“ဘယ်မှာလွဲခဲ့ကြတာလဲ”
lotaya.mpt.com.mm
|
2024-02-28

ရွှန်းပပအောင် တစ်ယောက် မျက်နှာမကောင်းလျက် ဆိုင်သို့ဝင်လာခဲ့တော့သည်။ မျက်နှာမကောင်းတာကြောင့် ဆိုင်က ကောင်မလေးတွေကပင် အဆင်ပြေရဲ့လားဆိုပြီး လာမေးကြလေသည်။ ရွှန်းပပအောင်ကတော့ ထိုင်နေကြဖြစ်တဲ့ နေရာမှာ သွားထိုင်ပြီး ဆိုင်ကကောင်မလေးတွေကို အဆင်ပြေကြောင်းနှင့် လုပ်စရာရှိတဲ့ အလုပ်ကို ဆက်သွားလုပ်ဖို့ ပြောလိုက်ပါလေသည်။ ဆိုင်ကကောင်မလေးတွေ သွားတော့ ရွှန်းပပအောင်လည်း သက်ပြင်းချလိုက်ပါတော့သည်။

“ဟူး..............................”

သက်ပြင်းချသံက အတော်လေးကို ကျယ်လွန်းလှလေသည်။ ကြည့်ရတာ ရွှန်းပပအောင် တစ်ယောက် အပြင်သွားရင်း တစ်ခုခု ဖြစ်ခဲ့ပုံရသည်။ ဟုတ်ပါသည်။ ရွှန်းပပအောင်မှာ ခဏက ကိုယ်တိုင်ဖွင့်ထားတဲ့ ပန်းစည်းအလှဆိုင်လေးကို သော့လာဖွင့်ပြီး ဆိုင်အကူကောင်မလေးတွေနဲ့ စစနောက်နောက် ရှိနေပါသေးသည်။ ပြီးနောက် ပန်းစည်းအော်တာအတွက် ပန်းနဲ့ လိုအပ်တာတွေ ဝယ်ဖို့ဆိုကာ ဆိုင်ကနေ ထွက်လာခဲ့လေသည်။ ပန်းလေးတွေနဲ့ တစ်ခြားလိုအပ်တာတွေ ဝယ်ပြီး ဆိုင်ကို ပြန်လာနေချိန်မှာဘဲ ကော်ဖီသောက်မယ်ဆိုကာ ကော်ဖီဆိုင်ကို ဝင်ခဲ့ပါတော့သည်။ ကော်ဖီဆိုင်ကို ရောက်တော့ ကော်ဖီမှာတဲ့သူများတော့ ရွှန်းပပအောင်လည်း တန်းစီစောင့်ခဲ့ရလေသည်။ တန်းစီနေတုန်း ရှေ့က အတွဲတစ်တွဲ ကော်ဖီမှာနေတာကို ရွှန်းပပအောင် တွေ့နေရလေသည်။ ရှေ့ကအတွဲ စကားပြောနေတာကို ကြားပြီး ရွှန်းပပအောင် တစ်ခုခုကို ရိပ်မိလိုက်သည်။ ထိုသည်မှာ ရှေ့ကအတွဲမှ ကောင်လေးဟာ သူရဲ့ ရည်းစားဟောင်းနှင့် တူနေလို့ပင်ဖြစ်သည်။ အသံအနေအထား၊ ကိုယ်လုံးကိုယ်ပေါက်ကအစ တူနေလေသည်။ ဒီတော့ ရွှန်းပပအောင်မှာ ရည်းစားဟောင်း မဖြစ်ဖို့ကို ဆုတောင်းလျက် ရှိတော့သည်။ သို့သော်လည်း ရွှန်းပပအောင်ရဲ့ ဆုတောင်းတွေဟာ မပြည့်ခဲ့ဘူးလို့ ဆိုရပေမည်။

ရှေ့ကအတွဲမှ ကော်ဖီမှာပြီးလို့ ပြန်လှည့်လာချိန်မှာ ကောင်လေးက ရွှန်းပပအောင်ရဲ့ ရည်းစား‌ဟောင်းဆိုတာ သေချာသွားပါတော့သည်။ ရွှန်းပပအောင်မှာ စစချင်းတော့ အံ့ဩသွားပေမယ့် ဒီအတိုင်း ဘာမှမဖြစ်သလို နေလိုက်ပါလေသည်။ အတွဲမှ ကောင်လေးကလည်း ရွှန်းပပအောင်ကို မြင်တော့ အံ့ဩသွားကာ ရပ်ကြည့်နေလေသည်။ သူ့ရဲ့ ကောင်မ‌လေးကတော့ သူ့ကို မေးနေပါလေသည်။

“ဘာဖြစ်တာလဲ.... ကို..... ကိုနဲ့ သိလို့လား” ဆိုပြီးတော့ပေါ့။

ရွှန်းပပအောင်လည်း ဘာမှပြန်မပြောဘဲ နေနေလိုက်လေသည်။ အမှန်တိုင်း ပြောရရင် ဘာများပြန်ပြောမလဲဆိုတာကို ရွှန်းပပအောင် သိချင်လို့ပင် ဖြစ်သည်။ အတော်ကြာတော့ သူ အဖြေပြန်ပေးလာပါတော့သည်။ သူ့အဖြေက ရယ်ချင်စရာတော့ ကောင်းလှသည်။

“အော်...... ကိုနဲ့ ခင်တဲ့ အသိအမတစ်ယောက်ပါ”

“ဟုတ်လား...... တွေ့ရတာ ဝမ်းသာပါတယ် အမ”

သူ့အဖြေကို ကြားတော့ ရွှန်းပပအောင် တစ်ယောက် ရည်းစား‌ဟောင်းဖြစ်တဲ့သူကို လှမ်းကြည့်မိလိုက်သည်။ သူ့ကို ကြည့်ရတာ နေရခက်ပြီး မျက်နှာပူသလို ပုံစံ ဖြစ်လို့နေလေသည်။ ဒါနဲ့ ရွှန်းပပအောင်လည်း ပြုံးပြီးတော့ သူ့ကောင်မလေးကို ပြန်နှုတ်ဆက်လိုက်လေတော့သည်။

“အင်း..... အမလည်း တွေ့ရတာ ဝမ်းသာပါတယ်”

ထိုချိန် ကော်ဖီဆိုင် ကောင်တာကနေမှ ရွှန်းပပအောင်တို့ သုံးယောက်ကို ဖယ်ပေးဖို့ ပြောလာပါလေသည်။

