
တကယ်တော့ စက်ရုံ အလုပ်သမ ဘဝဆိုတာ တခြားအလုပ်တွေထက် ပိုပင်ပန်းတယ် လို့တော့ ငုဝါထင်တယ်လေ။ တစ်စက်ကလေးမှ မထိုင်ရပဲ မတ်တပ်ကြီးပဲ ရပ်နေရတာ ကိုး။ ကွန်ပျူတာ ချည်ထိုးပန်းထိုးစက်ရုံမှာ အလုပ်စတင်ဆင်းရတော့ အလုပ်သင် စက် မောင်းဝန်ထမ်းဘဝနဲ့ ဝင်ရတာ။
ဆယ်တန်းစာမေးပွဲဖြေထားတုန်း အိမ်ရဲ့ စီးပွားရေးအခြေအနေအကြောင်းကြောင်း တွေ ကြောင့် ငုဝါတစ်ယောက် ရရာ အလုပ်အကိုင်ကို အမြန်ရှာရင်းအိမ်နားနီးတဲ့ ဒီလုပ်ငန်း မှာ သွားလျှောက်ခဲ့မိတာ။
တရုတ်လင်မယားက ဒီစက်ရုံကြီးကိုဖွင့်လှစ်ထားတာ။ မိန်းကလေးတွေချည်းပဲလက်ခံ တဲ့စက်ရုံလေးပါ။ စက်ရုံလေးဆိုပေမယ့် အစိုးရဝန်းကြီးတစ်ခုရဲ့ ဂိုထောင် ထဲမှာ နား လည် မှုနဲ့ ဖွင့်ထားတဲ့သဘောမျိုးပေါ့။
စစချင်းအလုပ်ဆင်းရကတည်းက တစ်ရက်ပဲ ဆင်းပြီး သေချင်လောက်အောင်စိတ်ဆင်း ရဲခဲ့ရတာ ငုဝါကိုယ်တိုင်ပဲသိပါတယ်။ ကွန်ပျူတာချည်ပန်းထိုးဖို့ စက်တန်းမောင်းတတ်ရ မယ်။ ပြီးရင် ပန်းထိုးတဲ့အထည်ဖြတ်စတွေကို ဂွေနှစ်ခွေကြားထည့်ရိုက်တတ်ရတယ်။ ပင်အပ်တွေ ထိုးမိလား ထိုးမိရဲ့။ လက်ဖနောင့်တွေလည်း နာလွန်းပါရဲ့။
အိမ်ရောက်တော့ အိပ်ယာထဲလဲနေတဲ့ မကျန်းမာတဲ့ အမေက အလုပ်ဆင်းရတာအဆင် ပြေရဲ့လားဆိုတော့ ကိုယ်ဘယ်လိုအားနဲ့ မပြေပါဘူး ပြောရက်ပါ့မလဲ။ နာလွန်းနေတဲ့ လက်တွေ၊ ယောင်ကိုင်းနေတဲ့လက်ဖနောင့်တွေကို အမေ မမြင်အောင် ကွယ်ဝှက် ထားပြီး အပြုံးတုတွေနဲ့ မုသားတွေပြောရတာပေါ့။
ဒီအလုပ်မှာ သုံးလလောက်ကြာတော့ ဆယ်တန်းအောင်စာရင်းထွက်ပါလေရော။ ငုဝါ ဟာ ကြိုးစားသူမို့ ဆယ်တန်းကို နှစ်ခြင်းပေါက်အောင်မြင်ခဲ့ပါတယ်။ ဒီတော့ အလုပ်မှာ လည်း စာရေးမအကူအဖြစ်ရာထူးတိုးပါတော့တယ်။
ငုဝါက အလုပ်လောဘကြီးသူမို့ ဒီကွန်ပျူတာ ပန်းထိုးစက်ရုံက အလုပ်ချိန်တွေကို သေချာလေး စနစ်တကျခွဲခြမ်းကြည့်ပါတယ်။ မနက်၇ နာရီကနေ နေ့လည် သုံးနာရီအထိ စာရေး မအကူအလုပ်လုပ်ပါတယ်။ နေ့လည်သုံးနာရီကနေ ည၇ နာရီ အထိကို ကိုယ်ပိုင်အချိန်အဖြစ်သတ်မှတ်ပြီး ဘာသာစကားသင်တန်းအချို့နဲ့ ကွန်ပျူ တာသင်တန်းလေးတွေ ဘုန်းကြီးကျောင်းက ဖွင့်တဲ့အတန်းလေးတွေမှာ လိုက်တတ်ပါ တယ်။
