
“ငါတို့နေရာ လွတ်အောင်ပြန်လုပ်ပေး”
“ဟိုင်းယား… ယောက်ျားဘသား…ငါကွ…ဒုန်း..ဒုန်း”
“ဟဟ လုပ်ကြပါဦးဟ..ဖိုးလုံးဘာဖြစ်တာလဲ မသိဘူး..ကို အုန်းဝင်းရေ.. ကို အုန်းဝင်းရေ..လာပါဦး”
ဆူညံ ဆူညံ အသံတွေကြားရပြီး မိမိနာမည်ကို အော်ခေါ်နေတဲ့အသံတွေကြောင့် ဆောက်လုပ်ရေးအလုပ်သမားခေါင်းဆောင် ကိုအုန်းဝင်းတစ်ယောက် ဆိုက်ထဲကို လှည့် လည်ကြည့်ရှုနေရင်းတန်းလန်းနဲ့ အသံကြားရာကိုပြေးလာခဲ့လိုက်ပါတယ်။
“ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ”
မေးလည်းမေးရင်း အော်လည်းအော်ပြီး ပြေးလာရင်း အနားရောက်သွားတော့.. ညဆိုင်း အလုပ်သမားထဲက ဖိုးလုံးဆိုတဲ့ကောင်လေးတစ်ယောက် လက်ပန်းပေါင်း ခတ်ရင်း လက် ဝှေ့ရေးပြသလိုလုပ်ပြီး အနားက အပင်ကြီးဆီကို ခေါင်းနဲ့ ပြေးပြေးတိုက်နေတာ တွေ့လိုက်ရပါတယ်။ နှဖူးကြီးမှာလည်း ဟက်တက်ကွဲပြီး သွေးတွေ ကမြင်မကောင်း အောင် စီးကျလို့ နေပါတယ်။ ဒါကိုလည်း နာတဲ့ပုံစံ တစ်ချက်မပြပဲနဲ့ ထပ်ခါထပ်ခါ ပြေးပြေးတိုက်နေတာပါ။
ဘေးနားက ကျန်တဲ့အလုပ်သမားတွေက သူ့ကို ဝိုင်းဆွဲနေကြပေမယ့် လူ့ဗလံလေး ဖိုးလုံး ကိုမနိုင်ကြပဲ ဖိုးလုံးသွားတဲ့နောက် တရွတ်ဆွဲပြီးလိုက်နေသလိုဖြစ်နေပါတော့ တယ်။
မြင်ရတဲ့မြင်ကွင်းကိုကြက်သေသေ ကြည့်နေရင်းကနေ အမြန်ဆုံးသတိဝင်လာခဲ့ပြီး ဖိုးလုံးကို ဝိုင်းချုပ်ဖို့ လှမ်းအော်သတိပေးလိုက်ပါတယ်။ “ဟေးကြောင်ကြည့်မနေကြ နဲ့။ ဖိုးလုံးကို တန်းလျားကိုရောက်အောင်ခေါ်ခဲ့…မြန်မြန်လုပ်ကြ”
သူ့စကားဆုံးတာနှင့် ဆိုက်ထဲကရှိသမျှအလုပ်သမားအကုန် ဖိုးလုံးကို ဝိုင်းဝန်းချုပ်ကိုင် ပြီး တရွတ်တိုက်ဆွဲခေါ်လိုက်၊ ဖိုးလုံးကရုန်းလိုက်နဲ့ တန်းလျားကိုရောက်ဖို့ ဆယ့်ငါးမိနစ် လောက် ကြိုးစားလိုက်ကြရပါတယ်။
တန်းလျားကိုရောက်တော့ ချက်ချင်းတဲတံခါးကိုပိတ်လိုက်ပြီး ကိုအုန်းဝင်းက စကားစ ပြောပါတယ်။ “ဖိုးလုံး..မင်းဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ဘူးကွ…မင်းတို့ကို ကြည့်မရလို့”
“မင်းဖိုးလုံး မဟုတ်ဘူးဆိုတာကို သိပါတယ်။ ငါတို့ ဘာအမှားလုပ်မိလဲဆိုတာပြောပြ မှ ငါကနောက်မဖြစ်အောင် အဖွဲ့ သားတွေကို သတိပေးထားလို့ရမှာ”
