
(၁)
ကျုံဒွန်းမြို့တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲရှိသဖြင့် ဒီးဒီးတစ်ယောက် မနေမနားကြိုးစားလေ့ကျင့်နေရသည်။ မိခင်ဖြစ်သူ၏ နောက်ဆုံးဆန္ဒမှာလည်း လက်ဝှေ့သမားတစ်ယောက်ဖြစ်ရမည်ဟူသည့် ဆနဖြစ်သဖြင့် ပိုမိုပြင်းပြင်းထန်ထန် တွန်းအားပေးကာ လေ့ကျင့်နေမိသည်။
တစ်မနက်ခင်းတွင်။
"သားရေထတော့ကွ . . ."
ဦးစောထီးနှိုးလိုက်သဖြင့် ဒီးဒီးတစ်ယောက် နိုးထလာခဲ့သည်။ တစ်နေကုန်လေ့ကျင့်ခန်းဆင်းနေရသဖြင့် သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလေသည်။ အိပ်ရာမှထဖို့အတွက်ပင် အတော်ကလေးအားယူပြီးထရသည်။
"သား၊ ဘာဖြစ်တာလဲ နေမကောင်းဘူးလား"
"ကိုယ်တွေလက်တွေ နည်းနည်းကိုက်နေလို့ပါ အပါးရ"
"ဒါဖြင့်ရင်လည်း တစ်ရက်တစ်လေလောက် နားပေါ့ကွာ"
ဒီးဒီးက အိပ်ရာအတွင်းမှထလိုက်ကာ ခြင်ထောင်ကိုဖြုတ်လိုက်လေသည်။ ထို့နောက်စောင်တွေကိုခေါက်နေရင်း
"သား နားလို့မဖြစ်ဘူးအပါး၊ လက်ဝှေ့ဆိုတာ လေ့ကျင့်သားကောင်းမှ တော်ကာကျမှာ၊ ဒီပွဲက သားအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲပဲ အပါး၊ သားဒီပွဲမှာ အမိုးအတွက် ဆုတစ်ခုခုတော့ ရအောင်ကြိုးစားချင်တယ်"
ဦးစောထီးက ဘာမှမပြောတော့ဘဲ ခေါင်းတစ်ချက်ညိတ်လိုက်ကာ သူ့နံဘေးတွင်ချထားသည့် အရက်ပုလင်းကို ကောက်ယူကာ မော့ချလိုက်လေသည်။ ဒီးဒီးလည်း ဆားလက်တစ်ဆုပ်ခန့်ယူလိုက်ကာ သွားတိုက်နေရင်း အဖေဖြစ်သူကို ကြည့်နေမိသည်။
"အပါး၊ အရက်တွေချည်းလှိမ့်သောက်မနေနဲ့လေ၊ တော်ကြာ တောလည်လိုက်ရင်း မူးနေလို့ သားကောင်တွေနဲ့ ပက်ပင်းတိုးနေအုံးမယ်"
"ရပါတယ် ငါ့သားရာ၊ ငါ့ကိုဘာမှမပူပါနဲ့"
ဦးစောထီးက လေတစ်ချက်တက်လိုက်ပြီး အရက်သာဆက်သောက်နေလေသည်။ နော်အဲမူမရှိတော့သည်မို့ အိမ်အလုပ်များအားလုံးမှာ ဒီးဒီးပုခုံးအပေါ်သို့ကျလာခဲ့သည်။ စားဖို့သောက်ဖို့အတွက် ထမင်းချက်ရန် မီးမွှေးရသည်။ ထို့နောက် ရေနွေးတစ်အိုးတင်ထားခဲ့ကာ ထမင်းချက်ရန်အတွက် ဆန်ဆေးရလေသည်။ ထိုစဉ် ဒီးဒီးနားထဲတွင် ခြေသံများကိုကြားနေရသည်။ လေးလေးပင်ပင်နှင့် အိမ်ပေါ်မှဆင်းသွားသည့် ခြေသံက အဖေဖြစ်သူ ဦးစောထီး၏ ခြေသံများဖြစ်မည်။ ဦးစောထီးက လေးလေးပင်ပင်နှင့် တစ်လှမ်းခြင်းလျှောက်သွားရင်း ခြံအပြင်သို့ထွက်သွားသည်။ သူသောက်နေကျ အရက်ကုန်သွားသဖြင့် ရွာထဲက ကိုဖက်တီးတို့ဆိုင်တွင် အရက်သွားယူရန်ဖြစ်လောက်မည်။
မုဆိုးဆိုသည်က မျက်စိလည်းလျင်မြန်ရသလို၊ နားလည်းပါးလှပ်မှရသည်။ အသံများကိုခြေရာခံနိုင်သည့် အတတ်ကို ဦးစောထီးက ဒီးဒီးငယ်စဉ်ကတည်းက သင်ကြားထားပေးလေသည်။ ဒီးဒီးမှာ ဆန်ဆေးနေရင်းငယ်စဉ်က အကြောင်းအရာများဆီသို့စိတ်ရောက်သွားလေသည်။
(၂)
"ရော့သား၊ ဒီအဝတ်စနဲ့ မျက်လုံးကိုစည်းနှောင်ထားလိုက်"
အဖေဖြစ်သူ ဦးစောထီး ခိုင်းသည့်အတိုင်း ဒီးဒီးက သူ့မျက်လုံးတွင် အဝတ်စရှည်တစ်ခုကို စည်းနှောင်လိုက်သည်။ မျက်လုံးများကို တင်းကြပ်စွာစည်းနှောင်လိုက်သဖြင့် ဒီးဒီးအမြင်အာရုံတွင် အမှောင်တိုက်သာ ဖုံးလွှမ်းသွားသည်။ ထိုစဉ်က ဒီးဒီးအသက်မှာ ဆယ့်တစ်နှစ်ခန့်သာရှိသေးသည်။
"မုဆိုးဆိုတာက မျက်စိလျင်မြန်ရုံတင်မဟုတ်ဘူးကွ၊ နားလည်းပါးရတယ်၊ ဘယ်နားက ဘယ်အကောင်သွားတယ်၊ ခြေဘက်နှစ်ချက် မြေပေါ်ထောက်တယ်၊ လမ်းကိုအမြန်လျှောက်သလား၊ အနှေးလျှောက်သလားဆိုတာ နားထောင်ရတယ်"
ဒီးဒီးက ခေါင်းညိတ်လိုက်သည်။
"ကဲ၊ အခု အပါးက ဒီနားကနေစပြီးတော့ သွားလာနေမယ်၊ သားက ဘယ်နားကသွားနေတာဆိုတာကို နားထောင်ရမယ်၊ ပြီးတော့ ခြေဘယ်နှစ်ချောင်းနဲ့ သွားနေသလဲဆိုတာ ခန့်မှန်းရမယ် ဟုတ်ပြီလား"
ဒီးဒီးခေါင်းညိတ်လိုက်ပြီးသည်နှင့် ဦးစောထီးတစ်ယောက် ခြေလှမ်းလိုက်ကာ ပုံမှန်လျှောက်နေလိုက်သည်။ ဒီးဒီးက နားများကိုစွင့်နေရင်း လက်ထဲတွင်ရှိနေသည့် လောက်စာလုံးဖြင့် ခြေသံကြားရာနေရာသို့ လှမ်းပစ်ထည့်လိုက်သည်။
"ဟား၊ ဟား၊ သားလွဲသွားပြီ၊ အပါးရဲ့အရှေ့ကို နှစ်လံလောက်နေလွဲသွားတယ်၊ ကဲ ပြန်စပြီဟေ့"
ဒီးဒီးက လောက်စာလုံးကို အသင့်ကိုင်ပြီး နားကိုစွင့်ထားလိုက်သည်။ ဦးစောထီးက ခြေလှမ်းကိုမှန်မှန်လျှောက်နေလေသည်။ ဖိနပ်နှင့် အိမ်ရှေ့မြေပြင်ထိတွေ့သည့်အခါတွင် တစွပ်စွပ်နှင့် အသံထွက်ပေါ်နေလေသည်။ ဒီးဒီးလည်းမှန်းပြီး ပစ်ခတ်လိုက်သည်။
"ဟား၊ ဟား မှားပြန်ပြီသားရ၊ အပါးက ဒီတစ်ခါရပ်လိုက်တာကွ၊ မှတ်ထား၊ သားကောင်တိုင်းဟာ အမြဲတမ်းပုံသေမသွားဘူးသားရဲ့၊ သူသွားချင်တဲ့အချိန်သွားမယ်၊ ရပ်ချင်တဲ့အချိန်ရပ်မယ်၊ သူဘယ်အချိန်သွားနေတယ်၊ ရပ်နေတယ်ဆိုတာကိုလည်း သေသေချာချာနားစိုက်ထောင်ပြီး သိရမယ်"
ဒီးဒီးက နောက်ထပ်လောက်စာလုံးကို ကိုင်ပြီးအသေအချာနားစွင့်နေပြန်သည်။ ထိုအခါတွင်တော့ ဦးစောထီးက အနည်းငယ်လျှင်မြန်စွာပြေးနေလေသည်။ ပြေးရင်း တစ်ချို့နေရာတွင် ရပ်သွားကာ၊ တစ်ချို့နေရာတွင်တော့ ခြေသံကျယ်လောင်စွာထွက်သွားပြီး အသက်ရှူသံပြင်းပြင်းကိုကြားရသဖြင့် ခုန်ပေါက်နေခြင်းဖြစ်မည်ဟုတွေးလိုက်သည်။ ဒီးဒီးက လောက်စာလုံးကိုအသင့်ပြင်ထားပြီး ဦးစောထီးသွားလာနေသည့် နေရာကိုမှန်းလိုက်ကာ ပစ်ခတ်လိုက်လေသည်။
"ဘုတ် . . ."