ပြီးရင် ညဆိုင်းအဖြစ် ရုံးကိုပြန်ဝင်ပြီး စက်တန်းမှာ စက်မောင်းဖို့ ညသုံးနာရီကနေ မနက် ၇ နာရီအထိ အလုပ်ဆင်းပြန်ပါတယ်။ ဒီလို နှစ်ဆိုင်းလုံးအပြည့်ဆင်းလို့ တရုတ်ကြီးလင် မယားက ငုဝါကို ချစ်ပြီး စက်ရုံမှာပဲ ထမင်းကျွေးစေပါတယ်။ ငုဝါက ဘုန်းကြီးကျောင်း က သင်တန်းတွေ တက်ပြီး အပြန်မှာ ညနေငါးနာရီလောက်ဆို အိမ်ပြန်ရေမိုးချိုးပြီးတာ နဲ့ စက်ရုံကိုစောသွားလိုက်ကာ ညဆိုင်းမဝင်ခင်ရသလောက် အိပ်ပါတယ်။
ဒီတော့ စက်ရုံထဲမှာ ပန်းထိုးပြီးသားအထည်တွေ ထားတဲ့ဂိုထောင်ခန်းထဲမှာ ဝင်အိပ်နေ လေ့ရှိပြီး နာရီကို အလန်းပေးထားပါတယ်။ ညသုံးနာရီထိုးမှ လုပ်ငန်းခွင်ထဲကို ပြန်ဝင် ပါတယ်။
ဒီလိုအပင်ပန်းခံတော့ လစာနှစ်ခုစာရပြီး ကိုယ့်အတွက်လည်း အခမဲ့ သင်တန်းတစ်ချို့ တက်နိုင်တော့ အရည်အချင်းတိုးတက်တယ်လို့ မြင်မိပါတယ်။ အိပ်ချိန်နည်းလွန်းလို့ ကျန်းမာရေးချူခြာချင်တာကလွဲရင် အဆင်ပြေနိုင်မယ်လို့ လည်းထင်မိပါတယ်။
ဒီလိုနဲ့ ရုံးနဲ့ညှိနှိုင်းပြီး ပထမ တစ်ညမှာပဲ ငုဝါကို စိတ်ကုန်စိတ်ပျက်သွားစေမယ့် ကိစ္စကြီး တစ်ရပ် ဖြစ်ခဲ့ပါတယ်။ဒါကတော့ သရဲခြောက်ခံထိတာပဲ ဖြစ်ပါတယ်။ ငုဝါက စီးပွားရေး အဆင်ပြေစေဖို့ပဲ တွေးနေတာနဲ့ စက်ရုံက ဂိုထောင်ထဲမှာ သရဲခြောက်တယ်ဆိုတဲ့ စကားသံတွေကို လျစ်လျူရှုမိသလိုဖြစ်ခဲ့ပါတယ်။
ပထမဆုံးငုဝါညဆိုင်းဆင်းရမယ့် နေ့မှာပဲ စက်ရုံကို ည၇ နာရီလောက်ရောက်ပါတယ်။ ညသုံးနာရီမှ စဆင်းရမှာဆိုတော့ အိပ်ချိန်က ငါးနာရီလောက် ရဖို့ဆိုရင် အခုကတည်း က အိပ်မှဖြစ်မယ်ဆိုပြီး သူငယ်ချင်းတွေကို နှုတ်ဆက်ပြီးတာနဲ့ အထုပ်လေးအသာဆွဲ လို့ ဂိုထောင်ထဲဝင်လိုက်ပါတယ်။ ဂိုထောင်ကတော့ စက်ရုံရဲ့ နောက်ဆုံးအစွန်ဆုံးခန်း ဖြစ်ပြီး အတော်ကြီးကို ကျယ်ဝန်းပါတယ်။ ဂိုထောင်နဲ့ ကပ်လျှက်ကတော့ ရုံးခန်းဖြစ် ပါတယ်။
ဒါနဲ့ ဂိုထောင်ထဲကို မီးဖွင့်ကြည့်လိုက်တော့ ပန်းထိုးပြီးသားအထည်တွေ ထည့်ထားတဲ့ အိတ်ကြီးတွေကိုတွေ့လိုက်ပါတယ်။ အိတ်ကြီးတွေပေါ်မှာ အိပ်ကြည့်လိုက်တော့ မွှေ့ ယာကြီးတစ်ခုလိုပဲ ဖြစ်တာမို့ အိတ်ကြီးနှစ်အိတ်ကိုဆွဲလှဲလိုက်ပြီး အဲဒီအပေါ်မှာမှ ကိုယ့် အဝတ်အစားအိတ်ကို ခေါင်းအုံးလို့ ညနေက သင်ခဲ့တဲ့ စာတွေကို ဖတ်ကြည့်လိုက် ပြောလိုက် လုပ်နေပါတယ်။
