
ခပ်လှမ်းလှမ်းတွင် လက်တားနေသည့် လူတစ်ယောက်ကို ကားမီးရောင်အောက်တွင် မြင်တွေ့လိုက်ရသဖြင့် စက်
ရှိန်ကိုလျှော့ချကာ အသေအချာကြည့်လိုက်သည်။ တဖြည်းဖြည်းနီးကပ်လာသည်နှင့် လက်တားနေသူသည် အမျိုးသား
မဟုတ်ဘဲ အမျိုးသမီးတစ်ဦးဖြစ်နေသည်။ အချိန်ကလည်း မနက်တစ်နာရီထိုးရန် ဆယ်မိနစ်သာလိုတော့သဖြင့် ယခုလို
အချိန်မျိုး၌ လမ်းပေါ်လက်တားသူသည် အကူအညီတောင်းခံမည့်သူလည်းဖြစ်နိုင်သလို မရိုးသားသည့်အကြံအစည်ဖြင့်
လက်တားခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ အချိန်မတော်လက်တားနေသူသည် အမျိုးသမီးတစ်ဦးဖြစ်နေသဖြင့်
ကားရပ်ပြီးမေးမြန်းကြည့်ရန် ကိုဆွေဝင်းဆုံးဖြတ်လိုက်လေသည်။
ဆံပင်ဖျားလားချထားပြီး ထဘီဖရိုဖရဲဖြစ်နေသည့်အမျိုးသမီးက ထိတ်လန့်တကြားဖြင့် ကားဆီသို့ပြေးလာနေသဖြင့်
သတိထားပြီးစောင့်ကြည့်နေလိုက်သည်။ အနီးအနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါမှာလည်းလူနေအိမ်ခြေဟူ၍မရှိ
ဘဲ သစ်ပင်များကိုသာ မီးရောင်အောက်တွင် မြင်တွေ့နေရသည်။
“ ဘာအကူအညီပေးရမလဲခင်ဗျ”
အမျိုးသမီး၏အနီးသို့ ကားရပ်လိုက်ပြီးမှန်ကိုချကာ သတိဖြင့်မေးလိုက်သော်လည်း အမျိုးသမီးက မည်သည့်စကား
မျှမပြောဘဲ မျက်ကလဲဆန်ပြာဖြင့် တစ်နေရာကိုသာ လက်ညှိုးထိုးပြနေသည်။
“ ဘာဖြစ်တာလဲ၊ ဘာအကူအညီပေးရမလဲခင်ဗျ ”
ကိုဆွေဝင်းက ထပ်မေးသော်လည်း အမျိုးသမီးထံမှ စကားသံထွက်မလာဘဲ တစ်နေရာကိုသာ လက်ညှိုးထိုးပြနေသဖြင့်
အမျိုးသမီးလက်ညှိုးညွှန်ပြနေသည့်နေရာကို ကြည့်လိုက်သည့်အခါ မည်သည့်အရာကိုမျှမတွေ့သောကြောင့် ကိုဆွေဝင်း သံသ
ယဝင်လာခဲ့သည်။ အဖော်ပါမလာဘဲ တစ်ယောက်တည်းဖြစ်နေသည့်အတွက် အမျိုးသမီးလက်ညှိုးညွှန်ပြရာသို့ ကားပေါ်မှ
ဆင်းပြီးသွားရောက်ကြည့်ရှုရန်က မည်သို့မျှမဖြစ်နိုင်ပေ။ အမျိုးသမီးကို အသေအချာလေ့လာကြည့်သည့်အခါ ဝတ်ဆင်ထား
သည့်အဝတ်အစားက တန်ဖိုးရှိပြီး လက်ဝတ်လက်စားများလည်း ဝတ်ဆင်ထားသဖြင့် ကိုဆွေဝင်း စဉ်းစားရခက်နေသည်။
သို့သော်လည်း အချိန်ကာလနှင့် နေရာဒေသသည် သင့်တော်သည့်ကာလံဒေသံမဟုတ်သည့်အတွက် ထိုနေရာမှ အမြန်
ဆုံးထွက်သွားရန်ဆုံးဖြတ်လိုက်ရတော့သည်။
ကားဘီးစလှိမ့်လိုက်သည့်အချိန်တွင် အမျိုးသမီးက ကားနောက်ခန်းတံခါးကို ဆွဲဖွင့်ပြီး ဝင်ထိုင်ရန်ပြင်လိုက်သဖြင့်
အမျိုးသမီး၏ပုံသဏ္ဌာန်သည် မူမှန်သည့်ပုံသဏ္ဌာန်မဟုတ်သောကြောင့် အန္တရာယ်ရှိနိုင်သည်ဟုတွက်ဆကာ အမြန်မောင်း
ထွက်လိုက်သည်။
“ ---------- ”
“ ဘုံး….. ဘုံး…”
ကားနောက်ပိုင်းကို ထုနှက်လိုက်သည့် အသံကိုကြားလိုက်ရသဖြင့် နောက်ကြည့်မှန်မှ ကြည့်လိုက်သည့်အခါအမျိုးသ
မီးကိုမတွေ့ရတော့သဖြင့် ကိုဆွေဝင်း၏စိတ်ထဲ၌ တစ်မျိုးတစ်မည်ဖြစ်သွားပြီးကြောက်ကြောက်လန့်လန့်ဖြင့် လီဗာကို ဖိ
နင်းလိုက်တော့သည်။
********************
“ ခင်ဗျားပြောတာ တကယ်လား ကိုဆွေဝင်း”
“ ငါပြောတာကို မယုံလို့လား ”
“ မယုံလို့ပြောတာမဟုတ်ပါဘူး။ အမြန်လမ်းမကြီးက သိတဲ့အတိုင်းပဲ။ တစ်ခါတစ်လေ လမ်းလယ်ပေါ်မှာဆိုင်ကယ်တွေ့လို့
ဟွန်းတီးပြီးရှောင်မယ်လုပ်တာနဲ့ ပျောက်သွားတာ ကိုယ်တိုင်ကြုံခဲ့ဖူးတယ်။ မယုံလို့ဝင်တိုက်ပြန်ရင်လည်း တကယ်ဟုတ်နေ
ရင်သူလည်းဒုက္ခရောက် ကိုယ်လည်းဒုက္ခရောက်ကုန်မှာ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ဆိုင်ကယ်တစ်စီးက လမ်း
ဘေးကနေ လမ်းပေါ်ကို ထိုးတက်လာတာမြင်လိုက်လို့ စက်ရှိန်ကိုအမြန်လျှော့ပြီးညာဘက်ကိုကပ်မောင်းလိုက်ရတယ်တဲ့။
ဆိုင်ကယ်က မီးမပါဘူးတဲ့ဗျ။ သူလည်း ဒေါသထွက်ထွက်နဲ့ ဟွန်းတီးပြီး ဆိုင်ကယ်နောက်ကို ကပ်သွားတဲ့အခါ ဆိုင်ကယ်
နောက်ကထိုင်လိုက်လာတဲ့သူက ကိုယ်မလှည့်ဘဲ ခေါင်းချည်းပဲလှည့်ကြည့်လို့ သူအတော်လန့်သွားတယ်။ သူလည်း ဖြစ်ချင်
ရာဖြစ်ဆိုပြီး ဆိုင်ကယ်ကိုဝင်တိုက်တော့ ဆိုင်ကယ်က ပျောက်သွားတယ်တဲ့ ”
“ ငါဆို မတိုက်ရဲဘူးကွ။ မတော်လို့ တကယ့်လူဆိုရင် ဘယ်လိုလုပ်မလဲ ”
“ ဟုတ်တယ်။ ကျွန်တော်လည်း တိုက်ရဲမှာမဟုတ်ဘူး ကိုဆွေဝင်း။ ကောင်းတာက အမြန်လမ်းမှာမောင်းရင် နေ့ရောညရော
အဖော်ပါတာ အကောင်းဆုံးပဲ ”
“ ငါတွေ့ခဲ့တဲ့ မိန်းမက အသက်လေးဆယ်ကျော်လောက်ပဲရှိဦးမယ်။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ကွ”
“ ကားမှောက်ပြီး သေသွားတဲ့သူတွေဖြစ်မှာပေါ့။ သူလက်ညှိုးထိုးပြတဲ့နေရာကို ကြည့်ခဲ့သေးလား ”
“ ကြည့်တာပေါ့ကွာ။ ဘာမှမတွေ့လို့ မောင်းလာခဲ့တာ။ တစ်ခုခုဖြစ်တယ်ဆိုရင်တော့ အကူအညီပေးမှာပေါ့။ သူကလည်း
ဘာစကားမှမပြောဘဲ လက်ညှိုးပဲထိုးပြနေတာ ”