"ထိပြီဟေ့၊ ဟား၊ ဟား"
ဒီးဒီးမျက်လုံးမှအဝတ်စကို ဖြေကြည့်သည့်အခါ ဦးစောထီးမှာ နဖူးကိုလက်နှင့်ပွတ်နေလေသည်။
"ဘယ်ကိုထိသွားတာလည်းအပါး၊ သားကိုခွင့်လွှတ်နော်"
"ရပါတယ်သားရာ၊ ငါ့သားက သိပ်တော်တာပဲကွ၊ အပါးခုန်လိုက်တာကိုတောင် ထိအောင်ပစ်နိုင်တယ်"
"ဟုတ်တယ်အပါး၊ အပါးမခုန်ခင် အသက်ရှူသွင်းလိုက်တာ၊ ပြန်ကျတဲ့အချိန်မှာ ခြေသံပြင်းပြင်းနဲ့ကျတာကို နားထောင်ရင်း အပါးခုန်နေသလားလို့တွေးမိပြီးတော့ လေပေါ်ကိုမှန်းပြီး ပစ်ထည့်လိုက်တာပဲ၊ အပါးသက်သာရဲ့လား"
ဒီးဒီးကြည့်နေရင်း ဦးစောထီးနဖူးတွင် သွေးခြေဥလာလေသည်။ ဒီးဒီးလည်း စိတ်မကောင်းဖြစ်နေမိသည်။
"ဘာမှဖြစ်မနေပါနဲ့ငါ့သားရာ၊ ငါကတော့ ပျော်တယ်၊ ဟား၊ ဟား၊ ကဲ နောက်နေ့ကျရင် ငါတို့တစ်ဆင့်တက်မယ်ဟေ့"
နောက်ရက်တော့ သားအဖနှစ်ယောက် တောစပ်သို့လာခဲ့သည်။ တောစပ်အရောက် ဦးစောထီးက ဒီးဒီး၏မျက်လုံးကို အဝတ်နှင့်စည်းနှောင်လိုက်ပြန်သည်။
"ခြေဖဝါးမှာ အဖုလေးတွေပါတဲ့ ကြောင်လို၊ ကျားသစ်လိုအကောင်တွေက ခြေသံမြည်မှာမဟုတ်ဘူးသား၊ ဒီတော့ သူတို့သွားနေတာကို အာရုံခံဖို့က ဟောဒီအသံကိုနားထောင်ရတယ်"
ဦးစောထီးက ဖိနပ်ကိုချွတ်လိုက်ပြီး တောစပ်တွင်လျှောက်သွားနေသည်။ ခြေသံတစ်ခုမှ မကြားရသော်လည်း မြက်ပင်များလှုပ်ယမ်းသံကို ကြားနေရသည်။
"ကြားတယ်အပါး၊ မြက်ပင်တွေလဲနေတဲ့အသံ"
"ဟုတ်တယ်သား၊ အဲဒီအသံကို သေချာလိုက်နားထောင်ပြီးတော့ အာရုံခံရတယ်ကွ"
ပြောနေရင်း အသံများမှာ လုံး၀တိတ်ဆိတ်သွားလေသည်။ ဒီးဒီးက နားစိုက်ကာ အာရုံခံသော်လည်း မည်သည့်အသံမှမကြားရပေ၊ ထိုစဉ် သူ့ပုခုံးပေါ်သို့ လက်တစ်ဖက်ဖြင့်အပုတ်ခံလိုက်ရသဖြင့် လန့်သွားကာ မျက်လုံးတွင်စည်းနှောင်ထားသည့် အဝတ်ကိုဖြေလိုက်မိသည်။ သူ့ကိုငုံ့ကြည့်နေသည့် ဦးစောထီးအား တွေ့လိုက်ရသည်။
"အပါး . . အပါးဘယ်လိုသွားတာလဲ၊ ဘာသံမှာကို မကြားရဘူးနော်"
"ဟား၊ ဟား မုဆိုးဆိုတာ သူများခြေသံကိုနားစွင့်ပြီး နားထောင်တတ်ရသလို၊ ကိုယ့်ခြေသံကိုလည်း သူများမကြားအောင်လို့ သွားတတ်လာတတ်ရတယ်ကွ၊ နောက်တော့ သားကိုဒီပညာတွေ အကုန်သင်ပေးမှာပေါ့ကွာ"
တစ်ပတ်ခန့်လေ့ကျင့်ပြီးသောအခါ ဒီးဒီးမှာ အသံကြားရာနေရာများသို့ ထိမှန်အောင်ပစ်ခတ်လာနိုင်သည်။ သို့နှင့် ဦးစောထီးက ဒီးဒီးအား တောနက်အတွင်းသို့ခေါ်သွားတော့သည်။
"ကဲငါ့သား ဘာကောင်လာနေသလဲလို့ နားထောင်ကြည့်စမ်း"
ဒီးဒီးက နားစိုက်ထောင်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက ဆူညံနေလေသည်။ လေတိုက်သဖြင့် သစ်ပင်များလှုပ်ယိမ်းသံများ၊ မြက်ပင်လှုပ်ရှားသံများ၊ ကျေးငှက်များ၏ တစ်ချက်တစ်ချက်အော်မြည်လိုက်သံများ စမ်းချောင်းကလေးစီးဆင်းနေသည့်အသံများကို ကြားနေရသည်။
"ဘာမှ မကြားဘူးအပါး"
"မင်းပညာတွေလိုသေးတယ်သား၊ အသံနားထောင်တယ်ဆိုပေမယ့် ပတ်ဝန်းကျင်တွေ ကွဲပြားတယ်မဟုတ်လား၊ တောအုပ်ဆိုတာ ဒီလိုပဲ အသံစုံမြည်နေတဲ့နေရာကွ၊ ဒီတော့ ဒီအသံတွေကြားထဲမှာပဲ သားကောင်ရဲ့အသံကို နားစိုက်ထောင်ရတယ်"
ဒီးဒီးနားစွင့်နေမိသည်။ စမ်းရေစီးသံက အနည်းငယ် မူမမှန်သည်ကိုကြားရသည်။ ရေစီးသံအတွင်း တဗွက်ဗွက်နှင့် လျှောက်လှမ်းနေသည့်အသံတစ်ခုကိုကြားရသည်။
"စမ်းချောင်းထဲမှာ တစ်ကောင်ကောင်ရှိတယ်အပါး၊ စမ်းချောင်းရေထဲလျှောက်လိုက်၊ စမ်းချောင်းအစပ်က ဗွက်တွေထဲကို လျှောက်လိုက်လုပ်နေတယ်"
ဦးစောထီးက ပြုံးလိုက်လေသည်။ ပြီးနောက်
"ခြေနှစ်ချောင်းလား၊ ခြေလေးချောင်းလား"
ဒီးဒီးခြေသံများကို ထပ်နားစွင့်မိပြန်သည်။ ထို့နောက် ခြေလှမ်းများကို ပါးစပ်မှတိုးတိုးကလေး လိုက်လံရေရွတ်မိသည်။
"တစ် . . နှစ် . . . သုံး . . . တစ်"
"ဟင်ထူးဆန်းလိုက်တာ၊ ခြေသံက သုံးခုပဲကြားရတယ်"
စိတ်ထဲမှရေရွတ်လိုက်မိသည်။ ဦးစောထီးက ဒီးဒီးအနားသို့ကပ်ကာ။
"ဘယ်လိုလဲ အသံကြားရပြီလားကွ"
"ခြေသံသုံးခုပဲကြားတယ်၊ ကျောက်တုံးတွေကို နင်းမိရင် ခွပ်ခနဲမြည်လို့ခွာသံဖြစ်မယ်၊ ရှေ့ခြေနဲ့ အနောက်ခြေက အနည်းငယ်လှမ်းတယ်၊ ဒီတော့ သားအထင်တော့ ပြောင်လား၊ စိုင်လားပဲ၊ ခြေသုံးချောင်းနဲ့သွားနေပုံထောက်ရင်တော့ ခြေထောက်တစ်ချောင်းက နာထားပုံရတယ်"
ဦးစောထီးက ပြုံးလိုက်ပြီးနောက်
"ကဲ ဟုတ်မဟုတ်ကိုသွားကြည့်ကြတာပေါ့"
ဦးစောထီးနှင့် ဒီးဒီးတို့ တောအုပ်ထဲကို အသာတိုးဝင်ခဲ့သည်။ စမ်းချောင်းအား အပေါ်စီးမှမြင်နိုင်သည့် ကုန်းကလေးတစ်ခုသို့အရောက်တွင် သူတို့အတူတူလေးဖက်ထောက်လိုက်ကြသည်။ ဒီးဒီးထင်သည့်အတိုင်းပင် စမ်းချောင်းထဲတွင် စိုင်တစ်ကောင်သွားလာနေသည်။ စိုင်ငယ်တစ်ကောင်ဖြစ်ပြီး လက်တစ်ဖက်ကို မြှောက်ထားကာ မြေနှင့်ထိရုံသာလျှောက်လှမ်းနေသည်။ ထို့ကြောင့် ခွာသံသုံးခုကိုသာ ကြားရခြင်းဖြစ်၏။ စိုင်၏ ညာဖက်ရှေ့ခြေတွင်တော့ ဒူးလေးမြားတံတစ်ချောင်းက စိုက်ဝင်နေလေသည်။ ဦးစောထီးလည်း သေနတ်ကိုအသင့်ပြင်ဆင်လိုက်ပြီး စိုင်ကိုပစ်ခတ်လိုက်လေသည်။
"တော်တယ်၊ ငါ့သားတော်တယ်၊ မင်းပြောတဲ့အတိုင်း ကွက်တိပဲ"
(၃)
ဆန်ဆေးနေရင်း ခြေသံတစ်ခုကို ခြံ၀တွင်ကြားလိုက်ရသည်။ ခြေသံက ခပ်ဖွဖွလျှောက်လာပုံရသည်။ ခြေတစ်လှမ်းနှင့်တစ်လှမ်းမှာ အလှမ်းမကျယ်လှသဖြင့် အရပ်ပုသူတစ်ဦးဖြစ်လိမ့်မယ်၊ ခြေသံက ဖွနေသဖြင့် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်သူဖြစ်ရမည်။ ဒီးဒီးအသံကိုနားစွင့်နေရင်း အသံက အိမ်ရှေ့တွင်တစ်ချက်ရပ်သွားသည်။ ထို့နောက် အိမ်ဘေးနားကို ပတ်လာလေသည်။
"ဒီးနာပဲဖြစ်မှာ"
ဒီးဒီးက တွေးကြည့်ပြီး ပြုံးရယ်လိုက်သည်။ သူထင်ထားသည့်အတိုင်း ဒီးနာက သူ့အနီးသို့ရောက်လာလေသည်။ ထို့နောက် ဒီးဒီး၏ ပုခုံးကိုပုတ်လိုက်သည်။
"အောင်မယ်လေးဗျ . . ."