“မင်းက ခေါင်းဆောင်ဆိုတော့လဲ မင်းကိုပြောပြရသေးတာပေါ့..အခုမင်းတို့ ဆောက် နေတဲ့ကျောင်းက ငါတို့ သွားလမ်းနဲ့ မလွတ်ဘူး။ ဒီတော့ နည်းနည်းရွှေ့ဆောက်ပေး။ ပြီးတော့ ဒီနေရာမှာ သီချင်းညီးတာ၊ သီချင်းဆိုတာ ငါတို့ မကြိုက်ဘူး”
ဒီနေရာမှာကိုအုန်းဝင်းတစ်ယောက် စဉ်းစားရခက်ပါပြီ။ သူတို့တာဝန်ယူပြီးဆောက်နေ တာက ဗိုလ်မှူးကြီးတစ်ဦးနဲ့ သူ့ဇနီးတို့ ဆောက်လုပ်လှူတန်းမယ့် ဘုန်းကြီးကျောင်း နှစ်ထပ်ဆောင်ဖြစ်ပါတယ်။
အင်ဂျင်နီယာတွေနဲ့ သေချာတွက်ချက်ပြီး တည်ဆောက်နေတာဖြစ်လို့ ကျောင်းကိုရွှေ့ရ မယ်ဆိုရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့တာဝန်ယူလိုက်လို့ မရပါဘူး။ ဒါကြောင့်အတတ်နိုင်ဆုံး ညှိနှိုင်းဖို့ ပြင်ဆင်လိုက်ပါတယ်။
“အော် ဆရာကြီးခင်ဗျာ..ကျွန်တော်တို့ကလည်း ဝန်ထမ်းပါ။ နေရာတွေကို စနစ်တကျ တွက်ချက်ပြီးဆောက်လုပ်တာမို့လို့ တကယ်လို့ ရွှေ့ပေးစေချင်တယ်ဆိုရင် အထက်ကို ပြန်တင်ပြရမယ်ခင်ဗျ။ အဲဒီအတွက်တော့ ခဏလောက်သည်းခံပေးစေချင်ပါတယ်။ သီချင်း မဆိုဖို့တော့ ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော်တို့ နေရာကိစ္စကိုပြန်တင် ပြပြီးရင် ဘယ်လိုပြန်ဆက်သွယ်ရမလဲ အမိန့်ရှိပါခင်ဗျ”
“အေး..ဒီလိုမှပေါ့ကွဲ့။ မင်းတို့ အလှူအတန်းလုပ်တယ်ဆိုပေမယ့် သူတစ်ပါးထိခိုက်မယ် ဆိုရင် အလှူက မဖြစ်မြောက်ဘူးဆိုတာ နားလည်ထားရမယ်။ ငါတို့ကတောင်ပေါ်က ဆင်းလာပြီးရင် ဒီလမ်းကပဲ အပြင်ထွက်ရမှာကို ကျောင်းကြီးဆောက်ပြီး ပိတ်ထားမယ် ဆိုရင်တော့ ငါတို့က ဘယ်မှ သွားလို့လာလို့ မရပဲ ထောင်ကျတာထက် ဆိုးတော့မှာ ပေါ့။ သေချာပြောလိုက်။ နောက်တစ်ပတ်ငါပြန်လာခဲ့မယ်။ နေရာအတိအကျကို ငါတိုင်း တာပြမယ်။ သီချင်းဆိုတာ သီချင်းညီးတာတွေ့ရင် နောက်တစ်ခါဆို ဒီထက်နာမယ်မှတ်”
“အော်ခဏလေးပါခင်ဗျာ..ဒီကလေး ဖိုးလုံးက မိဘကိုလုပ်ကိုင်ကျွေးမွေးနေသူပါ။ အခု လိုဒဏ်ရာအနာတရတွေနဲ့ ဆိုတော့ကလေးက နောက်နေ့ အလုပ်မှ ဆင်းနိုင်ပါ့မလား လို့”
“ဟေ့အလုပ်သမားခေါင်း..မင်းတော်တော်ပြောတတ်တယ်နော်..ကောင်းပြီ။ ငါထွက် သွားရင် မင်းလူကို အကောင်းပကတိဖြစ်စေရမယ်” ဖိုးလုံးပါးစပ်က ဒီလိုပြောပြီးတာ နဲ့ ဖိုးလုံးဟာ နောက်ကို ပစ်လဲကျသွားပါတော့တယ်။
