
ဒီအကြောင်းအရာတွေကို ခုပြန်ပြောရင် ခုထိကျောချမ်းနေဆဲပါပဲ။
လွန်ခဲ့တဲ့ ခြောက်လလောက်က အလုပ်ပိတ်ရက်လေးမှာ ကျွန်တော့
သူငယ်ချင်းဖြစ်သူ ဆန်းနိုင်ဝင်း ရဲ့အကူအညီတောင်းမှုကြောင့် သူနဲ့
အတူအဖော်လိုက်ကူပေးဖြစ်တယ်။ ဆန်းနိုင်ဝင်းက သူ့ရည်းစားကို
သွားတွေ့တာဗျ။ ဒါပေမယ့် သူ့ရည်းစားမိဘတွေကသူနဲ့ သဘောမတူ
ကြတော့ အဲ့ဒီရွာဖက် တစ်ယောက်ထဲမသွားဝံ့ဘူးဆိုပါတော့ဗျာ။
ကျွန်တော်ကလည်း ကိုယ်တိုင်သာမစွံတယ်။ သူများအကျိုးဆောင်ဖို့
ဆို နှစ်ခါညှိစရာမလိုတဲ့သူမျိုး။ ဒီလိုသမီးရည်းစားကိစ္စမျိုးဆို ရှေ့ဆုံး
က ကူညီပေးချင်တဲ့သူဗျ။ ဆန်းနိုင်ဝင်းခမျာလည်း ကောင်မလေးကို
တွေ့ချင်ပေမယ့် ကောင်မလေးရဲ့ အမျိုးတွေကိုခုကတည်းကကြောက်
နေရတဲ့သူ။ သွားတွေ့လို့အမျိုးတွေမိသွားရင် သူ့ကိုဟိုဖက်က ဝိုင်း
ရိုက်ကြမှာလို့ပြောပြီး တွေးပူနေတော့တာ။ ရိုက်လည်းရိုက်ချင်စရာ
ပဲဗျ။
ဘာလို့လဲဆို ဆန်းနိုင်ဝင်းက သူ့ကောင်မလေးရဲ့အမျိုးတစ်ယောက်နဲ့
ဟိုးအရင်ကချစ်ကြိုက်ခဲ့ဖူးလို့ပဲ။ ယူမယ်လိုလိုထိဖြစ်ပြီးမှ နှစ်ဖက်မိဘ
တွေအချင်းများရာက ပွဲပျက်သွားတယ်လို့ပြောတယ်။ ဒီကောင့်အရင်
ရည်းစားလည်းခုတော့ အိမ်ထောင်ကျလို့ ကလေးတောင်တစ်ယောက်
ရပေါ့။ ဒါပေမယ့်အဲ့ကတည်းက ကောင်မလေးအမျိုးတွေက ဆန်းနိုင်
ဝင်းကို ကြည့်မရကြလေတော့ ခုဒီကောင်မလေးနဲ့တွဲနေတာလုံးဝ
မကြည်ဖြူဘူးပေါ့ဗျာ။ ဆန်းနိုင်ဝင်းကလည်း ရည်းစားများသလောက်
ဒီတစ်ယောက်နဲ့မှသည်းသည်းလှုပ်နေတော့တာ။
မတွေ့ရရင်သေရပါတော့မယ်ဆိုတာတွေပြောနေတော့ ကျွန်တော်
လည်းအရဲစွန့်ကူညီရတော့တာပေါ့။ ကောင်မလေးရဲ့ရွာနဲ့ ဆန်းနိုင်
ဝင်းတို့ရွာက ကြားထဲမှာ ရွာငယ်လေးနှစ်ရွာခြားသေးတယ်ဗျ။ အရင်
ဆုံး ဆန်းနိုင်ဝင်းရဲ့ရွာကိုသွား။ ပြီးတော့ ရွာမှာတစ်ညအိပ် ပြီးမှ
ကောင်မလေးရှိတဲ့ရွာကို သွားရမှာ။ သူတို့ရွာဖက်ကိုသွားဖို့ ရေချောင်း
ကြီးတစ်ခုကိုဖြတ်ရသေးတယ်။ ရေချောင်းနာမည်က ဖိုဝင်ချောင်းလို့
ခေါ်တယ်။ ဟိုးအရင်တုန်းက ဇော်ဂျီတွေကွန့်မြူးပျော်ခဲ့ဖူးတယ်ဆို
လားပဲ။ အရပ်စကားတော့ပြောနေကြတယ်။ ဖိုဝင်ချောင်းမှာ ဇော်ဂျီ
နဲ့ သူယောင်မယ် ကိုမြင်တွေ့ဖူးကြတယ်လို့ ဆိုကြတာပဲ။
