သံသရာငရဲနှင့် ပေတသရဲ( ပရလောကသားတို့အကြောင်း )
lotaya.mpt.com.mm
|
2019-10-18

“ အရှင်ဘုရား၊ ကျန်းမာတော်မူပါရဲ့လားဘုရား ”

“ ကျန်းမာတယ်ရယ်လို့တော့ မဟုတ်ဘူးဒကာလေးရယ်။ ခန္တာရှိရင် ဝေဒနာတော့ရှိရမှာပေါ့။ သက်တော်လည်း ငယ်တော့တာမှမဟုတ်တာ။ ခန္တာဝန်စွန့်ဖို့ တဖြည်းဖြည်း နီးကပ်လာနေပြီလေ။ ဒါနဲ့ ဘယ်တုန်းက ရောက်သလဲ ”

“ ဒီမနက် ငါးနာရီက ရောက်ပါတယ်ဘုရား ”

“ ရန်ကုန်ကနေလာတာလား ဒကာလေး ”

“ တင်ပါ့ဘုရား။ ရန်ကုန်ကနေ Express ကားနဲ့လာပါတယ်ဘုရား ”

“ ကျုပ်တို့ရွာအထိလာရတာဆိုတော့ ပင်ပန်းရောပေါ့ ”

“ မပင်ပန်းပါဘူး ဘုရား။ အဘ ဦးလှမောင်က အရှင်ဘုရားဆီမှာ တပည့်တော်အတွက် ကုန်ကြမ်းရှိတယ်ဆိုလို့ အပြေးလာခဲ့တာပါ ”

“ ရှိပါ့ဗျာ။ သံဝေဂရစရာလည်း အလွန်ကောင်းသလို ထိတ်လန့်ဖို့လည်း အလွန်ကောင်းပါတယ် ”

“ ဘယ်လို အကြောင်းမျိုးလဲ ဘုရား ”

“ အနားယူလိုက်ပါဦး ဒကာလေးရယ်။ ရေချိုးပြီး ခဏလောက် နားလိုက်ပါဦးလား ”

“ နောက်မှပဲ ရေချိုးပြီး နားပါ့မယ်ဘုရား။ တပည့်တော် သိချင်နေလို့ပါ ”

“ ဒကာလေးက စာမုဆိုးပါလားကွယ်။ ဝီရိယကလည်း ကောင်းပါ့ဗျာ ”

“ ဟုတ်ပါတယ်ဘုရား။ တပည့်တော် သိချင်လို့ပါ။ ဘယ်လို အကြောင်းအရာဆိုတာ မိန့်တော်မူပါဘုရား ”

“ နိရယဆိုတဲ့ အပါယ်ငရဲရှိတယ်ဆိုတာ ဒကာလေးယုံသလား ”

“ ယုံပါတယ်ဘုရား။ ဘုရားဟောမှာလည်း ရှိတာပဲဘုရား ”

“ လုပ်စမ်းပါဦးကွယ့်။ ငရဲဆိုတာ သေလွန်ပြီးမှ လားရမယ့်နေရာလား၊ သက်ရှိထင်ရှားဘဝမှာရော ရှိသလား ”

“ ပြုခဲ့တဲ့ အကုသိုလ်ကံအကြောင်းတရားကြောင့် သေလွန်တဲ့အချိန်မှာ နိရယဆိုတဲ့ ငရဲဘုံကို ရောက်တာလည်းရှိ သလို သက်ရှိထင်ရှားရှိနေစဉ်အချိန်မှာလည်း နိရယ ( ငရဲ ) ကို ကျရောက်တတ်ပါတယ် ဘုရား ”

“ အိမ်း.... ဒကာလေးက မဆိုးဘူးပဲ။ ငရဲကျတဲ့သူတွေထဲမှာ ဘယ်လိုအကုသိုလ်ကံမျိုးကို ကျူးလွန်သူက ပိုပြီး ကြီးမားသလဲဒကာလေး ”

“ ရတနာသုံးပါး၊ မိဘဆရာသမားတွေကို ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ပစ်မှားမိတဲ့သူတွေက ပိုပြီး အပြစ်ကြီးကြ ပါတယ်။ သံသရာအဆက်ဆက် ငရဲကမလွတ်မြောက်နိုင်ကြပါဘုရား ”

“ သာဓု...သာဓု...သာဓုပါဗျား။ ကိုင်း.....ဘုန်းဘုန်းကျေနပ်ပါပြီ။ ဒကာလေးသိချင်တာကို ပြောပြပါ့မယ်။ ဘုန်း ဘုန်းပြောပြမယ့်အကြောင်းက ဇာတ်လမ်းမဟုတ်ဘူးဒကာလေး။ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ဘုန်းဘုန်းကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရတာပါ။ အကြောင်းကတော့ မရိုးပေမယ့် ဆန်းပါတယ် ဒကာလေး။ မရိုးပေမယ့်ဆိုတာက ဒ ကာလေး သိထားတဲ့အတိုင်းရတနာသုံးပါးနဲ့မိဘဆရာသမားတွေကို ကံသုံးပါးနဲ့ ပစ်မှားမိရင်ငရဲကျမယ်ဆိုတာကို ဆိုလိုတာပါ။ ဆန်းတယ်ဆိုတာကတော့ သေလွန်ပြီးမှမဟုတ်ဘဲ အရှင်လတ်လတ် ငရဲကျတာကိုဆိုလိုတာပါ။ အဲဒီ အပြင် ဘုန်းဘုန်းတို့ ဒကာလေးတို့ သိထားကြသလို ပထဝီမြေကြီး ပက်ကြားအက်ပြီး မီးတောက်မီးလျှံတွေ ထွက် လာတာ၊ ပက်ကြားအက်ထဲကို ကျွံကျပြီး မြေမြိုတာမျိုး မဟုတ်ဘူးကွယ့် ”

“ တင်ပါ့ ဘုရား။ တပည့်တော် စိတ်ဝင်စားနေပါပြီ။ မိန့်တော်မူပါဦး ဘုရား ”

“ မီးတောက်မီးလျှံကို မမြင်ရပေမယ့် ငရဲကျခံနေရသူအနားကို ကပ်လို့မရအောင် အလွန့်အလွန် ပူလောင်တယ်။ ဒကာလေးအတွက် စာကောင်းတစ်ပုဒ်ရအောင်ဘုန်းဘုန်းပြောပြပါ့မယ် ”

“ ကျေးဇူးကြီးလှပါတယ် ဘုရား ”

“ ခေါင်းစဉ်ကိုတော့ ‘ သံသရာငရဲနှင့် ပေတသရဲ ’ လို့သာ ပေးလိုက်ပါ ”

“ တင်ပါ့ဘုရား။ ဘုန်းဘုရားပေးတဲ့ အမည်ကိုပဲ ခေါင်းစဉ်တပ်လိုက်ပါ့မယ် ”

( စာရေးသူ၏အမှာ ) - စာရှုသူများအနေဖြင့် ဖတ်ရှုရအဆင်ပြေစေရန်အလို့ငှာ ဘုန်းဘုန်းပြောပြသည့်အတိုင်းရေး

သားခြင်းမပြုဘဲ စကားပြေဖြင့် ဇာတ်လမ်းကို ရေးသားတင်ဆက်လိုက်ရပါသည်။

***************

“ အစ်မရေ.......အစ်မ......”

အိမ်ရှေ့မှခေါ်နေသည့် သမီးဖြစ်သူ မသန်းခင်၏အသံကို ကြားသော်လည်း ဒေါ်ခင်ရီ မကြားချင်ယောင်

ဆောင်နေလိုက်သည်။

“ အစ်မ....အစ်မရေ....။ ခေါ်မရပြုမရနဲ့ ဘာဖြစ်နေတာလဲ...။ အဘနဲ့ အစ်မ.....၊ တံခါးဖွင့်ဦးလေ။ မကြားချင် ယောင်ဆောင်နေတာ မသိဘူးမှတ်နေလား ”

ခုနစ်သံချီအော်ဟစ်နေသည့် မသန်းခင်ကို စကားမပြောချင်ပါ။ ပြောစရာစကားလည်း မရှိတော့ပါ။ မိဘနှစ် ပါးအားအမိအဘဟူ၍ မသတ်မှတ်ပါဘဲ အပြောအဆိုရိုင်းစိုင်းသည့် မသန်းခင်အား သမီးအဖြစ်မသတ်မှတ်ချင် တော့ပါ။

“ မခင်ရီ...၊ နင့်သမီးကို တံခါးသွားဖွင့်ပေးလိုက်စမ်းပါကွာ ”

“ မဖွင့်ပေးချင်ပါဘူးတော် ”

“ ဖွင့်ပေးလိုက်စမ်းပါကွာ။ လူကြားလို့မကောင်းပါဘူး ”

“ ကျုပ်တို့ကို ဆဲဆိုထားတာ မမှတ်သေးဘူးလား ကိုကျော်ရှိန် ”

“ သားသမီးပဲကွာ ”

“ သားသမီးမို့လို့ ပြောနေတာလေ။ ကျုပ်တို့က ဘာမှမဖြစ်ဘူးတော့၊ အဲဒီဟာမ ငရဲကျမှာစိုးလို့ ပြောနေတာ ”

“ တံခါးပိတ်ပြီး မတွေ့တော့ရော ဘာထူးမှာလဲ မခင်ရီရယ်။ နင်လည်းကြားသားပဲ။ တံခါးမဖွင့်ပေးမချင်း အော် ဟစ်နေတာလေကွာ ”

“ အဲဒီဟာမကို ဒီလောက်ရိုင်းလိမ့်မယ်တောင်မထင်ခဲ့ဘူး ”

“ ဒါကတော့ သူ့ဗီဇနဲ့သူပေါ့ကွာ။ မိဘဆိုတော့လည်း သားသမီး ဘယ်လောက်ဆိုးပါစေ၊ ခွင့်လွှတ်ရတော့မှာပေါ့ ”

“ ကျုပ်တို့က ခွင့်လွှတ်ပေမယ့် ငရဲက ခွင့်မလွှတ်ဘူး ကိုကျော်ရှိန်ရဲ့ ”

“ တစ်နေ့ကျရင် နားလည်လာမှာပါကွာ။ သူလည်း သားတစ်ယောက် ရနေပြီပဲ ”

“ အစ်မ.....တံခါးဖွင့်စမ်းပါဦး။ အဘနဲ့ အစ်မရေ.....သေကုန်ကြပြီလား ”

“ ကြားလား ကိုကျော်ရှိန် ”

“ ကြားပါတယ်ကွာ။ တံခါးသွားဖွင့်ပေးလိုက်ပါ ”

ဒေါ်ခင်ရီက ခင်ပွန်းဖြစ်သူ ဦးကျော်ရှိန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး မသန်းခင်အား တံခါးဖွင့်ပေး

ရန် အတွက်ထိုင်ရာမှထသွားလေသည်။

“ အမလေး....အော်လိုက်ရတာ လိပ်ခေါင်းထွက်မတတ်။ သေကုန်ကြပြီတောင်ထင်နေတာ ”

“ သန်းခင်....။ နင်အတော်ရိုင်းတာပဲ ”

“ ကျုပ်ရိုင်းတာ အခုမှသိသလား။ တကတဲတော်......။ နားတွေများ ပင်းနေကြသလားပဲ ”

“ နင်ဘာလာလုပ်တာလဲ သန်းခင် ”

“ ဘာရယ်....။ ကျုပ်မိဘအိမ် ကျုပ်လာတာဘာဖြစ်လို့လဲ၊ မလာရဘူးလား ”

“ လာလို့ရတယ်။ ပြဿနာသာ မရှာနဲ့။ အခု ဘာလာလုပ်တာလဲ ”

“ ကျုပ်ကို ပိုက်ဆံငါးရာလောက်ချေးဦး ”

“ ဟမ်......၊ ဟိုတစ်နေ့ကတင် သုံးရာလာယူသွားတယ်လေ ”

“ ခက်တာပဲတော်။ ပိုက်ဆံလေး ငါးရာချေးမိပါတယ်။ စစ်လားဆေးလား၊ မေးလားမြန်းလားနဲ့။ နေပါဦး ကျုပ်က သမီးအရင်းရောဟုတ်ရဲ့လား ”

“ သမီးအရင်းဟုတ်သလား မဟုတ်သလားဆိုတာသိချင်ရင် လက်သည် ဒေါ်ဖွားမှီကိုသာ မေးကြည့်ပေတော့။ နင့် ကို ဘယ်လောက် ခက်ခက်ခဲခဲမွေးခဲ့ရတယ်ဆိုတာ ဒေါ်ဖွားမှီ အသိဆုံး။ လူမှန်းသိတတ်စကတည်းက ပေးလိုက်တဲ့ ဒုက္ခတွေ။လေနာထရင် ငါ့မှာကောင်းကောင်းမအိပ်ရ၊ ကောင်းကောင်းမစားရ ”

“ လင်ယူရင် ဒီလောက်တော့ရှိမှာပေါ့။ လင်ယူလို့ ကောင်းတုန်းကတော့ အသံတောင်မထွက်ဘူး ”

“ သန်းခင်.....။ နင် ရိုင်းလှချည်လား ”

“ ကျုပ်ပြောတာ မဟုတ်လို့လား ”

“ နင်ပြန်တော့ ”

“ ပြန်စေချင်ရင် ပိုက်ဆံချေးလေ။ တော့်မြေး နေမကောင်းဘူး ”

“ ငါမသိဘူးမှတ်နေလား သန်းခင်။ နင့်လင် ဌေးအောင်အတွက် ထန်းရည်ဖိုးနဲ့ ဖဲဖိုးလာချေးတာမဟုတ်လား။ မ ပေးနိုင်ဘူး ”

“ အလိုတော်။ ကျုပ်လင်ဘာလုပ်လုပ် တော့်အပူလား။ တော့်လင်တောင်နိုင်အောင်ပြောနိုင်တာလည်းမဟုတ်ဘဲနဲ့။ တော့်ဆီက သန်းခင်ဆိုတဲ့ကောင်မ ချေးနေတာ။ ဌေးအောင်ချေးနေတာမဟုတ်ဘူး။ ဘယ့်နှယ်တော်၊ မြေးလေးနေ

မကောင်းလို့ပိုက်ဆံချေးတာတောင် ကပ်စေးကုပ်နေတဲ့ဘွားအေမျိုး တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးပါဘူး။ အဘ.. တော့်မယားကို ပြောဦး ”

