ဟိုနေ့က အိမ်ရှေ့ကွန်ဂရစ်လမ်းမှာ လမ်းထဲက ကလေးအချို့ ဘောလုံးကစားနေတာကို မြင်မိတော့ စိတ်မကောင်းအတော်လေးဖြစ်သွားမိသည်။ တစ်ချိန်တုန်းက ဘောလုံးကစားဖို့အတွက် ကွင်းတွေပေါသလို၊ လမ်းမမှာကစားမယ်ဆိုရင်တောင် မြေနီလမ်းလေးဖြစ်တော့ ပြုတ်ကျတာတွေ၊ ချော်လဲတာတွေအတွက် ပွန်းပဲ့ရုံက လွဲပြီး ဘာမှမဖြစ်ဘူး။ ခုနောက်ပိုင်း တစ်ရပ်ကွက်လုံးမှာ မြေနီလမ်းဆိုတာမရှိတော့သလို ရပ်ကွက်ရဲ့ ကစားကွင်းလို့ဆိုရမယ့် ဘုန်းကြီးကျောင်းမြေကွက်လပ်ကလည်း ခုဆိုရင် နှစ်ထပ်ကျောင်းဆောင်၊ သုံးထပ်ကျောင်းဆောင်တွေ ဖြစ်လို့။
ခုနောက်ပိုင်းကလေးတွေကိုကြည့်ပြီး ကျွန်တော့်မှာ စိတ်မသက်မသာဖြစ်ရသည်။ ခုခေတ်ကလေးတွေ သစ်ပင်ပေါ်တက်ဆော့တဲ့ခံစားချက်ကိုမသိတော့ဘူး၊ မြေနီလမ်းက ခဲစူးစူးလေးတွေပေါ်မှာ ချော်လဲဖူးတဲ့ခံစားချက်ကိုမသိဘူး၊ ဆောင်းရာသီမနက်စောစောထပြီး မီးလှုံရတဲ့ခံစားချက်ကိုမသိဘူး၊ တစ်နာရီနှစ်ဆယ်ပေးပြီးငှားစီးရတဲ့ စက်ဘီးစီးရတဲ့အရသာကိုမသိဘူး၊ မြရာပင်ကိုမသိဘူး၊ ကံ့ကော်ပင်ကိုမသိကြဘူး၊ ကုလားမစည်းနင်းတာ၊ ဂျင်ပေါက်တာ၊ ရုပ်ရှင်ဖွက်တမ်းကစားတာမျိုးတွေကို မသိကြဘူး။ ခုခေတ်ကလေးတွေကိုကြည့်လိုက်ရင် ဖုန်းတစ်လုံးနဲ့ ခေါင်းလေးတွေတငုံ့ငုံ့နဲ့ဆော့နေကြတာ့ပဲ တွေ့ရတော့သည်။
ငယ်ငယ်တုန်းက ကျနော်တို့ ယောက်ျားလေးချည်းပဲဆိုရင် ဘောလုံးကန်မယ်၊ ဂျင်ပေါက်မယ်။ မိန်ကလေးတွေချည်းပဲဆိုရင် ထုတ်စည်းတိုးတာတို့၊ ကုလားမစည်းနင်းတာတို့ပေါ့။ ယောက်ျားလေးတွေ၊ မိန်းကလေးတွေစုံသွားရင်တော့ ရုပ်ရှင်ဖွက်တမ်းကစားတာတို့၊ ဆိုကြမယ်ပျော်ကြမယ် လုပ်တမ်း ကစားတာတို့ပေါ့။ ကျနော်ငယ်ငယ်လေးကတည်းက သဘောကျမိတာက ရုပ်ရှင်ဖွက်တမ်းကစားတာပဲ။ ရုပ်ရှင်ဖွက်တမ်းကစားဖို့အတွက် အနိမ့်ဆုံး ခြောက်ယောက်လောက်တော့ လိုသည်။ တစ်ဖက်ကို သုံးယောက်ပေါ့။ ရုပ်ရှင်ဖွက်တမ်းကစားတယ်ဆိုတာက ကျနော်တို့ကလေးဘဝမှာ တကယ့်ကိုဥာဏ်စမ်းကစားနည်းတစ်ခုပဲ။ ကိုယ့်ဘက်က အသင်းသားတစ်ယောက်ကို တစ်ဖက်ကအသင်းသားက ရုပ်ရှင်ဇာတ်ကားအမည်တစ်ခုကို တိုးတိုးလေးပြောပြသည်။ အပြောခံလိုက်ရတဲ့ ကျနော်တို့ဘက်က အသင်းသားက