ကျွန်တော်လည်းသေချာတော့မသိပါဘူး။ နောက်များမှဆန်းနိုင်ဝင်း
ဆီသေသေချာချာမေးပြီးထပ်ရေးပေးမယ်ဗျာ။ ကဲထားပါတော့။ အဲ့ဒီ
ဖိုဝင်ချောင်းက အရမ်းလည်းမနက်ဘူးဗျ။ ဒါပေမယ့်ရေစီးသိပ်သန်
တယ်။ ချောင်းကကျယ်ပြီး တံတားလည်းမရှိဘူး။ လှေနဲ့ကူးရတာပဲ။
ဖိုဝင်ချောင်းကိုမဖြတ်ချင်တဲ့သူတွေက ဘုတ်တောရွာဖက်ကနေ ကွေ့
ဝိုက်ပြီးသွားကြတာပေါ့။ ဘုတ်တောရွာက လမ်းဆိုးတယ်။ ခရီးကြော
ရှည်တယ်။ ဖိုဝင်ချောင်းကိုဖြတ်ရင် ဆယ်မိနစ်လောက်ပဲကြာပေမယ့်
ဘုတ်တောကနေသွားရင် ၄၅ မိနစ်ကတော့အနဲဆုံးပဲ။ ဒီတော့ အချိန်
လင့်တာပေါ့ဗျာ။ တော်တော်များများကတော့ ဖိုဝင်ချောင်းကို ဖြတ်
ကူးကြတယ်။
ဆန်းနိုင်ဝင်းက ရွာကလူတွေမမှတ်မိအောင်ရုပ်ဖျက်ထားသေးတာဗျ။
ဂျင်းဘောင်းဘီနဲ့ ကတ်ဦးထုပ်နဲ့ နှာခေါင်းစည်းလည်းတပ်လို့။ သူ့ကို
ကြည့်ပြီးကျွန်တော်ကအူတက်နေတာ။ သူ့သူတော့ဟုတ်နေတာပဲ။
ဆန်းနိုင်ဝင်းတို့ရွာကနေ မနက်စထွက်တော့ ၇နာရီကျော်နေပြီ။ ဖိုဝင်
ချောင်းကိုရောက်တဲ့အချိန် ၉နာရီခွဲလောက်ရှိပြီ။ ဖိုဝင်ချောင်းက ဆန်း
နိုင်ဝင်းရွာဖက်ထက် သူ့ကောင်မလေးရွာဖက်ကပိုနီးတယ်ပြောရမယ်။
ချောင်းကိုဖြတ်ဖို့ ကူးတို့လှေသမားတွေကိုငှါးရတယ်။ ကူးတို့ခ တစ်
ယောက် ၃၀၀ ပေးရတာ။ နှစ်ယောက်ဆို ၅၀၀ နဲ့ရတယ်။ အဲ့ဒါနဲ့
ချောင်းကြီးကိုဖြတ်လာကြတာပေါ့။ ဟိုဖက်ကမ်းရောက်တော့ ဆိုင်
ကယ်ကယ်ရီနဲ့ဆက်သွားကြတာ နာရီဝက်လောက်သွားပြီး သူ့
ကောင်မလေးရွာထိပ်ကိုရောက်တာနဲ့ ရွာထိပ်က လက်ဖက်ရည်ဆိုင်
ငယ်လေးမှာထိုင်လိုက်ကြတယ်။
ဆန်းနိုင်ဝင်းကတော့ သူ့ကောင်မလေးကို ဖုန်းဆက်နေတာပေါ့။
အဲ့ဒီနေ့မှ ကံမကောင်းချင်တော့ ကောင်မလေးက အိမ်ကနေထွက်
မရဘူးတဲ့ဗျ။ မိဘတွေကိုလစ်ပြီးထွက်လာရမှာမလို့ ညနေမှ လာမယ်
လို့ဆိုတယ်။ ကျွန်တော်တို့လည်း ဘယ်နားသွားနေရမလဲမတွေးတတ်
အောင်ပဲ။ ဒီကောင်ကနယ်ခံဆိုတော့ '' လာကွာ... ငါမင်းကိုလိုက်ပြ
မယ် '' ဆိုပြီး ဆိုင်ကယ်ကယ်ရီငှါးပြီးတော့ ရွာရိုးကိုးပေါက်လိုက်ပို့
တယ်။ ရွာကရှုခင်းတွေသာကောင်းတာ လည်ပတ်စရာမယ်မယ်ရရ
မရှိဘူးဗျ။ အဲ့ဒါနဲ့ ကြုံတဲ့နေရာ ထမင်းစားလိုက်၊ အချိန်ရသေးတယ်
ဆို ဟိုနားဒီနားသွားလိုက်နဲ့ ဆိုင်ကယ်ကယ်ရီကနှစ်စီးဆိုတော့