စက်တန်းက အထုပ်တွေ ကျလို့ လာထည့်တဲ့ သူငယ်ချင်းတွေက
“ငုဝါ ညဉ်း ဘိက ကောင်းလှချည်လား..။ အလုပ်တွေ အာ့လောက် မကြိုးစားနဲ့နော်။ ငါတို့ ၇နာရီအလုပ်ချိန်ပြည့်လို့ ပြန်ရင် ဘယ်သူမှမရှိတော့ဘူး။ ဘုရားလေးဘာလေး ရှိခိုးဦး”
“အေးပါအေ..ရှိခိုးပြီးပြီ။ မေတ္တာလည်းပို့ပြီးပါပြီ။ ညဉ်းတို့ ပြန်ကာနီးရင်လည်း နှိုးထား ခဲ့လေ”
“အို အိပ်နေရင်တော့ မနှိုးတော့ပါဘူးလေနော်..။ စာလည်းကြိုးစား။ ကျန်းမာရေးလည်း ဂရုစိုက်။ ညီးကို အံ့သြနေတာ မနက်ကောညကော နှစ်ခုလုံးပြိုင်တူဆင်းလို့လေ”
ဒီလိုပါပဲ..ဒီစက်ရုံမှာတော့ ငုဝါတို့အားလုံး ညီအစ်မတွေလို ဖြစ်နေကြပြီမို့ တစ်ယောက် အခက်ခဲကို တစ်ယောက်က အမြဲပဲ ကူညီနေကြတဲ့ချစ်စရာဓလေ့လေးတွေနဲ့ မိသား စုဆန်ကြပါတယ်။
ဂိုထောင်ဆိုပေမယ့် စက်တန်းကကျတဲ့ အထည်အရေအတွက်ပြည့်ရင် တစ်ခါလာထည့် တာမို့ မီးကတော့ အမြဲဖွင့်ထားရလို့ တော်သေးတယ်ပြောရမှာပါ။ စက်မောင်းနေတဲ့ အသံ တွေနားထောင်ရင်းနဲ့ပဲ ငုဝါမှေးကနဲ အိပ်ပျော်သွားမိပါတယ်။
“ခိခိ..ချစ်စရာလေးနော်…ကိုက်စားလိုက်ရသေတော့မှာပဲ..”
“ဟဲ့ဟဲ့ မလုပ်ပါနဲ့..မိဘကိုလုပ်ကျွေးနေသူလေးပါဟဲ့..မရှိဆင်းရဲပေမယ့် ကြိုးစားနေတဲ့ သူလေ..သနားပါတယ်။ မလုပ်နဲ့”
“ဟာအမေကလည်း အဖေကကြိုက်မှာ မဟုတ်ဘူး.. မကြိုက်လို့ တစ်ခုခုလုပ်ရင်သူသေ လိမ့်မယ်”
“အို ညီးအဖေကို ငါထိန်းပါ့မယ်။ ညီးနဲ့ ညီးမောင်သာ ဒီကလေးကို ဒုက္ခမဖြစ်စေနဲ့။ ပင် ပန်းလွန်းလို့ အိပ်ပျော်နေတာလေးကိုက သနားစရာလေး ထားလိုက်ထားလိုက် လာလာ ဟိုဖက်မှာ သွားဆော့ချည်သွား”
ဒီအသံတွေက ငုဝါကို လာငုံ့ကြည့်ပြီး ပြောနေကြတဲ့ မိန်းမနှစ်ယောက်နဲ့ ယောက်ျား လေး ကလေးလေးတစ်ယောက်ရဲ့ အသံတွေမှန်း ငုဝါသိလိုက်ပါတယ်။ ဒါပေမယ့် ဒါက အိပ်မက်မက်နေတာလား တကယ်လားဆိုတာကိုတော့ ဝေခွဲမရခဲ့ပါဘူး။
ခဏနေတော့ ဂိုထောင်အခန်းဖွင့်သံကြားပြီး ပန်းထိုးထည် အိတ်တွေ သူငယ်ချင်းတွေ က လာထည့်ပြန်ပါတယ်။ ငူငူကြီးထိုင်နေတဲ့ ငုဝါကို ကြည့်ရင်းသူငယ်ချင်းတွေက
“ငုဝါ..ငါတို့လာလာထည့်တာနဲ့ နင်အိပ်ရေးပျက်တော့မှာပဲ..နောက်ဆို သုံးထုပ်လောက် ရမှ လာထည့်မယ်သိလား..”
