နောက်ဖေးပေါက်ကလာခဲ့မယ်…
lotaya.mpt.com.mm
|
2020-02-03

နောက်ဖေးပေါက်ကလာခဲ့မယ်…
---------

မှိုင်းညို့နေတဲ့ တောတန်းကြီးတွေ နောက်ခံထားတဲ့ စစ်တပ်ဝန်းကြီးတစ်ခုထဲမှာ တပ်မိသားစုတွေရဲ့ တန်းလျားလေးတွေက ရှည်ရှည်မျောမျော တည်ရှိပါတယ်။ လူပျို ဆောင် အိမ်ထောင်သည်လိုင်း ခွဲခြားထားပေမယ့် အများစုကတော့ ပုံစံတူလေးတွေ လို ပဲ ဆောက်လုပ်ပေးထားတာပါ..။

အိမ်ထောင်သည်လိုင်းခန်းတွေဆိုရင်လည်း တစ်တန်းမှာ အခန်းငါးခန်းတွဲလေးတွေဖြစ် ပြီး အိမ်ထောင်စုငါးစုခန့်နေထိုင်ကြပါတယ်။ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းဆိုသလို ပဲ မရှိအတူရှိအတူတူဖြစ်သန်းကြရတဲ့ နှစ်ပေါင်းများစွာ အတူနေလာသူတွေမို့ တစ်မိ သား နဲ့ တစ်မိသားလည်းရင်းနှီးချစ်ခင်ကြပါတယ်။


အဲဒီအချိန်ကာလက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော်လောက်က တိုင်းရင်းသား လက် နက် ကိုင်တွေနဲ့ တိုက် ပွဲ တွေ အကြီးအကျယ်ဖြစ်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ ဒီကာလ မှာ အဲဒီတပ်စခန်းလေးကလည်း ရှေ့တန်းထွက် ရသူများပြားခဲ့ပါတယ်။ လင်ယော က်ျား တွေရှေ့တန်းထွက်နေရတဲ့အချိန်မှာ ကျန်ရစ်ခဲ့ရသူ ဇနီးသည်တွေဟာ အချင်း ချင်း ဖေးမပြီး တစ်ယောက်နဲ့ တစ်ယောက်လိုလေသေးမရှိ ကူညီဆောင်ရွက်ပေး ကြပါတယ်။
ဒီထဲမှာ နာမည်ခပ်ဆင်ဆင် အမျိုးသမီးနှစ်ဦးဟာ လိုင်းခန်းချင်းကလည်း ကပ်နေ တာကြောင့် ပိုပြီးတောင်ခင်မင်ကြပါတယ်။

မမြမေနဲ့ မမြတင်တို့ နှစ်ယောက်မှာ မမြမေဟာ တပ်ကြပ်ကြီး ဖိုးသိန်းရဲ့ ဇနီးဖြစ်ပြီး သားဦးကိုယ်ဝန်ကို လွယ်ထားရသူပါ။ မမြတင်ကတော့ တပ်ကြပ်ကြီး တင်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး သားလေးတစ်ဦးရှိပါတယ်။

“မြတင်ရယ်…ငါလေကိုဖိုးသိန်းရှေ့တန်းလိုက်ရတဲ့နေ့ကတည်းက အိပ်လည်းမပျော်ပါ ဘူး။ ရင်ထဲလဲ လေးလံလိုက်တာဟယ်”

“နင်ကလဲဟယ်..။ စစ်သားမိန်းမ မဟုတ်တာကြနေတာပဲ။ ဒီမှာ စိတ်တွေလေးနေရင် နင် ဘုရားရှိခိုး..ကိုယ့်ယောက်ျားအတွက် အန္တရယ်ကင်းအောင် ဆုတောင်းပေါ့ဟဲ့။ ပြီးတော့ ဘာမှ အားငယ်စရာလည်းမလိုဘူး..ငါတစ်ယောက်လုံးရှိသေးတယ်။ နင်ငါ့ အိမ်ကို လာအိပ်လှည့်…ဒါမှမဟုတ်ငါလာအိပ်ပေးရမလား”