“ဧည့်သည်ရှင့်...... ကော်ဖီမမှာဘူးဆို..... ဖယ်ပေးလို့ရနိုင်မလား”

အဲ့မှာ သူ့ကောင်မလေးကနေပြီး ကောင်တာကို ကော်ဖီထပ်မှာမယ့် အကြောင်း ပြန်ပြောနေပါလေသည်။ ရွှန်းပပအောင်ကတော့ ရည်းစားဟောင်း ဖြစ်သူကို ကြည့်နေမိလေသည်။ ဟိုကတော့ ရွှန်းပပအောင်ကို မကြည့်ဘဲ မျက်နှာလွဲထားတော့သည်။ ထိုတွင် သူ့ကောင်မလေးကနေပြီး ပြန်လှည့်လာကာ

“အမမှာ အချိန်ရတယ်မလား......” ဆိုပြီး မေးလာပါတော့သည်။

ဒါနဲ့ ရွှန်းပပအောင်လည်း “ရပါတယ်” ဆိုကာ ပြန်ဖြေလိုက်လေသည်။

“အင်း...... အမ cappuccino ရတယ်မလား........”

“ရပါတယ်.......” လို့ ရွှန်းပပအောင် ပြန်ဖြေလိုက်မိသည်။

ပြီးတော့ သူ့ကောင်မလေးမှာ ကောင်တာဘက် ပြန်လှည့်သွားပြီး ကော်ဖီ ပြန်မှာနေလေသည်။ ပြီးတာနဲ့ ပြန်လှည့်လာပြီး နေရာသွားယူဖို့ ပြောလာလေသည်။

“သွားရ‌အောင်...... အမ..... ညီမတို့နဲ့ တူတူလိုက်ထိုင်နော်”

ပြီးတာနဲ့ ကောင်လေးကို လက်တွဲပြီး ရှေ့က သွားတော့သည်။ ရွှန်းပပအောင်လည်း နောက်က လိုက်သွားလိုက်လေသည်။ နောက်ကလိုက်ရင်း ရှေ့ကပြောနေကြတဲ့ စကားကို ရွှန်းပပအောင် တစ်ယောက် အထင်းသား ကြားနေရလေသည်။

“ဘာလို့ခေါ်လိုက်တာလဲ ချစ်ကလည်း..... သူလည်း သွားစရာရှိရင် ရှိနေမှာပေါ့”

“ဘာဖြစ်လို့လဲ ကိုကလည်း...... အမက‌တောင် ရတယ်ပြောနေတာကို...... ပြီးတော့လည်း နောက်မှာရှိတာကို အားနာစရာကြီး ကိုကလည်း”

ရွှန်းပပအောင် အနေနဲ့ ခံစားမိပါသည်။ ဘယ်သူမဆို ရည်းစား‌ဟောင်းနှင့် ပြန်တွေ့ချင်ကြတာမှ မဟုတ်ဘဲ။ အထူးသဖြင့် ရည်းစားအသစ်နဲ့ နှစ်ယောက်အတူ ရှိနေကြတဲ့အချိန်ဆိုရင်ပေါ့လေ။ အဲ့ချိန်ကြရင် ရွှန်းပပအောင်လည်း နေရခက်ပြီးတော့ လိမ်ပြောမိလောက်မယ်လို့ ထင်ရတာဘဲ။ ခဏက ရည်းစားဟောင်း လုပ်ခဲ့သလိုပေါ့။ ကံကြမ္မာကလည်း မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ လူနှစ်ယောက်ကို ဆုံအောင်လို့ ဖန်တီးပေးရက်နိုင်လှသည်။

ဒါနဲ့ သုံးယောက်သား ကော်ဖီဆိုင်ရဲ့ ဂျောင်ကြတဲ့ နေရာလေးမှာ ဝင်ထိုင်လိုက်ကြလေသည်။ ရွှန်းပပအောင်ကတော့ တစ်ယောက်ထဲ ထိုင်ပြီး ရည်းစားဟောင်းနဲ့ သူ့ချစ်သူကတော့ ဘေးချင်းကပ်ပြီး ထိုင်နေကြတော့သည်။ နေရာတကျ ထိုင်ပြီးသွားပြီဆိုပေမယ့် ရွှန်းပပအောင်နဲ့ ရည်းစားဟောင်းတို့ နှစ်ယောက်မှာတော့ နေရခက်နေကြလေသည်။ ရည်းစားဟောင်းရဲ့ ကောင်မလေးကတော့ ရွှန်းပပအောင်ကို ပြုံးပြနေလေသည်။ ရွှန်းပပအောင်လည်း နေရခက်တာ မှန်ပေမယ့် တစ်ဖက်က ပြုံးပြနေတော့ အတတ်နိုင်ဆုံး ပြုံးထားလိုက်လေသည်။ ရည်းစားဟောင်းကတော့ ဖုန်းကို ကြည့်ပြီး အာရုံလွဲနေပါလေသည်။ ထိုချိန် သူ့ကောင်မလေးကနေပြီး မိတ်ဆက်ပေးဖို့ ပြောလာတော့သည်။

“ကို မိတ်ဆက်ပေးအုန်းလေ.....”

ဒီတော့မှာ မသိချင်ယောင်ဆောင်နေတဲ့ ရည်းစားဟောင်းလည်း ဖုန်းကြည့်နေတာ ရပ်ပြီးတော့ ပြန်ဖြေလာပါတော့သည်။

“‌အော်..... မိတ်မဆက်ရသေးဘူးလား...... မိတ်ဆက်ပြီးပြီ ထင်လိုက်လို့........”