“ဟယ်မဟုတ်တာ အပြင်မှာပုံနေမှာပေါ့..လာထည့်ချည်..။ ငါအိပ်တတ်ပါတယ်ဟ”
ပြောပြီးတာနဲ့ သူတို့လည်းထွက်သွားပြီး ငုဝါလည်းပြန်အိပ်လိုက်ပါတယ်။ ၇နာရီထိုး တော့ မနက်ဆိုင်းတွေ အလုပ်ဆင်းပြီးပြန်ကြပါပြီ။ ဒီတော့မှ စက်တန်းကြီးတွေ ခဏပိတ် လိုက်တော့ ဆူညံမှုလျော့သွားပြီး ပြန်အိပ်လိုက်ပါတယ်။
“ချလွင် ချလွင်…ကလစ်ကလစ်ကလစ်”
အသံတွေကြောင့်အိပ်မှုန်စုံဝါးဖြစ်နေတဲ့ ငုဝါတစ်ယောက် အသံလာရာဆီ ကြည့်လိုက်ပါ တယ်။ အထဲမှာ ခြူလေးထည့်ထားတဲ့ ကော်ဘောလုံးအနီလေးတစ်လုံးဟာ ဂိုထောင် အနောက်နားအထုပ်တွေ ထည့်ထားတဲ့နေရာကနေ ငုဝါဘေးနားကို ဖြေးဖြေးချင်း လိမ့် လာပါတယ်။
တလှိမ့်ချင်းလိမ့်လာတဲ့ ဘောလုံးနီနီလေးကိုကြည့်ရင်း ကြောက်စိတ်ထက် ယောင်ဝါး ဝါးစိတ်က ပိုများနေတဲ့ငုဝါက ဘောလုံးလေးလာရာဖက်ကို ပြန်လှိမ့်ပေးလိုက်ပါတယ်။ ကြည့်နေရင်းနဲ့ကို ဘောလုံးလေးက ထောင့်ချိုးလေးက အမှောင်ထဲကို ဝင်ရောက် ပျောက် ကွယ်သွားပါတယ်။
တစ်နေကုန်ပင်ပန်းထားတာမို့ ငုဝါပြန်အိပ်လိုက်ပါတယ်။ အရမ်းအိပ်ပျော်သွားလို့ စိတ် လွတ်လက်လွတ်ဖြစ်နေတဲ့ ငုဝါတစ်ယောက် နာရီက အလန်းမြည်နေတာကိုမကြားမ သိတော့ပါ။
“သမီးလေး..သမီးလေး ထထ အလုပ်ဝင်ရတော့မယ်။ သမီးလေး အမြန်ထ အလုပ်ဝင် ချိန်နီးနေပြီ”
အမေ့အသံနဲ့ ချွတ်စွတ်တူတဲ့အသံနဲ့ နှိုးလာတော့
“ဟုတ်မေမေ..ထပြီ ထပြီ”
“အမလေး မေမေတဲ့တော်..ငါ့နှယ်ဒီကလေးမလေးကို ချစ်လိုက်တာ ဘယ်လိုရေစက်လဲ မသိပါဘူး”
“သမီးကလည်း အမေ့ကိုချစ်ပါတယ်နော်”
အမေမှတ်လို့ ပြုံးပြီးပြောလိုက်ရင်းထလာတဲ့ ငုဝါ အခုမှ သတိထားမိပါတယ်။ ဒါအိမ်မှမ ဟုတ်ပဲ.. စက်ရုံမှာဆိုပြီး အမြန်ထလို့ လုပ်ငန်းခွင်ဝင်ရပါတော့တယ်။ အလုပ်လုပ်နေရင်း က ငါတော့ ဒီအစီအစဉ်လုပ်မိတာ မှားပြီထင်တယ်။ ဒါငါ့ကိုသရဲခြောက်နေတာလား။ သရဲ က သူ့ဖာသူပြောနေတာကို ငါကကြားပြီးကြောက်နေတာလားလို့ တွေးလိုက်မိ ပြီး ဘာလုပ်ရင်ကောင်းမလဲ ဆိုပြီး နေလိုက်ပါတယ်။
မနက်ပိုင်းတစ်နေကုန်အလုပ်ဆင်းပြီး ညနေသုံးနာရီထိုးတော့ အမေ့ဆီပြန်ပြေးပြီးပြော ပြလိုက်ပါတယ်။
