
“ဆရာရေ…..ဘာတွေလုပ်နေတာလဲဗျ”
အိမ်ရှေ့မြောင်းဖော်နေရာမှ အသံကြားရာသို့လှည့်ကြည့်လိုက်သည့်အခါ စံပယ်၃လမ်းမှ အောင်သန်းဦးဖြစ်နေသည်။
“မြောင်းဖော်နေတာ အောင်သန်းဦးရေ။ မင်းရော ဘယ်သွားမလို့လဲ”
“ကိုကျော်ရင့်ဆီသွားမလို့ဆရာ”
“အလုပ်အကိုင် အဆင်ပြေရဲ့လား”
“ပြေတယ်လို့လည်းမဟုတ်ပါဘူး ဆရာရယ်၊ ရရစားစားပေါ့။ ပွဲဖြစ်မှ လက်ထဲငွေရတာလေ”
“အေးပေါ့ကွာ”
“ဘာလိုလိုနဲ့ ဒီနေ့ဆိုဆယ်နှစ်ရှိပြီနော်ဆရာ……အဟေး….”
အောင်သန်းဦးက ညာဘက်တံတောင်ဆစ်အောက်မှ တုံးတိပြတ်နေသည့်လက်ဖျံတိုနံ့နံ့ကိုလှုပ်ပြရင်း ပြောဆိုလိုက်သဖြင့် ကျွန်ုပ်၏ရင်ထဲတွင် နင့်ကနဲဖြစ်သွားခဲ့ရသည်။ အောင်သန်းဦး၏လက်ဖျံတိုနံနံ့ဖြစ်သွားရခြင်းသည် ကျွန်န်ုပ်၏အပြစ်လည်းမကင်းပေ။ ထို လက်ပြတ်သွားခဲ့သည်မှာ ဘာလိုလိုနှင့် ဆယ်နှစ်ပြည့်ခဲ့လေပြီ။ ထိုအကြောင်းကို ကျွန်ုပ်ကမေ့ဖျောက်ထားခဲ့သော်လည်း အောင်သန်းဦးကတော့ မေ့ဖျောက်ထားနိုင်လိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ အောင်သန်းဦး၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သည့် ကိုကျော်ရင်သည်လည်း မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။
ကျွန်ုပ်သည် ဘွဲ့ရပညာတတ်ကျောင်းဆရာတစ်ယောက်ဖြစ်သော်လည်း ဆင်ခြင်တုံတရားနည်းပါးခဲ့သည်။ မဟုတ်သည့်နေရာ၊ မလုပ်သင့်သည့်ကိစ္စ၌ တွေးခေါ်ချင့်ချိန်မှုနည်းပါးခဲ့သည်။ အထူးသဖြင့် အင်း၊အိုင်၊လက်ဖွဲ့၊ ဂါထာမန္တန်များဖြင့်စီရင်ထားသည့်ပစ္စည်းများ ကို စိတ်ဝင်စားသလို စမ်းသပ်လိုသည့်စိတ်လည်းရှိသည်။ ထို့ကြောင့်လည်း မဖြစ်သင့်သည့် ကိစ္စများဖြစ်ခဲ့ရသည်။ နောင်တဆိုသည်က ချင့်ချိန်သုံးသပ်မှုမရှိသူအတွက်ရလဒ်တစ်ခုသာဖြစ်ပေသည်။
“သွားလိုက်ဦးမယ်ဆရာရေ”
“အေး…အေး..။ စကားလေးဘာလေးပြောရအောင် အိမ်လာခဲ့ဦးကွာ”
“ဟုတ်ကဲ့ဆရာ၊ အားရင်လာခဲ့ပါ့မယ်”
နှုတ်ဆက်ပြီး လမ်းထိပ်ဘက်သို့ထွက်သွားသည့် အောင်သန်းဦး၏ကျောပြင်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ မြောင်းကူးတံတားပေါ်တွင်ထိုင်ချလိုက်သည်။ အောင်သန်းဦးသည် ကျွန်ုပ်နှင့်တစ်ရပ်ကွက်တည်းနေထိုင်သူဖြစ်ပြီး ဝန်ထမ်းကြို/ပို့ မော်တော်ယာဉ် မောင်းသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်ပေသလို သိုင်းဆရာတစ်ယောက်လည်းဖြစ်ပေသည်။ အောင်သန်းဦးသည်လည်း ကျွန်ုပ်ကဲ့သို့ဆင်ခြင်တွေးခေါ်မှုနည်းပါးခဲ့သည့်အတွက် လက်တစ်ဖက်ဆုံးကာ ယာဉ်မောင်းအလုပ်မှနှုတ်ထွက်ခဲ့ရပြီး ပွဲစားအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုခဲ့ရလေသည်။ ထိုသို့ဖြစ်ရခြင်း၏ လက်သည်တရားခံသည် ကျွန်ုပ်သာဖြစ်ပေတော့သည်။
**************************
“ ကျွန်တော်ပြောတဲ့ ကိုးသင်္ချိုင်းဓားဆိုတာ ဒီမှာလေဆရာ ”
ကိုအောင်ခိုင်၏လက်ထဲမှဓားကို စိတ်ဝင်တစားကြည့်လိုက်မိသည်။ ဓားအိမ်ကို ဆေးသုတ်လိမ်းထားခြင်း၊ အရောင်တင်ထားခြင်းမရှိသည့်အတွက် နဂိုမူလသစ်သားအရောင်အတိုင်း မှုန်မှိုင်းမှိုင်းဖြစ်နေသည်။ လက်ကိုင်ရိုးကလည်း ဝါးရိုးဖြင့်ပြုလုပ်ထားသဖြင့် ကိုးသင်္ချိုင်းဓားတစ်လက်၏ အသွင်လက္ခဏာအတိုင်းဖြစ်ပေသည်။ ထိုဓားအကြောင်း ကိုအောင်ခိုင်ပြောပြစဉ်က ကျွန်ုပ်အတော်စိတ်ဝင်စားခဲ့သည်။ ထိုဓားသည် အစီအရင်ဖြင့်ပြုလုပ်ထားသည့် ကိုးသင်္ချိုင်းဓားဆိုသည်ထက် အလွန်ဆိုးဝါးသည့် ဝိညာဉ်တစ်ခု တွယ်ကပ်နေပြီး အမျိုးမျိုးအဖုံဖုံ ဒုက္ခပေးနေသည်။ ဓားအိမ်မှဓားထုတ်ပြီးပါက ဓားကိုင်သူ၏စိတ်သည် တွေ့သမျှလူကို ခုတ်သတ်ချင်စိတ်ဖြစ်ပေါ်သည်။ စိတ်ထိန်းနိုင်သည့်တိုင် လူသွေးမသုတ်ဘဲ ဓားကိုဓားအိမ်ထဲပြန်ထည့်ခဲ့မည်ဆိုပါက ဓားထုတ်ခဲ့သူသည် ခုနစ်ရက်အတွင်း အကြောင်း တစ်ခုခုကြောင့်သေဆုံးရသည်ဆို၍ ကျွန်ုပ်ပိုပြီးစိတ်ဝင်စားမိသည်။ ကျွန်ုပ်သည် အထက်လမ်းဆရာလည်းမဟုတ်သလို အောက်လမ်းဆရာလည်းမဟုတ်ဘဲ အလယ်တန်းပြကျောင်းဆရာတစ်ယောက်သာဖြစ်ပေသည်။ ကိုအောင်ခိုင်သည် ကျွန်ုပ်တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းကျောင်းအနီးတွင် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ကျွန်ုပ်နှင့် ကိုအောင်ခိုင်တို့ရင်းနှီးခင်မင်ခဲ့သည်မှာ လေးငါးနှစ်ခန့်ရှီခဲ့ပြီဖြစ်သော်လည်း အခြားအကြာင်းအရာများကိုသာပြောဆိုဖြစ်ကြပြီး ကိုးသင်္ချိုင်းဓားအကြောင်းကို စကားမစပ်မိခဲ့ကြ ပေ။ တစ်နေ့သော် ကျောင်းအနီး၌ ဓားခုတ်မှုဖြစ်ပွားခဲ့ရာမှစပြီး ကိုအောင်ခိုင်နှင့်ကျွန်ုပ်တို့ ဓားအကြောင်းပြောဆိုကြရာမှ ကိုးသင်္ချိုင်းဓားအကြောင်း ပြောဆိုမိခဲ့ကြသည်။ ကိုအောင်ခိုင် ပြောပြကတည်းက သူ့ထံတွင်ရှိနေသည့် ကိုးသင်္ချိုင်းဓားကို ကြည့်လိုခဲ့သည်။ ကြည့်လိုခဲ့ သည်ဆိုခြင်းထက် ဟုတ်၊ မဟုတ် စမ်းသပ်လိုစိတ် တဖွားဖွားဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့်လည်း ကျောင်းပိတ်ရက်တစ်ရက်၌ ကိုအောင်ခိုင်၏အိမ်သို့ တကူးတကသွားရောက်ကာ ကျွန်ုပ်အလွန်စိတ်ဝင်စားနေသည့် ကိုးသင်္ချိုင်းဓားကို ကြည့်ရှုခဲ့လေတော့သည်။
“ ပြစမ်းပါဦးဗျ ”
“ ဆရာ....ထုတ်မကြည့်နဲ့နော် ”
“ ဘာဖြစ်လို့လဲဗျ ”
“ ဆရာ့ကို ကျွန်တော်ပြောခဲ့သလိုပဲ ဓားအိမ်ထဲကဓားထုတ်ပြီးသွားရင် လူတစ်ယောက်ယောက်ကိုခုတ်သတ်ချင်တဲ့စိတ်တွေဖြစ်လာတယ်။ စိတ်မခိုင်ရင်တော့ လူသတ်မှုဖြစ်လိမ့်မယ်။ သွေးမစွန်းဘဲ ပြန်ထည့်လို့မရဘူး။ ဒီဓားက လူသွေးပဲသုတ်လို့ရတယ်”
“ကျွန်တော်လည်း ကိုးသင်္ချိုင်းဓားနှစ်လက်ကို တွေ့ဖူးပါတယ်။ ဒီဓားက ဘယ်လိုကြောင့်လဲဗျ ”
“ ဒီဓားရဲ့ရာဇဝင်ကိုသိရင် ဆရာသဘောပေါက်သွားမှာပါ။ ဒီဓားကြောင့် ကျွန်တော့်အဖေလည်းလူသတ်မှုနဲ့ထောင်ကျခဲ့ဖူးတယ်။ အမေက လွှင့်ပစ်ဖို့ပြောပေမယ့် ကျွန်တော်မလွှင့်ပစ်ရက်လို့ အမေမသိအောင်ဝှက်ထားခဲ့တာ”
“ ထုတ်ကြည့်ပြီးရင် သတ္တဝါတစ်ကောင်ကောင်ရဲ့သွေးကို စတိအနေနဲ့သုတ်ပေးလို့မရဘူးလား ”
“ အဲဒါပြောချင်တာ။ လူသွေးကလွဲရင် အခြားဘယ်သတ္တဝါတွေရဲ့သွေးမှ သုတ်လို့မရဘူး ဆရာ ”
“ အထူးအဆန်းပါလား။ ကျွန်တော်တွေ့ဖူးတဲ့ ကိုးသင်္ချိုင်းဓားတွေကတော့ ကြက်သွေးသုတ်လို့ရတယ် ”
“ ဟုတ်တယ်ဆရာ။ ကျွန်တော်လည်းကြားဖူးပါတယ်။ ဒီဓားကတော့ လူသွေးမဟုတ်ရင် ဓားအိမ်ထဲကိုပြန်သွင်းလို့မရဘူး ”
“ ပြန်သွင်းရင်ဘာဖြစ်တတ်သလဲဗျ ”
“ လူသွေးမစွန်းဘဲပြန်သွင်းမိရင် ပြန်သွင်းထဲသူက ခုနစ်ရက်အတွင်း သေတာပဲ ”
“ ဟုတ်လို့လားဗျာ။ ကျွန်တော်တော့ မကြားဖူးဘူး ”
“ မယုံရင်စမ်းကြည့်ပါလို့တော့မပြောချင်ဘူး ဆရာ။ ဘာ့ကြောင့်လဲဆို မယုံလို့ စမ်းကြည့်တဲ့သူတိုင်း သေကုန်ကြလို့ပါ ”
“ အလို.......။ ကိုင်း.....ဒါဖြင့်လည်း ကျွန်တော့်ရဲ့လက်ဖျံကိုလှီးပြီး သွေးသုတ်မယ်ဗျာ။ အဲဒီလိုဆိုရင်ရော ဖြစ်မလား ”
“ ဟာ......ဆရာ...။ အသားအနာခံပြီး မလုပ်ပါနဲ့ ”
“ ကိုးသင်္ချိုင်းဓား ဟုတ်မဟုတ်ဆိုတာ ကြည့်ချင်လို့ဗျာ ”
“မလုပ်ပါနဲ့ဆရာရယ်”
