒီမှာ အချိန်အတော်ကြာအုပ်စိုးနိုင်လိမ့်မယ်။ အသက်လည်းရှည်မယ်”
ဦးချစ်တို့က တဆိုင်လုံးကို အကဲခတ်ပြီးတဲ့နောက်မှာ ပုတုတို့ဘက်မှာ လူအင်အားသိပ်မရှိဘူးလို့ ယူဆတာကြောင့် ထိပ်တိုက်တွေ့ဖို့ဆုံးဖြတ်လိုက်ပုံရသည်။ ဦးချစ်ဘက်မှာ အခြားမြို့က လူမိုက်တွေပါ ပါလာပုံရသည်။ အဲဒီအချိန်မှာ စည်သူ က ကောင်တာမှာထိုင်နေတာဖြစ်ပြီး သူ့လက်ကတော့ ငှက်ကြီးတောင်ဓားပေါ်မှာ အရံသင့်တင်ထားသည်။
ပုတုက .. ဘာမှဆက်မပြောတော့ဘဲ … အရှေ့မှာရှိနေတဲ့ ဝီစကီပုလင်းဖြင့် .. ဦးချစ် ရဲ့ ခေါင်းကို ရိုက်ခွဲချလိုက်သည်။ ဘယ်သူမှမထင်မှတ်ထားတဲ့အခြေအနေမို့လို့ အားလုံးကြောင်သွားကြသည်။ စည်သူတောင် ပုတု အဲဒီလိုလုပ်လိမ့်မယ်လို့မထင်။ ဘာလို့လည်းဆိုတော့ .. ဦးချစ်ဆိုတာက သူတို့မြို့မှာဆို ဒိတ်ဒိတ်ကျဲလူမိုက်။ အခုလို တည်ပြီး ခေါင်းရိုက်ခွဲဖို့ဆိုတာ ဘယ်သူမှ မလုပ်ခဲ့။ ဒါပေမဲ့ ပုတုကတော့ ပြဿနာကို စတင်လိုက်တာပဲဖြစ်သည်။
သိပ်မကြာခင်မှာပဲ ဝရုန်းသုန်းကားတွေဖြစ်ကုန်သည်။ ပုတုတို့ဘက်မှာက တက်သစ်စ လူမိုက်တွေအပြင် တိုက်ခိုက်ရေးပညာရှင်တွေပါရှိတာကြောင့် လူအင်အားမမျှပေမဲ့ အသာစီးရနေသည်။
“ခွမ်း .. “
“ဝုန်း … “
“ဇွတ် .. ဇွတ်.. “
ပုလင်းကွဲသံတွေ၊ ခေါင်းကို သံတုတ်နဲ့ရိုက်သံတွေနှင့် တိုက်ပွဲက ပြင်းထန်လွန်းလှသည်။ ဦးချစ်ကလည်း ခေါင်းကွဲနေတာတောင် သံတုတ်နှင့် တွေ့သမျှ ရိုက်နေနိုင်သေးသည်။ ဘားတစ်ခုလုံးလည်း မွစာကျဲသွားသည်။ သိပ်မကြာခင်မှာပဲ ရန်ပွဲသတင်းကြောင့် ရဲတွေရောက်လာကြသည်။
ပုတုတို့ဘက်က ရှစ်ယောက်လောက် ဒဏ်ရာရသည်။ ပုတုတောင် လက်ဖျံမှာ ဓားခုတ်ခံလိုက်ရသေးသည်။ ဦးချစ်တို့ဘက်မှာတော့ ဆယ့်သုံးယောက်လောက်အထိ ဒဏ်ရာရသွားပြီး တယောက်ဆိုရင် စိုးရိမ်ရတဲ့အတွင်းလူနာတောင် ဖြစ်သွားသည်။