ရည်းစားဟောင်းရဲ့ အလိမ်စကားကို ကြားနေရတော့ ရွှန်းပပအောင် တစ်ယောက်လည်း ရယ်ချင်မိသွားလေသည်။

“ဒီက...... ဟို...... ဟို........” ဆိုပြီးတော့ ရည်းစား‌ဟောင်းမှာ စကားတွေ ထစ်နေလေသည်။

“အမ နာမည်က ရွှန်းပပအောင်လို့ ခေါ်တယ်..... ကြည့်ရတာ အမတို့ အိမ်ပြောင်းသွားတော့ သိပ်ပြီးတော့ မတွေ့ဖြစ်တော့ နာမည်မေ့နေတာနဲ့ တူပါတယ်” ဆိုကာ ရွှန်းပပအောင် ဝင်ပြောလိုက်လေသည်။

“အား..... ဟုတ်တယ်.... အိမ်ပြောင်းသွားတာမေ့နေတာ..... ဦးလေးနဲ့ အဒေါ်ကော နေကောင်းတယ်မလား အမ”

“ကောင်းတာပေါ့” လို့ ပြန်ဖြေပြီး ရွှန်းပပအောင် တစ်ယောက် ရည်းစား‌ဟောင်းရဲ့ ကောင်မလေးကို ကြည့်လိုက်ပြီး “ဒီက ညီမကော......” ဆိုပြီး ပြန်မေးလိုက်လေသည်။

“ဟုတ်...... ညီမ နာမည်က ဖြူနှင်းဖွေးပါ....... ကိုကိုရဲ့ ချစ်သူပေါ့....... အဟိ”

“အင်း........ နှစ်ယောက် လိုက်သားဘဲ” ဆိုကာ ရွှန်းပပအောင် တစ်ယောက် ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

“ကျေးဇူးပါ အမ..... ညီမတို့ နှစ်ယောက်က လက်ထပ်ကြတော့မှာလေ.......... အခုလည်း ဖိတ်စာလိုက်ဖိတ်မလို့လေ..... အဲ့တာ မနက်စာမစားရသေးလို့ ဒီဆိုင်လေးထဲ ဝင်လိုက်တာ”

ရည်းစားဟောင်းရဲ့ ကောင်မလေးက ပြောနေပေမယ့် ရည်းစားဟောင်းကတော့ မျက်စိမျက်နှာပျက်နေတော့သည်။

“အော်...... ကောင်းပါတယ်..... ခုဆောင်တော့ ကောင်းတာပေါ့.....”

“အဲ့တာ အမ လာခဲ့နော်” လို့ ပြောရင်း ရည်းစားဟောင်းရဲ့ ကောင်မလေးမှာ ဖိတ်စာ ပေးလာပါလေသည်။

ရွှန်းပပအောင်လည်း မယူချင်ပေမယ့် တစ်ဖက်ကပေးနေတော့ အားနာနာနဲ့ ယူလိုက်ရပါလေသည်။ ပြီးတော့လည်း မကြည့်ချင် ကြည့်ချင်ဖြင့် ကြည့်လိုက်ရလေသည်။ ဘာကြောင့်ဆို ရည်းစားဟောင်း ကောင်မလေးမှာ ပြုံးပြုံးကြီး ကြည့်နေလို့ပင်ဖြစ်သည်။

“လာကိုလာရမယ်နော် အမ”

ရွှန်းပပအောင်လည်း ပြုံးပြပြီး ဖိတ်စာက ရက်စွဲကို တစ်ချက် ကြည့်လိုက်သည်။ ပြီးတော့ ရွှန်းပပအောင် တစ်ယောက်လည်း အလုပ်ဗန်းပြပြီး လာလို့မရကြောင်းကို ပြောလိုက်ပါလေသည်။

“‌အော်...... အဲ့နေ့က အမ အလုပ်မအားလောက်ဘူး ထင်တယ်....... လာလို့ အဆင်မပြေလောက်ဘူး ထင်တာဘဲ ညီမရယ်”

“ဟာ..... ဘာလို့လဲ အမကလည်း..... ညီမက အမကို မြင်မြင်ချင်း အမရင်းလိုမျိုး ခံစားရတာ..... အဲ့တာကြောင့်မလို့နော်..... အမက ဘာအလုပ်လုပ်လို့ အဲ့နေ့က မအားရတာလဲ”

ရည်းစားဟောင်းရဲ့ ကောင်မလေးမှ ထိုသို့ ပြောလာတော့ ရွှန်းပပအောင်လည်း နေရခက်လာပါလေသည်။ ပြီးတော့ ရည်းစားဟောင်းကို တစ်ခုခု ဝင်ပြောဖို့ အချက်ပြမလို့ လုပ်မယ်ဆိုရုံလေးမှာဘဲ ရည်းစားဟောင်းကနေပြီး ကိုယ့်ဘာသာ ဝင်ပြောလာပါလေသည်။

“ချစ်ကလည်း..... မအားဘူးလို့ ပြောနေတယ်လေ........ ဘာလို့ အဲ့လောက်ထိ မေးနေတာလဲ”

“ဟာ..... မရဘူး...... ကိုလည်း အမကို လာအောင် ကူပြောပေး......” လို့ ပြောရင်း ထိုကောင်မလေးမှာ ရွှန်းပပအောင်ကို ပြန်ကြည့်ပြီး

“‌နော်..... အမ..... ဆက်ဆက်လာနော်..... အလုပ်လေး ရက်ရွေ့လို့ရမယ်ထင်တယ်နော်......‌နော်လို့ အမ”

“အင်း..... အဲ့နေ့ ဆိုင်က ကောင်မလေးတွေနဲ့ ထားခဲ့လို့ရမယ် ထင်တယ်..... အားရင်တော့ လာလိုက်မယ်လေ” ဆိုကာ ရွှန်းပပအောင် တစ်ယောက် မလွဲသာဘဲ ပြန်ဖြေလိုက်ရလေသည်။

“အမက ဆိုင်ဖွင့်ထားတာလား...... ဘာဆိုင်ဖွင့်ထားတာလဲ” ဆိုပြီး ရည်းစားဟောင်းရဲ့ ကောင်မလေးမှ ထပ်မေးလာပြန်လေသည်။

“ပန်းစည်းလုပ်တဲ့ဆိုင်လေးပါ” လို့ ရွှန်းပပအောင် ပြန်ဖြေလိုက်သည်။

“ဟုတ်လား...... ကောင်းတာပေါ့..... အတော်ဘဲ ဖြစ်သွားတာပေါ့..... ညီမ မင်္ဂလာဆောင်မှာ ညီမကိုင်မယ့် ပန်းစည်းလေးကို အမ လုပ်ပေးလို့ရတာပေါ့”

ရည်းစားဟောင်းရဲ့ ကောင်မလေးမှာ သူဖြစ်ချင်တာတွေကိုသာ ပြောနေတော့သည်။ ရွှန်းပပအောင် တစ်ယောက်လည်း ရည်းစားဟောင်းကို ကြည့်လိုက်တော့ ခေါင်းခါပြနေလေသည်။ သို့ပေမယ့် ရည်းစား‌‌ဟောင်းရဲ့ ကောင်မလေးကတော့ ပြုံးပြီး ကြည့်နေပါလေသည်။ ဒါကြောင့်ဘဲ ရွှန်းပပအောင်လည်း ခေါင်းညိတ်ပြလိုက်ရလေသည်။ ဒီတွင် ရည်းစားဟောင်းရဲ့ ကောင်မလေးမှာ ပျော်သွားတော့သည်။ ပြီးတော့ ရည်းစားဟောင်းဘက် လှည့်ကာ စကားတွေ ပြောနေပါလေသည်။ ရွှန်းပပအောင်လည်း သူတို့ကို ကြည့်ပြီး ပြုံးလိုက်ပါတော့သည်။ နောက်ပြီး နှောင့်ယှက်ဖြစ်သလို ခံစားလာရတာကြောင့် ရွှန်းပပအောင်လည်း ပြန်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။

