
ဆံချည်မျှင်နှင့်တားပါ့မယ်
ကိုသန့်ဇင်လင်းသည်မှိုင်းညို့ညို့ဖြစ်နေသောမိုးသားများကိုမော့
ကြည့်ရင်း ဆိုင်ကယ်လီဗာကိုတင်လိုက်သည်။ ချစ်သူဖြစ်သူ ရွှေရည်
နှင်း ကိုသူမ အလုပ်ဆင်းချိန်ကြိုပြီး အိမ်သို့အမြန်ပြန်ပို့ရပေမည်။
မိုးမိမည်စိုးသည့်စိတ်ကသူ၏အတွေးထဲကြီးစိုးနေ၏။ ဖြစ်နိုင်လျှင်
ချစ်သူကိုမိုးမမိစေလို။ ထို့ကြောင့် ကောင်းကင်ကိုမော့ကြည့် မော့
ကြည့်ဖြင့် အမြန်မောင်းလာခဲ့လေသည်။
အလုပ်ဆင်းချိန်ထက်အနည်းငယ်စောပြီးရောက်နှင့်နေသဖြင့် သစ်
ပင်အောက်တွင် ဆိုင်ကယ်ရပ်ကာ ဆိုင်ကယ်ပေါ်မှထိုင်စောင့်နေ
သည်။ မကြာခင် ရွှေရည်နှင်းသည် သူမ၏ ကုမ္ပဏီမှ ထွက်လာသည်
ကိုတွေ့သဖြင့် ချစ်သူကိုငေးကြည့်နေမိသည်။ ရွှေရည်နှင်းက ဖွေးဥ
နေသောအသားပေါ်တွင် အဝါရောင်ဝမ်းဆက်ကလေးဝတ်ကာ ဆံပင်
ကိုဖြန့်ချထားသည်။ သူမ၏ဆံပင်က တင်ပါးအောက်တွင်ဝဲနေ၏။
ဖြောင့်စင်းနက်မှောင်နေသောပိတုန်းရောင်ကေသာက လေရိပ်မိုးရိပ်
အဝေ့အဝိုက်တွင် လွှင့်ဝဲနေသည်မှာ ကိုသန့်ဇင်လင်းအဖို့ အသက်ရှု
ပင်မှားလောက်စရာဖြစ်နေချေတော့သည်။
"" မောင်... ရောက်နေတာကြာပြီလား ""
"" အခုလေးတင်ရောက်တာ နှင်းရဲ့ ""
ရွှေရည်နှင်းက အပြုံးတစ်ပွင့်ချွေရင်း
"" နှင်း ဗိုက်ဆာတယ်မောင်... မုန့်လိုက်ကျွေးပါ '"'
ကိုသန့်ဇင်လင်းကကောင်းကင်သို့တစ်ချက်မော့ကြည့်လိုက်သည်။
မိုးလေးကတစ်ဖျောက်နှစ်ဖျောက်ကျဆင်းလာနေ၏။ ရွှေရည်နှင်း
လည်း လိုက်မော့ကြည့်ကာ
"" မိုးက မိုးပြေးပါမောင်ရယ်... ရွာမယ်မထင်ပါဘူး ""
"" နှင်းမိုးမိပြီးဖျားမှာစိုးလို့ပါကွာ... နှင်းဖျားရင် မောင်ကဆေးမတိုက်
တတ်ဘူး ""
"" အဟင်း...နှင်းဂျီကျလို့လား... ""
သန့်စင်လင်းကခေါင်းညိမ့်ပြရင်း ရွှေရည်နှင်းကိုပြုံးကာကြည့်နေ၏။
"" မောင်ကလဲလေ... နှင်းကဂျီမကျပါဘူးနော် ""
"" ဟုတ်ပါတယ်...ဂျီမကျဘူး ""
ချစ်သူနှစ်ယောက်မှာ သဘောကျစွာပြုံးပြီး ဆိုင်ကယ်မောင်းထွက်
လာခဲ့တော့သည်။ ရွှေရည်နှင်းက ဆိုင်ကယ်ပေါ်တစ်စောင်းလေး