အဲဒီသတင်းက တမြို့လုံးကို ပျံ့နှံ့သွားသည်။ အထူးသဖြင့် ပုတုက ဦးချစ်ရဲ့ ခေါင်းကို အရက်ပုလင်းနဲ့ရိုက်ခွဲလိုက်တဲ့သတင်းက တမြို့လုံးမှာ လူပြောအများဆုံးဖြစ်သည်။ ပြီးတော့ ပုတုရဲ့ နာမည်ကလည်း လူမိုက်လောကမှာ ပိုကြီးသွားသည်။ လူမိုက်အချင်းချင်း အုပ်စုဖွဲ့ဖြစ်ကြတဲ့ရန်ပွဲဖြစ်လို့ .. တရားလိုတွေ၊ အမှုဖွင့်သူတွေမရှိတာကြောင့် ရဲတွေကလည်း သိပ်အလုပ်ရှုပ်မခံတော့ဘဲ အကုန်လုံးကို ခံဝန်ထိုးပြီးသာ ပြန်လွှတ်ပေးလိုက်၏။
အဆိုပါ ပြဿနာတွေပြီးသွားတဲ့နောက်မှာ ပုတုက လမ်းကြောင်းကြေးတောင်မယူတော့ဘဲ .. ဦးချစ်ရဲ့ ပစ္စည်းလမ်းကြောင်းတွေ ရဲတွေကို သတင်းပေးလိုက်တာကြောင့် .. ဦးချစ်အနေနဲ့ သူနှစ်ပေါင်းများစွာသယ်နေတဲ့ မှောင်ခိုဆေးခြောက်လမ်းကြောင်းလည်း ပျက်စီးသွားတော့သည်။
“ဒီခွေးမသားလေးကို ငါ့လက်နဲ့သတ်ဦးမယ်”
ဦးချစ်က ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့အချိန်မှာ …
“ချီးယား .. “
“အဲဒီတော့ ငါတို့က ဒီဆိပ်ကမ်းက မှောင်ခိုပစ္စည်းတွေကို လုပ်လို့ရသွားပြီပေါ့”
“ဒါပေါ့ .. လမ်းကြောင်းကြေးလောက်နဲ့ ငါတို့ ဘာလုပ်လို့ရမှာလဲ”
“ဒါနဲ့ ဦးချစ်ရဲ့ ဖောက်သည်တွေက အများကြီးနော်။ ငါတို့ ဝင်လို့ လွယ်ပါ့မလား”
“ဦးချစ်မှာ ရောင်းစရာမရှိတော့ရင် သူ့ဖောက်သည်တွေ ငါတို့ဆီရောက်လာလိမ့်မယ်”
ပုတုနှင့် စည်သူတို့ အောင်ပွဲခံနေကြခြင်းဖြစ်သည်။ သူတို့အနေနဲ့ ဦးချစ်ရဲ့ ဆေးခြောက်ဖြန့်တဲ့ လုပ်ငန်းကို ဖြတ်လုဖို့ အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်သွားခြင်းဖြစ်သည်။ ဒါပေမဲ့ ဦးချစ်ကလည်း အင်အားအပြည့်ရှိနေဆဲဖြစ်လို့ သူတို့အနေနဲ့ ဦးချစ်ရဲ့ တုန့်ပြန်မှုကိုတော့ သတိထားရဦးမည်။ ပြီးတော့ ဦးချစ်ကို လုံးဝအလဲထိုးဖို့အတွက်လည်း ကြံစည်ရဦးမည်။ အခုတော့ .. မြို့မှာ ဦးချစ်နဲ့ ရင်ဘောင်တန်းပြီး ပါဝါတိုင်းခွင့်ကို လိုင်စင်ရသွားသလိုတော့ ဖြစ်သွားသည်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမြို့မှာ ဦးချစ်ကို ထိပ်တိုက်တွေ့ရဲတဲ့သူ များများစားစားမရှိသောကြောင့်ပင်။
မြို့တော်ဝန်နှင့် လှဦး တို့ ဂေါက်ရိုက်နေရင်း .. မြို့တော်ဝန်က ..