“ဟိုလေ..... အမ ပြန်ရတော့မယ် ထင်တယ်...... ဘာလို့ဆို ကားထဲမှာ ပန်းစည်းလုပ်ဖို့အတွက် ပန်းတွေထားခဲ့တာဆိုတော့ ကြာကြာထားလို့ မဖြစ်ဘူးလေ”

“ဟုတ်သားဘဲ...... ဒါဆို အမ ပြန်လိုက်လေ.... ပန်းတွေ ညိုးကုန်တော့မှာဘဲ...... ဒါနဲ့ ဆက်ဆက်လာရမယ်နော်”

“အင်း......” လို့ ပြောပြီး ရွှန်းပပအောင်လည်း ထိုင်နေရာက ထလိုက်ပြီးတာ့ နှုတ်ဆက်စကား ပြောတော့သည်။

“ဒါဖြင့် မင်္ဂလာပွဲကျ တွေ့ကြမယ်လေ........ ပြီးတော့ မင်္ဂလာပွဲအတွက် congrats ပါနော်”

“ဟုတ်...... ကျေးဇူးပါ အမ....... ဖြည်းဖြည်းနော် အမ” ဆိုကာ ရည်းစားဟောင်းရဲ့ ကောင်မလေးကတော့ ပြန်ပြီး နှုတ်ဆက်နေရှာသည်။ ရည်းစားဟောင်းကတော့ နှုတ်ဆိတ်နေလေတော့သည်။

ပြီးတာနဲ့ ရွှန်းပပအောင်လည်း ထိုနေရာလေးကနေ ထွက်လာခဲ့လိုက်တော့သည်။ ဆိုင်ပြင်ကို  ‌ရောက်တော့ ရွှန်းပပအောင် တစ်‌ယောက် ဆိုင်ထဲကို လှမ်းကြည့်လိုက်သေးသည်။ ရည်းစားဟောင်းနဲ့ သူ့ကောင်မလေးတို့မှာ ရယ်ရယ်ပြုံးပြုံးဖြင့် ရှိနေကြလေသည်။ ရွှန်းပပအောင်မှာ ရည်းစားဟောင်း ပျော်နေတာကို မနှစ်သက်ပေမယ့်လည်း ဘေးက သူ့ကောင်မလေး ပျော်နေတာကို မြင်တော့ ပြုံးမိသွားလေသည်။ ပြီးတာနဲ့ ပြန်လှည့်ပြီးတော့ ကားဆီကိုသာ သွားလိုက်ပါတော့သည်။ နောက်ပြီး ကိုယ့်ဆိုင်လေးကိုသာ မောင်းလာခဲ့လိုက်လေသည်။

ရည်းစားဟောင်းနဲ့ တွေ့ခဲ့တာကြောင့် ရွှန်းပပအောင် တစ်ယောက် ဆိုင်ရောက်တာတောင် သက်ပြင်းချနေရတာ ဖြစ်သည်။ ရွှန်းပပအောင်လည်း ရည်းစားပောာင်းနဲ့ တွေ့ခဲ့ရမယ်လို့ မထင်မှတ်ထားခဲ့ပါ။ ပြန်တွေ့ရပြန်တော့လည်း ဘယ်လိုကြီးမှန်းမသိ ခံစားနေရလေသည်။ ဝမ်းနည်းသလိုလို၊ ခံပြင်သလိုလို ခံစားချက်ကြီး ရနေတာ ဖြစ်သည်။ ပြီးတော့လည်း ရည်းစားဟောင်းကို ရည်းစားအသစ်နဲ့ တွေ့လိုက်ရတော့ ဘာရယ်မသိ စိတ်တိုသလို ခံစားလိုက်ရသည်။ အဆိုးဆုံးကတော့ ရည်းစားဟောင်းက မင်္ဂလာဆောင်တော့မှာကို သိလိုက်ရတဲ့ အချိန် ဖြစ်သည်။ ဘယ်မိန်းကလေးမဆို ရည်းစားဟောင်းက ကျော်တက်သွားတာမျိုးကို လိုချင်ကြတာမှ မဟုတ်ဘဲ။ ရည်းစားဟောင်းထက် သာချင်ကြတာဘဲ ဖြစ်ချေသည်။ ပြီးတော့လည်း ဘယ်မိန်းကလေးမဆို ရည်းစားဟောင်းရှေ့ရောက်ရင် တစ်ယောက်ထဲ ဖြစ်နေတာကို မြင်ချင်ကြတာ မဟုတ်ဘူးလေ။ ဘာကြောင့်ဆို ရည်းစားဟောင်းကို မမေ့နိုင်သေးလို့ ရည်းစားထပ်မထားတာဆိုပြီး မထင်စေချင်လို့ ဖြစ်သည်။  ရွှန်းပပအောင်လည်း ထို့နည်းတူပင် ဖြစ်ချေသည်။

သို့သော်လည်း ရွှန်းပပအောင် တစ်ယောက် ခဏက ကော်ဖီဆိုင်က မြင်ကွင်းလေးကို ပြန်မြင်ယောင်ကြည့်လိုက်ပါလေသည်။  ရည်းစားဟောင်းနဲ့ သူ့ကောင်မလေးတို့ဟာ သူမရှိတော့ အတော်လေးကို ပျော်ရွှင်ကြည့်နူးနေကြတာကို တွေ့ခဲ့လိုက်ရတာ ဖြစ်လေသည်။ မြင်ရသလောက် ကောင်မလေးက ရည်းစားဟောင်းကို သိပ်ချစ်ပုံရသည်။ ပြီးတော့လည်း ရည်းစားဟောင်လေး အရမ်းတွေ ပျော်နေတာကို ရွှန်းပပအောင် အခုမှ မြင်ဖူးတာ ဖြစ်သည်။ ရည်းစားဟောင်းရဲ့ အပြုံးက သူနဲ့ ရှိနေတုန်းကထက် ပိုအသက်ဝင်နေတာကို ရွှန်းပပအောင် တွေ့ခဲ့လိုက်ရလေသည်။ ကော်ဖီဆိုင်က အကြောင်းကို တွေးနေရင်း ရွှန်းပပအောင် တစ်ယောက် ရည်းစားဟောင်းနဲ့ အရင်က အချိန်တွေကို ပြန်စဉ်းစားမိသွားလေသည်။