ထိုင်လိုက်ရင်း သူမ၏ဆံနွယ်များကို အရှေ့ဖက်ကိုဆွဲယူလိုက်၏။
ဆိုင်ကယ်ပေါ်တွင်စကားတပြောပြောဖြင့် စားသောက်ဆိုင်ဖက်သို့
ဦးတည်လာရင်း လေကြမ်းကြမ်းက မျက်နှာချင်းဆိုင်ဖက်မှ ဝေါကနဲ
တိုက်ခတ်လာတော့သည်။ ထို့နောက်လေနှင့်အတူမိုးပါကျလာလေ
သည်။ လေပြင်းကြောင့် ရွှေရည်နှင်းမျက်လုံးထဲ အမှိုက်ခံကာ မျက်စိ
ကကောင်းစွာဖွင့်မရဘဲ ခိုးလိုးခုလုခံနေသလိုခံစားနေရသဖြင့် လက်
နှင့်အသာအယာပွတ်သပ်လိုက်သည်။
ကံကြမ္မာကမည်ကဲ့သို့တိုက်ဆိုင်သည်မသိ။ မျက်စိထဲဝင်နေသော
အမှိုက်စဆီသို့အာရုံရောက်နေစဉ် လေပြင်းနှင့်အတူ မိုးကသည်း
လာသောကြောင့် ကိုသန့်စင်လင်းက လီဗာကိုဆွဲတင်လိုက်သည့်
အခါ သူမ၏ဆံပင်တစ်ခုလုံးဆောင့်ဆွဲခံလိုက်ရသလိုဖြစ်ပြီး လွှင့်
ထွက်သွားတော့၏။ လှပသောဆံနွယ်များက မရဏသေမင်းနှယ်။
ဆိုင်ကယ်ဘီးတွင်ရစ်ပတ်ပြီး ကတ္တရာလမ်းမပေါ်တရွတ်တိုက်ပါလာ
ပြီး သန့်စင်လင်း၏ဆိုင်ကယ် မှောက်သွားတော့သည်။ ထိုလျှပ်
တပြက်အခိုက်အတန့်လေးတွင် ရွှေရည်နှင်းကို လမ်းမကြီးပေါ်မှ အရှိန်
ဖြင့်မောင်းလာသည့် ရေသန့်ကားကြီးကဖြတ်တိုက်သွားလေသည်။
ရွှေရည်နှင်း၏ခန္ဓာကိုယ်မှာ ပေ ၂၀ ခန့်အဝေးသို့လွှင့်ထွက်သွားပြီး
ဆံပင်အုံကြီးမှာ ဆိုင်ကယ်ဘီးတွင် ရစ်ပတ်လျှက် ဆိုင်ကယ်နောက်
ဘီးကလည်နေ၏။ သန့်စင်လင်းလည်းသတိမေ့မျောနေချေပြီ။ ကံ
မကောင်းအကြောင်းမလှသူ ရွှေရည်နှင်းမှာတော့.....။
"" ဒေါက်....ဒေါက် ""
"" သားရေ... သား ""
သန့်စင်လင်းသည် အိပ်ရာထက်ခွေနေရာမှ ဖြည်းညင်းစွာထလိုက်
ကာ အခန်းတံခါးကိုဖွင့်ပေးလိုက်၏။ သူ၏အခန်းဝတွင်ရပ်နေသည့်
မိခင်မှာ ကိုသန့်စင်လင်းကိုကြည့်ပြီး အားမလိုအားမရဖြစ်နေရှာသည်။
ရွှေရည်နှင်းဆုံးပါးသွားကတည်းက သားဖြစ်သူမှာ အေးတိအေးစက်
နှင့် စကားနည်းသွားသဖြင့် စိတ်ပူပန်နေရသည့်အပြင် ညဖက်ဆို
လျှင် တစ်ယောက်ထဲစကားတွေပြောနေတတ်သဖြင့် ပို၍ပူပန်နေ
ရရှာပေသည်။ ရွှေရည်နှင်းမရှိတော့သော်လည်း သန့်စင်လင်း၏