ကိုးသင်္ချိုင်းဓားအကြောင်းကို ကျွန်ုပ်ကောင်းစွာသိပေသည်။ ကိုးသင်္ချိုင်းဓားဆိုသည့်အတိုင်း သင်္ချိုင်းကိုးခုမှ အခေါင်းရိုက်သံများကိုစုဆောင်းပြီး ဓားပြုလုပ်ရသည်။ ပန်းပဲဆရာသည် စနေသားဖြစ်ရမည်။ စနေသားမဟုတ်ပါက စနေနေ့တွင်ပြုလုပ်ရသည်။ ဓားပုံပြီး မြောက်သည့်အခါ ခုနစ်ရက်တိုင်တိုင် သက်ဆိုင်ရာဂါထာကို မန်းမှုတ်ရသည်။ ထို့နောက် အစိမ်းသေသွေး ( အစိမ်းသေသွေးမလုံလောက်ပါက အခြားအစိမ်းသေထားသည့် သတ္တဝါတစ်ကောင်ကောင်၏သွေးကို စတိထည့်နိင်သည် ) ဖြင့် ဆေးသားတင်ရသည်။ ဆေးသား တင်ပြီးသည့်အခါ မီးနေသည် စနေသမီး၏ခေါင်းအုံးအောက်တွင် ခုနစ်ရက်တိတိထားရသည်။ ထို့နောက် ကမ္မဝါရွတ်ဖတ်နေသည့်နေရာအနီးတွင်ထားရသည်။ ကိုးမြို့ရှင်နတ်ကွန်းတွင် ကိုးရက်တင်ထားရသည်။ ဓားအိမ်ကို ခေါင်းစပ်သည့်ပျဉ်ဖြင့်ပြုလုပ်ရပြီး ဓားရိုးလက်ကိုင် ကို လူသေထိုးသည့် တံစူးဝါးဖြင့်ပြုလုပ်ရပေသည်။ ဓားကိုသပ်ပင်းသည့်အခါ အစိမ်းသေဆံပင်ကိုးချောင်းကို ဓားမင်းတွင်ရစ်ပတ်၍ထည့်ရသည်။ အလုံးစုံပြီးမြောက်သည့်အခါ သက်ဆိုင်ရာဂါထာကို ကိုးရက်တိုင်တိုင်မန်းမှုတ်၍ သိဒ္ဓိတင်ရပေသည်။
နည်းစံနစ်မှန်ကန်စွာပြုလုပ်ထားသည့် ကိုးသင်္ချိုင်းဓားသာမှန်ခဲ့ပါက ကာယသိဒ္ဓိပီးသည်ဆိုသူ၏ဇက်အား ထက်ပိုင်းပြတ်စေသည်။ ကိုးသင်္ချိုင်းဓားကို ပရောဂကုသရာတွင်အသုံးချသည့်ဆရာများလည်းရှိသည်။ စုန်းကဝေတို့၏စက်ကြိုးကိုဖြတ်တောက်နိုင်သဖြင့် ကိုးသင်္ချိုင်းဓားပိုင်ရှင်ကို စုန်းကဝေတို့က အန္တရာယ်ပေးတတ်သည်။ ထို့ကြောင့် ကိုးသင်္ချိုင်းဓားကို လျှို့ဝှက်စွာသိမ်းဆည်းထားရပေသည်။ လက်ထဲသို့ရောက်နေသည့်ဓားကိုဆွဲထုတ်ကြည့်ချငက်သော်လည်း ဆွဲမထုတ်တော့ဘဲ အပြင်ပန်းကိုသာ အကဲခတ်လိုက်သည်။
“ ဘယ်လိုလဲဆရာ..... ကိုးသင်္ချိုင်းဓားဟုတ်ပါတယ်နော် ”
“ဓားကိုထုတ်ကြည့်ပြီး စမ်းသပ်ကြည့်မှပဲ ဟုတ်၊ မဟုတ်သိရမှာပေါ့ဗျာ”
“ ဆရာက ဟုတ်မဟုတ် စမ်းသပ်ချင်လို့လား ”
“ စမ်းတော့စမ်းကြည့်ချင်တယ်။ ကိုးသင်္ချိုင်းဓားကို စီရင်ကတည်းက ကမ္မဝါရွတ်ဖတ်နေတဲ့နေရာနားမှာ လျှို့ဝှက်ပြီးထားရတယ်ဗျ။ အခုက ဘာကြောင့် သင်္ကန်းနဲ့ထုပ်ထားရသလဲဆိုတာ သိချင်နေတာ”
“သင်္ကန်းနဲ့ပတ်ထားရတာက ဓားကြောင့်မဟုတ်ဘူးဆရာ။ ဒီဓားရဲ့ရာဇဝင်ကိုသိရင် သင်္ကန်းနဲ့ဘာကြောင့်ပတ်ထားရတယ်ဆိုတာ ဆရာသဘောပေါက်သွားလိမ့်မယ်”
“လုပ်စမ်းပါဦး။ ဓားရဲ့ရာဇဝင်ကို သိချင်နေပြီ”
“ ဟုတ်ကဲ့ဆရာ။ ပြောပြပါ့မယ် ”
“ ဒီဓားက ကျွန်တော့်အဘိုးရဲ့ဓားပါ။ ကျွန်တော့်အဘိုးက သိုင်းသမားတစ်ယောက်ပါဆရာ။ သိုင်းဆရာမဟုတ်ဘူးနော်၊ ဆရာမဟုတ်ပေမယ့် အဆင့်မြင့်သိုင်းသမားတစ်ယောက်ပါ။ အဘိုးက ငယ်ငယ်ကတည်းက ဓားတွေကို စိတ်ဝင်စားတယ်။ ဓားနဲ့ပဲကစားတယ်။ အဘိုး လူပျိုပေါက်အရွယ်ရောက်လာတော့ သိုင်းသင်ချင်တယ်ဆိုပြီး သူ့အမေကိုပူဆာတယ်။ အဲဒီအချိန်က အင်္ဂလိပ်တွေအုပ်ချုပ်ထားတဲ့အချိန်ပေါ့ဆရာ။ အဘိုးရဲ့နာမည်က စံဖဲတဲ့။ အဘိုးက တရုတ်တန်းက ဆယ့်သုံးလမ်းမှာနေတယ်။ အဘိုးရဲ့အမေက သိုင်းသင်တာကိုအား မပေးဘူးဗျ။ အဘွားဖြစ်စေချင်တာက ကုန်သည်။ အဘိုးကလည်း သိုင်းရူးနေတော့ အဘွားနဲ့က တကျက်ကျက်ပေါ့ဆရာ။ အဘိုးရဲ့အဖေက တရုတ်အနွယ်ဆိုတော့ စီးပွားရေးကလွဲပြီး ကျန်တာစိတ်မဝင်စားဘူး။ မိသားစုကိစ္စဝင်မပါဘူး။ အဘိုးကလည်း ဒါမှဒါဆိုတဲ့လူမျိုး။ စိတ်မြန်လက်မြန်သမား။ အဘိုးရဲ့ဆန္ဒပြည့်တယ်ပဲပြောရမလားမသိဘူး။ တစ်ရက်တော့ အဘိုးတို့နေတဲ့တိုက်က ဘေးခန်းကို ရှမ်းဘုန်းကြီးတစ်ပါးကြွလာတယ်။ အဲဒီအခန်းက ရှမ်းတရုတ်လူမျိုးတွေနေတယ်ဆရာ။ အခုထိလည်း သားစဉ်မြေးဆက် နေကြတုန်းပဲ”
“ဆက်ပါဦးဗျ”
“အဲဒီအခန်းမှာနေတဲ့ ရှမ်းအဘိုးကြီးက အဘိုးကိုအတော်ချစ်တယ်။ ရှမ်းဘုန်းကြီးကြွလာတော့ အဘိုးကိုခေါ်ပြီး ဘုန်းကြီးနဲ့တွေ့ပေးတယ်။ ရှမ်းဘုန်းကြီးက လူ့ဘောင်မှာတုန်းက ရှမ်းကြီးသိုင်းမှာ နာမည်ကြီးဆရာတစ်ယောက်ပေါ့ဗျာ။ စော်ဘွားရဲ့သက်တော်စောင့် တောင်လုပ်ခဲ့ဖူးတယ်တဲ့။ ဒါနဲ့ပဲ မိဘတွေသဘောတူသလားဆိုပြီး ရှမ်းဘုန်းကြီးက အဘိုးကိုမေးတယ်။ အဘိုးကလည်း သဘောမတူဘူးလို့ အမှန်အတိုင်းပြောလိုက်တယ်။ မိဘသဘောမတူရင် မသင်ရဘူးဆိုလို့ အဘိုးကသူ့အမေဆီသွားပြီး ခွင့်တောင်းတယ်။ သူ့အမေကခွင့် မပြုတော့ သိုင်းမသင်ရမယ့်အတူတူသေတာပဲကောင်းတယ်ဆိုပြီး တိုက်ပေါ်ကနေခုန်ချဖို့လုပ်တယ်တဲ့”
“ဟား.....တော်တော် ဝါသနာကြီးပါလား”
“ဟုတ်တယ်ဆရာ။ ဒါနဲ့ပဲ သူ့အမေလည်းလက်လျှော့လိုက်ရတယ်။ အဘိုးလည်း ရှမ်းဘုန်းကြီးနဲ့ သိန္နီကိုလိုက်သွားတယ်။ အဘိုးက သိုင်းသင်ရင်းရှမ်းပြည်အနှံ့နေလိုက်တာ ဆယ်နှစ်ကျော်တောင်ကြာတယ်တဲ့။ ရန်ကုန်ပြန်လာတော့ အဘိုးကို သူ့အမေကတောင်မ မှတ်မိတော့ဘူး။ အဘိုးကလည်း မြန်မာအဝတ်အစားမဝတ်တော့ဘူး။ အဘိုးနဲ့အတူ ရှမ်းလူမျိုးတစ်ယောက်လည်းပါလာတယ်။ သူ့နာမည်က အိုက်စံတဲ့။ သိုင်းသမားညီအစ်ကိုဆိုပြီး အဘိုးက သူ့နာမည်ကို ဖဲစံလို့ပြောင်းလိုက်တယ်”
“အာ......ခင်ဗျားအဘိုးကတော့ဗျာ”
“အဲဒီဦးအိုက်စံက တုတ်ပြီး ဓားပြီးတဲ့နေရာမှာ သူမတူအောင်စွမ်းတယ်ဆိုပဲ။ အဘိုးတောင် လိုက်မမီလောက်အောင် စွမ်းတယ်တဲ့။ အလွန်ကောင်းပြီး မတ်လုံးသံတောင်ပြတ်ပါတယ်ဆိုတဲ့ဓားနဲ့ခုတ်ရင်တောင် အရာမထင်ဘူးတဲ့ဆရာ။ သူက ဆရာတစ်ယောက်ဆီ မှာဆေးတင်ထားတယ်ဆိုပဲ။ အဲဒီဆရာကလည်း နယ်နယ်ရရမဟုတ်ဘူးဆရာ၊ တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ ပွဲကျောင်းဆရာတော်ကြီးရဲ့ လက်ရင်းတပည့် မြန်မာလူမျိုးတဲ့။ အင်း၊အိုင်၊မန္တန်၊ခါးလှည့်၊ လက်ဖွဲ့နဲ့ ပြီးဆေးတင်တဲ့နေရာမှာနာမည်ကြီးတဲ့”
“တယ်ဟုတ်ပါလား။ ဆက်ပြောပါဦးဗျ”
“အဘိုးနဲ့ဦးအိုက်စံတို့ ရန်ကုန်နဲ့ရှမ်းပြည်ကို သွားချည်ပြန်ချည်လုပ်ကြတယ်။ အကြောင်းကတော့ ဆယ့်သုံးလမ်း မခင်ခင်စိန်ကြောင့်ပဲ။ မခင်ခင်စိန်က အတော်ချော အတော်လှတယ်။ မခင်ခင်စိန်နဲ့အဘိုးက တစ်လမ်းတည်းသား ငယ်သူငယ်ချင်းတွေ။ အဘိုးနဲ့က ဘာလိုလိုပေါ့ဆရာ”
“ဘာလိုလိုဆိုတာ ရည်းစားဖြစ်နေတယ်လို့ပြောတာလား ကိုအောင်ခိုင်”
“ရည်းစားမကျတကျပေါ့ဆရာ။ ဘိုင်စကုတ်ကြည့်လည်း အတူတူ၊ ဘယ်သွားသွား အတူတူဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ”
“သဘောပေါက်ပြီဗျာ”
“မခင်ခင်စိန်ရဲ့မိဘတွေက အဘိုးနဲ့သဘောမတူကြဘူး။ အဘိုးက ဘာအလုပ်မှမယ်မယ်ရရလုပ်တဲ့သူမှမဟုတ်တာ။ ငါ့သမီးသာ စံဖဲနဲ့ရရင် ဈေးဗန်းခေါင်းရွက်ရမယ်လို့ မခင်ခင်စိန်ရဲ့မိဘတွေက ပြောကြတယ်”
“အမှန်ပေါ့ဗျာ”
“မခင်ခင်စိန်ကို ဦးအိုက်စံကလည်း သဘောကျနေတယ်”
“ဇာတ်လမ်းကတော့စပြီ.....ဟဲ..ဟဲ”
“ဟုတ်တယ်ဆရာ။ အဘိုးက ဦးအိုက်စံနောက်ကို မခင်ခင်စိန်ပါသွားလည်း အရေးစိုက်မယ့်သူမဟုတ်ဘူး”
“ဘာလို့လဲဗျ”
“ဦးအိုက်စံကို ညီအစ်ကိုရင်းလိုချစ်တာကိုးဆရာ”
“အော........”
“မခင်ခင်စိန်ကတော့ ကိုစံဖဲမှ ကိုစံဖဲပဲ။ ဦးအိုက်စံက အဘိုးမသိအောင် ရန်ကုန်ကို တိတ်တိတ်လေးလာပြီး မခင်ခင်စိန်ကို လာပိုးတယ်။ အဘိုးက မသိပဲမနေဘူး။ မခင်ခင်စိန်က အဘိုးကိုပြန်ပြောတာကိုး”
“ဒီလိုပဲဖြစ်ရမယ်လေ”
“ဦးအိုက်စံက မခင်ခင်စိန်ကို ကပ်လို့မရတော့ အဘိုးကိုအောင်သွယ်ခိုင်းတယ်။ အဘိုးက ကြားဝင် အောင်သွယ်ပေးတော့ မခင်ခင်စိန်က အဘိုးကလွဲပြီးဘယ်သူ့ကိုမှမချစ်နိုင်ကြောင်းပြောတော့ ခေတ်စကားနဲ့ပြောရရင် အဘိုးလည်း ကြွေသွားတာပေါ့ဆရာ။ ဟဲ..ဟဲ”
“အင်း......”
