
“ ဟင်း.....ဟမ်း.......ဟင်း.....”
အံတကြိတ်ကြိတ်ဖြစ်နေတဲ့ ဒေါ်တင်သန်းကို ကြည့်ရတာ မူမမှန်ဘူးလို့ ထင်ပါတယ်။ ဒေါ်တင်သန်းဆို
တာကကျွန်တော်နဲ့ အိမ်ဘေးချင်းကပ်နေထိုင်ကြတဲ့ မိတ်ဆွေတွေပါ။ ဒေါ်တင်သန်းရဲ့ခင်ပွန်းဖြစ်တဲ့ဦးလှအောင်
ဆိုရင်လည်း ကျွန်တော်တို့နဲ့ အတော်ရင်းနှီးပါတယ်။ ဦးလှအောင်နဲ့ ဒေါ်တင်သန်းမှာ သားသမီး သုံးယောက်ရှိပြီး အကြီးဆုံးသမီးနဲ့ သားအလတ်က အိမ်ထောင်ခွဲသွားကြပါပြီ။ အငယ်ဆုံး မောင်မောင်ထွေးက ဆယ်တန်း သုံးနှစ် ဆက်တိုက်ကျပြီး ပညာဆက်မသင်တော့ဘဲ သူ့အဖေ ဦးလှအောင်နဲ့အတူ အဝီစိရေရောင်းစားပါတယ်။ ဦးလှ
အောင် တို့က အဝီစိတူးထားပြီးအဝီစိတွင်းရေ ရောင်းစားတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကြပါတယ်။ ဦးလှအောင်ရဲ့ သားအလတ် ခင်မောင်စိန်က ကျွန်တော်နဲ့ သက်တူရွယ်တူပါ။
“ ဦးလေး၊ အကြီးဒေါ်တင်သန်းဘာဖြစ်နေတာလဲဗျ။ အဖျားတက်နေတာလား ”
“ မသိဘူး မောင်တင်မိုး။ မေးလို့လည်း မရပါဘူးကွာ ”
“ ကျွန်တော့်စိတ်အထင် ပယောဂများ ဝင်နေသလားဗျာ ”
“ ဘယ်က ပယောဂဝင်ရမှာလဲကွာ၊ ကျန်းမာရေးမကောင်းလို့ ညည်းနေတာ ဖြစ်မှာပါ။ မေးတော့လည်း မဖြေ
ဘူးကှ ”
“ ချော့မော့ပြီး မေးကြည့်ပါဦးဗျာ။ ဦးလေးတို့ကို တစ်ခုခုမကျေနပ်လို့ မပြောတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ”
“ ငါမြင်နေတာတော့ ဘာမှမဖြစ်ပါဘူး။ စားနိုင်သောက်နိုင်နေတာပဲ ”
“ အကြီးဒေါ်တင်သန်းကိုကြည့်ရတာ ကျွန်တော့်စိတ်ထဲ တစ်မျိုးပဲ ”
“ မင်းက သရဲပူးတယ် ထင်နေတာလား မောင်တင်မိုး ”
“ ဟုတ်တယ်ဦးလေး။ ကျွန်တော်တော့ အဲဒီလိုပဲထင်တယ်။ အထက်လမ်းဆရာနဲ့ ပြကြည့်ပါလား။ ငါးလမ်းထဲမှာ ရွှေရင်ကျော်ဆရာတစ်ယောက်ရှိတယ်လေ ”
“ မဖြစ်နိုင်ပါဘူးကွာ။ ငါကတော့ အဲဒါတွေကို အယုံအကြည်မရှိဘူး ”
ကိုယ်နဲ့မဆိုင်ဘူးဆိုပေမယ့် အိမ်နီးချင်းဖြစ်နေတာရယ်၊ ခင်မင်းရင်းစွဲရှိတာရယ်၊ စိတ်ထဲသံသယရှိနေတာ
ရယ်ကြောင့်သာပြောရပါတယ်။ သူတို့မိသားစုချင်းက ပိုသိမယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်လည်းဆက်မပြောဖြစ်
တော့ပါ။
**************
“ ဟား........ဟမ်း.....။ တောက်......ငါတို့ကို ပြန်ပို့ပေးကြစမ်း ”
ညနေစောင်းပြီဆိုတာနဲ့ အိမ်ပေါက်ဝကို နောက်ကျောခိုင်းပြီး အော်ဟစ်နေတတ်တဲ့ဒေါ်တင်သန်းရဲ့အခြေ
အနေက သာမန်မဟုတ်တော့ဘူးဆိုတာ ကျွန်တော်သာမက တစ်လမ်းလုံး သဘောပေါက်နေကြပါပြီ။ ပြောရမယ်
ဆိုရင် ဦးလှအောင်တို့သားအဖကခေါင်းမာပါတယ်။ စစ်သားလူထွက်တစ်ယောက်ဖြစ်တဲ့ ဦးလှအောင်က ပယောဂ
ကို အယုံအကြည်မရှိသူဆိုတာကျွန်တော် သဘောပေါက်မိပါတယ်။ ပရဆိုတဲ့ တမလွန်ဘဝကအရာတွေကို မယုံ
ကြည်လို့မရပါ။ ဘုရားရှင်ကိုယ်တော်တိုင် တမလွန်ဘဝမှာ အစာရေစာပြတ်လပ်နေတဲ့ ပေတလို့ခေါ်တဲ့ ပြိတ္တာတွေ
အကြောင်းကို ဟောကြားတော်မူခဲ့ပါတယ်။ အိမ်နီးနားချင်းဆိုတော့လည်း မြင်ရကြားရတာ စိတ်မသက်သာလှ
ပါ။ ဒေါ်တင်သန်းရဲ့ အခြေအနေက တစ်ရက်ထက်တစ်ရက်ပိုဆိုးလာပါပြီ။
“ မတင်သန်း......၊ ကြောင်အိမ်ထဲကဟင်းတွေ အကုန်စားလိုက်တာလား ”
“ ဟုတ်တယ်....... ”
“ နင် အဲဒီလိုစားပစ်တော့ ငါတို့သားအဖက ဘာနဲ့သွားစားရမှာလဲ။ ရှေ့လူနောက်လူ ကြည့်စားဦးမှပေါ့ ”
“ စားချင်လို့စားတာ ဘာဖြစ်သလဲ ”
“ နင်က ငါ့ကို ခံပြောနေတာလား မတင်သန်း ”
“ နင်က ငါ့ကို ဘာထင်နေလို့လဲ #$#%$#”
ဒေါ်တင်သန်းရဲ့နှုတ်က ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ ကြားလိုက်ရတော့ ကျွန်တော် တအံ့တသြဖြစ်
မိပါတယ်။ ဒေါ်တင်သန်းက အနေအေးပြီး အခုလို ယုတ်ညံ့တဲ့စကားတွေ ဘယ်သောအခါမှမပြောခဲ့သူပါ။ ဦးလှ
အောင်ကိုလည်း ရိုရိုသေသေ ဆက်ဆံတတ်ပါတယ်။
“ မတင်သန်း.....၊ နင်က ငါ့ကိုဆဲတယ်ပေါ့လေ။ ငါလုပ်လိုက်ရသေတော့မယ် ”