အခန်းနံရံများပေါ်တွင် ရွှေရည်နှင်း၏ ဓါတ်ပုံများကိုကပ်ထားမြဲ။
လွန်ခဲ့သည့် တစ်လကျော်ကျော်ခန့်က ရွှေရည်နှင်း သေဆုံးပြီး
နှစ်ပတ်လည်ညတွင် ရွှေရည်နှင်းသေဆုံးသည့် လမ်းပေါ်၌ ညဖက်
အချိန်ကြာကြာသွားထိုင်နေတတ်သေးသည်။ ယခုအချိန်ထိ တမှိုင်
မှိုင်ဖြစ်နေပြီး အလုပ်လည်းစိတ်မပါတပါလုပ်ကိုင်နေသော သားဖြစ်သူ
ကို ဒေါ်ငြိမ်းအေး စိတ်မအေးနိုင်။ ထို့ကြောင့်လည်း သမီးအငယ်လေး
ကျောင်းပိတ်ချိန် အိမ်သို့ခဏပြန်လာစဉ်တွင် မိသားစု ဘုရားဖူးခရီး
လေးသွားကြရန်ပူဆာသဖြင့် သန့်စင်လင်းကိုလာတိုင်ပင်ခြင်းဖြစ်
လေ၏။
"" ကျွန်တော်ဘယ်မှမသွားချင်ဘူး မေမေ ""
"" လိုက်ခဲ့ပါသားရဲ့... ဒီလိုကြီးမနေနေနဲ့လေ... မေမေစိတ်ညစ်လာ
ပြီ... ""
"" မေမေတို့ပဲသွားကြပါဗျာ... သားအိမ်စောင့်ပေးမယ် ""
"" သားမပါဘဲ မေမေတို့ကသွားလို့ဘယ်ဖြစ်မလဲ ""
"" ညီမလေးလည်းသွားချင်နေတာမလား...သူ့ကိုလိုက်ပို့ပေးလိုက်
ပါ... သားအလုပ်ရှိသေးတယ်မေမေ... ဒီတစ်ပတ်ထဲ ဆိုက်
အသစ်ဆင်းရမယ် ""
မိသားစုများကမည်သို့ပင်ခေါ်ခေါ် မလိုက်လိုဟုတွင်တွင်ငြင်းဆန်နေ
သဖြင့် နောက်ဆုံး သန့်စင်လင်းကို အိမ်တွင်ချန်ခဲ့ပြီး အနီးတဝိုက်သို့
၂ည အိပ်သာသွားတော့မည်ဟုဆုံးဖြတ်လိုက်ကြလေတော့သည်။
သောကြာနေ့ညနေတွင် ဖခင်ဖြစ်သူလည်းရုံးပိတ်ရက်ရောက်ပြီဖြစ်၍
သန့်စင်လင်းကိုချန်ခဲ့ကာ ခရီးစထွက်ကြလေသည်။ သန့်စင်လင်း
လည်း အိမ်တွင်တစ်ယောက်တည်း ကျန်ခဲ့မှ စိတ်လွတ်ကိုယ်လွတ်
ဖြစ်ပုံရသည်။ ရွှေရည်နှင်း၏ ဓါတ်ပုံကိုရင်ဘတ်ပေါ်တင်ကာ အားရ
ပါးရ ငိုချပစ်တော့သည်။
"" နှင်းရယ်... မောင်...အရမ်းဝမ်းနည်းတာပဲ... အရမ်းလည်းလွမ်း
တယ်... ဒီနှစ်ထဲမှာ နှင်းမရှိဘဲ မောင့်တစ်ယောက်ထဲ အသက်ရှင်
ရတာ သိပ်ပင်ပန်းတယ်ကွာ... ""
သန့်စင်လင်းသည် အားရအောင် ငိုရှိုက်လိုက်သည်။ ထိုစဉ်နံရံတွင်
ကပ်ထားသည့် ရွှေရည်နှင်း၏ ဓါတ်ပုံတစ်ပုံက ပြုတ်ကျလာလေသည်။
သန့်စင်လင်းက ထိုဓါတ်ပုံကို ကောက်ယူလိုက်ပြီး...