ဒီးဒီးက လန့်ပြီးအော်လိုက်သည့်အခါ ဒီးနာက တခစ်ခစ်နှင့်ရယ်မောနေလေသည်။ ဒီးနာမှန်းသိသော်လည်း သူတမင်သက်သက်လန့်သွားသည့်ပုံစံ ဟန်ဆောင်လိုက်ရခြင်းဖြစ်သည်။
"လန့်လိုက်တာ ဒီးနာရာ၊ ဘာဖြစ်လို့ အိမ်ကိုလာတာလဲ၊ ငါအလုပ်ပြီးတာနဲ့ နင်တို့ဆီကိုလာမှာပါဟ"
"နင့်အိမ်ကို ငါက အကြောင်းမရှိဘဲလာတာမဟုတ်ဘူး၊ အပါးက ငါ့ကိုမှာလိုက်လို့"
"ပြောစမ်းပါဦး၊ ဆရာကြီးက နင့်ကိုဘာမှလိုက်သလဲ"
ဒီးဒီးက ဆူပွက်နေသည့် ရေနွေးအိုးကို မီးဖိုပေါ်မှ ချလိုက်ပြီးနောက် သူ့လက်ထဲတွင်ကိုင်ထားသည့် ထမင်းအိုးကို မီးဖိုပေါ်သို့တင်လိုက်သည်။
"အပါးကပြောတယ်၊ ဒီးဒီးတစ်ယောက် နောက်ကျမှ လာလာနေတာ အိမ်အလုပ်တွေမအားဘူးထင်တယ်တဲ့၊ နင့်အမိုးကလည်း ဆုံးသွားတော့ နင်ပဲအလုပ်တွေလုပ်နေရတာလားမသိဘူးတဲ့၊ ဒါကြောင့်မို့ ငါ့ကို နင့်အိမ်ကိုသွားပြီး အလုပ်တွေနည်းနည်းကူလုပ်ပေးလိုက်တဲ့"
ဒီးနာက ပြောနေရင်း မီးဖိုကို ဝါးမှုတ်ပြောင်းနှင့်မှုတ်ပေးကာ မီးရှိန်မြှင့်နေလေသည်။ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည့် ဒီးနာ၏ ပါးဖြူဖြူကလေးကိုကြည့်ပြီး ဒီးဒီးရင်ထဲ တဒိန်းဒိန်းဖြင့် ခုန်လာလေသည်။
"ရပါတယ်၊ အိမ်အလုပ်က ငါ့ဖာသာလုပ်ပါ့မယ်"
"တော်စမ်းပါ ဒီးဒီးရာ၊ နင့်အိမ်လည်း ပွရှုပ်နေတာပဲ၊ အဝတ်တွေလဲ ပုံလို့ပါလား၊ နင်မလျှော်ဘူးလား"
"အေးဟာ၊ နင်လည်းမြင်တဲ့အတိုင်းပဲ ငါ့အပါးက ဒါတွေလုပ်တတ်တာမဟုတ်ဘူး၊ နောက်ပြီး ငါကလေည်း အခု ညနက်တဲ့အထိ လေ့ကျင့်ခန်းဆင်းနေတာဆိုတော့ ဒါတွေလုပ်ဖို့ အချိန်မရှိဘူးဟ"
"ဒါကြောင့်လည်း ငါ့အပါးက ငါ့ကိုလွှတ်လိုက်တာပေါ့၊ ကဲပါ မဟုတ်တာတွေပြောမနေနဲ့၊ နင့်အဝတ်တွေ ငါလျှော်ကူပေးမယ်၊ ဟုတ်ပြီလား"
ဒီးနာက အဝတ်ပုံကြီးကိုယူလျက် ဇလုံကြီးတစ်လုံးအတွင်းသို့ထည့်ကာ အိမ်ဘေးရှိ ရေတွင်းကလေးဆီသို့သွားလေသည်။ ရေတွင်းမှ ရေကိုငင်ကာ ဆပ်ပြာတုံးဖြင့်အဝတ်များကိုပွတ်တိုက်ပြီး ဘရှက်ရှ်နှင့် ခပ်ကြမ်းကြမ်းပွတ်တိုက်ပေးနေလေသည်။ ထို့နောက် အဝတ်တစ်ထည်ကို လက်ဖြင့်လိမ်ကာ ဆပ်ပြာရည်များကို ညှစ်ချလိုက်လေသည်။
"ဟယ်၊ ကြည့်စမ်းပါအုံး ဒီးဒီးရယ်၊ နင့်အဝတ်တွေက ဂျီးတွေချည်းပဲ"
ဒီးဒီးက ဒီးနာပြသည့် အင်္ကျီကိုကြည့်လိုက်ပြီး နဖူးကိုလက်ဝါးနှင့်ရိုက်လိုက်သည်။
"ဟာ၊ သေစမ်းပါတော့ ဒီးနာရာ၊ အဲဒီ အင်္ကျီနင်ဘယ်ကယူလိုက်တာလဲ"
"ဘယ်ကရှိမလဲ ဟိုအိမ်ဘေးနားက တန်းပေါ်ကနေယူလိုက်တာပေါ့၊ အင်္ကျီတစ်ထည်လုံးလည်း နံစော်နေတာပဲ၊ နင်ဘယ်လိုဝတ်ထားတာလဲ"
"သေပါတော့ဟာ၊ အဲဒါ ကိုယ်ပျောက်အင်္ကျီဟ"
ဒီးဒီးပြောသည့်အခါ ဒီးနာက ထိုကရင်အင်္ကျီအနက်ရောင်ကို အသေအချာကိုင်တွယ်ကြည့်သည်။
"ဒီအင်္ကျီက ကိုယ်ပျောက်တယ်၊ ဟုတ်လား"
"မုဆိုးတွေ သားကောင်ကိုလိုက်ရင်၊ သားကောင်တွေကိုလှည့်စားနိုင်တဲ့အဝတ်ဟ၊ အဲဒီအင်္ကျီကို တမင်သက်သက်မလျှော်ဘဲထားတာ"
"ကဲပါ၊ နင်တို့မလျှော်လည်း အခုငါလျှော်ပေးလိုက်ပြီမဟုတ်လား"
"ထားလိုက်ပါတော့ ဒီးနာရယ်၊ အဝတ်တွေကလည်းများတယ်ဆိုတော့ နင်နဲ့ငါနဲ့အတူတူလျှော်ကြမယ်"
ဒီးနာနှင့် အဝတ်အတူတူလျှော်ရင်း ဒီးဒီးတစ်ယောက် ပျော်ရွှင်နေမိသည်။ ဒီးဒီးက ရေတွင်းထဲက ရေငင်ပေးလိုက်၊ ဒီးနာက အင်္ကျီတွေကို ရေတွေဆေးချလိုက်နှင့် နောက်ပြီး နှစ်ဦးသား ရယ်စရာတွေပြောဆိုကာ ရယ်မောရင်းလျှော်နေသည်မို့ အဝတ်အထည်သုံးဆယ်ခန့်မှာ သန့်ရှင်းဖြူစင်သွားတော့သည်။
မကြာမီ ဦးစောထီး ခြံထဲသို့ဝင်လာလေသည်။ ဒီးနာတို့ကိုတစ်ချက်ကြည့်ပြီး အိမ်ပေါ်သို့တက်သွားသည်။ နောက်တော့ အိမ်ထဲက အော်သံကြားရသည်။
"ဟာ၊ ငါ့သားရာ၊ မင်းကထမင်းချက်တာလား ဆန်ပြုတ်ချက်တာလားကွ၊ ဒီမှာ ထမင်းတွေအကုန်ဆန်ပြုတ်ဖြစ်တော့မယ်"
ထိုတော့မှ ဒီးဒီးလည်း ထမင်းအိုးကိုသတိရပြီး အမြန်ပြေးငှဲ့ရတော့သည်။ ထမင်းကတော့ ပျော့စိစိနှင့်ဖြစ်သွားသည်။ သားအဖနှစ်ယောက် ထမင်းစားနေသည်ကို ဒီးနာက ထိုင်ကြည့်နေလေသည်။
"မင်းကွာ ထမင်းကလည်း ပျော့စိနေတာပဲ"
"အို၊ အဖေကလည်း ထမင်းပျော့တော့ ဝါးရသက်သာတာပေါ့"
ဒီးနာက သားအဖနှစ်ယောက်ကိုကြည့်ရင်း တခွိခွိနှင့် ရယ်မောနေလေသည်။ ထမင်းစားပြီးသည့်အခါ ဒီးဒီးမှာ လက်ကိုအမြန်ဆေးပြီး ဒီးနာနှင့်အတူတူ လေ့ကျင့်ကွင်းသို့ ပြေးသွားကြလေသည်။ လမ်းတွင်လည်း ဒီးဒီးက ဒီးနာကိုစနောက်ပြီး ရယ်မောကာ သွားကြလေသည်။
"ဟေ့ကောင် ဒီးဒီး"
ရွာလယ်လမ်းတစ်နေရာတွင် ဒီးဒီးကိုခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဖိုးခွားလေးဖြစ်နေလေသည်။ ဖိုးခွားလေးက ပျော်ရွှင်ရယ်မောနေသည့် ဒီးဒီးနှင့် ဒီးနာကိုစိုက်ကြည့်နေရာ ဒီးနာပင်မျက်နှာတည်သွားလေသည်။
"ဒီးနာ၊ နင်သူနဲ့တော်တော်ပျော်နေတာလား . . ."