“ လုပ်ရဲရင် လုပ်ကြည့်စမ်း ”
“ ဟာကွာ........၊ ရူးသလို ကြောင်သလိုနဲ့ ငါ့ကိုဆဲတဲ့ကောင်မ ”
“ ဖြောင်း...... ”
“ ဟာ....ဦးလေး.....။ မလုပ်နဲ့၊ မလုပ်နဲ့ ”
ခြံထဲမှာ ပန်းပင်တွေကို ရေးလောင်းနေရာက ဒေါ်တင်သန်းနဲ့ဦးလှအောင်တို့ရဲ့အခြေအနေကို စောင့် ကြည့်
ပြီးနားစွင့်နေတဲ့အချိန်မှာ ဦးလှအောင်တို့လင်မယားနှစ်ယောက်ရန်ဖြစ်ကြတာကို ကြားလိုက်ရပြီးတစ်ဆက်တည်း
ဆိုသလို ဦးလှအောင်က ဒေါ်တင်သန်းကို ပြေးရိုက်လိုက်တာ မြင်လိုက်ရလို့ ကျွန်တော်လည်း အပင်ရေလောင်း
နေရာကနေ ဦးလှအောင်တို့အိမ်ဘက်ကို ပြေးရပါတော့တယ်။
ဦးလှအောင်ရဲ့ အိမ်ထဲကို ရောက်တဲ့အချိန်မှာ ဒေါ်တင်သန်းရဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးကို ကြောက်ခမန်းလိလိ မြင်လိုက်ရလို့ ခြေလှမ်းတွေ တုန့်ကနဲ ဖြစ်သွားရပါတော့တယ်။
“ ကောင်မ.....၊ ငါ့ကို ဘယ်တုန်းက ဆဲဖူးလို့လဲ ”
ဦးလှအောင်က ဒေါ်တင်သန်းကို ပါးရိုက်ဖို့ လက်ရွယ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒေါ်တင်သန်းက ဦးလှ အောင်ရဲ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်ပါတော့တယ်။ ခန္တာကိုယ် ပိန်ပိန်ပါးပါးနဲ့ ဒေါ်တင်သန်းရဲ့ တွန်းအားက ကြောက်စရာကောင်းလွန်းပါတယ်။ အသာအယာလို့ ထင်လိုက်ရပေမယ့် သူ့ထက် ခန္တာကိုယ်နှစ်ဆ နီးပါးရှိတဲ့ သန်သန်မာမာ ယောက်ျားကြီး ဦးလှအောင် အဝေးကို လွင့်ထွက်သွားပြီး အိမ်နံရံနဲ့ဆောင့်မိပါတော့တယ်။
“ အကြီးဒေါ်တင်သန်း.....၊ မလုပ်နဲ့......။ ဦးလေး....ဦးလေး ”
ကျွန်တာ်လည်း ရပ်ကြည့်မနေနိုင်တော့တာကြောင့် နံရံနဲ့ဆောင့်မိပြီး ခွေခွေလေးလဲကျနေတဲ့ ဦးလှ အောင်ကို ပြေးပွေ့ရပါတော့တယ်။
“ ဘာဖြစ်သွားသေးလဲ ဦးလေး ”
ဦးလှအောင်က ကျွန်တော်မေးတာကို ပြန်မဖြေဘဲ ဒေါ်တင်သန်းကို ဒေါသတကြီး ကြည့်နေတာကြောင့် စိတ်ပြေအောင် ချော့မော့တောင်းပန်ရပါတယ်။
“ လင်မယားချင်း ရန်ဖြစ်ကြပါနဲ့ဗျာ။ အကြီးဒေါ်တင်သန်းလည်း ကျန်းမာရေးမကောင်းလို့ စိတ်တိုတယ်နဲ့ တူပါတယ် ”
“ ကောင်မ......။ ငါလုပ်ရင် သေတော့မယ် ”
“ နင်က ငါ့ကို ဘာထင်လို့လဲ။ ငါလုပ်ရင် နင်သေသွားလိမ့်မယ် ”
“ အကြီးဒေါ်တင်သန်းလည်းတော်ပါတော့ဗျာ။ ကျွန်တော် ကြားကတောင်းပန်ပါတယ် ”
ဒေါ်တင်သန်းကို တောင်းပန်ရင်း အသေအချာကြည့်မိတဲ့အခါ မျက်လုံးတွေနဲ့ဟန်ပန်အမူအရာက အ တော်ကြောက်စရာကောင်းနေမှန်း သတိထားလိုက်မိပါတယ်။ ဒေါ်တင်သန်းရဲ့ပုံစံက အရင်နဲ့မတူတော့ပါ။ ဦးလှအောင်ကို ခါးထောက်ပြီးရပ်ကြည့်နေတဲ့ မျက်လုံးတွေက ရဲရဲနီနေပါတယ်။ ဆံပင်ဖားလားချထားပြီး ဒေါသတကြီး ကြည့်နေတဲ့ပုံစံက ဒေါ်တင်သန်းမဟုတ်တော့တာ သေချာပါတယ်။
“ ဦးလေး၊ ကျွန်တော်တို့အိမ်ကို ခဏလိုက်နေ။ အကြီးဒေါ်တင်သန်း စိတ်ပြေတော့မှ ပြန်ပေါ့ ”
“ စိတ်ပြေရအောင် သူ့ကို ဘာလုပ်မိလို့လဲ။ ကြောင်အိမ်ထဲက ဟင်းတွေ အကုန်စားပစ်လို့ပြောတာလေကွာ။ ရှေ့နောက်မကြည့်ဘဲ စားပစ်လိုက်တော့ ငါတို့သားအဖတွေက ချေးကောက်စားရမှာလား ”
“ လာပါဗျာ။ စိတ်ပြေတော့မှ ပြန်ပါ ”
“ ကောင်မ....။ နင့်ကို အသေသတ်ပစ်ချင်တယ်။ ရူးရင်လည်း အရူးထောင်ကို ပို့ပေးမယ် ”
“ ဦးလေး.....၊ စိတ်ထိန်းပါဗျာ။ ဒေါသလျှော့ပါ ”
ကျွန်တော်လည်း ဦးလှအောင်ကို တွဲပြီး အိမ်ကို ခေါ်လာခဲ့ပါတယ်။ ဦးလှအောင်ကို ခေါ်လာပြီး ဒေါ်တင် သန်းကို လှည့်ကြည့်မိတော့ အိမ်ပေါက်ဝကို ကျောပြေးပြီး ဆံပင်ဖားလားနဲ့ ခြေဆင်းထိုင်နေတာ မြင်လိုက်ရပါ တယ်။ ကျွန်တော့်ရဲ့မိဘတွေ ပြောဆိုခဲ့ဖူးတာကို သတိရလိုက်မိတော့ ကြက်သီးမွေးညင်းထသွားမိပါတယ်။ ဒေါ်တင်သန်းရဲ့ နေပုံထိုင်ပုံက အပမှီတာ မဟုတ်ရင် ရွာသူနှောက်ယှက်တဲ့ပုံစံ၊ အပြုစားခံရတဲ့ ပုံစံမျိုးပါ။
“ ဒီကောင်မကို အရူးထောင် ပို့မယ်ကွာ ”