"" ဒါပေမယ့် နှင်းရယ်... မောင် ဒီလိုကြီးဆက်နေနေလို့လည်းမဖြစ်
တော့ပြန်ဘူး...နှင်းသိလား... မေမေက မောင့်ကို ကြည့်ပြီး ဝမ်းနည်း
နေပြီ... ခုရက်ပိုင်းလေးတော့ နှင်းကိုအဝလွမ်းပါရစေ... မေမေတို့ပြန်
လာတဲ့အခါ အရင်ထက်အလုပ်ကိုပိုကြိုးစားတော့မယ်... မောင့် မိဘ
နဲ့ ညီမလေးအတွက် မောင်က နှင်းမရှိဘဲရှင်သန်ရဦးမှာ ""
"" ဝုန်း ""
အခန်းအပြင်ဖက်မှ တံခါးဆွဲပိတ်သံကြောင့် ဓါတ်ပုံကိုင်ကြည့်ပြီး
ပြောနေရာမှ နားစွင့်လိုက်၏။ ဓါတ်ပုံကိုစားပွဲပေါ်သို့တင်ကာ အခန်း
တံခါးဖွင့်ပြီး ထွက်ကြည့်လိုက်သည်။ အိမ်ထဲရှိတံခါးများက အားလုံး
ပိတ်ထားပြီးသည်ကို မည်သည့်နေရာမှ တံခါးပိတ်သံထွက်လာရ
သနည်းဟု သန့်စင်လင်း စဉ်းစားမရပေ။ လူကလည်း မှိုင်ထွေထွေ
ဖြစ်နေသဖြင့် အခန်းဆီသို့ပြန်လည်လျှောက်လာခဲ့လေသည်။ အခန်း
ဝတွင်ရပ်ပြီး အခန်းထဲကြည့်လိုက်သည့်အခါ ပြူတင်းပေါက်နားတွင်
ရပ်နေသည့် မည်းမည်းအရိပ်တစ်ခုကို သူလှမ်းမြင်လိုက်သည်။
ထိုအရိပ်ကိုတွေ့သည်နှင့် မည်သူဆိုသည်ကို သူသိရှိနေပြီ။
"" နှင်း.... နှင်း... ""
ထိုမည်းမည်းအရိပ်ရှိရာသို့ ပြေးသွားကာ လှမ်းဖက်ပစ်လိုက်၏။ အေး
စက်စက်အထိအတွေ့တစ်ခုကိုခံစားလိုက်ရပြီး သူ ဖက်တွယ်ထား
သောအရာက ဘာမှမရှိနေချေ။ ထိုအချင်းအရာကြောင့် သန့်စင်လင်း
သည် စားပွဲခုံအံဆွဲကို သော့ဖြင့်ဖွင့်လိုက်တော့သည်။ အံဆွဲထဲတွင်
သေတ္တာလေးတစ်လုံးကို ထုတ်ယူပြီး ဖွင့်ကြည့်လိုက်၏။ ထိုအရာ
သည် အရာမယွင်းဘဲ ရှိနေသေးသည်။ သေတ္တာလေးထဲမှ ထုတ်ကာ
နမ်းရှိုက်ပစ်လိုက်လေသည်။ ရွှေရည်နှင်း သေဆုံးခဲ့စဉ်က သူ၏ဆိုင်
ကယ်ဘီးတွင် ရစ်ပတ်နေသော ဆံနွယ်စများ။ သူ ဘယ်အချိန်ထုတ်
နမ်းနမ်း ချစ်သူ၏ အငွေ့အသက်ကိုရနေ၏။
သူ၏စိတ်ကထင်ယောင်ထင်မှားဖြစ်ခဲ့သည်လား။ သူ၏အနားတွင်
ရွှေရည်နှင်း ရှိနေသည်လား။ တခါတခါ ဝေခွဲမရနေပေ။ အိမ်သား
များက ထိုကိစ္စကို မသိရှိကြပေမယ့် သန့်စင်လင်း၏ အခန်းထဲတွင်
သူတစ်ယောက်ထဲရှိချိန်ဆို တခါတရံ ရွှေရည်နှင်း၏ အရိပ်လိုလို
မြင်တွေ့ရတတ်သည်။ သန့်စင်လင်းလည်း အိတ်ထဲထိုဆံပင်ကို
ထည့်လိုက်၏။
"" မောင်လေ... ဒါလေးကိုစွန့်လွတ်ပေးလိုက်ပါတော့မယ်နှင်းရယ်...