“ ရွှေတွေငွေတွေ ဝတ်ထားတာဆိုတော့ ချမ်းသာတယ်ထင်တယ်။ အပျိုကြီးဆိုရင်တော့ ထောပြီဗျ။ ဟား…ဟား ”
“ ဒါဆိုလည်း အဲဒီနေရာမှာ သွားစောင့်နေလိုက်ပေါ့ကွာ ”
“ မလုပ်ပါနဲ့ဗျာ။ အမြန်လမ်းမှာကားမောင်းတဲ့အခါပဲဖြစ်ဖြစ် ကားစီးတဲ့အခါပဲဖြစ်ဖြစ် ဘုရားစာမပြတ်ရွတ်နေရလို့ ကုသိုလ်
တော်လမ်းမကြီးလို့တောင် နာမည်ပေးချင်တာ ”
“ ဟား…ဟား….. ”
“ မန္တလေးကို ဘယ်နေ့ပြန်တက်ဦးမလဲ ကိုဆွေဝင်း”
“ မပြောတတ်သေးဘူး။ ရှေ့တစ်ပတ်ထဲတော့ ဖြစ်မယ်ထင်တယ် ”
“ ဒီတစ်ခါသွားလို့ အဲဒီနေရာကိုရောက်ရင် အသေအချာကြည့်ခဲ့စမ်းပါဗျာ”
“ ငါလည်း အဲဒီနေရာကလွတ်ရင်ပြီးရောဆိုပြီး အမြန်မောင်းခဲ့တာ ဘယ်နေရာမှန်းတောင် မသိပါဘူး။ မိုင်တိုင်လည်းမမှတ်
ထားမိဘူး။ ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ရာ့နှစ်ဆယ်နဲ့ဖိနင်းလာတာ ခြောက်ဆယ့်သုံးမိုင်ရောက်ခါနီးမှပဲ အရှိန်လျှော့ဖြစ်တော့
တယ် ”
“ နာနာဘာဝမဟုတ်ဘဲ တကယ်အကူအညီလိုနေတဲ့သူဆိုရင်တော့ စိတ်မကောင်းစရာပဲဗျာ”
“ မတတ်နိုင်ဘူးဟေ့ကောင်။ သူ့ကိုမေးနေတာ ဘာဖြစ်တယ်လို့ပြောမှမပြောတာ။ သူလက်ညှိုးထိုးပြတဲ့နေရာကို ဆင်းပြီး
ကြည့်ရအောင်ကလည်း ငါတစ်ယောက်တည်းကွ။ မတော်လို့ ကားယူပြီးထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
“ ဒါလည်း ဟုတ်တာပဲ။ ခုခေတ်က ဘယ်သူ့ကိုမှ ယုံရတာမဟုတ်ဘူး”
“ ငါပြန်ဦးမယ် မောင်ဝင်း။ နောက်နေ့မှ တွေ့ကြတာပေါ့။ ခရီးပန်းလာတော့ အနားယူလိုက်ဦးမယ်ကွာ ”
“ ဟုတ်ကဲ့ ကိုဆွေဝင်း ”
“ တစ်ခုခုဆို ငါ့ဆီဖုန်းဆက် ”
“ ဟုတ် ”
********************
အိမ်သို့ပြန်ရောက်ရောက်ချင်း အဝတ်အစားချွတ်ကာ ရေချိုးရန်ပြင်နေစဉ် ညီဖြစ်သူ ကိုကျော်ဇင်က အနားသို့ရောက်
လာပြီးမေးနေသဖြင့် အတော်ဖြစ်သွားလေသည်။
“ အစ်ကို…ကားသုံးဦးမှာလား”
“ မင်းဘယ်သွားစရာရှိလို့လဲ”
“ မြေနီကုန်းဘက် ခဏသွားစရာရှီလို့ ”
“ ဒါဆို အတော်ပဲကွာ။ ကားကို ရေပါဆေးခဲ့”
“ ဟုတ်ကဲ့ အစ်ကို။ ကားသော့က ဘယ်မှာလဲ ”
“ အိမ်ရှေ့က စားပွဲပေါ်မှာတင်ထားတယ်။ အတွင်းခန်းတွေပါ ဆေးခဲ့နော် ”
“ ဟုတ်…..”
“ သားကြီး…ခရီးကပြန်ရောက်ရောက်ချင်း ရေမချိုးနဲ့လေ။ ခြေလေးလက်လေးဆေးရုံပဲဆေး။ ဖျားနာလိမ့်မယ် ”
“ ရပါတယ်အမေရဲ့”
“ ဒီကလေးကတော့ ပအမေပြောစကားနားမထောင်ဘူး။ တစ်လမ်းလုံးကားမောင်းလာတာ အပူငုပ်နေရောပေါ့။ ချက်ချင်း
ရေချိုးလိုက်ရင် အပူကန်ပြီးဖျားလိမ့်မယ်။ ခြေလက်ဆေး၊ တစ်ခုခုစားပြီးမှ အနားယူ ”
“ ဟုတ်ကဲ့….ဟုတ်ကဲ့…”
မိခင်ကျေနပ်အောင်ဟုတ်ကဲ့လိုက်ရသော်လည်း ရေချိုးခန်းထဲသို့ရောက်သည့်အခါ ရေတစ်ဝကြီးချိုးပစ်လိုက်သည်။
“ အစ်ကို……အစ်ကို….”
“ ဟေ့……….”
“ ခဏလောက်တံခါးဖွင့်ပါဦး”
“ ရေချိုးနေတယ်ကွ”
“ ညီအစ်ကိုချင်း ရှက်စရာအမလိုပါဘူးဗျာ။ ခဏလောက်တံခါးဖွင့်ပါဦး ”
“ ဟေ့ကောင်…..ရေချိုးပြီးအောင်စောင့်လို့မရဘူးလား”
“ မရလို့ပေါ့ဗျ…ခဏလောက်ဖွင့်ပါဦး”
ကိုကျော်ဇင်က တံခါးအတင်းဖွင့်ခိုင်းနေသဖြင့် ခန္တာကိုယ်အောက်ပိုင်းကို တဘက်ဖြင့်ပတ်ကာ တံခါးဖွင့်ပေးလိုက်လေ
သည်။
“ ဘာဖြစ်နေတာလဲ ”
“ အစ်ကို……ကားနောက်ခန်းမှာ သွေးကွက်တွေ့တယ်။ ဘာဖြစ်လာတာလဲ ”
နှစ်ကိုယ်ကြား တီးတိုးပြောလိုက်သည့် ကိုကျော်ဇင်၏စကားကြောင့် ကိုဆွေဝင်း မျက်ခုံးနှစ်ဖက်မြင့်တက်သွားလေ
သည်။
“ ဟုတ်လို့လားဟေ့ကောင်။ ငါလည်း မတွေ့မိပါဘူး ”
“ သွေးကွက်က နောက်ထိုင်ခုံအစွန်မှာဗျ။ အစ်ကို ဘာလုပ်လာခဲ့သလဲ၊ မှန်မှန်ပြော ”
မယုံသင်္ကာမေးနေသည့် ကိုကျော်ဇင်၏မျက်နှာကို အသေအချာစိုက်ကြည့်ပြီး ရေချိုးခန်းထဲမှ ထွက်ရန်ပြင်လိုက်သည်။
“ ကားဆီသွားမလို့လား။ ပုဆိုးလဲလိုက်ဦး”
“ ဪ….အေး… ”
ကိုဆွေဝင်းက ပုဆိုးအမြန်လဲကာ ရေချိုးခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားလေသည်။
“ တွေ့လား အစ်ကို ”
ကားနောက်ခန်းထိုင်ခုံပေါ်မှ သွေးကွက်ကို နားမလည်နိုင်သလိုကြည့်နေသည့် ကိုဆွေဝင်းအား ကိုကျော်ဇင်ကမေး
လိုက်သည်။
“ တွေ့တယ်။ ဘယ်လိုကနေ ဘယ်လို သွေးကွက်ရောက်လာသလဲဆိုတာ ငါလည်း နားမလည်တော့ဘူး”
“ နောက်ခန်းကို မကြည့်မိဘူးလား”
“ မနက် ငါးနာရီကျော်လောက်က ရန်ကုန်ရောက်တယ်။ ရောက်ရောက်ချင်း မောင်မောင်ဝင်းဆီဝင်တယ်။ သူ့အိမ်မှာ လုပ်စ
ရာကိစ္စတွေလုပ်ပြီး လ္ဘက်ရည်ဆိုင်သွားကြတယ်။ ပြီးတော့ အိမ်ပြန်လာတယ်။ ကားနောက်ကိုတော့ မကြည့်မိဘူး ”
“ နောက်ခန်းမှာ အမျိုးသမီးတွေ တင်မိသေးလား…”
“ ဘာ……”
“ ကျွန်တော်ပြောတာက နောက်ခန်းမှာထိုင်တဲ့ အမျိုးသမီးတစ်ယောက်ယောက်က ဓမ္မတာလာလို့ စွန်းသွားတာများလား
