ကျွန်ုပ်သည် လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က မြောက်ဥက္ကလာပမြို့နယ်မှ ရပ်ကွက်တစ်ခုတွင် နေထိုင်ခဲ့လေ၏။ ထို ရပ်ကွက်သည် ( ဈ ) ဈေးကြီးနှင့် မနီးမဝေးတွင်ရှိလေ၏။ ကျွန်ုပ်နေထိုင်သည့်နေရာသည် ( က ) ရပ်ကွက် နွယ် သာကီ ခြောက်လမ်း ဖြစ်ပေသည်။ ကျွန်ုပ်၏ ဇနီးသည် ( ဈ ) ဈေးထဲတွင် ဝက်သားရောင်းသူတစ်ယောက်ဖြစ်ပြီး ကျွနု်ပ်သည်ကား ဆိုက္ကားနင်း၍ မိသားစု ဝမ်းစာရေးကို ရှာဖွေကျွေးမွေးသူဖြစ် ပေသည်။
ကျွန်ုပ်သည် ဆိုက္ကားနင်းသူဖြစ်သော်လည်းအသောက်အစား၊ လောင်းကစားကင်းသူဖြစ်ပေသည်။ မိန်းမပွေရှုပ်ဖို့ ဝေးစွ၊အခြားဆိုက္ကားဆရာများကဲ့သို့ ပြည့်တန်ဆာရှာပေးတတ်သူမဟုတ်သည့်အပြင်အားပေးသူလည်း မဟုတ်ပေ။ ဆိုက္ကား ဂိတ်တွင် ခရီးသည်များအား စောင့်ဆိုင်းရင်း စိပ်ပုတီးကာ မေတ္တာပို့တတ်သူ၊အချိန်ရလျှင် သမထ ထိုင်တတ် သူသာဖြစ်ပေသည်။ ထို့ကြောင့်လည်း ဘဝတူ ဆိုက္ကား ဆရာများက ကျွန်ုပ်အား ဘိုးတော်မောင်သောင်းဟု ခေါ် က လေသည်။ ရင်းနှီးသူအချို့ကလည်း ဘိုးတော်ဟု ခေါ်ဆိုကြလေသည်။ သို့ပါသော်လည်း ကျွန်ုပ်သည် ဘိုးတော်တစ် ယောက် မဟုတ်ပေ။ ကျွန်ုပ်၏ ထူးခြားချက်တစ်ခုသည် မမြင်အပ်သောအရာများကိုအမှတ်မထင် မြင်တွေ့တတ်
သည်။ ကျွန်ုပ်သည် ပယောဂဆရာတစ်ယောက်မဟုတ်သလိုအထက်ဂိုဏ်းမှ ဆရာတစ်ယောက်လည်း မဟုတ်ပေ။
ကျွန်ုပ်တို့၏ ဆိုက္ကားဂိတ်သည် ဈေးလမ်းဆုံထောင့်တွင်ရှိသည့် ညောင်မုတ်ဆိတ်ပင်ကြီးအောက်တွင် ဖြစ်ပေသည်။ ထိုညောင်မုတ်ဆိတ်ပင်အောက်တွင် ကွမ်းယာဆိုင်တစ်ဆိုင်နှင့် ဆေးဆိုင်တစ်ဆိုင်ရှိလေသည်။ ကိုလူဝ၏ကွမ်းယာဆိုင် သည် ကျွန်ုပ်အမြဲစားနေကျ ကွမ်းယာဆိုင် ဖြစ်ပေသည်။ ကိုလူဝသည်အလွန်အစအနောက်သန်သူဖြစ်ပြီး ဒေါသလည်း ကြီးသည်။အရက်သေစာသောက်စားပြီးလျှင် သွေးဆိုးသည်။ မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်သည်။ ညနေစောင်းသည် နှင့် ကွမ်းယာဆိုင်ကို တပည့်ဖြစ်သူနှင့် လက်လွှဲပြီး ကွမ်းယာ ဆိုင်မှာပင်အရက်ထိုင်သောက် နေတတ်သည်။ ကျွန်ုပ်တို့ ဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာအပေါင်းက ကိုလူဝအကြောင်းသိနေကြသလို ကိုလူဝထံမှအကြွေးယူခြင်းလည်း မကင်း ကြလေသဖြင့် ကိုလူဝပြုမူဆဲဆိုသမျှ သည်းခံ ခွင့်လွှတ်နိုင်သော်လည်းအကြောင်းမသိသူများက ကိုလူဝနှင့် ခိုက်ရန်ဖြစ် တတ်သည်။ ကိုလူဝနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်သူက နံပါတ်ပြားများ၊ ဆိုင်းဘုတ်များ ရေးဆွဲသည့် ပန်းချီဆရာ ကိုလှရွှေ ဖြစ်ပေသည်။ ကိုလှရွှေသည် ဆိုင်ဟူ၍ သီးသန့်ဖွင့်ထားခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ ဆိုက္ကားဂိတ်ဘေးတွင် စား ပွဲတစ်လုံး ခုံတစ်ခုဖြင့် ကားနံပါတ်၊ ဆိုက္ကားနံပါတ်နှင့် ပန်းချီရေးဆွဲကာ ဝမ်းစာရှာနေသူတစ်ယောက်ဖြစ်ပေသည်။ ကိုလှရွှေသည်လည်းအသောက်အစားကင်းသူမဟုတ်ပေ။ ကိုလှရွှေနှင့် ကိုလူဝတို့သည် ကိုလူဝ၏ ကွမ်းယာဆိုင်တွင်အတူသောက်စားတတ်ကြပြီး မူးလာသည့်အခါတိုင်း စကားများ ရန်ဖြစ်တတ်ကြသည်။ ရိုက်နှက်သတ်ပုတ်ကြ၊အော်ဟစ် ဆဲဆိုကြသည်။ ကျွန်ုပ်တို့ကအကြောင်းသိနေသဖြင့် ဝင်ရောက်တားမြစ်ခြင်းမပြုကြပေ။အချင်းချင်း သတ်ပုတ်ပြီးပါ ကလည်း နောက်နေ့တွင်အတူသောက်ကြဦးမည်ကို သိနှင့်ပြီးသားမို့ ကိုလူဝနှင့် ကိုလှရွှေတို့၏ ရန်ပွဲသည် ကျွန်ုပ်တို့အတွက်အထူးအဆန်း မဟုတ်တော့ပေ။
ကျွန်ုပ်သည် မိန်းမလိုက်စားခြင်း၊ လောင်းကစားခြင်း၊အရက်သေစာသောက်စားခြင်းမရှိသော်လည်း ကွမ်းယာ ကိုတော့ လွန်စွာ နှစ်သက်လေ၏။ ကျွန်ုပ်၏ဇနီးသည်သားစိမ်းရောင်းသူဖြစ်သော်လည်း ဘုရားတရားလွန် စွာမြဲသူဖြစ် သလို ကျွန်ုပ်သည်လည်း ဘုရားတရားမြဲသူဖြစ်ပေသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံတွင် သမီးတစ်ယောက်ရှိပြီး ရီရီသန့်ဟုအမည်သညာခေါ်တွင်လေသည်။ သတ္တမတန်းကျောင်းသူ သမီးလေးရီရီသန့်သည်အထက ( ၂ ) မြောက် ဥက္ကလာတွင် ပညာသင်ယူနေသူဖြစ်ပေသည်။
ကျွန်ုပ်တို့မိသားစုသည်အနေဆင်းရဲကြသော်ငြား မြတ်ဗုဒ္ဓ၏အဆုံးအမအောက်တွင်နေထိုင်ကြပြီး မြတ်ဘုရား၏ တရားတော်များကို လိုက်နာကျင့်ကြကြသူများဖြစ်သည့်အတွက် စိတ်ဆင်းရဲခြင်းမှ ကင်းဝေးကြလေသည်။ စိုးရိမ်ကြောက် ရွံ့ခြင်းမှ ကင်းဝေးကြလေသည်။ မသေခင်လူ့ဘဝ၌ ပြုခဲ့သမျှကုသိုလ်ကံအကုသိုလ်ကံအလိုက် သေလွန်ပြီးနောက်ပိုင်း လားရမည့် ဘုံဘဝများကိုလည်း သိမြင်ကြလေသည်။ ထို့ကြောင့်လည်း နာနာဘာဝ (အသီးအခြားဖြစ်ရခြင်း၊ ရှင်ကွဲ ကွဲခြင်း၊ ကွေကွင်းရခြင်း ) ဝိနာဘာဝ ( သေကွဲကွဲခြင်း ) တည်းဟူသောအကျိုးအကြောင်းတရားများကိုလည်း ဆင်ခြင်မိ ကြလေသည်။ ထို့အပြင် ပေတမည်သော ပြိတ္တဘဝကိုလည်း နားလည် ဆင်ခြင်မိကြလေသည်။ နာနာဘာဝ ဆိုသည်နှင့် သရဲတစ္ဆေဟုသာ မှတ်ယူထားကြကုန်သောသူ တို့နှင့် မည်သည့်အခါမှ မဆွေးနွေးပါ။ သေလွန်ပြီးနောက်ပိုင်းအကုသိုလ် ကံကြောင့် ငရဲသို့လားရမည်ကို ဘုရားဟော ထားသည့် တရား တော်များတွင် နာကြားနိုင်သည့်တိုင် ငရဲဆိုသည်မရှိဟူ သည့် တယူသန်များနှင့် ကျွန်ုပ် မဆွေးနွေးပါ။
ကံကံ၏အကျိုးကို နားမလည်သူများနှင့်လည်း မဆွေးနွေးပါ။ သေလွန်ပြီးနောက် ကုသိုလ်ကံအကုသိုလ် ကံအလိုက် ဘုံဘဝအမျိုးမျိုးတွင် ကျင်လည်ကြကြောင်း မြတ်ဘုရားဟောကြားခဲ့သည့် တရားတော်များတွင် နာကြားနိုင်၊ ဓမ္မစာပေများ ဖတ်ရှုမှတ်သားနိုင်ကြသော်လည်း နာယူမှတ်သားခြင်းမရှိကြသည့် တယူသန် မိစ္ဆာဝါဒီများနှင့် မည်သည့်အခါမှ မဆွေးနွေး ခဲ့ပါ။
ဝိညာဏဂတဟူသည့် ဝိညာဉ်သည်အမှန်တကယ်ရှိလေ၏။ သေလွန်ပြီးနောက်ပိုင်းအခြားဘုံဘဝသို့ မကူးပြောင်း နိုင်သေးသည့် စပ်ကြားကာလတွင် ကျင်လည်နေကြရသည့် စိတ်ဝိညာဉ်သာဖြစ်ပေ၏။အရပ်စကားဖြင့် လိပ်ပြာဟုလည်း ခေါ်ဆိုကြ၏။ ဝိညာဉ်ဟူသည်ကား စိတ်အစဉ်သာလျှင်ဖြစ်ပေ၏။ စိတ်အစွဲ ကြောင့်သော်လည်းကောင်း မိမိသေဆုံးခဲ့ခြင်း ကို မသိခဲ့လျှင်သော်လည်းကောင်း ထိုစိတ်ဝိညာဉ်သည်ကား ဝါဂွမ်းကဲ့သို့ ပေါ့ပါးစွာဖြင့် လွင့်ပါးကာ သွားလိုရာသွားနိုင်ပေ သည်။အချို့သော ဝိညာဉ်တို့သည်ကား ရံဖန်ရံခါ သက်ရှိအချိန်ကအသွင်ဖြင့် ကိုယ်ထင်ပြပြီး သွားလာနေတတ်၏။
ကျွန်ုပ်တို့မိသားစုအနေဖြင့် တရားဓမ္မထဲမှာသာ နာကြားမှတ်သားခဲ့ရသော ဝိညာဏဂတဟူသည့် ဝိညာဉ်အား မျက် ဝါးထင်ထင်ကြုံတွေ့ခဲ့ကြရလေသည်။ ကျွနု်ပ်တို့မိသားစု ကြုံတွေ့ခဲ့ရသည့် ဝိညာဉ်သည်ကားအေးဆေးငြိမ်သက် သော ဝိညာဉ်နှင့် လွန်စွာဆိုးသွမ်းသည့် ဝိညာဉ်တို့ဖြစ်ပေ၏။ ထိုအကြောင်းအရာအား တရားဓမ္မနှင့်ယှဉ်၍ နှလုံးသွင်းနိုင်ကြ စေရန် ကျွန်ုပ်ဖွင့်ဟလိုက်ရလေတော့သည်။
********************
“ ဘိုးတော်၊ ဆိုက္ကားအားလား ”
“အားတယ် ကိုခင်စိုး။ ဘယ်သွားမလို့လဲ ”
“ မြရတနာ ဆယ်လမ်းသွားချင်လို့ ”
“ ဟုတ်ကဲ့။ တက်လေ ကိုခင်စိုး ”
ခေမာသီ ၁ လမ်းသို့ ခရီးသည်ပို့ပြီးအပြန်၊ မင်းရန်အောင် ရုပ်ရှင်ရုံအကျော်လောက်တွင် ရင်းနှီးခင်မင်နေသည့် ကိုခင်စိုးက လမ်းမှဖြတ်တားပြီး မြရတနာ ဆယ်လမ်းသို့ လိုက်ပို့ခိုင်းသဖြင့် လိုက်ပို့ရလေသည်။အချိန်ကလည်း မနက် ရှစ်နာရီထိုးခါနီး ရုံးတက်ချိန်မို့ ခေမာသီလမ်းတစ်လျှောက် လူသွားလူလာများ၊ ဈေးသွား ဈေးပြန်များဖြင့် စည်ကား နေသည်။
“ ဘတ်စ်ကားတွေကလည်းဗျာ။အတွယ်တွေစွတ်တင်ထားတော့ တစ်ဖက်ကိုအရမ်းစောင်းနေပြီ။ ဘယ်အချိန်မှောက်မလဲ ဆိုတာတွေးပြီး လန့်နေရတယ် ”
“ ဟုတ်ပါ့ ကိုခင်စိုးရေ။ ရုံးတက်ရုံးဆင်းဆိုလို့ကတော့ ကျပ်သိပ်နေတာ။ တွယ်မစီးပြန်ရင်လည်း ခရီးမရောက်တော့ဘူး ”
“ ဒါတော့ ဟုတ်တယ် ဘိုးတော်ရေ။ တစ်ခါတစ်လေ ဆူးလေကနေ တွယ်စီးလိုက်ရတာ ဈဈေးမှတ်တိုင် ရောက်တဲ့အထိပဲ။ လက်အံသေပြီး ပြုတ်မကျအောင် မနည်းဂရုစိုက်ရတာ။အဝိုင်းကိုပတ်ကွေ့တဲ့အချိန်ဆို ကားမှောက်မှာစိုးလို့ ဘုရားတ နေရတယ်ဗျ။ ကားသာမှောက်လို့ကတော့အတွယ်တွေအရင်ပိပြီး ပြားချပ် ကုန်မယ်။ BM ကားတွေကလည်းအလုအ ယက်ကိုမောင်းတာ။ လေယာဉ်ပျံကျနေတာပဲ။ ကွေ့ဆိုလည်းအရှိန်မလျှော့ဘဲ ကွေ့တာဗျ ”
“အဲဒီကားတွေမှ မစီးရင်လည်း ဘယ်လိုလုပ်မလဲဗျာ ”
“ ဟုတ်တယ်ဗျာ ”
ကိုခင်စိုးနှင့် စကားပြောရင်း ဆိုက္ကားကို ပုံမှန်နင်းလာခဲ့သည်။ မြရတနာဆယ်လမ်းတွင် ကိုခင်စိုးကို ချပေးခဲ့ပြီး နောက် ဂိတ်သို့ပြန်လာခဲ့သည်။ မြရတာလမ်းမကြီးမှ ခေမာသီလမ်းမကြီးပေါ်သို့ တက်ခါနီးတွင် BM ဟီးနိုးကားတစ်စီး ကအရှိန်ပြင်းပြင်း လီဗာကုန်နင်းပြီး လာနေသဖြင့် လမ်းမပေါ်သို့မတက်သေးဘဲ စောင့်နေလိုက်သည်။
“ ဝူး.....ဝူး........ ”
“ ကျွီ.............ဂျိမ်း........ခွမ်း..........ဒုံး....... ”
“ ဟာ....... မှောက်ပြီဟေ့ ”
အဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။အရှိန်ကုန်မောင်းလာသည့် BM ဟီးနိုးကားက မြောက်ဥက္ကလာပ ရဲစခန်း ရှေ့အရောက် ဘယ်ညာလူးကာ တိမ်းမှောက်သွားပြီး ကုက္ကိုပင်ကို ဝင်တိုက်ကာ ငြိမ်သက်သွားသည်။အော်ဟစ်ဆူညံသံ များက ငရဲပွက်သည့်အလား။ တစ်ခု ကံကောင်းသည်ကအတွယ်မပါလာခြင်းပေ။အတွယ်များပါလာပါကအရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားနိုင်သည်။ ကားထဲမှအလုအယက်ထွက်လာကြသည့် ခရီးသည်များကို မြင်လိုက်သည့်အခိုက် ကျွန်ုပ်လည်း ဆိုက္ကားကို လမ်းဘေးထိုးပြီး ကားမှောက်သည့်နေရာသို့ ပြေးရလေတော့သည်။ ကျွန်ုပ်နှင့်အတူ မြရတနာ လမ်းထိပ်ရှိ ဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာများလည်း ကားမှောက်သည့်နေရာသို့အပြေးအလွှားသွားကာ ကားထဲမှ ခရီးသည် များကို ပြူတင်းပေါက်မှ ဆွဲထုတ်ရလေတော့သည်။ ညည်းညူသံ၊အော်ဟစ်ငိုယိုသံများက ကျွန်ုပ်၏နားထဲသို့ သံရည်ပူဖြင့် လောင်းချသကဲ့သို့ ရှိနေသည်။
ခရီးသည်အမျိုးသားအချို့၊ ကျွန်ုပ်တို့ ဆိုက္ကားဆရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ထဲမှ ပြည်သူများ၏ ကူညီမှု ကြောင့်အသက်ရှင်သူများကိုအပြင်သို့အမြန်ဆွဲထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ကားထိုင်ခုံကြားတွင် ညပ်နေသည့်အမျိုးသမီးတစ်ယောက်နှင့် သေဆုံးနေသူအမျိုးသမီးနှစ်ဦးအပြင် ကားအောက်တွင်ပိနေသည့်အလောင်းတစ်လောင်းက ကျန်နေသေးသည်။ လူနာများကို မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့သူကပို့နေချိန်တွင် ကျွန်ုပ်နှင့်အမျိုးသားတစ်ယောက် က ပြူတင်းပေါက်မှန်မှ ကားထဲသို့ဝင်ရောက်ပြီးအမျိုးသမီးအလောင်းနှစ်လောင်းကို သယ်ယူရသည်။ သေဆုံးနေသည့်အမျိုးသမီးနှစ်ဦးသည် ကားမှောက်စဉ်က ခရီးသည်များပိပြီး သေဆုံးခဲ့ပုံရပေသည်။ ကားထိုင်ခုံအောက်တွင်ညပ်နေသည့်အမျိုးသမီးငယ်သည် ကျောင်းစိမ်းဝတ်စုံဝတ်ဆင်ထားသဖြင့် ကျောင်းဆရာမတစ်ဦးဖြစ်ဟန်တူသည်။အသက်အရွယ်က နှစ်ဆယ့်ငါးနှစ်ခန့်သာရှိပုံရသေးသည်။ သို့သော်လည်း ကိုယ်လုံးက ဝဖိုင့်နေသဖြင့် ခုံကြားထဲမှ ဆွဲထုတ်၍မရပေ။အမျိုးသမီးထံမှ ညည်းညူသံသဲ့သဲ့ကြားနေရသေးသဖြင့်အသက်ရှင်နေသေးသည်။
ကျွန်ုပ်နှင့်အတူ ဝိုင်းကူပေးသည့်အမျိုးသားတို့ ခက်ခက်ခဲခဲဆွဲထုတ်မှ ထိုင်ခုံအောက်မှ လွတ်မြောက်ခဲ့သည်။အမျိုးသမီးကို ဆွဲထုတ်ပြီးအပြင်သို့ထုတ်ရန်က တော်ရုံနှင့် လွယ်မည်မဟုတ်ပေ။ ဘေးတစောင်းတိမ်းမှောက်နေသဖြင့် ထိုင်ခုံများပေါ်မှ ခက်ခက်ခဲခဲသယ်ရပေမည်။
“အစ်ကို၊အပြင်ကအမျိုးသားသုံးလေးယောက်လောက် ခေါ်ပေးပါ။ ဆရာမက ဝတော့ ကျွန်တော်တို့နှစ်ယောက်တည်းနဲ့အဆင်မပြေလောက်ဘူး ”
“ ဟုတ်တယ်။ ကျွန်တော် ခေါ်လိုက်မယ် ”
ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဆရာမလေးကိုပွေ့ထားခိုက် ဆရာမလေး၏မျက်လုံးများပွင့်လာသဖြင့် ကျွန်ုပ်ဝမ်းသာမိသည်။ သို့ပါသော်လည်း ကျွန်ုပ်၏ဝမ်းသာမှုက တဒင်္ဂသာ။
“ ဆရာမ....ဆရာမ။ ဘာမှမဖြစ်တော့ဘူး။ ဆရာမ....သတိထား ”
ဆရာမလေးကို ပွေ့ထားရင်း မေးစေ့ကိုကိုင်လှုပ်ပြီး သတိပေးတဲ့အခါ ဆရာမလေးက မျက်လုံးအသာဖွင့်ပြီး ကျွန်ုပ်ကိုအသေအချာကြည့်ပါသည်။ ။ ဆရာမလေး ဘာပြောချင်တယ်ဆိုတာ ကျွန်ုပ်မသိပေမယ့် စကားပြောဖို့အား ယူနေတာကိုတော့ ကျွန်ုပ်သိပါသည်။
“ ဆရာမ......ဘာပြောချင်လဲ။ ပြောလေ ”
ကျွန်ုပ်မေးလိုက်စဉ်မှာပဲ ဆရာမလေးကပါးစပ်ပွင့်လာပါတယ်။ သို့ပေမယ့် စကားသံအစား သွေးတွေ ပွက်ကနဲ ထွက်လာပြီး ခေါင်းစောင်းကျသွားပါတော့သည်။
“ ဆရာမ.....ဆရာမ ”
ကျွန်ုပ်လည်း ကြားဖူးနားဝရှိသမျှ စမ်းသပ်ကြည့်တဲ့အခါအသက်ရှုသံ၊ နှလုံးခုံသံမကြားရတော့ပါ။ မကြာခင်မှာပဲအမျိုးသားလေးယောက် ကားထဲရောက်လာကြသဖြင့် ဆရာမလေးရဲ့အသက်မဲ့နေသည့်ခန္တာကိုယ်ကိုအပြင်ကိုခက်ခက် ခဲခဲ သယ်ထုတ်ခဲ့ရပါတော့သည်။
ကားထဲတွင်အကုန်ရှင်းလင်းသွားသဖြင့် လူအင်အားကိုအသုံးပြုကာ ကားကို ဝိုင်းထောင်ကြရပါသည်။ ထိုအခါမှ ကားအောက်တွင်ပိနေသူကို မြင်တွေ့ခဲ့ရပါတော့သည်။ တစ်ကိုယ်လုံး ပြားကပ်နေပြီး ဦးခေါင်းအစိတ်စိတ်အမွှာမွှာကွဲကြေ နေသည့် မြင်ကွင်းကို ကျွန်ုပ်မမြင်ရက်ပါ။ မကြည့်ချင်ပါ။ မည်သူမည်ဝါမှန်းမသိသော်လည်း မိသားစုသာမြင်ပါကအတော် စိတ်မကောင်းဖြစ်ကြရမည်မှာအမှန်ဖြစ်ပေသည်။
ကျွန်ုပ်လည်း ကူညီစရာရှိသည်ကို ကူညီပြီးသဖြင့် ဆိုက္ကားကိုယူကာ ဆိုက္ကားဂိတ်သို့ နင်းလာခဲ့သည်။
**************
“ ဘိုးတော်ရေ......ကိုလူဝကြီး ဆုံးသွားပြီတဲ့ ”
ကျွန်ုပ် ဂိတ်ကိုရောက်ပြီး သန္တာလမ်းသို့ ခရီးသည်ရသဖြင့် လိုက်သွားခဲ့သည်။ သန္တာလမ်းမှအပြန် လမ်းမှတား စီးသည့် ခရီးသည်များကို လိုက်ပို့ပေးနေရသဖြင့် ဂိတ်ကို မနက် ကိုးနာရီမှ ပြန်ရောက်လာခဲ့သည်။ ခရီးရောက်မဆိုက် ကြားလိုက်ရသည့် သတင်းကြောင့် ကျွန်ုပ်တုန်လှုပ်သွားမိသည်။ ဇီဝိတံ မေအဓုဝံ (အသက်သည် တည်မြဲခြင်းမရှိ ) ဟူသည့်စကားသည် မှန်ပါသည်။ မျက်စိတစ်မှိတ်လျှက်တစ်ပျက်အတွင်း ခန္တာကိုယ်ကို စွန့်သွားနိုင်သည်။
“ ဟင်..... ဘယ်လိုဖြစ်တာလဲဗျ မနက်ခုနစ်နာရီက ကွမ်းယာဆိုင်လာတာတောင် တွေ့လိုက်သေး ”
“ မနက်က BM ကားမှောက်တဲ့အထဲပါသွားတာကွ။ ကားအောက်မှာ ပိပြီးသေနေတာ ပြားချပ်နေတာပဲတဲ့ ”
“ ဗျာ........ ”
ကျွန်ုပ်မြင်တွေ့ခဲ့ရသည့် ကားအောက်မှလူသည် ကိုလူဝကြီးဖြစ်နေသည်ကို သိလိုက်ရသဖြင့် ကျွန်ုပ်၏ရင်ထဲတွင်အမျိုးအမည်မဖော်ပြနိုင်သည့် ခံစားချက်များအပြေးအလွှားရောက်လာခဲ့သည်။
“ ကားမှောက်တာ ကျွန်တော့်မျက်စိရှေ့မှာပဲ ကိုကြည်လွင်။ ကားထဲက ခရီးသည်တွေအလောင်းတွေကို ကျွန်တော်ပါ ဝင်ကူပြီး ထုတ်ပေးခဲ့တာ။ ကားကိုလှန်တော့ ကားအောက်မှာ ပိနေတဲ့သူကိုတွေ့တယ်။ ပြားချပ်ပြီး ခေါင်းကလည်းအစိတ်စိတ်အမွှာမွှာ၊ ဗိုက်ပွင့်ပြီးအူတွေထွက်နေတော့ ဘယ်သူဘယ်ဝါမှန်း မသိဘူးဗျာ။ စိတ်မကောင်းလိုက်တာ ”
“ သူ့မိန်းမနဲ့ သူ့အမျိုးတွေ ဆေးရုံလိုက်သွားကြပြီ ”
“ ကွမ်းယာဆိုင် ဘာလို့မဖွင့်တာလဲလို့ တွေးမိသေးတာဗျာ ”
“ မနက်က ဆိုင်ကိုလာတယ်။ ငါက ဆိုင်မဖွင့်ဘူးလားလို့မေးတော့ ဘုန်းကြီးလမ်းက သူ့ယောက္ခမအိမ်ကို ခဏသွားမယ် ဆိုပြီး ထွက်သွားတာ။ နေ့မြင်ညပျောက်မဟုတ်တော့ဘူး၊ ခုမြင် ခုပျောက်ဖြစ်နေပြီ ဘိုးတော်ရေ ”
“ ဒီလိုပေါ့ ဘိုးတော်ရာ။ သေချင်းတရားဆိုတာ တံခါးမခေါက်ဘဲ ဝင်လာတတ်တယ် ”
ကျွန်ုပ်စိတ်မကောင်းဖြစ်လွန်းသောကြောင့် ဆိုက္ကားဆက်မနင်းတော့ဘဲအိမ်သို့ ပြန်ရန်ပြင်လိုက်လေသည်။
“ ဘယ်သွားမလို့လဲ ဘိုးတော် ”
“ ဒီနေ့ ဆိုက္ကားမဆွဲချင်တော့ဘူးဗျာ ”
“ ဘယ်လိုဖြစ်လို့လဲ ဘိုးတော် ”
“ ကိုယ့်မျက်စိရှေ့မှာ မြင်ခဲ့ရတဲ့အနိဋ္ဌာရုံတွေကြောင့်ပါဗျာ ”
ကျွန်ုပ်မှာ စကားပြောရန် ခွန်အားမရှိတော့သလို ခံစားရသဖြင့် ဆိုက္ကားပေါ်သို့တက်ကာအိမ်သို့ပြန်ခဲ့လေ တော့သည်။
***************
“ သတ္တဝါအားလုံး ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ခပ်သိမ်းငြိမ်းပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းပါစေ၊ ရောဂါခပ်သိမ်းငြိမ်းပါစေ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ”
ညရှစ်နာရီတိတိအချိန်တွင် ပြုလုပ်နေကြဖြစ်သည့် ဘုရားရှိခိုးခြင်း၊အမျှအတန်းပေးဝေခြင်းအမှုကိစ္စကို ပြုလုပ်ပြီးအိမ်အောက်သို့ဆင်းကာ ဆိုက္ကားသော့ကိုအိမ်ပြင်သို့ တွန်းထုတ်လိုက်သည်။
“ ကိုသောင်း၊ ခဏတစ်ဖြုတ်နားပြီးမှ သွားပါလား ”
“ တစ်နေ့လုံး နားပြီးပြီကွာ။ ညဘက်ထွက်ဆွဲလိုက်ဦးမယ်။ စိတ်ပူမနေနဲ့ ”
“ ညဘက်မဆွဲပါနဲ့လို့ပြောလည်း မရဘူး။ ညဘက်ကအမူးသမားများတယ်။ ကားသမားတွေကလည်း မူးနေတာ ”
“ စိတ်မပူစမ်းပါနဲ့ကွာ ”
ဇနီးသည်ကို စိတ်မပူရန်ပြောပြီး ဆိုက္ကားပေါ်တက်ကာ ထွက်လာခဲ့သည်။ ညရှစ်နာရီကျော်ပေမယ့် နွယ်သာကီ လမ်းမကြီးတစ်လျှောက် လူသွားလူလာမပြတ် စည်ကားနေသည်။ နွယ်သာကီ လေးလမ်းထိပ်မှ လက်ဖက်ရည်ဆိုင်မှာ လည်း လက်ဖက်ရည်သောက်သူများဖြင့် စည်ကားနေသည်။ နွယ်သာကီလမ်းမကြီးအတိုင်းနင်းလာရင်း နွယ်သာကီ ( ၂ ) လမ်းထိပ်သို့အရောက်တွင် ခရီးသည်အမျိုးသမီးနှစ်ယောက် လက်တားသဖြင့် ရပ်ပေးလိုက်သည်။
“ ဆိုက္ကားအားလား ”
“အားတယ်ခင်ဗျ ”
“ ဥက္ကာ ( ၃ ) လမ်းသွားမယ် ”
“ တက်ပါခင်ဗျ ”
ဥက္ကာလမ်းကို လိုက်ပို့ပေးသည့်အခါ မြရတနာအကျော်အရောက်တွင် ကားမှောက်ခဲ့သည့်နေရာကို ကြည့်လိုက် မိပြီး မျက်လုံးထဲတွင် ပြန်မြင်လာမိသည်။ ထိုအချိန်မှာပင် ဆိုက္ကားက လေးသလိုခံစားလိုက်ရသဖြင့် ထိုင်မနင်းတော့ဘဲ မတ်တပ်အနေအထားဖြင့် နင်းရလေတော့သည်။ နွယ်သာကီမှ မြရတာထိပ်သို့ရောက်သည်အထိ သက်သက်သာသာ နင်းခဲ့သည့် ဆိုက္ကားက ကားမှောက်သည့်နေရာအရောက် ရုတ်တရက်လေးလံသွားသည်ကို စိတ်ထဲတွင် သံသယဖြစ် မိသည်။ ခရီးသည်အမျိုးသမီးများကလည်း ပိန်ပိန်သွယ်သွယ်များဖြစ်နေသဖြင့်အကြောင်းတစ်စုံတစ်ခုဖြစ်ပြီဆိုသည်ကို ကျွန်ုပ်၏စိတ်ထဲက သိနေခဲ့သည်။
ဥက္ကာလမ်းအထိ ကုန်းရုန်းနင်းပြီး ဈ ဈေးဘက်သို့ ပြန်နင်းလာခဲ့သည့်တိုင် ဆိုက္ကားက လေးလံနေဆဲမို့ ချွေးပြိုက် ပြိုက်ကျအောင် နင်းနေရသည်။ ယခုအတိုင်းဆိုပါက ဆက်နင်းရန်မဖြစ်နိုင်တော့သဖြင့် နွယ်သာကီထိပ်အရောက်တွင် လမ်းထဲသို့ ချိုးကွေ့ပြီးအိမ်သို့ ပြန်ခဲ့လေသည်။
“အမေ...၊အဖေ ပြန်လာပြီ ”
စာကျက်နေသည့် သမီးလေးက ဆိုက္ကားကိုအိမ်ထဲသို့ တွန်းဝင်လာသည့် ကျွန်ုပ်အား မြင်လိုက်သဖြင့် မိခင်ကို လှမ်းပြောလိုက်သည်။
“ ကိုသောင်း၊ ဆိုက္ကားဘာဖြစ်လို့လဲ ”
“ ဘာမှမဖြစ်ပါဘူးကွာ။ ဆက်မနင်းချင်တော့လို့ပြန်လာတာ ”
“ ညဘက် မနင်းပါနဲ့ဆိုတာတောင် နင်းချင်နေတာ။ ရှင်တစ်ခုခုဖြစ်လာတယ်မဟုတ်လား ”
“ ဘာမှမဖြစ်ပါဘူးကွာ။ ဆက်မနင်းချင်လို့ ပြန်လာတာ ”
ကျွန်ုပ်လည်း ဆိုက္ကားကို သော့ခတ်ပြီးခြေလက်ဆေးကာအိမ်ပေါ်သို့ တက်လာခဲ့သည်။ ဇနီးသည်နှင့် စကားစမြည် ပြောဆိုပြီး သမီးစာကျက်ပြီးစီးသွားသည့် ညဆယ်နာရီကျော်လောက်တွင် ကျွန်တော်တို့ မိသားစုအားလုံးအိပ်ရာဝင်ခဲ့ကြ သည်။
“အီး...ဟီး...ဟီး.....၊အီး....ဟီး...ဟီး.... ”
ကျွန်ုပ်၏နားထဲတွင် ငိုသံသဲ့သဲ့ကြားနေရသဖြင့်အသံလာရာကို နားစွင့်လိုက်မိသည်။အမျိုးသမီးတစ်ယောက်၏ ငိုသံဖြစ်နေသဖြင့် နံဘေးကို ကြည့်လိုက်သည့်အခါ ကျွန်ုပ်၏ဇနီးကအိပ်မောကျနေသည်။ ငိုသံကြားနေရသည့်နေရာသည်အိမ်ရှေ့ခန်းမှ ဖြစ်နေသောကြောင့် ခြင်ထောင်ကိုအသာမကာ ခြေဖွပြီးအိမ်ရှေ့ခန်းသို့ ထွက်လာခဲ့သည်။အိမ်ရှေ့ခန်းသို့ ရောက်သော် မှောင်မည်းနေသဖြင့် မီးမဖွင့်သေးဘဲအသံကို နားစွင့်ကြည့်မိသည်။
“အီး....ဟီး....ဟီး...ဟင့်..ဟင့်...ဟီး.... ”
ငိုသံသည်အိမ်ရှေ့ခန်းမှမဟုတ်ဘဲအိမ်အပြင်ဘက်မှဖြစ်နေသည်ကို သိလိက်ရသဖြင့်အိမ်ရှေ့တံခါးပေါက်သို့ စမ်း တဝါးဝါးဖြင့်သွားပြီး တံခါးချက်ကိုအသံမမြည်အောင်ဖွင့်ကာအသာဟကြည့်လိုက်သည်။ ကျွန်ုပ်၏ဆိုက္ကားအနောက်ထိုင် ခုံပေါ်တွင် ကျောပေးထိုင်နေသည့်အင်္ကျီအဖြူနှင့်အမျိုးသမီးကို လမ်းမီးတိုင်မှ မီးရောင်ဖြင့် ထင်ထင်ရှားရှားမြင်တွေ့လိုက် ရသဖြင့် ကျွန်ုပ်အလွန်အမင်းအံ့အားသင့်မိသည်။အချိန်မတော်တွင် ကျွန်ုပ်၏ခြံထဲသို့ဝင်လာပြီး ဆိုက္ကားနောက်ထိုင်ခုံ ပေါ်တွင် ငိုယိုနေသည့်အမျိုးသမီးသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုလှသည်။အခန့်မသင့်ပါက ပြဿနာ ကြီးထွား နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်လည်းအချိန်ဆွဲမနေတော့ဘဲ တံခါးကိုအသာဟပြီး ခြေသံမကြားအောင် ခြံထဲသို့ ဆင်းလိုက် သည်။ ထိုအခိုက်အတန့်လေးမှာပင် ကျွန်ုပ်အား ဒုတိယအကြိမ်အလွန်အမင်းအံ့အားသင့်စေခဲ့သည်။ ထိုသည်ကားအခြားမဟုတ်ပေ။ ကျွန်ုပ် ဆိုက္ကားနားသို့ ရောက်သည့်အခါ ဆိုက္ကားနောက်ခုံပေါ်တွင်ထိုင်ပြီး ငိုနေသည့်အမျိုးသမီးက ဆိုက္ကားပေါ်မှထကာ တဖြည်းဖြည်းပျောက်ကွယ်သွားသောကြောင့် ဖြစ်ပေတော့သည်။ ထိုအမျိုးသမီးသည်အဖြူအစိမ်း ဝတ်ဆင်ထားသည့်အမျိုးသမီးဖြစ်ပြီး ကားမှောက်စဉ်က ကျွန်ုပ်လက်ပေါ်တွင်အသက်ထွက်ခဲ့သည့်အမျိုးသမီးသာဖြစ် နိုင်ကြောင်း ကျွန်ုပ် ကောင်းကေင်း သဘောပေါက်လိုက်မိတော့သည်။
ဝိညာဉ်လောက၊ ပေတလောကကို ယုံကြည်သူဖြစ်သည့်အားလျော်စွာ ကျွန်ုပ်လည်းအိမ်ပေါ်သို့တက်ပြီး ဘုရားကို လက်အုပ်ချီကန်တော့၍အမျှအတန်းပေးဝေမိလေတော့သည်။
“ ကိုသောင်း.....။ ဒီအချိန်ကြီး ဘာဖြစ်လို့ ဘုရားထရှိခိုးတာလဲ ”
မည်သည့်အချိန်ကအိပ်ရာမှနိုးနေသည်မသိသည့် ဇနီးသည်က မေးလာသည့်အခါအကြောင်းစုံ ရှင်းပြလိုက်ရ တော့သည်။
“ ဒါဆိုအဲဒီဆရာမလေးက မကျွတ်သေးတာပေါ့နော် ”
“ မကျွတ်သေးတာလို့ ပြောဖို့ကအတော်ခက်တယ် မိန်းမ။ သေတာနဲ့ နောက်ဘဝကိုချက်ချင်းကူးပြောင်းသွားတဲ့သူရှိသလို ဝိညာဉ်ဘဝနဲ့ နေရတဲ့သူတွေလည်းရှိတယ်။ ငါထင်တာတော့ ဝိညာဉ်ပဲဖြစ်နိုင်တယ် ။အခြားဘဝကို ကူးပြောင်းပြီး ပေတ ဘဝရောက်နေတဲ့သူ၊ ဥပမာဟာ သရဲတစ္ဆေဖြစ်နေသူတွေက ခြံထဲအိမ်ထဲ တော်ရုံဝင်လို့မရဘူး။ ဝင်လို့ရရင်လည်းအဲဒီအိမ်မှာအစောင့်အရှောက်မရှိတာ၊ ဒါမှမဟုတ် လက်ခံတဲ့သူရှိနေလို့သာဖြစ်မယ် ။ ပြောရရင်တော့အိမ်စောင့်နတ်၊ ခြံစောင့် နတ်တွေပေါ့ဟာ ”
“အိမ်စောင့်နတ်မရှိဘူးဆိုတာအုန်းမဆွဲတာကိုပြောတာလား ”
“ မင်းက ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပြီးအတော်ထုံတာပဲ မိန်းမရယ်။ မင်းမဟာဂီရိကအိမ်စောင့်နတ်မဟုတ်ဘူးကွ။အိမ်စောင့် နတ်ဆိုတာ ကမ္မဇိဒ္ဓိ တန်ခိုးရှိတဲ့နတ်တွေကိုပြောတာ။ သူတို့လည်း ပြိတ္တာတွေပဲ။ နတ်ဗြဟ္မာတွေနဲ့မတူဘူး။ သာသနာ စောင့် နတ်မင်းကြီးလေးပါးရဲ့အမိန့်နဲ့ စောင့်ရှောက်ကြတဲ့နတ်တွေ။အိမ်မှာကျက်သရေမရှိတဲ့စကားဆိုမယ်၊ ယုတ်ညံ့တဲ့အပြူအမူတွေလုပ်မယ်၊ ဘုရားတရားမမြဲဘူးဆိုရင် မစောင့်ရှောက်ကြတော့ဘူး။ သူတို့အတွက်အကျိုးရှိမယ့်၊ ကျွတ်တန်း ဝင် နိုင်မယ့်နေရာမျိုးမှာပဲ စောင့်ရှောက်ကြတယ်။ သဘောကတော့အကုသိုလ်ကင်းပြီး ဘုရားတရားမြဲမယ်။ နေ့စဉ်အမျှအတန်းပေးဝေမယ့်အိမ်ပေါ့ဟာ။ လက်ခံတဲ့သူဆိုတာက နကိုကတည်းက ရှိနှင့်ထားတဲ့ ပရလောကသားက ဘဝတူကိုအလွယ်တကူဝင်ခွင့်ပေးတာကို ပြောတာ ”
“ ကျွန်မတို့လည်း နေ့တိုင်းဘုရားရှိခိုးပြီးအမျှပေးနေတာပဲလေ။ ဒါဆို ကျွန်မတို့အိမ်မှာအိမ်စောင့်နတ်မရှိလို့ပေါ့နော် ”
“အဲဒီလိုလည်း တပ်အပ်ပြောလို့မရဘူးကွ။ ဝိညာဉ်ဘဝမှာနေရတဲ့အချိန် ဘုရားကျောင်းကန်ကလွဲလို့ ဘယ်နေရာမဆို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတယ်။ သူတို့အကူအညီတောင်းလိုတဲ့သူဆီအချိန်မရွေးလာလို့ရတယ် ”
“ နားလည်ပြီ ကိုသောင်း။ သူဘာဖြစ်လို့ငိုတယ်ဆိုတာ ကျွန်မသိချင်လိုက်တာ ”
“ ငါလည်း သိချင်တယ်။ ငါနဲ့လည်း ဘာမှမဆိုင်ဘဲ ငါ့ခြံထဲအထိ ဝင်လာတာ ဘာကြောင့်လဲဆိုတာ သိချင်တယ် ”
“ ရှင် သူ့ဆီက ဘာများ ယူမိသေးလဲ ကိုသောင်း။ မယုံလို့မဟုတ်ဘူးနော် ”
“ ဘာမှ မယူမိဘူး။ ဘာမှလည်းမလုပ်မိဘူး။ ဆုံးခါနီးမှာတော့ ငါ့မျက်နှာကိုအသေအချာကြည့်ပြီး စကားပြောဖို့ကြိုးစားရင်း သွေးအန်ပြီး သေသွားတာ ”
“ ကျွတ်...ကျွတ်....ကျွတ်..။ ကျွန်မထင်တာ ရှင့်ကို တစ်ခုခုပြောချင်ပုံရတယ်။ သူ့ကိုလည်း ကျွတ်လွတ်စေချင်တယ်။ ဘယ်လိုလုပ်ကြမလဲ ကိုသောင်း ”
“ ငါလည်း မပြောတတ်ဘူး မိန်းမ ”
“ ဒီလိုလုပ်ပါလား။ ကျွန်မတို့ဈေးမှာ မျှစ်ရောင်းတဲ့အမေခင်ဆိုတာရှိတယ်။အဲဒီအမေခင်က မကြာခဏ သရဲဝင်ပူးတတ် တယ်။ သူ့ကိုအကူအညီတောင်းကြည့်ရင် မကောင်းဘူးလား "
“ မဟုတ်တာ မိန်းမရာ။ တော်ကြာ တစ်ခုခုဖြစ်မှ ငါတို့ပြဿနာတက်ကုန်လိမ့်မယ် ”
“ သူ့ကိုအရင်မေးကြည့်မှာပေါ့။ သူလက်ခံရင် ပြီးတာပဲလေ။အဲဒါမှ ဟိုဆရာမလေး ဘာဖြစ်ချင်တယ်၊ ဘာအကူအညီလို တယ်ဆိုတာ သိရမှာပေါ့ "
“ လုပ်ချင်လည်း လုပ်ကြည့်လေ ”
“ မနက်ကျရင် မေးကြည့်လိုက်မယ်။ ကျွန်မလည်းအသားယူဖို့ စောစောထရမယ်။အချိန်မရှိဘူး။အိပ်ကြစို့ ကိုသောင်း ”
“အေး...အေး...... ”
****************
“ ဘိုးတော်ရေ......၊ ကိုလူဝကြီးခြောက်ချက်ကတော့ ကမ်းကုန်ပဲ ”
“ ဟင်...... ”
ဂိတ်ရောက်ရောက်ချင်း ကြားလိုက်ရသည့်စကားကြောင့် ကျွန်ုပ်အလွန်အံ့သြရလေသည်။ ဘဝကူးသွားသည်မှာ ရက်ပိုင်းသာရှိသေးသည့် ကိုလူဝက ခြောက်လှန့်စရာအကြောင်းမရှိဟု ကျွန်ုပ်ထင်မြင်မိသည်။
“ ဘယ်လိုခြောက်တာတုန်း ကိုသန်းလွင် ”
“ မနေ့ညဆယ့်တစ်နာရီလောက်က ကျော်ထွန်းနဲ့ လှရွှေတို့ ဆိုက္ကားဂိတ်မှာအရက်သောက်နေတုန်း ကိုလူဝရဲ့ ကွမ်းယာ ဆိုင်မှာ ကိုလူဝ ကြီးထိုင်နေတာ တွေ့တယ်တဲ့ကွ။အဲဒါနဲ့ လှရွှေက မယုံလို့ ကိုလူဝကြီးလားလို့ မေးတာ့ ‘အေး ’ လို့ ပြော သတဲ့။ လှရွှေတို့က မယုံလို့အရက်သောက်ဦးမလားလို့ ခေါ်လိုက်တာ မကြာပါဘူး၊ လှရွှေတို့အရက်ဝိုင်းကို ကိုလူဝ ကြီးရဲ့အရိပ်အယောင်က ရောက်ချလာပြီးအရက်ခွက်တွေကို ဆွဲတော့တာပဲ။ လှရွှေနဲ့ကျော်ထွန်းတို့ကအရက်ခွက်တွေကို ပြန်လုပြီး ဆဲတော့ နှစ်ယောက်စလုံးကို နားရင်းအုပ်သတဲ့ ”
“ ဟာ...အဲဒီလောက်တောင်ပဲလား ”
“အဲဒီလောက်နဲ့ ပြီးသွားရင် တော်သေးတာပေါ့ကွာ။ လှရွှေနဲ့ ကျော်ထွန်းလည်းအခြေအနေမဟန်တော့တာနဲ့ ပြန် မယ်လုပ်တော့ ကျော်ထွန်းရဲ့ဆိုက္ကားတွေ ဆွဲထားတာ ထွက်မရဘူးတဲ့။ လှရွှေလည်း ဒေါကန်ကန်နဲ့ ဆဲတာပေါ့ကွာ။အဲဒီမှာတင် ကျော်ထွန်းရဲ့ ဆိုက္ကားပေါ်မှာ ခေါင်းကြီးပြားကပ်ပြီး သွေးတွေထွက်နေတဲ့ လူတစ်ယောက်ထိုင်နေတာ တွေ့လိုက်ရတော့တာပဲဟေ့။ ကျော်ထွန်းကတော့ ဆိုက္ကားနင်းပြေးလို့ လွတ်သွားပေမယ့် လှရွှေကတော့အသည်းအသန်ခြောက်ခံလိုက်ရတယ်။ နကိုကတည်းကအရက်သောက်တိုင်း ရန်ဖြစ်နေကျဆိုတော့ ကိုလူဝကလှရွှေကို ဆော်တော့မှာပေါ့ကွာ။ လှရွှေလည်း ဆိုက္ကားဂိတ်မှာတင် လျှာထွက်ပြီးသတိလစ်နေတာတဲ့ ဘိုးတော်ရေ ”
ကိုသန်းလွင်ပြောပြနေသည့်အကြောင်းအရာကို နားထောင်ရင်း ကျွန်ုပ်ကောင်းစွာ သဘောပေါက်လာခဲ့သည်။ ကိုလူဝနှင့် ကျွန်ုပ်သည်အလွန်ခင်မင်ရင်းနှီးသူများဖြစ်ကြသည်။ ကျွန်ုပ်ကိုယ်တိုင်ကအရက်သေစာမသောက်စားသည့်အပြင် ကိုလူဝနှင့်လည်း ရိုရိုသေသေပြောဆိုဆက်ဆံတတ်သူဖြစ်သည့်အတွက် ကိုလူဝကလည်း ကျွန်ုပ်ကို လေးစားခင် မင်ပါသည်။ ကိုလှရွှေနှင့် ကိုကျော်ထွန်းတို့ ခြောက်လှန့်ခံရခြင်းသည်အခြားဘဝသို့မရောက်သေးဘဲ ဝိညာဉ်ဘဝသို့ ရောက်နေသည့် ကိုလူဝကြီးကို မထီမဲ့မြင်ပြုခဲ့သောကြောင့်သာ ဖြစ်ပေမည်။ ကိုလူဝကြီးသည် သူ၏ ကွမ်းယာဆိုင်အပေါ် တွင်အစွဲရှိနေသဖြင့် ဝိညာဉ်က ကွမ်းယာဆိုင်သို့ ရောက်ရှိနေချိန်တွင် ကိုလှရွှေတို့ကအရက်သောက်ရန်ဖိတ်ခေါ်သည့်အပြင် ဆဲဆိုခဲ့သောကြောင့် ခြောက်လှန့်ခြင်းဖြစ်ကြောင်း ကျွန်ုပ်ကောင်းစွာ သဘောပေါက်ခဲ့လေသည်။
“ ကိုလှရွှေတို့ကလည်းဗျာ။ မလုပ်သင့်တာ ဘာဖြစ်လို့သွားလုပ်ကြတာလဲ။ သူ့ဘဝနဲ့သူရှိနေတာကို ဖိတ်ခေါ် လိုက်သလို ဖြစ်သွားတော့ ဟိုကလာမှာပေါ့။ ဒီ့အပြင် ဆဲဆိုတော့ ကိုလူဝကြီးအကြောင်းလည်း သိသားနဲ့ ။အခုဘယ်လိုနေသေးလဲ ”
“ သူ့အပြစ်နဲ့သူခံနေရပြီလေ ”
“ ဘယ်လိုဖြစ်လို့လဲ ကိုသန်းလွင် ”
“ လှရွှေက ဆိုက္ကားဂိတ်မှာ သတိလစ်နေတာ။ ကျော်ထွန်းက ပတ္တရောင်ရဲတွေနဲ့တွေ့တော့အကူအညီတောင်းပြီး ဆေးရုံပို့လိုက်လို့ကံကောင်းသွားတာပေါ့။အခု ဆေးရုံရောက်နေပြီလေ ”
“ ဗျာ..... ”
“ ဒီမနက်အထိတော့ စကားမပြောနိုင်သေးဘူးတဲ့ ”
“ ကျွန်တော် ဆေးရုံကြီးကို လူနာသွားမေးလိုက်ဦးမယ်ဗျာ ”
“ ကောင်းတယ် ဘိုးတော်။ ငါတို့တောင် ညနေသွားကြမလို့။ ဒီမနက်သွားမလို့ကို ဆိုက္ကားဆွဲမကောင်းသေးတာနဲ့ ညနေမှပဲ သွားတော့မယ် ”
“ ကိုကျော်ထွန်းရော မလာဘူးလား ”
“ ကျော်ထွန်းက ဘုမ္မာလမ်းထိပ်ကဂိတ်ကို ပြောင်းသွားပြီ။ ဒီဘက်တောင် လာရဲမှာမဟုတ်တော့ဘူး ”
“ ကျွန်တော် ဆေးရုံကိုလိုက်သွားလိုက်ဦးမယ်ဗျာ ”
“အေး....အေး။ ပြန်လာမယ်မဟုတ်လား။အခြေအနေလေး သိချင်လို့ ”
“ လမ်းမှာ ခရီးသည်ရရင်တော့ နောက်ကျမယ် ကိုသန်းလွင်။ ဆုံရင် ပြောပြပါ့မယ် ”
“ လုပ်စမ်းပါဦးကွာ။ ကျော်ထွန်းတော့ ညမပြောနဲ့နေ့ဘက်တောင် ဆိုက္ကားဂိတ်ကို မလာရဲတော့ဘူးကွ ”
ကျွန်ုပ်လည်း ကိုသန်းလွင်ကို ဘာမှပြန်မပြောဖြစ်တော့ဘဲ ဆိုက္ကားပေါ်တက်ကာ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ နင်းလာခဲ့လေတော့သည်။
**************
ဆေးရုံကြီးသို့ရောက်သော် လူနာကြည့်ချိန်မဟုတ်သော်လည်း တံခါးစောင့်နှင့် ခင်မင်သည့်အတွက် လူနာကြည့်ရန် ဝင်ခွင့်ရခဲ့သည်။ ပြင်ပလူနာအဆောင်တွင်တင်ထားသည့် ကိုလှရွှေထံသို့အရောက်တွင် ကျွန်ုပ်စိတ်မကောင်းကြီးစွာ ဖြစ်ရ လေသည်။
ခုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် မျက်လုံးများ ပြူးကျယ်ပြီး ငြိမ်သက်နေသည့် ကိုလှရွှေသည် သာမန်အ နေအထားမဟုတ်ကြောင်း ကျွန်ုပ်သိလိုက်သည်။ ကျွန်ုပ်လည်း ကိုလှရွှေ၏နံဘေးတွင် လူနာစောင့်နေသည့် ကိုလှရွှေ၏ သားဖြစ်သူကို မေးမြန်းရလေတော့သည်။
“ တင်အေး၊ မင်းအဖေရဲ့အခြေအနေ ဘယ်လိုလဲ ”
“ မနေ့ညကအတော်အခြေအနေဆိုးတယ် ဦးလေး။အခုတော့ ဆေးထိုးထားလို့ ငြိမ်နေတယ် ”
“ ဆရာဝန်တွေ ဘာပြောသေးလဲ ”
“အရက်သောက်တာများသွားလို့ဆိုပြီးပြောတာပဲ ”
ကျွန်ုပ်အနေဖြင့် ဆေးပညာရပ်ကို စော်ကားလိုစိတ်မရှိပါ။ သဘာဝလွန်ဖြစ်ရပ်များအား ဆေးပညာရပ်အနေဖြင့် သော်လည်းကောင်း၊ သိပ္ပံပညာရပ်များဖြင့်သော်လည်းကောင်း၊ ခေတ်မီနည်းပညာများဖြင့်သော်လည်းကောင်း စမ်းသပ်၍ မရနိုင်ပါ။အောက်လမ်းနည်းပညာဖြင့် ပြုစားခံရသည့် ဝေဒနာသည်များ ဆေးရုံရောက်သည့်အခါ မည်သည့်စက်ကရိယာ နှင့်မျှ ရောဂါရှာဖွေ၍မရနိုင်သည်ကိုလည်း ကျွန်ုပ်ကြုံတွေ့ခဲ့ဖူးပါသည်။
“ ခက်တာပဲကွာ။ ဘယ်လိုဖြစ်တာလဲ ”
“ မနေ့ည ဆယ့်နှစ်နာရီလောက်မှာ ဦးကျော်ထွန်းနဲ့ ရဲတွေရောက်လာပြီးအဖေ့ကို ဆေးရုံတင်ထားတဲ့အကြောင်း လာပြော လို့ ကျွန်တော်လိုက်သွားတာ။ ဦးကျော်ထွန်းပြောတာတော့ သရဲခြောက်ခံရတာတဲ့ ”
“ မင်းအမေရော ”
“အမေက တွံတေးသွားတာ ပြန်မရောက်သေးဘူး ”
“ မင်းရောက်တော့ မင်းအဖေကို ဘယ်လိုပုံစံမျိုးနဲ့မြင်ရတာလဲ ”
“ ကျွန်တော်ရောက်တော့အဖေကအရေးပေါ်မှာ။ လျှာထွက်ပြီး သတိလစ်နေတယ်။ ကျွန်တော်ကအပြင်ကနေပဲ စောင့်နေရတာ။ တော်တော်ကြာမှ သတိပြန်ရလာတယ်။ သတိပြန်ရတဲ့အချိန်မှာ မျက်လုံးတွေပြူးပြီး ဝူးဝူးဝါးဝါးနဲ့ လျှောက်ပြောနေတယ်။ ဘာတွေပြောမှန်းလဲမသိဘူး။ ညလယ်ကရယ်၊ ဒီမနက်ရယ် ဆေးလာထိုးပေးမှ ငြိမ်သွားတာ ”
ကျွန်ုပ်နှင့် ကိုလှရွှေ၏သား တင်အေးတို့ စကားပြောဆိုနေသည့်အချိန်တွင် ကိုလှရွှေကအတင်းကုန်းရုန်းထလာ လေသည်။ ထို့နောက် ကျွန်ုပ်ကိုကြည့်ကာအနားသို့လာရန် လက်ယက်ခေါ်နေသဖြင့် ကျွန်ုပ်လည်း ကိုလှရွှေ၏အနီးသို့ သွားရလေသည်။ ကိုလှရွှေက ကျွန်ုပ်၏လက်ကို တုန်တုန်ရင်ရင်ဖြင့် ဆုပ်ကိုင်ပြီး ကျွန်ုပ်အား သူနှင့်အနီးကပ်ဆုံးဖြစ်ရန် ဆွဲခေါ်လေသည်။ ကိုလှရွှေကို ကြည့်ရသည်မှာ ကျွန်ုပ်အား တစ်စုံတစ်ရာပြောဆိုလိုသည့်ဟန်ရှိနေသည်။ ကျွန်ုပ်လည်း ကိုလှရွှေအနီးသို့ တိုးကပ်လိုက်သည့်အခါ ကိုလှရွှေက ကျွန်ုပ်၏နားကိုကပ်ပြီး လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။
“ ဘိုးတော်၊ ငါ လူဝပါ။ ဒီကောင်တွေငါ့ကိုအရက်ခေါ်တိုက်ပြီး ဆဲလို့ လုပ်လိုက်ရတာ။ ငါ့ကိုအရက်နဲ့ စားစရာတစ်ခုခု ကျွေးစမ်းပါကွာ။အရက်သောက်ရရင် ဒီကောင့်ဆီကနေ ပြန်ထွက်သွားပါ့မယ် ”
ကျွန်ုပ် မအံ့သြဘဲ မနေနိုင်ပါ။ ကိုဝတုတ်သည် ဝိညာဉ်ဘဝသို့ရောက်နေခြင်းမဟုတ်ဘဲ ပြိတ္တဘာဝအဖြစ်သို့ ပြောင်း လဲခဲ့လေပြီလားဟု ကျွန်ုပ်တွေးလိုက်မိသည်။အခြားဘုံဘဝတစ်ခုခုသို့ မကူးပြောင်းရသေးသည့်ဝိညာဉ်တို့မည်သည်အစာ ရေဆာတောင်းစားလေ့မရှိကြောင်းကိုလည်း ကျွန်ုပ်သိထားလေသည်။ ကျွန်ုပ်အနေဖြင့် ကိုလူဝမဟုတ်ဘဲအခြားပရသား များဖြစ်မှာစိုးရိမ်မိသည်။အချို့ပရလောကသားများသည် ထိုသို့ လိမ်ညာပြီး ဟန်ဆောင်ပူးကပ်ကာ တောင်းရမ်းစား သောက်တတ်ကြသည်။ ကျွန်ုပ်အနေဖြင့်အခြားလူနာများသိသွားမည်စိုးရိမ်သောကြောင့် ကိုလှရွှေ၏နားသို့ကပ်ကာ လေသံတိုးတိုးဖြင့် ပြန်ပြောရလေသည်။
“ ကိုလူဝဆိုတာ သေချာရဲ့လား ”
“ ဘိုးတော်။ မင်းမယုံရင် ငါ့ရဲ့ ကွမ်းယာဆိုင်ကို ဒီနေ့ည ဆယ့်တစ်နာရီလာခဲ့ကွာ ”
“ ကောင်းပြီ၊ လာခဲ့မယ်။ ခင်ဗျားက ဘာစားချင်တာလဲ ကိုလူဝ ”
“ ငါ့အတွက် ဝက်သားဟင်းရယ် ဘီအီးတစ်လုံးရယ် ဆွဲလာပေးကွာ ”
“ ခင်ဗျား လိုချင်တာ လုပ်ပေးမယ်။ကိုလှရွှေအထဲက ထွက်မလား ”
“ ငါက လုပ်ချင်လို့ လုပ်တာမဟုတ်ဘူးကွ ဘိုးတော်ရ။ ကျော်ထွန်းနဲ့ လှရွှေက ငါ့ကိုအရက်ခေါ်တိုက်တယ်။ ငါလည်း သွား သောက်ရော လှရွှေက ငါ့ကို ဆဲတယ်။ ဒါ့ကြောင့် လှရွှေကို ငါလုပ်ရတာ ”
“ ခင်ဗျားက ဘယ်ဘုံဘဝမှာရောက်နေတာလဲ ကိုလူဝ ”
“ ငါလည်း မသိဘူးကွ။ ငါ့ကိုအရက်လာတိုက်ရင် ညောင်ပင်နားမှာ မတိုက်နဲ့နော်။ ညောင်ပင်ကအဘိုးကြီးကအတော် ဆိုးတယ်။ သူ့ကို ကြောက်ရတယ်ကွ ”
“ ညောင်ပင်မှာဘယ်သူရှိနေလို့လဲ ”
“ သူက တန်ခိုးကြီးတယ်ကွ။ ညောင်ပင်နားကို ငါတို့ ကပ်လို့မရဘူး ”
ကိုလူဝဆိုလိုသည်ကို ကျွန်ုပ်သိပါသည်။ ထိုညောင်ပင်ကြီးတွင် ရုက္ခစိုးနတ်ရှိနေခြင်းကြောင့် ကိုလူဝတို့အနားမကပ် နိုင်ခြင်း ဖြစ်နိုင်ပေသည်။ ရုက္ခစိုးနတ်ဆိုသည်က ရှေးဘဝကပြုခဲ့သည့် ကောင်းမှုကံကြောင့် ကမ္မဇိဒ္ဓိတန်ခိုးနှင့် ဘုံဗိမာန် ရရှိခဲ့သည့် ဝေမာနိက နတ်ပြိတ္တာအမျိုးအစားသာဖြစ်ပေသည်။
“ ငါတို့ဆိုတော့အဲဒီနားမှာ ခင်ဗျားနဲ့အတူအခြားသူတွေ ရှိနေလို့လား ကိုလူဝ ”
“အများကြီးရှိတယ်။ ငါ့ကိုအရက်လာတိုက်ရင် ငါ့နာမည်ခေါ်ပေးပါ။ ငါလည်း ဒီဘဝမှာ ကြာကြာမနေရတော့ပါဘူး။ ငါ့ကို လာခေါ်ကြတော့မယ်။အမြန်ဆုံး လာကျွေးပါကွာ ”
“ ကျွန်တော် ဒီနေ့ည လုပ်ပေးမယ်။ ခင်ဗျားသာ ကတိတည်ပါစေ ”
ကိုလှရွှေက ကျွန်ုပ်၏လက်ကို လွှတ်လိုက်ပြီး ခေါင်းညိမ့်ပြလေသည်။
“ တင်အေး။ ငါ ကိစ္စလေးတွေရှိလို့ ပြန်မယ်။ မင်းအဖေကို ဂရုစိုက်လိုက်ဦး ”
“ ဟုတ်ကဲ့ ဦးလေး ”
ကျွန်ုပ်လည်း တင်အေးကို နှုတ်ဆက်ပြီး ဆေးရုံအပြင်ဘက်ကို ထွက်လာခဲ့သည်။ ဆေးရုံအပြင်ဘက်သို့ရောက် သည်နှင့် ကျွန်ုပ်၏ဇနီးကိုပြောပြပြီး ဝက်သားချန်ခိုင်းဖို့ ဈ ဈေးကိုသုတ်ချေတင်ခဲ့ရပါတော့သည်။
******************
ညဆယ့်တစ်နာရီကျော်လောက်တွင် ကိုလူဝ၏ ကွမ်းယာဆိုင်သို့ ကျွန်ုပ်တစ်ဦးတည်း ရောက်လာခဲ့သည်။ ကိုလူဝ ခြောက်လှန့်ကြောင်း ကြားသိထားသဖြင့် ယခင်က ညဘက်ဆွဲနေသည့် ဆိုက္ကားဆရာများလည်း မရှိသောကြောင့် ဆိုက္ကား ဂိတ်တွင် ဆိုက္ကားတစ်စီးမှ မရှိပေ။ ဆိုက္ကားဂိတ်နှင့် မျက်စောင်းထိုးရှိ ထမင်းကြော်ဆိုင်လည်း ပိတ်သိမ်းသွားလေပြီ။ ကျွန်ုပ် လည်းအချိန်ဆွဲမနေတော့ဘဲ ငှက်ပျောရွက်နှင့် ထုပ်လာသည့် ထမင်းနှင့်ဝက်သားဟင်းအား ကိုလူဝ၏ ကွမ်းယာဆိုင်ပေါ် သို့တင်လိုက်ပြီးအရက်ပုလင်းကိုအဖုံးဖွင့်လိုက်သည်။
“ ကိုလူဝ၊ ကွမ်းယာရောင်းတဲ့ ကိုလူဝ၊ ခင်ဗျားတောင်းဆိုထားတဲ့အတိုင်း ကျွန်တော်လာပို့တယ်။ ကျွန်တော်ပြောတာ ကြားတယ်ဆိုရင် ခင်ဗျား ရှိနေကြောင်းအသိပေးပါ ”
“ ကလင်.......ကလင်....ကလင်.... ”
ကျွန်ုပ်ပြောသည့်စကားဆုံးသည်နှင့် ကျွန်ုပ်၏ဆိုက္ကားဘဲလ်သံက တစ်ပြိုင်နက် ပေါ်ထွက်လာလေသည်။
“ ဟုတ်ပြီ။ ခင်ဗျား ဟုတ်မဟုတ် ကျွန်တော် စောင့်ကြည့်နေမယ်။ ခင်ဗျားပေးတဲ့ ကတိအတိုင်း ကိုလှရွှေကို ဒုက္ခမပေးပါနဲ့ တော့ ”
ကျွန်ုပ်လည်း ထမင်းထုပ်နှင့်အရက်ပုလင်းကို ကွမ်းယာဆိုင်ပေါ်တွင် တင်ထားခဲ့ပြီး ဆိုက္ကားဂိတ်တွင်ထိုင်ကာအခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ခဏအကြာတွင် ကိုလူဝ၏ ခန္တာကိုယ်အတိုင်းအရိပ်မည်းမည်းကြီးတစ်ခုက ကွမ်းယာဆိုင်နောက်မှ တဖြည်းဖြည်းပေါ်လာလေသည်။ ထိုအရိပ်မည်းမည်းကြီး တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည့်အခါ ကိုလူဝအမှန်စင်စစ်ဖြစ်ကြောင်း သိလိုက်ရလေတော့သည်။
တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးသဖြင့် ကျွန်ုပ်လည်း ဆိုက္ကားဂိတ်တွင်ထိုင်ကာအသေအခြာ ကြည့်နေမိသည်။ ထိုအချိန်တွင် ကျွန်ုပ်၏စိတ်ထဲ၌ ကြောက်လန့်ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။ ကျွန်ုပ် ကြည့်နေသည့်အချိန်မှာပင် ကိုလူဝက ကွမ်းယာဆိုင်ပေါ်တင်ထားခဲ့သည့် ထမင်းထုပ်နှင့်အရက်ပုလင်းထံသို့ရွေ့လျားသွားပြီး ခဏအကြာတွင် ပျောက်ကွယ်သွားလေသည်။
“ ကိုလူဝ၊ စားပြီးပြီဆိုရင် ကျွန်တော့်ကိုအချက်ပေးပါ ”
ထိုအချိန်မှာပင် ကျွန်ုပ်၏တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများအလိုလိုထလာခဲ့သည်။ ကျွန်ုပ်သည် ကြောက်လန့် တတ်သူမဟုတ်သည့်အတွက် မည်သို့မည်ပုံ ဆက်ဖြစ်မည်ကို စောင့်ကြည့်နေလိုက်သည်။
“ ကလင်.......ကလင်......ကလင်..... ”
ကျွန်ုပ်၏ဆိုက္ကားမှ ဘဲလ်တီးသံကို ကြားလိုက်သဖြင့် ကွမ်းယာဆိုင်ကို စူးစူးစိုက်စိုက်ကြည့်နေရာမှ ဆိုက္ကားဂိတ် ရှေ့တွင် ရပ်ထားသည့် ဆိုက္ကားကို လှည့်ကြည့်မိသည်။ ဆိုက္ကားဘေးတွင်ရပ်နေသည့် ကိုလူဝ၏အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် ကျွန်ုပ်အား စားသောက်ပြီးစီးကြောင်းအသိပေးခြင်းဖြစ်မည်ဟု ထင်မှတ်လိုက်သည်။ ထို့နောက် ကျွန်ုပ်လည်း ထိုင်ရာမှထကာ ကွမ်းယာဆိုင်သို့သွားပြီးအရက်ပုလင်းနှင့် ထမင်းထုပ်များကို စစ်ဆေးကြည့်သည့်အခါ ထမင်းနှင့်ဟင်းများ တက်တက်စင်အောင်ပြောင်နေပြီးအရက်ပုလင်းထဲတွင်လည်းအရက်တစ်စက်မှ မရှိတော့ပေ။
ဝိညာဉ်ဘဝဖြင့် မည်သို့မည်ပုံစားသုံးသွားသည်ကို ကျွန်ုပ်အနေဖြင့်အတော် စဉ်းစားရကျပ်မိသည်။ သို့ပါသော် လည်း ကျွန်ုပ်ပေးထားသည့် ကတိပြီးမြောက်ခဲ့သည့်အတွက်အိမ်သို့ပြန်ရန် ဆိုက္ကားဆီသို့ ပြန်လာခဲ့လေသည်။ ဆိုက္ကားအနီးသို့ ရောက်ခါနီးမှာပင် ကိုလူဝ၏အရိပ်အယောင်က ကျွန်ုပ်ဘက်သို့ မျက်နှာမူပြီး ရပ်နေသည်ကို မြင်လိုက်သဖြင့် ကျွန်ုပ်လည်း ခြေလှမ်းကို ရပ်တန့်လိုက်သည်။ ကိုလူဝကို ကျွန်ုပ် ထင်ထင်ရှားရှားမြင်တွေ့နေရပါသည်။ ကိုလူဝ၏ မျက် နှာသည် ညှိုးငယ်နေပြီး တစ်စုံတစ်ခုကို ပြောလိုဟန်ရှိနေသည်။ ထိုအချိန်မှာပင် ကိုလူဝသည် တဖြည်းဖြည်းဖြင့် မြေကြီးထဲ သို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို ထူးဆန်းစွာ မြင်တွေ့လိုက်ရလေတော့သည်။ ကိုလူဝ၏မျက်နှာပေါ်တွင် ထိတ်လန့် ကြောက်ရွံနေသည့်ဟန်ကိုလည်း ကျွန်ုပ် ကောင်းစွာမြင်တွေ့လိုက်ရသည်။
***************
နောက်တစ်နေ့ နေ့လယ်တွင် ကိုလှရွှေ ဆေးရုံမှဆင်းပြီဖြစ်ကြောင်း သတင်းကောင်းကြားရသဖြင့် ကျွန်ုပ် ဝမ်းသာ မိလေသည်။ ကိုလူဝတစ်ယောက် မည်သည့်ဘုံဘဝသို့ ကူးပြောင်းသွားပြီမသိသော်လည်း ဆရာမလေးသည်ကား ကျွန်ုပ် ၏ ခြံထဲ၌ ရှိနေပါသေးသည်။ ညတိုင်းလိုလို မြင်တွေ့နေရသည်မှာ ကျွန်ုပ်တစ်ဦးတည်းမဟုတ်ပါ။ ကျွန်ုပ်၏ ဇနီးနှင့် သမီး သာမကအိမ်နီးနားချင်းအချို့လည်း မြင်တွေ့နေရပါသည်။
“ ကိုလှရွှေတော့ ဆေးရုံကဆင်းသွားပြီ မိန်းမရေ ”
“ ဟုတ်လား။ ဘယ်တုန်းကလဲ ”
“ နေ့လယ်ကတဲ့ ”
ဈေးသိမ်းပြီး ပြန်လာသည့် ဇနီးသည်ကို ပြောပြလိုက်သည့်အခါ ကျွန်ုပ်၏ဇနီးလည်း ဝမ်းသာသွားလေသည်။
“ ဝမ်းသာလိုက်တာ။ ကိုလှရွှေရဲ့အခြေအနေက ကောင်းရောကောင်းသေးလို့လား ”
“ ကောင်းလို့ ဆေးရုံကဆင်းတာပေါ့ကွာ ”
“ မဟုတ်ဘူးလေ။ ကျွန်မပြောတာက ကိုလှရွှေက ရောဂါကြောင့်ဖြစ်တာမဟုတ်တော့ တော်ကြာ ကိုလူဝကြီး ဒုက္ခထပ် ပေးမှာစိုးလို့ ”
“ ငါတော့ မထင်တော့ဘူးကွ ”
“ ဘာဖြစ်လို့လဲ ကိုသောင်း ”
“ ငါ့အထင်တော့ ကိုလူဝကြီး ငရဲများ ရောက်သွားသလားပဲ။ နင့်ကိုပြောတယ်မဟုတ်လား။ မြေကြီးထဲကို မတ်တပ်ရပ် လျက်သားနဲ့ တိုးဝင်သွားတဲ့အချိန်မှာ ကိုလူဝရဲ့မျက်နှာကို ကောင်းကောင်းမြင်လိုက်ရတယ်။ သူ့ကြည့်ရတာအတော် ကြောက်လန့်နေတဲ့ပုံ ”
“ ဖြစ်နိုင်ပါတယ်။ ကိုလူဝကြီးက ကုသိုလ်ကောင်းမှုလုပ်တဲ့သူမှ မဟုတ်တာ။ ဟိုဆရာမလေးကိစ္စ ဘယ်လိုလုပ်ကြမလဲ ကိုသောင်း ”
“ ငါတို့လည်း မေတ္တာပို့နေတာပဲကွာ။ သူ့မိဘဆွေမျိုးတွေအမျှပေးတာ သူမရလို့ဖြစ်မယ် ”
“အဲဒါကအရေးမကြီးဘူး ကိုသောင်း။အိမ်နီးချင်းအချို့လည်းမြင်ပြီး ကြောက်နေကြပြီ။ ကျွန်မတော့အမေခင်ကို ဝင်ပူးခိုင်းပြီး မေးကြည့်ရင်ကောင်းမလားလို့။ ဒါမှ ကျွန်မတို့ လုပ်ပေးနိုင်တာ လုပ်ပေးလို့ရမှာ ”
“ လုပ်မယ်ဆိုလည်း လုပ်ကွာ။ မနက်ဖြန်ညနေ ဈေးသိမ်းရင် ခေါ်လာခဲ့ ”
“ ဟုတ်ကဲ့ ကိုသောင်း ”
ကျွန်ုပ်လည်း မည်သို့မှမတတ်နိုင်သဖြင့်အကောင်းဆုံးဖြစ်ရန် ဆုံးဖြတ်လိုက်ရလေတော့သည်။
****************
ယနေ့ညနေတွင်အမေခင်ဆိုသည့်အမျိုးသမီးကြီးကို ခေါ်လာမည်ဟု ဇနီးသည်က ပြောဆိုထားသဖြင့် ညနေ လေးနာရီကတည်းက ဆိုက္ကားဆက်မဆွဲတော့ဘဲအိမ်သို့ ပြန်လာခဲ့သည်။ ညနေ ငါးနာရီ ဈေးသိမ်းချိန်တွင် ကျွန်ုပ်၏ ဇနီးနှင့်အတူအသက်ခြောက်ဆယ်နီးပါးခန့်ရှိမည့်အမျိုးသမီးကြီး တစ်ဦး ပါလာခဲ့သည်။ ကျွန်ုပ်နှင့် ထိုအမျိုးသမီးကြီးတို့ မရင်းနှီးသော်လည်း ထိုအမျိုးသမီးကြီးကို ကျွန်ုပ်သိပါသည်။
“ လာ.....အဒေါ်။ ထိုင်ပါခင်ဗျ ”
ကျွန်ုပ်ကအမေခင်ဆိုသည့်အမျိုးသမီးကြီးကို ခရီးဦးကြိုပြုပြီး ခေါင်းရင်းဘက်တွင် ဖျာခင်းပေးလိုက်သည်။
“ မိန်းမရေ၊ ငါ လက်ဖက်ရည် သွားဝယ်လိုက်ဦးမယ် ”
“ ကျွန်မအတွက် ဘာမှမလုပ်ပါနဲ့။ ရေတစ်ခွက်ပဲ တိုက်ပါ ”
“ တစ်ခုခုနဲ့ ဧည့်ခံပါရစေ ”
“ နေပါစေ။ ကျေးဇူးတင်ပါတယ်။ ရေတစ်ခွက်ပဲ တိုက်ပါ ”
ကျွန်ုပ်လည်း ရေအိုးထဲမှ သောက်ရေတစ်ခွက်ကိုခပ်ပြီးအမေခင်ဆိုသည့်အမျိုးသမီးကြီးကို ပေးလိုက်သည်။
“ ကိုသောင်း၊အဲဒါ ကျွန်မပြောတဲ့အမေခင်ပဲ။ ဈေးထဲမှာ မျှစ်ရောင်းတယ် ”
“ ဟုတ်ကဲ့ခင်ဗျ။ ဘယ်မှာနေသလဲအမေခင် ”
“ ညရပ်ကွက် ဧရာရှစ်လမ်းမှာ နေပါတယ် ”
“ သြော်....၊ ဟုတ်ကဲ့ ခင်ဗျ ”
“ ကျွန်မလည်းအိမ်မှာလုပ်စရာလေးတွေရှိတယ်။ ကူညီရမယ့်ကိစ္စလေး မြန်မြန်လုပ်ရအောင် ”
“အမေခင်၊ ဖြစ်ပါ့မလားဗျာ ”
“ ဘာကို မဖြစ်တာလဲ ”
“အမေခင် တစ်ခုခုဖြစ်မှာစိုးလို့ပါ ”
“ မဖြစ်ပါဘူး၊ ဒီလိုပဲ ကူညီပေးနေကျပါ ”
“ ကျွန်တော်က ဘယ်လိုစပြီး လုပ်ပေးရမလဲခင်ဗျ ”
“ ရှင်စကားပြောချင်တဲ့သူရဲ့နာမည်ကိုခေါ်ပြီး ကျွန်မကိုယ်ထဲကို ဝင်ဖို့ပြောလိုက်ပါ ”
“ ကျွန်တော် သူ့နာမည်မသိဘူးဗျ။ ဆရာမဆိုတာတော့သိတယ် ။ ကျွန်တော့်မိန်းမ ပြောမပြဘူးလား ”
“ မသန်းဝေပြောလို့ ကျွန်မသိပြီးပါပြီ။ နာမည်မသိရင်လည်း ကားမှောက်တုန်းက ဆုံးသွားပြီး ခြံထဲမှာ ငိုနေတဲ့ဆရာမလေး လို့သာ ပြောခေါ်လိုက်ပါ။အကြာကြီးတော့ မမေးပါနဲ့။ ကျွန်မ မောလို့ပါ ”
“ ဟုတ်ကဲ့ခင်ဗျ။အခုခေါ်လိုက်ပါ့မယ် ”
အမေခင်ဆိုသည့်အမျိုးသမီးကြီးက ဘုရားစင်ဘက်သို့လှည့်ကာ ဦးသုံးကြိမ်ချလိုက်ပြီး မျက်စိစုံမှိတ်ကာ ငြိမ် သက်နေလေသည်။
“ BM ကားမှောက်တုန်းက ကျွန်တော့်လက်ပေါ်မှာဆုံးသွားပြီးအခု ကျွန်တော့်ခြံထဲမှာ ညတိုင်းငိုနေတဲ့ ဆရာမလေး ခင်ဗျာ။ ကျွန်တော်တို့အကူအညီပေးပါ့မယ်။ ဆရာမ ပြောလိုရာ ပြောဖို့အတွက်အခုအမေခင်ရဲ့ခန္တာကိုယ်ထဲကို ဝင် ရောက်ပြီး ပြောပြပါ ”
ကျွန်ုပ်လည်း ထိုအတိုင်း သုံးကြိမ်ခေါ်ဆိုလိုက်သည့်အခါအမေခင်ဆိုသည့်အမျိုးသမီးက ဘုရားစင်ဘက်သို့ မျက်နှာမူပြီး ကျွန်ုပ်တို့ကို ကျောခိုင်းလျက်မှ ရုတ်တရက် ရှိုက်ကြီးတငင် ငိုလေတော့သည်။
“ ဟီး.......ဟီး......ကျွန်မကို ကူညီကြပါ ”
အမေခင်ဆိုသည့်အမျိုးသမီးကြီး၏အသံသည် ကျွန်ုပ်နှင့်စကားပြောဆိုစဉ်ကအသံမျိုးမဟုတ်ဘဲအမျိုးသမီးငယ် တစ်ယောက်၏အသံမျိုးဖြစ်နေသဖြင့်အမေခင်၏ ခန္တာကိုယ်ထဲသို့ ဆရာမလေး ဝင်ရောက်လာပြီဖြစ်ကြောင်း ကျွန်ုပ် သိ လိုက်လေပြီ။
“ ဆရာမလေး ရောက်လာပြီလား ”
“ ဟုတ်......ဟုတ်ပါတယ်...ဟီး.... ”
“ ကျွန်တော့်ခြံထဲမမှာ ညတိုင်း ဘာဖြစ်လို့ ငိုနေတာလဲခင်ဗျ ”
“အကူအညီ တောင်းချင်လို့ပါ ”
“ ကျွန်တော်တို့ ဘာအကူအညီပေးရမလဲခင်ဗျ ”
“ ကျွန်မနာမည် ဝေဝေမြင့်ပါ။ ( XXXX )အလယ်တန်းကျောင်းက ကျောင်းဆရာမပါ ” (အမည်မှန်မဟုတ်ပါ )
“ ဟုတ်ကဲ့ ”
“ ကျွန်မ ဆုံးတာ ကျွန်မရဲ့ ယောက်ျားနဲ့ မိဘတွေ မသိသေးပါဘူး ”
“ ဗျာ....ဘယ်လိုဖြစ်လို့လဲ ”
“ ကျွန်မရဲ့ မိဘတွေက တောင်တွင်းကြီးမှာနေတာပါ ”
“ ဒါဆို ဆရာမက ဘယ်သူနဲ့နေတာလဲ ”
“ ကျွန်မကအမျိုးသားနဲ့နေတာပါ။အမျိုးသားက နယ်မှာ တာဝန်ကျနေပါတယ်။ ကျွန်မရဲ့ ယောက်ျားကိုအကြောင်းကြားပေးပါ ”
“ ယောက်ခမတွေကရော မသိကြဘူးလားဗျ ”
“ ယောက်မတွေက တွံတေးမှာပါ ”
“ ဆရာမက ဘယ်မှာနေတာလဲခင်ဗျ ”
“ စက္ကဝက် ၂ လမ်းမှာနေတာပါ။ ကျွန်မရဲ့ယောက်ျားဆီအကြောင်းကြားပေးပါ ”
“အကြောင်းကြားပေးပါ့မယ်။ ဘယ်ရုံးကိုအကြောင်းကြားပေးရမလဲ ”
“ ရန်ကုန်မှာ ရုံးချုပ်ရှိပါတယ် ( XXX ) ဌာနပါ။ မုံရွာမြို့မှာ တာဝန်ကျနေတဲ့ ဌာနမှုး ကိုလှမျိုးဦး ကို ကျွန်မဆုံးကြောင်းအကြောင်းကြားပေးပါ ”
“ ဆရာမရဲ့ ကျောင်းက မသိကြဘူးလား ”
“ ကျွန်မ ဆုံးတာကို သိပါတယ်။ ကျွန်မ ယောက်ျားတာဝန်ထမ်းဆောင်နေတဲ့နေရာနဲ့ ဌာနကို မသိကြပါဘူး။အဆင်မပြေ ရင် ကျောင်းအုပ်ဆရာကြီးကနေတဆင့်အကြောင်းကြားခိုင်းလည်း ရပါတယ် ”
“ ဒါဆို ဆရာမရဲ့ ကျောင်းက ကျောင်းအုပ်ဆရာကြီးကိုပဲ သွားပြောပြီးအကြောင်းကြားခိုင်းမယ်။ ကျွန်တော်က ရုံးဌာနတွေ မသိဘူးဗျ။ ရုံးတွေထဲလည်း မဝင်ရဲဘူး ”
“အမြန်ဆုံးအကြောင်းကြားပြီး ကျွန်မအတွက်အမျှဝေပေးဖို့ပြောပေးပါ ”
“ လုပ်ပေးပါ့မယ် ဆရာမ ”
“ လောလေဆယ် နေစရာမရှိလို့ ဒီမှာပဲ ခဏလောက်နေခွင့်ပြုပါ ”
“ နေပါ ဆရာမ။ ကျွန်တော်လည်း ဆရာမအတွက် ကုသိုလ်ပြုပြီးအမျှဝေပေးပါ့မယ်။ ဆရာမရဲ့အမျိုးသားပြုတဲ့အလှူအ တန်းကိုစောင့်နေရင်အချိန်ကြာသွားလိမ့်မယ်။ မနက်ဖြန်မနက် ဆရာမရဲ့ ကျောင်းကိုသွားပြီး ကျောင်းအုပ်ကြီးကို ပြော ပေးပါ့မယ် ”
“ ကျေးဇူးတင်ပါတယ်ရှင် ”
ခဏအကြာတွင်အမေခင်ဆိုသည့်အမျိုးသမီးကြီးထံမှ မည်သည့်စကားမျှ မကြားရတော့ဘဲ ငြိမ်သက်နေသည်။
“ မောလိုက်တာ..... ”
အမေခင်က ဘုရားကို ဦးသုံးကြိမ်ချလိုက်ပြီး ကျွနုပ်တို့ဘက်သို့ မျက်နှာမူကာ မောဟိုက်သည့် လေသံဖြင့် ပြောလေသည်။
“ မိန်းမရေ...အမေခင့်အတွက် ရေခပ်ပေးပါဦး ”
“ သမီး ခပ်ပေးမယ်အဖေ ”
အခန်းပေါက်ဝတွင် ထိုင်ကြည့်နေသည့် သမီးက ထိုင်ရာမှအမြန်ထကာအမေခင့်အတွက် ရေတစ်ခွက်ခပ်လာ ပေးသည်။အမေခင်က ရေကို ဖြည်းဖြည်းချင်းသောက်ပြီး ကျွန်ုပ်တို့အား မေးမြန်းလေသည်။
“အဆင်ပြေကြရဲ့လား။ ဘာပြောသွားသေးလဲ ”
ကျွန်ုပ်လည်း ဆရာမလေး မဝေဝေမြင့် ပြောဆိုသည့်အတိုင်းအမေခင်အားပြောပြလိုက်ရလေသည်။
“ မနက်ဖြန် မြန်မြန်လုပ်ပေးပြီး ဆွမ်းကျွေး၊အမျှဝေပေးလိုက်ကြပါ။ သနားပါတယ် ”
“ ကျွန်တော် သူ့ကျောင်းကိုသွားပြီး ကျောင်းအုပ်ကြီးကို ပြောပြပေးမှာပါ။ ဆွမ်းကျွေးဖို့ကတော့ သံဃာတစ်ပါးစာပဲ တတ်နိုင်ပါတယ် ”
“ သံဃာတစ်ပါးကို ကပ်လည်းအလှူပါပဲ ”
“ သင်္ကန်းပါ ကပ်ရမှာလားဗျ ”
“ ဆွမ်း၊ သင်္ကန်းကပ်ရမှာပါ။ ဘဝကူးကောင်းရင်တော့ ကိစ္စမရှိပါဘူး။ ဘဝကူးမကောင်းဘဲ ပြိတ္တာဘုံကို ရောက်တဲ့အခါ ဝတ်စရာမရှိ၊ စားစရာမရှိဖြစ်တတ်တယ်။ သူ့အတွက် ရည်စူးပြီး သံဃာတော်တစ်ပါးပါးကို ဆွမ်း၊ ရေချမ်း၊ သင်္ကန်းကပ် လှူပေးလိုက်တာနဲ့ သူလည်း ဘဝကူးကောင်းပြီးအဝတ်အစားနဲ့စားစရာ ပြည့်စုံသွားပါလိမ့်မယ်။ ကပ်လှူတဲ့အခါအကျင့် သီလနဲ့ပြည့်စုံတဲ့ သံဃာကို ကပ်လှူပါ ”
“ ဟုတ်ကဲ့အမေခင်။ သန်ဘက်ခါအလှူလုပ်ပြီးအမျှပေးလိုက်ပါ့မယ် ”
“ ဒါဆို ကျွန်မလည်း ပြန်တော့မယ် ”
ကျွန်ုပ်က ဇနီးကို မသိမသာ မျက်ရိပ်ပြပြီး မုန့်ဖိုးပဲဖိုးပေးခိုင်းလိုက်သဖြင့် ကျွန်ုပ်၏ ဇနီးသည်ကလည်းအလိုက် သိစွာ ပိုက်ဆံအိတ်ထဲမှ ငွေအနည်းငယ်ကိုအမေခင်အားပေးလေသည်။
“အို...ဘာလုပ်တာလဲ ”
“အမေခင် စားးချင်တာစားဖို့ပါ ”
“ မလုပ်ပါနဲ့။ ကျွန်မက ကုသိုလ်ယူတာပါ။ မမြင်အပ်တဲ့သူတွေ၊ ဝိညာဉ်တွေဆိုတာ သနားစရာတွေပါ။ သူတို့မှာ လူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့အဆင်မပြေနိုင်ဘူး။ ကျွန်မက လိပ်ပြာလှတော့အလွယ်တကူ ဝင်ပူးပြီး သူတို့ပြောချင်တာ၊ မှာချင် တာတွေ ပြောဆိုလို့ရတယ်လေ။ ဒါလည်း ကုသိုလ်တစ်မျိုးပေါ့။ ပိုက်ဆံ မယူပါရစေနဲ့ ”
“ လိပ်ပြာလှတယ်ဆိုတာ ဘာကို ပြောတာလဲအမေခင် ”
“ လိပ်ပြာလှတယ်ဆိုတာက ကျွန်မရဲ့ ဝိညာဉ်ကအခြားဝိညာဉ်တွေအတွက် ခန္တာကိုယ်ထဲကခဏခွာပေးတတ်တာကို ပြောတာ။ သဘောကောင်းတယ်လို့ပြောရမှာပေါ့ ”
“အန္တရာယ်များလိုက်တာ။ ဝင်ပြီး ပြန်မထွက်ရင်ဘယ်လိုလုပ်မလဲဗျာ ”
“အဲဒီလိုတော့ တစ်ခါမှ မဖြစ်သေးဘူးရှင့်။အကူအညီတောင်းကြတဲ့သူတွေကလည်းအဲဒီလို မလုပ်ကြပါဘူး။ ပြောပြီး ဆိုပြီးတာနဲ့ ထွက်သွားကြတာပါပဲ။ တစ်ခုပဲရှိတယ်။ ဝင်ပူးကပ်တဲ့ ဝိညာဉ်က စကားကြောရှည်နေရင်တော့ သူပြန်ထွက် သွားတာနဲ့ ကျွန်မလည်း မောပြီး ကျန်ခဲ့တယ်။ ကျွန်မ ပြန်လိုက်ဦးမယ်နော်။ ကျွန်မကို ပေးမယ့်ပိုက်ဆံကို ဟိုဆရာမလေးအတွက် ပြုပေးမယ့်အလှူထဲမှာထည့်လိုက်ပါ ”
“ ဟုတ်ကဲ့အမေခင်။ ကျွန်တော် ဆိုက္ကားနဲ့ ပြန်လိုက်ပို့ပေးပါ့မယ် ”
“ လုပ်ဖြစ်အောင် လုပ်ပေးလိုက်ကြပါ။ သနားပါတယ်ကွယ် ”
“ စိတ်ချပါခင်ဗျ ”
***************
နောက်တစ်နေ့ မနက် ကျောင်းဖွင့်ချိန်တွင် ဆရာမလေး မဝေဝေမြင့်၏ ကျောင်းသို့သွားကာ ကျောင်းအုပ်ဆရာကြီးအား ပြောပြခဲ့ပါသည်။အစပထမတွင် ကျောင်းအုပ်ဆရာကြီးက ကျွန်ုပ်ပြောသမျှကို မယုံကြည်သော်လည်းအမည်၊ နေ ရပ်နှင့် မဝေဝေမြင့်၏အမျိုးသားအမည်၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဌာနနှင့် နေရာဒေသကို ပြောပြလိုက်မှ တအံ့တသြ ယုံကြည်သွားလေသည်။ ကျွန်ုပ်နှင့် စကားပြောဆိုပြီးသည်နှင့် ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် မဝေဝေမြင့်၏အမျိုးသားလုပ်ကိုင်နေသည့် ရုံးဌာနသို့ လူကိုယ်တိုင်သွားရောက်ကာအကြောင်းကြားခဲ့ပါသည်။ နောက်တရက်တွင် ဇမ္ဗူအေး ကျောင်းတိုက်မှ ဆရာတော်ကြီးအား သွားရောက်လျှောက်ထားပြီး ဆရာတော်ကြီး တာဝန်ပေးသည့် သံဃာ တစ်ပါးအား ကျွနု်ပ်ကိုယ်တိုင် ဆိုက္ကားြဖ်င့်ပင့်ဆောင်ကာ ဆရာမလေး မဝေဝေမြင့်အတွက် ဆွမ်း၊ သင်္ကန်း ကပ်လှူပေးခဲ့ ပါသည်။
ဆရာမလေးအတွက်အလှူအတန်းပြုလုပ်ပြီးအမျှဝေခဲ့သည့်ညဆယ့်တစ်နာရီကျော်အချိန်လောက်တွင် ကျွန်ုပ်၏ တံခါးဝ၌ ရပ်နေသည့်အမျိုးသမီးတစ်ယောက်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးသည် ဆရာ မလေး မဝေဝေမြင့်ဖြစ်ကြောင်း ကျွန်ုပ်သိပါသည်။ ဆရာမလေး၏ မျက်နှာပေါ်တွင် ကျေးဇူးတင် ဝမ်းမြောက်သည့်အမူအရာကို မြင်တွေ့လိုက်ရသည့်အခိုက် ကျွန်ုပ်၏ရင်ထဲတွင် ဝမ်းနည်း ဝမ်းသာ ခံစားလိုက်ရသည်။
သို့ပါသော်လည်း ကျွန်ုပ်စိတ်မကောင်းမိသည့်အကြောင်းတစ်ခုက မကြာမီရက်ပိုင်းအတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့ သလို ကျွနု်ပ်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရပါတော့သည်။ ထိုအကြောင်းအရာသည်ကား BM ကားမှောက်ခဲ့သည့်နေရာတွင် ညအချိန်မတော်၌ ခြောက်လှန့်တတ်ခြင်းဖြစ်ပေသည်။ ထိုခြောက်လှန့်နေသည့်အရာသည် မည်သူမည်ဝါဖြစ်ကြာင်း ကိုလည်း ကျွန်ုပ်ကိုယ်တိုင် ကြုံတွေ့မှ သိခဲ့ရလေတော့သည်။
ထိုနေ့ည ကိုးနာရီခန့်က ခရီးသည်နှစ်ယောက်ကို ဈ လမ်းဆုံမှ ( ဂ )ရပ်ကွက် နီလာ ၃ လမ်းသို့ပို့ဆောင်ပေးခဲ့ရပါ သည်။ ခရီးသည်ချပြီးအပြန်တွင် မီးဖွားတော့မည့် ကိုယ်ဝန်ဆောင်နှင့်အမျိုးသမီးတစ်ယောက်အား ဆေးရုံကြီးသို့ လိုက်ပို့ ရပြန်သည်။ ဆေးရုံကြီးရောက်သည့်အခါ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်အတူလိုက်ပါလာသည့်အမျိုးသမီးက ခေတ္တ စောင့်ဆိုင်းခိုင်းသဖြင့် စောင့်နေရပြန်သည်။ ဆေးရုံကြီးနှင့် နီလာလမ်းသို့ ခေါက်တုန့်ခေါက်ပြန် ပို့ဆောင်ပြီးနောက်အချိန် လည်း လင့်ပြီဖြစ်သောကြောင့်အိမ်သို့ ပြန်လာခဲ့လေသည်။
နေ့တွက် ကိုက်သဖြင့် ဆိုက္ကားကို မှန်မှန်နင်းရင်း တွံတေးသိန်းတန်သီချင်းတစ်ပုဒ်ကို ညည်းဆိုခဲ့မိသည်။အချိန် ကလည်း ည ဆယ့်နှစ်နာရီကျော်လောက်ရှိမည် ထင်ပါသည်။ လမ်းပေါ်တွင် လူသွားလူလာ၊ ယာဉ်အသွားအလာလည်း ပြတ်နေလေပြီ။ BM ကားမှောက်သည့် နေရာသို့မရောက်မီ ဓာတ်တိုင်တစ်တိုင်အကွာလောက်တွင် ကျွန်ုပ်၏ဆိုက္ကား နောက်ထိုင်ခုံပေါ်သို့ တစ်ယောက်ယောက်တက်ထိုင်လိုက်သလိုဖြစ်သွားသဖြင့် လှည့်ကြည့်လိုက်မိရာ ခေါင်းတစ်ခုလုံးပြား နေသည့် လူတစ်ယောက်ကို မြင်တွေ့လိုက်ရလေတော့သည်။ ထိုသူသည် ကိုလူဝဖြစ်ကြောင်း ကျွန်ုပ် မယုံကြည်သေးပါ။ ကိုလူဝသည် ကျွန်ုပ်၏မျက်စိရှေ့မှောက်မှာပင် မြေကြီးထဲသို့ ဝင်သွားသည်ကို မြင်တွေ့ခဲ့ပါသည်။
“ ဘိုးတော်...... ”
“ ဟင်......... ”
ဆိုက္ကားကို ရပ်လိုက်ပြီး ကျွန်ုပ်အသေအချာ ကြည့်နေစဉ်မှာပင် ပြားချပ်နေသည့် ခေါင်းကြီးက ကျွန်ုပ်ဘက် သို့လှည့်လာပြီး ကျွန်ုပ်ကို ခေါ်လိုက်သဖြင့် ကြက်သီးဖြန်းဖြန်းထကာ ဆံပင်မွေးများ ထောင်ထသွားလေတော့သည် ။ ထိုသူသည် ကိုလူဝမှ ကိုလူဝ စစ်စစ်ဖြစ်ကြောင်းသိလိုက်ရသည့်အခိုက် ကျွန်ုပ်လည်း ပရိတ်တော်များကို တရစပ် ရွတ်ရလေတော့သည်။ ထိုအခါမှ ကျွန်ုပ်၏ဆိုက္ကားပေါ်မှ ရုတ်တရက်ပျောက်ကွယ်သွားလေတော့သည်။
ကိုလူဝကြီး ပျောက်ကွယ်သွားသည်နှင့် မကြောက်တတ်သည့် ကျွန်ုပ်ပင် ဆိုက္ကားကိုအမြန်နင်းကာ ထိုနေရာမှ ပြေးခဲ့ရလေတော့သည်။ ထိုအချိန်မှစ၍ ညအချိန် ထိုနေရာသို့ ကျွန်ုပ် မသွားတော့ပါ။ ကိုလူဝသည် လိပ်ပြာဆိုသည့် ဝိညာဉ်အဆင့်မဟုတ်တော့ဘဲ သရဲတစ္ဆေပြိတ္တာဘဝသို့ကူးပြောင်းသွားခဲ့လေပြီ။
ယခုအခါ ကျွန်ပ်၏အသက်သည် ရှစ်ဆယ်ပြည့်ရန် လပိုင်းသာ လိုပါတော့သည်။ ကျွန်ုပ်၏ဇနီး ဆုံးပါးပြီးက တည်းက ဘုရားတရားအလုပ်ကို ပိုလုပ်ဖြစ်ပြီး တရားထိုင်ခြင်းကိုလည်း ဖိဖိစီးစီးလုပ်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ ဇနီးသည် ဆုံးပါးခါနီးအချိန်တွင်လည်းအာရုံလွင့်ပါးမသွားစေရန် တရားခွေများဖွင့်ပေးခြင်း၊ ကျွန်ုပ်ကိုယ်တိုင် ပရိတ်တရားများ ရါတ်ဆိုပေးခဲ့ခြင်းကြောင့် ကျွန်ုပ်၏ဇနီးသည်သည် ညင်သာစွာအသက်ထွက်ခဲ့ရလေသည်။ ရောဂါဘယကြောင့်ဖြစ်စေ၊ ဥပစ္ဆေဒကကံကြောင့်ဖြစ်စေ ခန္တာကိုယ်ကို ရာသက်ပန် စွန့်ခွာခဲ့ရသည့် ဝိညာဉ်တို့သည် လားရမည့် ဘုံဘဝတစ်ခုသို့ မရောက်ကြသေးစပ်ကြားကာလတစ်ခုတွင် ကူရာကယ်ရာမဲ့ လွင့်မြောနေကြသည့် ဝိညာဉ်များရှိသလို မိမိသေဆုံးခဲ့ပြီ ဆိုသည်ကို မသိကြသေးသည့် ဝိညာဉ်များလည်း ရှိကြသည်။ ဝိညာဉ်ဘဝမှာပင် လူ့ဘဝကအပြူအမူအတိုင်း ယဉ်ကျေး သည့် ဝိညာဉ်များရှိသလို ရိုင်းစိုင်းခက်ထန်သည့် ဝိညာဉ်များလည်း ရှိကြပေသည်။ မည်သို့ဆိုစေ ကောင်းမှုပြုသူတို့၏ လားရာဖြစ်သာ သုဂတိ သို့ မသေခင်အချိန်လေးတွင် တရားဖြင့် ကူညီပေးနိုင်ပေသည်။ ဝိညာဉ်ဆိုသည်မှာ စိတ်သာ ဖြစ်ကြောင်း ကျွန်ုပ်သိရှိလာသည့်အချိန်တွင် သေပြီးနောက်သုဂတိသို့ လားနိုင်ရန်အတွက် ကျွန်ုပ်၏ စိတ်ဝိညာဉ် ( ဝါ ) လိပ်ပြာအား ကောင်းသောတရားများဖြင့် လေ့ကျင့်ပေးနေမိပါတော့သည်။
****************
ချစ်ခင်လေးစားလျက်
လွင်ဦးဟန်
#lotaya_shortstory
အပတ်စဉ်အသစ်သစ်သော ပရလောက ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။