“သမီးပြောပုံအရဆိုရင်တော့ ပရလောကသားမိသားစုဖြစ်ဖို့ များတယ်။ သမီးကြောက် ရင်တော့ အဲဒီမှာ မအိပ်နဲ့တော့။ ကိုယ့်ကို အန္တရာယ်မပေးဘူးလို့ ယုံကြည်ရရင်တော့ သူတို့နဲ့ မိတ်ဆွေဖွ့ဲကြည့်ပေါ့။ အဲဒီမှာ အိပ်ရင် ဘုရားစာတွေ အများကြီးမရွတ်နဲ့။ ရိုးရိုး ကိုယ့်ကိုကိုယ် သရဏဂုံတင်ပြီး မေတ္တာသာပို့”
အမေပြောတဲ့အတိုင်းလုပ်ကြည့်ဖို့ စမ်းသပ်မယ်ဆိုပြီး တွေးထားလိုက်ပါတယ်။ ဒါနဲ့ အမေ့ဆီက ပိုက်ဆံတောင်းပြီး ကြက်ဥပြုတ်လေး ငါးလုံးလောက်ပြုတ်လိုက်ပါတယ်။ ပြီးတော့ဆေးပေါ့လိပ် တစ်ထုပ် ဝယ်လိုက်ပြီး အချဉ်ပေါင်းတစ်ထုပ် ဝယ်လိုက်ပါတယ်။ ပြီးတော့လက်ဖက်နဲ့ အကြော်စုံဝယ်လိုက်ပါတယ်။ ကလေးဆော့တဲ့ ကစားစရာ ကား လေးတစ်စီးလည်း ဝယ်လိုက်ပါတယ်။
ပြီးတာနဲ့ လုပ်စရာရှိတာလုပ်၊ သင်တန်းတက်ပြီးစက်ရုံကိုတန်းသွားလိုက်ပါတယ်။ စက်ရုံထဲရောက်တော့ စမ်းသပ် ကြည့်လိုက်ပါတယ်။
“အမေတို့ မိသားစုကို သမီးအနှောင့်အယှက်ပေးမလို့ မဟုတ်ရပါဘူး။ သမီး ဒီဂိုထောင် ထဲမှာပဲ အိပ်စရာရှိတဲ့အတွက် လာလာ အိပ်နေရတာ အမေတို့ကို အနှောင့်အယှက် ဖြစ်စေရင်တောင်းပန်ပါတယ်နော်။ အိမ်မှာသမီးရဲ့ အမေအရင်းက ခြေထောက်ဖြတ် ထားရတဲ့ ဒုက္ခိတ တစ်ယောက်မု့ိ သူ့ကျန်းမာရေး အတွက် ပိုက်ဆံကလည်း လိုအပ်နေပါတယ်။ ဒါကြောင့် ခဏ လောက် တစ်ယောက်နဲ့ တစ်ယောက် သည်းခံ စောင် မပြီးနေကြရအောင်ပါ။ အမေတို့ အတွက် သမီးတတ်နိုင်တာလေးနဲ့ ဂါရဝပြုပါ တယ်နော်”
အဲဒီလိုပြောပြီး ဟိုနေ့က ဘောလုံးလေးထွက်လာတဲ့ အမှောင်ရိပ်ထောင့်နားမှာ အဖေနဲ့ အမေ့အတွက် ကြက်ဥပြုတ်တစ်လုံးစီနဲ့ ဆေးလိပ်၊ လက်ဖက်သုပ်၊ ညီမလေးအတွက် အချဉ်ထုပ်၊ မောင်လေးအတွက် ဘဲဥပြုတ်နဲ့ ကစားစရာ ဒီမှာထားခဲ့တယ်နော်.. ဆိုပြီး ဖော့ဘူးလေးတွေခင်းလို့ ချထားလိုက်ပါတယ်။
ပြီးတော့ ယုံယုံကြည်ကြည်နဲ့ ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါတယ်။
“တော့်ကိုမပြောဘူးလား.ကလေးမလေးက သိတတ်ပါတယ်လို့”
“အေး အဲဒါအခုမှလေ..ပထမဆုံးလာအိပ်တုန်းက သူပဌာန်းတွေရွတ်လို့ ငါ့သားအငယ် ဆုံးလေး ရေကြည်ဖုတွေပေါက်ကုန်တာလေ”