ဆိုပြီးတွေးကြည့်တာပါ ”
“ ဟေ့ကောင်…ငါ့အလုပ်နဲ့ငါတောင် ယားလို့မကုပ်နိုင်ဘူး။ ထိုင်ခဲ့တယ်ဆိုရင်လည်း အစွန်မှာထိုင်မလားကွ ”
“ မဟုတ်ဘူးလေဗျာ။ ကျွန်တော်ဆိုလိုတာက အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေထဲကပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုကြောင့်
ကားနောက်ခန်းမှာ အမျိုးသမီးတင်မိသေးလားလို့မေးတာပါ။ နောက်ခန်းမှာလူကြပ်ရင်လည်း အစွန်မှာမှေးပြီး ထိုင်ရတာပဲ
လေ ”
“ မတင်ပါဘူး။ ရန်ကုန်ကနေစထွက်တော့ တစ်ရာ့ဆယ့်ငါးမိုင်မှာ ခဏနားတယ်။ အဲဒီကနေ မန္တလေးကို တောက်လျှောက်
မောင်းပြီး မန္တလေးရောက်တော့ ရှစ်ဆယ့်ခြောက်လမ်းက ကိုငွေခဲအိမ်ကိုခဏဝင်တယ်။ လုပ်စရာကိစ္စတွေလုပ်ပြီး ဟိုတယ်
ကို တန်းသွားတာပဲ။ ဟိုတယ်က ကားပါကင်မှာထိုးထားပြီး ကိုငွေခဲကားနဲ့ပဲ လုပ်စရာရှိတာ လုပ်ကြတယ်။ ပြန်မယ့်နေ့မှာ
အရာ တော်ကို ခဏဝင်တယ်။ ပြီးတာနဲ့ ရန်ကုန်ကို တန်းပြန်လာတာ။ တစ်ရာ့ဆယ့်ငါးမိုင်မှာတောင် ဝင်မနားခဲ့ဘူး ”
“ အစ်ကိုပြောတဲ့အတိုင်းဆိုရင် စဉ်းစားစရာပဲ ”
“ ဘာမှစဉ်းစားမနေနဲ့။ အမေ မတွေ့ခင် ကားမြန်မြန်ယူသွား။ ကားကို ရေအရင်ဆေးပြီး ထိုင်ခုံစွပ်လဲလိုက်တော့ ”
“ ဟုတ်ကဲ့ အစ်ကို…ဟီး..ဟီး..”
“ ဘာရယ်တာလဲ ဟေ့ကောင် ”
“ ဘာမှမဟုတ်ပါဘူး။ သွေးကွက်ကိစ္စကို စိတ်ကူးပြီး ပုံဖော်ကြည့်နေတာပါ ”
“ ငါ့ကို မယုံသင်္ကာမျက်လုံးနဲ့ မကြည့်နဲ့။ ငါဘာမှမလုပ်ဘူး။ သွားတော့ ”
“ ရက်စ်ဆာ….”
********************
“ ဟီး…ဟီး…ဟီး….”
“ ဘာဖြစ်တာလဲ သားကြီး”
“ တုန်ပြီးချမ်းလို့ ”
“ ကဲ…..အမေပြောတယ်မဟုတ်လား။ မနက်က ရောက်ရောက်ချင်းရေချိုးလိုက်တယ်မဟုတ်လား။ မှန်မှန်ပြောစမ်း”
“ ဟုတ်တယ် အမေ။ လန်းသွားအောင်ချိုးပစ်လိုက်တာ ”
“ အင်း….ကလေးလည်းမဟုတ်ဆေတာ့ဘူး။ ပေကပ်ကပ်နဲ့ ”
“ ရတယ်အမေ။ ပါရာစီတမော တစ်လုံးသောက်လိုက်မယ် ”
“ ဟဲ့ကောင်လေး၊ အစာမစားဘဲ ဆေးမသောက်နဲ့။ နေဦး…အငယ်ကောင်ကို ဆန်ပြုတ်မှာလိုက်မယ်။ အငယ်ကောင်ပြန်လာ
မှ ဆန်ပြုတ်စားပြီး ဆေးသောက် ”
“ အမေ့သားက ပြန်လာတာ နောက်ကျမယ်။ အိမ်မှာရှိတာပဲစားပြီး ဆေးသောက်ပြီးပြန်အိပ်တော့မယ် ”
“ အတော်ပြောရဆိုရခက်တာပဲ…”
********************
ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးငွေ့များက ဖုံးအုပ်နေသဖြင့် လက်တစ်ကမ်းကိုပင် သည်းသည်းကွဲကွဲမမြင်ရပေ။ မည်သည့်
နေရာသို့ ရောက်ရှိနေမှန်းမသိသော်လည်း လူသူကင်းမဲ့သည့်နေရာတစ်ခုဖြစ်နိုင်ကြောင်း ကိုဆွေဝင်းသိလိုက်လေသည်။ အ
လင်းရောင်မှိန်ပြပြအောက်တွင် ရွေ့လျားနေသည့် မီးခိုးများက တိမ်တိုက်များနှင့် အလားသဏ္ဌာန်တူနေသည်။
“ ကျွီ…..အီ…အီ…ကျွီ……”
မြင်ကွင်းတစ်ခုလုံး ရုတ်တရက်ရှင်းလင်းသွားပြီး မီးခိုးများရုတ်ချည်းလွင့်စင်သွားသည့်အချိန်တွင် ကားတာယာပွတ်သံ
ကိုကျယ်လောင်စွာကြားလိုက်ရသဖြင့် အသံကြားရာသို့ လှည့်ကြည့်မိလိုက်ရာ မီးစုံထိုးထားသည့် ကားတစ်စီးက လမ်းမကြီး
ပေါ်တွင် ယိမ်းထိုးပြီး အရှိန်ဖြင့်ဘေးတိုက်ရွေ့ကာ တည့်တည့်လာနေသဖြင့် အမြန်ရှောင်တိမ်းလိုက်လေသည်။
“ ဟာ…သွား…သွားပြီ..သွားပြီ ”
“ ကျွီ….ဂျိမ်း…..ဂျိမ်း…..ဂလုံး….ဒုန်း…ဒုန်း….”
မရေမတွက်နိုင်လောက် ဘေးစောင်းလိမ့်သွားသည့်ကားက လမ်းဘေးမြေပြင်ကို ကျော်လွန်ကာ အတော်လှမ်းလှမ်းတွင်
ပက်လက်ဖြစ်ကာ ရပ်တန့်သွားလေသည်။ တိမ်းမှောက်သွားသည့်ကားဆီသို့ အပြေးအလွှားသွားကြည့်သည့်အခါ ရှေ့လေကာ
မှန်နှင့် နောက်မှန်တို့ ကွဲကြေကာ ကျွတ်ထွက်နေပြီး ကားထဲမှ ပစ္စည်းများက အပြင်ဘက်သို့ လွင့်စင်ထွက်ကျနေသည်။ ကား
ဘီးများက အရှိန်မသေကြသေးဘဲ လည်ပတ်နေကြသေးသည်။ ကားအမျိုးအစားသည် ပါဂျဲရိုးအမျိုးအစားဖြစ်ကြောင်း ကို
ဆွေဝင်း သတိထားလိုက်မိသည်။
ကားအတွင်းသို့ ငုံ့ကြည့်လိုက်သည့်အခါ ကားနောက်ခန်းထဲတွင် ဇောက်ထိုးအနေအထားဖြင့် ငြိမ်သက်နေကြသည့် အ
မျိုးသမီးကြီးတစ်ဦးနှင့် ဆယ်နှစ်ကျော်အရွယ်မိန်းကလေးငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ကားရှေ့ခန်းမှ ယာဉ်မောင်း
ထိုင်ခုံတွင်ထိုင်နေသည့် အမျိုးသားတစ်ဦးကဇက်ခေါက်ကျိုးပြီး ပါးစပ်မှ သွေးများ တပွက်ပွက်ထွက်ကျနေသည်။ ရှေ့လေ
ကာမှန်မှ ကိုယ်တစ်ပိုင်းထွက်ပြီး ကားရှေ့စက်ဖုံးအောက်သို့ရောက်နေသည့် အမျိုးသမီးကို မြင်လိုက်သည့်အခါ ကိုဆွေဝင်း
တအံ့တဩဖြစ်သွားလေတော့သည်။ ထိုအမျိုးသမီးဝတ်စားထားသည့် အဝတ်အစားများကို ကိုဆွေဝင်း မှတ်မိနေခဲ့သည်။
“ အာ…..အာ…အ….အား…..”