“ နင်တော်တော်ရိုင်းပါလား သန်းခင် ”

“ ကျုပ်ကိုရိုင်းအောင်သင်ပေးတာ ဘယ်သူတွေလဲ ”

“ ဘာ.....။ ငါတို့ရိုင်းတာ နင်မြင်မိ၊ ကြားမိလို့လား ”

“ မခင်ရီ......၊ စကားသိပ်မများနဲ့တော့ကွာ။ ပေးစရာရှိတာပေးလိုက်စမ်းပါ။ နားညည်းမခံစမ်းပါနဲ့ ”

“ ကျုပ်မှာ ပေးစရာမရှိလို့ပြောနေတာပေါ့ ကိုကျော်ရှိန်ရဲ့။ တော် ဘာမှမလုပ်နိုင်လို့ ကျုပ်တစ်ယောက်တည်း ရုန်းကန်နေရတာလေ။ လှူဖို့တန်းဖို့၊ စုဖို့ဆောင်းဖို့မပြောနဲ့ တစ်ရက်စာ ထမင်းနပ်မှန်အောင်တောင် မနည်း

လုပျနရေတာ ”

“ သူစိမ်းဆီက ချေးငှားတာကမှ တော်ဦးမယ်။ သိပ်လည်း ငိုမနေနဲ့အစ်မရေ၊ ရွာတွေ ရေမြုပ်ကုန်လိမ့်မယ် ”

“ နင့်ပါးစပ်ကို ပိတ်ထားလိုက်တော့ သန်းခင်။ ငရဲယူမနေနဲ့ ”

“ တော့်ပါးစပ်သာပိတ်ရမှာ။ အခက်အခဲဖြစ်လို့ပိုက်ဆံလေး နှစ်ပဲတစ်ပြားချေးငှားတာကိုညည်းညူပြနေလိုက်တာ ခိုတွေတောင်အရှုံးပေးရလောက်တယ် ”

“ နှစ်ပဲတစ်ပြားမဟုတ်ဘူးဟဲ့။ ကျုပ်တို့လင်မယားနှစ်ယောက် စားဖို့သောက်ဖို့အတွက် ကျုပ်မှာ နဖူးကချွေး ခြေ မ ကျအောင်ကုန်းရုန်းရှာဖွေထားရတဲ့ ငွေဟဲ့။ အဘိုးကြီး အလုပ်မလုပ်နိုင်လို့ အမယ်အိုကြီးကိုယ်တိုင် ရှာဖွေထား ရတဲ့ချွေးနှဲစာဟဲ့။ ကိုယ့်မိဘတွေ အိုကြီးအိုမဖြစ်နေတာကို ထမင်းလေးတစ်နပ် ပို့ဖော်မရတဲ့အပြင် အိုကြီးအိုမ ရှာ ဖွေထားတဲ့ငွေကြေးကိုတောင် လိုချင်သေးတယ် ”

“ တော့်ပိုက်ဆံကို အလကားတောင်းနေတာမဟုတ်ဘူးတော့။ ချေးတာ...ချေးတာ။ နားလည်လား ”

“ အမလေးတော်.....၊ ချေးတယ်လို့သာပြောတယ်။ ဘယ်နှစ်ခါ ပြန်ဆပ်ဖူးလို့လဲ ”

“ တော့်ကို ပြန်ဆပ်မယ်လို့ ပြောထားတယ် မဟုတ်လား။ ကျုပ် အဆင်မပြေသေးလို့ မဆပ်သေးတာပေါ့ ”

“ မခင်ရီ.....။ ရှိတာသာ ပေးလိုက်ပါကွာ။ ငါတောင်းပန်ပါတယ် ”

ဦးကျော်ရှိန်ကို တစ်ချက်လှမ်းကြည့်ပြီး အတွင်းခံထဲမှ ငွေစက္ကူကို နှိုက်ယူလိုက်သည်။ ချွေးစိုနေသည့် ငွေစက္ကူများက တဆတ်ဆတ်တုန်နေသည့် ဒေါ်ခင်ရီ၏လက်ထဲတွင် နွမ်းလျမောဟိုက်နေကြသည်။

“ အမလေး အစ်မရယ်။ ပိုက်ဆံနှိုက်တာ မြွေတွင်းထဲကို နှိုက်နေတာကျနေတာပဲ။ လက်တုန်ခြေတုန်နဲ့။ ပေးမှာ သာ ပေးစမ်းပါတော် ”

လက်ထဲမှ ပိုက်ဆံကို မသန်းခင်က ဆွဲလုလိုက်သဖြင့် ဒေါ်ခင်ရီ ဒေါသထွက်သွားလေသည်။

“ ဟဲ့....ဘာလုပ်တာတုန်း။ အကုန်မယူနဲ့လေ ”

“ အဲဒီလောက်ဖြစ်မနေစမ်းပါနဲ့။ တော့်ပိုက်ဆံ ပြန်ပေးမှာ ”

“ ငါတို့ဘာနဲ့သွားသုံးရမတုန်း။ ငါ့မှာ အဲဒါပဲရှိတာဟဲ့ ”

“ အစ်မတို့မှာ ခြံဝိုင်းတစ်ခုလုံးရှိသေးတယ်။ ရောင်းစားစား၊ ပေါင်စားစား ထမင်းမငတ်ဘူး။ ကျုပ်မှာ ဘာမှမရှိ ဘူးတော့်။ ရောင်းစား၊ ပေါင်စားရင်လည်း ကျုပ်ကို အသိပေးပြီးမှလုပ်ကြနော်။ ကျုပ်က တော်တို့ရဲ့သမီးဆိုတော့ ကျုပ်နဲ့လည်းဆိုင်တယ်။ ကျုပ်မသိဘဲ ပေါင်စား၊ ရောင်းစားလို့ကတော့ မိုးမီးလောင်မယ်မှတ်။ အမေသော အဖေ သောညှာမှာမဟုတ်ဘူး ”

“ သန်းခင်......၊ ညည်းတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံရတော့မယ်။ သေတာတောင် မကျွတ်နိုင်သေးဘဲ ဒုက္ခ မျိုးစုံခံရပြီးမှငရဲကျမယ့်ကောင်မ ”

“ ကျုပ်ကို ကျိန်စာတိုက်မနေနဲ့။ တော်တို့က အရင်သေမှာ ”

“ ဟင်...........။ ငါ...ငါ...သမီးကို ကျိန်စာတိုက်လိုက်မိပြီ။ ဘုရား....ဘုရား... ”

ပါးပြင်ပေါ်သို့ကျလာသည့် မျက်ရည်ပူများကို ဒေါ်ခင်ရီမသုတ်အားပါ။ ဒေါသအလျောက် မှားယွင်းပြောဆို မိသည့်စကားတစ်ခွန်းအတွက် နောင်တနှင့်အတူ သောကအပူတို့ကြောင့် နှလုံးသွေးဆူပွက်ခဲ့ရလေတော့သည်။

ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့သည် မိဘများမရှိကြတော့ဘဲ ကိုယ့်အားကိုယ်ကိုးကာ စီးပွားရှာခဲ့ကြသူများ ဖြစ်ကြသည်။ တစ်ရွာတည်းနေ တစ်ရေတည်းသောက်ကြသူများဖြစ်သော်လည်း နှလုံးသားရေးထက် စီးပွားရေး အတွက်သာ ဇောက်ချလုပ်ကိုင်နေကြသဖြင့် တစ်ဦးနှင့်တစ်ဦး မေးထူး ခေါ်ပြောကြရုံကလွဲ၍ချစ်သဒ္ဓါပန်းကောက် မေတ္တာလမ်းလျှောက်ရန် မတွေးခဲ့ကြပေ။ သို့သော်လည်း နှဖူးစာထူးလာသည့်အချိန်မှာတော့ နှစ်ဖက်ဆွေမျိုးများ ၏ နားချကြောင်းလမ်းမှုကြောင့် အိမ်ထောင်ပြုခဲ့ကြလေတော့သည်။ ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့နှစ်ယောက် အိမ် ထောင်ကျပြီးနောက်ပိုင်းတွင် တက်ညီလက်ညီဖြင့် စီးပွားရှာဖွေခဲ့ကြသဖြင့် နွားသုံးရှဉ်း၊ ခြံဝိုင်းတစ်ဝိုင်းနှင့် ယာ ခင်း များကို ပိုင်ဆိုင်လာခဲ့ကြလေသည်။ ပြောင်း၊ ပဲ၊ နှမ်းများစိုက်ပျိုးသည့်အခါတိုင်း အထွက်တိုးခဲ့သဖြင့် စီးပွား တက်လာခဲ့ကြသည်။ အရွယ်လွန်မှ အိမ်ထောင်ကျခဲ့သည့်ဒေါ်ခင်ရီသည် အသက် သုံးဆယ့်ငါးနှစ်ကျော်တွင် မ

သန်းခင်ကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ မသန်းခင်ဖြစ်လာမည့် သန္ဓေသားကို ကိုယ်ဝန်ဆောင်သည့်အချိန်မှစ၍ စီးပွားကျလာခဲ့သည်။ မကြာခဏဆိုသလို အမျိုးအမည်မသိသည့် ရောဂါဝေဒနာကြောင့် ဆေးရုံသို့ အခေါက်

ခေါက်အခါခါ ရောက်ရှိခဲ့ရလေသည်။ ဒေါ်ခင်ရီကို နေ့စဉ်မပြတ် ကြည့်ရှုစောင့်ရှောက်နေရသဖြင့် ဦးကျော်ရှိန်

လည်း လုပ်ငန်းမှန်သမျှ ဦးစီးဦးဆောင်မလုပ်နိုင်တော့သဖြင့် ဆွေမျိုးနီးစပ်များကို လက်လွှဲထားရလေသည်။ထို့

အပြင် စိုက်ပျိူးသမျှလည်း ယခင်လို မဖြစ်ထွန်းတော့ဘဲ စီးပွားလည်း တဖြည်းဖြည်းကျလာခဲ့သည်။

မသန်းခင်အား အသက်လု၍ ခက်ခက်ခဲခဲမွေးဖွားခဲ့သည့်အချိန်တွင် ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့တွင် နွား နှစ်ရှဉ်း၊ ယာလေးဧကနှင့်အိမ်ခြံဝိုင်းတစ်ခုသာ ကျန်တော့သည်။ မသန်းခင် မွေးဖွားပြီးချိန်မှစ၍ တစ်စထက် တစ်စ စီးပွားကျလာခဲ့သဖြင့်ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့လည်း သို့လောသို့လော ဖြစ်လာကြသည်။ မသန်းခင် သည် စနေသမီးဖြစ်သောကြောင့် သားဦး စနေမီးလိုမွှေဆိုသည့် ဆိုရိုးစကားအတိုင်းဖြစ်လေမည်လားဟု ယူဆ ကာ အမည်သညာပေးထားခဲ့သည့် မနုခင်ဟူသည့်အမည်အား သောကြာသမီးအဖြစ်သတ်မှတ်ကာ မသန်းခင်ဟု ပြောင်းလဲခဲ့ကြသည်။

မသန်းခင်သည် ငယ်စဉ်ကတည်းက စိတ်ဆတ်ပြီး အပြောအဆိုကြမ်းတမ်းသည်။ ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီ တို့ သွန်သင်ဆုံးမသော်လည်း နားမဝင်ခဲ့ပေ။ မသန်းခင် အသက်နှစ်ဆယ့်သုံးနှစ်အရွယ်တွင် တစ်ရွာတည်းသား ကိုဌေးအောင်နှင့် ခိုးရာလိုက်ပြေးလေတော့သည်။ ထိုအချိန်တွင် ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့၏အသက်သည်

ခြောက် ဆယ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်နေလေပြီ။ ခိုးရာလိုက်ပြေးသွားသည့် မသန်းခင်နှင့် ကိုဌေးအောင်တို့ အား လက်ထပ်ထိမ်းမြားပေးပြီး အိမ်၌နေထိုင်စေခဲ့သော်လည်း အလုပ်မယ်မယ်ရရမလုပ်ကိုင်ဘဲ ထန်းရည်ဖြင့် အချိန်ပြည့်ပျော်မွေ့တတ်သည့်အပြင် ငွေကြေးလိုအပ်ပါက ခိုးဝှက်တတ်သည့် သမက်ဖြစ်သူ ကိုဌေးအောင်အား မနေစေလိုတော့သဖြင့် နွားတစ်ရှဉ်းရောင်းပြီး ခြံဝိုင်းနှင့် အိမ်လေးတစ်လုံးဝယ်ပေးကာ အိမ်ခွဲနေထိုင်စေခဲ့သည်။ သို့ပါသော်လည်း သမီးမိုက်နှင့် သမက်မိုက်တို့က လုပ်ငန်းလုပ်ကိုင်မည်ဆိုသည့် အကြောင်းပြချက်ဖြင့် ခြံဝိုင်းနှင့် အိမ်ကိုရောင်းချလိုက်ကြလေသည်။ မသန်းခင်က ကိုဌေးအောင်၏ မိဘအိမ်တွင်သွားရောက်နေထိုင်ပြီး ကိုဌေး အောင်က မြို့တက်ပြီး အလုပ်လုပ်ကိုင်မည်ဟုဆိုကာ ခြံဝိုင်းရောင်းရသည့်ငွေများကို ဖဲရိုက်၊ကြက်တိုက်၊ လောင်း ကစားဖြင့်ပျော်ပိုက်ကာ သုံးဖြုံးလိုက်လေတော့သည်။ ထိုအချိန်တွင်မသန်းခင်နှင့် ကိုဌေးအောင်တို့၌ သားတစ် ယောက် ထွန်းကားခဲ့ပြီးဖြစ်ပေသည်။

နောက်ပိုင်းတွင် မသန်းခင်တစ်ယောက် ငွေလိုအပ်တိုင်း မိဘများထံသို့လာရောက်ကာ နားပူနားဆာတစ်မျိုး၊ ခြိမ်းခြောက်ဆဲဆိုခြင်းတစ်ဖုံဖြင့် ငွေကြေးတောင်းခံတတ်သည်။ မသန်းခင် အပျိုဘဝက မည်သို့ပင်ဆိုးစေကာမူ မိ ဘနှစ်ပါးကကြည်ဖြူခွင့်လွှတ်နိုင်သော်လည်း အိမ်ထောင်ကျပြီးနောက်ပိုင်း ပို၍ဆိုးဝါးလာသည့်အတွက် ဦးကျော် ရှိန်နှင့် ဒေါ်ခင်ရီတို့နှစ်ယောက်စလုံး မသန်းခင်ကို ရှောင်ဖယ်ခဲ့ကြသည်။ မသန်းခင် သားဦးလေးမီးဖွားပြီး တစ်