ဒီးနာမျက်နှာကလေး ညိုးကျသွားသည်။ ထိုအခါ ဒီးဒီးက ဖိုးခွားလေးအရှေ့သို့ဝင်လိုက်ပြီး
"ဟေ့ကောင်ဖိုးခွားလေး၊ သူ့ဖာသာသူပျော်တာ ဘာဖြစ်သလဲကွ"
ဖိုးခွားလေးက ဒီးဒီးကိုခါးထောက်ကာ ကြည့်လိုက်ပြီး
"ဒီမှာ ဒီးဒီး၊ မင်းအဆင့်ကို မင်းသိရင်ကောင်းမယ်၊ ဒီးနာဆိုတာ ငါနဲ့လက်ထပ်ဖို့အတွက် စီစဉ်ထားတဲ့လူကွ"
ဒီးဒီးမျက်လုံးတွေ ပြူးကျယ်သွားသည်။ မယုံသင်္ကာဖြင့် ဒီးနာအားကြည့်လိုက်သည့်အခါ ဒီးနာမှာ ခေါင်းကလေးငုံ့ထားလေသည်။
"အဲဒီတော့ဘာဖြစ်လဲ ဖိုးခွားလေး၊ ငါတို့ အတူတူရယ်နေတာ မင်းကိုဘာထိခိုက်သွားသလဲ"
"တောက်၊ ထိခိုက်တယ်ကွ၊ မင်းကို ငါနောက်ဆုံးအကြိမ်သတိပေးမယ် ဒီးဒီး၊ မင်းလို မုဆိုးရဲ့သားက ဒီးနာနဲ့လုံး၀မတန်ဘူး၊ ဒီတော့ မင်းအခြေအနေမင်းသိပြီး လစ်လိုက်တော့၊ နောက်တစ်ခါထပ်တွေ့ရင် မင်းငါ့ကိုအဆိုးမဆိုနဲ့"
ဖိုးခွားလေး၏ စကားများက ဒီးဒီး၏ဒေါသကိုဆူပွက်စေသည်။ ဒီးဒီးလည်း ရင်ကိုကော့လိုက်ကာ ဖိုးခွားလေးအရှေ့သို့ တိုးကပ်လိုက်ပြီး
"မင်းက ဘာလုပ်ချင်လို့လဲဟေ့ကောင်"
ထိုအခါ ဖိုးခွားလေးက ဒီးဒီးအားစပြီးထိုးလေသည်။ ဒီးဒီးကလည်း ကြိုတင်တွက်ဆထားသည်မို့ ဖိုးခွားလေး၏ လက်သီးချက်ကို လက်ဖျံဖြင့်ပုတ်ထုတ်လိုက်ကာ ဖိုးခွားလေး၏ မေးရိုးကို ဝိုက်လက်သီးတစ်လုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။ ဖိုးခွားလေးမှာ ဟန်ချက်ပျက်သွားသော်လည်း လက်ဝှေ့သမားမို့ ဟန်ချက်ကိုပြန်ထိမ်းလိုက်နိုင်သည်။ သို့သော် သူ့နှုတ်ခမ်းကွဲသွားသဖြင့် သွေးများဖြာကျလာလေသည်။ ဒီးနာက ဒီးဒီးလက်ကိုဝင်ဆွဲသည်။
"မလုပ်ပါနဲ့ ဒီးဒီးရာ"
"ဟဲ့ ဒီးနာ၊ နင်အသာနေစမ်း၊ ဒါနင့်ခြံထဲမှာမဟုတ်ဘူး၊ လမ်းပေါ်မှာဆိုတော့ ငါတို့ဘယ်လိုပဲဖြစ်ဖြစ်တိုက်လို့ရတယ်"
ဒီးဒီးက ဒီးနာအားတွန်းထုတ်လိုက်သည်။ ဖိုးခွားလေးက ဒီးဒီးအား လက်သီးများဖြင့် ဆက်တိုက်ထိုးခတ်သော်လည်း ဒီးဒီးက လက်သီးချက်များကို ကာကွယ်ပုတ်ထုတ်နေသည်။ ထို့နောက် ဒီးဒီးက ပြန်လည်တိုက်ခိုက်ပြန်သည်။ ဖိုးခွားလေး၏ လွတ်သွားသည့် ဟာကွက်ကို ဒူးဖြင့်ဆင့်တိုက်ထည့်လိုက်ရာ ဖိုးခွားလေးမှာ အနောက်သို့လဲကျသွားသည်။ သို့သော် ဖိုးခွားလေးက ဒီးဒီးအား ဆွဲထားသဖြင့် ဒီးဒီးပါလဲကျကာ လုံးထွေးသွားတော့သည်။
လမ်းမအလယ်တွင် ဒီးဒီးနှင့်ဖိုးခွားလေးမှာ ဘတစ်ပြန်ကျားတစ်ပြန်လုံးဝှေ့နေကြလေသည်။ ဒီးဒီးက ဖိုးခွားလေးထက် ပိုမိုသန်မာပြီး ကျင့်သားရနေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဖိုးခွားလေးက ဒီးဒီး၏ လက်သီးချက်များကို ခံရကာ မျက်နှာတစ်ခုလုံးဖူးယောင်လာသည်။ နောက်ဆုံးဒီးဒီးက ဖိုးခွားလေး၏ လည်ပင်းကို လက်ဖျံကြားတွင်ညှစ်ကာ အားကုန်ညှစ်ထည့်နေလေသည်။
"ဟေ့ကောင်တွေ၊ တော်ကြစမ်း"
အသံကြားသဖြင့် မော့ကြည့်လိုက်ရာ သူတို့ဆရာကြီး ဦးစေးထူးဖြစ်နေလေသည်။ ဒီးဒီးလည်း လက်ကိုဖြေလျှော့လိုက်တော့မှ ဖိုးခွားလေးအသက်ရှူနိုင်သည်။
"မင်းတို့ကို လက်ဝှေ့သင်ပေးတာ အချင်းချင်း ရန်ဖြစ်ဖို့မဟုတ်ဘူးလို့ ငါဘယ်နှစ်ခါပြောရမလဲ"
ဒီးဒီးက မတ်တပ်ရပ်လိုက်ပြီး
"ဒါက ဆရာကြီးခြံထဲမှာမှမဟုတ်တာဆရာကြီး၊ နောက်ပြီး ဒီကောင်ဖိုးခွားလေးက ကျွန်တော့်ကို အရင်စထိုးတာ . . ."
"တိတ်စမ်း ဒီးဒီး၊ မင်းဘာမှမပြောနဲ့၊ မင်းလုပ်တာ ဖိုးခွားလေးကို သေသွားစေနိုင်တယ်ကွ၊ အခုချက်ချင်း မင်းငါ့အိမ်ကိုလိုက်လာခဲ့စမ်း"
ဦးစေးထူးက လှည့်ထွက်သွားရာ ဒီးနာက အနောက်မှလိုက်သွားလေသည်။ ဒီးဒီးကတော့ မြေပြင်တွင်ငုတ်တုတ်ထိုင်ကာ အသက်ကိုမနည်းလုရှူနေရသည့် ဖိုးခွားလေးအနားသို့ တိုးကပ်သွားလိုက်ပြီး
"ဟေ့ကောင်ဖိုးခွားလေး၊ ငါနောက်ဆုံးအကြိမ်အဖြစ်သတိပေးလိုက်မယ်၊ မင်းနောက်ဆို ငါနဲ့ ဒီးနာနဲ့ကြားမှာ ဟိုလိုနေပါ၊ ဒီလိုနေပါဆိုပြီး ဝင်မပါနဲ့ကွာ၊ ဟုတ်ပြီလား"
ဒီးဒီးက ဖိုးခွားလေး၏ ပုခုံးကိုပုတ်လိုက်ပြီးနောက် လှည့်ထွက်လိုက်သည်။ ဖိုးခွားလေးက မကျေနပ်သဖြင့် မြေပြင်ကိုသာ ခြေဖနောင့်ဖြင့်ဆင့်ပေါက်ချရင်း ကျန်နေရစ်ခဲ့လေသည်။
(၄)
"မင်းမှားတယ် ဒီးဒီး၊ မင်းသိပ်မှားတယ်"
ထုံးစံအတိုင်း ဒီးဒီးကို ဦးစေးထူးက ဖိဆူတော့သည်။ ဒီးဒီးမှာ ဆရာဖြစ်သူရှေ့တွင် ဒူးထောက်လျှက် ထိုင်နေရသည်။
"မင်းလုပ်တာ ဖိုးခွားလေးကို သေသွားစေနိုင်တယ်ကွ၊ မင်းသိလား၊ မင်းကိုငါအကြိမ်ပေါင်းများစွာ ပြောနေခဲ့ရတာနော် ဒီးဒီး၊ မင်းဆင်ခြင်စမ်း၊ ကဲသွား ဘယ်ရီ နှစ်ရာရိုက်စမ်း"
သို့သော် ဒီးဒီးက အနားမှမသွားဘဲ ပေကပ်နေလေသည်။
"ဘာလဲ မင်းကမလုပ်ချင်ဘူးလား"
ဒီးဒီးရင်ထဲ ဒေါသများက ဆူပွက်နေဆဲဖြစ်သည်။
"ဘာလဲ၊ ဆရာကြီးက အမြဲတမ်းဖိုးခွားလေးဘက်ကို လိုက်ပြီး ကျွန်တော့ကိုအမြဲတမ်း နှိပ်ကွပ်နေတာ ဘာသဘောလဲ"
ဦးစေးထူးမျက်လုံးများပြူးသွားသည်။ ဒီးဒီးက ဆက်လက်ပြီး
"အရင်ကတော့ ကျုပ်က ငွေမပေးနိုင်လို့ အနှိမ်ခံရတယ်လို့ ထင်ခဲ့တယ်၊ အခုတော့ ကျုပ်လည်းငွေပေးပြီးတက်နေတာပဲ၊ ဘာလဲ ဆရာကြီးက ကိုယ့်သမက်လောင်းကိုထိတော့ နာတာလား"
ဦးစေးထူးလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း
"ဟေ့ကောင်ဒီးဒီး မင်းငါ့ကိုမစော်ကားနဲ့၊ မင်းငါ့ကို ဆက်မပြောနဲ့နော်"
"ကျွန်တော်သိပြီးပါပြီဆရာကြီးရာ၊ အခုတစ်ခါလည်းမဟုတ်တော့ဘူး၊ အမြဲတမ်းကျွန်တော်နဲ့ ဖိုးခွားရန်ဖြစ်တိုင်း ဆရာကြီးက ဖိုးခွားကိုကျပြစ်ဒဏ်လျော့ပေါ့ပြီး၊ ကျွန်တော့်ကိုပဲ အမြဲနှိပ်ကွပ်ခဲ့တာ၊ ဆရာကြီးရဲ့ သားမက်လောင်းခံရတာကို ဆရာကြီးမကျေနပ်ဘူးဆိုရင် သူ့ကိုသေသေချာချာကြိုးစားခိုင်းပေါ့ ဆရာကြီးရာ"
ဦးစေထူး၏ လက်သီးတစ်ချက်က ဒီးဒီးဆီသို့ပျံဝင်လာသည်။ ဒီးဒီးက ကာကွယ်လို့ရသော်လည်း မကာကွယ်တော့ဘဲ တမင်သက်သက်အထိခံလိုက်သည်။
"ခွပ် . . ဝုန်း"
ပြင်းထန်သည့် လက်သီးချက်က ဒီးဒီးပါးရိုးကိုထိမှန်ပြီး ဒီးဒီးမှာ အနောက်သို့ယိုင်သွားကာ ခုံများကိုတိုက်မိသွားလေသည်။ ထိုအခါ အိမ်ခန်းအတွင်းမှ ဒီးနာမှာပြေးထွက်လာပြီး အံ့ဩသွားကာ ဦးစေးထူးကိုဆွဲလေသည်။ ဦးစေးထူးက ဒီးဒီးအားထပ်ပြီးထိုးရန်ကြိုးစားသော်လည်း ဒီးနာက ဆွဲထားသဖြင့် မထိုးဖြစ်တော့ပေ။
"ဟေ့ကောင်ဒီးဒီး မင်းငါ့ကိုစော်ကားလွန်းနေပြီကွ၊ မင်း . . . မင်းငါ့စေတနာတွေကို ဒီလိုနည်းနဲ့ကျေးဇူးဆပ်လိုက်တာလား"
ဒီးဒီးက ဘာမှပြန်မပြောပေ။
"ငါမင်းကို ပိုပြီးဆုံးမနေတယ်ဆိုတာ မင်းက သူများတွေထက် ပိုပြီးအရည်အချင်းရှိတယ်၊ မင်းကိုမျှော်လင့်လို့ရမှန်းသိလို့ ငါက လေ့ကျင့်ခိုင်းတာပဲ၊ ဒီမှာ ဒီးဒီး လက်ဝှေ့ဆိုတာ အားကစားတစ်ခုကွ၊ ကြိုးဝိုင်းဆိုတာ ပြိုင်ဆိုင်ဖို့ပဲ၊ လူသတ်ဖို့မဟုတ်ဘူး"
"အားကစားဆိုတာ နှစ်ဖက်ကစားတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတဲ့ပွဲမဟုတ်ဘူး၊ တစ်ဖက်နဲ့တစ်ဖက် နားလည်ပြီး ကစားနိုင်မှာသာ အားကစားကွ၊ မင်းကတော့ အခုဒေါသထွက်တာနဲ့ လူသတ်ဖို့လုပ်လုပ်နေလို့မင်းကိုငါက တားမြစ်နေရတာ"
"အမှန်အတိုင်းပြောရရင် မင်းကိုငါ့တူ ငါ့သားတစ်ယောက်လို ငါချစ်တယ်၊ မင်းကို နာနာလေ့ကျင့်ခိုင်းတယ်ဆိုတာလည်း မင်းက ငါ့သင်တန်းသားတွေထဲမှာ ထူးချွန်ပေါက်မြောက်တဲ့လူဖြစ်နိုင်တယ်ဆိုတာ ငါသိတယ်၊ ကုန်ကုန်ပြောမယ်ကွာ၊ ဒီရွာက လူတွေအားလုံးထဲမှာ မင်းတစ်ယောက်ပဲ လက်ဝှေ့သမားဖြစ်ဖို့ အရည်အချင်းရှိတယ်၊ မင်းသိလား . . ."