အမျိုးသမီးထံမှ ညည်းညူသံကြားလိုက်ရသဖြင့် ကိုဆွေဝင်းက ထိုအမျိုးသမီးကို ကားထဲမှအတင်းဆွဲထုတ်သော်လည်း
အမျိုးသမီး၏လက်ကိုဆုပ်ကိုင်၍မရသဖြင့် ကိုဆွေဝင်းပို၍ အံ့ဩနေလေသည်။ ထိုအချိန်တွင် အမျိုးသမီးက ကားထဲမှအ
တင်းရုန်းထွက်လိုက်လေသည်။ ကားထဲမှ ရုန်းထွက်လာသည့်အမျိုးသမီးသည် ကားကိုကြည့်ကာ အထိတ်တလန့်ဖြစ်သွား
သည်။ အမျိုးသမီးသည် ကားမှောက်စဉ်က မသိလိုက်သည့်ပုံစံမျိုးဖြစ်နေလေသည်။
ပက်လက်လန်တိမ်းမှောက်နေသည့်ကားကို အထိတ်တလန့်ကြည့်နေရာမှ ကားနောက်ခန်းနှင့် အရှေ့ခန်းကိုကြည့်ပြီး
အသံကုန်ဟစ်ကာ အကူအညီတောင်းလေတော့သည်။ သို့သော်လည်း အမျိုးသမီးထံမှ အသံထွက်မလာခဲ့ပေ။ အမျိုးသမီး
လည်း အော်ဟစ်အကူအညီတောင်းရင်း ကားလမ်းမဘက်သို့ပြေးထွက်သွားလေသည်။ ထိုအချိန်တွင် ကားမီးရောင်ကို မြင်
တွေ့လိုက်ရသဖြင့် လက်ပြအကူအညီတောင်းနေသည်။ အရှိန်လျှော့ကာ အနီးသို့ တဖြည်းဖြည်းရောက်လာသည့် ကားအနီး
သို့ အမျိုးသမီးက အားတက်သရောပြေးကာ ကားမှောက်နေသည့်နေရာကို လက်ညှိုးထိုးပြပြီး အကူအညီတောင်းနေသည်။
ကားနံပါတ်နှင့် ကားအမျိုးအစားကို မြင်တွေ့လိုက်ရသည့်အခါ ကိုဆွေဝင်း ပါးစပ်အဟောင်းသားဖြစ်သွားလေတော့
သည်။
“ ဘာအကူအညီပေးရမလဲခင်ဗျ”
“ ဟာ….ငါ့..ငါ့ကား…ငါ…ငါ..”
အမျိုးသမီးက ကားမှောက်နေသည့်နေရာသို့ လက်ညှိုးထိုးပြီး အကူအညီတောင်းနေသော်လည်း ကားပေါ်မှ အမျိုးသား
က နားမလည်သဖြင့် အမျိုးသမီးက နောက်ခန်းတံခါးဖွင့်ကာ အတင်းဝင်လိုက်သည့်အချိန်တွင် ကားက အရှိန်ပြင်းစွာဖြင့်
မောင်းထွက်သွားလေသည်။
“ ဘုံး……ဘုံး……”
ကားမောင်းထွက်လိုက်သည့်အချိန်၌ အမျိုးသမီးက ကြောက်အားလန့်အားဖြင့် ကားပေါ်မှအမြန်ဆင်းပြီး ကားတံခါးကို
ပိတ်ကာ ကားနောက်ဖုံးကိုလက်ဖြင့် ထုနှက်ရင်း လဲကျသွားလေတော့သည်။
“ ဟာ….ငါ…ငါ… ”
“ ဟုတ်တယ်။ အဲဒါနင်ပဲ…..”
“ ဟာ……. ”
အနောက်မှအသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ယခုနကအမျိုးသမီးဖြစ်နေလေသည်။
“ နင့်ကြောင့် ငါတို့မသေသင့်ပဲ သေခဲ့ရတယ် ”
“ ဗျာ….. ကျွန်တော်နဲ့မဆိုင်ဘူးလေ”
“ နင့်ကို အကူအညီတောင်းခဲ့တုန်းကသာ အကူအညီပေးခဲ့ရင် ငါတို့ အသက်ရှင်နိုင်သေးတယ် ”
“ မကူညီချင်လို့ မဟုတ်ပါဘူးဗျာ။ အချိန်မတော်ဆိုတော့ ဘာဖြစ်မှန်းမသိလို့ပါ ”
“ နင့်ကို မကျေနပ်ဘူး…”
“ ဟာ……မ…မလုပ်နဲ့လေ…”
အမျိုးသမီးက ရှေ့သို့တိုးလာပြီး လည်ပင်းကိုညှစ်နေသဖြင့် ကိုဆွေဝင်းက အမျိုးသမီး၏လက်နှစ်ဖက်ကိုဆွဲဖြုတ်သော်
လည်းပြုတ်တူဖြင့်ညှပ်ထားသကဲ့သို့ သန်မာလွန်းသောကြောင့် ဆွဲဖြုတ်၍မရနိုင်ပေ။ တဖြည်းဖြည်း အသက်ရှုကျပ်လာသဖြင့်
အမျိုးသမီးကို ဆောင့်တွန်းကာ ရုန်းထွက်လိုက်လေသည်။
“ ဘုံး…..”
“ အမလေးဗျ………”
နာကျဉ်သွားသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ခုတင်ပေါ်မှပြုတ်ကျခြင်းဖြစ်ကြောင်း သိလိုက်ရလေတော့
သည်။
“ အစ်ကို…ဘာဖြစ်တာလဲ…..”
အခန်းထဲသို့ပြေးဝင်လာသည့် ကိုကျော်ဇင်အား လက်ကာပြလိုက်ရင်း လဲကျနေရာမှ ထလိုက်လေသည်။
“ ခုတင်ပေါ်က ပြုတ်ကျတာကွ။ မင်းပြန်ရောက်ပြီလား ”
“ ညနေကတည်းကပြန်ရောက်နေတာ”
“ အခု ဘယ်နှစ်နာရီရှိပြီလဲ”
“ ကိုးနာရီကျော်ပြီ အစ်ကို ”
“ ကားရေဆေးပြီးပြီလား”
“ မဆေးရသေးဘူး။ ထိုင်ခုံစွပ်တော့ဝယ်လာခဲ့တယ် ”
“ မင်းကလည်းကွာ၊ ငါခိုင်းတာကိုမလုပ်ဘူး”
“ ကားရေဆေးနေရင် ချိန်းထားတာနောက်ကျနေမှာစိုးလို့ အပြန်မှဆေးမယ်ဆိုပြီးစီစဉ်ထားတာ။ ကျွန်တော်ပြန်တော့ ရှစ်
နာရီကျော်နေပြီ။ အဲဒါနဲ့ မနက်ဖြန်မှကားရေဆေးမယ်ဆိုပြီး ပြန်လာခဲ့တာ”
“ ထားလိုက်တော့ကွာ။ အမေအိပ်သွားပြီလား”
“ အိပ်သွားပြီနဲ့တူတယ် ”
“ ငါနေမကောင်းလို့ကွာ ”
“ ဆေးသောက်ပြီး ပြန်အိပ်လေ”
“ မင်းက မအိပ်သေးဘူးလား”
“ မအိပ်သေးဘူး ဖေ့စ်ဘွတ်ကြည့်နေတုန်း အစ်ကို့အခန်းက အသံကြားလို့ပြေးလာတာ”
“ စောစောအိပ်တော့။ မနက်ကျရင် ဆိုင်သွားရဦးမယ် ”
“ အေးဆေးပါ ”
“ အိမ်သာသွားလိုက်ဦးမယ်ကွာ။ ဆေးသောက်လိုက်ဦးမယ် ”
“ ဟုတ်ကဲ့အစ်ကို”
အိမ်သာတက်၊ ဆေးသောက်ပြီးနောက် မအိပ်ချင်သေးသဖြင့် ဖုန်းဖွင့်ကာ ဖေ့စ်ဘွတ်ခ်ကြည့်လေသည်။
“ ဟာ…….တကယ်ကြီးပါလား ”
ဖေ့စ်ဘွတ်ခ်ကြည့်ရင်း သတင်းတစ်ခုကိုမြင်တွေ့လိုက်သည့်အခါ ကိုဆွေဝင်းမျက်လုံးပြူးသွားလေသည်။ မိုင်တိုင်
အမှတ် ( --- ) တွင် ပါဂျဲရိုးယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အသက်ခြောက်ဆယ်အရွယ် အမျိုးသ
မီးကြီးတစ်ဦးတို့ နေရာတွင်ပွဲချင်းပြီးသေဆုံး၍ အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့အား ဆေးရုံသို့ပို့ ဆောင်စဉ်
လမ်းခရီး၌သေဆုံးသွားခဲ့သည့်သတင်းကို ဖတ်ရှုလိုက်ရလေသည်။ ဖော်ပြထားသည့် ဓာတ်ပုံထဲမှပါဂျဲရိုးကားသည် အိပ်
မက်ထဲတွင်မြင်တွေ့ခဲ့ရသည့်ကားနှင့်တစ်ထေရာတည်းတူညီနေပြီး အမျိုးသမီး၏မျက်နှာကိုဖျက်ထားသော်လည်း အဝတ်
အစားကိုမှတ်မိနေသည်။
“ ငါမှားသွားပြီ။ ငါသာ ဆင်းကြည့်မိရင် အသက်မီချင်မီမှာ ”
စိတ်မကောင်းဖြစ်မိသောကြောင့် ဖုန်းပိတ်ပြီးအိပ်ရာဝင်ခဲ့သော်လည်း မျက်လုံးထဲတွင် ကားတိမ်းမှောက်သည့် သတင်း
ဓာတ်ပုံများကိုသာမြင်နေမိသည်။ ထိုနေ့ကသာ ကားပေါ်မှဆင်းကြည့်ပြီး အကူအညီပေးနိုင်ခဲ့ပါက အသက်ကယ်တင်ကောင်း
ကယ်တင်နိုင်လိမ့်မည်ဟုတွေးရင်း မျက်လုံးကိုမှိတ်ကာ စိတ်ကိုလျှော့ချလိုက်လေတော့သည်။
********************
“ ------------------- ”
မှေးကနဲအိပ်ပျော်မည်ပြုစဉ် နားထဲတွင် အသံတစ်သံကိုကြားလိုက်ရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အဝတ်ဗီ
ရိုတံခါးက ဖွင့်ချည်ပိတ်ချည်ဖြစ်နေလေသည်။
“ ကျွီ………….”