သောင်းကျော်ကုန်နေပြီ။ ညနေသုံးနာရီလောက်ရောက်တော့သူ့
ကောင်မလေးဖုန်းဆက်လာတယ်။
ဘယ်ကိုလာခဲ့ပါပေါ့။ ကျွန်တော်လည်းမြန်မြန်တွေ့ပါစေဆုတောင်း
နေရတာ။ ပင်ပန်းလို့နားချင်ပြီဗျ။ သူ့ကောင်မလေးချိန်းတဲ့ နေရာကို
သွားတွေ့ကြတယ်။ ကောင်မလေးရဲ့သူငယ်ချင်းမိသားစုတွေပိုင်တဲ့
ဂိုဒေါင်လို့ဆိုတာပဲ။ ငရုတ်သီးတွေနေလှန်းပြီးသိမ်းတဲ့နေရာမလို့ မွှန်
လိုက်တာဗျာ။ အသက်ရှုလို့တောင်မဝဘူး။ ဂိုဒေါင်ထဲမှာလည်း ငရုတ်
သီးခြောက်တွေကို အမှုန့်ကြိတ်တဲ့စက်သေးသေးလေးတစ်လုံးရှိသေး
တယ်။ ငရုတ်သီးမှုန့်နံ့တွေကတထောင်းထောင်းနဲ့။ ကြာကြာမနေနိုင်
လို့ ကျွန်တော်အပြင်ကပဲစောင့်မယ်ဆိုပြီးထွက်လာခဲ့လိုက်ရတော့
တယ်။ သူတို့ကအလွမ်းသယ်လို့မပြီးနိုင်။
အပြင်မှာစောင့်နေတဲ့ကျွန်တော့ကို ခြင်အုပ်ကြီးကဝိုင်းကိုက်လို့ဒုက္ခ
တွေရောက်ပေါ့။ လူကလည်းပင်ပန်းနေတော့ ဂိုဒေါင်နားသစ်ပင်ကိုမှီ
ပြီးတစ်မှေးလောက်အိပ်ပျော်သွားတော့တယ်။ ဆန်းနိုင်ဝင်းလာနိူး
တော့ မှော်ရီသန်းနေပြီ။ နာရီကိုကြည့်လိုက်တာ ခြောက်နာရီတဲ့ဗျို့။
ကျွန်တော်လည်းကမန်းကတန်းထရပ်ပြီး ဆိုင်ကယ် ကယ်ရီသမား
တွေကိုကြည့်လိုက်တာ။ သူတို့လည်းအိပ်ပျော်နေကြတယ်။ သူတို့ကို
နိုးပြီး ပြန်လာကြတာပေါ့။ ဗိုက်ကလည်းပြန်ဆာလာပြီ။ လမ်းမှာအဆင်
ပြေတဲ့နေရာဝင်စားမယ်ဆိုပေမယ့် ရွာကဆိုင်တွေကဘာမှမရှိတော့ဘူး။ တစ်နေ့ကုန်သာလေးပဲရောင်းကြတယ်ထင်တယ်။
ဆိုင်ရှေ့မှာရပ်ရင်း မထူးပါဘူး။ ဆန်းနိုင်ဝင်းရွာပြန်ရောက်မှစားမယ်လို့ ခုဖိုဝင်ချောင်းကိုလိုက်ပို့ဆိုတော့ ကယ်ရီသမားတွေက လန့်သွားကြ
တယ်။ ချောင်းကိုဒီအချိန်မဖြတ်ပါနဲ့တဲ့။ ဟာ ဘာလို့လဲလို့မေးတဲ့အခါ ။ သရဲခြောက်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကရယ်တာပေါ့။ သရဲလား တွေ့စမ်းပါစေ... တွေ့ချင်လို့စောင့်နေတာ ဆိုရော ကယ်ရီ
သမားတွေက
" ကျွန်တော်အတည်ပြောနေတာပါအစ်ကိုတို့ရာ... ဖိုဝင်ချောင်း
မှာ ညဆိုဘယ်သူ့မှမဖြတ်ရဲကြတော့ဘူး... ဖိုဝင်ချောင်းမှာလွန်ခဲ့တဲ့
နှစ်လလောက်က လူသတ်မှုဖြစ်ခဲ့တာ ဟိုးဟိုးကျော်လို့... ဘုတ်တော
ရွာမှာနေတဲ့ ဒေါ်အေးစိန် ကိုဒီချောင်းထဲ ခေါင်းဖြတ်သတ်ခဲ့တာ...