“တော်ကြပါ အဖေတို့ အမေတို့ရယ်..အခုအတိုင်းသာပြော..သူ့ကို လက်ခံလား။ လက်မခံဘူးလား။ အဲဒါသာပြော။ သမီးကတော့ သူ့ကြောင့်သမီးတို့ ဘဝတွေ မြင့်တက် လာမယ်လို့ ခံစားနေရတယ်”
“အေးဒါဆိုလည်း သူ့အခြေအနေကို သွားကြည့်ကြစို့”
အိပ်နေတဲ့ ငုဝါတစ်ယောက် ရင်တွေ တဒိုင်းဒိုင်းခုန်နေပါတယ်။ တကယ်မှ အိပ်မပျော် တာမို့လည်း သူတို့ က ဘယ်လိုပုံတွေနဲ့လာမှာ ပါလိမ့်ဆိုပြီး ရင်တုန်ပန်းတုန်ဖြစ်နေရ ပါတယ်။
အဲဒီအချိန်မှာ ခြေသံတွေ တရှပ်ရှပ်နဲ့ သူ့နားကိုလျှောက်လှမ်းလာပြီး သူ့အပေါ် စီးမိုး လို့ ရပ်လိုက်တဲ့ အရသာကိုခံစားလိုက်ရပါတယ်။ စူးစူး စိုက်စိုက်ကြည့်နေကြမှာကို သိ တာနဲ့ အသာလေး မျက်လုံးဖွင့်ကြည့်လိုက်တော့ လားလား။
တကိုယ်လုံးအမွှေးအမျှင်တွေ ဖုံးနေတဲ့ မည်းမည်းကြီးလိုမျိုး လူဝံကြီးအနားမှာ ဆံပင်ဖြူ ဖွေးနေတဲ့ အသက်ခပ်ကြီးကြီး လူပုံစံအတိုင်း ပီပီပြင်ပြင်နဲ့ မိန်းမကြီးတစ်ယောက်၊ ရှင်မီး အင်္ကျ ီလေး ဝတ်ထားတဲ့ ဖြူဖြူပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်နဲ့ အင်္ကျ ီမပါပဲ ဘောင်းဘီတို အဝါလေးလားရွှေရောင်လေးလား ခါးတောင်းကျိုက်ထားသလို ယောက်ျား လေးတစ်ယောက်တို့ ဝိုင်းငုံ့ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
ငုဝါတစ်ယောက်လန့်ပြီးထထိုင်လိုက်တော့ အဲဒီလူတွေ အားလုံးမျက်စိရှေ့ကပျောက် သွားပါတော့တယ်။ အဲဒီညမှာလည်း ကြောက်သာကြောက်တာ ပြန်အိပ်လိုက်တော့လဲ အရမ်းပင်ပန်းတဲ့အရှိန်ကြောင့် ချက်ချင်းဆိုသလို အိပ်ပျော်သွားပြန်ပါတယ်။
မနက်မိုးလင်းလို့ ကြည့်လိုက်တော့ ဘဲဥပြုတ်လေးတွေက အခွံခွာပြီးသားဖြစ်နေပါ တယ်။ လေးလုံးစလုံးခွာထားပြီး ပုံမပျက်အတိုင်းလေးရှိနေတော့ လွှင့်ပစ်ရမလား၊ ဒီတိုင်း ထားရမလား ဝေခွဲမရဘူးဖြစ်နေပါတယ်။ ငုဝါသဘောအတိုင်းဆိုရင်တော့ လွှင့်ပစ်လိုက်ချင်ပါတယ်။ တခြားသူတွေ တွေ့ရင် ဖြေရှင်းရခက်နေတာမို့ပါ။
အဲဒီအချိန်မှာပဲ “သိမ်းလိုက်တော့အစ်မကြီး အဲဒါအကုန်စားပြီးသားတွေပါ”
နားနားလေးကို ကပ်ပြီးပြောလိုက်တဲ့ အသံမို့ လန့်တော့သွားပေမယ့် ချက်ချင်းဆိုသ လို ငုဝါက ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