နှစ် ကျော်ခန့် အကြာတွင် ဦးကျော်ရှိန်တစ်ယောက် လှည်းပေါ်မှအဆင်း ခြေချော်ကျပြီး ပေါင်ရိုးကျိုးသွားသဖြင့် လနှင့်ချီပြီး ဆေးကုသရပြန်သည်။

ဦးကျော်ရှိန် အလုပ်မလုပ်နိုင်တော့သဖြင့် လင်မယားနှစ်ယောက်၏ စားဝတ်နေရေးအတွက် ဒေါ်ခင်ရီက တာ ဝန်ယူခဲ့ရလေသည်။ ဦးကျော်ရှိန်ကို ဆေးကုသရသည့်အပြင် စားဝတ်နေရေးအဆင်မပြေသဖြင့် နောက်ဆုံးလက် ကျန် နွားတစ်ရှဉ်းကိုပါ ရောင်းလိုက်ရပြန်သည်။ ကျန်ရှိနေသေးသည့် ယာခင်း လေးဧကကိုသာ အမှီသဟဲပြုပြီး ဝမ်းစာရေးအတွက် ရုန်းကန်နေကြရသည်။

“ မခင်ရီ...၊ စိတ်ထဲဘာမှထားမနေနဲ့။ နင်က ကျိန်စာတိုက်တာမှမဟုတ်တာ။ ဒေါသအလျောက်ပြောမိတာပဲကွာ ”

ဒေါ်ခင်ရီက ဦးကျော်ရှိန်ကို ဘာမှပြန်မပြောတော့ဘဲ မျက်ရည်များကို တဘက်ဖြင့်သုတ်ကာ အိမ်နောက်ဖေး မီးဖိုဆောင်သို့ ဝင်သွားလေတော့သည်။

****************

“ ဘာချက်သလဲ မခင်ရီ ”

“ မန်ကျည်းနုသုတ်နဲ့ ပဲဟင်းပေါ့ ကိုကျော်ရှိန်ရယ် ”

“ အသားလေး ငါးလေး မစားရတာကြာပေါ့ကွာ ”

“ ဖိုးနီတို့ ဝက်ပေါ်မယ်ဆိုလို့မှာထားပါတယ်။ ညနေကျရင် သွားယူပြီး ချက်ပေးပါ့မယ် ကိုကျော်ရှိန်ရယ် ”

“ ဟိုကလေးတွေလည်း ဘယ်လိုစားသောက်နေကြတယ်မသိဘူး။ ဝက်သားချက်ရင် ငါ့မြေးလေးအတွက် ဟင်း တစ်ခွက်လောက်ပို့လိုက်စမ်းပါဟာ ”

“ ကိုယ်စားဖို့ကိုပဲ အရင်စဉ်းစားဦး။ ကျုပ်ဝယ်ထားတာ ဝက်တစ်ကောင်လုံးမဟုတ်ဘူး ကိုကျော်ရှိန်ရဲ့။ ကျုပ်တို့ နှစ်ယောက်စားဖို့ပဲဝယ်ထားတာ ”

“ မြိုမကျလို့ပါ မခင်ရီရယ် ”

“ တော်တစ်ယောက်ကတော့ အတော်ခက်တဲ့လူပဲ။ တော့်သမီးနဲ့သမက်က လုပ်နိုင်ကိုင်နိုင်၊ ရှာနိုင်ဖွေနိုင်သေး တယ်တော့။ ကျုပ်မှာ အိုကြီးအိုမနဲ့ လုပ်ကိုင်စားနေရတာ။ ကျုပ်ကိုလည်း ငဲ့ပါဦး ”

“ မိဘဆိုတော့လည်း အစားကောင်းစားရရင် သားသမီးကို သတိရတာပေါ့ကွာ ”

“ ဟင်း...ဟင်း...။ ဟိုဟာတွေက ကျုပ်တို့ကို ဟင်းတစ်ခွက်တောင်မပို့ဖူးပါဘူးတော်။ တမြန်နေ့က ဆန်မရှိလို့ ရွာထဲပတ်ပြီးချေးနေတာ တော့်သမီးလည်း သိသားပဲ။ ကျုပ်ကို အဖက်တောင်မလုပ်ဘူး။ ဒါ့ကြောင့် ကျုပ်လည်း မခံချင်တာနဲ့ ဆန်နဲ့ပဲကိုရောပြီးချက်လိုက်တယ် ”

“ ငါသိပါတယ်ကွာ။ ဗွေမယူပါနဲ့ ”

“ မယူပါဘူးတော်။ ကျုပ်မြေးအတွက်ပိုဝယ်ထားပါတယ်။ သည်းသည်းလှုပ်မနေစမ်းပါနဲ့တော် ”

မျက်စောင်းတစ်ချက်ထိုးပြီး အိမ်နောက်ဘက်ဝင်သွားသည့် ဒေါ်ခင်ရီကို ဦးကျော်ရှိန်က ခေါင်းတညိမ့်ညိမ့် ဖြင့် ပြုံးပြလိုက်လေသည်။

***************

“ ဝက်သားက ဒါလေးပဲလား ”

“ အေးလေ....၊ ငါ့မြေးလေးစားဖို့လာပို့တာ။ ဘာဖြစ်လို့လဲ ”

“ ကျန်တဲ့သူတွေက ပါးစပ်မပါတော့ဘူးလား ”

“ ဟဲ့....သန်းခင်၊ ငါလည်း နိုင်သလောက်လေးပဲ ဝယ်ရတာလေ ”

“ အော.....။ တော်က ကျုပ်ကို သမီးအဖြစ်တောင် မသတ်မှတ်ဘူးဆိုတဲ့သဘောလား အစ်မ ”

“ နင်တို့က လူကြီးတွေပါဟယ်။ ငါ့မြေးလေးက ဝက်သားကြိုက်တတ်လို့ လာပို့တာပါ ”

“ ပြန်ယူသွား။ ကျုပ်သားကို မသဒ္ဓါရေစာမကျွေးဘူး ”

“ သန်းခင်၊ နင်လင်မယူခင်အထိ ကျွေးမွေးခဲ့တဲ့မျက်နှာကိုလည်း ထောက်ဦးဟဲ့။ ငါတို့လင်မယား ခြစ်ကုပ်စားပြီး နင်ကြိုက်တတ်တာတွေ ချက်ပြုတ်ကျွေးခဲ့တာကိုလည်း ပြန်စဉ်းစားဦး ”

“ တော်စမ်းပါ အစ်မရာ။ ကျုပ်ကျတော့ ထမင်းတစ်ဇလုံကို ဟင်းတစ်တုံးနဲ့လောက်အောင်စားခိုင်းပြီး တော့်လင် ကျတော့ ဟင်းတွေကြိုက်သလောက်စားတာတောင် ဘာမှမပြောတာ ကျုပ်မသိဘူးမှတ်နေလား ”

“ အဲဒါ နင့်အဖေဟဲ့။ သူလုပ်ကျွေးလို့ လူမွေးသူမွေးပြောင်ခဲ့တာ။ နင့်အဖေက နင့်လင်လို လက်ကြောမတင်းတဲ့သူ မဟုတ်ဘူး။ ငါတို့ရဲ့ ကျေးဇူးရှင်ဟဲ့။ မယူချင်နေ၊ ဟင်းတွေပြန်ယူသွားမယ် ”

“ တော့်လင်ကျေးဇူးရှင်ကြီးကိုပဲ အားရပါးရ မြိုစို့ခိုင်းလိုက်ပါ ”

“ နင်အတော်မိုက်ရိုင်းပါလား သန်းခင် ”

“ ဘာလဲ..၊ ကျုပ်ကို ကျိန်စာတိုက်ဦးမလို့လား ”

“ ကျိန်စာတိုက်စရာမလိုဘူးဟဲ့၊ နင့်ဟာနင် ငရဲယူနေတာ။ ငါသွားတော့မယ် ”

မသန်းခင်ကို ကျောခိုင်းကာလှည့်ထွက်ခဲ့ရင်း စီးကျလာသည့်မျက်ရည်ပူများကို တဘက်ဖြင့်သုတ်လိုက် လေသည်။ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဆိုသော်လည်း ပစ်သင့်က ပစ်ရပေတော့မည်။ မိဘအနေဖြင့် အပြစ် မယူလိုသော်လည်း မိဘနှင့်တွေ့ပါက ငရဲယူတတ်သည့် သမီးဆိုးအတွက် ငရဲမကျအောင် ရှောင်ရှားနေခြင်းသည် သာ အကောင်းဆုံးဖြစ်မည်ဟု ဒေါ်ခင်ရီ တွေးလိုက်မိလေသည်။

***************

အဝေးဆီမှ ဥသြငှက်သံနှင့် ချိုးကူသံများက အညာဒေသ၏အလှတရားကို ဖော်ကြူးနေကြသည်။ လေပွေ တချို့က ယာခင်းများပေါ်တွင် မွှေ့ယမ်းနေကြသည်။ အမှိုက်သရိုက်နှင့် ဖုံများက လေပွေနှင့်အတူ အဝေးသို့လွင့် ပါသွားကြသည်။ချစ်ချစ်တောက် ပူလောင်နေသည့် နေရောင်အောက်တွင် တံလျှပ်များက တရိပ်ရိပ်ထနေလေ သည်။

“ အစ်မ.....၊ အစ်မ..... ”

ခြံဝိုင်းထဲဝင်လာသည့် မသန်းခင်ကို မြင်လိုက်ကတည်းက မသိချင်ယောင်ဆောင်ကာ အဝတ်များကို လျှော် ဖွတ်နေသည်။ မသန်းခင်ကလည်း အိမ်ပေါ်သို့မတက်ဘဲ ဒေါ်ခင်ရီအဝတ်လျှော်နေသည့်နေရာသို့ လျှောက်လာခဲ့ သည်။

“ အစ်မ....၊ ဒီလောက်ခေါ်နေတာတောင် မကြားတာ နားများပင်းနေလားတော် ”

“ ဘာလာလုပ်တာလဲ သန်းခင် ”

“ ကျုပ်ကိုအရင်မမေးနဲ့၊ ကျုပ်မေးတာကိုပဲ အရင်ဖြေပါဦး ”

“ နင်က ဘာမေးမလို့လဲ ”

“ အစ်မတို့က ခြံဝိုင်းရောင်းပြီး ရွာကပြောင်းတော့မလို့ဆို ”

“ ဟုတ်တယ်။ နင့်ကို ဘယ်သူပြောတာလဲ ”

“ ခြံဝိုင်းကိုရောင်းဖို့စပ်နေတာ ကျုပ်မသိဘဲနေမလား။ ကျုပ်ကို အသိမပေးဘဲ လျှောက်လုပ်နေကြတယ်ပေါ့လေ ”

“ နေစမ်းပါဦး သန်းခင်။ ငါ့ခြံဝိုင်းကို ငါရောင်းတာ နင့်ကို အသိပေးစရာလိုလို့လား ”

“ ဘာလို့ မလိုရမှာလဲတော့။ ကျုပ်က တော်တို့ရဲ့သမီးဆိုတာ မေ့နေကြလား။ ကျုပ်က တော်တို့ရဲ့သမီးဆိုတာ သတိထားကြဦး ”

“ နင်ပဲသိဖို့လိုတယ် သန်းခင်။ သားသမီးဆိုတာ မိဘရဲ့ကျေးဇူးကို နားလည်ရတယ်။ မိဘကိုပြုစုဖို့နေနေသာ ထ မင်းတစ်လုပ်၊ ဟင်းတစ်ဆုပ်တောင် ကျွေးဖော်မရတဲ့ သမီးဆိုတာ နင့်ကိုယ်နင်ပြန်စဉ်းစားကြည့်ဦး။ ဒီခြံဝိုင်းက နင်နဲ့ဆိုင်တယ်ဆိုရအောင် ငါတို့က မသေသေးဘူးဟဲ့။ ငါတို့ အဘိုကြီး အဘွားကြီးနှစ်ယောက်ရဲ့ ရှေ့ရေးရှိသေး တယ်။ ငါတို့လဲရင် ဘယ်မလဲပိုက်ဆံ။ သမီးတစ်ယောက်ရှိပါလျက်နဲ့ လမ်းဘေးမှာ တောင်းစားရမယ့်သူတောင်း စားဘဝရောက်ရတော့မယ် ”

“ အဲဒါတွေ ကျုပ်မသိဘူး။ တော်တို့ ခြံဝိုင်းရောင်းရင် ကျုပ်ကို အမွေခွဲပေး ”

“ ဘာ......။ အမွေခွဲပေးရအောင် နင်က မိဘအပေါ်ဘယ်လောက် ကောင်းခဲ့လို့လဲ ”

“ ကောင်းတာ မကောင်းတာတွေနောက်ထား။ ကျုပ်နဲ့ဆိုင်တဲ့အတွက် ကျုပ်ကို အမွေပေးရမယ် ”

“ မပေးနိုင်ဘူး သန်းခင်။ ငါတို့အတွက် အိုစာမင်းစာထားရမယ်။ ကုန်ကုန်ပြောရရင် နင်ငရဲကျမှာစိုးလို့ ဒီရွာက

နေပြောင်းဖို့ ခြံဝိုင်းကို ရောင်းရတာပဲ။ နားလည်ပြီလား ”

“ အမလေးတော်.....။ လူတကာကြားရင် သန်းခင်ကပဲ နှိပ်စက်နေသလိုလို ”

“ နင့်အကြောင်း နင်မသိရင်တောင် တစ်ရွာလုံးသိတယ် သန်းခင် ”

“ ကျုပ်က တော်တို့ကို ဘာလုပ်နေလို့လဲ ”

“ ငါ့ကို မမေးနဲ့။ တစ်ရွာလုံးကိုသာမေးကြည့်။ နင်နဲ့တစ်ရွာတည်းမနေချင်တော့လို့ ခြံဝိုင်းရောင်းပြီး အခြားမှာ သွားနေတော့မယ် ”

“ တော်တို့ဟာတော်တို့ ဇရပ်မှာပဲနေနေ၊ ဘုန်းကြီးကျောင်းမှာပဲနေနေ၊ နွားတင်းကုပ်မှာပဲနေနေ၊ ကျုပ်နဲ့မဆိုင် ဘူး။ တော်တို့ဆီမှာ လူလာဖြစ်မယ့်အစား ခွေးဝင်စားဖြစ်ခဲ့ရင်တောင် ကောင်းဦးမှာ ”