ဒီအချိန်မှာပဲ တဲတံခါးက လေမတိုက်ပါပဲ ဝုန်းကနဲ ပွင့်ထွက်သွားပါတယ်။ အံ့သြစရာ ကောင်းတာက သတိရလာတဲ့ဖိုးလုံးရဲ့ ခေါင်းမှာ ဘာဒဏ်ရာမှရှိမနေတော့ပဲ အကောင်းပကတိကျန်ခဲ့ တာပါပဲ။
သူ့ကိုယ်သူဘာဖြစ်မှန်းမသိတဲ့ ဖိုးလုံးဟာ ရင်ဘတ်နဲ့ ပုဆိုးတွေမှာရွှဲစိုနေတဲ့သွေးတွေ ကို ကြည့်ရင်းထိတ်လန့်ခြောက်ခြားနေလို့ ရေမန်းတိုက်တာ မြန်မာသည်းခြေအားတိုး ဆေးတိုက်တာတွေကို ကိုအုန်းဝင်းက လုပ်ဆောင်ပေးနေရပါတယ်။
ဖိုးလုံးပြန်ပြောပြတာကတော့ “ ကျွန်တော်သီချင်း တညီးညီးနဲ့ အလုပ်လုပ်နေတုန်းမှာ သျှောင်တစ်စောင်းထုံးထားတဲ့ အဖိုးကြီးတစ်ယောက်တောထဲကနေ ထွက်လာပြီး ကျွန် တော့်ကို မျက်ထောင့်နီကြီးနဲ့ ရပ်ကြည့်နေပါတယ်။ ပြီးတော့ လက်ညှိုးတစ်ထိုးထိုးနဲ့ ပြောပါတယ်။ ကျွန်တော်က မကြားတော့ အလုပ်ပဲဆက်လုပ်နေလိုက်တာကို ပြေးပြီး ကျွန်တော့ဂုတ်ပေါ်ကို တက်ခွတော့တာပဲ မှတ်မိတယ်” လို့ ဆိုပါတယ်။
တစ်ညလုံးလည်း တောင်ခြေဖက်ဆီကနေ “ငါတို့ နေရာလွတ်အောင်ပြန်လုပ်ပေး.. ငါတို့နေရာပြန်ပေး” ဆိုတဲ့ အသံတွေ ဆက်တိုက်ကြားနေရပါတယ်။ ဒီအသံတွေ ကြားလို့ တောင်ခြေဖက်ဆီကို လှမ်းပြီးကြည့်လိုက်တဲ့အခါမှာတော့ မီးတုတ်တွေ ကိုင်ထားတဲ့ လူအုပ်စုလိုလို တွေ တရွေ့ရွေ့ သွားလာနေပြီး အော်နေတာကို မှုန် ဝါးဝါး မြင်တွေ့လိုက်ရပါတယ်။
ဒီတောင်ပေါ်မှာ ရွာမရှိတာကို သူတို့ ကနယ်ခံတွေမို့ တခြားသူတွေထက်ကောင်း ကောင်းကို ပိုသိပါတယ်။ ဒီနေ့မှ ဆိုက်တည်တုန်းရှိသေး၊ မြေညှိတာပဲလုပ်ရသေး ချိန်မှာတောင် ဒီလောက်ကြမ်းပြနေရင် နောက်နေ့တွေ အလုပ်ဆက်လုပ်တဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ မမျှော်မှန်းနိုင်တော့ပါဘူး…။
ဒါနဲ့ပဲ ကိုအုန်းဝင်းက အားလုံးကို သတိပေးလိုက်ပါတယ်။ အလုပ်လုပ်ရင်းမေတ္တာပို့ ကြဖို့၊ အရက်သေစာကြိုက်တဲ့သူတွေလည်း လုပ်ငန်းခွင်နားမှ အခန်းထဲရောက်မှ သောက်ကြဖို့နဲ့ သီချင်းကိုယောင်လို့ တောင်မှ မဆိုကြဖို့ အချင်းချင်းလည်း သတိပေး ကြဖို့ သေချာမှာကြားထားပြီး မနက်ပိုင်းကို ရရာကားနဲ့ မြို့ တက်ဖို့ စီစဉ်ရပါတော့ တယ်။