မောင့်ဆီမှာထားထားရင် နှင်းစိတ်ဖြောင့်ဖြောင့်မသွားနိုင်မှာစိုးလို့...
မနက်ဖြန်ကြရင် မောင် လုပ်သင့်ရာလုပ်ပါတော့မယ်ကွာ ""
ပြောလိုက်ငိုလိုက်ဖြင့် ကြမ်းခင်းပေါ်တွင်လဲလျောင်းရင်း မောပန်းကာ
အိပ်ပျော်သွားလေတော့သည်။
"" တူ...တူ...တူ...""
နားထဲစူးရှစွာကြားနေရသည့် ဖုန်းမြည်သံကြောင့် မျက်လုံးမဖွင့်ဘဲ
လက်ဖြင့် ဘေးဘီကိုစမ်းကြည့်လိုက်၏။ သူရောက်နေသည်က ကြမ်း
ပြင်ပေါ်။ ဖုန်းမြည်နေသည်က ကုတင်ပေါ်။ ထို့ကြောင့် အတင်းရုန်းထ
လိုက်ပြီးဖုန်းကိုင်လိုက်သည်။
"" ဆရာ... ဒီဆိုက်မှာဘာဖြစ်နေတယ်မသိဘူး... တိုင်ထောင်လို့
မရဘူးဖြစ်နေတယ်... ""
"" အေ...အေ... ငါအခုထွက်လာပြီ ""
မျက်နှာကမန်းကတန်းသစ်ပြီး အဝတ်အစားအမြန်လဲကာ အိတ်ယူ
ပြီး ဆိုင်ကယ်ဖြင့် ဆိုက်ထဲသို့ထွက်လာခဲ့သည်။ သန့်စင်လင်းက
BE.Civil ဖြင့်ကျောင်းပြီးပြီးကတည်းက ဖခင်၏မိတ်ဆွေတည်
ထောင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးတွင် အလုပ်ဝင်
ရောက်လုပ်ကိုင်ခဲ့သည်။ ကုမ္ပဏီကကြီးသလိုအခွင့်အရေးလည်း
ရသည်။ ယခုလည်း ဆိုက်အသစ်တစ်ခုကို သန့်စင်လင်းကို ဦး
ဆောင်စေခိုင်းခဲ့သည်။
ထိုဆိုက်လေးအောင်အောင်မြင်မြင်ပြီးမြောက်သွားလျှင် သန့်စင်လင်း
ကို နိုင်ငံခြားခရီးစဉ်လွှတ်မည့်အထဲ ထည့်သွင်းပေးမည်ဟု ဆိုသည်။
သန့်စင်လင်းလည်း ပြည်ပသို့သာထွက်ခွါချင်နေသဖြင့် ယခုဆိုက်
လေးကို အားကြိုးမာန်တတ်ကြိုးစားမည်ဟုဆုံးဖြတ်ထားလေ၏။
ဆိုက်ထဲသို့ရောက်သောအခါ ဖောင်ဒေးရှင်းချတိုင်ထောင်ရန် မြေ
ကျင်းတူးထားပြီးဖြစ်သော်လည်း သံဖရိန်စိုက်ထူ၍ မရနေပေ။
အောက်ခြေသို့မဆွဲဘဲဖြစ်နေသည်။
"" ထပ်တူးကွာ... မရသေးဘူး ""
"" ထပ်တူးရင်ဆရာ... ဟိုဖက်တိုင်နဲ့ စကေးနဲနဲကွာသွားတယ်ဆရာ""
သန့်စင်လင်းလည်း ဟိုဖက်ဒီဖက်တိုင်တို့၏ အလျားအနံစကေးများ
တိုင်းခိုင်းပြီး ထောင်၍မရသည့်တိုင်ဘေးတွင်ရပ်စစ်လိုက်သည်။ သူ
၏အိတ်ကိုဘေးမှခုံပေါ်သို့လှမ်းတင်လိုက်၏။ ထောက်တိုင်ဆင်မည့်