ဒေါ်အေးစိန်ကိုသိတယ်မလား.. ကိုဆန်း "
" မသိဘူးလေ...ဘယ်သူတုန်း "
" ဟာ... ငွေတိုးချေးစားတဲ့မိန်းမကြီးလေ...နှုတ်ကကြမ်းမှကြမ်း...
ကိုဝင်းမြင့်ဆိုတဲ့လူက ဒေါ်အေးစိန်ဆီငွေချေးထားတာ ဒေါ်အေးစိန်က
သူ့ပိုက်ဆံမပေးလို့ ရပ်ကျော်ရွာကျော်အော်ဆဲလိုက်တော့ ...စိတ်တို
ပြီး ညကြီးချောင်းနားဆွဲခေါ် ခေါင်းဖြတ်သတ်ပစ်တာဗျ....ပြီးတော့
ချောင်းထဲပစ်ခဲ့တာ... ဒေါ်အေးစိန်ရဲ့ ခန္ဓာကိုယ်က ပြန်ပေါ်
လာပေမယ့် သူ့ခေါင်းကိုခုထိရှာမတွေ့ခဲ့ဘူး... အဲ့ဒီဘွားတော်က...
ညဆိုချောင်းကိုဖြတ်တဲ့သူတွေကို လိုက်ခြောက်နေတာ... ကိုဆန်း
တို့မဖြတ်တာကောင်းမယ်... ဘုတ်တောကနေပတ်မောင်းပို့ဆိုပို့ပေး
ပါ့မယ် "
ဆန်းနိုင်ဝင်းက ကျွန်တော့ကိုတိုးတိုးပြောတယ်။ ဒီကောင်တွေကယ်ရီ
ခရချင်လို့ ဂွင်ဆင်နေတာတဲ့။ ကျွန်တော်လည်းအဲ့လိုပဲထင်မိတယ်။
ဒီနေ့တစ်နေကုန် ကယ်ရီခပေးရတာ နှစ်သောင်းကျော်နေပြီ။ ခုတစ်ခါ
လည်း တစ်သောင်းလောက်ထပ်ရအောင် ဂွင်ဖန်တာပဲလို့တွက်မိ
တယ်။ ကျွန်တော်တို့က ရတယ် မကြောက်ဘူး ဖြတ်မယ်ဆိုတော့
" ကိုဆန်းတို့ဖြတ်လည်း ကူးတို့သမားတွေရှိမှာမဟုတ်တော့ဘူး...