“ နင့်ကိုယ်နင် ပြန်ပြီး ကျိန်စာတိုက်နေတာလား သန်းခင်။ နင့်ကို ကိုယ်ဝန်စရှိကတည်းက စီးပွားတွေပျက်၊ ငါ့မှာ ရောဂါတွေအမျိုးမျိုးဖြစ်။ ဒါပေမယ့် ငါ့ရင်သွေးကြောင့်ဆိုတာ ဘယ်တော့မှ မတွေးမိဘူး။ မွေးပြန်တော့လည်း အ သက်လုပြီး ခက်ခက်ခဲခဲမွေးခဲ့ရတယ်။ မွေးပြီးပြန်တော့လည်း တစ်ရက်မှ ကောင်းကောင်းစားရ၊ ကောင်းကောင်း

အိပ်ရတယ်မရှိဘူး။ အမျိုးမျိုးဒုက္ခပေးခဲ့တယ်။ နင် အခုအရွယ်အထိ ငါတို့ကို ဒုက္ခပေးလို့ကောင်းနေတုန်းပဲ သန်းခင်။ မအေဆိုတော့လည်းကိုယ့်သားသမီးကို အပြစ်မမြင်ရက်ဘူး။ ငါ့ကို ခဏလောက်မေ့ထားပါ။ နင်လိုချင် သမျှ၊ နင်ပူဆာသမျှ အကုန်လုပ်ပေးခဲ့တဲ့ နင့်အဖေကြီး လမ်းမလျှောက်နိုင်တော့တာတောင် ပြုစုပေးခဲ့ရဲ့လား ”

“ ကိုယ့်လင်ကိုယ်ပြုစုပေါ့။ သူ့ကို ပြုစုရအောင် ကျုပ်လင်မှမဟုတ်တာ ”

“ သန်း...... ခင် ”

“ ဖြန်း....... ”

သည်းခံစိတ်လေး တစ်ချက်လွတ်သွားသည့်အခိုက် ဒေါ်ခင်ရီ၏လက်ဝါးက မသန်းခင်၏ပါးပြင်ပေါ်သို့ ကျ ရောက်သွားခဲ့သည်။

“ ဟင်.....ငါ့...ငါ့ကို ရိုက်တယ်ပေါ့လေ......ကောင်မကြီး.... ”

“ ဖြန်း.......၊ ဖြန်း...... ”

ရိုင်းစိုင်းခက်ထန်သည့်ဗီဇ၊ ကြမ်းတမ်းသည့်ဒေါသတို့ကြောင့် မွေးသမိခင်အရင်းအား ရန်သူသို့သဘောထား ၍ ဒေါ်ခင်ရီ၏ပါးပြင်ကို ဘယ်ပြန်ညာပြန်ရိုက်ပြီး ဆောင့်တွန်းလိုက်သဖြင့် ဒေါ်ခင်ရီတစ်ယောက် နောက်ပြန်လဲ ကျကာ စဉ့်အိုးနှင့်နောက်စေ့ ရိုက်မိပြီး သတိလစ်သွားလေတော့သည်။ စဉ့်အိုးဘေးတွင် ခွေလျက်လဲကျနေပြီး နောက်စေ့မှ သွေးများထွက်နေသည့် ဒေါ်ခင်ရီကိုကြည့်ကာ မသန်းခင်မျက်လုံးမျက်ဆန်ပြူးပြီး ကြောက်လန့်သွား လေသည်။ ထို့နောက် ကြောက်လန့်တကြားဖြင့် အိမ်သို့ပြန်ပြေးလေတော့သည်။

**************

“ ကံကောင်းလို့ပေါ့ မခင်ရီရယ်။ သန်းခင်နဲ့ တော်တို့ ရန်ဖြစ်နေတာမြင်လို့ ကျုပ်ပြေးလာတာ။ ကျုပ်ရောက်လာ တော့ တော်က သတိလစ်နေပြီ။ ကျုပ်လည်း တော့်ကို သွေးတိတ်အောင် နနွင်းတွေသိပ်ပြီး မနည်းနှာနှပ်ယူရတယ် ”

“ တစ်ခါတည်း သေသွားရမှာပါ မအုန်းတင်ရယ် ”

“ အလို.....သေမယ့်သေ တော့်သမီး သန်းခင်သေရမှာ။ ဘယ့်နှယ်တော် အမေကို ပါးရိုက်ပြီး ဆောင့်တွန်းရတယ် လို့။ နွေခေါင်ခေါင်မိုးကြိုးပစ်ပြီး မြေမြိုမယ့်ဟာမ ”

“ အဲဒီလိုတော့ မကျိန်ပါနဲ့ မအုန်းတင်ရယ် ”

“ ကျုပ်ကျိန်စရာတောင်မလိုဘူး မခင်ရီ။ တော့်သမီးက ငရဲလားတော့မှာ။ မိဘစော်ကားရင် ငရဲအိုးထဲ ဇောက် ထိုးကျလိမ့်မယ်။ တော်တို့လင်မယားက အလိုလိုက်ခဲ့ကြတာကိုး ”

“ ခက်ခက်ခဲခဲ မွေးလာခဲ့ရတဲ့သမီးမို့ပါ မအုန်းတင်ရယ် ”

“ ဒေါ်ဖွားမှီ ပြောတဲ့စကားကို ပြန်ကြားသေးတော့အေရယ်။ ဘာတဲ့....၊ မွေးကတည်းက အသေမွေးရမှာ၊ ဒါမှ မဟုတ် ငါကိုယ်တိုင် သတ်ခဲ့ပါတယ်ဆိုလား ”

“ သူလည်း မြင်တွေ့နေရတော့ စိတ်လိုက်မာန်ပါပြောမိတယ် ထင်ပါတယ် မအုန်းတင်ရယ် ”

“ ခေါင်းက ဘယ်လိုနေသေးလဲ။ မြို့ကဆေးရုံသွားပြမလား။ ကျုပ်ကြည့်တာတော့ နည်းနည်းလောက် ကွဲသွား တယ်။ သွေးကတော့ တိတ်သွားပြီ ”

“ ဆရာစိုး ဆေးထည့်ပေးသွားတယ် မအုန်းတင်။ နာတာပဲရှိပါတော့တယ်။ သက်သာပါပြီ ”

“ တကယ်ပါအေ၊ ကျုပ်သမီးသာဆိုလို့ကတော့ ဓားနဲ့ခုတ်သတ်ပစ်မိမလားပဲ။ တော်လည်း အရမ်းအလိုလိုက် တယ်နော် ကိုကျော်ရှိန် ”

“ သမီးလေး တစ်ယောက်တည်းရှိတာကိုး မအုန်းတင်ရာ ”

“ အေးပေါ့တော်....အလိုလိုက်တော့ အမိုက်စော်ကားခံရတာ နည်းတောင်နည်းသေးတယ် ”

“ ကျွန်မကစပြီး လက်ပါသွားမိတာပါ။ သန်းခင်ကို ကျွန်မ ခွင့်လွှတ်ပါတယ် ”

“ ဘာဆိုင်လို့တုန်း မခင်ရီ။ မိဘက သားသမီးကို ရိုက်နှက်ဆုံးမလို့ရတယ်လေ။ တော်ရူးနေသလား။ တော်က ခွင့်လွှတ်လေဟိုဟာမက ပိုပြီး ငရဲကြီးလေပဲ။ မေတ္တာစူးတယ်အေ့ ”

“ ကျွန်မက ခွင့်လွှတ်တယ်ဆိုတာတောင် မကျေဘူးလား မအုန်းတင် ”

“ တော်လည်း ဗုဒ္ဓဘာသာပါအေရယ်။ ရတနာသုံးပါးနဲ့ မိဘဆရာသမားကို ကံသုံးပါးနဲ့ ပစ်မှားမိတဲ့သူမှန်သမျှ လက်ရှိဘဝမှာတင် အသက်ရှင်လျက် ငရဲခံရတတ်တယ်။ တမလွန်ရောက်ပြန်ရင်လည်း ငရဲပြည်မှာ အဖန်ဖန်ခံစား ရတယ်။ ဘုရားရှင်က ခွင့်လွှတ်တော်မူပေမယ့် ငရဲကမလွတ်မြောက်နိုင်ဘူး။ နောင်အခါ ဘုရားပွင့်ရင်လည်း တ ရား နာခွင့် ဖူးမျှော်ခွင့်မရတဲ့အပြင် ငရဲကနေ မလွတ်မြောက်နိုင်ဘူးတဲ့ မခင်ရီရဲ့ ”

“ ဒါဆို ဘယ်လိုလုပ်ကြမလဲ မအုန်းတင်။ ကျုပ်သမီးလေးတော့ ငရဲကျတော့မှာပဲ ”

“ မည်သူမပြုမိမိမှုတဲ့ မခင်ရီရဲ့။ တော်တို့က မိဘဝတ္တရားကျေပွန်ကြပေမယ့် ဘုရားဟောကြားခဲ့တဲ့ တရားတော် တွေကို သင်ကြားပြသပေးတာလည်းမရှိဘူးထင်ပါရဲ့။ လက်အုပ်ချီပြီး ပုဆိန်ပေါက်ဘုရားရှိခိုးတာနဲ့တင် ဗုဒ္ဓဘာ သာဖြစ်ပြီလို့ ခံယူထားကြတာကိုး။ ရတနာသုံးပါးနဲ့ မိဘ၊ ဆရာသမားတွေကို ပစ်မှားခဲ့ရင် မြန်စွာဘုရားရှင်

တောင် မကယ်တင်နိုင်ဘူးမခင်ရီ။ သူ့အကြောင်း သူ့ကံလို့သာ မှတ်လိုက်ပေတော့။ အခုက မိဘကို သွေးစိမ်း ရှင် ရှင်ကျအောင် ကိုယ်ထိလက်ရောက်စော်ကားခဲ့ပြီလေ။ တော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ ဆရာတော်ဘုရား လည်းသိသွားပြီး စိတ်မကောင်းဖြစ်နေရှာတယ် ”

ဒေါ်အုန်းတင်ပြောသမျှကို နားထောင်ရင်း ဒေါ်ခင်ရီ၏မျက်ဝန်းများမှ မျက်ရည်များလိမ့်ဆင်းလာခဲ့လေပြီ။ ထိုမျက်ရည်များသည် သားဆိုး၊ သမီးဆိုးပင်ဖြစ်လင့်ကစား၊ မိမိရင်သွေး အပါယ်လားမည့်အရေးကိုတွေး၍ စိုးရိမ် ပူပန်ပြီးကျဆင်းလာခဲ့သည့် သီတာရေစင်များပင် ဖြစ်ပေတော့သည်။

***************

“ သန်းခင်......နင့်အမေကို ကန်တော့ပြီး တောင်းပန်လိုက်ဦး ”

“ ဘာလို့ ကန်တော့ပြီးတောင်းပန်ရမှာလဲ ဒေါ်လေးအုန်းတင်။ သူကစပြီး ပါးရိုက်တာလေ ”

“ မိဘဆိုတာ သားသမီးကို ရိုက်နှက်ဆုံးမပိုင်ခွင့်ရှိတယ်။ နင့်သားကိုလည်း ရိုက်နှက်ဆုံးမနေတာပဲ မဟုတ်လား။ နင့်

အပြစ်တွေကျေအောင် ကန်တော့ပြီးတောင်းပန်လိုက်ပါ သန်းခင်ရယ် ”

“ ငရဲပဲကျကျ၊ မြေပဲမြိုမြို၊ သန်းခင်တို့က မကြောက်ဘူးတော့်။ ကျုပ်ကို ပါးရိုက်ရအောင် ကျုပ်ကသူငယ်နှပ်စား လည်း

မဟုတ်ဘူး။ အဲဒီအဘွားကြီးက ကျုပ်ကို အမွေမပေးချင်လို့ သက်သက်ကလိမ်ကျနေတာ။ သူ့လင်ကိုခေါ်ပြီး ရွာက နေပြေးတော့မယ်လေ။ ဒါမျိုးတော့ ဘယ်ရလိမ့်မလဲ။ သန်းခင်အကြောင်း ကောင်းကောင်းပြလိုက်ဦးမယ် ”

“ နင့်အမေကို ဘာထပ်လုပ်ဦးမလို့လဲ သန်းခင် ”

“ ဘာလုပ်ရမှာလဲ၊ ဒီတစ်ခါတော့ ပါးမရိုက်တော့ဘူး။ ထွက်ပြေးလို့မရအောင် ခြေဖဝါးကို ထင်းမီးစနဲ့ထိုးပစ်မယ် ”

“ အမလေး........ဘုရား.....ဘုရားကယ်တော်မူပါ ”

***************

“ ကိုဌေး..... ”

“ ဘာလဲ.... ”

“ သားကို ထမင်းကျွေးထားနှင့်။ ကျုပ်သွားစရာရှိလို့ ”

“ ဟာ.....၊ နင်က ဘယ်သွားမလို့လဲ ”

“ ဟိုအဘွားကြီးဆီလေ ”

“ မသွားပါနဲ့ သန်းခင်ရာ၊ ငါတောင်းပန်ပါတယ်။ ငါမဟုတ်တာ အကုန်လုပ်ပေမယ့် ရတနာသုံးပါးနဲ့ မိဘဆရာ သမားကို မစော်ကားဘူးဟာ။ စော်လည်း မစော်ကားရဲဘူး။ နင် ငရဲကျမှာ မကြောက်ဘူးလား ”

“ တော့်ပါးစပ်ကို ပိတ်ထားလိုက်တော့။ မပိတ်ရင် တစ်ခုခုနဲ့ ဆို့ပေးမယ် ”

မသန်းခင်၏အကြောင်းကို သိပြီးသားမို့ ကိုဌေးအောင် အသာငြိမ်နေလိုက်ရသည်။

“ ဘာမှတော့ မလုပ်ပါနဲ့ဟာ။ သူတို့ဟာသူတို့ အေးအေးနေကြပါစေ ”

“ မလုပ်လို့ရမလား။ ခြံဝိုင်းကို ဒီနေ့လယ်မှာ ပိုက်ဆံလာချေတော့မှာလေ။ ပိုက်ဆံတွေယူပြီးပြေးရင် ကျုပ်က ဘယ်လိုက်ရှာရမှာတုန်း ”