“ စိတ်မလောပါနဲ့ဦး ဦးလေးရာ။ ကျွန်တော်ကတော့ အထက်ဂိုဏ်းက ဆရာတစ်ယောက်ယောက်နဲ့ ပြကြည့်သင့် တယ်လို့ထင်တယ် ”
“ အလကားပါကွာ။ ဘာပယောဂမှမဟုတ်ဘူး။ သွေးဆုံးကိုင်ပြီး ရူးနေတာကွ ”
“ မဟုတ်နိုင်ဘူးနော်။ ဟင်းတွေကို အကုန်စားပစ်တယ်ဆို ”
“ ဟုတ်တယ်လေ၊ အဲဒါ တစ်ရက်တည်းမဟုတ်ဘူး။ ဟိုတစ်နေ့ကလည်း ညကြီးမိုးချုပ် အချိန်မတော်ကြီး အိုးလှန် ခွက်လှန်စားတာ ဘာမှမကျန်ဘူး။ လုပ်ပြီးရင် သူမဟုတ်သလိုနဲ့ ”
“ အကြီးဒေါ်တင်သန်း ဈေးသွားတာတွေ့တယ်။ မနက်ပိုင်းဆို အကောင်းပဲ။ ကျွန်တော် လေ့လာမိသလောက် ညနေစောင်းတာနဲ့ အဲဒီလိုဖြစ်နေတာ ထူးတော့ထူးဆန်းတယ်။ ဖြစ်တာ မကြာသေးဘူးဆိုတော့ တစ်ခုခုပဲဗျ ဦးလေးရ ”
“ အရူးပါးပါဆိုမှကွာ ”
“ ချက်တာပြုတ်တာကျတော့ ဘယ်သူချက်သလဲ ”
“ သူပဲချက်တယ်။ မင်းပြောသလိုပဲ၊ မနက်ဆို အကောင်း။ ညနေဆိုတာနဲ့ အရူးစိတ်ပေါက်လာတယ်။ အရူးထောင်ကို ပို့မယ်ကွာ ”
“ ကျွန်တော်နဲ့ မသက်ဆိုင်တော့ ဘာမှဝင်ပြောလို့မဖြစ်ဘူးဗျာ။ ဦးလေး သဘောပါပဲ ”
“ မှတ်လောက်သားလောက် အရူးထောင်မှာ တစ်လလောက်ပစ်ထားလိုက်ဦးမယ် ”
“ အဲဒီလိုတော့ မလုပ်ပါနဲ့ဗျာ။ စိတ်ဝေဒနာမဟုတ်ဘဲ အခြားဟာတစ်ခုခုဆို ပိုဆိုးပါ့မယ် ”
ထိုနေ့က ညနေ ခုနစ်နာရီလောက်မှာ ဦးလှအောင်ရဲ့သား မောင်မောင်ထွေး လာခေါ်သွားလို့ ဦးလှအောင် အိမ်ပြန်လိုက်သွားပါတယ်။ ပြဿနာထပ်ဖြစ်သံမကြားရလို့ စိတ်ချမ်းသာရပါတယ်။
**************
နောက်တစ်ရက် မနက်မှာတော့ ဦးလှအောင်တို့သားအဖနှစ်ယောက် ဒေါ်တင်သန်းကို တံတားလေး စိတ် ရောဂါကုဆေးရုံ ပို့ဆောင်ကြပါတော့တယ်။ ဦးလှအောင်တို့သားအဖ ပြန်ရောက်လာတော့ ဒေါ်တင်သန်း ပြန်မပါ လာတော့ပါ။ အသေအချာ မလေ့လာဘဲ စိတ်ရောဂါကုဆေးရုံကို သွားပို့တာကိုတော့ ကျွန်တော်မနှစ်သက်ပါ။ သို့ သော်လည်း ကျွန်တော်နဲ့ မသက်ဆိုင်သည့် ကိစ္စဖြစ်နေသဖြင့် ဝင်ရောက်ပြောဆိုခြင်း တားမြစ်ခြင်းလည်း မပြုခဲ့ တော့ပါ။ ကျွန်တာ့်ရဲ့ စိတ်ထဲမှာတော့ ဒေါ်တင်သန်းတစ်ယောက် နောက်ဆက်တွဲအကျိုးဆက်တွေ မခံစားရပါ စေနဲ့လို့ ဆုတောင်းနေမိပါတယ်။ ကျွန်တော်စိုးရိမ်မိတာက စိတ်ဝေဒနာသည်အထင်နဲ့ ရှော့ရိုက်မှာကိုပါ။ သို့ပေ မယ့်လည်း စိတ်ရောဂါကု ဆရာဝန်တွေက လူနာအခြေအနေကို သိလောက်မယ်ဆိုတဲ့ ဖြေတွေးနဲ့ပဲ စိတ်ဖြေခဲ့ပါ တယ်။
စိတ်ရောဂါကုဆေးရုံကို ဒေါ်တင်သန်းရောက်နေတဲ့အချိန်မှာပဲ ကျွန်တော်တို့ရပ်ကွက်ထဲက သုံးလမ်းမှာ ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ အဲဒါကတော့ ညလူခြေတိတ်လို့ အိပ်ချိန်ဆိုရင် ခွေးတွေအူပြီး လမ်းပေါ်မှာ အဖြူရောင်အရိပ်ကြီးတွေ သွားလာနေကြတာကို မြင်တွေ့ရတာပါပဲ။ အဲဒီထက် ပိုဆိုးတာက ကလေးသူငယ်တွေအငိုမတိတ်တာ၊ အိမ်ခေါင်မိုးတွေပေါ်ကို ခဲနဲ့ပစ်တာတွေ ကြုံလာရပါပြီ။ ပစ် တဲ့ခဲကလည်း အခြားမဟုတ်ပါဘူး။ လမ်းခင်းထားတဲ့ အုတ်နီခဲအကျိုးတွေပါ။ သုံးလမ်းအောက်ဘက်ခြမ်းတစ်ခု တည်း ကွက်ဖြစ်နေတာကိုက ထူးခြားနေပါတယ်။ သုံးလမ်းအောက်ပိုင်းက ရေဝပ်တဲ့နေရာဖြစ်နေလို့ ချိုင့်တွေဖြစ် နေပါတယ်။ ရေဝပ်ရင်လည်း တော်တော်နဲ့ပြန်မဆင်းတာကြောင့် လမ်းအလယ်မှာ လူနှစ်ယောက် လျှောက်သာရုံနဲ့ ချိုင့်ခွက်နေရာတွေကို အုတ်ခဲကျိုးတွေနဲ့လမ်းခင်းထားတာ မကြာသေးပါ။ ဒေါ်တင်သန်းကို စိတ်ရောဂါဆေးရုံမ ပို့ခင် သုံးရက်အလိုကမှ ခင်းတာပါ။ ပထမတော့ ဂဝံမြေကြီးခင်းကြမလို့ဆိုတာကို ကြားလိုက်ပါသေးတယ်။
နောက်တော့ အစီအစဉ်ပြောင်းသွားပြီး အုတ်ခဲကျိုးတွေ ခင်းကြပါတယ်။