ဦးစေးထူး၏ စေတနာကို ဒီးဒီးအခုမှ နားလည်သွားခဲ့သည်။ ထို့ကြောင့် လေးဘက်ထောက်လိုက်ပြီး ဦးစေးထူးကို ကန်တော့လိုက်သည်။
"ကျွန်တော် . . . ကျွန်တော်မှားပါတယ်ဆရာ၊ ကျွန်တော့်ကိုခွင့်လွှတ်ပါ၊ ကျွန်တော်မိုက်ပါတယ်ဆရာကြီး ကျွန်တော့်ကို အပြစ်ပေးပါ၊ ကျွန်တော့်ကိုဆက်ထိုးပါ . . ."
ဦးစေးထူးမှာ ပက်လက်ကုလားထိုင်တွင် ထိုင်ကျသွားလေသည်။
"တော်ပြီဒီးဒီး၊ မင်းကိုငါထပ်မပြောချင်တော့ဘူး၊ မင်းငါ့စကားကို နားထောင်မယ်ဆိုရင်တော့ မင်းကိုပေးတဲ့အပြစ်ဒဏ်ကို မင်းကျေကျေနပ်နပ်ကြီး ခံယူလိုက်စမ်းပါ"
ဒီးဒီးက ငေါက်ခနဲထထိုင်ကာ လေ့ကျင့်ကွင်းအတွင်းသို့ဆင်းသွားလေသည်။ ဆရာကြီးစေးထူးပေးသည့် ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီးခံယူနေလိုက်တော့သည်။
တစ်ပတ်ခန့်မျှကြာမြင့်ခဲ့ပြီဖြစ်သည်။
ဦးစေးထူးထံတွင် တပည့်ခံနေကြသည့် သင်တန်းသားများအတွင်းမှ သင်တန်းသားလေးဦးကိုသာ နောက်ဆုံးအနေနှင့် ရွေးချယ်လိုက်ရလေသည်။ ဦးစေးထူးက ဒီးဒီး၊ ဖိုးခွားအပါအဝင် သင်တန်းသားလေးဦးရှေ့တွင် ခါးထောက်ကာ မတ်တပ်ရပ်နေလေသည်။
"ကျုံဒွန်းမှာလုပ်တဲ့ပွဲမှာ ငါ့တပည့်တွေထဲက တစ်ယောက်ပဲ ယှဉ်ပြိုင်ခွင့်ရမယ်၊ ဒီတော့ မျှမျှတတဖြစ်သွားအောင်လို့ ငါ့တပည့်လေးယောက်က အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်ရမယ်၊ နောက်ဆုံးအနိုင်ရသူကိုသာ ငါတို့ရွာရဲ့ ချန်ပီယံအဖြစ်ရွေးချယ်ပြီးတော့ ကျုံဒွန်းမှာလုပ်မယ့်ပွဲမှာ သွားရောက်ယှဉ်ပြိုင်စေမယ်၊ မင်းတို့သဘောပေါက်တယ်မဟုတ်လား"
ဒီးဒီးက ခေါင်းညိတ်လိုက်သလို တပည့်များအားလုံးကလည်း ခေါင်းညိတ်လိုက်သည်။ ဖိုးခွားလေးကတော့ ဒီးဒီးကိုသေချာကြည့်ရင်း မျက်စောင်းထိုးကာ မဲ့ပြလိုက်သည်။ ဦးစေးထူးက လက်ထဲတွင် ဝါးချောင်းကလေးများကိုကိုင်ထားသည်။
"မင်းတို့အားလုံး ဒီဝါးချောင်းလေးတွေထဲက ကိုယ်ကြိုက်တဲ့ဝါးချောင်းကိုယ်လာယူကြ၊ ဝါးချောင်းလေးချောင်းမှာ နှစ်ချောင်းမှာ အထစ်တစ်ထစ်ဆီလုပ်ထားတယ်၊ ကျန်တဲ့နှစ်ချောင်းကတော့ အထစ်နှစ်ထစ်ဆီလုပ်ထားတယ်၊ အထစ်တစ်ထစ်ရွေးမိတဲ့နှစ်ယောက်က အချင်းချင်းပြိုင်ရမယ်၊ အထစ်နှစ်ထစ်ရှိတဲ့လူကလည်း ဒီအတိုင်းပေါ့ကွာ"
ဒီးဒီးတို့ ဦးစေးထူးလက်ထဲ ဆုပ်ကိုင်ထားသည့် ဝါးချောင်းကလေးများကို ဆွဲယူလိုက်ကြသည်။ ဒီးဒီးက အထစ်တစ်ထစ်ပါသည့် ဝါးချောင်းရရှိပြီး ဖိုးခွားလေးကတော့ အထစ်နှစ်ထစ်ပါသည့်ဝါးချောင်းကိုရရှိသည်။ ထို့ကြောင့် ဒီးဒီးနှင့် ဖိုးခွားလေးမှာ ထိပ်တိုက်မတွေ့တော့ဘဲ ကျန်သည့်နှစ်ယောက်နှင့် တစ်ပွဲစီယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
ဦးစေးထူးခြံအတွင်းပြုလုပ်ထားသည့် ကြိုးဝိုင်းအတွင်း နေရာယူလိုက်ပြီးသည်နှင့် ဒီးနာက မောင်းကလေးကို နောင်ခနဲမြည်အောင်ခေါက်လိုက်လေသည်။ ဦးစေးထူးက ဒိုင်လူကြီးအဖြစ်နှင့် စင်ပေါ်တွင်ရှိနေလေသည်။
ဒီးဒီးနှင့် အခြားတစ်ယောက်မှာ စတင်ထိုးကြိတ်ကြသည်။ သို့သော် လေ့ကျင့်သားပြည့်၀နေသည့် ဒီးဒီးအား ထိုလူက မယှဉ်နိုင်ပဲ နှစ်ချီမြောက်တွင်ပင် အရှုံးပေးသွားလေသည်။ နောက်တစ်ခါတော့ ဖိုးခွားလေးနှင့် နောက်ထပ်လူငယ်တစ်ဦး ပြိုင်ဆိုင်ကြပြန်သည်။ ဒီးဒီးကို မခံချင်စိတ်ဖြင့် အပြင်းအထန်လေ့ကျင့်ထားသည့် ဖိုးခွားလေးမှာ သူ့ပြိုင်ဘက်အား သုံးချီမြောက်တွင် အလဲထိုးလိုက်နိုင်လေသည်။
"ကောင်းပြီ၊ သန်ဘက်ခါကျရင် ဒီးဒီးနဲ့ဖိုးခွားလေးတို့ ယှဉ်ပြိုင်ရမယ်၊ မင်းတို့နှစ်ယောက်ပြိုင်လို့ အနိုင်ရတဲ့သူက ရွာရဲ့ချန်ပီယံအဖြစ်နဲ့ ကျုံဒွန်းက လက်ဝှေ့ပွဲကို သွားပြိုင်ဆိုင်ရလိမ့်မယ်"
လက်ဝှေ့ထိုးကြိတ်ထားရသဖြင့် ဒီးဒီးမျက်နှာမှာ ဖူးယောင်နေသလို ဒဏ်ရာတွေလည်း ရရှိနေလေသည်။ သို့သော် ဒီးဒီးက သဲအိတ်ကိုသဲကြီးမဲကြီး ထိုးနှက်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေလေသည်။ အချိန်က ညနေစောင်းပြီး နေဝင်ခဲ့ပြီဖြစ်သည်။ ဒီးနာတစ်ယောက် အိမ်ပေါ်မှဆင်းလာကာ ခြံဝန်းအတွင်းတစ်ယောက်တည်း လေ့ကျင့်နေသည့် ဒီးဒီးအနားသို့ လျှောက်လာခဲ့သည်။
"မိုးချုပ်နေပြီဒီးဒီးရ၊ နင်မပြန်သေးဘူးလား"
ဒီးဒီးက ခေါင်းခါလျက်
"ငါမပြန်ဘူး ဒီးနာ၊ သန်ဘက်ခါပွဲအတွက်၊ ငါအစွမ်းကုန်လေ့ကျင့်ရမယ်ဟ"
"မနက်ဖြန်တစ်ရက်လုံးရှိပါသေးတယ် ဒီးဒီးရယ်၊ အခုနင့်မျက်နှာမှာလည်း ဒဏ်ရာတွေချည်းဘဲ၊ ပြန်ပြီးနားလိုက်တော့ . . ."
ဒီးနာက သူ့လက်ထဲတွင်ကိုင်လာသည့် အနက်ရောင်ပုလင်းအသေးလေးအတွင်းမှ အရည်တစ်ချို့ကို ဂွမ်းစနှင့်တို့လိုက်ကာ ဒီးဒီးမျက်နှာပေါ်ရှိ ဖူးယောင်ညိုမဲနေသည့် ဒဏ်ရာအပေါ်ကို ပွတ်သပ်လိမ်းပေးလိုက်သည်။ ပူရှိန်းရှိန်းအထိအတွေ့နှင့်အတူ အရေပြားပေါက်ပြဲသွားသည့်နေရာမှ စစ်ခနဲနာကျင်သွားလေသည်။
"ဒဏ်ရာဆိုတာ ဒီအတိုင်းထားလို့ ပျောက်တာမဟုတ်ဘူး ဒီးဒီးရဲ့၊ ဆေးထည့်မှ ပျောက်မှာ၊ သန်ဘက်ခါကျရင် တစ်ခါထိုးရအုံးမယ်မဟုတ်လား"
သူ့ကိုဆူရင်း ပွစိပွစိပြောနေသည့် ဒီးနာကိုကြည့်ကာ ဒီးဒီးရင်တွေခုန်လာသည်။
"ဒီးနာ၊ ငါ့ကို ဂရုစိုက်တာနင်ပဲရှိတယ်"
"မဟုတ်တာတွေမပြောစမ်းနဲ့ ဒီးဒီး"
"တကယ်ပြောတာပါဒီးနာ၊ နင့်ကိုငါပြောဖူးပြီးသားပဲ ငါ့ဘ၀မှာ အပါးရယ်၊ အမိုးရယ်ကလွဲရင် ငါ့ကိုဂရုစိုက်တဲ့လူက နင်ပဲသိလား"
"အဲဒီတော့ ငါကဘာလုပ်ရမှာလဲ"
"အဲဒီတော့ ငါနင့်ကိုချစ်တယ်ဒီးနာ . . ."