ဗီရိုတံခါးကို ကြည့်နေစဉ် စာကြည့်စားပွဲခုံအောက်သို့ ထိုးသွင်းထားသည့်ထိုင်ခုံက အပြင်သို့ အလိုလိုရွေ့လာသဖြင့် အ
ခန်းမီးကိုပြေးဖွင့်ရန် အိပ်ရာပေါ်မှထလိုက်သည့်အချိန်တွင် ထိုင်ခုံအနီးတွင်ရပ်နေသည့် အဖြူရောင်အရိပ်တစ်ခုကိုခပ်ရေးရေး
မြင်တွေ့လိုက်ရသည်။ ထိုအရိပ်သည် လူတစ်ယောက်ရပ်နေသည့်သဏ္ဌာန်ကဲ့သို့ဖြစ်နေသည်။ ကိုဆွေဝင်းက မီးခလုတ်ရှိရာသို့
အခြားတစ်ဖက်မှသွားရန် ခုတင်ပေါ်သို့တက်လိုက်စဉ် အဖြူရောင်အရိပ်က ခုတင်ပေါ်သို့ရောက်နေပြန်သည်။
ထိုအချိန်မှာပင် အခန်းမီးက အလိုလိုပွင့်သွားပြီး ဗီရိုတံခါးလည်းတစ်ပြိုင်နက်ပွင့်သွားလေသည်။ အခန်းမီးအလိုလိုပွင့်
သွားပြီး အရိပ်လည်းပျောက်ကွယ်သွားသဖြင့် ကိုဆွေဝင်းတအံ့တဩဖြစ်နေချိန်တွင် ဗီရိုဘေးရှိ ကိုယ်လုံးပေါ်ကြည့်မှန်ထဲတွင်
အမျိုးသမီးတစ်ယောက်ပုံကို မြင်တွေ့လိုက်ရလေတော့သည်။ ထိုကြည့်မှန်ထဲမှ အမျိုးသမီးသည် အဝေးပြေးလမ်းပေါ်တွင် အ
ကူအညီတောင်းခဲ့သည့်အမျိုးသမီးဖြစ်ကြောင်း ကိုဆွေဝင်းသိလိုက်ရသည့်အခိုက် ခြေထောက်များက အခန်းတံခါးဝဆီသို့
တဖြည်းဖြည်းချင်းရွှေ့လျားသွားကြသည်။
မှန်ထဲမှအမျိုးသမီးကို မကြည့်ရဲကြည့်ရဲဖြင့် ကြည့်လိုက်သည့်အခါ အမျိုးသမီးက ရုတ်တရက်နောက်သို့လှည့်သွားလေ
သည်။
“ ဟာ………”
ကျောပေးရပ်နေသည့်အမျိုးသမီး၏ဦးခေါင်းမှ သွေးများစီးကျနေပြီး ကျောတပြင်လုံးစိုရွှဲနေသည်သည်ကိုမြင်လိုက်ရသ
ဖြင့် ကိုဆွေဝင်း အလန့်တကြားဖြစ်သွားပြီး သနားသွားလေသည်။
“ ကျွန်….ကျွန်တော့အမှားပါဗျာ။ အဲဒီလိုဖြစ်မယ်မှန်းသိရင် ကျွန်တော်အကူအညီပေးပါတယ် ”
ကိုဆွေဝင်း၏ရင်ထဲတွင် ကြောက်စိတ်ထက် သနားစိတ်ကပိုလာခဲ့သဖြင့် တံခါးဝဆီသို့မသွားတော့ဘဲ အမျိုးသမီးကို
ကြည့်နေမိသည်။ မှန်ထဲမှအမျိုးသမီးက တစ်ပတ်ပြန်လည်လာပြီး မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် စူးစူးစိုက်
စိုက်ကြည့်နေသဖြင့် ကိုဆွေဝင်း ထိတ်လန့်သွားလေသည်။
“ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် မညာပါဘူး။ ကားမှောက်နေတာကိုလည်း မမြင်လို့ပါ။ သိရင် မနေပါဘူးဗျာ။
ကျွန်တော် တကယ်စိတ်မကောင်းဖြစ်နေတာပါ ”
မှန်ထဲမှ အမျိုးသမီး၏မျက်နှာပေါ်တွင် ဒေါသခိုးများလျှံတက်နေသည်။ ခဏအကြာတွင် မှန်ထဲမှအမျိုးသမီးပျောက်
ကွယ်သွားပြီး အခန်းမီးများလည်း အလိုလိုမှိတ်သွားလေသည်။ အခန်းတစ်ခန်းလုံး မှိန်ပြပြမီးရောင်အောက်တွင် ငြိမ်သက်
နေသည်။ ထိုစဉ်……..
“ နင့်ကြောင့် ငါတို့မသေသင့်ဘဲ သေခဲ့ရတာ ”
အနားမှကပ်ပြီးပေါ်ထွက်လာသည့်အသံကြောင့် ကိုဆွေဝင်းတစ်ယောက် လိပ်ပြာလွင့်မတတ်လန့်သွားပြီး ခုတင်ပေါ်
သို့ အလိုလိုခုန်တက်မိလျက်သားဖြစ်သွားလေသည်။
“ နင့်ကို အကူအညီတောင်းခဲ့တုန်းက အကူအညီမပေးခဲ့တဲ့အပြင် ကားကိုမောင်းပြေးတယ် ”
“ မ..မဟုတ်ရပါဘူးဗျာ။ အစ်မက ကားပေါ်အတင်းတက်လာလို့ တစ်ခုခုလုပ်မယ်မှတ်ပြီး မောင်းပြေးခဲ့တာပါ ”
အမျိုးသမီး၏အသံက နီးလာလိုက် ဝေးသွားလိုက်ဖြစ်နေသဖြင့် မည်သည့်နေရာမှ ပြောဆိုနေမှန်းမသိသောကြောင့် အ
ခန်းပတ်လည်ကို သတိထားကြည့်ပြီး ပြန်ဖြေနေရသည်။
“ နင် လူစိတ်မရှိဘူး ”
“ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် တစ်ခုခုလုပ်ဆိုလည်း လုပ်ပေးပါ့မယ်။ အစ်မတို့မိသားစုအတွက် အလှူအတန်းလုပ်
ပြီးအမျှဝေပေးပါ့မယ် ”
“မေလိုဘူး။ နင့်ကားထဲမှာ ငါ့ရဲ့ပယင်းပုတီးလက်ကောက်လေးကျန်ခဲ့တယ် ”
“ ဗျာ……..”