လူခြေတိတ်လို့ သက်ကြီးခေါင်းချချိန်ရောက်ပြီဆိုတာနဲ့ ခွေးအူသံတွေကို အတိုင်းသား ကြားနေရပါတယ်။ တစ်ခါတစ်ရံ အပုပ်နံ့တွေပါ ရတတ်ပါသေးတယ်။ အရင်က ညအချိန်မတော် လမ်းထိပ်က အုတ်ခုံမှာ ဂီတာတီးပြီး သီချင်းအော်ဆိုကြတဲ့ လူငယ်တွေတောင် ညဆို မထွက်ရဲကြတော့ပါ။ သူတို့ကိုယ်တိုင်လည်း လမ်းမှာ လျှောက် သွားနေတဲ့ ပုံသဏ္ဌာန်အမျိုးမျိုးကို မြင်တွေ့တာကတစ်ကြောင်း၊ အိမ်ခေါင်မိုးပေါ်ကို ခဲနဲ့ပစ်တာ သူတို့လို့ ထင်ကြ မှာက တစ်ကြောင်းကြောင့် ညဘက်ဂစ်တာမတီးကြတော့ပါ။ ပိုမိုဆိုးဝါးလာတာကတော့ လူအသေအပျာက်များ လာခြင်းပဲဖြစ်ပါတယ်။ ရောဂါဘယမရှိဘဲ အကောင်းပကတိကနေ ရုတ်တရက် သေဆုံးကြတာ ဆယ့်ငါးရက်အ တွင်း သုံးလောင်းရှိခဲ့ပါပြီ။ ဒါကြောင့်လည်း သံဃာတော်တွေကိုပင့်ဖိတ်ပြီး လမ်းထိပ်မှာ ပရိတ်ရွတ်ဖတ်တာ၊ ကမ္မဝါရွတ်ဖတ်တာတွေ လုပ်ကြရပါတော့တယ်။
သုံးလမ်းကိစ္စ အေးသွားပြီး သုံးရက်မြောက်နေ့မှာတော့ ဒေါ်တင်သန်းတစ်ယောက် အိမ်ကို ပြန်ရောက် လာခဲ့ပါတယ်။ ဆေးရုံမှာ လူကောင်းအတိုင်းရှိနေတဲ့အပြင် စိတ်ဝေဒနာသည် မဟုတ်တာကြောင့် ဆေးရုံကပြန် ဆင်းခွင့်ပေးခဲ့ပါတယ်။ သို့ ပေမယ့် ဒေါ်တင်သန်း အိမ်ပြန်ရောက်တဲ့ညမှာပဲ ပြန်ဖောက်လာပါတော့တယ်။
အဲဒီနေ့ည ဆယ့်နှစ်နာရီလောက်မှာ အိပ်ရာဝင်ခါနီး ခြေထောက်ဆေးဖို့ အိမ်ရှေ့က ရေတိုင်ကီရှိရာကို တံခါး ဖွင့်ပြီး ဆင်းလာတဲ့အခါမှာတော့ ဦးလှအောင်တို့ အိမ်ရှေ့မှာ လူရိပ်မြင်လိုက်ရလို့ ကြည့်လိုက်မိပါတယ်။ အိမ်ရှေ့တံ ခါးမကြီးဖွင့်ထားပြီး ခြံထဲမှာ ငူငူကြီး ရပ်နေတဲ့ ဒေါ်တင်သန်းကို မြင်တွေ့လိုက်ရပါတယ်။ ဦးလှအောင်တို့သားအ ဖကို မမြင်တွေ့တာကြောင့် အိပ်မောကျနေတာဖြစ်နိုင်ပါတယ်။
ဒေါ်တင်သန်း ဘာလုပ်မယ်ဆိုတာ သိချင်တာနဲ့ ခြံစည်းရိုးနားကို ခြေသံလုံအောင် ကပ်နိုင်သမျှ တိုးကပ် သွားပြီး ပုဏ္ဍရိက်ပင်တွေကြားကနေ အသာစောင့်ကြည့်မိပါတယ်။ ဒေါ်တင်သန်းကို ကြည့်ရတာ လူသားတစ် ယောက်နဲ့ မတူတော့ဘဲ တစ်ခုခု ပူးကပ်နေတဲ့ပုံမျိုးဖြစ်နေပါတယ်။ တစ်ကိုယ်လုံး ယိမ်းထိုးပြီး အိမ်ထဲကို စိုက် ကြည့်နေတဲ့အပြင် ပါးစပ်ကလည်း တစ်ခုခုကို ပြောဆိုနေပါတယ်။ ဒေါ်တင်သန်းရဲ့ အသံက တိုးလွန်းတော့ ဘာ တွေ ပြောဆိုနေတယ်ဆိုတာ ကျွန်တော် မကြားရပါ။ သို့ပေမယ့်လည်း ဒေါ်တင်သန်းရဲ့ ဟန်ပန်အမူအရာက အ တော်ကြောက်ဖို့ကောင်းနေပါတယ်။
ကျွန်တော် မျက်တောင်မခတ်ဘဲ ကြည့်နေစဉ်မှာပဲ ဒေါ်တင်သန်းရဲ့ထံက တောက်ခတ်လိုက်သံကို ကြားလိုက် ရပြီး ညာဘက်ခြေဖနောင့်နဲ့ မြေကြီးပေါ်ကို နှစ်ချက်ဆောင့်ချလိုက်တာ မြင်တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ဒေါ်တင်သန်းရဲ့ နောက်ကျောဘက်ကနေ အဖြူရောင် အရိပ်နှစ်ခုရုတ်တရက်ပေါ်လာပြီး အိမ်ပေါ်ကို တက်သွား တာ မြင်လိုက်ရပါတော့တယ်။ မကြာခင်မှာပဲ အိမ်ပေါ်ကနေ ဦးလှအောင်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရ တော့ ကျွန်တော်လည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ခဲ့ရပါတယ်။ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဦးလှအောင်တစ်ယောက်ပုဆိုးမပါဘဲ အိမ်ပေါ်ကနေ ဆင်းပြေးလာပါတယ်။ အဖြူ ရောင် အရိပ်နှစ်ခုကလည်း ဦးလှအောင်ရဲ့အနောက်ကနေထပ်ချပ်မကွာ ကပ်လိုက်လာကြပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ အဖေလည်း အိပ်ရာကနိုးလာပြီး အိမ်တံခါးဖွင့်ထားတာမြင်လို့ အိမ်ရှေ့ကို ထွက်လာပါတယ်။ အဖေ အိမ်အောက်ကိုဆင်းလာတော့မှ ကျွန်တော်လည်း အဖေ့ဆီကိုခပ်သွက်သွက် လျှောက်သွားပါတော့တယ်။ အနီးအ နားက အိမ်တွေလည်း မီးတွေဖွင့်ပြီး အပြင်ကို ကြည့်နေကြပါပြီ။
“ ဟေ့ကောင်....ညကြီးမင်းကြီး ဘာလုပ်နေတာလဲ ”
“ ခြေထောက်ဆေးမလို့ အဖေ။ ဟိုဘက်အိမ်က ဘာဖြစ်မှန်းမသိလို့ သွားခြောင်းကြည့်တာ ”
“ ငါလည်း အော်သံကြားလို့ ထကြည့်တာကွ။ ဘယ်အိမ်ကလဲ ”
“ ဦးလှအောင် အော်တာအဖေ ”
“ ဘာဖြစ်တာလဲကွ။ ကိုလှအောင်ရော ဘယ်မှာလဲ ”
အဖေ့ကို အကျိုးအကြောင်းရှင်းပြပြီး ဦးလှအောင်ရဲ့အိမ်ကိုကြည့်လိုက်တဲ့အခါ ဒေါ်တင်သန်းကို ခြံထဲမှာ ရပ်လျက်သားနဲ့ မြင်နေရပါသေးတယ်။