တစ်ချိန်တုန်းက ရွှန်းပပအောင်နဲ့ ရည်းစားဟောင်းလေးနဲ့ဟာဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ ချစ်သူစုံတွဲ တစ်တွဲ ဖြစ်ခဲ့ကြလေသည်။ သူတို့နှစ်ယောက် လိုင်း‌ပေါ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ချေသည်။ တွေ့ဆုံခဲ့ပုံကလည်း ထူးဆန်းတယ်လို့ ဆိုရမည်။ ရည်းစားဟောင်းကနေပြီး ရွှန်းပပအောင်ကို ဂိမ်းထဲက တစ်ယောက်နဲ့ လူမှားပြီး လာရောက်ဆဲဆိုရင်းကနေ စတာဖြစ်လေသည်။ အဲ့တုန်းက ရွှန်းပပအောင်လည်း စိတ်ဆတ်တဲ့အရွယ်ဆိုတော့ ပြန်ပြောရင်း နှစ်ယောက်သား ကတောက်ကစ ဖြစ်ခဲ့ကြလေသည်။ ပြီးတော့မှ ရည်းစားဟောင်းကနေပြီး ရွှန်းပပအောင်ကို လူမှားသွားကြောင်းပြောကာ တောင်းပန်စကား ဆိုလာခဲ့လေသည်။ ရွှန်းပပအောင်လည်း ကိစ္စတွေ ဒီထပ်မကြီးချင်တာကြောင့် ဒီအတိုင်းဘဲ နားလည်ပေးလိုက်ပါလေသည်။ အဲ့ဒီချိန် ရည်းစားဟောင်းကနေပြီး တောင်းပန်တာကို လက်ခံပေးလို့ တစ်ခုခု လိုက်ကျွေးပါရစေဆိုပြီး ပြောလာခဲ့တော့သည်။ အစက ရွှန်းပပအောင်လည်း လက်မခံဖို့ ဆုံးဖြတ်ထားလေသည်။ ဒါပေမယ့် ရည်းစားဟောင်းက အရမ်းကို ပူဆာနေတာကြောင့် ရွှန်းပပအောင်လည်း တွေ့ဖို့ လက်ခံခဲ့လိုက်လေသည်။

ဒီလိုနဲ့ ရည်းစားဟောင်းနဲ့ ကော်ဖီဆိုင် တစ်ဆိုင်မှာ တွေ့ခဲ့ကြလေသည်။ ကော်ဖီလေး သောက်ရင်း နှစ်ယောက်သား လိုင်းပေါ်က ဖြစ်ခဲ့တာတွေကို ပြန်ပြောရင်း ရယ်မောလျက် ရှိကြလေသည်။ ပြီးတော့ နှစ်ယောက်သား အချင်းချင်း မိတ်ဆက်ကြလေသည်။ မိတ်ဆက်ရင်းမှ ရည်းစားဟောင်းက အသက်ငယ်တယ်ဆိုတာကို ရွှန်းပပအောင် သိခဲ့လိုက်ရလေသည်။ အဲ့နေ့က တစ်ယောက်နဲ့ တစ်ယောက် အလုပ်အကိုင်၊ အကြိုက်၊ ဝါသနာ၊ အစားအစာ စတဲ့ အကြောင်တွေ ပြောဖြစ်ခဲ့ကြလေသည်။ ပြောစရာစကားလည်း မရှိတော့ နှစ်ယောက်သား ကော်ဖီဆိုင်ကနေ ပြန်လာခဲ့လိုက်ကြတော့သည်။ ပြန်တဲ့ချိန်မှာလည်း ရည်းစားဟောင်းဟာဆိုရင် ရွှန်းပပအောင် နေတဲ့ ရပ်ကွက်ထိကို လိုက်ပို့ပေးရှာလေသည်။ ပြီးတော့မှ ရည်းစားဟောင်းက ပြန်သွားတော့သည်။

အဲ့နေ့ကစလို့ ရည်းစားဟောင်းနဲ့ ရွှန်းပပအောင်တို့ နှစ်ယောက်ဟာဆိုရင် အရမ်းကို ခင်သွားကြပါလေသည်။ ရွှန်းပပအောင်က တစ်ခုခု စားချင်တာရှိလို့ လိုင်းပေါ်သို့မဟုတ် ပြောလိုက်ပြီဆိုရင် ရည်းစားဟောင်းဟာ ရွှန်းပပအောင် နေတဲ့ ရပ်ကွက်ကို ရောက်လာခဲ့တော့သည်။ ရွှန်းပပအောင်က အားနာလို့ မလာနဲ့ ပြောလည်း ပြောမရခဲ့ပါ။ ရွှန်းပပအောင်လည်း သူငယ်ချင်းတွေကို ရည်းစားဟောင်း အကြောင်းကို ပြောပြတော့ ကြိုက်နေလို့ပေါ့ဆိုပြီး ပြန်ပြောတတ်ကြလေသည်။ အဲ့လိုချိန်ဆို ရွှန်းပပအောင် တစ်ယောက် သူငယ်ချင်းတွေကို ပြန်ငြင်းပြီး ရှက်ယန်းယန်းလေး ဖြစ်သွားတတ်တော့သည်။ သူငယ်ချင်းတွေကတော့ ရွှန်းပပအောင်ကို ရည်စားဟောင်းက ဖွင့်ပြောလာရင် လက်ခံဖို့ကို တိုက်တွန်းကြလေသည်။ အချိန်တွေကြာလာတော့ ရည်းစားဟောင်းလည်း ရွှန်းပပအောင်ကို ဖွင့်ပြောလာခဲ့ပါလေသည်။ ဒီတွင် ရွှန်းပပအောင်မှာ ရည်းစားဟောင်းကို ချက်ချင်း အဖြေပြန်မပေးခဲ့ပါ။ ရည်းစားဟောင်းကလည်း စောင့်နိုင်တယ်ဆိုကာ စောင့်နေပါလေသည်။ ရွှန်းပပအောင်ကတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်လေသည်။ သူငယ်ချင်းတွေကတော့ လက်ခံလိုက်ဖို့ကိုသာ ပြောကြတော့သည်။ ရွှန်းပပအောင် အနေနဲ့ကလည်း ချက်ချင်းကြီး လက်ခံလိုက်တာမျိုးကို မလိုချင်ပါ။ သေချာစဉ်းစားပြီးမှ လက်ခံချင်တာဖြစ်လေသည်။ ဒါကြောင့် ရွှန်းပပအောင်လည်း ရည်းစားဟောင်းကို စောင့်ကြည့်မယ်လို့ ပြောလိုက်ပါလေသည်။ ရည်းစားဟောင်းကလည်း ရွှန်းပပအောင် ပြောတာကို လက်ခံခဲ့လေသည်။