“ ခါးကြားက ဓားမြှောင်က ဘာလုပ်ဖို့တုန်း ”

“ တော်နဲ့မဆိုင်ရင် အသာနေစမ်းပါ။ သားကို ထမင်းကျွေးထားနှင့် ”

“ အေးပါဟာ...... ”

ထဘီတိုတိုပြင်ဝတ်ကာ ဒေါသတကြီးဖြင့် အိမ်ပေါ်မှဆင်းသွားသည့် မသန်းခင်ကိုငေးကြည့်နေရုံမှတစ်ပါး

ကိုဌေးအောင်အဖို့ မည်သို့မျှမတတ်နိုင်ပေ။

***************

“ အား....အား....အား.......အား.....အား...အား..... ”

“ အီ...အီ.........အီ....... ”

“ ဟဲ့.....ထူးထူးဆန်းဆန်း ဆွမ်းစားချိန်ကြီး ကျီးတွေပြိုနေပါလား ”

“ ဟုတ်တယ် ဒေါ်လေးရေ၊ ခွေးတွေလည်း ကြောက်လန့်ပြီး တအီအီနဲ့ ပုန်းဖို့ နေရာရှာနေကြတယ် ”

“ ဘာဖြစ်တာလဲမသိဘူး။ ဟယ်..... ငှက်တွေ အများကြီး ပျံနေတယ်တော့ ”

ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် ရွာသူရွာသားများ အိမ်ပြင်သို့ထွက်ကာ အခြေအနေကို ကြည့်ရှုနေကြလေ သည်။ ထိုအချိန်မှာပင် ငလျင်လှုပ်သကဲ့သို့ မဟာပထဝီမြေကြီးတစ်ခုလုံး တုန်ခါသွားပြီး တိရစ္ဆာန်များ အထိတ် တလန့်ဖြင့် အော်ဟစ်ပြေးလွှားနေကြသလို ရွာသူရွာသားများလည်း အိမ်ပေါ်သို့ တက်ပြေးကြလေသည်။ ကောင်း ကင်ယံထက်တွင် ကျီးကန်းများအော်ဟစ်ပျံသန်းနေကြပြီး ချည်တိုင်မှနွားများလည်း အတင်းရုန်းကန် အော်ဟစ် နေကြသည်။

“ ဘုရား....ဘုရား....ကယ်တော်မူပါ ”

“ မခင်ရီ....မခင်ရီ...။ ဘာဖြစ်တာလဲဟ ”

“ မသိဘူး ကိုကျော်ရှိန်။ ကျီးကန်းတွေဆိုတာ ကောင်းကင်မှာနည်းတာမှမဟုတ်တာ ”

“ တော်လဲပြီး ကျီးပြိုရင် တစ်ခုခုဖြစ်တတ်တယ် မခင်ရီ။ အိမ်ပေါ်မြန်မြန်တက် ”

“ မတက်သေးဘူး ကိုကျော်ရှိန်။ ကျုပ်အတွက် မစိုးရိမ်နဲ့။ သန်းခင်နဲ့ မြေးလေးတို့ ကြောက်နေရှာတော့မယ်။ ကျုပ်သွားလိုက်ဦးမယ် ”

“ ဟဲ့....ခင်ရီ...ခင်ရီ....။ မသွားနဲ့လေ ”

ဦးကျော်ရှိန် အော်ဟစ်တားမြစ်နေသည့်ကြားမှ ဒေါ်ခင်ရီတစ်ယောက် သမီးဇော မြေးဇောဖြင့် တဘက် အနွမ်းလေးကို ခေါင်းပေါ်တင်ပြီး ရွာလယ်လမ်းပေါ်တွင် ပြေးလွှားနေလေပြီ။

***************

ကောင်းကင်ထက်တွင် ကျီးများ အုပ်စုဖွဲ့ကာ အော်ဟစ်ပျံသန်းနေသည်ကိုကြည့်ပြီး မသန်းခင်၏ ခြေ လှမ်းများတုံ့ကနဲဖြစ်သွားသည်။ ထိုအချိန်မှာပင် တော်လဲသံနှင့်အတူ မဟာပထဝီမြေကြီးတုန်ခါသွားပြီး ဦး ခေါင်းနှင့် ခန္တာကိုယ်အား ကျဉ်စက်နှင့်တို့လိုက်သလိုဖြစ်ပြီး အကြောများဆိုင်းငံ့သွားသလိုခံစားလိုက်ရသည်။

ရွာလယ်လမ်းအတိုင်းသွားပါက ကြာမည်စိုးသဖြင့် ရွာအရှေ့ဘက် ယာခင်းထဲမှဖြတ်သွားခဲ့စဉ် ယခုလို ကြုံတွေ့လိုက်ရသဖြင့် မသန်းခင် ထိတ်လန့်သွားမိသည်။ တော်လဲသံနှင့် ငလျင်လှုပ်ခတ်ခြင်းများ ငြိမ် သက် သွားသဖြင့် မိခင်ထံသို့သွားရန်ခြေလှမ်းပြင်လိုက်သော်လည်း ခြေထောက်များက လှုပ်၍မရတော့ပေ။ အထိတ် တလန့်ဖြင့် ခြေထောက်နှစ်ဖက်စလုံးကို အားစိုက်ပြီး ရုန်းသော်လည်း ခြေထောက်များက အင်္ဂတေကိုင်ထား သကဲ့သို့ တုပ်တုပ်မျှပင် မလှုပ်တော့ပေ။ ထိုအခါမှ မသန်းခင်တစ်ယောက် မိမိ၏အမှားကို စတင်မြင် တွေ့လာခဲ့ လေတော့သည်။

ထိုအချိန်မှာပင် ခြေဖဝါးနှစ်ဖက်စလုံး မီးစနှင့်ထိုးခံရသကဲ့သို့ ပူလောင်လာပြီး ခြေချထားသည့်နေရာတစ် ဝိုက်တွင် မီးဟုန်းဟုန်းတောက်နေသည်ကို ထိတ်လန့်တကြားမြင်တွေ့လိုက်ရတော့သည်။ ခန္တာကိုယ်တစ်ခုလုံး မီးအုံးထားသကဲ့သို့ပြင်းထန်စွာပူလောင်နေလေပြီ။ ငရဲကို လက်တွေ့ကြုံကြိုက်လိုက်သည့်အခါမှာတော့ မသန်း ခင်တစ်ယောက် ရှိုက်ကြီးတငင်ငိုကြွေးကာ မိခင်ကြီးကို အော်ဟစ်တမ်းတမိလေတော့သည်။

“ အစ်မရေ.......ကျုပ်မှားပါပြီ...။ ကျုပ်ကို ခွင့်လွှတ်ပါအစ်မရေ။ ဟီး......အစ်မရေ...သမီးမိုက်ကို ကယ်ပါဦး အစ်မရဲ့။ကယ်ကြပါဦးတော်.......ပူလိုက်တာ......။ အစ်မရေ......ကျုပ်ကို ကယ်ပါဦး။ ဟီး......ကျုပ်မှားပါပြီ အစ်မရဲ့။ ကျုပ်ကိုခွင့်လွှတ်ပေးပါ။ အစ်မရေ.......အစ်မ..... ။ ကျုပ်ကို မီးတွေဝိုင်းထားပြီတော့။ ကျုပ်ကိုကယ်ပါ ဦး အစ်မရေ.....”

***************

သမီးနှင့် မြေးဇောကြောင့် ပြေးလွှားနေရသဖြင့် ဒေါ်ခင်ရီ၏ရင်ဘတ်တစ်ခုလုံး ဖားဖိုကဲ့သို့ ဖြစ်နေလေ သည်။ မသန်းခင်၏ အိမ်နားသို့ရောက်ခါနီးတွင် ဒေါ်ခင်ရီ၏နားထဲ၌ မသန်းခင်၏ အော်ဟစ်ငိုယိုပြီး အကူအညီ တောင်းသည့်အသံကို ကြားလိုက်ရသဖြင့် ရပ်ပြီး နားစွင့်လိုက်သည်။ ထိုအချိန်မှာပင် ဒေါ်ခင်ရီ၏ ဝမ်းဗိုက်အ တွင်းမှ တလိမ့်လိမ့်ဖြင့် လှိုက်တက်ပြီး နာကျဉ်သလို ခံစားလိုက်ရသည်။ ထိုခံစားမှုမျိုးကို သမီးဖြစ်သူ မသန်း ခင်ကို မီးဖွားစဉ်အချိန်က ကြုံတွေ့ခဲ့ရသည့် ခံစားချက်မျိုးမှန်းသိလိုက်သဖြင့် ဒေါ်ခင်ရီ၏ရင်ထဲတွင် သမီးဖြစ်သူ မသန်းခင်အတွက် စိုးရိမ်ပုပန်မှုများ ဒီရေကဲ့သို့ တရိပ်ရိပ် တက်လာခဲ့လေတော့သည်။

“ အစ်မရေ.....အစ်မ....။ ကျုပ်ကို ကယ်ပါဦး။ ကျုပ် တစ်ကိုယ်လုံးပူနေပါပြီတော့် ”

“ သန်း......သန်းခင်.....သ...သမီး.... သ..သမီးလေး.... ”

“ ကျုပ်မိုက်မဲခဲ့သမျှ ခွင့်လွှတ်ပေးပါ အစ်မရေ.....အစ်မရဲ့ ”

“ ခွင့်...ခွင့်လွှတ်ပါတယ် သ...သမီးရယ်.....သ..သမီးလေး အခု ဘယ်မှာလဲ ”

“ ရွာအရှေ့က အစ်မရဲ့ ယာခင်းထဲမှာပါ။ ကယ်တော်မူကြပါ....။ ပူလိုက်တာတော့်......အစ်မရေ...အစ်မ...ကျုပ်ကို

ခွင့်လွှတ်တယ်လို့ ပြောပေးပါ။ ကျုပ် ကန်တော့ပြီး တောင်းပန်ပါတယ် အစ်မရေ ”

“ လာ....လာပြီ...သမီး...။ သ...သမီး ဘာ...ဘာမှ မဖြစ်စေရဘူး။ ခွင့်လွှတ်ပါတယ် သမီးရယ်......။ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တို့က တပည့်တော်မရဲ့ သမီး မသန်းခင်ကို ကူညီစောင့်ရှောက်တော်မူကြပါ ”

တစ်ယောက်တည်း စကားပြောကာ ရွာလယ်လမ်းမှနေ၍ ရွာအရှေ့ဘက်ရှိ ယာခင်းများဆီသို့ အပြေးသွာ နေ သည့်ဒေါ်ခင်ရီကို မြင်တွေ့လိုက်ရသည့် ရွာသူရွာသားများကလည်း စိုးရိမ်တကြီးဖြင့် ဒေါ်ခင်ရီ၏အနောက်မှ အ ပြေးအလွှားလိုက်လာကြသည်။

“ သန်းခင်.......သ...သမီးလေး...။ အစ်...အစ်မလာပြီနော် ”

ရွာအရှေ့ဘက်ရှိ ဦးကျော်ရှိန်နှင့် ဒေါ်ခင်ရီတို့ပိုင်ဆိုင်သည့် ယာခင်းသို့ရောက်သည့်အခါ ယာခင်းအလယ်တွင် ထီးထီးမားမားရပ်ပြီး ငိုယိုအော်ဟစ်နေသည့် မသန်းခင်ကို မြင်တွေ့လိုက်ရလေတော့သည်။

“ သန်း...သန်းခင်......သ...သမီးလေး.... ”

ဒေါ်ခင်ရီက မသန်းခင်ရှိရာသို့ အားတက်သရောပြေးသွားသည့်အခါ မသန်းခင်နှင့် ခြေလှမ်းဆယ်လှမ်း အ ကွာအဝေးအရောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ အလွန်ပူနေသဖြင့် မသန်းခင်ရှိရာသို့ သွား၍ မ ရတော့ပေ။ ထိုအချိန်မှာပင် ရွာသူရွာသားများလည်း ရောက်လာကြပြီး မသန်းခင်ကို ကယ်တင်ဖို့ ကြိုးစားကြ လေသည်။ သို့သော်လည်း မသန်းခင်အနီးသို့သွား၍မရလောက်အောင် အလွန်ပူပြင်းလှသဖြင့် ရွာသားအချို့က မသန်းခင်ထံသို့ ကြိုးများပစ်ပေးပြီး ကူညီကြပြန်သည်။ သို့ပါသော်လည်း မသန်းခင်ထံသို့ ပစ်ပေးလိုက်သည့်ကြိုး များအားလုံး မီးလောင်ပြီး ပြာအတိဖြစ်ကုန်သဖြင့် ရွာသူရွာသားအပေါင်း အထိတ်တလန့်ဖြစ်သွားကြလေသည်။ မီးတောက်မမြင်ရပါဘဲ မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ဖြစ်နေသဖြင့် မသန်းခင်တစ်ယောက် ငရဲကျပြီဖြစ် ကြောင်း သဘောပေါက်သွားကြပြီး သနားဂရုဏာ သက်နေကြလေသည်။

“ ဆရာတော်ကို သွားပင့်ကြပါဦးဟ ”

“ မသန်းခင်....အားမငယ်နဲ့နော်။ ဆရာတော်ကြွလာပြီး နင့်ကို ကယ်လိမ့်မယ် ”

“ အစ်မ...အစ်မရေ....။ ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ် ပူလွန်းလှပြီ ”

“ ခွင့်....ခွင့်လွှတ်ပါတယ် သမီးရယ်....ဟီး.....၊ ဟီး...... ”

“ ရေ......ရေဆာတယ်.....ရေ...ရေပေးကြပါ ”

“ ရေမြန်မြန်ခပ်ပေးကြပါဟေ့ ”

ရွာသူရွာသားများက ရေမှုတ်ကို ဝါးတံထိပ်တွင်တပ်ပြီး မသန်းခင်ကို လှမ်းပေးသော်လည်း မသန်းခင်ဆီ သို့ရောက်ခါနီးတွင် ရေမှုတ်နှင့် ဝါးတံများ မီးလောင်ကျွမ်းသွားလေသည်။ ရွာသားအချို့က အရဲစွန့်ပြီး သောက်ရေ အိုးကို မြေပေါ်ချ၍တွန်းလှိမ့်ပြီး ပေးသော်လည်း အပူရှိန်ကြောင့် သောက်ရေအိုး ဟက်တက်ကွဲကာ မြေပေါ်ကျ သည့်ရေများ တမဟုတ်ချင်း အငွေ့ပျံသွားပြန်သည်။