“ ဟိုကောင် မောင်ထွေးမရှိဘူးလား ”
“ မသိဘူးအဖေ။ အခုထိတော့ မတွေ့သေးဘူး ”
“ မတင်သန်းက အိမ်ရှေ့မှာ ဘာရပ်လုပ်နေတာလဲ ”
အရင်နေ့တွေက အဖေအိမ်မှာရှိမနေလို့ မသိတာကြောင့် ဒေါ်တင်သန်းတို့အကြောင်းကို ပြောပြလိုက်ရပါ
တယ်။ အဖေက ဘုန်းကြီးကျောင်းမှာပဲ အနေများပါတယ်။ မကျန်းမမာဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ဘကြီး၊ အဖေ့ ရဲ့အစ်ကို စာချကိုယ်တော်ကြီးကို သွားရောက်ပြုစုပေးနေရတာကြောင့် အိမ်မှာအနေနည်းပါတယ်။
“ ကျွန်တော့်အထင် ဒေါ်တင်သန်းကို ပရလောကသား တစ်ကောင်ကောင် ဝင်ပူးနေတာဖြစ်မယ် ”
“ တစ်ခုခုတော့ မှားပြီနဲ့တူတယ် ”
“ မင်းပြောတာ ဖြစ်နိုင်တယ်။ ငါ မတင်သန်းကို သွားကြည့်လိုက်ဦးမယ်။ လိုရမယ်ရ ပရိတ်ရေတော့ ယူသွားမယ် ”
အဖေက ဘုရားစင်မှာတင်ထားတဲ့ ပရိတ်ရေပုလင်းကိုယူပြီးဦးလှအောင်ရဲ့အိမ်ဘက်ကိုထွက်သွားတာ
ကြောင့် ကျွန်တော်လည်း အဖေနဲ့အတူ လိုက်သွားပါတယ်။ ခြံအပြင်ရောက်တဲ့အခါမှ ဓာတ်တိုင်အောက်မှာ ငယ်ပါကို လက်နှစ်ဖက်နဲ့ ဖုံးအုပ်ပြီး သူ့အိမ်ကို လှမ်းကြည့်နေတဲ့ ဦးလှအောင်ကို တွေ့လိုက်ရပါတယ်။
“ ကိုလှအောင်.....၊ ပုဆိုးမရှိ ဘာမရှိနဲ့ဗျာ။ ဘာရပ်လုပ်နေတာလဲ ”
“ ကျွန်...ကျွန်တော် ကြောက်လို့ ”
“ ဘာကို ကြောက်နေတာလဲ။ ဟိုမှာ အခြားအိမ်တွေက ထွက်ကြည့်နေပြီ။ ကျွန်တော်တို့နဲ့ အိမ်ထဲလိုက်ခဲ့ ”
“ မ...မလိုက်ရဲဘူး ကိုယုတင် ”
“ ဘာဖြစ်တာလဲဆိုတာ ပြောစမ်းပါဦး ”
“ ကျွန်တော် အိပ်ပျော်နေတုန်း ကျွန်တော့်ကိုယ်ပေါ်ကို ခွစီးထားလို့ ”
“ ဟင်....၊ ဘယ်သူတွေက ခွစီးတာလဲ ”
“ ယောက်ျားကြီးနှစ်ယောက်ဗျ။ မျက်နှာကြီးတွေက ကြောက်စရာကြီးတွေ။ လျှာကြီးတွေကလည်း အရှည်ကြီး ဗျ။ ကျွန်တော့်ကိုယ်ပေါ်ကို ခွစီးပြီး လည်ပင်းကို ညှစ်ထားလို့ အတင်းရုန်းပြီး ထပြေးလာတာ ”
“ မောင်ထွေးက အိမ်မှာမရှိဘူးလား ”
“ သူ့သူငယ်ချင်းအိမ်မှာ သွားအိပ်တယ် ”
“ လာ...လာ...ကျွန်တော်တို့ရှိတယ်၊ မကြောက်နဲ့။ လူမြင်လို့မကောင်းဘူး ”
အဖေက လှမ်းခေါ်တော့ ဦးလှအောင် ကြောက်ကြောက်လန့်လန့်နဲ့ အဖေ့အနားကို ရောက်လာပါတယ်။ အ ယုံအကြည်မရှိတဲ့ ဦးလှအောင်ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကြောက်တတ်သွားအောင် ခြောက်လှန့်လိုက်တယ် တော့ မသိပါ။ ဦးလှအောင် အတော်ကြောက်ရွံ့နေကတည်းက ဆိုးဆိုးရွားရွားဖြစ်ခဲ့မှန်း ကျွန်တော် သဘောပေါက် ပါတယ်။ မကြာခင်မှာပဲအိမ်နီးနားချင်းတွေလည်း ရောက်လာကြပါတယ်။ ကျွန်တော်တို့ သုံးယောက် ဦးလှအောင် ရဲ့ခြံထဲကို ဝင်လိုက်ရင်ပဲ ဒေါ်တင်သန်းက ကျွန်တော့်တို့ဘက်ကို ရုတ်ချည်းလှည့်ပြီး ဦးလှအောင်ကို ဒေါသတကြီး နဲ့ ကြည့်ပါတော့တယ်။
“ နင့်ကို မလုပ်ချင်လို့ ကြည့်နေတာ ”
အခုအခါမှာတော့ ဦးလှအောင်တစ်ယောက် ဒေါ်တင်သန်းကို တစ်ခွန်းတောင် ပြန်မပြောရဲတော့ဘဲ အဖေ့ရဲ့ အနောက်မှာ ကုပ်ချောင်းချောင်းနဲ့ ဖြစ်နေရှာပါတယ်။
“ မတင်သန်း.....၊ ဘာဖြစ်နေတာလဲ ”
အဖေမေးတော့ ဒေါ်တင်သန်းက အဖေ့မျက်နှာကိုတစ်လှည့် လက်ထဲက ပရိတ်ရေပုလင်းကိုတစ်လှည့်ကြည့် ပါတယ်။
“ ကျွန်တော်မေးနေတယ်လေ။ ခင်ဗျားဘာဖြစ်နေတာလဲ မတင်သန်း ”
“ ဘာမှ မဖြစ်ဘူး။ ငါ တင်သန်းမဟုတ်ဘူး ”
“ ဒါဆို ဘယ်သူလဲ။ ဘာဖြစ်လို့ အနှောက်အယှက်ပေးရတာလဲ ”
“ ငါတို့ရဲ့ အုတ်ဂူတွေကိုဖျက်ပြီး ဟောဒီမှာခင်းထားလို့ဟဲ့ ”
“ ဟေ....... ”
ဒေါ်တင်သန်းက အိမ်ရှေ့တွင်ခင်းထားသည့် အုတ်ခဲကျိုးများကို လက်ညှိုးထိုးပြီး ဒေါသတကြီးပြောဆိုနေ
တာကြောင့် အဖေရော ကျွန်တော်ပါ အတော် အံ့အားသင့်သွားကြသလို လာကြည့်နေကြတဲ့အိမ်နီးနားချင်းတွေ
လည်း အကြီးအကျယ် အံ့အားသင့်သွားကြပါတယ်။
“ ကိုလှအောင်....၊ အဲဒီ အုတ်ခဲကျိုးတွေကို ဘယ်ကရတာလဲ ”