ဒီးဒီးက ရုတ်တရက်ပြောလိုက်သဖြင့် ဒီးနာပူထူသွားပြီး မျက်နှာကြီးရဲတက်လာလေသည်။ လက်ထဲမှ ဆေးပုလင်းကလည်း မြေပေါ်သို့ပြုတ်ကျသွားလေရာ ဒီးနာက ငုံ့ပြီးကောက်လိုက်လေသည်။
"ငါအတည်ပြောနေတာ ဒီးနာ၊ နင့်ကိုငါချစ်တယ်၊ နင့်ကို ငါလက်ထပ်ယူမယ်"
"ဒါကနင့်အပေါ်မူတည်တယ် ဒီးဒီး"
"ဘယ်လိုပြောတယ် ဒီးနာ"
"ဟုတ်တယ်၊ ငါ့အဖေက ငါ့ကို သူ့လိုမျိုးအောင်မြင်ကျော်ကြားခဲ့တဲ့ လက်ဝှေ့အားကစားသမားတစ်ယောက် နဲ့ပဲ သဘောတူမယ်လို့ ပြောထားတာ၊ ဒီတော့ နင်ကြိုးစားပေါ့ဟာ"
ဒီးဒီးမျက်လုံးတွေအရောင်လက်သွားသည်။
"စိတ်ချပါဒီးနာ၊ ငါကြိုးစားပါ့မယ်၊ ဒါပေမယ့် နင့်စိတ်ရင်းကိုလည်း ငါသိချင်သေးတယ်၊ နင်ရော ငါ့ကို ချစ် . . ချစ်ရဲ့လား"
ဒီးနာက ဘာမှမပြောတော့ဘဲ ခေါင်းကလေးတစ်ချက်ညိတ်လိုက်ကာ အိမ်ပေါ်သို့ပြေးတက်သွားလေတော့သည်။ ဒီးဒီးလည်းပျော်ရွှင်သွားပြီး မျက်နှာကြီးပြုံးနေမိသည်။
(၅)
ဘာလိုလိုနှင့် ပြိုင်ပွဲကျင်းပမည့်နေ့သို့ ရောက်လာခဲ့သည်။ ရွာ၏ ချန်ပီယံကိုရွေးချယ်သည့်ပွဲမို့ရွာသားများကလည်း စိတ်ဝင်စားလှသည်။ နောက်ပြီး ဦးစေးထူး၏ အတော်ဆုံးတပည့်နှစ်ဦးဖြစ်သည့် ဒီးဒီးနှင့် ဖိုးခွားလေးတို့၏ ပြိုင်ပွဲဖြစ်သဖြင့် ပိုပြီးအကြိတ်အနယ်ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးကြကာ ပွဲမစခင်ကတည်းက စုဝေးရောက်ရှိနေကြလေသည်။
ဒီးဒီးလည်း ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေရပြန်သည်။ ဝက်မာန်စွယ်ကို လည်ပင်းတွင်ချိတ်ဆွဲပြီး အနီရောင်ဘောင်းဘီတိုကို ဝတ်လိုက်လေသည်။ အဖေဖြစ်သူ ဦးစောထီးကတော့ မိုးလင်းကတည်းက အိမ်တွင်မရှိတော့ပေ။ အိမ်ပေါ်မှဆင်းရန်ပြင်ဆင်လိုက်ချိန်တွင် ရွာသားတစ်ဦးက သူ့အိမ်သို့ပြေးလာလေသည်။
"ဟေ့ကောင်ဒီးဒီး . . သုဿန်မှာ မင်းအပါး . . . မင်းအပါး"
ရွာသားက ပြေးလာပြီးပြောရသဖြင့် အလွန်မောပန်းနေလေသည်။ ဒီးဒီးလည်း ဖခင်ဖြစ်သူတစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် အိမ်ပေါ်မှပြေးဆင်းကာ ရွာပြင်သုဿန်ဆီသို့ထွက်ခဲ့သည်။ သူ့စိတ်ထဲတွင်လည်း စိုးရိမ်သောကစိတ်များက ဖုံးလွှမ်းနေလေရာ ရွာပြင်သုဿန်သို့ ရောက်မှန်းမသိရောက်လာခဲ့ရသည်။
"သား . . . ."
သုဿန်အတွင်းရှိ သစ်ပင်ကြီးတစ်ခုအနီးတွင် အဖေဖြစ်သူ ဦးစောထီးက ဒူးထောက်လျှက်ထိုင်နေလေသည်။ သူ့အနီးတွင်လည်း လက်နက်မျိုးစုံကိုင်ဆောင်ထားသည့် လက်နက်ကိုင်တပ်သား ခြောက်ယောက်က အသင့်ရှိနေသည်။ ဒီးဒီးသုဿန်အတွင်းသို့ ပြေးဝင်လိုက်သည့်အချိန် လက်နက်ကိုင်များက ဒီးဒီးအားသေနတ်များဖြင့် ထိုးချိန်ထားလိုက်သည်။
ဒီးဒီးက အံ့ဩပြီးကြည့်နေလိုက်ရာ ဖိုးခွားလေး၏ အကိုဖိုးခွားကြီးက သေနတ်တစ်လက်ကို ပုခုံးပေါ်တင်ထားကာ ဦးစောထီးအနောက်တွင်ရပ်လျက် ဒီးဒီးအား ပြီတီတီမျက်နှာပေးနှင့် ကြည့်နေလေသည်။
"ဟေ့ကောင် ဖိုးခွားကြီး၊ မင်းဘာလုပ်တာလဲကွ"
ဖိုးခွားကြီးက ပြောက်ကျားစစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင်ကပ်ဦးထုပ်တစ်လုံးကိုဆောင်းထားသည်။ ဒီးဒီးငယ်ငယ်က လေးခွနှင့်ပစ်ခတ်လိုက်သဖြင့် လပ်သွားသည့် ဘယ်ဖက်မျက်လုံးကို သားရေပတ်ပြားတစ်ခုဖြင့်အုပ်ထားသေးသည်။ ဖိုးခွားကြီးက လွန်ခဲ့သည့် သုံးနှစ်လောက်က ရွာမှထွက်ခွာသွားပြီး လက်နက်ကိုင်အဖွဲ့တစ်ခုတွင် အဖွဲ့ဝင်လိုက်သည်ဟု သတင်းကြားသိရသည်။ အခုတော့ ဒီးဒီးအရှေ့တွင် ပြန်ရောက်နေခဲ့ပြီ။
"ဟေ့ကောင်ဖိုးခွားကြီး၊ မင်းငါ့အပါးကို လွှတ်လိုက်စမ်း"
ဖိုးခွားကြီးက ရယ်မောလိုက်သည်။
"ဒါကတော့ မင်းအပေါ်မူတည်တာပေါ့ ဒီးဒီးရ"
"မင်းဘာပြောတယ်ကွ"
"ငါတိုတိုပဲပြောမယ် ဒီးဒီး၊ လက်ဝှေ့ပွဲမှာ ငါ့ညီကိုမင်းနိုင်ရင် မင်းအပါးကိုလည်း ငါသတ်မယ်၊ မင်းကိုလည်း ငါသတ်မယ်၊ ဒါပေမယ့် လက်ဝှေ့ပွဲမှာ မင်းက ငါ့ညီကိုရှုံးမယ်ဆိုရင်တော့ မင်းတို့သားအဖကို ငါတို့မသတ်ဘူး၊ ဘယ်လိုလဲ . . ."
ဖိုးခွားလေး ညစ်ပတ်မှန်း ဒီးဒီးသိလိုက်ပြီဖြစ်သည်။ သမာသမတ်ကျသည့်နည်းလမ်းဖြင့် ယှဉ်ပြိုင်ပွဲကို အနိုင်မယူချင်ဘဲ ညစ်ပတ်အောက်တန်းကျသည့် နည်းလမ်းဖြင့် အနိုင်ယူရန်ကြိုးစားနေခြင်းဖြစ်သည်။ ယခုလည်း သူဒီးဒီးနှင့်ထိုးလျှင် ရှုံးနိမ့်မည်ကို ကြိုတွေးထားမိသဖြင့် ယခုကဲ့သို့အကိုဖြစ်သူနှင့်ပေါင်းကာ လက်နက်အားကိုးနှင့် အနိုင်ကျင့်ခြင်းဖြစ်သည်။
"ဟေ့ကောင်ဖိုးခွားကြီး၊ မင်းတို့ညီအကို သတ္တိရှိရင် ငါနဲ့ကြိုးဝိုင်းထဲမှာ တစ်ယောက်ခြင်းလာယှဉ်လို့ရတယ်၊ မင်း လက်နက်အားကိုးနဲ့ မိန်းမလို မိန်းမရ မလုပ်နဲ့"
"ဟား၊ ဟား၊ ငါ့လက်ထဲမှာ ကိုင်ထားတာသေနတ်ကွ၊ နောက်ပြီးငါက သိပ်ပြီး မညှိနှိုင်းချင်ဘူး ဒီးဒီးရာ၊ မင်းတို့သားအဖကို ဒီသုဿန်ထဲမှာတင် ပစ်သတ်လို့ရတယ်ကွ"
ဖိုးခွားကြီးက ထိုသို့ပြောလိုက်ပြီး သူကိုင်ထားသည့် မောင်းပြန်ရိုင်ဖယ်သေနတ်ကို မောင်းတင်လိုက်ပြီး ဦးစေးထူး၏ နောက်စေ့သို့ ချိန်ရွယ်ထားကာ ပစ်ခတ်တော့မည့်အနေအထားပြင်ဆင်လိုက်သည်။
"သား၊ အပါးအတွက် ဘာမှမပူနဲ့၊ အပါးသေချင်သေပါစေ၊ သားက ဒီရွာရဲ့ ချန်ပီယံဖြစ်ရမယ်၊ သားက လက်ဝှေ့သမားကောင်းတစ်ယောက် ဖြစ်ရမယ်"
"ဟာ၊ ဒီအဘိုးကြီးက လျှာကိုရှည်တယ်"
ဖိုးခွားကြီးက သေနတ်ဒင်ဖြင့် ဦးစောထီးနောက်စေ့ကို ထုထည့်လိုက်ရာ ဦးစောထီးမှာ အားလွန်ပြီးအရှေ့သို့လဲကျသွားသည်။ ဖိုးခွားကြီးက ဦးစောထီးကိုသေနတ်နှင့်ထိုးချိန်ပြီး ပစ်ခတ်ရန်ပြင်ဆင်လိုက်ချိန်မှာပင်
"တော်တော့ဖိုးခွားကြီး၊ မင်းပြောတာကို ငါလက်ခံတယ်"
ဒီးဒီးပြောလိုက်သဖြင့် ဖိုးခွားကြီးမှာ ပြုံးသွားလေသည်။
"ကျုပ် ခင်ဗျားညီကိုအရှုံးပေးမယ်၊ ဟုတ်ပြီလား၊ ခင်ဗျား ကျုပ်အပါးကို ပြန်လွှတ်ပေး"
"နိုး၊ နိုး ဒီလိုရမလားကွ၊ မင်းက အခုမရှုံးသေးဘူးလေ၊ ဟေ့ကောင်ကြက်ပု၊ မင်းသူနဲ့လိုက်သွားလိုက်၊ သူရှုံးရင် သေနတ်နှစ်ချက်ဖောက်လိုက်၊ သူနိုင်တယ်ဆိုရင် သူ့ကိုပစ်သာသတ်လိုက်ကွာ၊ အဲဒါဆို ငါတို့လည်း ဒီအဘိုးကြီးကို လက်စတုန်းပေးမယ် . . ."