“မကြီးက ပိုက်ဆံသိပ်မရှိလို့လေ..လကုန်လို့ လခထုတ်ရင် ထပ်ဝယ်ကျွေးမယ်နော်။ ညီ မလေးအတွက် ခေါင်းစည်းကလစ်လေးလည်း ဝယ်ပေးမယ်။ မောင်လေးအတွက် အရုပ် တစ်ခုခုလည်းဝယ်ပေးပါ့မယ်”
“ခိခိ ခိခိ”
နားထဲမှာ ရယ်သံလေးနှစ်ခုကိုကြားလိုက်ရတာမို့ စိတ်ထဲမှာ ချမ်းမြေ့သွားပါတယ်။ ဒီလိုနဲ့ လကုန်တော့ ထူးဆန်းတာတွေ ဖြစ်လာပါတယ်။
“ငုဝါ…ပါပါးနဲ့ မာမားက နင့်ကိုခေါ်နေတယ်..ဘာဖြစ်လို့လဲ မသိဘူး..အမြန်လာခဲ့”
ငုဝါတစ်ယောက်ရေးလက်စ စာရင်းတွေ ပြစ်ချခဲ့ပြီး ရုံးခန်းကိုအမြန်ပြေးပါတော့တယ်။ စကားပြန်ကလည်း အဆင်သင့်စောင့်နေတာတွေ့လိုက်ရပါတယ်။
“ငုဝါ..နင်က အလုပ်ကိုလည်းကြိုးစားလို့ အခု လစာနှစ်လစာလည်းရတယ်။ နင့်မိဘ အကြောင်းမေးလို့ ငါပြောပြလိုက်တာ ပါပါးနဲ့ မာမားက နင့်ကို ဘောနပ်စ်ပေးတယ်။ နင့်မေမေဆေးကုဖို့ မုန့်ဖိုးက သပ်သပ်ပေးတာနော်..ရော့ယူလိုက်..နောက်လဲ အလုပ် ကြိုးစား.ပြီးတော့ ညဖက်တွေ နင်ဂိုထောင်ထဲမှာ အိပ်နေတယ်ဆို. ဒီနေ့ကစပြီး ရုံးခန်းထဲမှာ ဒရင်းဘက်ထားပေးမယ်။ ဒီမှာပဲအိပ်တော့ အဲကွန်းနဲ့”
ငုဝါပျော်လည်းပျော်ပါတယ်။ စိတ်ထဲမှာလည်း ငိုချင်ချင်ကြီးဖြစ်လို့နေပါတယ်။ ကိုယ့် ကိုယ် စောင့်ရှောက်ကြလို့လဲ ဒီလောက်ကပ်စီးနည်းတဲ့ အလုပ်ရှင်က ပိုက်ဆံတွေ ထွက်လာတာနေမှာ ဆိုပြီး ကတိအတိုင်း မုန့်တွေ သစ်သီးတွေ ကလစ်လေးတွေနဲ့ နွားလှည်းအရုပ်လေးတွေ ဝယ်ပြီး ညဖက်မှာ သွားထားပေးလိုက်ပါတယ်။
“သမီးလေး ထထ.. အမေပြောစရာရှိတယ်။ သမီးက ဘုရားရှိခိုးတိုင်းလည်း အမေတို့ ကို မေတ္တာပို့ အမျှဝေတယ်။ အမှန်တော့ ဒီကုန်းက ဘုရားကုန်း။ အမေတို့က တောင် ပို့မှာ နေတာ။ တောင်ပို့ကိုဖြိုပြီး စက်ရုံဆောက်ကြတော့ အမေတို့အတွက် ဒီနေရာ ကို အပိုင်စားပေးထားတာ။ အမေတို့က မကျေနပ်တော့ လာသမျှလူကို ခြောက်လှန့် ပစ်ကြတာ။ သမီးကိုမြင်ကတည်းက အမေတို့နဲ့ ရေစက်တွေ ရှိမယ်ဆိုတာသိတယ်။ အစကတည်းက အသေခြောက်လှန့်ဖို့ လူစားလဲဖို့ စီစဉ်ထားတယ်။ သမီးလေးရဲ့ မေတ္တာ စေတနာတွေကြောင့် အဲဒီအစီအစဉ်လည်းပျက်သွားပြီး ညီးရဲ့ ဦးလေးတောင် အခု ပုံစံပြောင်းနေပါပြီ။ ကြည့်လိုက် ပါဦး”