“ သုံးလမ်းက မျိုးမြင့်တို့လမ်းခင်းဖို့ထဲက တစ်ကျင်းစာဝယ်လိုက်တာပါ ”
“ ခင်ဗျားကတော့ လုပ်ချလိုက်ပြန်ပြီဗျာ။ အခု ဝင်ပူးကပ်နေတဲ့သူက ယောက်ျားလား မိန်းမလား ”
“ မိန်းမဟဲ့..... ”
“ အခုအုတ်ကျိုးတွေက ဘယ်သင်္ချိုင်းက အုတ်ဂူတွေကိုဖျက်ထားတာလဲ ”
“ ကြံတောသင်္ချိုင်းလေ ”
“ အော....... ၊ ကောင်းပြီ။ အခုအုတ်ကျိုးတွေကို အကုန်ပြန်ဖော်ပြီး လွှင့်ပစ်ပေးမယ်ဆိုရင် လက်ခံမလား ”
“ လွှင့်ပစ်လို့တော့မရဘူး။ ငါတို့က ရေဝေးကိုပြောင်းရတော့မယ်။ အဲဒီကို သွားပို့ပါ ”
“ လုပ်ပေးမယ်။ နင်တို့လည်း မနှောက်ယှက်နဲ့တော့ ”
“ ဒီလိုလုပ်လို့တော့ ဘယ်ရမလဲ။ ငါတို့ ကျေနပ်အောင် လုပ်ပေးရမယ် ”
“ ဘယ်လို လုပ်ပေးရမလဲ ”
“ ငါတို့ကို အမဲသားအစိမ်းကျွေးပါ ”
“ ငါတို့ဆိုတာ ဘယ်သူတွေရှိသေးလို့လဲ ”
“ ငါနဲ့အတူ နှစ်ကောင်ရှိသေးတယ် ”
“ ကောင်းပြီ။ နင်တို့ကျေနပ်အောင် ပြောတဲ့အတိုင်းလုပ်ပေးမယ်။ နင်တို့လည်း ကတိတည်ပါစေ ”
“ ကတိတည်တယ်။ နင်တို့သာ ကတိမပျက်စေနဲ့ ”
“ နင်တို့အတွက် အလှူဒါနလုပ်ပေးပြီး အမျှအတန်းပေးမယ်ဆိုရင်ရော ”
“ ငါတို့အတွက် အဲဒါတွေလုပ်လို့မရဘူး။ အမဲသားအစိမ်းပဲ စားချင်တယ် ”
“ ကောင်းပြီ၊ ငါတို့ လုပ်ပေးမယ် ”
“ အဖေ......သုံးလမ်းမှာခင်းထားတဲ့ အုတ်ကျိုးတွေလည်း ဒါမျိုးတွေပဲလား မသိဘူး။ သုံးလမ်းမှာလည်း သရဲခြောက်လို့ ပရိတ်ရွတ်ရသေးတယ်”
“ ဟုတ်လား၊ မနက်ဖြန်မှ စုံစမ်းကြည့်မယ်။ နင်လည်း မတင်သန်းရဲ့ ခန္တာကိုယ်ထဲက ထွက်တော့။ မထွက်ရင် ပရိတ်ရေနဲ့ပက်မယ် ”
“ ငါ့ကို ပရိတ်ရေနဲ့ပက်ရင် ဟိုကောင့်ကိုလည်း သတ်ပစ်မယ်။ နင်လည်း မလွယ်ဘူးမှတ် ”
ဒေါ်တင်သန်း ပြောလိုက်တဲ့စကားကြောင့် အဖေတွန့်ကနဲဖြစ်သွားတာ မြင်လိုက်ရပါတယ်။ အိမ်နီးနား ချင်းအချို့လည်း ဒေါ်တင်သန်းရဲ့ အခြေအနေကို သဘောပေါက်ပြီး ကြောက်ကြောက်နဲ့ ပြန်သွားကြပါပြီ။
“ ဒါဆို ဘယ်တော့ထွက်ပေးမလဲ ”
“ နင်တို့ အစာကျွေးတာနဲ့ ထွက်သွားပေးမယ်။ ငါတို့ကို ဂူဖျက်ထားတဲ့ အုတ်ခဲတွေနဲ့အတူ ရေဝေးကို ပို့ပေး ”
“ နင်ကတော့ ကိုယ်တိုင်စားမယ်။ ဟိုနှစ်ကောင်ကိုကျတော့ ဘယ်လိုကျွေးရမလဲ ”
“ ငါ့အတွက်ရော ဟိုနှစ်ကောင်အတွက်ပါ ဖက်ပေါ်မှာ တစ်ပုံစီသုံးပုံပုံပြီး ဟိုအပင်အောက်မှာ ချကျွေး ”
ဒေါ်တင်သန်း လက်ညှိုးထိုးပြတဲ့နေရာက ကျွန်တော်တို့ခြံစည်းရိုးနားမှာရှိတဲ့ အုန်းပင်ဆိုတော့ ကျွန် တော်လည်း အနည်းငယ်တော့ လန့်သွားမိပါတယ်။ ဒေါ်တင်သန်းပြောတဲ့ နှစ်ကောင်က အုန်းပင်မှာရှိနေပုံ
ရပါတယ်။
“ မနက်ဖြန် မနက်စီစဉ်ပေးမယ် ”
“ မနက်မလုပ်နဲ့။ ညရှစ်နာရီမှလာကျွေး။ နင်တစ်ယောက်ပဲလာကျွေးပါ ”
“ လုပ်ပေးမယ်။ အခု နင်လည်း အေးအေးဆေးဆေးနေတော့။ ကိုလှအောင်နဲ့ မတင်သန်းတို့ကို ဒုက္ခမပေးပါနဲ့ ”
အဖေက ခပ်ပြတ်ပြတ်ပြောပြီး အိမ်ပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာ ဦးလှအောင်က ကြောက်လန့်တကြားနဲ့ အဖေ့ကို အကူအညီတောင်းပါတယ်။
“ ကိုယုတင်၊ ခင်ဗျားအိမ်မှာ လိုက်အိပ်ပါရစေဗျာ။ အိမ်မှာ မနေရဲလို့ပါ ”
“ မတင်သန်းကို ပစ်ထားခဲ့လို့မရဘူးလေဗျာ။ မတော်လို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ”
“ ဒါဆို ခင်ဗျား လာနေပေးပါဗျာ။ ကျွန်တော် မနေရဲတော့လို့ပါ ”
“ အင်း၊ လာနေပေးမယ်။ မင်း အိမ်ပြန်တော့။ ငါ ကိုလှအောင်ကို အဖော်လုပ်ပေးလိုက်ဦးမယ် ”
“ ဟုတ်ကဲ့ အဖေ ”
အမှန်ပြောရရင် ကျွန်တော်လည်း အိမ်မှာတစ်ယောက်တည်းအိပ်ရမှာ ကြောက်လန့်နေမိခဲ့ပါတယ်။
**************
မနက်မိုးလင်းတာနဲ့ ဦးလှအောင်နဲ့ ဒေါ်တင်သန်းတို့ရဲ့ သတင်းက ရပ်ကွက်ထဲမှာ ဟိုးလေးကျော်နေပါပြီ။ မနက်ဆယ်နာရီလောက်မှာ ဦးလှအောင်က အမဲသားသွားဝယ်ပြီး အဖေက သုံးလမ်းဘက်ကို ထွက်သွားပါတယ်။ ကျွန်တော့်အထင် အုတ်ခဲကျိုးတွေကိစ္စအတွက် လမ်းသူလမ်းသားတွေနဲ့ ပြောဆိုဖို့ဖြစ်ပါလိမ့်မယ်။
ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ ညနေ လေးနာရီကျော်ကျော်လောက်မှာ ဒေါ့ဂျစ်ကားတစ်စီးငှားပြီး သုံး လမ်းမှာခင်းထားတဲ့ အုတ်ခဲကျိုးတွေကို ပြန်ဖော်ကြပါတယ်။ ထိုအတိုင်းပဲ ဦးလှအောင်ရဲ့ အိမ်ရှေ့မှာခင်းထားတဲ့ အုတ်ခဲကျိုးတွေကို လာသယ်ပါတယ်။ ကျွန်တော်လည်း ဝိုင်းကူလုပ်ကိုင်ပေးပါတယ်။ အုတ်ခဲကျိုးတွေ တင်ပြီးပေ မယ့် ဒေါ့ဂျစ်ကားကိုတော့ ထွက်မသွားခိုင်းသေးဘဲ ညရှစ်နာရီကျော်တဲ့အထိ စောင့်ခိုင်းထားပါတယ်။
ညရှစ်နာရီတိတိမှာတော့ ငှက်ပျောရွက်တွေပေါ်တင်ထားတဲ့ အမဲသားစိမ်းတွေကို အဖေကိုယ်တိုင် အုန်း ပင်အောက်မှာ သွားကျွေးပါတယ်။ ထူးဆန်းတာတစ်ခုက ဒေါ်တင်သန်းကိုယ်တိုင် အုန်းပင်အောက်မှာ အမဲသား စိမ်းတွေကို အားရပါးရ ပလုပ်ပလောင်းစားနေတာပါပဲ။ ကျန်တဲ့ အမဲ သားနှစ်ပုံက မကုန်ပေမယ့် ဒေါ်တင်သန်း စားနေတဲ့ အမဲသားကတော့ တက်တက်စင်အောင် ပြောင်သွားပါတော့တယ်။ အမဲသားကုန်သွားတာနဲ့ ဒေါ်တင်
သန်း လည်း နေရာမှာတင် ပုံလျက်သားလဲကျသွားပါတယ်။
“ ကိုလှအောင်.....၊ ခင်ဗျားမိန်းမကို ပြုစုလိုက်။ ကျွန်တော်တို့ ရေဝေးကို သွားလိုက်ဦးမယ်။ မိုးအရမ်းချုပ်နေပြီ ”
“ ဟုတ်ကဲ့ ဦးယုတင် ”
“ မင်းပါ လိုက်ဦးမလား ”
“ လိုက်မယ် အဖေ ”
“ ကျွန်တော်လည်း လိုက်မယ် ဦးလေး ”
“ မလိုက်နဲ့ မောင်ထွေး။ မင်းအဖေနဲ့အတူ မင်းအမေကို ပြုစုပေးလိုက် ”
“ ဟုတ်ကဲ့ ဦးလေး။ ကျွန်တော် မလိုက်တော့ဘူး ”
“ ကဲ........အုတ်ဂူဖျက်ထားတဲ့ အုတ်ခဲကျိုးတွေနဲ့ ပတ်သက်တဲ့သူတွေ ကားပေါ်တက်ပါ။ ရေဝေးကို ပို့ပေးမယ် ”
အဖေပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားမိပါတယ်။ ကားရှေ့ခေါင်းခန်းမှာက သုံးလမ်းက ရာအိမ်မှုးနဲ့အဖေတို့ထိုင်ကြပြီး ကားနောက်က အုတ်ခဲကျိုးပုံတွေကြားမှာ စပယ်ယာရယ်၊ သုံးလမ်းက ဆယ်အိမ်မှုးနဲ့ ကျွန်တော်တို့ ဖြစ်သလို ထိုင်ကြရပါတယ်။ ကားစထွက်တော့ လမ်းထဲကလူအတော်များများအိမ်ထဲ
ကို ဝင်ပြေးကြပါတယ်။
“ ဘယ်လောက်တောင် များနေသလဲမသိဘူးဗျ။ ကားက ဖင်ထိုင်ပြီး လီဗာနင်းထားတာ ငယ်သံတောင်ပါနေပြီ ”
“ အုတ်ခဲကျိုးတွေကြောင့်ထင်ပါတယ်ဗျာ ”
“ မဟုတ်ဘူးဗျ။ ကြံတောသင်္ချိုင်းရွှေ့တော့ ကျွန်တော့်ကားလည်းပါတယ်။ အခုလိုပဲ ဖင်ကိုထောင်နေတာ ”
“ အလောင်းတွေပြန်ဖော်ပြီး တင်လာလို့လား ကားဆရာ ”
“ မဟုတ်ဘူးဗျ။ သရဲတွေကို အမိန့်ပေးပြီး ရွှေ့တာလေ။ ဟီး......ဟီး... ”
ကားဆရာကြီးနဲ့ အဖေတို့ပြောဆိုနေတဲ့စကားက တကယ့်ကို ကျောချမ်းစရာကောင်းပါတယ်။ ကားက လည်း စက်ကုန်ဖွင့်ပြီးမောင်းတာတောင် ဖြည်းဖြည်းပဲသွားပါတယ်။ ကျွန်တော့်ထက်ပိုပြီးကြောက်နေတဲ့သူက ကားစပယ်ယာပါ။
“ နေ့ခင်းဘက်ဆို ဟုတ်သေးတယ်ဗျာ။ ညကြီးကျမှ ရေဝေးကို သွားရတယ်လို့ ”
“ ဘာဖြစ်လို့လဲ အစ်ကို ”
“ ကြောက်လို့ပေါ့ဗျာ။ နေ့ခင်းနေ့လယ်ဆို ကိစ္စမရှိဘူးဗျ။ အခုက ကားပေါ်မှာ ပါလာကြတာ ”
အကျိုးအကြောင်းကို ပြောပြရင် ပိုကြောက်မှာစိုးတာကြောင့် မပြောပြဖြစ်တော့ပါ။ ရေဝေးသုသာန်ရောက် တော့ အုတ်ခဲကျိုးတွေကို သုသာန်အဝင်လမ်းဘေးမှာပဲ စွန့်ပစ်လိုက်ကြပါတယ်။ အဖေက မမြင်ရတဲ့ ဖုတ်ပြိတ္တာ တွေကို သုသာန်မှာပဲ နေခဲ့ကြဖို့ မေတ္တာရပ်ခံပါတယ်။ အပြန်ကျတော့ အတော်ကို သိသာပါတယ်။ ကားက ပေါ့ပါး ပြီး သွက်သွက်လက်လက်ဖြစ်နေပါပြီ။
ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ ဦးလှအောင်နဲ့ ဒေါ်တင်သန်းတို့ဆီကို သွားကြပါတယ်။ ဒေါ်တင်သန်းက အရင်လိုပုံစံမျိုးနဲ့ အေးအေးဆေးဆေးဖြစ်နေပါပြီ။
“ မတင်သန်း၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မှတ်ရောမှတ်မိရဲ့လား ”