မကြာမီ ဆရာတော်ဦးဆောင်သည့် သံဃာတော်များနှင့်အတူ ကိုဌေးအောင်တို့ သားအဖလည်း ရောက်လာ ခဲ့သည်။

“ အရှင်ဘုရား...တပည့်တော်မရဲ့ သမီးကို ကယ်တော်မူပါဦးဘုရား ”

ဆရာတော်ကြီးက မသန်းခင်ကို သနားဂရုဏာသက်သည့် မျက်လုံးများဖြင့်ကြည့်ပြီး ခေါင်းကို တွင်တွင် ယမ်းလိုက်လေသည်။

“ တပည့်တော်မရဲ့ သမီးကို ကယ်တော်မူပါဘုရား...ဟီး......ကယ်ပေးပါဦးဘုရား ”

“ ဒကာမကြီး ဒေါ်ခင်ရီ။ အခုအချိန်မှာ မြတ်စွာဘုရားသခင်ကြွလာပြီး ကယ်တင်မယ်ဆိုရင်တောင် ကယ်တင်လို့မ ရတော့ဘူး ”

“ ဟီး........သမီးရေ.....သမီးကို အစ်မ ခွင့်လွှတ်ပါတယ်တော့် ”

“ အစ်မရေ......အစ်......အစ်မ...... ”

“ ဒကာမလေး....။ နောက်ဆုံးအနေနဲ့ အမိအဖကို ရည်မှန်းပြီး လက်အုပ်ချီတောင်းပန်လိုက်ပါ ”

ဆရာတော်ကြီးမိန့်ကြားသည့်အတိုင်း မသန်းခင်က မျက်စိစုံမှတ်ကာ လက်အုပ်ချီပြီး ကန်တော့လိုက်လေ သည်။

“ ခွင့်လွှတ်ပါတယ် သမီးလေးရဲ့....ဟီး....... ”

“ အဲဒီမှာ ကြည့်ထားကြ။ မိဘကို ကံသုံးပါးနဲ့ ပစ်မှားမိလို့ လက်ငင်း ငရဲကျနေပြီ။ ကိုင်း......ပြန်ကြ...ပြန်ကြ။ ဒကာကြီး ဦးထိန်၊ ခင်ဗျားရဲ့ ရွာသူရွာသားတွေကို အိမ်ပြန်ခိုင်းတော့။ ဒကာဌေးအောင်လည်း ကလေးခေါ်ပြီးပြန် ပေတော့။ ကျုပ်နဲ့ သံဃာနှစ်ပါးပဲ ကျန်ရစ်မယ်။ ဒကာမကြီး ဒေါ်ခင်ရီကိုလည်း ခေါ်သွားကြတော့ ”

“ တပည့်တော်မ မသွားနိုင်ဘူး အရှင်ဘုရား။ မသွားပါရစေနဲ့.....ဟီး..... ”

“ ကိုင်း.....ဒါဆိုလည်း ဒကာမကြီး ဒေါ်ခင်ရီနဲ့ ကျုပ်တို့ကျန်ရစ်ခဲ့ကြမယ်။ အကုန်လုံး ပြန်ကြတော့ ”

သီလ သမာဓိနှင့်ပြည့်စုံပြီး သြဇာတိက္ကမကြီးမားသည့် ဆရာတော်ကြီး၏အမိန့်ကြောင့် တစ်ရွာလုံးပြန် သွားကြလေသည်။ ရုန်းကန်အော်ဟစ်နေသည့် မသန်းခင်ထံမှ စကားသံထွက်မလာတော့ပေမယ့် မျက်လုံးများက ပြူးကျယ်ပြီး ထိတ်လန့်ကြောက်ရွံ့နေကြောင်း ဖော်ပြနေကြသည်။ ဆရာတော်ကြီးနှင့် သံဃာနှစ်ပါးက မေတ္တာ သုတ်တော်ကို ကြည်လင်ပြတ်သားစွာ ရွတ်ဆိုနေကြသည်။

ကောင်းကင်ယံထက်တွင် အုပ်စုဖွဲ့ပျံသန်းနေကြသည့် ကျီးကန်းများလည်း ပျောက်ချင်းမလှပျောက်ကွယ် သွားကြလေပြီ။ ဒေါ်ခင်ရီကလည်း တတ်သမျှမှတ်သမျှ တရားတော်များကို ရွတ်ဖတ်ကာ သမီးဖြစ်သူ မသန်းခင် အား မေတ္တာပို့ပေးနေသည်။ ထိုအချိန်မှာပင် မသန်းခင်၏ အော်ဟစ်ညည်းတွားသံကိုကြားလိုက်ရပြီး ပုံလျက် သားလဲကျသွားလေတော့သည်။

“ ပူလိုက်တာတော့်......။ ကယ်ကြပါဦး......ပူလိုက်တာ........အား.......အစ်မရေ......အစ်မရဲ့..... ”

“ သမီးရေ......သမီး...... ”

သမီးဖြစ်သူ မသန်းခင်၏အဖြစ်ကို မြင်လိုက်ရသည့်အခိုက် ဒေါ်ခင်ရီလည်း အော်ဟစ်ငိုကြွေးကာ သတိ လစ်သွားလေတော့သည်။

***************

“ ဘာတွေထပ်ဖြစ်သေးလဲ ဘုရား။ မသန်းခင်က ဘာဖြစ်သွားတာလဲ ဘုရား ”

“ သိလိုသမျှ ပြောပြပါ့မယ် ဒကာလေး။ ဒကာမလေး မသန်းခင်ရဲ့ အဖြစ်ကို မြင်လိုက်တော့ ဘုန်းဘုန်းတို့လည်း အတော်ကြောက်လန့်သွားခဲ့တယ်။ ဒေါ်ခင်ရီကတော့ ရွာရောက်မှ သတိပြန်လည်လာတယ်”

“ ကျွတ်.....ကျွတ်.....ကျွတ်.... ”

“ မီးတောက်မမြင်ရဘဲ မီးလောင်သလို ခံစားနေရတာ အတော်ထူးဆန်းတယ်။ ဆရာတော်ကြီးက ရွာကလူတွေ ခေါ်ဖို့ ဦးပဉ္ဇင်းတစ်ပါး လွှတ်တယ်။ ဘုန်းဘုန်းကတော့ ဆရာတော်ကြီးနဲ့အတူ ရှိနေတာပေါ့ ”

“ တင်ပါ့ ဘုရား ”

“ ခဏနေတော့ ရွာလူကြီးဥးထိန်နဲ့ ရွာသားတွေရောက်လာကြတယ်။ ဒေါ်ခင်ရီကို အမြန်သယ်ခိုင်းပြီး ဆရာ တော်ကြီးနဲ့ ဘုန်းဘုန်းတို့က ဒကာမလေး မသန်းခင် ပြာကျသွားတဲ့ နေရာကို သွားကြည့်ကြတယ် ”

“ တင်ပါ့ဘုရား ”

“ ဒကာမလေး မသန်းခင်က တစ်ကိုယ်လုံးမည်းတူးနေတယ်။ ဆံပင်တွေလည်း မရှိတော့ဘူး။ မီးတောက်မတွေ့ ရဘဲ မီးလောင်ထားသလို မည်းတူးနေတာ အတော်ထူးဆန်းတယ် ဒကာလေး။ မီးလောင်ထားတယ်ဆိုရင် ယာ ခင်းထဲက ပဲပင်တွေရော မြေကြီးမှာပါ မီးလောင်ရာရှိနေရမယ်။ ကြိုးတွေ၊ ဝါးတွေလည်း မီးလောင်ခဲ့တာပဲ။ သောက်ရေအိုးလည်း အပူရှိန်ကြောင့်ကွဲသွားခဲ့တာပဲ။ ရေအိုးကွဲသွားတော့ မြေကြီးပေါ်ကျတဲ့ရေတွေ အငွေ့ပျံ သွားတာ တွေ့ခဲ့ရတာပဲ။ ဒကာမလေးမသန်းခင်ရဲ့ကိုယ်ပေါ်က အဝတ်အစားတွေလည်း မီးကျွမ်းကုန်တာပဲ။ ဒါပေမယ့် ဘုန်းဘုန်းတို့တွေ မီးတောက်ကို မမြင်ခဲ့ရဘူး ”

“ ဟာ..... ”

“ ကိုင်း..မထူးဆန်းဘူးလား ဒကာလေး ”

“ ထူးဆန်းတာမှ ကြက်သီးတောင်ထပါတယ်ဘုရား။ တပည့်တော်မသိတာလေးရှိလို့ မေးခွင့်ပြုပါဘုရား ”

“ သိလိုရာမေးပါ ဒကာလေး။ ဘုန်းဘုန်းသိသမျှ ဖြေပါ့မယ် ”

“ ဒေါ်သန်းခင်ရဲ့အော်သံကြားတော့ ဒေါ်ခင်ရီက ဗိုက်ထဲကနေ နာတယ်လို့ပြောတယ်။ အဲဒီနာတာက မီးဖွားစဉ်က နာတဲ့အတိုင်းလို့ပြောတယ်။ ဘယ်လိုကြောင့်ပါလဲ ဘုရား ”

“ ခလုတ်ထိမှ အမိတဆိုတဲ့စကားပုံကို ကြားဖူးမှပေါ့ ဒကာလေး ”

“ ကြားဖူးပါတယ် ဘုရား ”

“ မိခင်နဲ့ သားသမီးဆိုတာ စိတ်ချင်းသာမက သွေးသားချင်းလည်း ဆက်နွယ်နေကြတယ်။ သားသမီးတွေမှာ အ သက်အန္တရာယ်နဲ့ကြုံနေရတာပဲဖြစ်ဖြစ်၊ အခြား သေဘေးနဲ့နီးနေတဲ့ အကြောင်းတစ်စုံတစ်ခုဖြစ်နေတဲ့အချိန်မှာ သားသမီးက မိခင်ကို တမ်းတလိုက်တာနဲ့ သားသမီးနဲ့မိခင်ကြားက မမြင်နိုင်တဲ့ မေတ္တာကြိုးမျှင်တစ်ခုက မိခင်ကို တစ်နည်းနည်းနဲ့ အသိပေးတယ်။ မိခင်နဲ့ သားသမီးဆိုတာ သန္ဓေသားဘဝကတည်းက ချက်ကြိုးနဲ့ ဆက်သွယ် ထားကြတယ်ဆိုတာ ဒကာလေးလည်း သိမှာပေါ့ ”

“ သိပါတယ် ဘုရား ”

“ အဲဒီချက်ကြိုးက မိခင်နဲ့ သားသမီးကြားက မေတ္တာကြိုးမျှင်ပေါ့ကွယ် ”

“ တင်ပါ့ဘုရား ”

“ ဒါကြောင့်လည်း ဒကာမလေး မသန်းခင် ငရဲကျနေတဲ့အချိန်မှာ အော်ဟစ်အကူအညီတောင်းနေသံကို မိခင်ဖြစ် တဲ့ ဒေါ်ခင်ရီက စိတ်ထဲကနေ ကြားနေရတာပေါ့ ”

“ ဆန်းကြယ်လိုက်တာ ဘုရား ”

“ ဆန်းကြယ်တာမှ အတော့်ကို ဆန်းကြယ်ပါတယ် ဒကာလေး။ မိခင်ကို ဝစီနဲ့တင် စော်ကားပစ်မှားရုံနဲ့ အားမရ ဘဲ ကာယကံနဲ့ပါ ပစ်မှားလေတော့ ငရဲကျပြီပေါ့ဗျာ။ ဘုန်းဘုန်းလည်း ငရဲဆိုတာ သေမှမဟုတ်ဘဲ အရှင်လတ် လတ်လည်း ငရဲကျတတ်တယ်ဆိုတာ လက်တွေ့မြင်ခဲ့ရတယ် ”

“ ကြောက်စရာကောင်းလိုက်တာဘုရား။ တပည့်တော် ကြက်သီးတွေတောင်ထနေပါပြီ ”

“ ရတနာသုံးပါးနဲ့ အမိအဖ၊ ဆရာသမားတွေကို ဘယ်တော့မှ မပြစ်မှားမိစေနဲ့။ ဒကာမလေး မသန်းခင်က ကိုယ် ထိလက်ရောက်ပြစ်မှားရုံတင်မကဘူး၊ မွေးသမိခင် ကျေးဇူးရှင်ကြီးကို သွေးစိမ်းရှင်ရှင်ကျစေခဲ့တာကြောင့် အရှင် လတ်လတ် ငရဲကျခဲ့ရတာပေါ့ ဒကာလေး ”

“ တင်ပါ့ဘုရား

“ တင်ပါ့ဘုရား။ တပည့်တော် ရေးဖြစ်အောင်ရေးပါ့မယ်ဘုရား ”

“ သာဓု...သာဓု.....သာဓုပါဗျာ။ အဲဒီလိုရေးမှ ဒကာလေးလည်း ဓမ္မဒါနဖြန့်ဝေသူအဖြစ်နဲ့ ကုသိုလ်ရပါလိမ့်မယ် ”

“ တင်ပါ့ဘုရား။ တပည့်တော် ရေးဖြစ်အောင်ရေးမယ် ”

“ နေဦးဒကာလေး။ ဘုန်းဘုန်းပြောတာ မပြီးသေးဘူး။ ဇာတ်လမ်းက အခုမှစမှာ ”

“ ဗျာ....အဲ....တင်ပါ့ ဘုရား ”

“ ဒီလို ဒကာလေးရေ...... ”

***************

မနက်မိုးသောက် အလင်းရောက်သည်နှင့် မသန်းခင် ငရဲကျပြီး မီးလောင်ခဲ့သည့်နေရာသို့ ရွာလုံးကျွတ် လာရောက်ကြည့်ရှုကြသည်။ မသန်းခင်၏အကြောင်းကို အမျိုးမျိုးဝေဖန်သုံးသပ်ကြသည်။ ယုံကြည်သူများ လည်းရှိသလို မယုံကြည်ကြသူများလည်းရှိကြသည်။ ဒေါ်ခင်ရီလည်း သမီး၏ဖြစ်အင်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ သဖြင့် သည်းခြေပျက်မတတ်ဖြစ်ကာ အိပ်ရာထဲတွင် ဘုံးဘုံးလဲနေလေပြီ။