“ကျေးဇူးတင်ပါတယ်ဟာ..ငါ့အမေတော့ ဒီတစ်ရက်နှစ်ရက်အတွင်းလာမယ်ပြောတယ်။ သူကကလေးမွေးဖို့ ငါ့ကိုလာခေါ်မှာတဲ့ဟ၊ တကယ်လို့လေ ငါကလေးသွားမွေးနေတုန်း ကိုဖိုးသိန်းများ ရှေ့တန်းက ပြန်လာခဲ့ရင် မြန်မြန်လိုက်လာပါလို့ ပြောပေးပါနော်..မြတင် နော်”

“အေးပါသူငယ်ချင်းရယ်။ စိတ်ချပါဟဲ့။ ကိုဖိုးသိန်းကြီး ညီးကို ဒီလောက်ချစ်တာ။ ရှေ့တန်းက ပြန်လာတာနဲ့ အထုပ်ချ၊ သတင်းပို့ပြီးတာနဲ့ ညီးစီတန်း ပြေးလာမှာ ပါ ..ဘာမှမပူနဲ့။ အခု ညီးအမေမရောက် ခင် ငါလာအိပ်ပေးပါ့မယ်ဟဲ့”

သူငယ်ချင်းကိုယ်ဝန်ဆောင်သည်ကို စိတ်ဓာတ်တင်းမာသယောင် အားပေးနေပေမယ့် တကယ်တမ်း ရင်ထဲမှာကိုယ်တိုင်ငိုချင်နေတာကလည်း ထိန်းမရတော့။ ဒီတစ်ခါတိုက် ပွဲ ဘယ်လောက်ပြင်းထန်မှန်း သိလဲ သိပါတယ်။ အကျအဆုံးတွေ များနေတာလည်း မျက်မြင်ကိုယ်တွေ့မို့ အရမ်းကြောက်မိပါတယ်။ တပ်ရင်းမှူးမမရဲ့ ကားကိုယ့်အိမ်ရှေ့ ဆိုက်မလာပါစေနဲ့၊ ဘယ်သူ့အိမ်ရှေ့ကိုမှ ရောက်မလာပါစေနဲ့လို့ ဆုတောင်းရ တာ လည်း အကြိမ်ရေ မရေတွက်နိုင်တော့တာပါ..။

လိုင်းခန်းထဲက ရှေ့တန်းထွက် ရဲဘော်တွေရဲ့ ဇနီးသည်တွေ အကြောက်ဆုံးအရာ ကတော့ တပ်ရင်းမှူးကတော်ရဲ့ ကား ကိုယ့်အိမ်ရှေ့ကိုဆိုက်လာမှာကိုပဲဖြစ်ပါတယ်။ တပ်ရင်းမှူးကတော်ကလည်း ဒီလို အကြောင်းလိုက်ကြားရတဲ့အလုပ်ကို မလုပ်ချင်ရှာ ပေမယ့်လည်း ရှေ့တန်းမှာ ဘယ်သူ က ဖြင့် တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားပြီ ဆိုတာမျိုးကို ပြောပေးဖို့ တာဝန်ရှိတာ မို့ လုပ်ပေးနေရတာလည်း ဖြစ်ပါတယ်။


မမြတင် တစ်ယောက်အတွေးတွေကိုရပ်တန့်လိုက်ပြီး ချက်ချင်းဆိုသလို ဘုရားခန်း ထဲ ဝင်လိုက်ပြီး ဘုရားရှိခိုးဆုတောင်းလိုက်ပါတယ်။ ကိုတင်ဦးလည်းကျန်းမာချမ်းသာစေ ဖို့၊ ကိုဖိုးသိန်းလဲ အန္တရာယ်ကင်းစေဖို့ ဘဝတူရဲဘော် ဗိုလ်ကြီး အိုအားလုံး အားလုံး အန္တရာယ် ကင်းစေဖို့ ဆုတောင်းလိုက်ပါတယ်။
“သမီးရေ မြတင်..မြတင်…။ သားသား ဖိုးတိုးလေးရေ”

“မေမေ..ဖွားဖွားလာတယ်..ဖွားဖွားလာတယ်..။”