ဘေး၏ ၅ပေ လောက်အကွာတွင် အလုပ်သမားတစ်ယောက်က
ဂတ်မီးဖိုအသေးလေးဖြင့် ရေနွေးကြိုနေသည်။
"" ထောင်တော့မလားဆရာ ""
"" အေ... ထောင်မယ်... ""
အလုပ်သမား လေး ငါးယောက်က သံတိုင်ကြီးကို အားဖြင့် ' မ '
ကာ ကျင်းထဲထောင်ထည့်ကြသည်။ သံတိုင်သည် ကျင်းထဲမှ ရုတ်
တရက်လဲကျလာပြီး ဂတ်မီးဖိုရှိရာသို့ ဝုန်းကနဲ ပြုတ်ကျသွားလေ
ရာ အလုပ်သမားများလိုက်ထိန်း၍ မရခဲ့ချေ။ သံတိုင်၏အလေးချိန်ပိမိသဖြင့် ဂတ်မီးဖိုကပေါက်ကွဲတော့သည်။ ပြင်းထန်သောအသံနှင့်အတူ ဘေးနံရံတွင် တစောင်းထောင်ထားသောသံချောင်းများ လဲကျလာပြီး အလုပ်သမားများနှင့် သန့်စင်လင်းပေါ် ပိကျလာလေတော့သည်။
အဖြစ်အပျက်ကမြန်ဆန်လွန်းလှ၏။ သန့်စင်လင်းလည်း မှောက်ရက်
လဲကျပြီး ထိတ်လန့်နေစဉ်တွင် မိမိမှာ နာကျင်ခြင်းမရှိသဖြင့် လဲနေ
ရာမှလှည့်ကြည့်သောအခါ မျက်လုံးများပင်ပြူးကျယ်သွားခဲ့ရလေ
တော့၏။ သန့်စင်လင်းပေါ် ပိလာမည့်သံချောင်းသည် သန့်စင်လင်း၏
ကိုယ်ခန္ဓာနှင့် လက်လေးလုံးခန့်သာလွတ်နေပြီး ထိုသံချောင်းကြီးကို
သူ၏ခြေရင်းဖက်ဆီမှ ရှည်လျားသောဆံပင်က ရစ်ပတ်ကာဆွဲယူ
ထားသည်။ သန့်စင်လင်းလည်း ဘေးသို့ခပ်မြန်မြန်ရှောင်ဖယ်လိုက်
သည့်အခါမှ ဆံနွယ်ရှည်ကြီးမှာ သံချောင်းကြီးကိုလွှတ်ချပြီး ပျောက်
ကွယ်သွားလေ၏။
အလုပ်သမားများက မြန်ဆန်လှသောအဖြစ်အပျက်ကြောင့် ဆံနွယ်
ရှည်ကြီးကို မမြင်ကြသည်လားမသိပေ။ သန့်စင်လင်းမှာ ထိခိုက်မှု
မရှိသဖြင့်လည်း သတိမထားမိကြခြင်းဖြစ်ပေမည်။ ဒဏ်ရာရသွား
သော အလုပ်သမားများကို ထူမ ပေးနေကြ၍ သန့်စင်လင်းကို
ဂရုမစိုက်အားကြသေးချေ။ သန့်စင်လင်းလည်း ကြောင်တောင်
တောင်ဖြင့် ဆံနွယ်ရှည်ကြီးကို လိုက်လံရှာဖွေလိုက် သူယူဆောင်
လာသည့်အိတ်ကိုဖွင့်ကာ ဆံပင်ထုံးကို ထုတ်ကြည့်လိုက်ဖြင့် မှင်
သက်နေတော့၏။
ထိုသံချောင်းကြီးသာ ပိမိပါက သန့်စင်လင်းလည်း ဒဏ်ရာအတော်
ကြီးကြီးမားမားရရှိနိုင်ပေသည်။ ယခုအခါ မည်သူမှမသိရှိပါဘဲ လာ