“နောက်ဆုံးတော့ အဘိုးနဲ့ မခင်ခင်စိန်တို့ ခိုးပြေးသွားကြတယ်။ ဦးအိုက်စံသိသွားတော့ အကြီးအကျယ်ဒေါသထွက်ပြီး အဘိုးကို ရန်သူလို့သတ်မှတ်လိုက်တယ်ဆရာ”
“အခုပြောနေတဲ့အထိ ကိုးသင်္ချိုင်းဓားအကြောင်းမပါသေးဘူးနော် ကိုအောင်ခိုင်”
“လာမယ်လေဆရာ”
“ဆက်ပြောပါဗျာ”
“ဦးအိုက်စံက အဘိုးကိုရန်သူလို့သတ်မှတ်လိုက်ပြီး သူ့တပည့်တွေကို သတ်ခိုင်းတယ်။ အဘိုးက ဦးအိုက်စံကို ညီအစ်ကိုရင်းလိုချစ်တော့ ဘာမှပြန်မလုပ်ဘဲရှောင်တယ်။ အဲဒါကိုပဲ ဦးအိုက်စံက သူ့ကိုကြောက်လို့ထင်ပြီး ပိုဆိုးလာတယ်။ အဘိုးက ဦးအိုက်စံကို နား လည်အောင်ရှင်းပြဖို့ သိန္နီကိုလိုက်သွားတယ်။ သိန္နီကို အဘိုးရောက်သွားတော့ ဦးအိုက်စံမရှိဘူး။ အဘိုးက သိန္နီမှာအတော်ကြာကြာနေခဲ့ဖူးတော့ အသိမိတ်တွေများတယ်။ အဘိုးက မိတ်ဆွေတစ်ယောက်အိမ်မှာတည်းတယ်။ အဘိုးရောက်တဲ့ညမှာပဲ ဦးအိုက်စံရဲ့တပည့်တွေ ရောက်လာပြီး အဘိုးကိုသတ်ဖို့လုပ်ကြတယ်။ အဘိုးက ခုခံရုံပဲခုခံခဲ့တယ်။ အဲဒီအချိန်မှာ ဦးအိုက်စံက ရန်ကုန်ရောက်နေတယ်။ သိန္နီကို အဘိုးရောက်တဲ့နေ့မှာပဲ ဦးအိုက်စံက ရန်ကုန်ကိုဆင်းသွားတယ်။ ရန်ကုန်ကိုဆင်းသွားတာက အခြားကြောင့်မဟုတ်ဘူး။ မခင်ခင်စိန်ကို အညှာကိုင်ပြီးသွားခေါ်တာ”
“ဘယ်လိုအညှာကိုင်ပြီးသွားခေါ်တာလဲ”
“အဘိုးကို သူတို့ဖမ်းထားတယ်။ သူနဲ့မလိုက်ရင် အဘိုးကိုသတ်မယ်လို့ အညှာကိုင်လိုက်တာ”
“အော......”
“အဘိုးက အဲဒီအကြောင်းတွေမသိဘူး။ ဦးအိုက်စံကို တွေ့ဖို့စောင့်နေပေမယ့် ရက်တော်တော်ကြာတဲ့အထိ ရောက်မလာတာနဲ့ ရန်ကုန်ပြန်လာတဲ့အခါမှ မခင်ခင်စိန် ဦးအိုက်စံနဲ့ပါသွားပြီဆိုတာ သိလိုက်ရတာ။ အဲဒီမှာတင် အဘိုးလည်း အူနုကျွဲခတ်တော့တာပဲ”
“ဒါနဲ့ ... ခင်ဗျားရဲ့အဘိုးက ဦးအိုက်စံနဲ့ကြိုက်သွားရင်တောင် အရေးမစိုက်ဘူးဆို။ ဘယ်လိုဖြစ်ရတာလဲ”
“အဲဒါက ရည်းစားမကျ ဘာမကျဖြစ်နေတုန်းကလေ ဆရာ။ အခုက လင်မယားဖြစ်သွားပြီလေ”
“အင်း....ဟုတ်သားပဲ။ ဆက်ပြောပါဦးဗျ”
“အဲဒါနဲ့ အဘိုးလည်း ပင်လောင်းကိုချက်ချင်းလိုက်သွားတယ်။ ပင်လောင်းရောက်တော့ ဦးအိုက်စံရဲ့ညီနဲ့တပည့်တွေက အဘိုးကိုတိုက်ခိုက်ကြတယ်။ ဒီတစ်ခါတော့ အဘိုးက မခုခံတော့ဘဲ သူ့ကိုလာသတ်တဲ့ ဦးအိုက်စံရဲ့ညီနဲ့တပည့်တွေကို အကုန်ရှင်းပစ်လိုက် တယ်။ အဲဒီအချိန်မှာ ဦးအိုက်စံက သိန္နီမှာမရှိဘူး။ မခင်ခင်စိန်နဲ့အတူ ဟိုပုန်းကိုရောက်နေတယ်။ အဘိုးလည်း သတင်းရရချင်း ဟိုပုန်းကိုလိုက်သွားတော့ ဦးအိုက်စံနဲ့ထိပ်တိုက်တွေ့ကြတယ်။ ဆရာတူ၊ ပညာတူ၊ လက်ရည်တူနှစ်ယောက်တွေ့ကြတာပေါ့ဆရာ”
“အတော်ကြည့်ကောင်းမယ့်ပွဲပဲ”
“အဲဒီပွဲက ကြည့်ကောင်းလား မကောင်းလားတော့မပြောတတ်ဘူး။ အဘိုးကတော့ ဘယ်ဘက်လက်ချောင်းတွေ ပြတ်သွားတယ်။ လက်မတစ်ခုပဲ အကောင်းကျန်တယ်။ မခင်ခင်စိန်က ညာဘက်နားရွက်ပြတ်သွားတယ်”
“ဟာ.....ဘယ်လိုဖြစ်ရတာလဲ”
“ မခင်ခင်စိန်ကို ထိမှာစိုးလို့ ကာလိုက်တဲ့အချိန်မှာ ဦးအိုက်စံရဲ့ဓားချက်မိသွားတာပေါ့ဆရာ။ အဘိုးသာ လက်နဲ့မကာလိုက်ရင် မခင်ခင်စိန်လည်း ဇက်ပြတ်လောက်တယ်။ မခင်ခင်စိန်က အဘိုးကိုစိုးရိမ်ပြီး တိုက်ခိုက်နေတဲ့ကြားထဲပြေးဝင်လာတာတဲ့ဆရာ”
“ကျွတ်...ကျွတ်....ကျွတ်.....။ ဦးအိုက်စံရော ဘာမှမဖြစ်ဘူးလား ကိုအောင်ခိုင်”
“ဦးအိုက်စံက အဘိုးရဲ့ဓားချက်တွေထိပေမယ့် ဘာမှမဖြစ်ဘူးဆရာ။ အဘိုးဘက်က အရေးနိမ့်ခဲ့ရတာက ပြီးဆေးတွေကြောင့်လို့ပြောရမယ်”
“နောက်တော့ ဘာဆက်ဖြစ်ကြလဲဗျ”
“သူတို့ဆရာ ရှမ်းဘုန်းကြီးသိသွားလို့ လူလွှတ်ပြီးတားတယ်လေ။ ဒါပေမယ့် ဦးအိုက်စံက အဘိုးကို အသေသတ်ဖို့ရည်ရွယ်ပြီးသားဆိုတော့ ဆရာ့အမိန့်ကိုလွန်ဆန်ပြီး အဘိုးကို အသေတိုက်တော့တာပဲ။ အဘိုးလည်း လက်ကဒဏ်ရာကတစ်ဖက်၊ မခင်ခင်စိန်က လည်း နားရွက်တစ်ဖက်ပြတ်ထားတော့ ဦးအိုက်စံကို မတိုက်တော့ဘဲ မခင်ခင်စိန်ကိုခေါ်ပြီး ဆရာဘုန်းကြီးဆီပြေးရတော့တာပေါ့။ ရှမ်းဘုန်းကြီးက ဦးအိုက်စံကို အတော် ဒေါသထွက်သွားတယ်။ သူများသားမယားကို လုယူတဲ့အပြစ်ရယ်၊ ပညာညီအစ်ကိုအချင်းချင်း သစ္စာ ဖောက်တာရယ်ကြောင့်ပေါ့ဆရာ”
“ဖြစ်သင့်ပါတယ်ဗျာ။ ဦးအိုက်စံက မလုပ်သင့်ပါဘူး”
“ဟုတ်တယ်ဆရာ။ ဆရာဘုန်းကြီးက ဦးအိုက်စံကို ဆုံးမဖို့ခေါ်ပေမယ့် မလာဘူး။ ဆရာကိုပါ အာခံတယ်။ အဘိုးကိုလည်း သီပေါကနေ အသက်မပါဘဲထွက်သွားစေရမယ်လို့ကြိမ်းမောင်းထားတယ်။ နောက်ဆုံး အဘိုးနဲ့ မခင်ခင်စိန်ကို ဘုန်းကြီးကိုယ်တိုင် ရန် ကုန်အထိ လိုက်ပို့ခဲ့ရတယ်။ ဦးအိုက်စံက ဒီလောက်နဲ့ပြီးမသွားဘူးဆရာ။ သူက တပည့်တပန်းတွေနဲ့ ရန်ကုန်အထိဆင်းလာပြီး အဘိုးကိုသတ်ဖို့လုပ်လို့ ဦးအိုက်စံကိုရှင်းပစ်နိုင်မယ့် ဟောဒီကိုးသင်္ချိုင်းဓားကို ရှမ်းဘုန်းကြီးက စီစဉ်ပေးခဲ့တာပဲ ဆရာ”
“ဇာတ်လမ်းက အခုမှစပြီပေါ့ဗျာ...။ ဟုတ်လား ကိုအောင်ခိုင်”
“ဟုတ်တယ်ဆရာ....။ ကျွန်တော် ဆက်ပြောပြပါ့မယ်”
“လုပ်စမ်းပါဦးဗျာ”
“ဘုန်းကြီးက သူလုပ်ဖို့မအပ်စပ်လို့ အဘိုးကို ကိုးသင်္ချိုင်းဓားစီရင်ဖို့ လိုအပ်တဲ့သံတွေကို စုဆောင်းခိုင်းတယ်။ ခေါင်းရိုက်သံထဲမှာမှ အစိမ်းသေထားတဲ့မသာရဲ့အခေါင်းက ခေါင်းရိုက်သံကိုများများစားစားရအောင်ရှာဖို့ပြောလို့ အဘိုးလည်း အဲဒီသံတွေရဖို့ သုံးလေးနှစ် လောက် နယ်တကာလှည့်ပြီးစုဆောင်းရတယ်။ မခင်ခင်စိန်ကတော့ အဘိုးရဲ့မိဘတွေနဲ့အတူ ကုန်သည်အလုပ်ကို ဝင်လုပ်တယ်။ အဘိုးကတော့ ထုံးစံအတိုင်းပေါ့ဆရာ”
“ဟုတ်ကဲ့....”
“ကျွန်တော့်အဖေကိုမွေးပြီး သုံးနှစ်သားလောက်ရောက်မှ ကိုးသင်္ချိုင်းဓားအတွက် သံတွေရခဲ့တယ်”
“ဗျာ.....ဒါဆို မခင်ခင်စိန်ဆိုတာ ခင်ဗျားရဲ့အဘွားပေါ့”
“ဟဲ..ဟဲ...။ ဟုတ်ပါတယ်ဆရာ”
“ကောင်းရောဗျာ....”
“ဘာလို့လဲဆရာ”
“ဇာတ်လမ်းက ပိုကောင်းပြီပေါ့ဗျာ။ ဆက်ပါဦး။ အဲဒီလေးနှစ်အတွင်းမှာ ဦးအိုက်စံက ဘယ်ရောက်နေသလဲဗျ ”
ဦးအိုက်စံသည် မခင်ခင်စိန်အား သစ္စာရှိစွာဖြင့်ခေါ်ထားရုံသက်သက်မဟုတ်ဘဲ ကိုယ်လက်ကျူးလွန်ခဲ့ပါကဆိုသည့်အကြောင်းကိုစဉ်းစားလိုက်မိသည်။ ဦးစံဖဲသည်လည်း ကျွန်ုပ်တွေးသကဲ့သို့ တွေးမိပေလိမ့်မည်။ ထို့ကြောင့်လည်း ပညာညီအစ်ကိုဟုသတ်မှတ်ခဲ့ပြီး ခွင့်လွှတ်နိုင်ခဲ့သမျှ ထိုအချက်တစ်ခုတည်းနှင့် မဟာရန်သူအဖြစ်သတ်မှတ်လိုက်ပုံရပေသည်။
“ဟုတ်ကဲ့ဆရာ။ အဘိုးက နယ်စုံရောက်နေတော့ ဦးအိုက်စံနဲ့မတွေ့ဘူး။ ဦးအိုက်စံက ရန်ကုန်လာရင် မင်္ဂလာဒုံက ရှမ်းစုရွာမှာတည်းတယ်ဆိုတာ အဘိုးကသိတယ်။ သူ့ဆရာဘုန်းကြီးကလည်း ကိုးသင်္ချိုင်းဓားမရခင်အထိ ဦးအိုက်စံကိုရှောင်နေဖို့မှာထားတယ်။ ဓား အကြောင်းဆက်ပြောမယ်ဆရာ”
“ကောင်းတယ်ဗျာ။ လုပ်စမ်းပါဦး”
“သင်္ချိုင်းကိုးခုက ခေါင်းရိုက်သံတွေကို သူ့ဆရာဘုန်းကြီးဆီယူသွားတော့ ရှမ်းဘုန်းကြီးက သူ့တပည့်ပန်းပဲဆရာတစ်ယောက်ဆီအပ်ပေးတယ်။ ပန်းပဲဆရာရဲ့နာမည်က ဦးမောင်ထော်တဲ့။ ပန်းပဲဆရာက သူ့ဆရာခိုင်းတဲ့အတိုင်း စီရင်ပေးတယ်။ အစိမ်းသေရဲ့ဆံပင် ကို သူကိုယ်တိုင်ရှာပြီး လုပ်ပေးတယ်တဲ့။ အဲဒီဓားပြီးသွားတဲ့အချိန်မှာ ရှမ်းဘုန်းကြီးက အဘိုးကို ပန်းပဲဆရာကြီးဆီကနေ သွားယူခိုင်းတယ်။ အဘိုးက ဓားသွားယူပြီးတာနဲ့ ဦးအိုက်စံကိုလိုက်ရှာဖို့ လုပ်တော့တာပဲ။ အဲဒီအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုတဲ့ ၁၉၄၈ ခု နှစ်ပေါ့။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတော့ အဘိုးလည်းရှမ်းပြည်ဘက်မသွားဖြစ်ဘူး။ ဒါပေမယ့် ဦးအိုက်စံက မင်္ဂလာဒုံမှာရောက်နေတယ်ဆိုတာသိတော့ ချက်ချင်းလိုက်သွားတယ်။ ဦးအိုက်စံကိုမတွေ့တော့ တရုတ်သင်္ချိုင်းကို ညဆယ်နာရီလာခဲ့ဖို့ ဦးအိုက်စံရဲ့တပည့်တစ် ယောက်ကိုမှာခဲ့တယ်”
“တရုတ်သင်္ချိုင်းဆိုတာ ဘယ်နေရာက တရုတ်သင်္ချိုင်းလဲဗျ”
“ကိုးမိုင်ကလေဆရာ”
“အော.....”