“ နင် မောင်းပြေးသွားတုန်းက တံခါးနဲ့ငြိပြီး ငါ့ပယင်းပုတီးလေး ပြတ်ကျသွားတယ်။ အဲဒါကို ရအောင်ရှာပါ။ နင့်ကားထဲ
မှာရှိတယ် ”
“ ဟုတ်….ဟုတ်ကဲ့ ရှာကြည့်ပါ့မယ် ”
“ ငါ့ ပယင်းပုတီးလက်ကောက်ကိုတွေ့ရင် ငါတို့ကားမှောက်ခဲ့တဲ့နေရာကို နင်တစ်ယောက်တည်းလာပြီး ပစ်လိုက်ပါ ။
ငါစောင့်နေမယ် ”
“ ဗျာ…….”
“ အခုသွားရှာပါ….။ ကားမှောက်တဲ့နေရာရောက်ရင် ပယင်းပုတီးကို နောက်ပြန်ပစ်ပြီး ငါ့ကိုတောင်းပန်ပါ။ အဲဒီ ပယင်းပု
တီးလေးက ငါ့သမီးလေးက ငါ့ကို မွေးနေ့လက်ဆောင်ပေးထားတဲ့ ပစ္စည်း။ အခုသွားရှာ….”
“ ဗျာ….”
အမျိုးသမီး၏အသံတိတ်သွားပြီးနောက် အိပ်ခန်းတံခါးအလိုလိုပွင့်သွားပြီး အဖြူရောင်အရိပ်က အခန်းထဲမှ အပြင်သို့
ထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။ အိပ်မက်လား တကယ်လားဆိုသည်ကို ဝေခွဲမရသဖြင့် လက်ဖျံကို ဆိတ်ကြည့်လိုက်
သည်။
“ အား…..ကျွတ်…ကျွတ်..”
အိပ်မက်မဟုတ်သည်က သေချာသွားလေပြီ။ အမျိုးသမီးပြောခဲ့သည့်စကား ဟုတ်မှန်သည်၊ မဟုတ်မှန်သည်ကလည်း
မသေချာသည့်အပြင် ချက်ချင်းရှာဖွေဖို့ကလည်း တစ်ယောက်တည်းမသွားရဲသဖြင့် မနက်ရောက်သည့်အခါမှ ကားထဲတွင်
မွှေနှောက်ရှာဖွေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ တစ်ယောက်တည်း မအိပ်ရဲတော့သဖြင့် ကိုကျော်ဇင်နှင့်အတူသွားအိပ်ရန်
ခေါင်းအုံးနှင့်စောင်ယူပြီး အခန်းဝသို့မျက်နှာမူလိုက်သည်တွင် အခန်းတံခါးဝတွင်ရပ်နေသည့် အမျိုးသမီးကို မြင်တွေ့လိုက်
ရသဖြင့် ငယ်သံပါအောင် အော်လိုက်လေတော့သည်။
“ အမလေးဗျ………”
----------------------------
“ အစ်ကို……အစ်ကို…. ”
“ ဟင်………”
မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ စိုးရိမ်တကြီးဖြင့် လှုပ်နှိုးနေသည့် ကိုကျော်ဇင်၏မျက်နှာမြင်တွေ့လိုက်ရသည်။
“ ငါ…ငါ…”
“ အစ်ကို ဘာဖြစ်တာလဲ။ ကိုယ်တွေလည်း ပူနေတယ် ”
“ ငါ…အိပ်မက်မက်နေတာလား၊ တကယ်လား ”
“ အစ်ကို… ကယောင်ကတမ်းနဲ့ဘာတွေပြောနေတာလဲ။ အစ်ကိုအော်လိုက်သံကြားလို့ ကျွန်တော်ပြေးလာတာ ”
“ ဟဲ့…..သား…..ဘာတွေဖြစ်နေကြတာလဲ”
“ အမေတောင်နိုးသွားပြီ ”
အခန်းထဲသို့ စိုးရိမ်တကြီးဖြင့်ဝင်လာသည့် မိခင်ကိုမြင်လိုက်သဖြင့် ကိုဆွေဝင်း ထထိုင်လိုက်သည်။
“ အစ်ကိုအော်လိုက်သံကြားလို့ သားလည်းလန့်နိုးပြီးပြေးလာတာ ”
“ ဟုတ်တယ်။ အပေါ်ထပ်ကတောင် အကျယ်ကြီးကြားလိုက်ရတယ်။ ဘာဖြစ်တာလဲ သားကြီး ”
“ အိပ်မက်မက်တာပါ အမေ ”
“ အစ်ကို ကိုယ်တွေအရမ်းပူနေတယ် အမေ ”
“ ဟုတ်လား..မှန်းစမ်းပါဦး ”
ကိုဆွေဝင်း၏မိခင်က နဖူးကိုလက်ဖြင့်စမ်းသပ်လိုက်သည်။
“ ဟယ်…ဟုတ်ပါ့။ တော်တော် ပူနေတာပဲ။ သားငယ်…ရေနွေးသွားထည့်စမ်း။ ရေနွေးပူပူလေးသောက်လိုက် ”
“ ခဏလေးအမေ…။ ကျော်ဇင်…ခဏလေး။ ပြောစရာရှိလို့ ”
“ ဘာပြောမလို့လဲသားကြီး ”
“ ယုံတာ မယုံတာကိုအသာထားပြီး သားပြောတာကို အသေအချာနားထောင်ကြပါ ”
“ အထိတ်တလန့်ရှိလိုက်တာ သားကြီးရယ်။ ပြောမှာသာ မြန်မြန်ပြောစမ်းပါ ”
“ ဒီလိုပါ အမေ…… ”
ကိုဆွေဝင်းက အမြန်လမ်းပေါ်တွင်ကြုံတွေ့ခဲ့ရသည့်အကြောင်းများအား မိခင်နှင့် ညီဖြစ်သူတို့ကို ပြောပြလိုက်လေ
သည်။
“ ဘုရား…ဘုရား….သနားပါတယ်ကွယ် ”
“ အစ်ကိုပြောတဲ့ ပယင်းပုတီးကို ကျွန်တော်သွားရှာကြည့်မယ် ”
“ ဒီကလေးကလည်း၊ နေစမ်းပါဦးဟဲ့။ အမေပါ လိုက်ခဲ့ပါ့မယ် ”
“ အမေက ဘာလုပ်ဖို့လိုက်မှာလဲ။ သားတစ်ယောက်တည်းသွားလို့ရပါတယ် ”
“ သွားချင်လည်းသွားဟယ်။ သားကြီး…ရေနွေးပူပူလေးသောက်လိုက်။ ပြီးရင် ဘီစကစ်မုန့်လေးစားပြီး ဆေးထပ်သောက်
နော်။ အမေ မုန့်နဲ့ ဆေးသွားယူလိုက်ဦးမယ် ”
“ ဟုတ်ကဲ့ အမေ။ ဟိုကောင်ကလည်း ပြောမရဘူး။ ထွက်သွားပြီ အမေရာ ”
“ သွားပါစေ…ပြောမရဆိုမရနဲ့ ”
ကိုဆွေဝင်း၏မိခင် နောက်ဖေးသို့ထွက်သွားပြီး မကြာခင် အခန်းထဲသို့ ကိုကျော်ဇင် အမောတကောဖြင့်ပြေးဝင်လာလေ
သည်။
“ ဟေ့ကောင်…ဘာဖြစ်လာပြန်တာလဲ…”
“ ကား….ကားထဲမှာ…… ”
“ ကားထဲမှာ ဘာဖြစ်လဲ”
“ ကား…ကားနောက်ခန်းထဲမှာ မိန်းမတစ်ယောက်ထိုင်…ထိုင်နေတယ်….”