လက်ထောက်ဖြစ်သူနဲ့ ဆိုက်ကို လွှဲထားခဲ့ပြီးတာနဲ့ မနက်အစောဆုံးကားနဲ့လိုက်လို့ ရအောင် စီစဉ်ပြီး နံနက်စောစောမှာပဲ ထွက်ခွာလာခဲ့ပါတယ်။ သူအရင်ဆုံးသွားတွေ့ ရမှာက ဒီကျောင်းဆောင်ကို ဒီဇိုင်းဆွဲထားတဲ့ အင်ဂျင်နီယာဆီကိုပါ။
“အဖြစ်အပျက်ကတော့ အဲဒါပါပဲ ဆရာရေ..ပရလောကသားတွေနဲ့ မလွတ်ဘူးလို့ ပြောနေပါတယ်။ အခုကတောင်းပန်ထားရတယ်။ ကျွန်တော် မြေအကြမ်းညှိတာတွေ တော့ လုပ်ခိုင်းထားခဲ့ပါတယ်။ ဘာဆက်လုပ်ရမှန်းမသိလို့ လာပြောပြတာပါ”
“ဒါဆိုကျွန်တော်လဲ အလှူရှင်ကို ဖုန်းထပ်ဆက်ကြည့်လိုက်ပါ့မယ်. ကိုအုန်းဝင်းလည်း ဒီကပဲ စောင့်ပေါ့”
ကျောင်းဆောက်လှူတဲ့အလှူရှင်လင်မယားဆိုသူမှာ ချက်ချင်းဆိုသလိုပဲ အင်ဂျင်နီယာ အိမ်ကိုရောက်လာခဲ့ပါတယ်။ ကိုအုန်းဝင်းတစ်ယောက်အလှူရှင်လင်မယားကိုကြည့်ပြီး အားကျစိတ်တွေတောင်ဖြစ်မိပါတယ်။
ဗိုလ်မှူးကြီးတို့လင်မယားဟာ အခုမှ ညားခါစလင်မယားတွေဖြစ်ကြပြီး မိန်းကလေးက ပထမ ဆုံးသားဦးကိုယ် ဝန်ကို လွယ်ထားရသူဖြစ်ပါတယ်။ နှစ်ယောက်စလုံးမျက်နှာ လေး တွေက အေးချမ်းကြည်လင်နေပြီး ဘာသာတရားလုပ်ကြပုံလည်းပေါ်ပါတယ်။
သူတို့ နှစ်ယောက်က ချက်ချင်းဆိုသလိုပဲ လိုက်လာကြပြီး သူတို့ နှင့်အတူဆရာတစ် ဦးလည်း ပါလာပါတယ်။ ဆရာ့နာမည်က တော့ ဦးရာဇာလို့ ခေါ်တယ်လို့ သိရပါတယ်။ သူတို့အားလုံး ဗိုလ်မှူးကြီးရဲ့ ကားနဲ့ပဲ ဆိုက်ထဲကိုလိုက်ကြည့်ကြပါတယ်။
ဒီဘုန်းကြီးကျောင်းအလှူက သူတို့ရဲ့ သားဦးလေး ရခြင်းအထိမ်းအမှတ်နဲ့ ဆောက် လုပ် လှူတန်းတာဖြစ်ပြီး တောင်ခြေရင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းလေးနဲ့ တစ်ဆက် တည်း မြေကွက်လပ်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ကျောင်းဆောက်ဖို့ လုပ်ငန်းစတင်တဲ့အချိန်မှာပဲ ဆရာတော်က တောင်တန်းဒေသကို အရေးပေါ်ခရီးထွက်သွားရတဲ့အတွက်ကြောင့် လက်ထောက်ဆရာတော်လေးပဲ ကျောင်းဟောင်းလေးမှာ သီတင်းသုံးနေတာလဲ ဖြစ်ပါတယ်။