“အဲဒီတုန်းက ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဆိုတော့ အဘိုးက ညနေကတည်းက သင်္ချိုင်းကနေ သွားစောင့်နေတယ်”
“ညမထွက်ရအမိန့်ထုတ်ထားတာဆိုရင်တော့ ၁၉၄၈ခုနှစ် ဩဂုတ်လလောက်ဖြစ်မယ်ထင်တယ်”
“အဲဒါတော့ မသိဘူးဆရာ”
“ဆက်ပြောပါဦးဗျ။ စိတ်ဝင်စားနေပြီ”
“ဦးအိုက်စံက အဘိုးမှာခဲ့တဲ့အတိုင်း ရောက်လာတယ်။ အဲဒီနေရာမှာပဲ ပညာပြိုင်ကြတာပေါ့ဆရာ။ နောက်ဆုံးတော့ တုတ်ပြီး ဓားပြီးပါတယ်ဆိုတဲ့ ဦးအိုက်စံလည်း ကိုးသင်္ချိုင်းဓားကြောင့် ဇက်ပြတ်သွားခဲ့တယ်”
“အင်း.....”
“အဘိုးလည်း တော်တော်အထိနာသွားတယ်။ ဦးအိုက်စံကိုလည်း အတော်မုန်းသွားခဲ့တယ်။ ဒါကြောင့် ဦးအိုက်စံရဲ့ သွားစွယ်ကိုချိုးပြီး ဓားလက်ကိုင်ရိုးကအံဝှက်ထဲမှာထည့်ထားခဲ့တယ်ဆရာ”
“အားပါးပါး.......”
“ဆရာမယုံရင် ဓားရိုးနောက်ကအံဝှက်ကို ဆွဲထုတ်ကြည့်”
ကျွန်ုပ်လည်း ကိုအောင်ခိုင်ပြောသည့်အတိုင်း ဓားရိုးနောက်ပိတ်မှ ဝါးဆစ်ကိုဆွဲချွတ်လိုက်သည့်အခါ အမည်းရောင်ပိတ်စဖြင့်ထုတ်ထားသည့် အရာတစ်ခုထွက်လာသည်။ အမည်းရောင်ပိတ်စကို ဖြည်ကြည့်လိုက်သည့်အခါဝါဖန့်ဖန့်သွားစွယ်နှစ်ခုထွက်လာလေသည်။
“အဲဒါ ဦးအိုက်စံရဲ့ သွားအစွယ်ပေါ့ဆရာ။ အဘိုးပြောတာတော့ အစွယ်ကိုရိုက်ချိုးပြီး မီးနေသည်ထဘီ အထက်ဆင်စနဲ့ထုပ်ထားတာတဲ့”
“ဘယ်လိုကြောင့်လဲဗျ”
“ဦးအိုက်စံထိုးထားတဲ့ဆေးကြောင့်လား ဘာလားတော့မသိဘူး။ အဘိုးနဲ့ထိုးခုတ်ရင်း ဦးအိုက်စံရဲ့မျက်နှာက ကြောက်စရာကောင်းလာတယ်။ အစွယ်တွေလည်းထွက်လာတယ်လို့ အဘိုးပြောတယ်”
“ဖြစ်နိုင်ပါတယ် ကိုအောင်ခိုင်”
“ဓားက ပြဿနာမရှိဘူးဆရာ။ ဦးအိုက်စံရဲ့သွားစွယ်တွေကို ဓားထဲထည့်ထားလို့ဖြစ်မယ်ထင်တယ်”
“အဲဒီလိုလည်း ပြောလို့်မရဘူး ကိုအောင်ခိုင်။ ဦးအိုက်စံရဲ့ဝိညာဉ်ကို အခြားအစီအရင်တွေနဲ့ ချုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တော့ စမ်းကြည့်ချင်တယ်ဗျာ”
“မလုပ်နဲ့ဆရာရေ၊ ကျွန်တော်တောင် အဘိုးရဲ့ဓားမို့လို့ သိမ်းထားရပေမယ့် လန့်တယ်ဗျ။ ဆရာတွေ့တဲ့အတိုင်းပဲ၊ သိမ်တက်ထားတဲ့သင်္ကန်းနဲ့ပတ်ထားရတယ်”
“အတော်ဆိုးလို့လား ကိုအောင်ခိုင်”
“ဆိုးတာမှ ပြောမနေနဲ့။ သူ့ကိုပြန်လွှတ်ပေးဖို့ ခဏခဏအိပ်မက်ပေးတယ်။ အမျိုးမျိုးခြောက်လှန့်တယ်”
“ကျွန်တော့်ကိုယုံကြည်ရင် အဲဒီဓားကို ခဏငှားပါလားဗျာ”
“ဆရာက ဘာလုပ်မလို့လဲ”
“ကျွန်တော် လေ့လာချင်လို့ပါ”
“ငှားတာက ငှားလို့ရပါတယ်။ ဆရာ့အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ပါ”
“အဲဒီအတွက် စိတ်မပူနဲ့ကိုအောင်ခိုင်။ ဖြစ်တော့လည်း ခံလိုက်ရုံပေါ့ဗျာ”
“ဆရာဖြစ်တယ်ဆိုလည်း ယူသွားပါဆရာ။ သင်္ကန်းနဲ့အမြဲပတ်ထားနော် ဆရာ”
ကိုအောင်ခိုင်က စိတ်ချယုံကြည်စွာငှားရမ်းသဖြင့် ကျွန်ုပ်လည်း ကိုးသင်္ချိုင်းဓားကိုပိုက်၍ ဝမ်းသာအားရအိမ်သို့ပြန်လာခဲ့လေသည်။ ကိုအောင်ခိုင်ထံမှ ကိုးသင်္ချိူင်းဓားယူလာသည့်နေ့မှစတင်၍ အလုပ်နှင့်လက် ပြတ်သည်မရှိဘဲ ဇယ်ဆက်နေသဖြင့် ကိုးသင်္ချိုင်းဓား ကို ထုတ်၍ပင်မကြည့်ဖြစ်ခဲ့ပေ။ ထို့အပြင် ရှစ်လေးလုံးအရေးအခင်းကလည်း စတင်ဖြစ်ပွားခဲ့သဖြင့် ကျောင်းများပိတ်လိုက်ရသည့်အပြင် ရုတ်ရုတ်သဲသဲဖြစ်နေသဖြင့် ကိုအောင်ခိုင်နှင့်ကျွန်ုပ်တို့မတွေ့ကြတော့ပေ။ ရှစ်ဆယ့်ရှစ်အရေးအခင်းကာလ၌ အုပ်ချုပ်ရေးမဏ္ဍိုင်ယိမ်း ယိုင်နေသောကြောင့် လမ်းလုံခြုံရေး၊ ရပ်ကွက်လုံခြုံရေးအတွက် လမ်းသူလမ်းသား၊ ရပ်ကွက်သူ ရပ်ကွက်သားများကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြရသည့်အခါမှ ကိုးသင်္ချိုင်းဓားကို ထုတ်ကြည့်ဖြစ်ပေသည်။ ကျွန်ုပ်၏အိမ်၌ ကာကွယ်ရေးအတွက်ဓားဟူ၍ မီးဖိုဆောင်သုံး ဓားသာရှိပေသည်။ ကျွန်ုပ်အတွက် ကိုးသင်္ချိုင်းဓားသည်သာ အားကိုးရာလက်နက်တစ်ခုဖြစ်နေပေသည်။ ဓားကိုပတ်ထားသည့် သင်္ကန်းဖယ်လိုက်သည့်ညမှာပင် ကျွန်ုပ် တို့ဇနီးမောင်နှံ နေစရာမရှိအောင် အမျိုးမျိုးနှိပ်စက်ခြောက်လှန့်ခြင်းခံရသည်။ ထို့အပြင် ဓားအစွမ်းအစ ကိုလည်းနောင်တကြီးစွာဖြင့် သိခဲ့ရလေတော့သည်။
************************
“အစ်ကို...အဲဒါကဘာကြီးလဲ”
ဓားပေါ်၌ပတ်ထားသည့် သင်္ကန်းကိုဖြည်နေစဉ် ကျွန်ုပ်၏ဇနီးသည် ခင်ခင်ဦးက အနားသို့ရောက်လာပြီး မေးမြန်းနေသဖြင့် အမှန်အတိုင်းမပြောဘဲ ကွယ်ဝှက်ပြောဆိုလိုက်ရသည်။ ကိုအောင်ခိုင်ထံမှ ယူလာခဲ့စဉ်ကတည်းက မည်သူမှမသိအောင် မျက်နှာကျက်ပေါ် ၌ ဝှက်ထားခဲ့သည်။
“ဓားပါကွာ”
“ဟင်....ဘယ်တုန်းက ဝယ်လိုက်တာလဲ။ ခိုင်လည်းမသိရပါလား”
“ကိုအောင်ခိုင်ဆီက ခဏငှားလာပြီး ပြန်မပေးဖြစ်သေးတာ”
“ဓားကို သင်္ကန်းနဲ့ဘာဖြစ်လို့ပတ်ထားရတာလဲ အစ်ကို”
“ကျွတ်......မင်းဟာမင်း လုပ်စရာရှိတာလုပ်စမ်းပါကွာ။ မဆိုင်တာကို စပ်စုမနေနဲ့”
“သိချင်လို့မေးတဲ့ဟာကို။ မပြောလည်းနေပေါ့”
အမေးအမြန်းထူနေသည့် ဇနီးသည်ကို ပြန်မဖြေချင်သဖြင့် အနားမှမောင်းထုတ်လိုက်ရလေသည်။ ဓားကို ဓားအိမ်မှဆွဲမထုတ်ဘဲ အိပ်ခန်းထဲသို့ယူသွားပြီး ခုတင်ဘေးတွင် ထောင်ထားလိုက်သည်။ ထိုညမှစတင်ပြီး ကျွန်ုပ်၏အိမ်၌ ဗြောင်းဆန်လေတော့သည်။
ကျွန်ုပ်တို့ဇနီးမောင်နှံသည် ညအိပ်ရာဝင်တိုင်း ဘုရားကန်တော့ပြီးမှအိပ်လေ့အိပ်ထရှိကြသဖြင့် ဘုရားစင်ရှေ့၌ဘုရားကန်တော့နေစဉ် အိပ်ခန်းထဲမှယောက်ျားတစ်ယောက်အသံကို ပီပီသသကြားလိုက်ကြရသည်။ အသံကိုသာပီပီသသကြားလိုက်ရသော်လည်း စကား သံက ဝဲနေသဖြင့် အကျိုးအကြောင်းအဓိပ္ပါယ်ကို ကျွန်ုပ်တို့နားမလည်လိုက်ကြပေ။
“အစ်ကို...ကြားလိုက်လား”
“ကြားတယ်”
“သူခိုးမြားလားမသိဘူး”
“သူခိုးဆို အသံထွက်ပါ့မလားကွ။ အစ်ကိုသွားကြည့်လိုက်ဦးမယ်”
“သတိထားသွားနော်အစ်ကို”
“အေးပါ.....မင်းဟာမင်း ဘုရားဆက်ရှိခိုးနှင့်”
ကျွန်ုပ်လည်း ဘုရားရှိခိုးနေရာမှထပြီး အိပ်ခန်းရှိရာသို့သွားကာ လိုက်ကာဆွဲဖွင့်၍ အခန်းထဲသို့ကြည့်လိုက်သော်လည်း ထူးခြားမှုမရှိသဖြင့် ဘုရားဆက်ရှိခိုးရန်ပြန်လှည့်မည်ပြုစဉ် ခုတင်ဘေးတွင်ထောင်ထားသည့် ကိုးသင်္ချိုင်းဓားအနီး၌ ရေးရေးပေါ်နေသည့် မျက် နှာကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ မျက်နှာကြီးဟု ပြောရခြင်းက ကျွန်ုပ်မြင်တွေ့ရသည့်မျက်နှာသည် သာမန်အရွယ်အစားမဟုတ်ဘဲ အချင်းလက်တစ်တောင်ခန့်ရှိသည့် မျက်နှာဖြစ်နေသောကြောင့်ပေတည်း။ ကြီးမားသည့် အနက်ရောင်မျက်လုံးနှစ်လုံးက ရေးရေးမျှသာ မြင်နေရသည့်မျက်နှာပေါ်တွင် အထင်အရှားမြင်နေရသည်။ ကျွန်ုပ်သည် သရဲတစ္ဆေများကို ကြောက်ရွံ့တတ်သူမဟုတ်သဖြင့် အခန်းထဲသို့ဝင်ပြီး ထိုမျက်နှာကြီးအနီးသို့ တိုးကပ်သွားစဉ် ခုတင်ဘေး၌ထောင်ထားသည့်ဓားက အလိုအလျောက်လှုပ်ခါနေသည်ကို မြင်တွေ့လိုက် ရပြီး ခဏအကြာတွင် ရပ်တန့်သွားလေသည်။
“အမလေး......”
အခြေအနေကိုစောင့်ကြည့်နေစဉ် ဘုရားရှိခိုးနေသည့် ဇနီးသည်ထံမှ အလန့်တကြားရေရွတ်လိုက်သံကိုကြားလိုက်ရသဖြင့် အိမ်ရှေ့ခန်းသို့အပြေးအလွှားသွားကြည့်ရပြန်သည်။
“ဘာဖြစ်တာလဲ”
“ကျောကုန်းကို လာရိုက်လို့”
“ဟေ.....မဟုတ်သေးပါဘူး။ မင်းနဲ့ငါ နှစ်ယောက်တည်းပဲရှိတာခိုင်ရာ”
“တကယ်ပါဆို။ ဘုရားရှိခိုးနေတုန်း ကျောကုန်းကိုရိုက်လို့ လန့်သွားတာ”
တစ်ခုခုထူးခြားနေကြောင်း ကျွန်ုပ်သိလိုက်လေပြီ။ ထိုသို့ဖြစ်ရခြင်းသည် ကိုးသင်္ချိုင်းဓားအား သင်္ကန်းဖြင့်ပြန်မပတ်ထားမိခြင်းကြောင့်ဖြစ်နိုင်ပေသည်။ ဇနီးသည်ကြောက်မည်စိုးသဖြင့် အကျိုးအကြောင်းကိုမပြောပြခဲ့ပေ။
“ဘာမှမဟုတ်ပါဘူးကွာ။ ဘုရားရှိခိုးတာကိုမကြိုက်တဲ့ကောင်က လာရိုက်တာနေမှာပေါ့”
“အစ်ကိုနော်......ခိုင်ကြောက်ပါတယ်ဆိုမှ”
“ငါရှိပါတယ်ကွာ။ ဘာမှမကြောက်နဲ့”
ခိုင်က မလုံမလဲဖြင့် အိမ်ရှေ့ခန်းတစ်ခုလုံးကို မျက်လုံးဝေ့ကြည့်ပြီး ကျွန်ုပ်၏မျက်နှာကို အသေအချာကြည့်နေသည်။
“မင်းဘာဖြစ်နေတာလဲ ခိုင်”
“ခိုင်တို့နားမှာ တစ်ခုခုရှိနေသလိုပဲ အစ်ကို။ ကြက်သီးမွေးညင်းတွေလည်းထနေတယ်”
“ဘာမှမရှိပါဘူး မိန်းမရာ။ စိတ်ထင်လို့ဖြစ်မှာပါ”
“မဟုတ်ဘူးအစ်ကို။ ခိုင့်ကို တစ်ယောက်ယောက်က အနားမှာတစ်ခုခုရှိတယ်လို့ လှုံ့ဆော်နေသလိုပဲ”
ခိုင့်ကိုမကြောက်အောင်ပြောဆိုနေရပေမယ့် ကျွန်ုပ်လည်း အနား၌ တစ်ယောက်ယောက်ရှိနေသလို စိတ်ထဲခံစားနေရသည်။
“အိပ်စရာရှိတာ အိပ်ကြရအောင်ကွာ”
“ဟို..ဟိုလေ....”
“ဘာလဲ...၊ ဘာပြောမလို့လဲ”
“သေသွားတဲ့ကျောင်းသားတွေများ အမျှလိုချင်လို့ရောက်လာတာလားမသိဘူး”
“ဟုတ်ချင်ဟုတ်မှာပေါ့ကွာ။ အမျှပေးလိုက်ပေါ့”
“ပေးပြီပြီလေ”
“ဒါဆိုလည်း အိပ်ကြစို့ကွာ”
“ဟုတ်ကဲ့ အစ်ကို”
ထိုနေ့ညက ကျွန်ုပ်နှင့်ခိုင်တို့ ကောင်းစွာမအိပ်စက်ကြရပေ။ ခုတင်ကိုကိုင်လှုပ်သည့်အပြင် အိပ်ခန်းထရံကိုပါ တဘုံးဘုံးထုနှက်နေသဖြင့် ကျွန်ုပ်တို့လင်မယားနှစ်ယောက် ငုတ်တုပ်မိုးလင်းခဲ့ကြရသည်။ ခိုင်လည်း တစ်ညလုံး စောင်ခေါင်းမြီးခြုံကာ ဘုရားစာရွတ်နေ ခဲ့သည်။ မနက်မိုးလင်းသည့်အခါ ခေါင်းရင်းအိမ်မှမိသားစုများက ကျွန်ုပ်တို့လင်မယား ရန်ဖြစ်နေကြသည်ဟုပင်ထင်ကြရသည်အထိ ကြမ်းတမ်းခဲ့ပေသည်။ ကျွန်ုပ်လည်း မည်သို့တက်ဖြစ်ဦးမည်ကို သိလို၍ ဓားကို သင်္ကန်းပြန်မပတ်ဘဲ သည်အတိုင်းထားကာ စောင့်ကြည့်နေခဲ့ သည်။ နောက်တစ်ရက်ည သန်းခေါင်ကျော်အချိန်လောက်တွင် အသံတစ်သံကြားရသဖြင့် ကျွန်ုပ်လန့်နိုးလာခဲ့သည်။ ကျွန်ုပ်ကြားရသည့်အသံသည် အခြားနေရာမှလာခြင်းမဟုတ်ဘဲ ကိုးသင်္ချိုင်းဓားထံမှဖြစ်နေလေသည်။ ခုတင်ဘေးတွင်ထောင်ထားသည့်ဓားသည် တစ်စုံတစ် ယောက်က ထုတ်ချည်သွင်းချည်ပြုနေသကဲ့သို့ ဓားသွားက ဓားအိမ်မှ လက်သုံးသစ်ခန့် ဝင်လိုက်ထွက်လိုက်ဖြစ်နေလေသည်။ ခုတင်ဘေးတွင်ထောင်ထားသည့်ဓားသည် ကျွန်ုပ်နှင့် လွန်စွာနီးနီးကပ်ကပ်ရှိနေသဖြင့် ခြင်ထောင်ထဲမှလက်ထုတ်ကာ ဓားကိုလှမ်းကိုင်လိုက်စဉ် ကျွန်ုပ်၏လက်ကောက်ဝတ်အား တစ်ယောက်ယောက်က ဖျစ်ညှစ်ထားသကဲ့သို့ခံစားလိုက်ရသဖြင့် လက်ကိုအမြန်ရုတ်လိုက်သော်လည်း အလွန်သန်မာသည့်ညှစ်အားကြောင့် ရုန်း၍မရနိုင်ပေ။ မကြာခင်မှာပင် အထက်အောက်အနက်ရောင်ရှမ်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်၏သဏ္ဌာန်တစ်ခု ညအိပ်မီးရောင်အောက်၌ ရေးရေးပေါ်လာခဲ့သည်. ကျွန်ုပ်၏လက်ကောက်ဝတ်ကိုဖျစ်ညှစ်ထားသူသည် ထိုရှမ်းတိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားသူဖြစ်ကြောင်းသိလိုက်ရသည့်အခိုက် မကြောက်တတ်သည့်ကျွန်ုပ်ပင် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ ကျွန်ုပ်က လက်ကိုအတင်းရုန်းလေ ပို၍ဖျစ်ညှစ်လေလေဖြစ်လာသဖြင့် ကျွန်ုပ်၏နဖူးတွင် ချွေးများပင်စို့လာခဲ့လေသည်။ လက်ကောက်ဝတ်က အလွန်နာကျင်နေလေပြီ။ ကျွန်ုပ်၏လက်ကိုဖျစ်ညှစ်ထားသည့်သူသည် ကိုအောင်ခိုင်ပြောခဲ့သည့် ဦးအိုက်စံဆိုသူ ဖြစ်ကြောင်း ကျွန်ုပ်သိပေသည်။
“ဝုန်း.......”
မထင်မှတ်ဘဲ ကျွန်ုပ်ကိုဆောင့်ဆွဲလိုက်သလိုဖြစ်သွားခဲ့သဖြင့် ခြင်ထောင်ကြိုးများပြတ်ပြီး ခြင်ထောင်နှင့်အတူလုံးထွေးကာ ခုတင်အောက်သို့ ကျွန်ုပ်ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်မှ ခိုင်လည်း အလန့်တကြားနိုးလာလေသည်။
“အစ်...အစ်ကို...ဘာ..ဘာဖြစ်တာလဲ....”
ခိုင်မေးသည့်မေးခွန်းကို ကျွန်ုပ်ပြန်မဖြေနိုင်သေးဘဲ လည်ပင်းပေါ်မှဓားကို အတင်းဆွဲဖယ်နေရသည်။ ခုတင်ပေါ်မှပြတ်ကျစည် ခုတင်ဘေးတွင်ထောင်ထားသည့် ဓားကကျွန်ုပ်၏လည်ပင်းပေါ်သို့ပြုတ်ကျလာခြင်းဖြစ်သော်လည်း ဓား၏အလေးချိန်သည် အလွန်လေး လံပြီး လူတစ်ယောက်တက်ဖိထားသကဲ့သို့ဖြစ်နေပေသည်။
“အစ်ကို....အစ်ကို.....”
ခိုင်က ကျွန်ုပ်၏လည်ပင်းပေါ်မှဓားကိုဆွဲဖယ်လိုက်သည့်အခါမှ ကျွန်ုပ်လည်း အသက်ရှုချောင်သွားပြီး လုံးထွေးနေသည့်ခြင်ထောင်ကိုဆွဲဖယ်ရလေတော့သည်။
“ဘာဖြစ်တာလဲ အစ်ကို”
“အိပ်မက်မက်ပြီး လှိမ့်ချလိုက်မိတာနဲ့တူပါတယ်ကွာ”
“ခိုင့်ကို မညာနဲ့အစ်ကို။ ခိုင် ဓီဓားကို မသင်္ကာတော့ဘူး”
“ ဘာဖြစ်လို့လဲ”
“ခိုင် အိပ်မက်မက်တယ်။ ရှမ်းကြီးတစ်ယောက်က သူ့ကိုလွှတ်ပေးဖို့လာပြောတယ်။ ငါ့ကို လွတ်ပေးဖို့ နင့်ယောက်ျားကိုပြောပေး။ နင့်ယောက်ျားသိတယ်လို့ပြောတယ်။ အဲဒီလူကို အကျိုးအကြာင်းမေးမလို့ရှိသေးတယ်။ အစ်ကိုပြုတ်ကျသွားလို့ လန့်နိုးလာတာနဲ့ မမေးလိုက်ရဘူး”
ခိုင်ပြောသည့်သူသည် ဦးအိုက်စံသာဖြစ်ပေသည်။ ဦးအိုက်စံကိုချုပ်နှောင်ထားသူက ကျွန်ုပ်မဟုတ်သဖြင့် ကျွန်ုပ်အနေဖြင့်မည်သို့မျှမတတ်နိုင်ပေ။ ဓားရိုးနောက်ပိတ်၌ ဦးအိုက်စံ၏သွားစွယ်များရှိနေသည်ကိုသိသော်လည်း မည်သည့်အစီအရင်ဖြင့်ပြုလုပ်ထားသည်ကို မသိသည့်အပြင် ကျွန်ုပ်နှင့်လည်းမသက်ဆိုင်သောကြောင့် ကျွန်ုပ်မလုပ်ချင်ပေ။ ခိုင့်ကိုပါ အိပ်မက်ပေးပြီး လွှတ်ခိုင်းနေသဖြင့် ခိုင်နှင့်ပါပတ်သက်လာခဲ့လေပြီ။ ကိုးသင်္ချိုင်းဓား ဟုတ်မဟုတ်ကိုသိလိုသော်လည်း စမ်းသပ်ဖို့က မဖြစ်နိုင်တော့သဖြင့် မနက်မိုးလင်းသည်နှင့် ကို အောင်ခိုင်ထံသို့သွားကာ ဓားကိုပြန်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်ရလေသည်။ သို့သော်လည်း အရေးအခင်းကာလအတွင်း မီးကွင်းပစ်မည်ဟူ၍သတင်းထွက်နေသည့်အပြင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်နေသည့်အချိန်ကာလဖြစ်နေသောကြောင့် ကိုယ့်ရပ် ကွက်လုံခြုံရေးအတွက် ရပ်ကွက်သူရပ်ကွက်သားများကိုယ်တိုင် ရရာလက်နက်ကိုင်စွဲ၍ စောင့်ရှောက်နေရသည့်အချိန်ဖြစ်နေသဖြင့် ကိုအောင်ခိုင့်ထံသို့မရောက်ဖြစ်ခဲ့တော့ပေ။
************************
“ဟာ...ဆရာ၊ ဆရာ့ဓားက ဘယ်လိုကြီးလဲဗျ။ မြက်ခုတ်တဲ့ဓားလား”
လမ်းလုံခြုံရေးအတွက် ဓားကိုင်လာသည့်ကျွန်ုပ်အား လမ်းထိပ်တွင်နေထိုင်သည့် ကိုကျော်ရင်ပြောလိုက်သည့်စကားကြောင့် ကျွန်ုပ်စိတ်ထဲ၌ မခံချိမခံသာဖြစ်သွားခဲ့သည်။ ကိုကျော်ရင်ပြောသည်ကလည်းဟုတ်ပေသည်။ ပေါ်လစ်တင်ထားခြင်း၊ ဆေးသုတ်ထားခြင်း မရှိဘဲ ပကာပျဉ်သားဖြင့်ပြုလုပ်ထားသည့် ဓားအိမ်နှင့် ဝါးလက်ကိုင်ရိုးက ဓားတစ်လက်၏အဆင်းအင်္ဂါကိုမှေးမှိန်စေသည်။ သို့သော်လည်း အလွန်ရှားပါးသည့်ကိုးသင်္ချိုင်းဓားအား ထိုသို့အထင်အမြင်သေးခြင်းကိုတော့ ကျွန်ုပ်မနှစ်သက်ပေ။
“အပြင်ပန်းကိုကြည့်ပြီး မဆုံးဖြတ်နဲ့လေ။ ဒီဓားကို ဘယ်လိုဓားမျိုးထင်လို့လဲ ကိုကျော်ရင်”
"ဘယ်လိုဓားမျိုးဆိုတာ ကျွန်တော်ဘယ်သိပါ့မလဲဆရာရယ်။ မြက်ခုတ်တဲ့ဓားပုံစံပေါက်နေလို့ မေးကြည့်တာပါ”
“မြက်ခုတ်တဲ့ဓားတော့မဟုတ်ဘူး ကိုကျော်ရင်၊ ဓားပီးပါတယ်ဆိုတဲ့ကောင်ရဲ့ဇက်ကို တိကနဲဖြတ်ချနိုင်တဲ့ ကိုးသင်္ချိုင်းဓားဗျ”
ကိုးသင်္ချိုင်းဓားဆိုသည်က လျှို့ဝှက်စွာသိမ်းဆည်းထားရသည့်ဓားမျိုးဖြစ်ကြောင်း ကျွန်ုပ်သိသော်လည်း မခံချင်စိတ်ကြောင့်စကားကျွံသွားခဲ့လေပြီ။
“ဟုတ်လို့လားဆရာ။ ကိုးသင်္ချိုင်းဓားကို တစ်ခါမှမတွေဖူးဘူး။ ကျွန်တော့်ကို ခဏလောက်ပြပါလား”
“ပြလို့တော့မရဘူးဗျ။ ဓားအိမ်ထဲကထုတ်ပြီးရင် လူသွေးမစွန်းဘဲ ပြန်ထည့်လို့မရဘူး”
“ဟား...ဟား...။ ဆရာရာ...ဟုတ်မှလည်းလုပ်ပါ။ လူရှိန်အောင်လို့ ဖြဲခြောက်နေတာလား။ အခုခေတ်မှာ ကိုးသင်္ချိုင်းဓားဆိုတာ မရှိတော့ပါဘူးဗျာ”
ခနဲ့တဲ့တဲ့ပြောလိုက်သည့် ကိုကျော်ရင်၏စကားကြောင့် ကျွန်ုပ်စိတ်တိုသွားခဲ့သည်။
“မယုံရင် စမ်းကြည့်မလား။ ပီးဆေးထိုးထားတဲ့သူရှိရင် သွားခေါ်လာခဲ့ဗျာ”
“သိပ်ရှိတာပေါ့ဗျာ။ ကွန်တော့်ညီ အောင်သန်းဦးလေဗျာ။ ပီးဆေးလည်းထိုးထားတယ်။ မြွေဆေးလည်းထိုးထားတယ်။ သူ့ကို ငှက်ကြီးတောင်နဲ့ပိုင်းတာတောင် အရာမထင်ဘူး”
အောင်သန်းဦးဆိုသူက စံပယ်သုံးလမ်းတွင်နေထိုင်သည့် ကိုကျော်ရင်၏ညီတစ်ဝမ်းကွဲဖြစ်ပေသည်။ အောင်သန်းဦးသည် ရုံးဖယ်ရီမောင်းသည့် ယာဉ်မောင်းတစ်ယောက်ဖြစ်ပြီး သိုင်းဆရာတစ်ယောက်လည်းဖြစ်ပေသည်။ ရုံးပိတ်ရက်များ၌ သူ၏ခြံရှေ့ မြေကွက် လပ်တွင် သိုင်းပညာအခမဲ့သင်ကြားပြသပေးနေသူလည်းဖြစ်ပေသည်။
“ခင်ဗျားစမ်းချင်ရင် စမ်းကြည့်ပေါ့ဗျာ။ ကျွန်တော်ကတော့ မလုပ်ချင်ဘူး။ မတော်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် မကောင်းဘူး”
“ရတယ်၊ ကျွန်တော်ကိုယ်တိုင် သူ့ကိုခုတ်ကြည့်မယ်”
“လုပ်ဗျာ။ ကျွန်တော်တို့လည်း စိတ်ဝင်စားတယ်”
“အလကားမတ်တင်းတော့မလုပ်ကြနဲ့လေ။ လောင်းကြေးလေးဘာလေးတော့လုပ်ဦးမှပေါ့”
လမ်းလုံခြုံရေးစောင့်ရင်း သောက်စားနေကြသည့် လမ်းသားအချို့ကပါ စိတ်ဝင်စားပြီး မြှောက်ပင့်လှုံ့ဆော်နေကြသဖြင့် ကိုကျော်ရင်နှင့် ကျွန်ုပ်တို့ လောင်းကြေးထပ်ကြလေတော့သည်။
“ဘယ်လိုလဲ ကိုကျော်ရင်”
“စိန်လိုက်လေ ဆရာ။ လောင်းကြေးကို ဘယ်လောက်သတ်မှတ်မလဲ”
“ခင်ဗျားဘက်က အသက်နဲ့လောင်းကြေးလုပ်ထားတာဆိုတော့ ကျွန်တော်ရှုံးရင် ဟောဒီလက်စွပ်ချွတ်ပေးမယ်ဗျာ။ လက်စွပ်က တစ်မတ်သားကျော်တယ်”
“ရတယ်ဗျာ။ အောင်သန်းဦးကို သွားခေါ်လာခဲ့မယ်”
“လမ်းထိပ်မှာတော့ မလုပ်နဲ့လေဗျာ.”
“ဒါဆို ဓမ္မာရုံမှာ သွားစမ်းကြတာပေါ့”
“အဲဒါ ပိုအဆင်ပြေတယ်”
“သေချာရင် အောင်သန်းဦးကို ကျွန်တော်သွားခေါ်တော့မယ်”
“ခေါ်လိုက်ဗျာ။ တစ်ခုတော့ရှိတယ်၊ အောင်သန်းဦး မတော်တဆသေသွားခဲ့ရင် ကျွန်တော်နဲ့မသက်ဆိုင်ဘူးနော်”
“စိတ်ချစမ်းပါ ဆရာရယ်။ ဟောဒီမှာ သက်သေတွေလည်းရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ခုတ်မှာပါ။ ဇက်ကိုမခုတ်ပါဘူး၊ လက်ကိုပဲခုတ်မှာ”
“ဘယ်နေရာပဲခုတ်ခုတ်၊ ပြတ်တာနဲ့ ခင်ဗျားရှုံးပြီကိုကျော်ရင်။ ခင်ဗျားညီ အောင်သန်းဦးသာ ပြီးဆေးထိုးထားတာမှန်ပါစေ”
“အဲဒါတော့ စိတ်ချဗျာ။ ဒီကောင်က ကံငါးပါးလည်းလုံတယ်။ သူ့ဆေးအစွမ်းကို နေ့တိုင်းစမ်းသပ်နေတဲ့ကောင်”
“သွားသာခေါ်လိုက်တော့ဗျာ”
ကိုးသင်္ချိုင်းဓားအစွမ်းကို စမ်းသပ်ရတော့မည်ဖြစ်သောကြောင့် ကျွန်ုပ်ကျေနပ်နေမိသည်။ ကျွန်ုပ်ရှုံးခဲ့ပါက တစ်မတ်သားကျော်ရှိသည့် ရွှေလက်စွပ်တစ်ကွင်းသာ ဆုံးရှုံးရမည်ဖြစ်ပြီး ကိုကျော်ရင်ရှုံးခဲ့ပါက အောင်သန်းဦး၏လက်တစ်ဖက် ဆုံးရှုံးရပေလိမ့်မည်။ မည် သို့ဖြစ်စေ ကိုးသင်္ချိုင်းဓားအစစ် ဟုတ်၊ မဟုတ် မကြာခင်သိရပေတော့မည်။
*************************
“အောင်သန်းဦး”
“ဗျာ.....ဆရာ...”
“ပြီးဆေးထိုးထားတယ်ဆိုတာ အဟုတ်ပဲလား။ မသေချာဘဲ မလုပ်နဲ့နော်”
“သေချာတာပေါ့ဆရာရယ်။ ကျွန်တော်ကလည်း ကိုးသင်္ချိုင်းဓားနဲ့စမ်းချင်လို့ လိုက်လာတာ”
“ကဲ......စကြမယ်ဗျာ”
ကိုကျော်ရင်က လောဆော်လိုက်သဖြင့် ကျွန်ုပ်လည်း လက်ထဲမှကိုးသင်္ချိုင်းဓားကို ကိုကျော်ရင့်လက်ထဲသို့ထည့်ပေးလိုက်သည်။ ကျွန်ုပ်ကိုယ်တိုင်ဓားမထုတ်ရခြင်းက ဓားအိမ်ထဲမှဓားထုတ်သည့်သူသည် သတ်ချင်ခုတ်ချင်စိတ်များဖြစ်လာတတ်သည်ဟု ကိုအောင် ခိုင်ပြောခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ကိုကျော်ရင်က ဓားကိုကိုင်ကြည့်ပြီး ပြုံးလိုက်သဖြင့် ကျွန်ုပ်၏စိတ်ထဲ၌ မကျေမနပ်ဖြစ်သွားခဲ့သည်။
“ဘာကြောင့်ပြုံးရတာလဲ ကိုကျော်ရင်”
“ဘုရားဈေးမှာရောင်းတဲ့ဓားတောင် သူ့ထက်လက်ရာကောင်းလို့ပါ့ဗျာ”
“ကိုးသင်္ချိုင်းဓားအကြောင်း ခင်ဗျားဘယ်လောက်သိသလဲဗျ”
“အသေအချာမသိပါဘူး။ လက်ကိုင်ကလည်း ဝါးရိုးလက်ကိုင်ဖြစ်နေတယ်”
“မသိရင် အသေအချာမှတ်ထားဗျ။ ဓားအိမ်ကို မသာအခေါင်းကပျဉ်နဲ့လုပ်ရတယ်။ လက်ကိုင်ရိုးက မသာကိုမီးရှို့တဲ့အခါသုံးတဲ့ တံစူးဝါးကိုသုံးရတယ်”
ကိုကျော်ရင်က ကျွန်ုပ်ပြောသည့်စကားကို တအံ့တဩနားထောင်ရင်း ကျွန်ုပ်ကိုတစ်လှည့် ဓားကိုတစ်လှည့်ကြည့်ကာ ဓားကို ဓားအိမ်ထဲမှ ဆွဲချွတ်လိုက်လေသည်။ ထိုအခါမှပင် ကျွန်ုပ်ကြည့်ရှုလိုခဲ့သည့် ကိုးသင်္ချိုင်းဓားကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့လေတော့ သည်။ ။ ဓားသွားအရှည် တစ်တောင်နှင့်တစ်ထွာကျော်ခန့်ရှိပြီး နဂါးမောက်နှင့်ဟင်္သာဇလုပ်ကို ငှက်ကြီးတောင်ပုံသဏ္ဌာန်ချိုးထားသည်။ မျှော့ကြောင်းမပါရှိဘဲ သင်ဓုန်းဝင်းသာပါရှိပြီး ငှက်ကြီးတောင်ဓားများကဲ့သို့ ဇဝါရိုက် ( ပန်းကနုတ်ဖော် ) ထားခြင်းမရှိပေ။ ဓားအရောင် က ဆေးသားအလွန်ကောင်းသည့် ငှက်ခါးတောင်အရောင်မဟုတ်ဘဲ သွေးဖြင့်ဆေးထားသဖြင့် ညိုမှိုင်းနေသည်။ ကိုးသင်္ချိုင်းဓားအမှန်ဖြစ်ပါက အရောင်ထွက်ရန်သွေးစရာမလိုပေ။ ဆေးတင်ကတည်းက အစိမ်းသေသွေးဖြင့်တင်ထားခြင်းကြောင့် အရောင်မထွက်ခြင်းဖြစ်ပေ သည်။
“ကိုင်လို့တော့အတော်ကောင်တယ်ဗျ၊ စီးစီးပိုင်ပိုင်ရှိတယ်”
“စမ်းမယ်ဆိုလည်း မြန်မြန်စမ်းဗျာ”
ဓားကိုဝှေ့ယမ်းနေသည့် ကိုကျော်ရင်ကိုကြည့်ပြီး ကျွန်ုပ်စိုးရိမ်လာသဖြင့် အမြန်စမ်းသပ်ရန်ပြောဆိုလိုက်ရသည်။
“အောင်သန်းဦး....၊ မင်းရဲ့ပြီးဆေးပဲကောင်းသလား ဟောဒီဓားပဲစွမ်းသလားဆိုတာပြလိုက်စမ်းကွာ”
“အဆင်သင့်ပဲ အစ်ကို”
အောင်သန်းဦးက ဓမ္မာရုံထဲမှ ထမင်းစားပွဲဝိုင်းပေါ်သို့ ညာဘက်လက်ကို ပက်လက်အနေအထားဖြင့်တင်လိုက်ပြီး လက်သီးကိုဆုပ်ကာ မာန်သွင်းလိုက်သည်။
“ကျား.......”
ထိုအချိန်မှာပင် ကိုကျော်ရင်က ကိုးသင်္ချိုင်းဓားကို လက်နှစ်ဖက်ဖြင့်ကိုင်မြှောက်ကာ ခုတ်ချလိုက်လေတော့သည်။
“ဒုန်း.......”
“အား......”
“ဟာ.......”
“အမလေးဗျာ...သွားပါပြီ”
တိကနဲပြတ်သွားသည့် အောင်သံဦး၏လက်က လွင့်စင်ထွက်သွားပြီး လက်မှသွေးများပန်းထွက်လာသဖြင့် ကျွန်ုပ်အပါအဝင် လာရောက်ကြည့်ရှုနေကြသူများ အလန့်တကြားဖြစ်သွားကြသည်။
“အောင်သန်းဦးကို ဆေးရုံအမြန်ပို့ဖို့ လုပ်ကြပါဦး”
“အရေးအခင်းဖြစ်နေတာ ဆေးရုံမှာဆရာဝန်ရှိပါ့မလား”
“ဆေးရုံမသွားလို့ ဘယ်လိုလုပ်မလဲ။ သွေးလွန်ပြီးသေသွားမှာပေါ့”
“အား......ဆေးရုံမြန်မြန်ပို့ကြပါဗျ။ နာလိုက်တာ....”
“ဆေးရုံမှာ ဆရာဝန်မရှိဘဲတော့မနေဘူး။ လာကြကွာ.......”