မသန်းခင်အား သြင်္ဂိုဟ်ပြီး နောက်တစ်ရက်တွင် ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ခုက ဒေါ်ခင် ရီတို့တစ်ရွာလုံးကို ခြောက်ခြားစေခဲ့သည်။ ထိုခြောက်ခြားစရာကို ပထမဆုံး ကြုံတွေ့ခဲ့သူသည်ကား ရွာလူကြီး ဦးထိန်၏ သားဖြစ်သူ ကိုတင်ဖေဖြစ်ပေသည်။

“ ရုန်းလိုက်စမ်းကွ ဖေ့သားတွေရ။ တောက်.......ဟမ်း.... ”

“ အဘ.....။ လှည်းက ထင်းအပြည့်ဆိုတော့ နွားတွေ မနည်းရုန်းနေရတာ သနားပါတယ်ဗျာ။ သိပ်လည်း မ ငေါက်ပါနဲ့ ”

နေဝင်ရီတရောအချိန်၌ ထင်းအပြည့်တိုက်လာသည့် လှည်းတစ်စီးသည် မသန်းခင်တို့နေထိုင်သည့် ရွာ ထိပ်သို့ ရောက်လာခဲ့သည်။ ထိုလှည်းပေါ်တွင် ဦးထိန်နှင့် သားဖြစ်သူ ကိုတင်ဖေတို့ လိုက်ပါလာကြသည်။ ဦး ထိန်၏ နွားငေါက်သံက ရွာထဲကပင် ကြားနိုင်လောက်အောင်အသံသြဇာပြည့်ဝနေသည်။

“ ဖရူး.....ဖူး........ဘွဲ...... ”

“ ဘွဲ....... ”

“ တောက်....ဟမ်း...။ ဘာဖြစ်နေတာလဲ....ရုန်းလိုက်စမ်းပါကွ ”

“ အဘ.....နွားတွေ ဘာဖြစ်သလဲ မသိဘူး။ တစ်ခုခုမြင်လို့ လန့်နေပုံပဲ ”

“ အေးကွ....။ ခြေစုံကန်ပြီး ရှေ့ဆက်မတက်တော့ဘူး။ အောက်ဆင်းကြည့်စမ်းကွာ။ သတိလည်းထားဦး။ အ ကောင်ပလောင်တွေ့လို့ ရုန်းနေတာဖြစ်မယ် ”

“ ဟုတ်ကဲ့ အဘ ”

ကိုတင်ဖေက လှည်းပေါ်မှဆင်းပြီး မြေပြင်ကို အသေအချာကြည့်သော်လည်း အကောင်ပလောင်ဟူ၍ ကြွက် တစ်ကောင်တစ်လေပင် မတွေ့ပေ။

“ ဘာမှမရှိဘူး အဘ ”

“ တောက်.....ရုန်းလိုက်စမ်းပါကွ။ ဟေ့...တောက် ”

ကြိမ်တို့ပြီး ငေါက်သော်လည်း ရှေ့ဆက်မတိုးသည့်အပြင် နောက်ပြန်လှည့်ရန်ကြိုးစားနေသဖြင့် ဦးထိန်နှင့် ကိုတင်ဖေတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် နွားနှစ်ကောင်စလုံး အတင်း ရုန်းကာ နောက်ပြန်လှည့်ပြေးသဖြင့် လှည်းမှောက်လေတော့သည်။

“ လုပျကွပါဦးဟ....... ”

မှောက်လုနီးပါးဖြစ်နေသည့် လှည်းပေါ်မှ ဦးထိန် ခုန်ဆင်းလိုက်သည့်အခါ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် တွင်မှောက်လျက်လဲကျသွားလေသည်။

“ ဝုန်း........ ”

“ အဘ.....အဘ...သတိထား.... ”

ကိုတင်ဖေ အော်ဟစ်သတိပေးလိုက်သဖြင့် ဦးထိန်က ကိုယ်ကိုလှိမ့်ကာ ရှောင်တိမ်းလိုက်သောကြောင့် အ သက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ လှည်းတိမ်းမှောက်စဉ် နွားနှစ်ကောင်အနက် တစ်ကောင်က လှည်းထမ်းပိုး မှလွတ်မြောက်ထွက်ပြေးသွားပြီး ကျန်သည့်နွားတစ်ကောင်က လှည်းနှင့်အတူပစ်လဲကာ ဒဏ်ရာရသွားလေသည်။

“ ဘယ်လိုဖြစ်တာလဲကွာ ”

“ ကျုပ်လည်း မပြောတတ်တော့ဘူး အဘရာ။ တစ်ခါမှ မဖြစ်ဖူးပါဘူး ”

“ ငါလည်း စဉ်းစားမရဘူးကွာ။ ဘာများတွေ့လို့ အဲဒီလောက်တောင်ဖြစ်သွားရတာလဲ ”

“ စဉ်းစားမနေနဲ့အဘရေ။ လှည်းပေါ်က ထင်းစည်းတွေကို အရင်ဆုံး အောက်ချကြရအောင်။ ပြီးတော့မှ အဘက ရွာထဲကိုအကူအညီသွားတောင်း။ ကျုပ်က ချိုကုပ်ကို လိုက်ရှာမယ် ”

“ အေး...ထင်းစည်းတွေ အရင်ဆုံးချမှဖြစ်မယ်။ ဝင်ရိုးလည်းကျိုးသွားပြီကွ။ ဟိုကောင်ကြီးတော့ မထနိုင်တော့ ဘူး။ ပေါင်ကျိုးသွားပြီနဲ့တူတယ် ”

“ နောက်မှကြည့်ကြမယ်အဘ။ မမှောင်ခင် လုပ်စရာရှိတာ လုပ်ကြရအောင် ”

“ အေး...အေး.. ”

ဦးထိန်တို့ သားအဖနှစ်ယောက် တုံးလုံးလဲနေသည့် လှည်းပေါ်မှ ထင်းများကို သယ်ချပြီးနောက် ဦးထိန်က ရွာဘက်သို့လျှောက်သွားပြီး ကိုတင်ဖေက ထွက်ပြေးသွားသည့် နွားကိုရှာဖွေရန် အသီးသီး ထွက်သွားကြလေ သည်။ ကိုတင်ဖေကရွာပြင်သို့ထွက်လာခဲ့ပြီး ချိုကုပ်ကို ရှာဖွေနေစဉ် ဆူးခြံများအကွယ်မှ အမျိုးသမီးတစ်ဦး၏ ရှိုက်ငိုသံကို ကြားလိုက်ရသဖြင့်အသံကို နားစိုက်ထောင်လိုက်သည်။

“ ဟီး.....ဟင့်...ဟင့်......ဟီး....၊ အစ်မရေ.......အစ်မ။ ကျုပ်ကို ကယ်ပါဦး ”

အမျိုးသမီးတစ်ယောက် အကူအညီတောင်းသံကြားလိုက်သဖြင့် အသံလာရာ ဆူးခြုံများအနောက်သို့ အမြန် ပြေးကာ ကြည့်လိုက်စဉ် ကိုတင်ဖေ၏ခြေလှမ်းများ တုန့်ကနဲ့ ရပ်တန့်သွားပြီး သတ္တဝါကြီးကို အသေအချာကြည့် နေလေသည်။

“ ကယ်ကြပါဦး...... ”

သတ္တဝါကြီးထံမှ ပီသသည့် အသံထွက်လာသဖြင့် ကိုတင်ဖေလည်း ကြောက်အားလန့်အားဖြင့် ရွာဘက်သို့ ပြန်လှည့်ပြေးလေတော့သည်။

**************

“ ဟုတ်လို့လား တင်ဖေရာ... ”

“ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာကွ ”

“ ဒါဆို သန်းခင်များဖြစ်နေမလား ”

“ ဒါတော့ ငါလည်း မပြောတတ်ဘူး။ ခေါင်းက ထန်းသီးလုံးလောက်ပဲရှိတယ်။ ကိုယ်လုံးကတော့ ပုပ်လောက်နီး နီးကွ။ တစ်ကိုယ်လုံး ပြောင်ချောနေတာ။ ခြေတွေလက်တွေလည်းမပါဘူး။ ဘာကောင်ကြီးမှန်းမသိလို့ကြည့်နေ တုန်း ကယ်ကြပါဦးလို့အော်တာနဲ့ ငါလည်း ထွက်ပြေးလာတာ ”

“ မနေ့ညက အဘဦးထိန်နဲ့လိုက်သွားပြီး လှည်းနဲ့နွားကို သွားယူတုန်းက မင်းပြောတဲ့နေရာကို သွားကြည့်ကြတာ ဘာမှမရှိပါဘူး။ မင်းကို သရဲခြောက်တာပဲနေမှာ ”

“ မပြောတတ်ပါဘူးကွာ။ ငါတော့ အတော်ကြောက်သွားတယ်။ နောက်တစ်ခါ ရွာပြင်ကိုတစ်ယောက်တည်းမပြော

နဲ့၊ အဖော်ပါရင်တောင် မသွားတော့ဘူးကွာ ”

**************

မသန်းခင် ကွယ်လွန်ပြီးသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့လေပြီ။

“ အစ်မ......၊ အစ်မ.... ကျုပ်ကို ကယ်ပါဦး အစ်မရယ် ”

“ သ...သမီး......သမီး...သန်းခင် ”

ဒေါ်ခင်ရီ၏ နားထဲတွင် ကြားနေရသည့် အသံက သမီးဖြစ်သူ မသန်းခင်၏အသံဖြစ်နေသဖြင့် အိပ်နေရမှ ရုတ်တရက် ထထိုင်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။

“ မခင်ရီ......ဘာဖြစ်ရပြန်တာလဲ ”

“ သန်း.....သန်းခင်ရဲ့အသံကြားလိုက်လို့ ။ ဘယ်အချိန်ရှိပြီလဲ ကိုကျော်ရှိန် ”

“ နေ့လယ် နှစ်ချက်ထိုးလောက် ရှိရောပေါ့ ”

မနက်စာ ထမင်းစားပြီး နေ့လယ်ခင်း အနားယူအိပ်စက်နေစဉ် မသန်းခင်၏အသံကိုကြားလိုက်သဖြင့် အိပ် ပျော်နေရာမှ လန့်နိုးလာခဲ့ရလေသည်။

“ တရားမှတ်ပြီး အိပ်ပါ မခင်ရီ။ ပြီးတာလည်း ပြီးသွားပြီ ”

“ ကျုပ်နားနဲ့ ဆတ်ဆတ်ကြားလိုက်ရတာပါ ကိုကျော်ရှိန်ရယ် ”

“ စိတ်စွဲလို့ နေမှာပါဟာ။ ပြန်အိပ်လိုက်ဦး ”

“ ဟုတ်ကဲ့........ ”

“ အီ...အီ.....အီ... ”

“ ခွေးပေါက် အသံလားဟ။ တအီအီနဲ့ ”

“ ဟုတ်တယ် ကျုပ်လည်း ကြားလိုက်တယ် ”

“ အီ...အီ......အု...အု.... ”

“ အိမ်ရှေ့ကတော့်။ ကျုပ်သွားကြည့်လိုက်ဦးမယ် ”

“ ကိုယ့်ဟာကိုယ် နားနားနေနေ နေပါတော့လား မခင်ရီရယ် ”

“ နေစမ်းပါဦးတော် ”

ဒေါ်ခင်ရီက အိပ်နေရာမှ လူးလဲထကာ အိမ်ရှေ့သို့ ထွက်သွားလေသည်။

“ ကိုကျော်ရှိန်ရေ.....ခွေးပေါက်လေးတော့ ”

“ ဘယ်သူ့ခွေးလဲ မခင်ရီ ”

“ မဝင်းကြည်တို့အိမ်က ခွေးပေါက်လေး။ ခွေးတွေပေါက်တာ နှစ်လလောက်ရှိတာ့မယ်။ ကျုပ်အပေါ်ကို ခုန်တက် ပြီး လျှာနဲ့လျက်နေတယ်တော့် ”

“ အမျိူးချင်း သိလို့နေမှာပေါ့ဟ ”

“ တော့်စကားက ဘယ်လိုကြီးတုန်း။ ဒါဆို တော်လည်း ဘာဖြစ်သွားမလဲ ကိုကျော်ရှိန်။ စကားပြောတာ ဆင်ခြင် ဦး ”

“ အေးပါဟ ”

“ ခွေးပိန်မလေးတော့် ။ ပိန်လှီနေတာပဲ ကိုကျော်ရှိန်ရယ်။ ဆာနေတယ်နဲ့တူပါတယ်။ လာ...လာ...။ ညည်းကို ထမင်းကြွေးမယ်နော်။ ရှိတာနဲ့ စား ”

ဒေါ်ခင်ရီက ခွေးပိန်မလေးကို ချီပြီး အိမ်ပေါ်သို့တင်ပေးလိုက်သည်နှင့် ခွေးပိန်မလေးက ဦးကျော်ရှိန်ထံသို့ ပြေးကာခြေဖမိုးကို လျှာဖြင့် လျက်လေတော့သည်။

“ ဟဲ့...ဟဲ့.....မခင်ရီ၊ လုပ်ပါဦးဟ။ နင့်ဟာမက ငါ့ခြေဖမိုးကို လျှာနဲ့လျက်နေတယ် ”

“ အမျိုးချင်းသိလို့နေမှာပေါ့ ကိုကျော်ရှိန်ရယ် ”

“ ဟေ...... ”

“ လာ......၊ နောက်ဖေးကို လိုက်ခဲ့ ”

ဒေါ်ခင်ရီလှမ်းခေါ်လိုက်သည်နှင့် ခွေးမလေးက ဒေါ်ခင်ရီအနောက်သို့ အမြီးနန့်ကာ လိုက်သွားလေသည်။ ဒေါ်ခင်ရီက ခွေးမလေးအတွက် ထမင်းနှင့်ဟင်းကို ကျကျနန နယ်ဖတ်ပြီး ကျွေးမွေးသော်လည်း ခွေးမလေးက အ စာမစားဘဲ ဒေါ်ခင်ရီကိုသာ မော့ကြည့်နေလေသည်။

“ စားလေအေ......။ ညည်း ထမင်းမစားလို့ ပိန်လှီနေပြီ။ အခု မစားချင်လည်း ဆာမှစား ”

ဒေါ်ခင်ရီက ခွေးမလေးကို အိမ်နောက်ဖေးတွင်ထားခဲ့ပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။

“ မဝင်းကြည်ရဲ့ ခွေးက ဘယ်လိုလုပ်ပြီး တို့အိမ်ရှေ့ကို ရောက်လာရတာလဲ ”

“ ကျုပ်လည်း ဘယ်သိမလဲတော်။ အစာငတ်လို့ အစာရှာရင်း ကျုပ်တို့ဆီရောက်လာတာနေမှာပေါ့ ”

“ နင်ပြောတာ ဖြစ်နိုင်တယ်။ ခုနက တအီအီနဲ့အော်နေတာက အစာလာတောင်းတာဖြစ်နိုင်တယ်။ အခု စားနေပြီ လား ”

“ ကျုပ်လည်း ကျကျနန နယ်ဖတ်ပြီး ကျွေးတာပဲ။ ကျုပ်ကျွေးတာကို မစားဘဲ အင်တင်တင်လုပ်နေတယ် ”

“ လူရှိနေလို့ နေမှာပေါ့ဟာ။ သွားကြည့်လိုက်ပါဦး မခင်ရီရယ် ”

“ အင်း...။ ကျုပ်သွားကြည့်လိုက်ဦးမယ် ”

ဦးကျော်ရှိန်နှင့် စကားပြောနေရာမှ အိမ်နောက်ဖေးသို့ ပြန်ဝင်သွားသည့် ဒေါ်ခင်ရီတစ်ယောက် နောက်ဖေး သို့အရောက်တွင် တအံ့တသြဖြင့် ရေရွတ်လိုက်လေသည်။

“ ဟယ်......ထမင်းကျွေးထားတာကျတော့ မစားဘူး။ ချေးကျတော့ အားရပါးရစားနေပါလား။ သွား.ရှုး... ရှုး....”