“ ကျန်တာတော့ မမှတ်မိဘူး ကိုယုတင် ။ ရေချိုးမလို့ အိမ်အောက်ကိုဆင်းတဲ့အချိန် နောက်ကနေ ဆောင့်တွန်းလို့ လဲကျသွားတာပဲ မှတ်မိတော့တယ်။ ခုနက ကိုလှပြောမှပဲ သိရတော့တယ်။ ကြောက်စရာ ကောင်းလိုက်တာ ”
“ အင်း.......။ အသက်အန္တရာယ်မပေးတာ ကံကောင်းတယ်လို့မှတ်။ ကိုလှအောင်ကလည်း ဘယ်ကအုတ်ခဲကျိုးဆိုတာ မစုံစမ်းဘဲ လုပ်ချင်ရာ လျှောက်လုပ်တာကိုး ”
“ မျိုးမြင့်တို့ လမ်းခင်းဖို့ဝယ်လာတာကို ဈေးသက်သာလို့ တစ်ကျင်းဝယ်လိုက်မိတာ ”
“ မျိုးမြင့်တို့လည်း မျိုးမြင့်တို့ပဲ။ သင်္ချိုင်းပစ္စည်းတွေကို ရွာထဲမသွင်းရဘူး။ ရွာနာတတ်တယ် ”
“ သူတို့လည်း မသိဘူးလို့ပြောတာပဲ။ အုတ်ရောင်းတဲ့သူဆီက လမ်းခင်းဖို့ ဝယ်လိုက်တာတဲ့ ”
“ စီးပွားရေးသမားတွေကတော့ ဘယ်သူတေတေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့လုပ်ကြမှာပေါ့ဗျာ ”
“ ကျွန်တော့်မိန်းမကိုယ်ထဲကို ဝင်ပူးတာ ဖုတ်လား ကိုယုတင် ”
“ ဖုတ်ပြိတ္တာဆိုတာ သရဲတစ္ဆေအားလုံးကိုခေါ်တာဗျ။ ကိုယ်ထင်ပြမယ်၊ အနံ့ပေးမယ်၊ ဝင်ပူးမယ်။ အကုသိုလ်စိတ် ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်ကို မြင်သာအောင်ပြတော့ ခြောက်လှန့်တယ်လို့ ပြောကြတာပေါ့။ တကယ် က သူတို့လိုအပ်နေတာတွေကို ပြောပြချင်ကြလို့လည်းဖြစ်နိုင်တယ်။ အမျှလိုချင်တာလည်းဖြစ်နိုင်သလို ကျီစယ် တာမျိုးလည်း ဖြစ်နိုင်ပါတယ် ”
“ ကျွန်တော့် မိန်းမကို ပူးကပ်တဲ့ တစ္ဆေက အစားအသောက်ကျူးလွန်းပါတယ်ဗျာ ”
“ ဒါက ဒီလိုရှိတယ်ဗျ။ ပြိတ္တာဆိုတာ အမျိုးမျိုးရှိတယ်။ ကာမဇိဒ္ဓိတန်ခိုးရှိတဲ့ပြိတ္တာရယ်၊ အငတ်ငတ် အပြတ်ပြတ် နဲ့ စားရမဲ့သောက်ရမဲ့ဖြစ်နေတဲ့ ပြိတ္တာရယ်ပေါ့ဗျာ။ ဇရပ်အို ကျောင်းအိုတွေမှာနေရတဲ့ ပြိတ္တာတွေရှိတယ်။ သုသာန် သင်္ချိုင်းမှာ နေရတဲ့ ပြိတ္တာရှိတယ်။ ဘုံဗိမာန်နဲ့နေရတဲ့ ပြိတ္တာရှိတယ်။ တရားနာကြားနိုင်တဲ့ ပြိတ္တာတွေရှိသလို တ ရားသံကြားတာနဲ့ အဝေးက ရှောင်ရှားပြီး ကြေက်လန့်ကြတဲ့ ပြိတ္တာတွေရှိတယ်။ မတင်သန်းဆီမှာ ဝင်ပူးတဲ့ တစ္ဆေ ကတော့ ကြမ်းလည်းကြမ်းတယ်။ ငတ်ပြတ်နေတဲ့ တစ္ဆေပြိတ္တာပဲဗျ။ အခွင့်အရေးရတုန်းပူးဝင်ပြီး အစားအ
သောက် တောင်းစားသွားတာပဲ ကြည့်တော့”
“ သုံးလမ်းလည်း တော်တော် အထိနာသွားတယ် ကိုယုတင် ”
“ ရွာနာတယ်ဆိုတာ အဲဒါပြောတာလေ။ တဖြုတ်ဖြုတ်နဲ့ မသေကုန်ကြတာ ကံကောင်းပေါ့ဗျာ ”
“ နောက်တစ်ခါတော့ ဆင်ခြင်မှဖြစ်တော့မယ်။ တစ်သက်လုံး မယုံကြည်ခဲ့သမျှ ကိုယ်တွေ့ကြုံမှပဲ ယုံတော့တယ် ဗျာ ”
“ မယုံလို့မရဘူး ကိုလှအောင်။ ဘုရားဟောမှာလည်း ရှိတာပဲဗျာ။အဆင်ပြေရင် သံဃာတော်တွေပင့်ပြီး အိမ်မှာ ပရိတ်ရွတ်စေချင်တယ်။ ဖုတ်ပြိတ္တာဆိုတဲ့ကောင်တွေက ယုံရတာမဟုတ်ဘူး။ အင်မတန် ဉာဏ် နီဉာဏ်နက်များ တယ်။ စားရမှန်းသိရင် တော်တော်နဲ့ မသွားချင်ကြဘူး ”
“ ဗျာ.....။ ဒါဆို ထွက်မသွားသေးဘဲ ပေကပ်နေရင် ဘယ်လိုလုပ်မလဲ ”
“ ဒါကြောင့် ပရိတ်ရွတ်ဖို့ ပြောတာပေါ့။ သုံးလမ်းကလည်း ပရိတ်ထပ်ရွတ်မယ်လို့ပြောတယ် ”
“ ကျွန်တော် အမြန်ဆုံး စီစဉ်ပါ့မယ် ကိုယုတင် ”
“ မတင်သန်းလည်း အဆင်ပြေသွားပြီဆိုတော့ ကျွန်တော်တို့ ပြန်လိုက်ဦးမယ်ဗျာ ”
“ ဟုတ်ကဲ့ ကိုယုတင်။ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ကျေးဇူးတင်စရာ မလိုပါဘူးဗျာ။ အိမ်နီးချင်းတွေပဲ။ အရေးအကြောင်းရှိရင် ကူညီရမှာပေါ့ဗျာ ”
ဦးလှအောင်တို့ဆီကနေ အိမ်ပြန်လာခဲ့ပေမယ့် ခြံဘေးအစပ်က အုန်းပင်ကိုတော့ ကျွန်တော် မော့မ ကြည့်ဖြစ်ခဲ့တော့ပါ။ အဖေပြောသလို စားရကောင်းမှန်းသိတဲ့အတွက် ပေကပ်ပြီးနေကြရင်ဖြင့်ဆိုတဲ့အတွေး ကြောင့် ခြေလက်ပင်မဆေးနိုင်တော့ဘဲ အိမ်ပေါ်သို့ အမြန်တက်ခဲ့ပါတော့တယ်။
************
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။