သတ္တိကောင်းသူသုံးလေးယောက်က အောင်သန်းဦး၏လက်ကို ပုဆိုးဖြင့်ထုပ်စည်းသူကစည်း၍ ပြတ်ကျသွားသည့်လက်ကိုကောက်ကာ ဆေးရုံကြီးသို့ခေါ်သွားကြလေသည်။ သရဲတစ္ဆေမကြောက်တတ်သည့်ကျွန်ုပ်သည် သွေးကိုမြင်ပြီးထိတ်လန့်တုန်လှုပ်ကာ မူးဝေ လာသည်။ ထိုအချိန်မှာပင် ကိုကျော်ရင်က ဓားကိုသိုင်းသမားတစ်ယောက်ကဲ့သို့ကစားပြီး အနီးအနားရှိသူများကို ထိုးခုတ်ဖို့ပြင်နေလေသည်။ ကိုကျော်ရင်၏မျက်လုံးများက ရဲရဲနီနေပြီး အသားများတဆတ်ဆတ်တုန်နေသဖြင့် ပရလောကသားပူးဝင်နေပြီဟု ပြောဆိုနေကြ သည်။ ကိုကျော်ရင့်ထံတွင် ဝင်ရောက်ပူးကပ်နေသူသည် ဦးအိုက်စံသာဖြစ်နိုင်ကြောင်း ကျွန်ုပ်ထင်မြင်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကိုကျော်ရင်ပြောဆိုနေသည့်စကားများသည် တိုင်းရင်းသားဘာသာစကားဖြစ်နေသောကြောင့် ထိုသို့ထင်မြင်ရခြင်းဖြစ်ပေသည်။
“ကိုကျော်ရင့်ကို လုပ်ကြပါဦးဟ”
“သူ့ကို ဝိုင်းချုပ်ပြီးဖမ်းမှရမယ်”
“ဓားကိုင်ပြီးရမ်းနေတာ ဘယ်လိုလုပ်ပြီး အနားကပ်လို့ရမှာလဲ”
“ရအောင်လုပ်ကြည့်ရမှာပေါ့ဗျာ”
မြင်သမျှလူကို ရန်သူဟုသဘောထားကာ ဓားဖြင့်ပိုင်းရန်ဟန်ပြင်နေသည့် ကိုကျော်ရင်ကို ဝိုင်းဝန်းချုပ်နှောင်ရန်တိုင်ပင်ကြလေသည်။ ကျွန်ုပ်လည်း အိမ်သို့အမြန်ပြေးကာ သင်္ကန်းယူရန်ပြင်လိုက်စဉ် စံပယ်ငါးလမ်းတွင်နေထိုင်သည့် ဘိုးတော်တင်အုန်း ရောက်လာ လေသည်။ ဘိုးတော်တင်အုန်းသည် ယောဂီဝတ်စုံကို မချွတ်စတမ်းဝတ်ဆင်ထားပြီး လည်ပင်းတွင် ဖန်ဂေါ်လီလုံးခန့်ရှိသည့် စိတ်ပုတီးကြီးကို အမြဲလိုလိုချိတ်ဆွဲထားသဖြင့် ဘိုးတော်တင်အုန်းဟု အမည်ပေးထားခြင်းဖြစ်သည်။ ရပ်ကွက်ဓမ္မာရုံကိုတာဝန်ယူထားသူလည်းဖြစ် သလို တရားပွဲများ အပတ်စဉ်ဆွမ်းလောင်းသည့်ကိစ္စများကိုလည်း တာဝန်ယူဆောင်ရွက်နေသူတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်တို့က ဘိုးတော်တင်အုန်းဟု မလေးမစားခေါ်ဆိုသော်လည်း ဦးတင်အုန်း၏အသက်သည် ခုနစ်ဆယ်ခန့်ရှိနေလေပြီ။ တစ်ခါတစ်ရံ ရက်အတော်ကြာ ခန့် ခရီးထွက်တတ်ပြီး ခရီးမှပြန်ရောက်လာသည့်အခါတိုင်း လမ်းမကြီးထိပ်မှစ၍ လမ်းအဆုံးရှိဓမ္မာရုံအထိ လက်ညှိုးဖြင့် ဟိုထိုးသည်ထိုးပြီး ပါးစပ်မှတတွတ်တွတ်ရွတ်ဆိုသွားတတ်သဖြင့် ဘိုးတော်တင်အုန်းအား ခေတ်စကားဖြင့် ဂေါက်ကြောင်ဟုလည်းခေါ်ဆိုကြသည်။ ဘိုးတော်တင်အုန်းရောက်လာခြင်းသည် ဓမ္မာရုံသည် သူ၏နေအိမ်နှင့်နီးသည့်အပြင် သူတာဝန်ယူထားရသည့် ဓမ္မာရုံအတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်နေသောကြောင့်ရောက်လာသည်ဟုထင်မှတ်လိုက်ကြသည်။
“မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ။ ဓမ္မာရုံဘက်ကို လူစုလူဝေးနဲ့သွားတာတွေ့လို့ လိုက်လာခဲ့တာ။ ဒီနားရောက်မှ ဟိုတစ်ယောက်ကို သွေးသံရဲရဲနဲ့ခေါ်သွားတာ မြင်လိုက်ရတယ်”
“ကျွန်…ကျွန်တော်တို့ ကိုးသင်္ချိုင်းဓား ဟုတ်၊မဟုတ် စမ်းကြည့်ကြတာပါ”
“အလိုလေး…..ဒီအသက်အရွယ်တွေနဲ့ အတော်မိုက်လုံးကြီးကြတဲ့သူတွေပါလား”
“ကျွန်တော်တို့ မှားသွားပါတယ် အဘ”
“မှားသွားတယ်ဆိုတဲ့နောင်တက နောက်မှ၊ ဟိုတစ်ယောက်ကတော့ဆေးရုံသွားရပြီ။ ကင်းစောင့်တဲ့သူတွေအဆင်ပြေအောင်လို့ ဓမ္မာရုံကို သော့မခတ်ဘဲဖွင့်ထားပေးခဲ့တာ။ ခုနက ဓားထိသွားတဲ့သူက ကိုလှဝင်းရဲ့သားအကြီးကောင် သိုင်းဆရာအောင်သန်းဦး မ ဟုတ်လား”
“ဟုတ်ပါတယ် အဘ”
“ကျုပ်သဘောပေါက်ပြီ။ တစ်ယောက်က ကာယသိဒ္ဓိကိုယုံကြည်အားကိုးပြီးအစမ်းသပ်ခံတယ်။ ဟိုတစ်ယောက်က သူ့ရဲ့ဓားစွမ်းကိုစမ်းချင်တယ်”
“အဲဒါ ကိုကျော်ရင်ရဲ့ဓားမဟုတ်ဘူး အဘ”
“ဘယ်သူ့ဓားလဲ”
“ဆရာ ကိုခင်မောင်ဆင့်ရဲ့ဓားပါ”
“ဟုတ်လား ကျောင်းဆရာ”
“ဗျာ.....”
“ခင်ဗျားကိုမေးနေတာလေ။ ဒီဓားကို ဘယ်ကရလာတာလဲ”
“ကျွန်...ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆီက ခဏငှားလာတာပါ”
“အတော်ခက်တာပဲ။ ဒီလိုဓားမျိုးက သာမန်လူတွေနဲ့မအပ်စပ်ဘူး။ ထိန်းသိမ်းနိုင်မှ၊ ကံလုံမှ၊ လောကီပညာအသင့်အတင့်ရှိမှကိုင်သင့်တဲ့ဓားမျိုး။ အကိုင်မတတ်ရင် ကိုယ့်ဘက်ကို ဓားဦးသုံးကြိမ်လှည့်တဲ့ဓားမျိုး။ လျှိုံဝှက်ပြီးသိမ်းထားရမယ့်ဓားမျိုးကွယ့်”
“ဟုတ်...ဟုတ်ကဲ့ အဘ။ ကျွန်တော်လည်း လေ့လာမလို့ငှားလာခဲ့တာပါ”
“ဟောဒီဓားကို စီရင်ခဲ့တဲ့သူက အတော့်ကိုတော်တဲ့ဆရာပဲ။ အခုက ဓားကြောင့်တင်မဟုတ်ဘူးကွယ့်။ ဓားမှာစွဲကပ်နေတဲ့ဘဝတစ်ပါးကသူတစ်ယောက်ကြောင့်ပါ။ သွေးတွေကို ရေဆေးချလိုက်ကြပါဦး။ တရားဓမ္မတွေလုပ်နေတဲ့ဓမ္မာရုံမှာ သွေးစွန်းသွားတာ မသင့် တော်ဘူးကွာ”
“ဟုတ်ကဲ့။ ကျွန်တော်တို့ လုပ်ပေးပါ့မယ်။ ကိုကျော်ရင်က ဓားကြီးကိုင်ထားတော့ မလုပ်ရဲသေးဘူး”
“ကျုပ်လုပ်ပါ့မယ်။ ခင်ဗျားတို့သာ ရေဆေးချဖို့လုပ်ကြပါ။ ဓမ္မာရုံမှာ သွေးစွန်းတာ ကျုပ်မကြိုက်ဘူး။ ဦးအေးဖေနဲ့ ဦးသောင်းတို့ကို သွားခေါ်ပေးကြစမ်းပါ။ အတော်မိုက်တဲ့သူတွေပဲ။ နိုင်ငံရေးအခြေအနေ ရုတ်ရုတ်သဲသဲဖြစ်နေရတဲ့ကြားထဲ မဟုတ်တဲ့အလုပ်ကိုလုပ် ကြတယ်”
လေသံအေးအေးဖြင့် အပြစ်တင်နေသည့်ဘိုးတော်တင်အုန်းကို မကြောက်ကြသော်လည်း ဦးအေးဖေနှင့်ဦးသောင်းတို့ကိုတော့ ကျွန်ုပ်တို့ ကြောက်ကြရပေသည်။ ဦးအေးဖေနှင့် ဦးသောင်းတို့သည် မြို့မိမြို့ဖစာရင်းဝင်သူများဖြစ်ကြပြီး ဩဇာကြီးမားကြသူများဖြစ်ကြ ပေသည်။
“ဘာဖြစ်လို့ ဒေါသကြီးနေရတာလဲ။ ဓားကိုချလိုက်စမ်းပါကွယ်”
ဘိုးတော်တင်အုန်း၏အသံကတိုးလျပြီး နူးညံ့ပျော့ပြောင်းနေသည်။ ကိုကျော်ရင်က ဘိုးတော်တင်အုန်းကို အသေအချာစိုက်ကြည့်ပြီး ပါးစပ်မှ တတွတ်တွတ်ပြောဆိုနေသည်။ ကိုကျော်ရင်၏နှုတ်ခမ်းများကလှုပ်ရှားပြီး စကားပြောဆိုနေသယောင်ဖြစ်နေသော်လည်း စ ကားပြောသံကို ကျွန်ုပ်တို့မကြားရပေ။ တစ်ခုထူးခြားသည်က ဘိုးတော်တင်အုန်း ဓမ္မာရုံထဲသို့ဝင်လာစဉ်မှစပြီး ဓားသိုင်းကနေသည့် ကိုကျော်ရင်တစ်ယောက် ဓားဦးကို အောက်စိုက်ကာ ငြိမ်သက်သွားခဲ့သည်။
“ခင်ဗျားဖြစ်စေချင်တာကို သိပါတယ်။ သံသရာအထိပါသွားတဲ့ဒေါသ၊လောဘ၊မောဟတွေကို ဒီနေ့ ဒီနေရာမှာတင် အဆုံးသတ်လိုက်ပါတော့။ ကျုပ်ကိုလေးစားရင် ကျုပ်ပြောတဲ့စကားကို နားထောင်ပါ”
ကျွန်ုပ်တို့က ဂေါက်ကြောင်ဟုသတ်မှတ်ထားသည့် ဘိုးတော်တင်အုန်းက ကိုကျော်ရင်နှင့်ပြောဆိုနေသော်လည်း ခင်ဗျားနှင့်ကျုပ်ဟု နာမ်စားသုံးနေသဖြင့် ဘိုးတော်တင်အုန်း ပေါက်ကရလုပ်နေပြီဟု ကျွန်ုပ်တို့အားလုံး ထင်မြင်နေကြသည်။ သို့သော်လည်း ကိုကျော် ရင်ထံ၌ပူးကပ်နေသည့်ပရလောကသားနှင့် ဘိုးတော်တင်အုန်းတို့ မည်သို့မည်ပုံဆက်ဖြစ်မည်ကို သိလိုသဖြင့် ကျွန်ုပ်တို့အားလုံးအသာငြိမ်ပြီး အခြေအနေကိုစောင့်ကြည့်နေကြသည်။
“ကဲ.....ခင်ဗျားဘယ်သူဘယ်ဝါဆိုတာတော့ ကျုပ်မသိဘူး။ သိဖို့လည်း မလိုအပ်ဘူး။ ဒါပေမယ့် ခင်ဗျားမှာ ဘယ်လိုအစွမ်းအစရှိတယ်ဆိုတာတော့ ကျုပ်သိတယ်။ ကျုပ်ကို ဓားအပ်ပါ”
ကိုကျော်ရင်က မျက်တောင်မခပ်ဘဲ စိုက်ကြည့်ကာ ဘိုးတော်တင်အုန်းထံသို့ တစ်လှမ်းခြင်းလာနေသဖြင့် ကျွန်ုပ်တို့လည်း အထိတ်တလန့်ဖြစ်ကာ အနောက်သို့ရှဲသွားကြသည်။ ဘိုးတော်တင်အုန်းသည် ဓားကိုင်ထားသည့် ကိုကျော်ရင်အား ကြောက်လန့်ခြင်း စိုးရိမ် ခြင်းမရှိဘဲ ကိုကျော်ရင်၏မျက်လုံးကို စူးစူးစိုက်စိုက်ကြည့်ကာ ပြုံးနေလေသည်။ ထိုအချိန်မှာပင် ဦးအေးဖေနှင့် ဦးသောင်းတို့ ဓမ္မာရုံထဲသို့ အပြေးအလွှားရောက်လာကြသဖြင့် လာရောက်ကြည့်ရှုနေကြသူများ အလျှိုလျှိုနောက်ဆုတ်သွားကြသည်။