“သတင်းကြားပြီးပြီလား”
“ကြားပြီးပြီ .. ဒီကောင်က ထင်ထားတာထက်တောင် ပိုကြမ်းနေတာပဲ”
“ငါတို့လည်း သတိတော့ နည်းနည်းထားဖို့လိုမယ်”
“ဘာကိုလဲ .. “
“ဒီကောင့်အပေါ် အလွန်အကျွံမှီခိုလို့မဖြစ်ဘူး”
“အဲဒီတော့ .. ကျနော်တို့လုပ်နေကြအတိုင်း အချိန်တန်ရင် ရှင်းထုတ်ပစ်လိုက်တာပေါ့ဗျာ”
မြို့တော်ဝန်နှင့် လှဦးတို့က အချိန်တော်ကြာ သိုသိုသိပ်သိပ်လက်တွဲလာခဲ့ကြတဲ့ ပါတနာတွေဖြစ်ကြသည်။
သူတို့အနေနဲ့ ပုတုကို လက်သပ်မွေးခြင်းအကြောင်းအရင်းတွေအများကြီးရှိသည်။ အရင်က သူတို့ လက်သပ်မွေးထားခဲ့တဲ့ စိုးကြီး က သူတို့ကိုတောင် ပြန်တော်လှန်နေတာကြောင့် စိုးကြီးကို ရှင်းပြီး ပုတုကို မြောက်ပိုင်းခေါင်းဆောင်ဖြစ်ဖို့ ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ အခုတော့ … ပုတုက ဦးချစ်လို ဒိတ်ဒိတ်ကျဲလူမိုက်နှင့်တောင် ထိပ်တိုက်ရင်ဆိုင်လာတယ်ဆိုတော့ .. သူတို့ ပုတုကို လက်သပ်မွေးတာက မှန်သွားပြီလို့တော့ ဆိုရမည်။
အောင်မိုးက တရက်တရက် လက်ဖက်ရည်ဆိုင်မှာပဲ အချိန်ကုန်နေပြီး ပုတုတို့၊ စည်သူတို့နှင့်တောင် သိပ်မတွေ့ဖြစ်။ ဒါပေမဲ့ သတင်းတွေကိုတော့ မပြတ်ကြားနေရသည်။ တခါတရံ သူ့ဆိုင်မှာ ပုတုရဲ့ အဖေနှင့်အမေ လက်ဖက်လာသောက်လေ့ရှိ၏။ ပုတုအကြောင်းမေးရင် မျက်နှာကောင်းလေ့မရှိတာကြောင့် နောက်ပိုင်းဆက်မမေးဖြစ်တော့။ သူလည်း အရင်တုန်းက လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်၊ တော်ကီလေးဖုတ်လိုက်၊ ဘောပွဲလေးကြည့်လိုက်ဆိုတဲ့ အပူအပင်ကင်းတဲ့ဘဝလေးကို ပြန်လိုချင်မိသည်။
“ကျဆိမ့်ကလည်း ချိုရဲနေတာပဲ”
စားသုံးသူတယောက်ရဲ့ ကွန်ပလိန်းတက်တဲ့အသံကြောင့် အတွေးတွေထဲနစ်မြောနေတဲ့ အောင်မိုးတယောက် အသိစိတ်ပြန်ဝင်လာသည်။ အဖျော်ဆရာကို လှမ်းအော်ရသည်။
“ဟေ့ကောင် .. ဘယ်လိုဖျော်နေတာလဲ .. ကျဆိမ့်က ချိုရဲနေတာပဲတဲ့”
“အာ … ဟိုကောင် အသေးလေး ဝိုင်းမှားချပြန်ပြီ”
အသေးလေးက သူတို့ဆိုင်မှာ အူတူတူအတတ စားပွဲထိုးလေးဖြစ်သည်။ အခုလည်း ချိုဆိမ့်နဲ့ကျဆိမ့် ဝိုင်းမှား ချခြင်းဖြစ်သည်။ အောင်မိုးက ..
“ငါလည်း ဒီကောင့်ကို ဆူရလွန်းလို့ မောနေပြီကွာ”
အဲဒီအချိန်မှာပဲ ဆိုင်ထဲကို ပုတုနှင့်စည်သူ ဝင်ချလာသည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg