ရောင်းမထွက်သေးသည့်ခြံကိုကြည့်ပြီး ဦးမောင်သွင် စိတ်ညစ်နေမိသည်။ ခြံထဲတွင်လည်း မြက်ရိုင်းများဖြင့် ပြည့်
နှက်နေလေပြီ။ ပုပ်ပွနေသည့်သီဟိုဠ်သီးများကလည်း မြေပေါ်တွင်ဖွေးဖွေးလှုပ်နေကြသည်။ ရေတွင်းကို စူးစူးစိုက်စိုက်
ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ယခုအချိန်ဆိုလျှင် သီးပင်စားပင်များ ဝေဝေဆာဆာနှင့် အေးချမ်းစွာနေထိုင်ရမည့်ခြံက
ပြုစု စောင့်ရှောက်မည့်သူမရှိဘဲ ပိုင်ရှင်မဲ့လို ဖြစ်နေသည်။ တစ်ချိန်က မျှော်လင့်ထားခဲ့သည့် အိပ်မက်လေးတစ်ခု ပျောက်
ကွယ်သွားခဲ့သဖြင့် ရေတွင်းကို နာကျည်းစွာ ကြည့်လိုက်မိလေသည်။ ခြံကို ကြည့်ရှုစောင့်ရှောက်ပေးမည်ဟု ဆိုခဲ့သည့်
ဘေးခြံမှ ကိုတင်မြင့်အောင်လည်း ဘယ်ဆီဘယ်ဝယ်သို့ ရောက်သွားခဲ့လေသည်မသိတော့ပေ။ ထိုခြံသည်လည်း ရောင်း
ပြီးသွားကြောင်း သိလိုက်ရလေသည်။
မြက်ပင်ရိုင်းများဖြင့် ပြည့်နှက်နေသည့်ခြံကိုကြည့်ပြီး လွန်ခဲ့သည့် လေးနှစ်တာကာလက အဖြစ်အပျက်များကို ပြန်
လည်မြင်ယောင်လာမိလေတော့သည်။
**************
ခြံကို လှည့်ပတ်ကြည့်ပြီး ဦးမောင်သွင်တို့ ဇနီးမောင်နှံ သဘောနေကြသည်။ ပင်စင်ယူပြီးနောက်ပိုင်း သီးပင်စား
ပင်များစိုက်ပျိုး၍ နားအေးပါးအေးနေမည်ဟု စိတ်ကူးထားသည့်အတိုင်း စုဆောင်းထားသည့် ငွေကြေးဖြင့် မင်္ဂလာဒုံမြို့နယ် အတွင်းမှ ခြံတစ်ခြံကို ဝယ်ယူဖို့ လာရောက်ကြည့်ရှုနေကြခြင်းဖြစ်သေည်။ ခြံကလည်း အတော်ကျယ်သည်ဟု ပြောရမည်။ ပေနှစ်ရာပတ်လည်ရှိသည့် ခြံထဲတွင် ခြံစည်းရိုးပတ်ပတ်လည်၌ သီဟိုဠ်ပင်များ စိုက်ပျိုးထားသည်။ ခြံနောက်ဘက်တွင် မာ
ကလာပင် သုံးပင်သာရှိပြီး အပင်ကြီးဟူ၍ ခြံရှေ့မှ သရက်ပင်ကြီးတစ်ပင်သာ ရှိပေသည်။ သရက်ပင်ကြီးနှင့် မလှမ်းမကမ်း
တွင် ရေတွင်းတစ်ခုရှိပြီး အသုံးမပြုသည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် သစ်ရွက်ဆွေးများဖြင့် ပြည့်နှက်နေလေသည်။
“ ကိုမောင်၊ ခြံဝယ်တာကတော့ ဟုတ်ပါပြီ။ အိမ်ထပ်ဆောင်ရဦးမှာပေါ့နော် ”
“ အင်း....အိမ်ကတော့ ကြီးကြီးကျယ်ကျယ် မလိုပါဘူးကွာ။ တို့မှာလည်း မိသားစုဆိုလို့ သုံးယောက်ပဲရှိတာ။ သမီးကြီးတို့
လင်မယားက တို့နဲ့အတူနေတာမှ မဟုတ်တာ ”
“ ပြောတာပဲ။ ပြီးတော့မှ သူပဲ မြေးလေးကို တွေ့ချင်လို့ လာလည်ကြဦးဆိုပြီး ခေါ်ဦးမယ် ”
“ လာလည်လည်း ညအိပ်ညနေမှ မဟုတ်တာ ”
“ ပြောလို့ရမလား။ ရုံးပိတ်ရက်ဆို ညလာအိပ်ချင် အိပ်မှာပေါ့ ”
“ သုံးပင်နှစ်ခန်းလောက်ဆို လုံလောက်ပါတယ် မမွှေးရယ် ”
“ သစ်သားအိမ်ပဲဆောက်ပါ ကိုမောင်ရယ်။ အသက်ကြီးလာရင် သစ်သားအိမ်က ကျန်းမာရေးအတွက်ကောင်းတယ် ”
“ တိုက်အိမ်ပုလေးပဲ ဆောက်မယ် မမွှေး။ သစ်သားအိမ်က ကြာရင်ဆွေးမယ်။ ပြုပြင်ရတဲ့ စရိတ်ရှိတယ်။ တိုက်အိမ်ဆိုရင်
သားစဉ်မြေးဆက် နေရောပဲ ”
“ ဒီနားမှာက ခြံတွေချည်းပဲနော်။ လူနေတာလည်း မတွေ့ဘူး။တစ်ချို့ခြံတွေဆိုရင် ခြံခတ်ထားရုံရှိသေးတယ် ”
“ သီးပင်စားပင်ပဲ စိုက်ကြတော့ အလုပ်သမားကလွဲရင် မနေကြဘူး။ အချို့ကျတော့ ငွေပိုငွေလျှံလေးနဲ့ ခြံဝယ်ထားကြ
တာ။ ဈေးတက်ရင်ပြန်ရောင်းဖို့လေ ”
“ သြော်၊ အဲဒီလိုလည်း ရှိသေးတာကိုး။ သွားရေးလာရေးတော့ နည်းနည်းခက်တယ်နော် ”
“ ကားရှိနေတာပဲကွာ၊ ဘာလိုလို့လဲ။
“ ဘယ်လိုလဲ၊ ခြံကို ကြိုက်ရဲ့လား ဦးလေး ”
ဇနီးနှင့် စကားပြောဆိုနေရာမှ ခြံပွဲစားအမျိုးသားက မေးလိုက်သဖြင့် ပွဲစားကို လှည့်ကြည့်လိုက်သည်။
“ ကြိုက်ပါတယ်။ ဈေးတော့ နည်းနည်းညှိမှဖြစ်မယ် ”
“ ဒါဆို ခြံပိုင်ရှင်နဲ့ တွေ့ပေးပါ့မယ်။ ဦးလေး ဘယ်နေ့လောက် အားသလဲခင်ဗျ ”
“ အားပါတယ်။ ခြံရှင်က ဘယ်မှာနေတာမို့လို့လဲ ”
“ ဝါယာလက်မှာနေတာပါ ဦးလေး ”
“ သူအခု အားလား။ တစ်ခါတည်းတွေ့လိုက်ချင်တယ် ”
“ အဆင်ပြေတာပေါ့ ဦးလေး။ ကျွန်တော် လိုက်ပို့ပေးပါ့မယ် ”
*****************
လေနှင့်အတူပါလာသည့် နှင်းဆီပန်းနှင့် စံပယ်ပန်းရနံ့များက ဦးမောင်သွင်တို့ မိသားစု၏စိတ်ကို ကြည်နူးစေသည်။
“ မွှေးလိုက်တာ။ စိတ်ကို လန်းဆန်းသွားတာပဲ ”
“ အဲဒါ ဟိုဘက်ခြံမှာ စိုက်ထားတဲ့ပန်းတွေကလာတဲ့ အနံ့လေ သမီး ”
“ ဟယ်...၊ ဟုတ်လား။ သမီးတို့လည်း ပန်းစိုက်ရင် ကောင်းမယ်နော် ဖေဖေ ”
“ ပန်းတော့ မစိုက်ချင်ပါဘူး သမီးရယ်။ သမီးစိုက်ချင်ရင် ခြံပတ်ပတ်လည်မှာစိုက်ပေါ့။ ဖေဖေကတော့ ကီလိုမာလကာပင်နဲ့
အခြားသီးနှံပင်တွေ စိုက်ချင်တယ် ”
“ အပင်စိုက်ဖို့ အလုပ်သမားတော့ ခေါ်ရမှာနော် ကိုမောင် ”
“ ခေါ်ရမှာပေါ့။ ကိုယ်တိုင်ဘယ်လုပ်နိုင်ပါ့မလဲ မမွှေးရယ် ”
“ ဖေဖေ..... ”
“ သမီး.... ”
“ အိမ်မြန်မြန်ဆောက်နော်။ သမီးဒီနေရာကို သဘောကျတယ် ”
“ ဆောက်ဖို့ ပြောထားပြီးပြီ သမီး။ တစ်လအတွင်း အပြီးဆောက်ရမယ်။ သြင်္ကန်ပြီးရင် မိုးက လာတော့မှာ ”
“ အိမ်ဆောက်ပြီးရင် ဒီခြံကို ပြောင်းမှာလား ဖေဖေ ”
“ ပြောင်းမှာပေါ့ သမီး ”
“ ဒါဆို သမီးတို့အခုနေတဲ့ တိုက်ခန်းက ဘယ်လိုလုပ်မှလဲ။ မမတို့ကို တင်ထားမှာလား ”
“ ဟုတ်တယ် သမီး။ သူတို့လည်း အိမ်ငှားနေရရှာတယ် ”
“ ကျွန်မလည်း ဒီခြံကိုပြောင်းပြီးရင် အေးအေးဆေးဆေး တရားထိုင်လို့ရပြီ။ ဟိုမှာက တစ်နေကုန် လူသံ၊ ကားသံတွေနဲ့ တ
ရား အေးအေးဆေးဆေး မထိုင်ရဘူး ”
“ ကျုပ်လည်း ဒီခြံမှာပဲ ခေါင်းချတော့ဖို့ စိတ်ကူးထားတယ် မမွှေး ”
“ ကျွန်မလည်း ဒီခြံကို အရမ်းသဘေကျနေပြီ။ လေကောင်းလေသန့်လည်းရတယ်။ ဆိတ်ငြိမ်တယ် ”
“ သမီးလည်း ကြိုက်တယ်ဖေဖေ ”
“ သရက်ပင်ကြီးက အဖူးတောင်မဖူးသေးပါလား။ သရက်ဖူး ဖူးရမယ့်ရာသီတောင်ရောက်နေပြီ။ အချို့အပင်တွေဆို သီး
ကင်းတောင် လိုက်နေကြပြီ ”
“ ဖူးတာ နောက်ကျလို့နေမှာပေါ့။ မိုးကျမှ ဖူးတဲ့အပင်တွေလည်း ရှိပါတယ်။ သရက်ပင်ကို ကြည့်ရတာ ရင်ကွဲပင်ပဲဖြစ်မယ် ”
“ ကဲ...။ ဖေဖေတို့ ပြန်ကြရအောင် သမီး။ မနက်ဖြန်ကျရင် အိမ်ဆောက်မယ့်သူတွေနဲ့အတူ လာရဦးမယ် ”
“ ဟုတ်ကဲ့ ဖေဖေ ”
“ ရေတွင်းထဲမှာတော့ အမှိုက်တွေရှိတယ်နော်။ ခြံရှင်က သူ့ခြံကိုတောင်လာကြည့်ပုံမပေါ်ဘူး ”
“ အမှိုက်ကတော့ ဆယ်မှဖြစ်မယ်။ အိမ်ဆောက်ရင် ရေလိုတယ် ”
“ ကိုယ်တိုင်တော့ မလုပ်ပါနဲ့ ကိုမောင်ရယ်။ ရေတွင်းက ဘယ်လောက်နက်မှန်းမသိဘူး ”
“ ကိုယ်တိုင်တော့ ဘယ်လုပ်ပါ့မလဲ၊
***************
အိမ်ဆောက်ရန်အတွက် အုတ်၊ သဲ ကျောက်၊ ဘိလပ်မြေများ၊ သစ်များရောက်ရှိလာသဖြင့် ဦးမောင်သွင် အလုပ်ရှုပ်
လေပြီ။ အိမ်ဆောက်ပစ္စည်းများ မပျောက်မရှရေးအတွက် အစောင့်ထားဖို့လိုအပ်သည်။ အစောင့်ရှာဖို့ကလည်း တော်ရုံနှင့်
လွယ်ကူမည်မဟုတ်ပေ။
“ ဘယ်လိုလုပ်ကြမလဲ ကိုမောင်။ ပျောက်ရှကုန်ရင်တော့ ဒုက္ခပဲ ”
“ အစောင့်ထားဖို့ကလည်း မလွယ်ဘူးကွ။ ယုံကြည် စိတ်ချရပါဦးမှ။ တို့မှာကလည်း လူယုံမရှီတော့ ခက်တာပေါ့ကွာ ”
“ လက်သမားဆရာ၊ ပန်းရံဆရာတွေထဲက တစ်ယောက်ယောက်ကို စောင့်ခိုင်းရင်ရော မရဘူးလား ကိုမောင် ”
“ မေးပြီးပါပြီ။ အကုန်လုံးကသူ့မိသားစုနဲ့သူဆိုတော့ လာမစောင့်နိုင်ကြဘူး။ ချက်ပြုတ်စားသောက်ဖို့က ရှိနေတယ်လေ ”
“ ဒါဆို ဘယ်လို လုပ်ကြမလဲ ကိုမောင် ”
“ ကျုပ်ပဲ စောင့်ရတော့မှာပေါ့ဗျာ ”
“ ဟယ်....၊ ဖြစ်ပါ့မလား ”
“ ဘာလို့ မဖြစ်ရမှာလဲ။ ကိုယ့်ပစ္စည်းမှ ကိုယ်မစောင့်ရင် ကုန်သွားမှာပေါ့ ”
“ နေဖို့ စားဖို့က ဘယ်လိုလုပ်မလဲ ”
“ ဘိလပ်မြေတွေထားဖို့ တဲတစ်လုံးဆောက်ရမယ်။ အဲဒီတဲမှာပဲ နေရမှာပေါ့ ”
“ တစ်ယောက်တည်းသွားနေတာ စိတ်မချပါဘူး ကိုမောင်ရယ်။ ကျွန်မပါ လိုက်နေပါ့မယ်။ ကျွန်မ ချက်ကျွေးပါ့မယ် ”
“ မင်းမှာ အိမ်အလုပ်တစ်ဖက်နဲ့ပါ မမွှေးရာ။ သမီးငယ်အတွက် မင်ရှိနေမှဖြစ်မှာ။ ကျုပ်ဟာကျုပ် ဘယ်မှာစားစား၊ စားလို့ရ
ပါတယ်။ တစ်လလောက်ပဲ သည်းခံရမှာပါ။ ပစ္စည်းတွေ သုံးပြီးပြီဆိုရင် စောင့်စရာမလိုတော့ပါဘူး ”
“ စိတ်မချပေမယ့် မတတ်နိုင်ဘူးပေါ့ ”
“ စိတ်မပူစမ်းပါနဲ့ကွာ။ ကျုပ်လည်း နေရာအစုံမှာ တာဝန်ကျတုန်းကဆို ဖြစ်သလိုနေ ဖြစ်သလိုစားခဲ့ရတာပဲလေ။ ဘာအ
ခက်အခဲမှမရှိပါဘူး မမွှေးရာ ”
“ ကျွန်မအားတဲ့အခါ ထမင်းနဲ့ဟင်းချက်ပြီး ယူလာပေးပါ့မယ် ”
“ နေပါစေကွာ။ ခရီးဝေးပါတယ် ”
“ ဘယ်နေ့ကစပြီး စောင့်မှာလဲ ကိုမောင် ”
“ ဒီနေ့ကစ စောင့်ရမှာပေါ့ကွာ။ ပစ္စည်းတွေချပြီးနေပြီ ”
“ ဟိုမှာ ဘယ်သူရှိလဲ ”
“ လက်သမားတွေရှိနေတယ်။ ကျုပ်သွားမှ သူတို့ပြန်ကြမယ်။ မနက်ဖြန် အိမ်ဦးတိုင်ထူတော့မယ်။ လက်သမားဆရာကြီးက
ပွဲပြင်တာ သူအကုန်လုပ်ပေးမယ်ပြောတာပဲ ”
“ ကောင်းတာပေါ့။ ကျွန်မတို့က ဘာမှနားမလည်ဘူးလေ ”
“ ကျုပ်ကို အဝတ်အစားနည်းနည်းနဲ့ လိုအပ်တာလေးတွေ ထည့်ပေးလိုက်ဦး။ စောင်တွေ ခြင်ထောင်တွေပါ ထည့်ပေး
လိုက်နော် ”
“ အကုန်ပြင်ပေးလိုက်မယ်။ ဖယောင်းတိုင်နဲ့ လက်နှိပ်မီးပါ ထည့်ပေးလိုက်ပါ့မယ်။ ကျွန်မလည်း စနေနေ့လာခဲ့မယ် ”
“ အေး....အေး ”
“ ညနေစာအတွက် ထမင်းချိုင့်ပါ ထည့်ပေးလိုက်မယ်နော် ”
“ ကောင်းတာပေါ့ကွာ ”
“ နောက်နေ့တွေကျရင် ထမင်းဘယ်မှာ သွားဝယ်စားမလဲ ”
“ ကားရှိနေတာပဲ။ ထမင်းဆိုင် လိုက်ရှာပြီး စားရမှာပေါ့ ”
“ ကျွန်မ ပစ္စည်းတွေ သွားပြင်လိုက်ဦးမယ် ”
***************
“ ဆရာကြီး။ ကျွန်တော်တို့ ပြန်တော့မယ်။ မနက်ဖြန်မနက် ရှစ်နာရီအရောက်လာခဲ့မယ်။ အိမ်တိုင်ထူရင် ပွဲတင်ဖို့ အကုန်
ပြင်ဆင်လာခဲ့မယ် ”
“ ဟုတ်ကဲ့ဗျာ။ ကျေးဇူးတင်ပါတယ်။ ရေတွင်းကို အမှိုက်ဆယ်ပေးကြပါဦးဗျာ။ ပိုက်ဆံပေးပါ့မယ် ”
“ မနက်ဖြန် ဆယ်ပေးပါ့မယ်။ မဆလာနယ်ဖို့ ခြေလက်ဆေးဖို့ ရေလိုတယ် ”
“ ဒီနေ့တော့ ရေမချိုးရတော့ဘူးပေါ့ဗျာ ”
“ မနက်ဖြန် ဆယ်ပေးပါ့မယ်။ ဒီနေ့က အချိန်မရှိတော့လို့ပါ ”
“ ရပါတယ်ဗျာ ”
“ ကျွန်တော်တို့ ပြန်ဦးမယ်ခင်ဗျ ”
“ ဟုတ်ကဲ့။ ကောင်းပါပြီဗျာ ”
ညနေ ငါးနာရီလောက်တွင် လက်သမားခေါင်းဆောင်နှင့် လက်သမားဆရာ၊ ပန်းရံဆရာတို့ ပြန်သွားကြသည်။ တစ်
ဖက်ခြံမှ နှင်းဆီပန်းနှင့် စံပယ်ပန်းရနံ့တို့က သင်းပျံ့နေသည်။ ခြံထဲတွင် လမ်းလျှောက်ရင်း မကြာမီ ဆောက်လုပ်တော့မည့် အိမ်လေးကို မျက်လုံးထဲတွင် ပုံဖော်နေမိသည်။ သီးပင်စားပင်များဖြင့် သာယာနေမည့် ခြံကိုလည်း မျက်လုံးထဲတွင် ပုံဖော်
နေမိသည်။
ခြံထဲတွင် လမ်းလျှောက်နေရာမှ မှောင်စပျိုးလာသဖြင့် ယာယီပြုလုပ်ထားသည့် တဲပေါ်သို့တက်လာခဲ့သည်။ တဲဆို
သော်လည်း အကာအကွယ်မရှိဘဲ ဓနိမိုး ပျဉ်ခင်း ယာယီတဲသာဖြစ်ပေသည်။ တဲပေါ်တွင် ဘိလပ်မြေအိတ်များတင်ထားပြီး တဲအရှေ့တွင် သဲပုံ၊ သစ်များနှင့် အုတ်များရှိလေသည်။
မှောင်ရိပ်မသန်းခင် ထမင်းစားသော်လည်း ထမင်းစားမကောင်းသဖြင့် ပိုလျှံနေသည့် ထမင်းနှင့်ဟင်းများကို ခြံထောင့်
တွင်သွားရောက်စွန့်ပစ်လိုက်ပြီးနောက် တဲပေါ်သို့ပြန်တက်လာသည်။ လျှပ်စစ်မီးမရသေးသဖြင့် ဖယောင်းတိုင်ကိုသာ အား
ကိုးရမည်ဖြစ်သောကြောင့် မီးခြစ်နှင့် ဖယောင်းတိုင်ကို အဆင်သင့်လုပ်ထားပြီး အိတ်ဆောင် ရေဒီယိုလေးကို ဖွင့်ကာ VOA
နိုင်ငံခြား သတင်းကို နားထောင်နေလေသည်။
တဖြည်းဖြည်းနှင့် အလင်းရောင်ကွယ်ပျောက်ကာ အမှောင်ထုက ကြီးစိုးလာခဲ့လေပြီ။ တစ်ဖက်ခြံမှ ဓာတ်မီးရောင်ကို မြင်လိုက်သဖြင့် တစ်ဖက်ခြံတွင် ခြံစောင့်တစ်ယောက်ယောက် ရှိနေသည်ကို သိရသဖြင့် အားတက်သွားခဲ့လေသည်။ တစ်
ယောက်တည်းဖြစ်နေသဖြင့် အိမ်ဆောက်ပစ္စည်းများ လာရောက်ခိုးယူပါက ခုခံရန်မဖြစ်နိုင်ပေ။ လူစောင့်ရှိနေကြောင်း ပြသ
ရုံမှလွဲ၍ တကယ်ဖြစ်လာပါက ပြန်လည်ခုခံရန် မဖြစ်နိုင်ကြောင်း ဦးမောင်သွင် နားလည်ပါသည်။ တစ်ဖက်ခြံတွင် အစောင့်
ရှိနေသဖြင့် တစ်ခုခုဆိုပါက အကူအညီတောင်း၍ ရနိုင်သည်။ အရှေ့ခြံနှင့် အနီးအနားမှ ခြံများက ခြံခတ်ထားရုံခတ်ထားပြီး
လူနေထိုင်ခြင်း၊ ပန်းပင်နှင့် စားပင်သီးပင်များ စိုက်ပျိုးထားခြင်းမရှိသည့်အပြင် မြက်ရိုင်းများ၊ ချုံနွယ်ပိတ်ပေါင်းများဖြင့်ပြည့်
နှက်နေသည်။ တစ်ခုခုဆိုပါက အားကိုးရန်မှာ နှင်းဆီခြံမှ ခြံစောင့်သာ ရှိပေတော့သည်။
***************
ဖယောင်းတိုင် မီးညွန့်က လေဝေ့လိုက်သည့်အခါတိုင်း ယိမ်းနွဲ့နေသည်။ လက်မှနာရီကို ကြည့်လိုက်သည့်အခါ ည
ကိုးနာရီကျော်နေလေပြီ။ လဆန်းရက်မို့ လရောင်ကလည်း ခြံအတွင်းသို့ ဖြန့်ကျက်ထားသည်။ အိပ်ချင်စိတ်မရှိသေးသဖြင့်
အိပ်ရာပေါ်တွင်ထိုင်ကာ ဟိုကြည့် သည်ကြည့် လုပ်နေမိသည်။ ထိုအချိန်မှာပင် သရက်ပင်အောက်မှလူရိပ်သဏ္ဌာန်နှစ်ခုကို
လရောင်အောက်တွင် မြင်လိုက်ရသဖြင့် သူခိုးထင်မှတ်ပြီး လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။
လင်းထိန်နေသည့် လက်နှိပ်ဓာတ်မီးရောင်အောက်တွင် မြင်တွေ့နေရသည့် လူပုံသဏ္ဌာန်က ဦးမောင်သွင်ကို လှည့်
၍ပင်မကြည့်ဘဲ ခြံထောင့်သို့ တရွေ့ရွေ့ဖြင့် ရွေ့လျားနေကြသည်။ ဦးမောင်သွင်လည်း သူခိုးထင်မှတ်ပြီး အနီးအနားမှ
သစ်သားတုတ်တစ်ချောင်းကို ကောက်ယူကာ လက်နှိပ်ဓာတ်မီးကိုပိတ်၊ ဖယောင်းတိုင်ကို မီးငြိမ်းသတ်လိုက်ပြီး အခြေအ
နေကို စောင့်ကြည့်နေလိုက်သည်။ လူရိပ်သဏ္ဌာန်နှစ်ခုက ခြံထောင့်သို့ရောက်သည့်အခါ မတ်တပ်အနေအထားမှ လေး
ဘက်အနေအထားဖြစ်သွားကြသဖြင့် ဦးမောင်သွင်လည်း အတော်စိတ်ဝင်စားသွားလေသည်။
သူခိုးသူဝှက်နှစ်ယောက် မည်သည့်အကြံအစည်ဖြင့် ထိုသို့ပြုလုပ်နေရသည်ကိုလည်း သိချင်လာမိသည်။ မည်သို့ပင်
ဖြစ်စေ၊ လူအစောင့်ရှိကြောင်း အသံပြုရန်အတွက် ချောင်းဟန့်လိုက်လေသည်။
“ အဟမ်း.......အဟမ်း..... ”
ချောင်းဟန့်လိုက်သည့် အချိန်မှာပင် လေးဘက်ထောက်နေသည့် နှစ်ယောက်ထဲမှ တစ်ယောက်က လှည့်ကြည့်
လိုက်သည့်အခါ ဦးမောင်သွင်တစ်ယောက် အထိတ်တလန့် ဖြစ်သွားလေတော့သည်။ လေးဘက်အနေအထားဖြင့် လှည့်
ကြည့်နေသည့် မျက်လုံးများက ရဲရဲနီနေကြသည်။ လူသားမဟုတ်သည်မှာ သေချာသွားခဲ့သဖြင့် လက်နှိပ်ဓာတ်မီးကို ထိုး
ပြီး လက်ထဲတွင် တုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ထိုနေရာသို့ သွားရန် ပြင်လိုက်သည့်အချိန်တွင် လူရိပ်သဏ္ဌာန်
နှစ်ခုက ရေတွင်းထဲသို့ ခုန်ဆင်းသွားကြသည်ကို တအံတသြ မြင်တွေ့လိုက်ရသည်။ ရေတွင်းကို ဓာတ်မီးဖြင့် ထိုးကြည့်
သော်လည်း အရိပ်အယောင်မမြင်ရတော့သဖြင့် တဲပေါ်သို့ ပြန်လာခဲ့သည်။
ထိုနေ့ညက သို့လာ သို့လော အတွေးများစွာကြောင့် ဦးမောင်သွင်တစ်ယောက် ကောင်းမွန်နှစ်ချိုက်စွာ မအိပ်စက်ခဲ့
ရပေ။
**************
မနက်မိုးသောက် အလင်းရောက်လျှင် အိပ်ရာမှထပြီး မနေ့ညက အရိပ်သဏ္ဌာန်နှစ်ခု သွားရောက်ခဲ့သည့် ခြံထောင့်
သို့ သွားရောက်ကြည့်ရှုလေသည်။ ခြံထောင့်သို့ရောက်သည့်အခါမှာတော့ ဦးမောင်သွင်တစ်ယောက် ပါးစပ်အဟောင်သား
ဖြစ်ခဲ့ရလေတော့သည်။ စားမကောင်းသဖြင့် ကျန်ရှိနေသည့် အစားအသောက်များကို ခြံထောင့်တွင် စွန့်ပစ်ခဲ့သော်လည်း
ယခုမနက်မှတော့ ထမင်းစေ့ တစ်စေ့မှမကျန် တက်တက်စင် ပြောင်နေလေပြီ။ သို့ဆိုပါက ထိုအရာနှစ်ခုသည် ပရလောက
သားများ ဖြစ်နိုင်ကြောင်း ဦးမောင်သွင် သဘောပေါက်လေတော့သည်။
လက်သမားဆရာများ အိမ်ဦးတိုင်ကို ရွေဘော်ထိုးပြီးနောက် ပွဲပေးပြီး အိမ်တိုင်ထူခြင်း အမှုကိစ္စ ပြီးသွားခဲ့လေပြီ။ ည
က ကောင်းမွန်စွာ မအိပ်စက်ခဲ့ရသဖြင့် မျက်လုံးများ ကျိန်းစပ်နေသော်လည်း လက်သမားဆရာများ အလုပ်လုပ်ကိုင်နေသ
ဖြင့် တရေးတမော ပြန်အိပ်ရန် မဖြစ်နိုင်တော့ပေ။
“ ရေတွင်း ဆယ်ပေးကြပါဦးဗျာ။ သောက်ရေနဲ့ မျက်နှာသစ်နေရတယ်။ ပိုက်ဆံ ပေးပါ့မယ်ဗျာ ”
“ ဟုတ်ကဲ့ လုပ်ပေးပါ့မယ်။ မောင်ဖုန်းနဲ့ သူရတို့၊ မင်းတို့နှစ်ယောက် ရေတွင်းထဲက အမှိုက်တွေ ဆယ်ပေးလိုက်ကြပါကွာ။ အရက်ဖိုးရတာပေါ့ ”
“ ဟုတ်ကဲ့ ဆရာ ”
အသက်နှစ်ဆယ်ကျော်ခန့်ရှိမည့် မောင်ဖုန်းနှင့် သူရတို့နှစ်ယောက် ရေတွင်းဘက်သို့ ထွက်သွားသဖြင့် ဦးမောင်သွင်
လည်း ရေတွင်းသို့ လိုက်သွားသည်။ ရေတွင်းသို့ရောက်သော် မောင်ဖုန်းက ကြိုးတပ်ထားသည့် ရေပုံးဖြင့် အမှိုက်များကို ဆယ်ယူလေသည်။
“ ရေပုံးနဲ့ အမှိုက်ခပ်မှတော့ ပြီးပါတော့မလားကွာ ”
“ လှေကားမရှိလို့ပါ ဦးလေး ”
“ လှေကား ဘယ်မှာ ငါးလို့ရမလဲ ”
“ ကျွန်တော်တို့လည်း မသိဘူးဗျ။ ဝါးလှေကားကို ကြိုးချည်ပြီး ဆင်းရင်တော့ မြန်မြန်ပြီးတာပေါ့ ”
“ ဒါဆိုလည်း ဝါးသွားဝယ်ဗျာ။ ကျွန်တော် ပိုက်ဆံပေးလိုက်မယ် ”
“ ဒီနားမှာတော့ ဝါးဆိုင်မရှိဘူးခင်ဗျ။ မနက်ဖြန်မှ ဆယ်ရင်ဖြစ်မလား။ ကျွန်တော်တို့ ကြိုးဝယ်လာပြီး ကြိုးလှေကားလုပ်မယ် ”
“ ဒါဆိုလည်း မနက်ဖြန်မှပဲ ဆယ်တော့ကွာ။ ရေပုံးနဲ့ ခပ်နေလို့ကတော့ ပြီးမှာမဟုတ်ဘူး ”
“ ဟုတ်ကဲ့ ဦးလေး။ မနက်ဖြန်မှ ဆယ်ပေးပါ့မယ်။ ကျွန်တော်တို့ အလုပ်ဆက်လုပ်လိုက်ဦးမယ်နော် ”
“ အေး...အေး။ ငါလည်း ထမင်းသွားစားလိုက်ဦးမယ် ”
ရေပုံးဖြင့် အမှိုက်များကို ဆယ်ယူနေခြင်းက အလုပ်မဖြစ်နိုင်သဖြင့် မောင်ဖုန်းတို့ပြောသလို နောက်တစ်နေ့မှ ဆယ်
ယူတော့မည်ဟု ဆုံးဖြတ်ကာ လက်လျှော့လိုက်ပြီး ထမင်းစားရန်အတွက် ထွက်လာခဲ့တော့သည်။
***************
လက်သမားဆရာ၊ ပန်းရံဆရာများ ပြန်သွားကြပြီဖြစ်သောကြောင့် ကားကို သရက်ပင်ကြီးအောက်သို့ ရွှေ့လိုက်ပြီး
ဘေးချင်းကပ်ခြံသို့ အကူအညီတောင်းကာ ရေချိုးရန် စီစဉ်ရလေသည်။ ထို့နောက် တဲပေါ်သို့တက်ပြီး မျက်နှာသုတ်ပုဝါနှင့်
မျက်နှာသုတ်ပုဝါနှင့် ဆပ်ပြာခဲ၊ ရေလဲလုံချည်ယူကာ ဘေးချင်းကပ်ခြံသို့ ထွက်သွားလေသည်။
“ ခြံရှင်တို့၊ ခြံရှင်တို့ ”
ခြံပါက်ဝမှနေ၍ အချိန်အတော်ကြာ အော်ခေါ်လိုက်သည့်အခါမှ ဦးမောင်သွင်နှင့် သက်တူရွယ်တူခန့်ရှိမည့် အမျိုး
သားတစ်ဦး ခြံဝသို့ ရောက်လာလေသည်။
“ ဘာကိစ္စရှိလို့လဲဗျ ”
“ ကျွန်တော် ဟိုဘက်ခြံကို ဝယ်လိုက်တဲ့သူပါ။ ရေချိုးဖို့ အဆင်မပြေလို့ ရေလာချိုးတာပါ ”
“ သြော်.....ဟုတ်ကဲ့။ ချိုးပါခင်ဗျ။ ရေတွင်းက ဟိုနားမှာ ”
“ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ရေမချိုးရတာ နှစ်ရက်ရှိပါပြီ ”
“ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ချိုးပါ ခင်ဗျ ”
ဘေးခြံကအမျိုးသား လက်ညှိုးညွှန်ပြသည့် ရေတွင်းဆီသို့ နှင်းဆီပန်းခင်းကြားမှ ဖြတ်သွားပြီး ရေကို အားရပါးရ ချိုး
လိုက်သည်။ အေးမြသည့် တွင်းရေနှင့်အတူ မွှေးမြသည့်နှင်းဆီပန်းရနံ့တို့ကြောင့် ဦးမောင်သွင်၏ စိတ်ကို လန်းဆန်းစေခဲ့
သည်။ ရေချိုးပြီးသည့်နောက် ဘေးခြံမှအမျိုးသားကို ကျေးဇူးတင်စကားပြောရန် ခြံထဲတွင် လိုက်ရှာလေသည်။
“ ကျွန်တော် ဒီမှာဗျ ”
“ ဟုတ်ကဲ့။ ကျေးဇူးတင်ကြောင်းပြောချင်လို့ လိုက်ရှာနေတာ ”
“ ရပါတယ်ဗျာ။ လာလေဗျာ။ ရေနွေးကြမ်း သောက်ပါဦး ”
“ မသောက်တော့ပါဘူးခင်ဗျာ ”
“ အိမ်ဆောက်နေတာလားဗျ ”
“ ဟုတ်ပါတယ်ခင်ဗျ။ ပင်စင်ယူပြီးရင် အနားယူမလို့ဗျာ။ နောင်ကြီးကရော ဒီခြံပိုင်ရှင်လား ”
“ မဟုတ်ပါဘူး။ ကျွန်တော်က ခြံအလုပ်သမားပါ။ တပ်ကနေ ဆေးခွင့်ယူပြီး ခြံအလုပ်သမား ဝင်လုပ်နေတာပါ။ ကျွန်တော်
က စိုက်ပျိုးရေး ဝါသနာပါတယ် ”
“ ကောင်းတယ်ဗျာ။ ကျွန်တော်လည်းသီးပင်စားပင်လေးစိုက်ပြီး ဒီမှာပဲ တစ်သက်လုံးနေပြီး ခေါင်းချသွားမလားလို့ စိတ်ကူး
ထားတယ်။ ကျွန်တော့်နာမည် မောင်သွင်ပါ ”
“ ကျွန်တော့်နာမည် တင်မြင့်အောင်ပါ ”
“ ကျွန်တော် ပြန်လိုက်ဦးမယ် ကိုတင်မြင့်အောင် ”
“ ဟုတ်ကဲ့ခင်ဗျ။ ဒါနဲ့....ခြံထဲမှာပဲ အိပ်တာလား ”
“ ဟုတ်ပါတယ်။ သစ်တွေ၊ ဘိလပ်မြေအိတ်တွေ ချထားတော့ ခိုးခံရမှာစိုးလို့ပါ ”
“ သြော်........အကြောင်းတစ်ခုခုရှိရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ဗျာ ”
“ ဟုတ်ကဲ့ ခင်ဗျ ”
ဘေးခြံမှ ကိုတင်မြင့်အောင်ကို နှုတ်ဆက်ပြီး ခြံသို့ ပြန်လာခဲ့သည်။ ခြံထဲရောက်သည်နှင့် အဝတ်အစားလဲကာ မနက်
က ဝယ်ယူလာခဲ့သည့် အေးစက်မာကြောနေသည့် ထမင်းနှင့် အေးစက်နေသည့်ဟင်းကို ရေနှင့်မျှောချလိုက်လေသည်။
ထမင်းစားသောက်ခြင်း ပြီးစီးပြီးနောက် ခြံထဲတွင် လမ်းလျှောက်ရင်း သရက်ပင်ကြီးကို မော့ကြည့်လိုက်သည်။ အရွက်များ
ဖြင့် အုပ်ဆိုင်းကာထီးထီးမားမားရှိနေသည့် သရက်ပင်ပေါ်တွင် ထူးခြားချက်တစ်စုံတစ်ရာမှ မတွေ့ပေ။ သရက်ပင်ပေါ်သို့
ခုန်တက်သွားသည့် အရိပ်မည်းမည်းနှစ်ခုသည် လူသားမဟုတ်ကြောင်း ဦးမောင်သွင် သဘောပေါက်ပါသည်။
ရေမိုးချိုးပြီး ချမ်းစိမ့်စိမ့်ဖြစ်လာသဖြင့် တဲသို့ပြန်ကာ အနွေးထည်ဝတ်လိုက်ပြီး ရေဒီယိုကိုဖွင့်လိုက်သည်။ မြန်မာ့အသံမှ
ထုတ်လွှင့်နေသည့် သီချင်းကို နားထောင်ရင်း မနေ့ညက အိပ်ရေးပျက်ထားသဖြင့် မျက်လုံးများက မှေးစင်းလာကြသည်။ အိပ်ချင်လွန်းသဖြင့် ရေဒီယိုကိုပိတ်ကာ ခြင်ထောင်ထောင်လိုက်ပြီး အိပ်ယာဝင်ခဲ့လေသည်။
***************
မသိစိတ်၏ နှိုးဆော်မှုကြောင့် အိပ်မောကျနေရာမှ ဦးမောင်သွင် လန့်နိုးလာလေသည်။ ဇာခြင်ထောင်ထဲမှ အပြင်သို့
ကြည့်လိုက်သည့်အခါ လရောင်က ခြံတစ်ခုလုံးကို ဖြန့်ကျက်ထားသဖြင့် ခြံထဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ ထိုအချိန်မှာပင် ကိုယ်ပေါ်တွင် ခြုံထားသည့်စောင်ကို တစ်ယောက်ယောက်က ဆွဲယူလိုက်သလိုဖြစ်သွားသဖြင့် စောင်ကို ပြန်ဆွဲယူရင်း နံဘေးမှ လက်နှိပ်ဓာတ်မီးကို အမြန်စမ်းလိုက်သည်။
“ ဟ.....၊ ဘယ်ကောင်လဲကွ ”
ဓာတ်မီးကို စမ်းနေစဉ်မှာပင် ခြင်ထောင်ကို ဆွဲဖြုတ်လိုက်သဖြင့် ဦးမောင်သွင်လည်း တအံ့တသြရေရွတ်ကာခြင်ထောင်
ထဲမှ အပြင်သို့အမြန်ထွက်လိုက်သည်။
“ ဟာ........ ”
ခြင်ထောင်ထဲမှအထွက်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဦးမောင်သွင်တစ်ယောက် ကြက်သီးမွေးညင်းများ
ထသွားလေတော့သည်။ ခြင်ထောင်အပြင်သို့ ထွက်လိုက်သည့်အချိန်မှာပင် ခြေရင်းဘက်၌ ပြူးကျယ်ပြီး နီရဲနေသည့်မျက်
လုံးများဖြင့် စိုက်ကြည့်နေကြသည့် ခွေးနက်ကြီးနှစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ ဦးမောင်လွင်လည်း ကြောက်ကြောက်
လန့်လန့်ဖြင့် လက်ထဲမှ ဓာတ်မီးကို ခလုပ်ဖွင့်ပြီး ထိုးကြည့်လိုက်သည့်အခါ ခွေးနက်ကြီးများမဟုတ်ဘဲ တစ်ကိုယ်လုံး အ
မွေးအမှင်များဖုံးအုပ်နေသည့် ပုပုကွကွ သတ္တဝါကြီးနှစ်ကောင်ကို မြင်တွေ့လိုက်သည့်အခိုက် တဲပေါ်မှ ဆင်းပြေးကာ လက်
နက်တစ်ခုခုကိုအမြန်ရှာဖွေလေတော့သည်။ ကံကောင်းထောက်မစွာဖြင့် အိမ်တိုင်တူးသည့် ဂေါ်ပြားကို သစ်ပုံဘေးတွင်မြင်
လိုက်သဖြင့် အပြေးအလွှားယူကာ သတ္တဝါကြီးနှစ်ကောင်ကို ခြောက်လှန့် မောင်းထုတ်လေတော့သည်။
“ သွားကြစမ်း....၊ ဟေ့ကောင်တွေ။ သွားကြစမ်း ”
ဂေါ်ပြားကို ရိုက်နှက်ရန် အသင့်အနေအထားဖြင့် ခြောက်လှန့်နေစဉ် သတ္တဝါကြီးများက တဲပေါ်မှဆင်းလာနေကြသည်။ ခန္တာကိုယ် ကြီးမားပြီး ပုပုကွကွ သတ္တဝါကြီးများကို ကြည့်ကာ ဦးမောင်သွင် ထိတ်လန့်လာလေသည်။ နှုတ်မှလည်း သမ္ဗုဒ္ဓေ
ဂါထာတော်ကို အဆက်မပြတ်ရွတ်ဆိုကာ လက်ထဲမှ ဂေါ်ပြားဖြင့် ရိုက်နှက်ရန် ရွယ်ထားလေသည်။ ထိုစဉ်မှာပင် ပုပုကွကွ
သတ္တဝါကြီးများက ဦးမောင်သွင်ထံသို့မလာဘဲ ရေတွင်းဆီသို့ ထွက်သွားကြသဖြင့် ဦးမောင်သွင်လည်း စိတ်သက်သာရာ ရ
ခဲ့လေသည်။
မည်းမည်းသတ္တဝါကြီးများကို မျက်ခြေမပြတ်စောင့်ကြည့်နေစဉ် သတ္တဝါကြီးနှစ်ကောင်က ရေတွင်းထဲသို့ ဆင်းသွားကြ
သည်ကို မြင်တွေ့လိုက်ရလေသည်။ သတ္တဝါကြီးနှစ်ကောင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည့်အချိန်တွင် ဦးမောင်သွင်
တစ်ယောက် တဲပေါ်သို့ ပြန်တက်လာခဲ့သည်။
ခြံကို စတင်ဝယ်ယူပြီးချိန်မှစပြီး အိမ်ဆောက်သည်အထိ မြေသန့်ခြင်းကို မလုပ်ဆောင်ခဲ့မိသည့်အတွက် နောင်တရနေ
သည်။ ယခုခြံကို ဝယ်မိသည်မှာ မှားယွင်းခဲ့လေပြီဟုလည်း တွေးနေမိသည်။ အိမ်သစ်တက်သည့်အခါမှ သံဃာတော်များ
ကို ဆွမ်းကျွေးပြီး ပရိတ်တရားတော်များ ရွတ်ဆိုခြင်း၊ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် အမျှအတန်းပေးဝေမှ ဖြစ်တော့မည်ဟု ဆုံး
ဖြတ်လိုက်လေသည်။
ထိတ်လန့်ဖွယ်ရာကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည့်အတွက် အိပ်ချင်စိတ်ပျောက်ကာ မျက်လုံးများလည်း ကျယ်
သွားခဲ့လေပြီ။ အဖော်မပါဘဲ တစ်ကိုယ်တည်းဖြစ်နေသည့်အတွက်လည်း အားငယ်သလိုခံစားနေရသည်။ မည်သို့မည်ပုံ ဆက်ဖြစ်ဦးမည်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ရေတွင်းကိုသာ မမှိတ်မသုံ ကြည့်နေလေသည်။
ရေတွင်းနှင့် ဦးမောင်သွင် နေထိုင်နေသည့်တဲသည် ပေခြောက်ဆယ်အကွာလောက်သာရှိသဖြင့် ရေတွင်းကို ကောင်း
စွာမြင်တွေ့နေရသည်။ ဦးမောင်သွင်လည်း ဖယောင်းတိုင်မီးမထွန်းဘဲ ရေတွင်းကိုသာ အသေအချာ ကြည့်နေလေသည်။
ထိုစဉ်မှာပင် ရေတွင်းထဲမှ လက်လေးဖက်ပေါ်ထွက်လာပြီး ရေတွင်းပေါင်ပေါ်သို့ ကျော်တက်လာနေကြသည့် သူနှစ်
ယောက်ကို မြင်တွေ့လိုက်ရလေသည်။ ဦးမောင်သွင်က နံဘေးတွင် ချထားသည့် ဂေါ်ပြားကို အသာကောက်ယူလိုက်ပြီး အခြေအနေကို စောင့်ကြည့်နေသည်။ ရေတွင်းပေါ်သို့ တက်လာကြသည့်သူများကို လရောင်ဖြင့် ထင်ထင်ရှားရှားမြင်တွေ့
လိုက်ရသည့်အခါ အသက်သုံးဆယ်သာသာခန့်ရှိမည့် အမျိုးသားနှစ်ဦးဖြစ်ကြောင်း သိလိုက်ရလေသည်။ ယခုလို အချိန်မျိုး
တွင်ရေတွင်းထဲမှ အလွယ်တကူတက်လာနေကြသူများသည် လူသားစစ်စစ်မဟုတ်နိုင်ကြောင်းသိလိုက်ရသဖြင့် ဂုဏ်တော်
ကိုးပါးနှင့် သမ္ဗုဒ္ဓေဂါထာတော်ကို အသံထွက်ရုံမျှ ရွတ်ဆိုနေလေသည်။ ရေတွင်းထဲမှ တက်လာကြသူများသည် အပေါ်ပိုင်း
ကိုယ်ဗလာကျင်းနေကြပြီး ပုဆိုးတိုတို ဝတ်ဆင်ထားကြသည်။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရသော်လည်း ခန္တာကိုယ် အချိုး
အဆစ်က အလုပ်ကြမ်းသမားများကဲ့သို့ ကျစ်လစ်မာကြောကြသည်။ ဦးမောင်သွင် စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေစဉ်မှာ
ပင် ရုတ်ချည်းပျောက်ကွယ်သွားလေတော့သည်။
ဦးမောင်သွင်လည်း ပြန်အိပ်ရန် မဖြစ်နိုင်တော့သဖြင့် အိပ်ရာပေါ်မှာပင် တင်ပြင်ခွေကာ ထိုင်နေလိုက်တော့သည်။ တ
ဖြည်းဖြည်းနှင့် မနက်နှစ်နာရီထိုးပေတော့မည်။ တစ်ချက် တစ်ချက် မျက်လုံးများမှေးစင်းပြီး အိပ်ငိုက်သွားသဖြင့် အိပ်မပျော်
သွားမိစေရန် မျက်လုံးများကို ပွတ်သပ်နေရသည်။
“ ကျွိ......ကျွိ...... ”
တစ်ချက်မျှ အိပ်ငိုက်သွားချိန်တွင် ခေါင်မိုးပေါ်မှ အသံကြားသဖြင့် မော့ကြည့်လိုက်မိသည့်အခါ တဲထုပ်တန်းပေါ်တွင်
တွဲလောင်းအနေအထားဖြင့် ဇောက်ထိုးဖြစ်နေသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အခိုက် ဦးမောင်သွင် ခေါင်းနပမ်း
ကြီးကာ ကြက်သီးမွေးညင်းများထသွားလေတော့သည်။
“ အမလေးဗျ.....ဘုရား.....ဘုရား..... ”
တစ်ကိုယ်လုံး အမွေးအမှင်များ ဖုံးအုပ်နေပြီး ပြူးကျယ်နေသည့် မျက်လုံးကြီးများက ကြောက်စရာ အလွန်ကောင်း
လွန်းလှသည်။ ဦးမောင်သွင်လည်း ထိုင်ရာမှထကာ တဲအောက်သို့ ဆင်းပြေးမည်ပြုစဉ် ကျောနောက်ဘက်၌ တစ်ယောက်
ယောက်ရှိနေသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ တစ်ကိုယ်လုံးရေစိုရွှဲနေသည့် အမျိုးသားတစ်ယောက်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် နောက်သို့ အမြန်ခုန်ဆုတ်လိုက်သည်။ ပါးစပ်ကလည်း သမ္ဗုဒ္ဓေဂါထားကို အဆက်
မပြတ်ရွတ်ဆိုနေလေသည်။ ရေစိုရွှဲနေသည့် အမျိုးသားကို တအံ့တသြကြည့်နေစဉ်မှာပင် ထုပ်တန်းပေါ်မှ သတ္တဝါကြီးက ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းလာသဖြင့် ဦးမောင်သွင်လည်း တဲအောက်သို့ ဆင်းပြေးလေတော့သည်။
တစ်ဖက်ခြံကို ပြေးပြီးအကူအညီတောင်း၇န်ကလည်း အချိန်မတော်ဖြစ်နေသဖြင့် အားနာမိသည်။ သို့သော်လည်း ယ
ခုထက်ပိုမိုဆိုးရွားလာပါက အကူအညီတောင်းသင့်က တောင်းရပေတော့မည်။ တဲအောက်မှ တဲပေါ်သို့ ကြည့်နေစဉ်မှာပင်
ရေစိုရွြှနေသည့် အမျိုးသားက ထုပ်တန်းပေါ်မှ သတ္တဝါကဲ့သို့ ရုတ်ချည်းပြောင်းလဲသွားပြီး သတ္တဝါကြီးနှစ်ကောင်စလုံး တဲ
အောက်သို့ ဆင်းလာသဖြင့် ဦးမောင်သွင်လည်း ခြံဝသို့ ပြေးလေတော့သည်။ သတ္တဝါကြီးနှစ်ကောင်က ဦးမောင်သွင်ထံသို့
မလာဘဲ ရေတွင်းဆီသို့ သွားနေသဖြင့် ဦးမောင်သွင်လည်း အသာစောင့်ကြည့်နေလိုက်သည်။ ရေတွင်းဆီသို့ တရွေ့ရွေ့
သွားနေသည့် သတ္တဝါကြီးနှစ်ကောင်က ရေတွင်းသို့ရောက်သည့်အခါ ရေတွင်းထဲဆင်းသွားသည်ကို မြင်တွေ့လိုက်ရလေ
သည်။
အန္တရာယ်မပေးသော်လည်း လိပ်ပြာငယ်သူသာဖြစ်ပါက နေရာမှာတင် အသက်ထွက်သွားနိုင်ပေသည်။ ထိုသတ္တဝါကြီး
နှစ်ကောင်သည် တစ္ဆေများသာဖြစ်ပြီး မည်သည့်အတွက်ကြောင့် ရေတွင်းထဲသို့ ဆင်းသွားကြသည်ကို ဦးမောင်သွင် သိချင်
နေမိသည်။ ရေတွင်းနှင့် ထိုတစ္ဆေနှစ်ကောင်တို့ တနည်းနည်းနှင့် ပတ်သက်မှုရှိရမည်ဟုလည်း ဦးမောင်သွင် တွေးလိုက်မိ
သည်။
မည်သို့ဆိုစေ၊ မနက်ဖြန်မနက်မှာတော့ ဘေးခြံမှ ကိုတင်မြင့်အောင်ကို မေးမြန်းကြည့်မည်ဟု ဆုံးဖြတ်ကာ တဲပေါ်သို့ ပြန်တက်လာခဲ့လေသည်။
ဦးမောင်သွင်၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်ခြင်းများဖြစ်ပေါ်နေသဖြင့် ထိုတစ်ညလည်း အိပ်ရေးပျက်ခဲ့ရပြန်လေ
သည်။
***************
“ ကြိုးလှေကားတော့ ဆင်ပြီးသွားပြီ ဦးလေး။ ကျွန်တော်တို့နှစ်ယောက် ဆင်းတော့မယ်။ လာကြည့်လိုက်ဦး ”
လက်သမားခေါင်းဆောင်နှင့် စကားပြောဆိုနေစဉ် မောင်ဖုန်းရောက်လာပြီး ရေတွင်းထဲဆင်းရန် ပြောဆိုသဖြင့် ဦး
မောင်သွင်လည်း မောင်ဖုန်းနှင့်အတူ လိုက်သွားလေသည်။ ရေတွင်းအနီးသို့ရောက်သည့်အခါ အုန်းဆံကြိုးနှစ်ချောင်းရှိ
ကြိုးလွန်းများကို ဟပြီး ဝါးများကို လှေကားထစ်အဖြစ်ပြုလုပ်ထားသည့် ကြိုးလှေကားကို တွေ့လိုက်ရသည်။ ရေတွင်းထဲ
တစ္ဆေနှစ်ကောင်ရှိနေကြောင်း သိထားသော်လည်း မောင်ဖုန်းတို့ကို ပြောပြရန်မသင့်သဖြင့် ရေငုံနှုတ်ပိတ်ထားလိုက်သည်။
“ သတိထားပြီး ဆင်းကြကွာ ”
“ စိတ်ချပါ ဦးလေး ”
မောင်ဖုန်းနှင့် သူရအပြင် လက်သမားဆရာတစ်ယောက်ကပါ ဝိုင်းကူသဖြင့် အလွန်အဆင်ပြေပေသည်။ ကြိုးလှေကား
ကို သရက်ပင်တွင်ချည်နှောင်ပြီး ရေတွင်းထဲသို့ချထားလေသည်။ လက်သမားဆရာက ကြိုးလှေကား ခိုင်ခန့်မှုကို အသေအ
ချာစစ်ဆေးပြီးသည်နှင့် ရေတွင်းထဲသို့ မောင်ဖုန်းက အရင်ဆုံးဆင်းသွားလေသည်။ သူရနှင့် လက်သမားဆရာက အမှိုက်
သရိုက်များထည့်ရန် ခြင်းတောင်းကို ကြိုးဖြင့်ချည်ပြီး ရေတွင်းထဲသို့ ချပေးလေသည်။
မနေ့ညက အိပ်ရေးမဝခဲ့သဖြင့် ခဏပြန်အိပ်ရန်အတွက် လက်သမားဆရာအားပြောကြားကာ တဲဆီသို့ ပြန်လာခဲ့လေ
သည်။
“ လုပ်ထားနှင့်ကြဗျာ။ မနေ့ညက ကောင်းကောင်းမအိပ်ရလို့ ခဏလောက် သွားအိပ်လိုက်ဦးမယ် ”
“ စိတ်ချပါဆရာကြီး။ မကြာပါဘူး။ ခဏပါပဲ ”
*****************
“ ဟာ.....မောင်ဖုန်းပြုတ်ကျသွားပြီ။ လုပ်ကြပါဦးဟ ”
“ မောင်ဖုန်း.....မောင်ဖုန်း....၊ ဟာ......ရေထဲနစ်သွားပြီဟ ”
“ ကျွန်တော် ဆင်းဆယ်မယ် ”
အိပ်မောကျနေခိုက် ဆူဆူညံညံအသံများကြောင့် ဦးမောင်သွင် လန့်နိုးသွားလေသည်။ လက်သမားများနှင့် ပန်းရံသ
မားများ ရေတွင်းဘက်သို့ အပြေးအလွှားသွားနေကြသဖြင့် ဦးမောင်သွင်လည်း အိပ်ရာမှ အမြန်ထကာ ရေတွင်းသို့ အမြန်
ပြေးသွားလေသည်။
“ ဟာ....သူရ....သူရပါ ပြုတ်ကျသွားပြီ ”
“ ဘာဖြစ်တာလဲ၊ ဘာဖြစ်ကြတာလဲ ”
“ မောင်ဖုန်း ရေတွင်းထဲပြုတ်ကျသွားလို့ သူရက ဆင်းကယ်တာ သူရပါ ပြုတ်ကျသွားပြီ ”
ကြားလိုက်ရသည့် သတင်းက ဦးမောင်သွင်ကို ခေါင်းနပမ်းကြီးသွားစေခဲ့သည်။ ထိုအချိန်မှာပင် တစ်ဖက်ခြံမှ ကိုတင်
မြင့်အောင်လည်း အပြေးအလွှား ရောက်လာလေသည်။
“ ဘယ်လိုဖြစ်ကြတာလဲဗျ ”
အမှိုက်ဆင်းဆယ်တဲ့ လက်သမားလေးနှစ်ယောက် ရေတွင်းထဲပြုတ်ကျသွားလို့ဗျာ။
“ ဟေ့လူတွေ၊ ထပ်မဆင်းနဲ့တော့။ ရေတွင်းထဲမှာ အဆိပ်ငွေ့တွေရှိနေလို့ဖြစ်မယ်။ ခဏနေဦး၊ ခင်ဗျားမှာ ဖယောင်းတိုင်ရှိ
သလားဗျ ”
“ ရှိတယ် ကိုတင်မြင့်အောင် ”
“ ဖယောင်းတိုင်နဲ့ မီးခြစ် အမြန်ယူပေးစမ်းဗျာ။ အဝကျယ်ပုလင်းတစ်လုံးရှိရင်လည်း ယူလာခဲ့။ ရေတွင်းထဲကို တစ်ယောက်
မှ မဆင်းကြနဲ့ ”
“ ပုလင်းတော့မရှိဘူး။ ထမင်းချိုင့်တော့ရှိတယ် ”
“ ဒါဆို ကျွန်တော် ပုလင်းတစ်လုံး ပြေးယူလိုက်ဦးမယ်ဗျာ ”
ဦးမောင်သွင်လည်း ဖယောင်းတိုင်နှင့် မီးခြစ်ကို အပြေးအလွှားသွားယူလေသည်။ ဦးမောင်သွင် ပြန်ရောက်လာ
သည့်အခါ ဦးတင်မြင့်အောင်လည်း ပုလင်းတစ်လုံးနှင့် နိုင်လွန်ကြိုးသေးတစ်ခွေကိုင်လျက် အပြေးအလွှားရောက်လာလေ
သည်။ ထို့နောက် ဦးတင်မြင့်အောင်က အဝကျယ်ပုလင်းထဲသို့ ဖယောင်းတိုင်ဖင်ပိုင်းကို မီးရှို့ကာ စိုက်လိုက်ပြီး ဖယောင်း
တိုင်ကို မီးညှိကာ ပုလင်း၏လည်ပင်းကို နိုင်လွန်ကြိုးဖြင့်ချည်၍ ရေတွင်းထဲသို့ တဖြည်းဖြည်းချင်းချလိုက်လေသည်။
ဦးတင်မြင့်အောင် လုပ်ကိုင်နေသည့်ကို ဦးမောင်သွင်နှင့် လက်သမားဆရာများက နားမလည်သလို ကြည့်ရှုနေကြ
စဉ် ရေတွင်းအလယ်လောက်အရောက်တွင် ဖယောင်းတိုင်မီးငြိမ်းသွားလေတော့သည်။
“ တွေ့လား။ ရေတွင်းထဲမှာ အောက်စီဂျင်မရှိဘူး။ အဆိပ်ဓာတ်ငွေ့တွေလည်း ရှိနေတယ်။ ဘယ်သူမှ မဆင်းနဲ့တော့။ ရဲစ
ခန်းကို အကြောင်းကြားလိုက်တော့ ကိုမောင်သွင် ”
“ ဟုတ်ကဲ့။ အခုပဲ ရဲစခန်းကို သွားလိုက်ပါ့မယ် ”
****************
“ အိမ်ဆောက်ပစ္စည်းတွေကို အရှုံးခံရောင်းရတော့မှာပေါ့ ကိုမောင်သွင် ”
“ ဟုတ်တယ် ကိုတင်မြင့်အောင်။ ဘယ်တတ်နိုင်ပါ့မလဲဗျာ ”
“ ခြံဝယ်တယ်၊ အိမ်ဝယ်တယ်ဆိုတာ ပတ်ဝန်းကျင်ကို အရင်ဆုံး စနည်းနာကြည့်ရတယ်ဗျ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဲဒီရေတွင်းထဲမှာ ခြံရှင်ညီအစ်ကိုနှစ်ယောက် ဟိုလူတွေလိုပဲ သေခဲ့ဖူးတယ် ”
“ ဗျာ........ ”
“ အဲဒီအချိန်က ဒီခြံမှာ ကျွန်တော် အလုပ်စလုပ်တာ ရှစ်လလောက်ပဲ ရှိသေးတယ်။ ခြံရှင် ညီအစ်ကိုတွေနဲ့ကတော့ မျက်
မှန်းတန်းမိရုံပါပဲ။ ရင်းနှီးမှုတော့မရှိပါဘူး။ သေသွားတဲ့ ညီအစ်ကိုနှစ်ယောက်မှာ အဖေကြီးတစ်ယောက်ရှိတယ်။ သားအဖ
သုံးယောက်က ခြံစိုက်စားကြတယ်။ သူတို့ခြံက ပုလဲမြို့သစ်ဘက်မှာဗျ။ ခင်ဗျားဝယ်လိုက်တဲ့ ခြံမှာ သူတို့အဖေပဲနေ
တာ ”
“ ဟိုနှစ်ယောက်က ဘယ်လိုဖြစ်ပြီး သေသွားကြတာလဲ ကိုတင်မြင့်အောင် ”
“ သူ့အဖေဆီလာပြီး ခြံရှင်းပေးကြတယ်။ ရေတွင်းထဲကို ဘာဆင်းလုပ်သလဲတော့ မသိဘူးဗျ။ အကြီးကောင်က အရင်