ကျနော်တို့အဖွဲ့နဲ့ဟိုဘက်အဖွဲ့ကြားထဲမှာ အသံတိတ်နဲ့သရုပ်ဆောင်ပြပြီး ဇာတ်ကားနာမည်ကို ဖော်ထုတ်ပြကြရတာဖြစ်သည်။ ပျော်စရာလဲကောင်းသလို ရယ်လဲရယ်ရသည်။ ရုပ်ရုင်ကားတွေကြည့်ဖို့အတွက်က ပူစရာမလို။ ကျနော်တို့ငယ်ငယ်တုန်းက ဝင်ကြေးတစ်ယောက်ငါးကျပ်နဲ့ မြန်မာဗီဒီယိုကားတွေ ပြတဲ့ရုံရှိသည်။
ကျနော်တို့ငယ်ငယ်တုန်းက သီချင်းနားထောင်ချင်ရင် လက်ဖက်ရည်ဆိုင်သွားရပြီး၊ မြန်မာကားကြည့်ချင်ရင် ဗီဒီယိုရုံသွားရတဲ့ ခေတ်ကိုး။
ငယ်ငယ်တုန်းက နေထက်လင်းတို့၊ သီဟတင်စိုးတို့ဆိုတာ ကျနော်တို့ရဲ့ ဟီးရိုးပဲ။ တော်လှန်ရေးကားတွေလာပြီဆို ကျနော်တို့သိပ်ပျော်တာ။ အချစ်ကားတွေ၊ ဘဝပေးကားတွေ မကြည့်ချင်ဘူး။ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ကားမှ ကျနော်တို့က ကြိုက်တာ။ ဗီဒီယိုရုံတွေက အဲဒီအချိန်တုန်းက တော်တော်လေးအလုပ်ဖြစ်တယ်ဆိုရမည်။ ဒီတစ်ကားထဲကိုပဲ နေ့ခင်းတစ်ခါပြသလို ညဘက်တစ်ခါပြသည်။ အဲဒီအချိန်တုန်းကတည်းက ခုခေတ်ဖေ့စ်ဘွတ်မှာလိုပဲ Spoiler ရှိတယ်ဗျ။ ကျနော်တို့က နွေရာသီမဟုတ်ရင် များသောအားဖြင့် ညဘက်ပွဲတွေပဲ ကြည့်ဖြစ်လေ့ရှိသည်။ နေ့ခင်းဘက်ကြည့်ပြီးတဲ့သူတွေက ညဘက်ပွဲတွေပါလာကြည့်ပြီး ဇာတ်လမ်းတွေကြိုပြောပြနေတာမျိုးပေါ့။ အဲဒီအချိန်ကျရင် ကျနော်တို့မှာ ဗီဒီယိုရုံပိုင်ရှင်ကို တိုင်ရသည်။ ဗီဒီယိုရုံပိုင်ရှင်က အဲဒီ Spoiler လုပ်နေတဲ့သူကို ရုံဝင်ကြေးပြန်ပေးပြီး ပြန်ခိုင်းလိုက်တာမျိုးတွေရှိသလို၊ သတိပေးတားမြစ်တာမျိုးတွေလည်း ရှိသည်။ မြန်မာဗီဒီယိုကားတွေက ညဘက်၇နာရီလောက်က စ ပြတာဆိုတော့ ပုံမှန်ဆိုရင် ည ၉နာရီလောက်မှာ ပြီးသည်။ ၉နာရီခွဲကို ဗီဒီယိုရုံတွေမှာ တစ်ပွဲရှိသေးတယ်ဗျ။ အဲဒီကားက နိုင်ငံခြားကားဖြစ်ပြီး ကလေးတွေနဲ့အမျိုးသမီးတွေကြည့်လို့မရဘူး။ ဆိုင်းဘုတ်မှာရေးထားတာ အမေရိကန်အမျိုးသမီးစွန့်စားမှု၊ ဂျပန်အမျိုးသမီးစွန့်စားမှု၊ ကိုရီးယားအမျိုးသမီးစွန့်စားမှု တို့ အဲလိုမျိုးတွေ ရေးထားတာတွေ့သည်။ ကျနော်တို့ထင်တာက ဂျက်မတို့၊ ဘိုမတို့လို အမျိုးသမီးအက်ရှင်ကားတွေထင်တာ။ နောက်မှ နားလည်သွားတာက အဲလိုမျိုးမဟုတ်ဘူး။ လက်ရှိကျနော်တို့တွေ ဖုန်းတွေထဲမှာ အလွယ်တကူကြည့်လို့ရတဲ့ အပြာကားတွေကို အဲဒီခေတ်က ဗမာကားရုံဝင်ကြေးရဲ့နှစ်ဆပေးပြီး ကြည့်ကြရတာ။ ခုချိန် အသက်လေးဆယ်အရွယ်လူတိုင်း အဲဒီခေတ်ကို ကောင်းကောင်းမှီလိမ့်မယ်ထင်သည်။