ကြက်ပုဆိုသည့် လက်နက်ကိုင်တစ်ဦးက သူကိုင်ထားသည့် သေနတ်ကိုချလိုက်ကာ ပစ္စတိုသေနတ်တစ်လက်ကို ခါးချိတ်ပြီး ဒီးဒီးနှင့်အတူ ရွာအတွင်းသို့ဝင်လာခဲ့သည်။ ရွာအတွင်းတွင် လက်ဝှေ့ပွဲကျင်းပဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"ဒီးဒီးရာ ကြာလိုက်တာကွာ၊ လာ ကြိုးဝိုင်းထဲဝင်တော့"
ဦးစေးထူးပြောသဖြင့် ဒီးဒီးက ကြိုးဝိုင်းအတွင်းသို့ လွှားခနဲဝင်လိုက်သည်။ ထိုအခါ ဖိုးခွားလေးက ကြိုးဝိုင်းပတ်ပတ်လည်မှ လူများကို အရိုအသေပြုကာ လိုက်မိတ်ဆက်နေသည်။ အစကတည်းက အောင်နိုင်သူတစ်ဦးသဖွယ် ပြုံးရွှင်နေလေသည်။
"ကဲ စမယ်ဟေ့"
ဒီးဒီးနှင့် ဖိုးခွားလေးတို့မှာ မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။ ဖိုးခွားလေးက ဒီးဒီးမျက်နှာကိုကြည့်ရင်း မထီမဲ့မြင်ပြုံးလိုက်လေသည်။ ဒီးဒီးကတော့ ဖခင်ဖြစ်သူအား သေနတ်ဖြင့်ချိန်ထားသဖြင့် မပြုံးနိုင်မပျော်နိုင်ဘဲ မျက်နှာပျက်နေရသည်။
"နောင်"
ကြေးမောင်းကလေးကို စတီးလိုက်သည့်အချိန် ဖိုးခွားလေးက ဒီးဒီးထံသို့ အပြေးဝင်လာကာ ထိုးနှက်လေသည်။ ဒီးဒီးကလည်း ဖိုးခွားလေး၏ ထိုးနှက်ချက်များကို ကာကွယ်လိုက်ကာ ဖိုးခွားလေး၏ အရှိုက်အား ဒူးဖြင့်တိုက်ချလိုက်သည်။ ဖိုးခွားလေးမှာ နာကျင်သွားသဖြင့် အနောက်သို့ခုန်ဆုတ်သွားလေသည်။ ပွဲကြည့်နေကြသည့် ရွာသားများက ဒီးဒီးအား တခဲနက်အားပေးကြသည်။ ထိုအခါ လက်နက်ကိုင်က ခါးတွင်ချိတ်ထားသည့် ပစ္စတိုသေနတ်ပေါ်သို့ လက်တင်လိုက်သည်ကို ဒီးဒီးမြင်တွေ့လိုက်သည်။
တစ်ဖန် ဖိုးခွားလေးက ဒီးဒီးထံသို့ ပြေးလာပြန်သည်။ ဖိုးခွားလေး၏ လက်သီးက ဒီးဒီးမျက်နှာသို့တည့်တည့်တိုးဝင်လာခဲ့သည်။ ဒီးဒီးက ပြန်လည်ခုခံနိုင်သော်လည်း ဖခင်ဖြစ်သူ၏ မျက်နှာကိုမြင်ယောင်ပြီး တမင်သက်သက်အထိုးခံလိုက်သည်။
"ခွပ်"
နှာခေါင်းရိုးပေါ်လက်သီးတည့်တည့်တစ်ချက်ကျသွားပြီး ဒီးဒီးတစ်ခေါင်းလုံးထုံကျင်သွားလေသည်။ ဖိုးခွားလေးက ဒီးဒီး၏မျက်နှာအား လက်သီးသုံးလေးချက်ဆင့်ပြီး ပစ်သွင်းလိုက်ရာ ဒီးဒီးမှာ အနောက်သို့ယိမ်းယိုင်သွားကာ ကြိုးတန်းတွင် တွဲလောင်းကြီးဖြစ်သွားလေသည်။ ဖိုးခွားလေးက ထပ်မံပြေးထိုးသော်လည်း ဦးစေးထူးက ကာကွယ်ပေးလိုက်သည်မို့ ရပ်တန့်သွားလေသည်။
"ဒီးဒီး ရရဲ့လား"
ဒီးဒီးနှာခေါင်းမှ သွေးများက ဖြာခနဲစီးကျလာလေသည်။ ဒီးဒီးက ခေါင်းညိတ်ပြီး ဖိုးခွားလေးနှင့် တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။ ဦးစေးထူးက ပြန်လွှတ်ပေးလိုက်သည်နှင့် သူတို့နှစ်ဦး ထိုးသတ်ကြလေသည်။ သို့သော် ဒီးဒီးမှာ ဖိုးခွားလေးထိုးနှက်သမျှကို သဲအိတ်တစ်အိတ်သဖွယ် ခံနေရသည်ကိုကြည့်ပြီး ဒီးနာမှာ အားမလိုအားမရဖြစ်နေသည်။
"ပြန်ချစမ်းပါ ဒီးဒီးရယ်၊ နင်ဒီကောင့်ကို နိုင်ပါတယ်ဟ"
ပထမတစ်ချီပြီးဆုံးသွားခဲ့သည်။ ဒီးဒီးမျက်နှာတွင်လည်း သွေးထွက်သံယိုဒဏ်ရာများ အများအပြားဖြစ်နေသည်။ အပြာထောင့်တွင် ထိုင်နေသည့်ဖိုးခွားလေးအား သူ့အိမ်သားများက ပုဝါများဖြင့်သုတ်ပေး၊ ရေများဖြင့်မှုတ်ပေးကြသော်လည်း အနီထောင့်တွင် တစ်ယောက်တည်းထိုင်နေသည့် ဒီးဒီးကိုတော့ လုပ်ပေးမည့်သူမရှိပေ၊ နောက်ဆုံးတော့ ဒီးနာက မနေနိုင်တော့ဘဲ ပုဝါနှင့်ရေခွက်ကိုယူကာ ဒီးဒီးဆီသို့ပြေးလာခဲ့သည်။
ဒီးဒီးမျက်နှာတွင် ပေကျံနေသည့် သွေးများကိုသန့်စင်ပြီးသုတ်ပေးနေရင်း
"နင်အရူးလား ဒီးဒီး၊ နင့်မှာလက်မပါဘူးလား၊ နင်ဒီကောင့်ကို ရွာလယ်လမ်းမှာ တွယ်သလိုမျိုး တွယ်ပစ်လိုက်စမ်းပါဟ"
ဒီးဒီးမျက်ရည်တွေစီးကျလာခဲ့သည်။ သူ့အားသုတ်ပေးနေသည့် ဒီးနာ၏လက်ကို ကိုင်ဆွဲလိုက်ပြီး
"တောင်းပန်ပါတယ်ဒီးနာ၊ ငါမလုပ်နိုင်ဘူး၊ နင့်ကို ကတိပေးထားတဲ့အတိုင်း ငါမလုပ်နိုင်ဘူး"
ဒီးနာမျက်လုံးများ ပြူးကျယ်သွားလေသည်။
"တကယ်တော့ ငါက မုဆိုးရဲ့သား၊ မုဆိုးတစ်ယောက်ပဲ ဒီးနာ၊ ငါက လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ဖို့ ကံဇာတာမပါခဲ့ဘူး"
ဒီးနာလည်း မျက်ရည်များဝဲတက်လာသည်။
"နင်ဘာဖြစ်တာလဲ ဒီးဒီး၊ နင်ပဲငါ့ကိုချစ်တယ်ဆို၊ နင်ငါ့ကိုလက်ထပ်ချင်ရင် နင်က လက်ဝှေ့ချန်ပီယံတစ်ယောက် ဖြစ်မှရမယ်လေဟာ"
ဒီးဒီးခေါင်းခါလိုက်သည်။ ထိုအချိန်မှာပင် ဒုတိယအချီစရန်အတွက် မောင်းတီးလိုက်လေရာ ဒီးနာလည်း စင်ပေါ်မှပြေးဆင်းလာခဲ့ရသည်။ ဒုတိယအချီက ပထမအချီထက်ပိုပြီးဆိုးရွားသည်။ ဒီးဒီးမှာ ဖိုးခွားလေးထိုးသမျှ ကန်သမျှချည်းခံနေရလေသည်။
"လုပ်စမ်းပါ၊ ဒီးဒီးရာ နင်ပြန်တိုက်စမ်းပါ"
"ဖိုးခွားလေးကွ၊ ဖိုးခွားလေးကွ"
ပရိတ်သတ်များကလည်း ဖိုးခွားလေးအား အားပေးနေကြသည်။ ဖိုးခွားလေးက ဒီးဒီးမျက်ခုံးကိုလက်သီးနှင့်ထိုးထည့်လိုက်ရာ ဒီးဒီးမျက်ခုံးကွဲသွားပြီး သွေးများက မျက်လုံးအတွင်းသို့စီးကျလာလေသည်။ ဖိုးခွားလေးက ဒီးဒီးမျက်နှာအား တစ်ချက်ပတ်ကန်ထည့်လိုက်ရာ ဒီးဒီးမှာ ကြိုးဝိုင်းအတွင်း ပစ်လဲကျသွားလေသည်။ ဖိုးခွားလေးက လက်ခမောင်းခတ်လိုက်ပြီး ပရိတ်သတ်များအား နှုတ်ဆက်နေလေသည်။ ဒီးဒီးက လက်ကိုအားယူကာ ပြန်ကုန်းထရန်လုပ်လိုက်စဉ် ပရိသတ်ကြားထဲသို့ အကြည့်ရောက်သွားလေသည်။ ပြာဝေနေသည့် အကြည့်ထဲတွင် ပရိသတ်တစ်နေရာတွင် ရပ်နေသည့် အမေဖြစ်သူအား လှမ်းမြင်တွေ့လိုက်ရသည်။
"အမိုး . . . အမိုး . . ."