ဆရာတော်လေးကလည်း ကျောင်းဆောက်နေတဲ့ နေရာကိုခဏသာလာလေ့ရှိတာ ကြောင့် အခုလိုကိစ္စဖြစ်တဲ့အခါ မလုပ်တတ်မကိုင်တတ်နဲ့ ဖြစ်နေပါတော့တယ်။ ဗိုလ် မှူးအနေနဲ့လည်း သူတို့ကကောင်းမယ်ထင်လို့ လုပ်ခဲ့ပြီးမှ နေရာမကျဖြစ်နေတဲ့အခါ စိတ်မကောင်းဖြစ်ရတာမို့ သူတို့ ကိုးကွယ်တဲ့ဆရာရာဇာကို ခေါ်ပြီးဘယ်လိုတွေ လုပ်ရင်ကောင်းမလဲလို့ ဆိုက်ထဲကို သွားရောက်ကြည့်ရှုကြပါတယ်။
ဒီလိုကြည့်နေတဲ့ အချိန်မှာပဲ ဆရာရာဇာက သူဒီနေ့ည ဆိုက်ထဲမှာ အိပ်မယ်လို့ ပြော လာပါတယ်။ သူ့မိန်းမကို ပြန်ပို့ပြီး ဗိုလ်မှူးကြီးလည်း လာအိပ်မယ်လို့ ဆိုပါတယ်။
“ကဲ ကိုအုန်းဝင်းရေ.. ကျွန်တော်တို့ကတော့ နေရာသိပ်မကျယ်ဘူးဆိုရင်ရွှေ့ ဆောက် ပေးလိုက်မယ်..။ ဒါပေမယ့်ဘယ်အတိုင်းအတာထိရှိတယ်ဆိုတာ တိတိပပ သိရမှ ဖြစ်မှာ။ ဒါကြောင့်ညကျရင်တော့ ဟင်းခွက်ကမ်းဖို့ ကြက်တစ်ကောင်လုံး အူစုံအသည်း စုံချက်ပြီး ထမင်းတစ်အိုးချက်ပေးပါ”
နောက် ငှက်ပျောဖက်နဲ့ လိုအပ်တဲ့ အမွှေးတိုင်၊ ဖယောင်းတိုင်တွေကို ဝယ်ယူပြီး ညနေ ခြောက်နာရီလောက်မှာ ဆရာရာဇာနဲ့ ကိုအုန်းဝင်းတို့ က ဘယ်သူမှမခေါ်ပဲနဲ့ ဆိုက်ရဲ့ ဘေး အစွန်ဆုံးကျတဲ့ အခြမ်းမှာ ထမင်းဟင်းတွေကို ဖက်နဲ့ သွားပုံလိုက်ပါတယ်။
“မိတ်ဆွေတို့..။ ကျွန်တော်တို့ ဆောက်လုပ်ရေးမှာ မလွတ်မလပ်ဖြစ်နေတယ်ဆိုတဲ့နေ ရာ အတိအကျကို ပြပေးပါ။ ကျွန်တော်တို့ ဖက်ကလည်းမသိနားမလည်လို့ လုပ်မိတာ ပါ။ မိတ်ဆွေတို့နဲ့လည်း အဆွေခင်ပွန်းဖွဲ့ချင်ပါတယ်”
ပြောဆိုနေတုန်းမှာပဲ တောင်ခြေဖက်ဆီက ဝါးရုံပင်တွေကိုဖြတ်ပြီး ဝေါဝေါနဲ့ တစ်စုံတစ် ခုပြေးဆင်းလာတဲ့အသံတွေကို နားကွဲမတတ်ကြားလိုက်ရပါတယ်။ လေတွေကလည်း ထူးထူးဆန်းဆန်းတိုက်နေပြီး လူတွေတောင်လွင့်ထွက်မတတ်ဖြစ်နေပါတယ်။
ဒါပေမယ့် ထမင်းဟင်းပုံထားတဲ့ နားက သစ်တုံးပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင် လေးက မီးဇာလေးဟာ လုံး၀ လှုပ်မနေပဲ ငြိမ်ငြိမ်သက်သက်လေးလောင်ကျွမ်းနေပါ တယ်။
ခဏအကြာမှာတော့ တောထဲက လူဝံပုံစံ အမွှေးတွေနဲ့ အကောင်သုံးကောင်လောက် ပြေးထွက်လာတာတွေ့လိုက်ရပါတယ်။ ရုတ်တရက်မို့ ကိုအုန်းဝင်းတစ်ယောက်ဘုရား တလိုက်မိပါတော့တယ်။
“အမလေးဘုရားဘုရား ရန်မူမလို့လားမသိဘူးဆရာရာဇာ..လုပ်ပါဦး”