ဆင်းတယ်။ အကြီးကောင် ရေတွင်းထဲ ပြုတ်ကျလို့ အငယ်ကောင်က ဆင်းကယ်တယ်။ နှစ်ကောင်စလုံး ရေတွင်းထဲမှာ
သေနေကြတာ သူ့အဖေ မသိဘူး ”
“ ဟင်..... ဘယ်လိုဖြစ်လို့လဲ ”
“ အဘိုးကြီးက အပြင်သွားနေတယ်။ အဘိုးကြီး ပြန်ရောက်တော့ သူ့သားနှစ်ယောက် ပြန်သွားကြပြီပဲ ထင်နေတာ ”
“ နောက်တစ်ရက် ရေချိုးဖို့ ရေတွင်းကိုသွားမှ သူ့သားနှစ်ယောက် သေနေတာ တွေ့တော့တာပဲ ”
“ ဟာဗျာ....... ”
“ အဘိုးကြီးလည်း စိတ်အတော်ထိခိုက်သွားပြီး ခြံကို ရသမျှဈေးနဲ့ ထိုးရောင်းတယ်။ ခြံဝယ်သွားတဲ့သူက မင်္ဂလာဒုံ ဝါယာ
လက်ကဆိုလားပဲ။ သူက အဲဒီအကြောင်းကို သိတယ်။ ဈေးပေပါပေါနဲ့ရလို့ ဝယ်လိုက်တာ။ ခြံလာကြည့်တဲ့သူတွေရှိပေမယ့်
ဈေးမတည့်လို့ မဝယ်ဖြစ်ကြဘူး။ ခင်ဗျားနဲ့မှ အဆင်ပြေသွားတာ။ သူလည်း ခြံဝယ်ပြီး နှစ်အတော်ကြာအောင် ငွေမြျုပ်ထား
ရတာလေ ”
“ ကျွန်တော်က ဒီခြံကို အတော်ကြိုက်ပါတယ်။ ဒီခြံမှာသေတဲ့အထိ နေဖို့တောင် စိတ်ကူးထားတာ။ အခုတော့ မျှော်လင့်
ထားသမျှတွေ ရေစုန်မြောကုန်တာပေါ့ဗျာ။ ကျွန်တော်လည်း မနေရဲသလို အရောင်းလည်း အ သွားပြီပေါ့ ”
“ လေးငါးခြောက်နှစ်လောက် စောင့်ကြည့်လိုက်ပါ။ ကျွန်တော်ကြားတာတော့ စက်ရုံတွေဆောက်ဖို့ဆိုပြီး လာကြည့်နေ
ကြတယ်တဲ့။ အဲဒီအခါကျရင်တော့ ဈေးကောင်းရမှာပေါ့ဗျာ။ စက်ရုံတွေလာဆောက်ရင် စည်ကားတော့မှာ။ မသိတဲ့သူက
တော့ ဝယ်မှာပဲပေါ့ဗျာ ”
“ အဲဒီလိုပဲ လုပ်ရတော့မှာပေါ့ ကိုတင်မြင့်အောင်။ အခုတော့ သစ်တွေ၊ ဘိလပ်မြေတွေ၊ အုတ်တွေကို ဈေးလျှော့ပြီး ပြန်
သွင်းလိုက်ရပြီ ”
“ စိတ်ထဲ မထားပါနဲ့ဗျာ။ ခြံဈေးတက်ရင် ဆုံးရှုံးထားတာတွေ ပြန်ရလာမှာပါ။ ကျွန်တော် စောင့်ရှောက်ထားလိုက်ပါ့မယ် ”
“ ဟိုညီနောင် နှစ်ယောက်တောင် အတော်ဆိုးဆိုးဝါးဝါးခြောက်နေတာ၊ လေးကောင်ပေါင်းရင်တော့ ပိုဆိုးတော့မယ် ”
“ ခြံဝယ်ပြီးကတည်းက မြေသန့်ပစ်ရမှာ။ ပရိတ်ရွတ်၊ အမျှဝေပြီး မြေလှန်ခဲ့ရမှာ။ အဲဒီ ညီအစ်ကိုကို ညတိုင်းမြင်ပါတယ်။ တစ်ခါတစ်လေ ခြံထဲမှာ လျှောက်သွားနေတာဗျ။ တစ္ဆေတွေဖြစ်နေပြီထင်တယ်။ တစ်ကိုယ်လုံးလည်း အမွေးတွေနဲ့ ”
“ ဟုတ်တယ် ကိုတင်မြင့်အောင်။ ဟိုတစ်နေ့က ပိုနေတဲ့ ညစာ ထမင်းနဲ့ဟင်းတွေကို ခြံထောင့်မှာ လွှင့်ပစ်မိတယ်။ ညကျ
တော့ မည်းမည်းကြီးနှစ်ကောင် အဲဒီနေရာကို သွားတာ မြင်လိုက်တယ်။ မနက်သွားကြည့်တော့ ထမင်းတစ်စေ့တောင် မ
ကျန်တော့ဘူးဗျ ”
“ အဲဒါကြောင့် ပိုဆိုးသွားတာဖြစ်မယ်ဗျ။ သူတို့ကို အစာကျွေးတယ်ထင်ပြီး ခင်ဗျားဆီရောက်လာကြတာနေမယ် ”
“ ဟုတ်လိမ့်မယ်။ ကျွန်တော်လည်း မဆင်မခြင်လုပ်မိတာကိုး။ တစ်ခုတော့ ကောင်းပါတယ်ဗျာ။ အိမ်ဆောက်ပြီးလို့ ကျွန်
တော်တို့မိသားစု ပြောင်းလာမှ ခြောက်လှန့်ရင်တော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ခြံကိုတော့ မကြာမကြာလာကြည့်ပါ့မယ်
ဗျာ။ ကျွန်တော်မလာနိုင်တဲ့အခါ ခြံကို ကြည့်ထားပေးစေချင်ပါတယ် ”
“ စိတ်ချပါဗျာ။ ခင်ဗျားရဲ့ ခြံထဲကို ဘယ်သူမှ မဝင်ရဲပါဘူး။ ကုန်ကုန်ပြောရရင် ခွေးတောင် မဝင်ရဲဘူးဗျာ ”
“ ဗျာ......၊ ဘယ်လိုဖြစ်လို့လဲ ”
“ သူတို့ မကြိုက်လို့နေမှာပေါ့ဗျာ။ ခြံရှေ့မှာ ခွေးတောင် မသီရဲဘူး။ ခြံဝရောက်တာနဲ့ ဖင်သီပြီး ပြေးတော့တာပဲ ”
“ ဟာ..........။ ဒါဆို ကျွန်တော် လာနေတာ မကြိုက်လို့များလားဗျာ ”
“ ဒါလည်း ဖြစ်နိုင်တာပဲ။ အကောင်းဆုံးကတော့ ပြန်ရောင်းလိုက်ပါဗျာ။ အချိန်တော့ နည်းနည်းစောင့်ဦးပေါ့ ”
“ ဟုတ်ကဲ့ ကိုတင်မြင့်အောင်။ အဲဒီလိုပဲ လုပ်ရတော့မှာပေါ့ဗျာ။ ကျွန်တော် ပြန်လိုက်ဦးမယ်နော်။ ရှေ့တစ်ပတ်လောက်မှ
လာခဲ့ပါ့မယ် ”
“ ဟုတ်ကဲ့ ကိုမောင်သွင်။ ခြံအတွက် စိတ်ချပါဗျာ ”
**************
ဘေးခြံမှ နှင်းဆီပန်းရနံ့က လေနှင့်အတူ ပျံ့လွင့်ကာ နှာခေါင်းဝထဲသို့ တိုးဝင်လာကြသည်။ လွန်ခဲ့သည့်နှစ်အတန်
ကြာက ထိုနှင်းဆီပန်းရနံ့ သင်းပျံ့ပျံ့ကို နှစ်ချိုက်မိခဲ့သည်။ သီးပင်စားပင်များ ဝေဝေဆာဆာဖြင့် သာယာနေမည့်ခြံကို မျက်
လုံးထဲတွင် မြင်ယောင်ပြီး ပီတိဖြစ်ခဲ့ရဖူးသည်။ ယခုတော့လည်း မြက်ပင်ရိုင်းများဖြင့် ပြည့်နှက်ပြီး တစ္ဆေများကျက်စားရာနေ
ရာတစ်ခုဖြစ်ခဲ့လေပြီ။
ယခုအခါ အနည်းငယ် စည်ကားလာပြီး စက်ရုံများတည်ဆောက်မည့် စီမံကိန်းကလည်း စတင်နေပြီဖြစ်သည့်အတွက် ခြံများ အဝယ်လိုက်လာကြလေပြီ။ သို့ပါသော်လည်း နာမည်ဆိုးနှင့် ကျော်ကြားခဲ့သည်ခြံဖြစ်နေသည့်အတွက် ဝယ်သူမရှိ
ဖြစ်နေခဲ့သည်။ မိမိကိုယ်တိုင် မနေရဲသော်လည်း တစ်နေ့နေ့မှာတော့ ခြံရောင်းထွက်ပြီး ပန်းပင်များ၊ သစ်သီးဝလံပင်များဖြင့် သာယာစိုပြည်နေသည့် ခြံဖြစ်ပါစေဟု ဆုတောင်းရင်း ကားပေါ်သို့တက်ကာ ထိုနေရာမှ ထွက်လာခဲ့လေတော့သည်။
*****************
ချစ်ခင်လေးစားလျက်
လွင်ဦးဟန်