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမှတ်တရတွေလည်း ရှိခဲ့ဖူးသည်။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကဆိုတော့ ကျနော်တို့အသက်တွေအလွန်ဆုံးရှိလှ ၁၃ ၊ ၁၄ ပေါ့။ အဲဒီတုန်းက ကျနော့်သူငယ်ချင်းတစ်ယောက် ရပ်ကွက်ထဲနာမည်ကြီးသွားသေးသည်။
သူ့နာမည်က စိန်ဝင်း။ ခုချိန်ထိ မိန်းမမရသေးဘူး။ အဲဒီတုန်းက ဗမာကားတွေပြီးတော့ သူတို့ကျနော်တို့က အမျိုးသမီးစွန့်စားတဲ့ကားတွေကြည့်ချင်တော့ ခုံအောက်တွေထဲမှာဝင်ပုန်းနေတာ။ အဲဒီကားက မီးအမှောင်ချပြီးပြတာဆိုတော့ ကားလဲ စ ပြရော ကျနော်တို့ က ခုံအောက်တွေထဲက ထွက်ပြီး တိတ်တိတ်လေးကြည့်ကြတာပေါ့။ တစ်ရုံလုံးကလည်း တိတ်ဆိတ်ပြီး ရုပ်ရှင်ကားကလည်း အသံလုံးဝဖျောက်ထားတာ။ တံထွေးမျိုးချသံသဲ့သဲ့၊ ဆေးလိပ်မီးညှိသံနဲ့ ကွမ်းယာထုတ်စားတဲ့ အသံလောက်သာကြားရလိမ့်မည်။ ကားက ဇာတ်ရှိန်တက်နေပြီး အလယ်လောက်အရောက်မှာပဲ ဗီဒီရုံတစ်ခုလုံးမီးတွေပွင့်ပြီး ရဲတွေဝင်လာပါလေရော။ အားလုံးဝရုန်းသုန်းကားနဲ့ ထွက်ပြေးကြတာပေါ့။ ကျနော့်ဘော်ဒါကလည်း ကြောက်အားလန့်အားနဲ့ထွက်ပြေးတာ ချော်လဲပြီး ခုံနဲ့မေးစေ့နဲ့ဆောင့်မိလို့ လေးချက်ချုပ်လိုက်ရသည်။ အမှန်တကယ်တော့ ရဲ တွေလာဖမ်းတာက ကြည့်တဲ့သူကိုမဟုတ်ဘူး ပြ တဲ့သူကို လာဖမ်းတာ။ တိုင်တာက အခြားဗီဒီယိုရုံတစ်ခုက တိုင်တာ။ ကြားထဲက ကျနော့်ဘော်ဒါက အသက် ၁၃နှစ်နဲ့ အပြာကားကြည့်လို့ မေးစေ့ကွဲသွားတယ်ဆိုတဲ့ နာမည်ဆိုးကြီးတွင်သွားတာပေါ့။
ခုခေတ်ကလေးတွေ PUBG ပစ်တယ်ဆိုတာ ကျနော်တို့ငယ်ငယ်တုန်းက တိုက်ပွဲကို ဘယ်မီပါ့မလဲ။ ကျနော်တို့ငယ်ငယ်တုန်းက တပေါင်းလဆိုရင် ကျနော်တို့မြို့မှာ ဘုရားပွဲရှိသည်။ အဲဒီဘုရားပွဲကို ကျနော်တို့တွေသွားရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လေသေနတ်ဝယ်ဖို့ပဲ။ လေသေနတ်ဝယ်ပြီးရင် ကျနော်တို့တစ်လမ်းထဲသားတွေအကုန်လုံးစည်းရုံးသွားကြတာ။ ဟိုဘက်လမ်းဒီဘက်လမ်း လေသေနတ်တိုက်ပွဲတွေဖြစ်ကြသည်။ ခုချိန်မှာ ပြန်တွေးကြည့်ရင်တော့ တကယ်ကြောက်ဖို့ကောင်းတယ် အဲဒီတုန်းက လေသေနတ်ကော်ကျဉ်ဆံတွေဟာ ကျနော်တို့ မျက်လုံးနားတစ်ဝိုက် တစ်ဝဲလည်လည်ပဲ။ နောက်ပြီးတော့ အဲဒီအချိန်တုန်းက ဟိုဘက်လမ်းဒီဘက်လမ်းက ဖင်ချင်းပေါက်နေကြတာဆိုတော့ ကျနော်တို့ နှစ်လမ်းရဲ့ နယ်စပ်က အိမ်သာတွေကြားမှာ ဖြစ်လေ့ရှိသည်။ တစ်ခါများ တိုက်ပွဲက တော်တော်လေးပြင်းထန်သည်. တစ်ဖက်လမ်းက ကျနော်တို့ကို ထိုးစစ်ဆင်နေတဲ့အချိန်၊ အချိန်က နေ့ခင်းပိုင်း ကျနော်တို့တပ်ဖွဲ့က သုံးယောက်ကျသွားသည်။ (သုံးယောက်ကျတယ်ဆိုတာ သူတို့အိမ်က ထမင်းစားခေါ်သွားလို့ တိုက်ပွဲက ထွက်သွားတာကိုပြောတာ) ဒါပေမဲ့ တစ်ဖက်လမ်းကကောင်တွေ ကံဆိုးပုံရသည် ဒီကောင်တွေမှာ ကျည်ဆံအလုံအလောက်မပါလာဘူး ကျနော်တို့ဘက်ကို ပစ်သမျှကျည်ဆံတွေအားလုံးကို ကျနော်တို့ပြန်ကောက်ပြီး သူတို့ကို ထိုးစစ်ပြန်ဆင်ချိန်မှာ သူတို့တွေ ထွက်ပြေးကြသည်။ အဲဒီနေ့ဟာ ကျနော်တို့ နှစ်လမ်းရဲ့ လေသေနတ်တိုက်ပွဲနောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ မသိခဲ့ကြဘူး။ ကျနော်တို့ဘက်က နာမည်ကျော် စိန်ဝင်းက ထိုးစစ်လိုက်ဆင်ရင်း အိမ်နှစ်လုံးကြားက အိမ်သာကျင်းထဲ ပြုတ်ကျသွားတာက စ ပြီး ကျနော်တို့ရဲ့ တိုက်ပွဲလည်း တစ်ခန်းရပ်ခဲ့ရပြန်သည်။ စိန်ဝင်းခဗျာ အိမ်သာကျင်းထဲပြုတ်ကျလို့ ချီးတွေသေးတွေလဲပေသေး၊ အိမ်သာပိုက်ကျိုးသွားလို့ ပြန်လဲလျော်ရသေးနဲ့ မိအေးနှစ်ခါနာဆိုသလိုပါပဲ။
တကယ်ပါ ငယ်ငယ်တုန်းက ကျနော်တို့မှာ ရုပ်ဝတ္ထုတွေတော်တော်လေးရှားပါးခဲ့ပေမဲ့ ပျော်စရာတွေမရှားပါးခဲ့ပါဘူး။ ခုခေတ်မှာတော့ ပိုက်ဆံမရှိရင် ကလေးတစ်ယောက်အတွက် လွတ်လပ်ပျော်ရွှင်စွာကစားဖို့ မလွယ်ကူတော့တဲ့ သဘောတွေ တွေ့ရသည်။ နယ်ဘက်တွေမှာတော့ ခုချိန်ထိ ဖွံ့ဖြိုးမှုအားနည်းနေသေးတယ်ဆိုပေမဲ့ သစ်ပင်တွေရှားပါးလာတာ၊ ရုပ်ဝတ္ထုတွေတိုးတက်လာတာတွေကြောင့် ကျနော်တို့ငယ်ငယ်တုန်းက ကလေးဘဝလောက် ပျော်စရာမကောင်းတော့တာတော့ အမှန်ပါပဲ။ ။
ခြူသစ်မောင်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။