ပြန်ကုန်လောက်ပြီ... "
" ငါ ဒီရွာသားလိုဖြစ်နေပါပြီကွာ... ကူးတို့သမားတွေက ည ၈ နာရီ
၉ နာရီထိ ရှိတာငါသိတယ်.. ပို့မှာသာပို့စမ်းကွာ "
ဆန်းနိုင်ဝင်းကဆိုတော့ ကယ်ရီသမားတွေလည်း တားမရသွားဆို
သလို ဆက်မတားတော့ဘဲလိုက်ပို့ပေးကြတယ်။ ချောင်းနားထိမပို့ရဲ
လို့ ချောင်းမရောက်ခင် လမ်းအကွေ့မှာချပေးခဲ့ကြတယ်။ ကျွန်တော်
တို့လည်း ချောင်းဖက်လျှောက်လာကြတာပေါ့။ ချောင်းနားရောက်
တော့ လူလူသူသူဘယ်သူမှမတွေ့ရတော့ဘူး။ ကူးတို့လှေလည်း
တစ်စီးမှ မရှိတော့ဘူး။ ကျွန်တော်တို့နှစ်ယောက်ထဲအူကြောင်ကြောင်
နဲ့ရပ်နေရတယ်။ ဆန်းနိုင်ဝင်းက ဒီကကူးတို့လှေအသိရှိတယ် အိမ်
လိုက်သွားမယ် နီးနီးလေးပဲ လို့ပြောတယ်ဗျ။
ကူးတို့သမားအိမ်ဖက် လျှောက်လာကြတာပေါ့။ ဆယ့်ငါးမိနစ်လောက်
လျှောက်ပြီး အိမ်လေးတွေကိုစီစီရီရီလှမ်းမြင်လာရတယ်ဗျ။ အဲ့ဒီခါမှ
လူနဲနဲမြင်ရတော့တယ်။ ဆန်းနိုင်ဝင်းကအကျိုးအကြောင်းပြောပြတော့
ကူးတို့သမားက မလိုက်ရဲဘူးပြောတယ်။ ကျွန်တော်တို့လည်းတော်
တော်အခက်တွေ့နေပြီ။ ညအိပ်ဖို့ကလည်းအသိကမရှိ။ ဆန်းနိုင်ဝင်း
ကလည်း ခိုးလာရတာမလို့ လူလုံးထွက်မပြရဲ။ မြို့မှာလို တည်းခိုခန်း
မရှိတော့ အခက်ကြီးခက်ပြီပေါ့။ ကယ်ရီသမားတွေပြောသလို ဘုတ်
တောဖက်ကနေပတ်မပြန်မိတာ နောင်တတွေရနေရပြီ။
ကယ်ရီငှါးဖို့လည်းမရှိတော့ဘူး။ ဆန်းနိုင်ဝင်းကို ကယ်ရီသမားကို
ဖုန်းပြန်ဆက်ခေါ်ပြီး ဘုတ်တောကနေပတ်သွားရအောင်ဆိုတော့
ကယ်ရီသမားတွေရဲ့ဖုန်းနံပါတ်ယူမထားမိဘူးတဲ့ဗျာ။ တစ်ညလုံးပဲ
ငုတ်တုတ်ထိုင်နေရမလို။ တွေ့တဲ့နေရာမှာပဲထိုးအိပ်လိုက်ရမလိုနဲ့
ခက်နေရတာ။ ကူးတို့သမားအိမ်တောင်းအိပ်လို့ကလည်းအဆင်မပြေ။
သူ့အိမ်သေးသေးလေးမှာ မိသားစုတွေကအပြည့်။ ကျွန်တော်တို့လည်း
ကြံရာမရဖြစ်နေတုန်း ကူးတို့သမားက...
" ချောင်းကိုဖြတ်ရဲတယ်ဆိုရင် လှေသာယူသွားလိုက် ဟိုဖက်ကမ်း
မှာကြိုးချည်ပြီးထားခဲ့ကွာ..."