ဒါနဲ့ ရွှန်းပပအောင်လည်း ရည်းစားဟောင်းကို စောင့်ကြည့်ခဲ့လေသည်။ စောင့်ကြည့်တဲ့ အတောအတွင်းမှာ ရည်းစားဟောင်းရဲ့ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေကို ရွှန်းပပအောင် ခံစားခဲ့ရလေသည်။ ပြီးတော့လည်း ရည်းစားဟောင်းရဲ့ စိတ်နေစိတ်ထားကိုလည်း သိလာခဲ့လိုက်ရလေသည်။ သို့သော်လည်း ရွှန်းပပအောင် တစ်ယောက် အဖြေမပေးခဲ့သေးပါ။ ရည်းစားဟောင်းကတော့ ရွှန်းပပအောင်ကို ဘယ်တော့ အဖြေပြန်ပေးမလဲ တဖွဖွ မေးတတ်လေသည်။ တွေ့တိုင်းမေးနေတာဖြစ်သည်။ ဒီတော့ ရွှန်းပပအောင်လည်း ရည်းစားဟောင်းကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့လေသည်။ မိတ်ဆက်ပေးပြီးတော့ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေကို ရွှန်းပပအောင် လိုက်မေးလေသည်။ သူငယ်ချင်းတွေကတော့ ရည်းစားဟောင်းက မဆိုးရှာပါဘူး၊ ရည်ရည်မွန်မွန်လေးပါလို့ ပြောကြလေသည်။ ပြီးတော့လည်း အဖြေပေးလိုက်တော့ဖို့ကို ပြောလာပါလေသည်။ အမှန်တော့ ရွှန်းပပအောင်လည်း အဖြေပေးချင်ပါသည်။ အသက်အရွယ် ကွာခြားမှုက နောက်ပိုင်း ပိုပြီးစကားပြောလာမှာကို တွေးနေမိလို့ပင် ဖြစ်သည်။ သူငယ်ချင်းတွေက အဆင်ပြေသွားမှာပါလို့ ပြောကြလေသည်။

ဒီလိုနဲ့ ရွှန်းပပအောင်လည်း ရည်းစားဟောင်းလေးကို အဖြေပေးခဲ့လိုက်ပါလေသည်။ ပြီးတော့လည်း အသက်အရွယ်ကွာခြားတာကြောင့် အဆင်မပြေတာရှိရင် ညှိနှိုင်းပြီး တွဲဖို့ကိုပါ ရွှန်းပပအောင် ကြိုပြောခဲ့လေသည်။ ရွှန်းပပအောင် ပြောတာကို ရည်းစားဟောင်းလည်း လက်ခံလေသည်။ ရည်းစားဖြစ်ပြီးသွားတော့ ရည်းစားဟောင်းကနေပြီး ရွှန်းပပအောင်ကို စစတုန်းက လူမှားပြီး လာပြောတာမဟုတ်ကြောင်း၊ တမင်တကာ ရွှန်းပပအောင် အာရုံစိုက်လာအောင် လုပ်ကြောင်း ပြောလာခဲ့လေသည်။ ရည်းစားဟောင်းရဲ့ စကားကြောင့် ရွှန်းပပအောင် အံ့ဩသွားခဲ့ရလေသည်။ ပြီးမှ ရွှန်းပပအောင် နားလည်ပေးလိုက်ပါတော့သည်။ ရွှန်းပပအောင်သာ ယောကျာ်းလေးဖြစ်ပြီး သ‌ဘောကျနေတဲ့ မိန်းကလေးရှိရင် ရည်းစားဟောင်းလို ကြံမိကြံရာ ကြံမိမှာ အသေအချာဘဲပေါ့။

နောက်ပြီး ရည်းစားဟောင်းက ငယ်ရွယ်တဲ့သူဆိုတော့ အပျော်အပါး မက်တဲ့သူ ဖြစ်လေသည်။ ဒီအတိုင်း ဘားသွားတာ၊ သူငယ်ချင်းတွေနဲ့ သွားထိုင်တာမျိုးတွေ လုပ်လေ့ရှိလေသည်။ ရွှန်းပပအောင် အနေနဲ့ မကြိုက်တာမျိုးတော့ မဟုတ်ပေ။ တစ်ခါတစ်လေသွားတာမျိုးတော့ လက်ခံပေးလို့ ရလေသည်။ နေ့တိုင်းနီးပါးဆိုတော့ ရွှန်းပပအောင်လည်း မကြိုက်ပေ။ ဒါမှမဟုတ် ရွှန်းပပအောင်က အသက်ကြီးတော့ အဲ့လိုသီချင်းသံတွေ ဆူနေတဲ့ နေရာမျိုးကို မကြိုက်တဲ့သူမျိုးထဲ ပါလေသည်။ ဒီတော့ ရွှန်းပပအောင်မှာ ရည်းစားဟောင်းကို အဲ့လိုနေရာတွေ မသွားဖို့ ပြောကြည့်လေသည်။ ရည်းစားဟောင်းလည်း ရွှန်းပပအောင် ပြောတာကို လိုက်နားထောင်ပေးရှာပါသည်။ နေ့တိုင်းနီးပါးလို မသွားတော့။ တစ်ခါတစ်လေမှသာ သွားတော့သည်။ သွားတိုင်းလည်း ရွှန်းပပအောင်ကို ခွင့်တောင်းသွားတတ်လေသည်။