ငုဝါကြည့်လိုက်တော့ ဦးလေးက အသားတွေမည်းသည်းနေပေမယ့် လူတစ်ယောက် ပုံစံမျိုးဖြစ်နေပါပြီ။ ငုဝါလည်းချက်ချင်းရီပြလိုက်ပါတယ်။ သူကပြန်ပြုံးပြပါတယ်။ နောက် တော့ သူတို့က ငုဝါကို လက်စွပ်လေးတစ်ကွင်းပေးလိုက်ပါတယ်။ အဲဒီလက်စွပ်လေး က ကြေးဝါလက်စွပ်လေး ဖြစ်ပြီး ကျောက်နီလေးတစ်လုံးပါပါတယ်။ ငုဝါက ကြည့်ပြီး သဘောကျနေပါတယ်။
“အမေတို့ အခု ပြောင်းရတော့မယ်။ သမီးလေးပေးတဲ့ နွားလှည်းလေးနဲ့ ပြောင်းတော့ မယ်။ နောက်ကိုလဲ ဘုရားတရားမြဲပြီး မိဘအပေါ်သိတတ် စောင့်ရှောက်တဲ့ သမီးအလိမ်မာလေးအဖြစ်နေရစ်ပါ” ဆိုပြီး မျက်စိရှေ့တင် ဂိုထောင်ကြီးက ပွင့်ထွက် လို့ သွားပါတယ်။
ငုဝါဝယ်ပေးလိုက်တဲ့ နွားလှည်းအရုပ်လေးက တကယ့်နွားလှည်းကြီးဖြစ်လို့ နွားကြီး နှစ်ကောင်ကလည်း ဝဖီးလို့ နေပါတယ်။ နွားလှည်းပေါ်မှာ ငုဝါပေးထားတဲ့ မုန့် တွေ သစ်သီးတွေ ကိုပိုက်ပြီး ခေါင်းမှာလည်း ငုဝါပေးတဲ့ကလစ်လေးလေးကိုပန်ထားတဲ့ ညီမလေးက တာ့တာပြ နှုတ်ဆက်နေပါတယ်။ မောင်လေးကလည်းအရုပ်လေးတွေ ပိုက်ပြီးလက်ပြနေပါတယ်။ ပြီးတော့နွားလှည်းကြီးက တအိအိ မောင်းထွက်သွားပါ တယ်။
အိပ်ပျော်နေတဲ့ ငုဝါနိုးလာတော့ မျက်လုံးမှာ မျက်ရည်တွေနဲ့။ ဒါနဲ့လက်ကိုကြည့်လိုက် တော့ ဘာလက်စွပ်မှရှိမနေပါဘူး။ မနက်ဆိုင်းအလုပ်ဆင်းရတော့မှာမို့ မျက်နှာသစ် ဖို့ သွားတဲ့အခါ ငုဝါခလုတ်တိုက်မိပါတယ်။ ကတ္တီပါအိတ်သေးသေးလေးနဲ့ထုပ်ထားတဲ့ အထုပ်လေးဖြစ်နေတော့ ဖွင့်ကြည့်လိုက်တဲ့အခါ အိပ်မက်ထဲက လက်စွပ်လေးဖြစ်နေ ပါတယ်။
အခုဆိုရင် ငုဝါတစ်ယောက် ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးဖြစ်လို့ နေပြီး ခြေတစ်ဖက်ဖြတ် ထားရတဲ့ သူ့အမေကိုလည်း တင့်တောင့်တင့်တယ် ထားနိုင်နေပါပြီ။ ဒါပေမယ့် သူ ဌေးမ ဒေါ်ငုဝါတစ်ယောက်ကတော့ သူ့လက်သူကြွယ်မှာ ဘယ်တော့မှ စိန်လက်စွပ် လို အဖိုးတန်လက်စွပ်ကို မဝတ်ပဲ ကျောက်အနီလေးနဲ့ ကြေးဝါလက်စွပ်လေးကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်လို့ ထားပါတော့တယ်။
https://www.facebook.com/Scary-Myanmar-Chilli-336517150312232/
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။