လို့ဆိုတယ်။ ကျွန်တော်ကလှေမှမလှော်တတ်ဘဲ။ ဆန်းနိုင်ဝင်းက
တော့ သူလှော်တတ်တယ်ပြောတယ်။ ကူးတို့သမားဦးလေးကြီးက
လှေလိုက်ထုတ်ပေးပြီး ဒီဖက်ကမ်းကနေစောင့်နေမယ်တဲ့...ဟိုဖက်
ကမ်းရောက်ရင်လှေကိုတိုင်မှာကြိုးချည်ပေးခဲ့ပေါ့ ပိုက်ဆံတော့ပိုပေး
ရမယ်တဲ့ဗျ။ ဆန်းနိုင်ဝင်းလည်း ရတယ်ဆိုပြီး ကူးတို့သမားကို ၅၀၀၀
တန်တစ်ရွက်ထုတ်ပေးလိုက်တယ်။ ကူးတို့သမားလည်း သူ့သားငယ်
နှစ်ယောက်ကိုခေါ်ပြီး လှေတွေထားတဲ့နေရာကိုခေါ်သွားတယ်ဗျ။
သူတို့လှေသိမ်းတဲ့နေရာပေါ့။ ကူးတို့လှေတွေထားတဲ့ချောင်းအစပ်က
နေ လှေကိုထုတ်ပေးတယ်။ လှေပေါ်နှစ်ယောက်သားတက်ထိုင်လို့
ဆန်းနိုင်ဝင်းက စလှော်တဲ့အခါ ကူးတို့သမားနဲ့သူ့သားတွေက
အနောက်ကနေကူတွန်းပေးတယ်ဗျ။ ရေထဲရောက်တော့ ကျွန်တော်
လည်း မလှော်တတ် လှော်တတ်နဲ့ ယောင်ဝါးပြီးလှော်ကြည့်တော့
စစချင်းအဆင်မပြေပေမယ့် နောက်တော့အဆင်ပြေသွားတယ်။
ကူးတို့သမားတို့က လှေသွားရာလမ်းအတိုင်းတစ်ဖက်ကမ်းကနေ
ကုန်းပေါ်လမ်းလျှောက်ပြီးလိုက်ကြည့်ကြတယ်။ ဆန်းနိုင်ဝင်းက
ဟုတ်တော့ဟုတ်သား။ လှေလှော်တတ်တယ်ဗျ။ ကျွန်တော်ကတော့
နောက်ကလိုက်လှော်တာပါ။ သူလှော်သလို လိုက်လှော်နေရင်း
ချောင်းအလယ်နားရောက်တော့ လှေကဆက်မသွားတော့ဘူး။
မသွားဆို ဆန်းနိုင်ဝင်းရဲ့ လှော်တက်က ရပ်နေတာကို။
" ဟေ့ရောင်... လှော်လေကွာ... ဘာလို့ရပ်နေတာလဲ "
" လှော်တက်ကဆွဲမရဘူးဟ..."
" ဟာ...မင်းကလည်း မနောက်နဲ့လေ... ငါကမလှော်တတ်ပါဘူး
ဆိုမှ "
" တကယ်ပြောတာ... မင်းဖုန်းနဲ့ မီးထိုးကြည့်စမ်းကွာ...ဘာနဲ့ညှိ
နလေဲမသိဘူး "
ကျွန်တော်လည်း အိတ်ထဲကဖုန်းကိုထုတ်ပြီး မီးထိုးပေးလိုက်တယ်။
နှစ်ယောက်သား လှော်တက်ကို ငုံ့ကြည့်ကြတာ ရေကနောက်နေ
တော့ သဲသဲကွဲကွဲမမြင်ရဘူး။ တဖြည်းဖြည်း မည်းမည်းကြီးကရုပ်
လုံးပေါ်လာတယ်။ ခေါင်းပြတ်ကြီးက လှော်တက်ကို သွားနဲ့ကိုက်
ပြီး ကျွန်တော့ကိုကြည့်နေတာဗျ။ သရဲမဆံပင်တွေကရေထဲမှာလွင့်
လို့။ ကျွန်တော်တို့လည်းကြောက်အားလန့်အားနဲ့ ကုန်းအော်ပစ်ကြ
တယ်။ လက်ထဲက လှော်တက်နဲ့ ခေါင်းပြတ်ကြီးကို တဘုံးဘုံးရိုက်
တာပေါ့။ ဆန်းနိုင်ဝင်းက ကြောက်ပြီးလှော်တက်ကြီးလွတ်ချမိပါလေ
ရော။
လှော်တက်ကြီးက ချောင်းအလယ်မှာ အထောင်လိုက်ကြီးဗျ။ ဟိုဖက်
ကမ်းကကူးတို့သမားက ဘာတွေလှမ်းအော်နေလဲမသိဘူး။ သူ့သား