ရွှန်းပပအောင်နဲ့ ရည်းစားဟောင်းတို့ တစ်နှစ်ခွဲလောက်ထိ တွဲလိုက်ကြတာလို့ ပြောလို့ရနိုင်သည်။ တွဲလာတဲ့ တစ်လျှောက်လည်း ရန်ဖြစ်စကားများကြတာမျိုးလည်း မရှိပေ။ တစ်ခါတစ်လေတော့လည်း ညှိနှိုင်းရတာမျိူးတွေ ရှိခဲ့သည်။ ဒီကြားထဲ ရွှန်းပပအောင်မှာ ပန်းစည်းဆိုင်လေး ဖြစ်မြောက်ဖို့ လုံးပမ်းနေရတော့ ရည်းစားဟောင်းကို အချိန်သိပ်မပေးဖြစ်ခဲ့ပေ။ အလုပ်နဲ့ ရည်းစားဆို ရွှန်းပပအောင်မှာ အလုပ်ကိုဘဲ ရွေးချယ်မယ့် လူစားမျိုးထဲ ပါလေသည်။ တစ်ခါတစ်ခါ ရည်းစားဟောင်းက အပြင်သွားဖို့ လာပြောလို့ အလုပ်နဲ့ အချိန်တိုက်နေရင် မသွားတာမျိုးတွေ ဖြစ်လာခဲ့သည်။ ရွှန်းပပအောင်လည်း ဒီပန်းစည်းဆိုင်လေးက သူ့အိမ်မက်ဖြစ်ကြောင်း ရည်းစားဟောင်းကို ပြောပြထားလေသည်။ ဒီတော့ ရည်းစားဟောင်းလည်း လိုက်လျောညီထွေ လိုက်နေပေးပါလေသည်။ ဒီလိုတွေ အဆင်ပြေနေတယ်လို့ ထင်ခဲ့ပေမယ့် တစ်ကယ်တမ်းတော့ အဆင်မပြေဘူးဆိုတာကို ရွှန်းပပအောင် သိလိုက်ရတော့သည်။

ရည်းစားဟောင်းကနေပြီး တွေ့ဖို့ ချိန်းလေသည်။ အဲ့နေ့က အလုပ်ကလည်း အားနေတာ့ ရွှန်းပပအောင်လည်း သွားတွေ့ခဲ့လိုက်ပါသည်။ ကော်ဖီဆိုင်လေးမှာဘဲ တွေ့ကြတာ ဖြစ်ချေသည်။ တွေ့တော့ ရည်းစားဟောင်းကနေပြီး ရွှန်းပပအောင်ကို လမ်းခွဲစကား ပြောလာခဲ့ပါလေသည်။

“ကျွန်တော်တို့ လမ်းခွဲကြရအောင် မ”

လမ်းခွဲစကားကြောင့် ရွှန်းပပအောင် အတော်လေးကို အံ့ဩသွားခဲ့ရလေသည်။

“ဘာလို့ လမ်းခွဲမှာလဲ...... အားလုံး အဆင်ပြေနေတာဘဲလေ” လို့ ရွှန်းပပအောင် ပြန်ပြောလိုက်သည်။

“မက အဆင်ပြေပေမယ့်...... ကျွန်တော်က အဆင်မပြေလို့”

“ဘာတွေ အဆင်မပြေတာလဲ..... အရင်လို ညှိညှိနှိုင်းနှိုင်းပြောကြမယ်လေ.......”

“မဟုတ်ဘူး....... မ......... ကျွန်တော်တို့ ဘယ်လို့မှ အဆင်မပြေတော့ဘူးထင်တယ်”

“ဘာက အဆင်မပြေတာလဲ..... ပြောပါအုန်း......” လို့ ရွှန်းပပအောင် မေးလိုက်ပါလေသည်။

“မက အရမ်းကို ချုပ်ချယ်လွန်းတယ်.......”

ပြောလာတဲ့ စကားကြောင့် ရွှန်းပပအောင် အံ့ဩမှင်သက်မိလေသည်။ အသက်အရွယ် ကွာခြားတာကြောင့် ဒီလိုတွေ ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုတွေးထားပေမယ့် အခု တစ်ကယ်ဖြစ်လာတော့ ရွှန်းပပအောင် တစ်ယောက် အံ့ဩလို့မဆုံး ဖြစ်ခဲ့ရလေသည်။ ရွှန်းပပအောင် ပြန်ပြောမလို့ ပြင်နေချိန်မှာဘဲ ရည်းစားဟောင်းက ထပ်ပြောလာပြန်လေသည်။

“ပြီးတော့လည်း....... ကျွန်တော် မကို မချစ်တော့ဘူးလို့ ထင်တယ်........ ပြီးတော့ မက ကျွန်တော့်ကိုလည်း အချိန်သိပ်မပေးဘူး”

ရွှန်းပပအောင် ဘာမှ ပြန်မပြောဘဲ ငြိမ်ပြီးသာ နားထောင်နေလိုက်လေသည်။

“ကျွန်တော်တို့ လမ်းခွဲကြတာက ပိုကောင်းမယ် ထင်တယ်”

မသေချာမရေရာတဲ့ အကြောင်းပြချက်တွေ ပြပြီး လမ်းခွဲစကားပြောနေတဲ့ ရည်းစားဟောင်းကို ကြည့်ပြီး ရွှန်းပပအောင် ဘာပြောရမှန်းမသိအောင် ဖြစ်ခဲ့ရလေသည်။ ချုပ်ချယ်တဲ့ ကိစ္စက အသက်အရွယ်ကွာခြားတဲ့ အတွဲတွေမှာ ဖြစ်နေကြဘဲလေ။ ပြီးတော့ အချိန်သိပ်မပေးဖြစ်တာကလည်း ပိုကောင်းတဲ့ ဘဝကို ရဖို့အတွက် အလုပ်လုပ်နေရတာမလို့ဘဲလေ။ ဒါတွေကို အကြောင်းပြပြီး လမ်းခွဲစကားပြောတာ ရယ်ချင်စရာတော့ ကောင်းလှသည်။ ဒီတော့ ရွှန်းပပအောင် တစ်ယောက် ရည်းစား‌ဟောင်းကို စိုက်ကြည့်ပြီး ဆုံးဖြတ်ချက်ချနေပါလေသည်။ ရည်းစားဟောင်းကတော့ မျက်နှာလွဲနေပါလေသည်။ ပြီးတော့မှ ရွှန်းပပအောင် တစ်ယောက် ပြန်ပြောလိုက်ပါလေသည်။

“ရတယ်လေ...... အဆင်မပြေတာတွေ ဖြစ်တော့လည်း..... ‌ရှေ့ဆက်လို့ ဘယ်ရတော့မလဲ...... လမ်းခွဲချင်တယ်ဆိုတော့လည်း လမ်းခွဲကြတာပေါ့”

“မ.... တစ်ကယ်ပြောနေတာလား”