ကယ်တင်သွားသော ဆံနွယ်ပိုင်ရှင်ကို သူသိနေသည်။ ခံစားမိနေ
သည်။ သန့်စင်လင်းမျက်ရည်များဝဲတက်လာသဖြင့် စိတ်ထိန်းကာ
"" ဆေးရုံပို့ပေးလိုက်ကြ... ရော့...လောလောဆည် ၁သိန်းယူ
သွား... လိုရင် ရုံးမှာဝင်ထုတ်လိုက်... ""
မှာစရာရှိသည်များကိုမှာပြီး အိတ်ကိုယူကာ ထွက်လာခဲ့လေသည်။
ထိုနေရာသည် မြို့အပြင်ဖက်နှင့် ၈မိုင်ခန့်ဝေးသည်။ စမ်းချောင်းလေး
က သာယာသဖြင့် လူသိများလှသည်။ ပုလောချောင်းဟု နာမည်ရှိ
ပြီး ငါးဖမ်းသူအနည်းငယ်သာရှိ၏။ ချောင်းနံဘေးတွင် သန့်စင်လင်း
သည် ဆိုင်ကယ်ကိုရပ်လိုက်သည်။ ထို့နောက် လမ်းတွင်ဝယ်ယူလာ
သော စတီးရေဖလားကိုထုတ်ယူပြီး ချလိုက်လေသည်။ အိတ်ထဲမှ
ဆံပင်ထုံးကို ထုတ်ယူပြီး တစ်ရှိုက်မက်မက်နမ်းရှိုက်ပစ်လိုက်ကာ
"" အေးချမ်းတဲ့ဘဝမှာ နေပါတော့နှင်းရယ်... နှင်းကိုခုလိုဘဝမျိုး
မှာ အကြာကြီးနေရအောင်လုပ်မိသလိုဖြစ်ခဲ့တဲ့အတွက် မောင့်ကို
ခွင့်လွတ်ပါနော်... မောင်လေ... နှင်းကို ချစ်လွန်းလို့ ဒီဆံနွယ်လေး
တွေကို သိမ်းထားမိတာပါ... အခုတော့ မောင်နားလည်ပြီ...နှင်း
ကို လွတ်လပ်တဲ့ဘဝကို ပို့ပေးပါတော့မယ် ""
ဟုဆိုရင်း ဆံပင်ထုံးကိုမီးရှို့လိုက်လေတော့သည်။ ကျန်ရစ်သည့်
ပြာများကို ချောင်းထဲမျောရင်း သန့်စင်လင်းတစ်ယောက် ပါးပြင်
ပေါ်၌ မျက်ရည်များကကျဆင်းနေသည်။
"" မောင် ""
သူ၏နဘေးတွင် ခပ်တိုးတိုးခေါ်နေသံလိုလို... လိုက်ပတ်ရှာကြည့်
သည်။ သို့သော်မတွေ့။
"" မောင်....""
အသံကတဖြည်းဖြည်းဝေးကွာလာသလိုလိုရှိသည်။ သန့်စင်လင်း၏
ရင်ထဲ စူးနစ်ကာနာကျင်လာလေသည်။
"" နှင်းလား... နှင်းလားဟင် ""
"" မောင်...... ""
ယခုတခေါက်အသံက ပို၍ပို၍ ဝေးကွာသွားပြီး ပျောက်ကွယ်သွား
လေတော့၏။
"" နှင်းရယ်... ""
သန့်စင်လင်းမှာ ရေချောင်းအတွင်းမျောပါသွားသည့် ဆံပင်ထုံး၏
ပြာမှုန့်များကို လိုက်ငေးရင်း နှုတ်မှအကြိမ်ကြိမ်အော်ခေါ်နေလေ
တော့လေတည်း။
သော်တာလမင်းစန္ဒာ
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။