“ဟိတ်ရပ်လိုက်စမ်း…မိတ်ဆွေဖွဲ့ဖို့ လာတဲ့သူတွေကို မရိုင်းရဘူးကွဲ့” ဆရာရဲ့ အသံ မဟုတ်ပဲနဲ့ အဖိုးကြီးတစ်ယောက်က အော်ဟစ်ဟန့်တားလိုက်တဲ့ အသံအဆုံးမှာ မည်းမည်းသဏ္ဍာန်တွေက ငြိမ်သွားပါတယ်။ နေရာမှာပဲ ဆက်ပြေးမလာတော့ပဲ ရပ်ကြည့်နေလိုက်ပါတယ်။
အဲဒီလိုသူတို့ရပ်နေတဲ့ ဝါးရုံပင်တွေနောက်ကနေပဲ သျှောင်တစ်စောင်းထုံးထားတဲ့အဖိုး အို တစ်ယောက်ကို လှမ်း မြင်လိုက်ရပါတယ်။ လူပုံကို ထင်ထင်ရှားရှားမြင်ရ တာဖြစ် ပေမယ့် မျက်နှာကိုတော့ တိတိကျကျမြင်ရတာမဟုတ်ပါဘူး။
“အဖိုးခင်မျာ..မိတ်ဖြစ်ဆွေဖြစ်ဟင်းခွက်ကမ်းလှမ်းမှုလက်ခံပေးပါ။ ကျွန်တော်တို့ နေရာ ရွှေ့ပေးပါမယ်။ ဘာတွေဘယ်လိုလုပ်ရမလဲဆိုတာသာ ပြောပေးပါ”
“အေးအေး မောင်ရင်တို့ ယဉ်ကျေးစွာမိတ်ဆွေဖွဲ့ တာကို လက်ခံပါတယ်။ ဒီနေရာမှာ ပရလောကသားတွေ ကြီးစိုးကြတယ်ကွဲ့။ အခုမလွတ်မလပ်ဖြစ်နေတာ အဖိုးတို့ သိုက် နေရာပါ။ နေရာကိုလည်းမနက်ဖြန်ကြရင် စည်းတားပြီးပြသပါ့မယ်။ တခြားအဖိုးတို့နဲ့ မတူတဲ့ဘုမ္မိသားတွေ ဒီနေရာမှာ အများကြီး ရှိပါတယ်။ သူတို့ကတော့ အရမ်းကို အားကောင်းကြတယ်၊ ဒေါ သကြီးကြတယ်။ သူတို့ရန်ကိုလည်းကြည့်ရှောင်ပေါ့ကွယ်” ဆိုပြီးပြောလို့ တောထဲကိုလှမ်းဝင်သွားပါတယ်။
နောက်တော့ တောထဲကနေ ယင်မည်းရိုင်းကြီးတွေ ပျံသန်းလာသံကြားရပြီး ယင် ကောင် အုပ်ကြီးထွက်လာပါတယ်။ ပုံထားတဲ့ ထမင်းနဲ့ ဟင်းပေါ်ကိုနားကြတဲ့အခါမှာ တော့ ကိုအုန်းဝင်းနဲ့ ဆရာရာဇာတို့လည်း တဲတန်းလျားတွေဆီပြန်လာခဲ့ပါတော့တယ်။
တဲတန်းလျားထဲမှာ စောင့်နေတဲ့ အလှူရှင်ဦးတင်စိုးကိုကော အင်ဂျင်နီယာအဖွဲ့ တွေ ကိုကော ဒီသတင်းကိုပြောပြလိုက်ပြီးတော့ မနက်ဖြန်ကိုစောင့်ကြည့်ဖို့ လုပ်ကြပါတယ်။
“ဆရာရေ ဆရာ ဒီမှာလာကြည့်ပါဦး”
မနက်စောစောမှာ အလုပ်သမားတစ်ချို့လာနှိုးလို့ လိုက်ကြည့်တဲ့အခါမှာ မြွေတစ် ကောင် သွားထားတဲ့ စွပ်ကြောင်းရာလိုမျိုးကြီး ထင်းနေအောင်တွေ့ရလိုက်ပါတယ်။ အဲ ဒီစွပ်ကြောင်းရာက လမ်းတစ်ခုကို ဖော်ပြပေးထားသလိုဖြစ်နေတာမို့ ဝါးခြမ်းပြားတွေနဲ့ အရာအတိုင်းလိုက်ပြီး ငုတ်တွေရိုက်ပြီးမှတ်ထားလိုက်ပါတယ်။