“တစ်ကယ်..... လမ်းခွဲကြတာပေါ့....... မက မောင့်တက်လမ်းတွေကို ပိတ်ထားမိတာနဲ့ တူတယ်...... ကိုယ့်လမ်းကို သွားကြတာပေါ့..... မောင်က မောင့်လမ်းသွား..... မလည်း မလမ်းပေါ့”

ရည်းစားဟောင်းကတော့ ဘာမှပြန်မပြောဘဲ ငြိမ်ကျသွားလေသည်။

“မ အလုပ်လေးရှိလို့ အရင် ပြန်နှင့်မယ်နော်.........” လို့ ပြောပြီး ရွှန်းပပအောင် တစ်ယောက် ကော်ဖီဆိုင်ကနေ ဦးအောင် ပြန်လာခဲ့လိုက်လေသည်။

ရွှန်းပပအောင်နဲ့ ရည်းစားဟောင်းလေးတို့ရဲ့ ဒီလောက်ပင် ဖြစ်သည်။

ရွှန်းပပအောင် တစ်ယောက် အရင်အကြောင်းတွေကို ပြန်စဉ်းစားမိပြီး ပြုံးလိုက်ပါလေသည်။ ပြီးတော့ စားပွဲပေါ်မှာ တင်ထားတဲ့ ကော်ဖီဆိုင်မှာတုန်းက ရည်းစားဟောင်းရဲ့ ကောင်မလေး ပေးခဲ့တဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို ကြည့်လိုက်ပါလေသည်။ ဖိတ်စားလေးကို ကြည့်ပြီး ရွှန်းပပအောင် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ တစ်ကယ်လို့ ရည်းစားဟောင်းနဲ့သာ လမ်းမခွဲခဲ့ရင် ဒီဖိတ်စာရဲ့ မိန်းကလေး နာမည်မှာ ရွှန်းပပအောင်ရဲ့ နာမည်က နေရာယူထားမှာ အသေချာဘဲပေါ့။ အခုကောင်မလေးကလည်း  ရည်းစားဟောင်းနဲ့ ရွယ်တူဘဲဆိုတာ ရွှန်းပပအောင် တစ်ယောက် မမေးလည်း သိလေသည်။ ရည်းစားဟောင်းက သူနဲ့ ကိုက်မယ့်သူကို ရှာတွေ့ခဲ့တော့လည်း ပျော်မိလေသည်။ အခုကောင်မလေးကို ချစ်နေတာ မြင်တော့ ရွှန်းပပအောင်လည်း တစ်ခုခုကို စဉ်းစားမိသွားလေသည်။ အဲ့တာကတော့ ရွှန်းပပအောင်အနေနဲ့ ဘယ်နေရာမှာများ လွဲသွားခဲ့တာလဲ ဆိုတဲ့ အချက်ပင် ဖြစ်သည်။ အဆင်ပြေလာနေရင်းမှ ရုတ်တရက်ကြီး လမ်းခွဲခဲ့ရတာဆိုတော့ တစ်နေရာရာမှာ လွဲသွားတယ်ဆိုတာ တပ်အပ်ပြောနိုင်လေသည်။ ဘာတွေများ လွဲသွားတာလဲ။ ဘာတွေလိုသွားလို့လဲ။ ရွှန်းပပအောင်မှာ ဖိတ်စာလေးကို ကြည့်ပြီး တစ်ယောက်ထဲ မေးခွန်းတွေ ထုတ်နေပါလေသည်။ အဲ့ချိန် ဆိုင်ကကောင်မလေး ‌ရောက်လာပါတော့သည်။

“အမ..... surprise ကိစ္စလေး ပြောချင်လို့” ဆိုကာ ပြောလာပါလေသည်။

ဒီတော့မှ ရွှန်းပပအောင် တစ်ယောက် သတိပြန်လည်လာပါတော့သည်။

“အော်...... ဟုတ်ပြီ...... အမ လာခဲ့လိုက်မယ်” လို့ ဆိုင်ကကောင်မလေးကို ရွှန်းပပအောင် ပြန်ပြောလိုက်လေသည်။

ဆိုင်ကကောင်မလေး ထွက်သွားတော့ ရွှန်းပပအောင်မှာ မင်္ဂလာဆောင်ဖိတ်စာကို ယူကြည့်လိုက်ပါလေသည်။ ပြီးတော့ လှောင်ပြုံးလေး ပြုံးလိုက်လေတော့သည်။ ဘာကြောင့် အရင်ကအကြောင်းတွေကို တွေးပြီး ပူဆွေးနေတော့မှာလဲ။ ရည်းစားဟောင်းဆိုတာ ကိုယ့်ကို မလိုအပ်တော့လို့ ထားခဲ့ပြီဘဲလေ။ နှစ်တွေလည်း ကြာခဲ့ပြီဘဲလေ။ ခဏလေး တွေ့လိုက်တာနဲ့ ဘာလို့ အရင်ကအကြောင်းကို ပြန်တွေးနေရတော့မှာလဲ။ ပြီးခဲ့တာတွေ ပြီးပြီဘဲလေ။ လွဲသွားခဲ့လို့လည်း ရွှန်းပပအောင် ခုလိုမျိုး ဆိုင်ဖွင့်နိုင်ခဲ့တာဘဲပေါ့။ ဘာကြောင့်များ ရည်းစားဟောင်းကို ပြန်တွေးနေရမှာလဲ။ ရည်းစားဟောင်းဆိုတာ အမြဲတမ်း ရည်းစားဟောင်းဘဲပေါ့။

ရွှန်းပပအောင် တစ်ယောက် ပြုံးပြီးတော့ ဖိတ်စာကို စားပွဲပေါ် ပစ်တင်လိုက်ပါတော့သည်။ ပြီးတာနဲ့ အခန်းလေးထဲကနေ ထွက်သွားလေတော့၏။

......................

မင်္ဂလာဆောင်ခန်းမရှေ့သို့ ကားတစ်စီး ရပ်လာခဲ့လေသည်။ ထိုကားလေးထဲကနေ လှလှပပဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် ဆင်းလာပါလေသည်။ လက်ထဲတွင်လည်း ပန်းစည်းလေး တစ်စည်း ကိုင်ထားလျက် ခန်းမထဲသို့ ဝင်သွားပါတော့သည်။

...........................

ထွဋ်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#လမ်းခွဲ
#ရည်းစား
#ကောင်မလေး
#ညီမ
#မျက်နှာ

Some text some message..