“ ဟေ……”
“ ကျွန်..ကျွန်တော် အိမ်ရှေ့တံခါးဖွင့်လိုက်တော့ ကားထဲမှာထိုင်နေတာကို အိမ်ထဲကမီးရောင်နဲ့မြင်လိုက်ရတယ် ”
“ သားငယ်…..ဘာဖြစ်လာတာလဲ ”
“ ကား…ကားထဲမှာ…မိန်းမတစ်ယောက်ထိုင်နေတာတွေ့လို့ပြေးလာတာ ”
“ အင်း…..ကလေးမလေးက သူ့လက်ကောက်အပေါ်မှာ စိတ်စွဲနေတယ်ထင်တယ်။ အမေ သွားရှာကြည့်ပါ့မယ် ”
“ အမေ…မသွားနဲ့ ”
“ မသွားလို့မဖြစ်ဘူးလေ။ သားကြီးပြောတာ သေချာသလောက်ရှိနေပြီ ”
“ သားပါလိုက်ခဲ့မယ် အမေ”
“ နေမကောင်းဖြစ်နေတာ ဘာဖြစ်လို့လိုက်ချင်ရတာလဲ။ အမေ မကြောက်ပါဘူးကွယ် ”
“ အမေ မကြောက်တာ သားသိပါတယ်။ သားကိုယ်တိုင်ရှာစေချင်လို့ဖြစ်မယ် ”
“ အင်း…ဖြစ်နိုင်တယ်။ ကဲ…လာ…သွားရှာကြည့်ကြတာပေါ့။ သားကြီး….အနွေးထည်ဝတ် ”
“ ရတယ်အမေ…အမြန်သွားရှာမှဖြစ်မယ်။ ဒါမှ သူကျေနပ်မှာ ”
“ ဒါဆိုလည်း ပြီးရောကွယ်။ သွားကြစို့ ”
ကိုဆွေဝင်းတို့ သားအမိသုံးယောက် အိမ်ရှေ့တွင်ရပ်ထားသည့်ကားဆီသို့ ထွက်လာခဲ့ကြသည်။ ကားဆီသို့ရောက်
သည့်အခါ ကိုဆွေဝင်း၏မိခင်က မေတ္တာသုတ်ကိုရွတ်ဆိုပြီး ကိုဆွေဝင်းနှင့် ကိုကျော်ဇင်တို့က ကားနောက်ခန်းထဲသို့ဝင်ကာ
ပယင်းပုတီးကို ရှာ ဖွေလေသည်။
“ တွေ့ပြီ…..တွေ့ပြီ….ဒရိုင်ဘာထိုင်ခုံအောက်မှာ ”
ကိုကျော်ဇင်က ထိုင်ခုံအောကင် ကြမ်းခင်းပေါ်မှ ပယင်းပုတီးကို လှမ်းယူလိုက်ပြီး ကိုဆွေဝင်းကို ပြလိုက်သည်။
“ ဟူး……တကယ်ကြီးပါလား…. ”
“ ပုတီးလုံးတွေ ပြုတ်ထွက်မသွားဘူးဗျ အစ်ကိုရ ”
“ အကောင်းအတိုင်းပြန်ရလို့ တော်သေးတာပေါ့ကွာ။ နေဦး…အခု ဘယ်နှစ်နာရီထိုးပြီလဲ ”
“ မနက်တစ်နာရီထိုးတော့မယ် ”
“ ဟင်…..”
“ ဘာဖြစ်လို့လဲ သားကြီး”
“ အဲဒီအမျိုးသမီးကို တွေ့ခဲ့တဲ့အချိန်ကလည်း မနက်တစ်နာရီထိုးခါနီးပဲ အမေ”
“ အလို……တိုက်ဆိုင်လိုက်တာ ”
“ ဟာ…ဘာလဲဟ….”
သားအမိသုံးယောက် စကားပြောဆိုနေကြချိန်တွင် အချက်ပြမီးများရုတ်တရက်လင်းလာပြီး ပြန်ပိတ်သွားလေသည်။
“ သားကြီး….အနွေးထည်သွားဝတ်တော့. အမေတို့ ကားမှောက်တယ်ဆိုတဲ့နေရာကို သွားကြမယ်။ သားကြီး..အဲဒီနေရာကို
သိတယ်မဟုတ်လား ”
“ ဗျာ…. ဟုတ်…ဟုတ်ကဲ့ ”
“ ဗျာမနေနဲ့တော့။ သားငယ်…မင်းပဲမောင်း။ အမေ အဝတ်မလဲတော့ဘူး။ အိမ်တံခါးတွေပိတ်ပြီး ပိုက်ဆံအိတ်ယူလိုက်ဦး
မယ် ”
“ ဟုတ်ကဲ့ အမေ ”
----------------------------
အနက်ရောင် တိုယိုတာ မာ့ခ်အိက်စ်ကားလေးက အဝေးပြေးလမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးလွှားနေသည်။ ကို
ဆွေဝင်းတို့၏မိခင်က ကားရှေ့ခန်းတွင်ထိုင်ကာ ပရိတ်ကြီးဆယ့်တစ်သုတ်ကို ရွတ်ဖတ်ပူဇော်နေသည်။ ကိုကျော်ဇင်က ကား
ကို ဂရုတစိုက်မောင်းနေပြီး ကိုဆွေဝင်းက ကားနောက်ခန်းတွင် တံခါးကိုမှီလျက် လိုက်ပါလာသည်။
“ ဟီး…ဟီး…ဟီး…”
“ အဖျားတက်နေပြီထင်တယ်။ ပြန်မှပဲ ဆေးရုံဝင်ပြတော့ သားကြီးရယ် ”
“ ရပါတယ် အမေ။ ဒီကိစ္စပြီးဖို့အရေးကြီးတယ် ”
“ ဟုတ်တယ် သားကြီး။ ကလေးမလေးတို့မိသားစုကို အမေမေတ္တာပို့ပေးနေတယ် ”
ကိုဆွေဝင်းက မျက်စိစုံမှိတ်ကာ တဟင်းဟင်းဖြင့်ညည်းညူနေလေသည်။
“ အမေ…….”
“ ဘာလဲ သားကွီး…..”
“ ပရိတ်ရွတ်နေတာလား ”
“ ဟုတ်တယ်လေ…. ဘာဖြစ်လို့လဲ ”
“ မရွတ်နဲ့တော့အမေ။ ကားပေါ်မှာ သူရှိနေတယ်။ သူမကြိုက်ဘူးထင်တယ် ”
“ ဟုတ်မှာပေါ့ကွယ်။ အမေ မရွတ်တော့ပါဘူး ”
“ အစ်ကို….ပေါက်ကရလျှောက်မပြောနဲ့ဗျ။ ကားမောင်းနေရင်း ကျောချမ်းလာပြီ ”
“ ပေါက်ကရပြောနေတာမဟုတ်ဘူးကျော်ဇင်။ ငါ့ဘေးမှထိုင်နေတာ ဘေးမှန်ကနေမြင်နေရတယ် ”
“ ဟာဗျာ…အစ်ကိုကလည်း”
“ သားငယ်…..ကားကို ဂရုစိုက်ပြီးမောင်းစမ်း ”
ကိုဆွေဝင်းတို့၏မိခင်က ကားနောက်ကြည့်မှန်ကို အပေါ်သို့လှန်တင်ပြီး ကားကိုဂရုတစိုက်မောင်းရန် ကိုကျော်ဇင်
အား သတိပေးလိုက်လေသည်။
“ နောက်ကြည့်မှန်မတင်နဲ့လေ အမေ ”
“ ဘေးမှန်ကကြည့်။ နောက်ကြည့်မှန်ကို မကြည့်စေချင်လို့ အတမင်လှန်တင်လိုက်တာ ”
“ ဟုတ်ကဲ့…..”