အားလုံးပြန်တိုင်ပင်ပြီး အဲဒီနေရာနဲ့ လွတ်အောင်ဘေးဘက်ကို ရွှေ့ပေးလိုက်ပါတယ်။ ဆောက်လုပ်ရေးတွေကိုလည်း အဲဒီနေ့မှာပဲပြန်လည်စတင်လုပ်ကိုင်ပါတော့တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ ပါနေတဲ့ သိုက်တွေနဲ့ မလွတ်တဲ့ လမ်းလေး ကိုလည်း အလှူရှင်ကသာယာတဲ့လမ်းပုံစံလေးဖြစ်အောင် လုပ်ပေးပြီး တစ်ခါထဲ ဥယျာဉ် လေးပါ ထည့်ဆောက်ပေးပါမယ် လက်ခံမလားဆိုပြီး မေးခိုင်းတာကြောင့် ကိုအုန်းဝင်းနဲ့ ဆရာရာဇာက မေးမြန်းဖို့ စီစဉ်ရပြန်ပါတယ်။
ထုံးစံအတိုင်းကြက်တစ်ကောင်လုံးကိုချက်ပြီး ပထမအကြိမ်ပြုလုပ်သလိုပဲ လုပ်ကိုင် ပြီး ကျွေးမွေးရာမှာ လည်း အရင်လာနေကြအဖိုးပဲ ထပ်ရောက်လာပြန်ပါတယ်။ ဒါ ကြောင့် ကိုအုန်းဝင်းကပြောကြားလိုက်ပါတယ်။
“အဖိုး..ကျွန်တော်တို့ အဖိုးတို့ ပြတဲ့ လမ်းကို မြင်ပါတယ်။ အဲဒီလမ်းလေးကို ဘုန်းကြီး ကျောင်းဝင်းထဲ ထည့်ဆောက်ပေးမယ်။ အဖိုးတို့ အတွက်ရည်စူးပြီး နတ်လမ်းလေး အဖြစ်ထည့်လှူချင်ပါတယ်။ လမ်းဘေးဘီဝဲယာမှာလည်း သစ်ပင်ပန်းမန်တွေစိုက်ပေး ထားပါမယ်။ ပြီးတော့ နေရာပိုသေးရင် ဥယျာဉ်လေးတစ်ခု ပါထည့်ဆောက်ပေးပါမယ်။ ကျန်တဲ့လူတွေကိုလည်း ဒီလမ်းက မသွားဖို့ မှာထားပေးပါမယ်”
“ဒီလိုဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ မောင်ရင်ရယ်။ ရပါတယ် ဒီလမ်းကို လူတွေ အသုံးပြုလို့လည်းရပါတယ်။ ညနေ ခြောက်နာရီကနေ မနက်ခြောက်နာရီအတွင်း သာ တံခါးပိတ်ထားလိုက်ပေါ့..ကျန်တဲ့ တစ်နေ့လုံးလူတွေဖြတ်သန်းသွားလာလို့ရပါတယ်။ အလှူရှင်ကိုလည်းကျေးဇူးတင်တယ်ပြောလိုက်ပါကွယ်..။ ကျောင်းကြီးပြီးလို့ ရေစက် ချရင်လည်း အဖိုးတို့ကို ရည်စူးပြီး အမျှအတန်းပေးဝေပါဦးကွယ်..နောက်ပိုင်းမှာလည်း အဖိုးတို့ ကူပေးရမယ့် ကိစ္စတွေရှိလာရင် အစွမ်းကုန်ကူညီပေးပါ့မယ်ကွယ်”
ဒီလိုနဲ့ ပရလောကနဲ့ အပေးအယူမျှမျှတတဆောင်ရွက်လိုက်တာ ဘာအခြောက်အလှန့် မှမရှိတော့ပဲ ကျောင်းကြီးလည်း ခြောက်လအတွင်းပြီးဆုံးသွားပါတော့တယ်။
(ကျောင်းရေစက်ချပြီးချိန် ကြုံတွေ့ရမယ့် ဇာတ်လမ်းကို ခေါင်းစဉ်တစ်ခုနဲ့ ထပ်မံဖော်ပြပေးသွားမှာပါနော်)
https://www.facebook.com/Scary-Myanmar-Chilli-336517150312232/
အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။