နှစ်ယောက်ကတော့ အိမ်ဖက်ပြေးသွားတာတန်းလို့။ လှော်တက်က
တဖြည်းဖြည်းနဲ့ရေထဲနစ်ကျသွားတော့တာပဲ။ ကျွန်တော်ကိုင်ထားတဲ့
တစ်ချောင်းပဲရှိတော့တယ်။ ကျွန်တော်ကလည်းမလှော်တတ်။ ဇော
ချွေးတွေပျံပြီး တစ်ကိုယ်လုံးတုန်နေတာ လှော်တက်ကိုင်ထားတဲ့
လက်ကမမြဲချင်တော့ဘူး။ ဆန်းနိုင်ဝင်းဆီလှော်တက်ထိုးပေးပြီး အမြန်
လှော်ခိုင်းလိုက်တယ်။
ဒီကောင်လည်းကြောက်ရမ်းရမ်းနေပြီ။ လှော်တက်ကိုယူပြီး ပါးစပ်က
နေ အဆဲပေါင်းစုံရွတ်လို့ အားကုန်လှော်တော့တာပဲ။ ကျွန်တော်လည်း
ဆန်းနိုင်ဝင်းဖက်တိုးပြီးကျောချင်းကပ်ထိုင်လိုက်မိတယ်။ လက်ကိုရေ
ထဲလည်းမချရဲဘူး။ ဆန်းနိုင်ဝင်းကတော့ကျွန်တော့အဖြစ်ကိုမြင်မယ်
မထင်ဘူး။ ခေါင်းပြတ်သရဲမက လှေနောက်မှာသူ့ခေါင်းတစ်လုံးထဲ
တင်ပြီးလိုက်လာတာပဲ။ ကျွန်တော့ကိုစိုက်ကြည့်နေတာဗျာ။ ကျွန်
တော်နဲ့မျက်နှာချင်းဆိုင်လေ။ ကျွန်တော်ကငယ်သံပါအောင်အော်
ပစ်တယ်။ ပြေးစရာမြေမရှိတဲ့ဘဝပါ။
ဆန်းနိုင်ဝင်းကကမ်းဖက်ဘယ်လိုလှော်လာလဲမသိဘူး။ ကမ်းကပ်တာ
နဲ့ လှေပေါ်ဆင်းပြေးကြတာ။ နောက်ကိုလှည့်မကြည့်စတမ်းဘဲ။ ဖဝါး
နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးတာပဲဗျို့။ ဆယ်မိနစ်လောက်
ပြေးပြီး ဒီဖက်ကမ်းကကူးတို့သမားတွေအိမ်ဖက်ရောက်လို့မီးရောင်
လေးတွေမြင်မှ အကြောက်နဲနဲပြေတယ်။ ရွာပြန်ဖို့ သူတို့ကိုအကူအညီ
တောင်းတော့ ကယ်ရီသမားဖုန်းနံပါတ်လေးပေးလာလို့ ဖုန်းဆက်ခေါ်
ပြီးပြန်ခဲ့ရတယ်။ အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင်မသိတော့
ပါဘူး။
အဲ့ဒီညက ညစာလည်းငတ်။ ဆန်းနိုင်ဝင်းလည်း သူ့ရည်းစားနဲ့ရန်ဖြစ်
ပြီး ခဏပြတ်သွားသေးတယ်။ ချောင်းထဲကသရဲမအကြောင်းသူ့ကို
မပြောလို့ ရန်ဖြစ်ကြတာလေ။ နောက်တော့လည်းဒီကောင် မနေနိုင်
ဘူး။ ပြန်ချော့ပြီးပြန်တွဲနေတာပဲ။ ဆန်းနိုင်ဝင်းကအဲ့ဒီရွာဖက်ကဆို
တော့သိပ်မကြာပါဘူး။ သူ့အိမ်ကို ကူးတို့သမားကလှေဖိုးအလျှော်
လာတောင်းလို့ သူ့မိဘတွေလျှော်လိုက်ရပါလေရောလား။ ကျွန်
တော်ကတော့ အဲ့ကတည်းကဆန်းနိုင်ဝင်းလာခေါ်ရင် လိုက်ကိုမ
လိုက်ရဲတော့တာခုချိန်ထိပါပဲ။
ခေါင်းပြတ်သရဲမကို ဒီလိုတွေ့ခဲ့ပြီးမှတော့ နောက်တစ်ခါဘယ်ဆုံ
ချင်ပါ့မလဲဗျာ။ မဟုတ်ဘူးလား။
သော်တာလမင်းစန္ဒာ
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။