ဒီးဒီးတိုးတိုးကလေးရေရွတ်လိုက်သည်။ နော်အဲမူမှာ ဟောင်းနွမ်းသည့်အဝတ်အစားများဝတ်ဆင်ထားပြီး ပရိတ်သတ်များနှင့်အနည်းငယ်ဝေးကွာသည့် ဝါးရုံပင်တစ်ခုအနီးမှ ဒီးဒီးကိုမတ်တပ်ရပ်ကြည့်နေလေသည်။ နော်အဲမူမျက်နှာက အတော်မကောင်းပေ၊ သားဖြစ်သူ ဒီးဒီးအား အားမလိုအားမရဖြစ်နေပုံရသည်။
"အမိုး . . . အမိုး ရှေ့မှာ ကျုပ်မရှုံးချင်ဘူး၊ အမိုးအတွက် ကျုပ်ဒီကောင့်ကို အနိုင်ယူပြမယ်"
ထိုစဉ် ဒီးဒီးတစ်ကိုယ်လုံး ပူရှိန်းသွားကာ မမြင်နိုင်သည့်အားတစ်ချို့က သူ့ကြွက်သားများဆီသို့ တိုးဝင်လာသည်ကိုခံစားလိုက်ရသည်။ ဒီးဒီးက ငေါက်ခနဲမတ်တပ်ရပ်လိုက်သည့်အခါ ဖိုးခွားလေးက သူ့ကိုငေးမောလျှက်ကြည့်နေလေသည်။ ဒီးဒီးလည်း လက်သီးထဲတွင် စိတ်နှစ်လျှက် အားကိုစုလိုက်ပြီးနောက် ဖိုးခွားလေးဆီသို့ပြေးဝင်သွားကာ ပင့်လက်သီးတစ်ချက်ဖြင့် ဖိုးခွားလေး၏ မေးရိုးအား ထိုးနှက်ထည့်လိုက်တော့သည်။
ရုတ်တရက် မထင်မှတ်ထားသည်မို့ ဖိုးခွားလေးက မကာကွယ်နိုင်တော့ပေ၊ ဒီးဒီးလက်သီးမှာ အလွန်ပြင်းထန်လှသဖြင့် ဖိုးခွားလေးမှာ မေးရိုးကျိုး၊ သွားများပင် ကျိုးထွက်ကုန်ကာ လေပေါ်သို့ မြောက်တက်သွားပြီး လက်ဝှေ့ကြိုးဝိုင်းအပြင်ဘက်ရှိ ပရိသတ်များကြားထဲသို့ပြုတ်ကျသွားလေသည်။
ပရိသတ်များအားလုံး ဒီးဒီးကိုကြည့်ပြီး အံ့အားသင့်သွားကြသည်။ ဖိုးခွားလေးမှာ မျက်ဖြူလန်နေပြီး ခေါ်မရတော့ပေ။ ထိုတော့မှ ကြက်ပုက ခါးကြားမှ ပစ္စတိုသေနတ်ကိုဆွဲထုတ်ပြီး ဒီးဒီးထံသို့ ထိုးချိန်ကာ ခလုပ်ကိုညှစ်ချလိုက်သည်။
"ချောက် . . . "
ကြက်ပုမှာ မျက်လုံးပြူးသွားလေသည်။ ဒီးဒီးလည်း အလွန်အံ့ဩနေမိသည်။ ထို့နောက် ကြိုးဝိုင်းပေါ်မှ လွှားခနဲခုန်ချလာပြီး ကြက်ပုဆီသို့ပြေးဝင်လာခဲ့သည်။ ကြက်ပုလည်း လက်ထဲမှသေနတ်ကို အကြိမ်များစွာ ပစ်ခတ်နေသော်လည်း သေနတ်မှာ တစ်ချောက်ချောက်သာအသံထွက်ပြီး ကျည်ဆန်မထွက်ပေ။
ဒီးဒီးက ကြက်ပု၏ အရှိုက်ကိုဒူးဖြင့်ပြေးတိုက်ထည့်လိုက်ပြီး ကုန်းကုန်းကြီးဖြစ်သွားသည့်၊ ကြက်ပု၏ မျက်နှာအား ပင့်လက်သီးတစ်ချက်ဖြင့် ပင့်ထိုးလိုက်လေရာ ကြက်ပုမှာ မြေပေါ်သို့ ဖင်ထိုင်လျှက်သားလဲကျသွားသည်။ ဒီးဒီးက ကြက်ပု၏ သေနတ်ကိုကောက်လိုက်ပြီး ကြက်ပုကိုထိုးချိန်လိုက်သည်။ ကြက်ပုက ဒီးဒီးအားမလုပ်ရန်တောင်းပန်သည့်ဟန်ပြုလုပ်လိုက်စဉ်မှာပင် ဒီးဒီးက သေနတ်မောင်းကိုဆွဲညှစ်ချလိုက်သည်။
"ဒိုင်း . . . "
(၆)
"ဆရာ၊ သေနတ်သံတစ်ချက်ကြားတယ်"
လူတစ်ယောက်က ပြောလိုက်သဖြင့် ဖိုးခွားကြီးက ဦးစောထီးအား သေနတ်နှင့်ထိုးချိန်လိုက်သည်။
"ဒီးဒီးများနိုင်သွားတာလား"
ဖိုးခွားကြီးတွေးနေစဉ်မှာပင် နောက်ထပ်သေနတ်သံတစ်ချက် ထွက်လာခဲ့သည်။ ထိုတော့မှ လက်နက်ကိုင်များက အချင်းချင်းကြည့်လိုက်ကြသည်။
"ဒါဆိုရင်တော့ ဖိုးခွားလေး နိုင်သွားပြီထင်တယ်ကွ"
ဦးစောထီးက အနောက်သို့လှည့်ကြည့်လျက်
"ဟေ့ကောင်၊ မင်းညီနိုင်သွားပြီမဟုတ်လား၊ ဒါဆို မင်းရဲ့ကတိအတိုင်း ငါ့ကိုလွှတ်ပေးစမ်း"
ဖိုးခွားကြီးက ရယ်မောလိုက်ပြီးနောက်
"ရန်သူဆိုတာ အပြတ်ရှင်းပစ်ရတယ်ဗျ၊ ကျုပ်ညီ နိုင်နိုင်မနိုင်နိုင် ခင်ဗျားတို့သားအဖနှစ်ယောက်စလုံးကို သတ်ပစ်ဖို့ စိတ်ကူးထားပြီးသား"
ဦးစောထီးအလွန်အံ့ဩသွားလေသည်။ ထိုစဉ် ဒီးဒီးက သုဿန်အရှေ့သို့ ပြေးဝင်လာသည်ကိုမြင်တွေ့လိုက်ရသဖြင့် ဦးစောထီးက လှမ်းအော်လိုက်လေသည်။
"သား၊ ပြေး . . . ပြေးတော့"
အော်သံကြားသဖြင့် ဒီးဒီးခြေလှမ်းများတုန့်ဆိုင်းသွားရသည်။ ထိုအခါ ဖိုးခွားကြီးက ဦးစောထီး၏ နောက်စေ့အား သေနတ်နှင့်တေ့ဖြုတ်လိုက်လေသည်။
"ဒိုင်း . . ."
ဦးစောထီးမှာ အရှေ့မြေပြင်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ၊ လဲကျနေသည့်နေရာတွင်လည်း ကြီးမားသည့် သွေးအိုင်ကြီးတစ်ခုက စီးကျလာလေသည်။
"အပါး . . . ."
အသံနက်ကြီးဖြင့် ဒီးဒီးက ဟစ်အော်လိုက်လေသည်။ ဖိုးခွားကြီးက ပြုံးလိုက်ရင်း ဒီးဒီးအား သေနတ်ဖြင့်ထိုးချိန်လိုက်သည်။
"ခွေးကောင်ဒီးဒီး၊ မင်းလည်း မင်းအဖေနဲ့အတူတူလိုက်သွားပေတော့"
"ဟေ့ကောင် ဖိုးခွားကြီး၊ မင်းတော်တော်အောက်တန်းကျတဲ့ကောင်ပါလား"
"အောက်တန်းကျတယ်ပဲပြောပြော ဘာပြောပြော ငါဂရုမစိုက်ဘူးကွ၊ ငါဆိုတဲ့ကောင်က ကိုယ်အသာရဖို့အတွက်ဆိုရင် မလုပ်ရဲတာဘာမှမရှိဘူး"
ဖိုးခွားကြီးက မျက်ရိပ်ပြလိုက်သဖြင့် လက်နက်ကိုင် လေးယောက်က ဒီးဒီးအား သေနတ်များဖြင့် ပစ်ခတ်တော့သည်။ သေနတ်သံတွေက သုဿန်အတွင်း ဆူညံစွာထွက်ပေါ်လာသော်လည်း ဒီးဒီးကို ကျည်ဆန်တစ်ချက်မှပင်မထိပေ။ လက်နက်ကိုင်များမှာ အလွန်အံ့ဩနေကြလေသည်။
ဒီးဒီးလည်း အမြန်လှည့်ထွက်ပြီး သုဿန်နံဘေးရှိ တောအုပ်အတွင်းသို့ ဝင်ပြေးလေတော့သည်။ အနောက်မှ လက်နက်ကိုင်များက လိုက်လံပစ်ခတ်သော်လည်း ဒီးဒီးအားကျည်ဆန်များကမထိဘဲ ချော်လွဲကြလေသည်။
"တောက်၊ ခွေးကောင် လွတ်သွားတယ်"
ထိုစဉ် ရွာထဲမှ ရွာသားတစ်ဦးက ပြေးထွက်လာလေသည်။
"ဖိုးခွားလေး ရှုံးပြီ၊ ဒီးဒီးထိုးသွားလို့ အခုထိခေါ်လို့မရဘူး"
"တောက်၊ ခွေးသား၊ ဟေ့ကောင်တွေလာကြစမ်း၊ ဒီကောင့်ကို ငါတို့တောနင်းပြီးရှာမယ်၊ ဒီကောင့်ကို မသတ်ရမချင်း ငါမကျေနပ်ဘူးကွ"
လက်နက်ငါးယောက်နှင့်အတူ ဖိုးခွားကြီးမှာ ဒီးဒီးထွက်ပြေးသွားသည့် တောအုပ်အတွင်းသို့ ပြေးလိုက်သွားကြလေသည်။ ဒီးဒီးက တောအုပ်အတွင်း ပြေးလွှားနေရင်း သူ့အဖေပြောခဲ့သည့် စကားတစ်ချို့ကိုပြန်ကြားယောင်နေမိသည်။
"မုဆိုးတစ်ယောက်ရဲ့ လက်နက်က သေနတ်မဟုတ်ဘူးငါ့သား၊ မုဆိုးတစ်ယောက်ရဲ့ လက်နက်က တောအုပ်ကြီးပဲ"
"ဟုတ်တယ်အပါး၊ မင်းတို့ကောင်တွေ ငါ့နောက်ကိုလိုက်ခဲ့ကြစမ်း၊ ဒီတောအုပ်က မင်းတို့အတွက် သင်္ချိုင်းပဲကွ . . ."
ပြီးပါပြီ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်