“ ဘာဖြစ်လို့လဲ မခင်ရီ ”

“ ဘာဖြစ်ရမလဲတော်..။ ကျုပ်ကျွေးထားတဲ့ထမင်းကျတော့ မစားဘဲ တော့်ဟိုဒင်းတွေကို အားရပါးရစားနေလို့ ”

“ ဟေ....၊ မနက်က အခင်းကြီးသွားထားတာ မသွန်ရသေးဘူးလား ”

“ ကျုပ် မေ့နေတာ။ ဟဲ့......ရှုး......ရှုး....။ ခွေးနေရာ ခွေးပဲနေတော့။ သွား...... ”

ခွေးပိန်မလေးက ဒေါ်ခင်ရီကို တစ်ချက်ကြည့်ပြီး အိမ်နောက်ဖေးမှ ခုန်ချကာ ပြေးလေတော့သည်။

“ ခွေးပဲကွာ.....။ နင်က သွန်စရာရှိတာ သွန်မှမထားတာ ”

“ ကျုပ်မေ့နေလို့ပါဆို ”

“ ကိန်....ကိန်.....ကိန်.........အီ...အီ....ကိန်.....ကိန်..... ”

“ ဟဲ့...မခင်ရီ.....အခုအော်နေတာ ခုနက ခွေးမလေးရဲ့ အသံမဟုတ်လား ”

“ ဟုတ်တယ်။ ဘာဖြစ်ပြန်လဲ မသိဘူး ”

ဒေါ်ခင်ရီက အိမ်အောက်သို့ဆင်းပြီး ခွေးပိန်မ၏ အသံကြားရာကို နားစွင့်လိုက်သည်။

“ ဘာဖြစ်လို့လဲဟေ့ ”

“ ကျုပ်တို့ ခြံထဲက မဟုတ်ဘူး။ ဟိုဘက်ခြံက အော်နေတာ။ ကြည့်ရတာ ကြောက်ကြောက်လန့်လန့်နဲ့ ဟိုဘက်ခြံ ထဲဝင်ပြေးတယ်နဲ့တူတယ် ”

“ ခေါင်းရင်းခြံလား မခင်ရီ ”

“ မဟုတ်ဘူး မစောတင်တို့ဆီက ”

“ သြော်...... ”

“ ဖိုးခွေးရေ.....ဖိုးခွေး.....။ ဒီကို လာပါဦးဟဲ့......ခွေးလေး မီးဖိုထဲမှာ မီးလောင်နေလို့ ”

တစ်ဖက်ခြံဝိုင်းမှ အော်ဟစ်လိုက်သံကြောင့် ဒေါ်ခင်ရီ ရင်ထိတ်သွားလေသည်။ ခွေးမလေးသာ တစ်စုံတစ်ခု ဖြစ်ပါကမိမိအပြစ်မကင်းဟု တွေးမိပြီး ဒေါ်စောတင်တို့ ခြံဝိုင်းသို့ အပြေးအလွှား သွားကြည့်လေသည်။

“ ဟယ်......... ”

ထင်းမီးဖိုထဲမှ မီးတောက်ကြားထဲတွင် မီးလောင်ပြီး သေဆုံးနေသည့် ခွေးမလေးကို ကြည့်ပြီး ဒေါ်ခင်ရီ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။

“ ဘယ်....ဘယ်လိုဖြစ်တာလဲ မ...မစောတင် ”

“ ကျုပ်လည်း ရေနွေးအိုးတည်ထားခဲ့ပြီး အဝတ်သွားလျှော်နေတုန်း ခွေးအော်သံကြားလို့ ပြေးလာကြည့်တာ ဒေါ်ခင်ရီရေ။ ဒီရောက်တဲ့အခါမှ ရေနွေးအိုးမှောက်နေပြီး ခွေးလေးက မီးပုံထဲရောက်နေတာတွေ့လို့ ဖိုးခွေးကို လှမ်းခေါ်ရတာ ”

“ သနားပါတယ် ”

“ ဟုတ်တယ် ဒေါ်ခင်ရီ။ ကျုပ်လည်း တုတ်နဲ့ထိုးပြီး ဖယ်တာပဲ။ တုတ်သာမီးစွဲသွားတယ်၊ ခွေးလေးကို ဘယ်လိုမှ ကယ်မဘူး။ သူကလည်း မီးဖိုထဲက ထွက်လို့ရရဲ့သားနဲ့ မထွက်ပဲ ပေကပ်ပြီး ရပ်နေတယ် ”

“ ဟင်........... ”

ဒေါ်စောတင် ပြောပြနေသည့်စကားကို နားထောင်ရင်း သမီးဖြစ်သူ မသန်းခင်၏ အဖြစ်အပျက်တို့က မျက်လုံးထဲတွင် ပြန်ပေါ်လာလေသည်။

“ သန်း.....သန်းခင်များ ဖြစ်နေမလား ”

“ ဘာလဲ ဒေါ်ခင်ရီ ”

“ ဘာ...ဘာမှ မဟုတ်ပါဘူး မစောတင် ”

ခွေးမလေး၏ဖြစ်အင်ကို ဆက်ပြီး မကြည့်ရက်တော့သဖြင့် အိမ်သို့ပြန်လာခဲ့သည့် ဒေါ်ခင်ရီ၏ ပါးပြင် ပေါ်တွင် မျက်ရည်တို့က ယီးလေးခိုနေကြသည်။

**************

“ အဲဒီနေ့ညက ဒေါ်ခင်ရီကို အိပ်မက်ပေးတယ် ဒကာလေး ”

“ ဘယ်သူက အိပ်မက်ပေးတာလဲဘုရား ”

“ ဒကာမလေး မသန်းခင်လေ ”

“ တင်ပါ့ဘုရား ”

“ အဲဒီခွေးမလေးက သူဆိုတဲ့အကြောင်းနဲ့ နောက်ထပ်ပြီး ဝဋ္ဋ်တွေထပ်ခံရဦးမယ် ဆိုတဲ့အကြောင်းရယ်၊ အဲဒီဝဋ် ကြွေးတွေ ပေးဆပ်ပြီးရင် ငရဲကျရတော့မယ်ဆိုတဲ့အကြောင်းတွေကို အိပ်မက်ပေးတယ် ”

“ တင်ပါ့ဘုရား။ ဒါဆို မသန်းခင်က သူပြုခဲ့တဲ့ ဝဋ္ဋ်ကြွေးတွေကို အရင်ဆုံးဆပ်ရတာပေါ့နော် ”

“ ဟုတ်တယ် ဒကာလေး။ ချက်ချင်းလက်ငင်း ငရဲကိုမရောက်သေးဘဲ ပေးဆပ်ရမယ့်ဝဋ်တွေကို အရင်ဆုံး ပေး ဆပ်နေရတာပေါ့။ ဝဋ်ကြွေးရှိရင် အရဟတ္တဖိုလ်ပြီးမြောက်တဲ့ ရဟန္တာကိုမပြောလေနဲ့ ဘုရားရှင်တောင်မှ ပေးဆပ် ရသေးတယ်။ ငရဲမှာအဖန်ဖန်မခံစားရခင် ပြိတ္တာဘဝနဲ့ အရင်ဆုံး ပေးဆပ်ရတဲ့သဘောပေါ့ ဒကာလေး ”

“ ကြောက်စရာကောင်းလိုက်တာ ဘုရား။ ဒေါ်သန်းခင်က ဘယ်လိုဘဝတွေ ဆက်ဖြစ်ခဲ့သေးလဲ ဘုရား ”

“ အခြားဘဝတွေတော့ ဘုန်းဘုန်းလည်း မသိဘူး ဒကာလေး။ ဆရာတော်ကြီးပြောတာတော့ ကြားမိတယ် ”

“ ဘယ်လို ပြောသလဲ ဘုရား ”

“ ဒကာမလေး မသန်းခင်က တိရစ္ဆာန်ဘဝမှာ အဖန်ဖန်တေပြီး သူတစ်ပါးပရောဂနဲ့ သေရမယ်။ သေတဲ့အခါ လည်း မီးလောင်ပြီးမှ ခန္တာစွန့်ရမယ်။ ဝဋ်ကြွေးတွေ ပေးဆပ်ပြီးမှ နိရယ ( ငရဲ ) ဘုံကိုရောက်မယ်တဲ့ ဒကာလေး ”

“ ဘုရား....ဘုရား....... ”

“ ကိုင်း......ငရဲမှာ အဖန်ဖန်ကျင်လည်တယ်ဆိုတာ အဲဒါပဲ ဒကာလေး။ ဆီပူအိုးထဲကျတာ၊ ငရဲခွေးတွေ ဝိုင်းခဲတာ တွေကို မြင်ရတွေ့ရတာမဟုတ်တော့ ဒဏ္ဍာရီလိုသဘောထားပြီး မကြောက်ကြဘူး။ ဒကာမလေး မခင်သန်းရဲ့ အ ဖြစ်ကိုကြည့်ရင် တိရစ္ဆာန်ဘဝမှာ သက်စေ့မနေရဘဲ သူတစ်ပါးရဲ့ပရောဂကြောင့် ဝေဒနာခံစားရမယ်၊ သေတဲ့အခါ လည်း မီးပူလောင်ပြီးသေရမယ်ဆိုတော့ သူ့အမေကို မီးစနဲ့ထိုးမယ်ဆိုတဲ့ ဝစီကံကြွေးနဲ့ ပါးရိုက်ခဲ့တဲ့၊ သွေးစိမ်းကျ စေခဲ့တဲ့ ကာယကံကြွေးကို အရင်ဆုံး ပေးဆပ်ရတယ်လို့သာ ဘုန်းဘုန်း ထင်မိတယ် ”

“ မှန်ပါတယ် ဘုရား။ တပည့်တော်ကတော့ အခု ဘုန်းဘုန်းပြောပြတဲ့အကြောင်းကို ရေးသားမှာပါ ”

“ ကောင်းပါတယ် ဒကာလေး။ ဓမ္မဒါနလည်း မြောက်တာပေါ့ကွယ်။ ဘုန်းဘုန်းလည်း ပြောစရာကုန်ပြီ။ ဒကာ လေး ဘာမေးချင်သေးလဲ ”

“ တင်ပါ့ဘုရား။ ဒေါ်ခင်ရီနဲ့ ဦးကျော်ရှိန်ရယ်၊ ဒေါ်သန်းခင်ရဲ့ ခင်ပွန်းနဲ့ သားက ဘယ်ရောက်သွားကြသလဲဘုရား ”

“ ဒကာကြီး ဦးကျော်ရှိန်က အရင်ဆုံးပါးသွားတယ်။ ဒကာမကြီးဒေါ်ခင်ရီဆုံးတာ နှစ်သုံးဆယ်ကျော်ရောပေါ့။ ဘုန်းဘုန်း အဲဒီရွာကနေ ဒီကိုရောက်လာတာ ဒကာမကြီး ဒေါ်ခင်ရီဆုံးပြီး ခြောက်လလောက်မှာပါ။ ဒကာမလေး မသန်းခင်ရဲ့ သားနဲ့ခင်ပွန်းကတော့ ဘယ်တွေရောက်လို့ ဘာတွေဖြစ်ကုန်ကြတယ်ဆိုတာ ဘုန်းဘုန်းလည်း မသိ ဘူး။ အဆက်အသွယ်လည်းမရှိတော့ဘူးကွယ့် ”

“ တင်ပါ့ဘုရား။ တပည့်တော်ကို ဇာတ်လမ်းကောင်းတစ်ခု ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ် ဘုရား ”

“ ဒကာလေး.....ဇာတ်လမ်းမဟုတ်ဘူးနော် ”

“ တင်ပါ့ဘုရား.... ”

“ ခေါင်းစဉ်တပ်မယ်ဆိုရင် ဘုန်းဘုန်းပြောသလို ‘ သံသရာငရဲနှင့် ပေတသရဲ ’ လို့သာ တပ်ပါ။ သရဲဆိုတာ လည်း ပေတပါပဲ။ သို့ပေမယ့် လူတိုင်းက သရဲဆိုတာနဲ့ စိတ်ဝင်စားကြတယ်လေ ”

“ တင်ပါ့ဘုရား။ ဘုန်းဘုန်းပြောတဲ့အတိုင်း ခေါင်းစဉ်တပ်ပါ့မယ် ”

“ ဘုန်းဘုန်းပြောတဲ့ ခေါင်းစဉ်လေးကို ပြန်ပြောကြည့်ပါဦးကွယ့် ”

“ သံသရာငရဲနှင့် ပေတသရဲ ပါဘုရား ”

“ သာဓု......သာဓု...သာဓု ”

**************

ပြီးပါပြီ

ချစ်ခင်လေးစားစွာဖြင့်

လွင်ဦးဟန်

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဒေါ်ခင်ရီ
#ကျုပ်
#သန်း
#ဦးကျော်ရှိန်
#အစ်မ

Some text some message..