-----------------------------
မကြာခင်မှာပင် ယာဉ်တိမ်းမှောက်ခဲ့သည့်နေရာသို့ရောက်လာခဲ့သည်။
“ အစ်ကို ဒီကိုရောက်တုန်းက လမ်းပေါ်မှာ တာယာပွတ်ထားတဲ့အရာတွေ မမြင်ခဲ့ဖူးလား ”
“ သတိမထားလိုက်မိဘူး။ ငါလည်းအခုမှမြင်တာ။ ငါ့အိပ်မက်ထဲမှာမြင်ခဲ့တာက အလယ်ကျွန်းကိုဝင်တိုက်ပြီး ယိမ်းထိုးနေ
တာ။ ကားက လမ်းနဲ့ တော်တော်ဝေးဝေးကိုရောက်နေတယ်။ ဘာဖြစ်လို့မမြင်ခဲ့သလဲဆိုတာ စဉ်းစားမရဘူးကွာ ”
“ သားကြီး…..ဘယ်နေရာလဲ ”
“ ဟိုရှေ့နားမှာ အမေ ”
“ သားငယ်က ကားကို ဒီမှာပဲ ရပ်လိုက်တော့။ သားကြီးတစ်ယောက်တည်းဆင်းသွား ”
“ ဟာ..အမေ… အစ်ကိုတစ်ယောက်တည်းဖြစ်ပါ့မလား ”
“ ဖြစ်ပါတယ်။ သူသာဒုက္ခပေးမယ်ဆိုရင် လာကတည်းက တစ်လမ်းလုံးဒုက္ခပေးမှာပေါ့။ ဘာမှမဖြစ်ပါဘူး။ အမေ မေတ္တာပို့
ပေးနေတယ်။ သူပြောတဲ့အတိုင်း ပယင်းပုတီးကို နောက်ပြန်ပစ်ပေးလိုက်ပြီး ကောင်းကောင်းမွန်မွန်တောင်းပန်လိုက်ပါ ”
“ ဟုတ်ကဲ့ အမေ ”
“ သားငယ်…ကားမီးတွေ ပိတ်လိုက်တော့ ”
“ ဗျာ….ကားမီးတွေပိတ်လိုက်ရင် မှောင်သွားမှာပေါ့ ”
“ မှောင်ပါစေ ”
“ ဟုတ်…”
ကိုဆွေဝင်းကားတံခါးဖွင့်ပြီး ဆင်းသွားချိန်တွင် ကိုကျော်ဇင်က ကားမီးများကို ပိတ်လိုက်သည်။ အလင်းရောင် မရှိ
တော့သဖြင့် စမ်းတဝါးဝါးဖြင့်သွားလာရင်း ကားနှင့်ခပ်လှမ်းလှမ်းအရောက်တွင်ရပ်တန့်ကာ ကားမှောက်သည့်နေရာကိုကျော
ခိုင်း၍ ကားလမ်းမကြီးဆီသို့ မျက်နှာမူလိုက်လေသည်။
“ အစ်မကြီး… ကျွန်တော် ရောက်လာပါပြီ။ အစ်မကို မကူညီနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါ
တယ်။ အစ်မတို့မိသားစုအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့မိသားစုက အစ်မတို့အတွက် ရည်စူးပြီး
ကုသိုလ်ပြုပေးပါ့မယ်။ အစ်မကျန်ခဲ့တဲ့ ပယင်းပုတီးလေး ပြန်လာပေးပါတယ် ”
ကိုဆွေဝင်းပြောဆိုနေသည့်အချိန်တွင် နောက်ကျောဘက်မှ ခြေသံလိုလိုကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်းများ
ထသွားလေသည်။ ထို့နောက် လက်ထဲမှ ပယင်းပုတီးလက်ကောက်လေးကို နောက်ပြန်ပစ်လိုက်လေတော့သည်။
“ --------------- ”
မြေကြီးပေါ်သို့ ပယင်းပုတီးကျသံမကြားရသော်လည်း တိုးလျသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ စကားပြောသံ
လား၊ ညည်းညူသံလားဆိုသည်ကို မသဲကွဲသော်လည်း အနီးအနားတွင် တစ်စုံတစ်ယောက်ရှိနေသကဲ့သို့ မသိစိတ်က ခံစား
နေရလေသည်။ ထိုအချိန်မှာပင် ရန်ကုန်မြို့ဘက်သို့ ဦးတည်ပြီးမောင်းလာနေသည့် Express ကားကြီးတစ်စီး၏ မီးရောင်က
ကိုဆွေဝင်းရပ်နေသည့်နေရာသို့တိုင် အလင်းဖြာကျလာသဖြင့် နောက်သို့ မသိမသာလှည့်ကြည့်လိုက်မိသည့်အခါ ကားမှောက်
သည့်နေရာသို့ တရွေ့ရွေ့သွားနေသည့် အဖြူရောင်အရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေတော့သည်။
“ တီ…တီ….တီ…”
ကားမီးထိုးပြီး ဟွန်းတီးနေသဖြင့် ကားဆီသို့ ခပ်သွက်သွက်လျှောက်လာသည့်အခါ ကိုဆွေဝင်း၏မိခင်က ကားထဲမှ
အပြင်သို့ထွက်လာပြီး မေတ္တာပို့ပေးနေလေသည်။
“ သားကြီး…ကားပေါ်တက်တော့ ”
“ ဟုတ်ကဲ့ အမေ…”
မကြာခင်မှာပင် အနက်ရောင် တိုယိုတာ မာ့ခ်အိက်စ်ကားလေးက အဝေးပြေးလမ်းမကြီးပေါ်သို့တက်ကာ ရန်ကုန်မြို့
သို့ ဦးတည်မောင်းနှင်သွားလေတော့သည်။
“ သူတို့ကို အမေမြင်လိုက်တယ် သားကြီး ”
“ ဗျာ…..သူတစ်ယောက်တည်းမဟုတ်ဘူးလား ”
“ မဟုတ်ဘူး။ အိက်စ်ပရက်စ်ကားကြီးရဲ့မီးရောင်နဲ့ အမေမြင်လိုက်တယ်။ သားကြီးရဲ့နောက်ဘက်မှာရပ်နေတာ လေး
ယောက်။ အသေအချာမမြင်ရတော့ ယောက်ျားလား မိန်းမလားတော့ မသဲကွဲဘူး။ ကလေးအရွယ်တစ်ယောက်တော့ပါတယ်”
“ သားမြင်လိုက်တာ သူတစ်ယောက်တည်းပဲ။ သားက အဖြူရောင်အရိပ်ပဲ မြင်လိုက်တယ် ”
“ အမြန်ကျွတ်လွတ်ကြပါစေကွယ်။ နာမည်လည်းမသိ၊ ဘယ်မှာနေတယ်ဆိုတာမသိတော့ သူတို့အတွက် ကောင်းမှုဘယ်လို
လုပ်ပေးလို့ရမယ်ဆိုတာ မသိတော့ဘူး ”
“ သူတို့မှာ ဆွေမျိုးသားချင်းတွေရှိကြမှာပါ အမေရယ် ”
“ အေးပေါ့ကွယ်။ သားကြီးသာ သူတို့ကို အချိန်မီဆေးရုံပို့ပေးနိုင်ရင် ဆုံးချင်မှဆုံးမှာ ”
“ ဟုတ်တယ် အမေ။ ကားမှောက်တဲ့နေရာက ကားလမ်းနဲ့လှမ်းတော့ ညဆို ဘယ်လိုမှမမြင်နိုင်ဘူး။ အချိန်တော်တော်ကြာမှ
တွေ့သွားကြတော့ ဆေးရုံပို့တာတောင် အသက်မမီတော့ဘူး ”
“ ကံတရားပေါ့ကွယ်။ သူတို့လို မကျွတ်မလွတ်သေးတဲ့သူတွေ အမြန်လမ်းမှာ အများကြီးရှိနေကြလိမ့်ဦးမယ် ”
“ တော်ကြပါတော့ အစ်ကိုနဲ့ အမေရာ။ ကြောက်ပါတယ်ဆိုနေမှ ”
“ အေးပါ..ကြောက်တတ်လိုက်တာလည်း လွန်ပါရော ”
“ ခုနက မင်းရောမမြင်လိုက်ဖူးလား ကျော်ဇင် ”
“ ကျွန်တော်က မကြည့်ရဲလို့မျက်လုံးမှိတ်ထားတာ။ အမေက ဟွန်းတီးပြီး မီးဖွင့်ဆိုမှ အမေခိုင်းတဲ့အတိုင်းလုပ်ဖြစ်တာ ”
“ သတ္တိကလည်းကောင်းပါ့ ”
“ ရန်ကုန်ရောက်ရင် ဆေးရုံတစ်ခုခုမှာ သားကြီးကိုဝင်ပြမယ် ”
“ သားဘာမှမဖြစ်တော့ဘူး အမေ ”
“ ဟင်……ဟုတ်လို့လား ”
“ ဟုတ်တယ် အမေ.။ ကိုယ်လည်းမပူတော့ဘူး။ ချမ်းလည်းမချမ်းတော့ဘူး ”
“ နဖူးပြစမ်း…”
ကိုဆွေဝင်းက ထိုင်ခုံနှစ်ခုကြားသို့ဝင်ကာ မိခင်ထံသို့ မျက်နှာထိုးပေးလိုက်သည်။
“ ဟုတ်သား…..။ ကိုယ်က အေးစက်နေတာပဲ ။ အင်း……ဟိုကလေးမက သားကြီးရဲ့အနားမှာရှိနေလို့ ချမ်းပြီးတုန်နေတာ
ဖြစ်မယ် ”
“ အဲဒီလိုဖြစ်တတ်လို့လား အမေ ”
“ အမေ့အထင်ပြောတာပါ။ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ”
“ သူလည်း ကျေနပ်သွားလောက်ပြီထင်ပါတယ် ”
“ သတိတော့ထားပေါ့ကွယ်။ အဲဒီနားရောက်တဲ့အခါတိုင်း မေတ္တယာပို့ပေးပြီး သတိနဲ့မောင်းပေါ့ ”
“ ဟုတ်ကဲ့အမေ…..တော်ကြာ လမ်းပေါ်ကိုထွက်ပြီး လက်တားရင်တား၊ မတားရင် ကားထဲပါလာလို့ကတော့ ”
“ အစ်ကို…..တော်တော့ဗျာ။ လာ…..ကားလာမောင်း။ ကျွန်တော် မမောင်းရဲတော့ဘူး ”
“ ဟား…ဟား…..ငါ့ကိုမောင်းခိုင်းပြီး နောက်ခန်းမှာထိုင်မယ်ပေါ့လေ။ အေးပေါ့ကွာ….ဘေးက ပြူတင်းပေါက်မှန်ကို မ
ကြည့်မိစေနဲ့ပေါ့။ ကားရှေ့မီးရောင်နဲ့ အသေအချာမြင်ရတယ်နော် ကျော်ဇင်… ”
“ ဟာဗျာ….တော်ပါတော့…..”
----------------------------
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။