“ဦးတင်အုန်း...အတင့်မရဲနဲ့။ ဟေ့ကောင်...ကျော်ရင်....ဓားချလိုက်စမ်း”
ဦးအေးဖေ၏အသံက ဓမ္မာရုံအတွင်း၌ ဟိန်းထွက်သွားသည်။ ကိုကျော်ရင်က ဦးအေးဖေကို မျက်မှောက်ကုတ်ကြည့်ကာ ဓားကိုအမျိုးမျိုးလှည့်ကစားပြလိုက်ပြီး လက်ညှိုးဖြင့်ထိုးကာ တောက်ခတ်လိုက်သဖြင့် ဦးအေးဖေလန့်သွားလေသည်။
“အသာနေ ဦးအေးဖေ။ အခုကိစ္စက ခင်ဗျားတို့ဝင်ပါလို့မရဘူး။ ပိုဆိုးသွားလိမ့်မယ်”
“ဘာဖြစ်လို့လဲ ဦးတင်အုန်း”
“ကျွန်တော်လုပ်ပါ့မယ်။ ခဏလောက်နောက်ဆုတ်ပြီး စောင့်ကြည့်ပေးကြပါ”
ဦးအေးဖေနှင့် ဦးသောင်းက ဘိုးတော်တင်အုန်းပြောသည့်အတိုင်း နောက်သို့ဆုတ်သွားကြသည်။
“ကျုပ်ကို ဓားအပ်ပါ။ ဓားအပ်ပြီးတာနဲ့ ခင်ဗျားလည်း လွတ်ရာကျွတ်ရာကို သွားလို့ရအောင် စီစဉ်ပေးပါ့မယ်”
ကိုကျော်ရင်က ဘိုးတော်တင်အုန်းကို အသေအချာစိုက်ကြည့်ပြီး တစ်လှမ်းခြင်းလျှောက်လာရာမှ လက်တကမ်းအကွာလောက်တွင် ရပ်တန့်ပြီး ဘိုးတော်တင်အုန်းအား ဓားဖြင့်မိုးလိုက်သည်။
“ဦးတင်အုန်း.....သတိထား”
ဘိုးတော်တင်အုန်းက အော်ဟစ်သတိပေးနေသည့် ဦးသောင်းအား လှည့်မကြည့်ဘဲ လက်ကာပြလိုက်သည်။
“ကျုပ်ကို ခင်ဗျား ခုတ်လို့မရဘူးမဟုတ်လား။ ထပ်စမ်းကြည့်ပါဦး”
ကိုကျော်ရင်၏ခန္တာကိုယ်က နတ်ဝင်သည်တစ်ယောက်ကဲ့သို့ဖြစ်နေပြီး ဓားကိုင်ထားသည့်လက်က တဆတ်ဆတ်တုန်နေလေသည်။
“မကြံစည်အပ်၊ မလုပ်အပ်တဲ့အရာတွေကြောင့် အခုလိုဘဝမျိုးကိုရောက်နေရတာတောင် စိတ်မလျှော့သေးဘူးလား။ ခင်ဗျားကို လွတ်မြောက်အောင်လုပ်ပေးမယ်လို့ ကျုပ်ပြောထားတယ်။ ခင်ဗျားကိုလွတ်မြောက်အောင် ကျုပ်လုပ်ပေးနိုင်တယ်ဆိုတာ နားလည်ရင် ခင်ဗျားလက်ထဲကဓားကို ကျုပ်ဆီအပ်ပါ”
ကိုကျော်ရင်က ဘိုးတော်တင်အုန်းကို စူးစူးရဲရဲကြည့်နေရာမှ မျက်လွှာချကာ မိုးထားသည့်ဓားကိုပြန်ရုပ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် ဘိုးတော်တင်အုန်းထံသို့ ကိုးသင်္ချိုင်းဓားအား လက်နှစ်ဖက်ဖြင့်တရိုတသေကိုင်ကာ ပေးအပ်လိုက်လေတော့ သည်။ ကျွန်ုပ်တို့အားလုံး ဂေါက်ကြောင်ဘိုးတော်တင်အုန်းဟု ခေါ်ဆိုခဲ့ကြသည့် ဦးတင်အုန်း၏ပညာရပ်ကို မြင်တွေ့လိုက်ရသည့်အခိုက် ကျွန်ုပ်တို့အားလုံး ဘိုးတော်တင်အုန်းကို တလေးတစားဖြစ်ကုန်ကြသည်မှာ ကြက်သီးမွေးညင်းများပင်ထလာခဲ့သည်အထိဖြစ်ခဲ့ကြသည်။
ကိုကျော်ရင်က ဘိုးတော်တင်အုန်းထံသို့ ဓားအပ်လိုက်ပြီးနောက် ဘိုးတော်တင်အုန်း၏လက်ကိုကိုင်ကာ နှစ်ကိုယ်ကြားရုံလေသံဖြင့်ပြောဆိုနေသည်။
“အင်း.....ဟောဒီဓားကြောင့် အသက်ပေးလိုက်ရတယ်။ ဟောဒီဓားမှာ စွဲကပ်နေခဲ့ရတယ်။ ခင်ဗျားကိုလုပ်ခဲ့တဲ့သူလည်း မကျွတ်လွတ်နိုင်သေးဘူး။ သံသရာလည်နေသရွေ့ ခင်ဗျားတို့နှစ်ယောက်က သူတစ်ပြန်ကိုယ်တစ်လှည့်နဲ့ အကြွေးယူလိုက် အကြွေးပြန်ဆပ် လိုက်ဖြစ်နေကြဦးမှာပဲ။ အဲဒါကိုတော့ ကျုပ်မကူညီနိုင်ဘူး။ ကျုပ်ကူညီနိုင်တာတစ်ခုက ခင်ဗျားကိုပြောခဲ့တဲ့အတိုင်း ချုပ်နှောင်ထားတဲ့ကြိုးတွေဖြည်ပေးလိုက်မယ်။ ဟုတ်ပြီလား။ ကဲ......အခုကစပြီး ဘယ်သူ့ကိုမှ အနှောက်အယှက်မပေးနဲ့တော့။ ကျုပ်နဲ့လိုက်ခဲ့ပေတော့“
ဘိုးတော်တင်အုန်းပြောသမျှကို ဒူးထောက်၍ခေါင်းငုံ့ပြီးနားထောင်နေရာမှ ရုတ်တရက် နောက်ကျွမ်းပစ်လိုက်သဖြင့် ကျွန်ုပ်တို့အားလုံး ကြောက်လန့်ပြီး ဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ ကိုကျော်ရင်သည် မည်သည့်လောကီပညာကိုမှတတ်မြောက်ထားသူမဟုတ် သည့်အပြင် သိုင်းသမားတစ်ယောက်လည်းမဟုတ်ပေ။ ထိုင်နေရာမှ ရုတ်တရက်နောက်ကျွမ်းပစ်ကာ လေထဲတွင် ကိုယ်တစ်ပတ်လှည့်ပြီး မြေပြင်ပေါ်သို့ လှလှပပကျနိုင်ဖို့ဆိုသည်က တော်ရုံသိုင်းပညာရှင်များပင် မလွယ်ကူလောက်ပေ။ နောက်ကျွမ်းပစ်လိုက်သည့် အမြင့်က လည်း လူတစ်ရပ်ကျော် နှစ်ရပ်စာခန့်မြင့်ပေသည်။
“ကျောင်းဆရာ....”
“ဗျာ.....”
“ဟောဒီဓားကို ကျုပ်ခဏယူသွားမယ်။ သန်ဘက်ခါမနက်မှ ကျုပ်ဆီမှာလာယူပါ”
“ဟုတ်..ဟုတ်ကဲ့ အဘ”
“ပိုင်ရှင်ကိုပြန်ပေးတဲ့အခါကျရင် အသေအချာသိမ်းဖို့နဲ့ လျှို့ဝှက်ထားဖို့မှာလိုက်ပါ”
“ဟုတ်ကဲ့၊ ပြောပြလိုက်ပါ့မယ်။ အဘဆီကဓားယူပြီးတာနဲ့ ချက်ချင်းသွားပေးပါ့မယ်”
“ကျော်ရင်......ထတော့။ အိမ်ပြန်ပြီး နားလိုက်တော့”
ဘိုးတော်တင်အုန်းပြောမှ ကိုကျော်ရင်ကို လှည့်ကြည့်လိုက်မိသည်။ သမံတလင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ကြောက်လန့်နေရှာသည်။
“လူစုခွဲလိုက်ကြတော့။ ကိုယ့်အိမ်ကိုယ်ပြန်ကြတော့။ ကင်းစောင့်တဲ့သူက စောင့်ကြ။ တိုင်းပြည်အခြေအနေမကောင်းရတဲ့အထဲ မင်းတို့ကလည်းတစ်မျိုးကွာ”
ဦးသောင်းက စိတ်ဆိုးမာန်ဆိုးဖြင့် လူစုခွဲခိုင်းနေသဖြင့် ကျွန်ုပ်တို့လည်း လူစုခွဲလိုက်ကြသည်။
“ကျောင်းဆရာ.....ခဏနေဦး”
“ဟုတ်ကဲ့ ဦးလေးသောင်း”
“ဘယ်ကနေ ဘယ်လိုစဖြစ်တယ်ဆိုတာ ပြောပြစမ်းပါဦး”
ကျွန်ုပ်လည်း ဦးသောင်းအား မချွင်းမချန်ပြောပြလိုက်ရလေသည်။
“ကျောင်းဆရာဖြစ်ပြီး မဆင်မခြင်လုပ်ရတယ်လို့။ ဟိုကောင် အောင်သန်းဦးဆီလိုက်မသွားနဲ့။ မနက်ကျမှသွား။ တော်ကြာ အခြားရပ်ကွက်က လူမှားပြီးသတ်လိမ့်မယ်”
“ဟုတ်ကဲ့ ဦးလေးသောင်း”
ကျောင်းဆရာဖြစ်ပြီး မဆင်မခြင်လုပ်သည်ဆိုသည့်စကားက အလွန်မှန်ပါသည်။ ထိုစကားသည် ကျွန်ုပ်အားအရှက်ရစေခဲ့သလို တစ်သက်စာအတွက်ဖူလုံခဲ့သည်။ နောက်နေ့မနက်တွင် အောင်သန်းဦးထံသို့သွားရောက်ကြည့်ရှုခဲ့သည်။ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည့် အတွက် ဘဝပျက်ပါပြီဟုပြောဆိုကာငိုယိုနေသည့် အောင်သန်းဦးအား စိတ်မကောင်းစွာဖြင့်အားပေးနှစ်သိမ့်ခဲ့သည်ကလွဲ၍ ကျွန်ုပ်မည်သို့မျှမတတ်နိုင်ပေ။ ဘိုးတော်တင်အုန်းထံမှ ကိုးသင်္ချိုင်းဓားကို သွားယူပြီးနောက် ကိုအောင်ခိုင်အား ပြန်လည်ပေးအပ်ခဲ့သော်လည်း ကျွန်ူပ် တို့ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအား တစ်လုံးတစ်ပါဒမျှမပြောဆိုခဲ့ပေ။ ဘိုးတော်တင်အုန်းထံမှပြန်ယူလာသည့်ကိုးသင်္ချိုင်းဓားသည် ယခင်ကလိုအစွမ်းထက်သေးသည်လား အစွမ်းမထက်တော့သည်လားဆိုသည်ကိုလည်းမသိချင်တော့ပေ။ ကျွန်ုပ်ပြုခဲ့သည့်အမှုကြောင့် ‘ ကျောင်းဆရာဖြစ်ပြီး ’ ဆိုသည့်စကားတစ်ခုက ကျွန်ုပ်အတွက် အမှတ်ရစရာဖြစ်ခဲ့ရပေသည်။ အောင်သန်းဦးက လက်တစ်ဖက်ဆုံးရှုံးခဲ့ရသလို ကျွန်ုပ်က သိက္ခာဆုံးရှုံးခဲ့ရသည်။
“အစ်ကို.....နေပူနေပြီလေ။ ဘာထိုင်လုပ်နေတာလဲ”
ပေါက်တူးကိုဘေးချကာ အတွေးလွန်နေသည့် ကျွန်ုပ်အား ဇနီးသည်ခိုင်က သတိပေးလိုက်သည့်အခါမှ သတိပြန်ဝင်လာခဲ့သည်။
“ဟင်....”
“ဘာတွေတွေးနေတာလဲ”
“ဘာမှမဟုတ်ပါဘူးကွာ၊ အောင်သန်းဦးနဲ့တွေ့လို့ အရင်ကအကြောင်းကို ပြန်စဉ်းစားနေမိတာ”
“မတွေးပါနဲ့တော့ အစ်ကိုရာ။ မြောင်းဖော်ပြီးရင်လည်း ရေချိုးတော့”
“အေးပါကွာ.....ဘာလိုလိုနဲ့ ဆယ်နှစ်တောင်ရှိသွားခဲ့ပြီပဲ”
“မေ့လိုက်ပါတော့ အစ်ကိုရယ်။ ရေသွားချိုးတော့”
“မေ့ထားတာတော့မဟုတ်ပါဘူးကွာ။ မေ့ချင်ယောင်ဆောင်ထားတာပါ။ အစပေါ်လာပြန်တော့ မေ့ချင်ယောင်ဆောင်ထားသမျှ ပြန်ပေါ်လာခဲ့တာပေါ့။ တစ်ခုတော့ကောင်းပါတယ်”
“ဘာလဲ အဈကို”
“အမှားတစ်ခုအတွက် ပေးဆပ်လိုက်ရတဲ့ရလဒ်တွေကို ပြန်သတိရတိုင်း နောင်တဆိုတာဖြစ်မလာရအောင် ဆင်ခြင်မိတာပေါ့ကွာ”
*************************
ပြီးပါပြီ
ချစ်ခင်လေးစားစွာဖြင့်
လွင်ဦးဟန်