သားလေးတိုးတိုးရဲ့ အော်ဟစ်ပြီး ပြေးသွားသံအဆုံးမှာ မမြတင်လည်း နောက်ကချက် ချင်း ဆိုသလို ပြေးလိုက်သွားမိပါတယ်။ ဘာပဲပြောပြော ဒီလို အချိန်မှာ အမေရောက် လာတာ အရမ်းကို ဝမ်းသာသွားပါတယ်..။
“အမေ အမေ.. လိုက်တာတယ်နော်..သမီးအမေ့ကိုလည်းလွမ်းနေတာ”
အမေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်လိုက်ရတဲ့ အရသာက ဘာနဲ့မှမလဲ နိုင်တော့တာမို့ အမေ့ရင်ခွင်ကို ပါးအပ်ပြီး ငိုချလိုက်တော့တာပါပဲ..။ အမေကတော့ ဘယ်လိုလော ကဓံလာလာ ရင်ဆိုင်နိုင်ဖို့ တရားအသိရှိဖို့လိုတယ်ဆိုပြီး တရားပြတော့တာပါပဲ။

ဒီအချိန်မှာပဲ မြမေက လာနှုတ်ဆက်ပါတယ်။ “မြတင် သူငယ်ချင်း..၊ ငါလည်းမွေးကာ နီးပြီဆိုတော့ အမေလာခေါ်ပြီ..ကိုဖိုးသိန်းပြန်လာရင် မြန်မြန်ငါ့နောက်လိုက်လာဖို့ ပြောပေးပါနော်..။”


“အေး သူငယ်ချင်း နင်မွေးရင်လည်း အကြောင်းကြားလိုက်ဦးနော်။
ဘုရားတရားသာ မမေ့နဲ့ သူငယ်ချင်းရေ”

သူငယ်ချင်းနှစ်ယောက်နှုတ်ဆက်ပြီး မြမေကို မြတင်က ကားပေါ် အထိလိုက်ပို့လိုက်ပါတယ်။ လိုက်ပို့ရင်းနဲ့ ကိုဖိုးသိန်းအကြောင်းကိုတွေးမိ ပါတယ်။ ကိုဖိုးသိန်းဆိုတာက သီချင်းတစ်ပုဒ်ကို အသံဝါဝါအောင်အောင်ကြီးနဲ့ ညီး နေတတ်တာမျိုး၊ တပ်ကိစ္စဂျူတီပြီးတာနဲ့ သူ့တစ်အိမ်လုံးကို ပြောင်လက်နေအောင် အဝတ်စတစ်ခုနဲ့ ဖုန်သုတ်နေတတ်တာမျိုး၊ ဇနီးမယားမြမေကိုလည်း ချစ်လိုက်တာ တုန်နေတာပဲ ဆိုတဲ့ လူစားမျိုးပါ။

ကိုဖိုးသိန်းသူငယ်ချင်းကိုတင်ဦးကတော့ ကွမ်းတအားကြိုက်ပြီး ဇနီးသည်ကိုကြင်နာ တတ်သူ၊ အချိန်အားပြီဆိုတာနဲ့ သားလေးနဲ့သာ အချိန်ကုန်တတ်သူ၊ ပြီးရင် အိမ်အ လုပ်ကို နည်းနည်းပါးပါးကူချင်ယောင်ဆောင်ပြီး တခြားအိမ်တွေက လိုအပ်သမျှ အကူ ညီတောင်းတာတွေကို မညီးမညူလုပ်ပေးတတ်သူဖြစ်ပါတယ်။

သူတို့ ရှေ့တန်းမထွက်ခင်တုန်းကဆိုရင် ညစာကို မိသားစုနှစ်စုပေါင်းပြီး တူတူစား တတ်တာ၊ ကိုဖိုးသိန်းရဲ့ သီချင်းညီးသံကို ပြန်ပြောရင်းရီကြတာနဲ့ မိသားစုတွေမှာ မရှိတာ အသာထားလို့ အပူဆိုတာ ဂျိုနဲ့လားလို့ မေးယူရလောက်တဲ့အထိပါပဲ။ အခုများ ကြတော့ တိတ်ဆိတ်နေတဲ့ အိမ်တွေကြောင့် ပိုပြီး အထီးကျန်ဆန်နေသလားလို့တောင် ထင်မှတ်မှားနေမိကြပါတော့တယ်။

အမေလာတော့ အခန်းထဲမှာ အမေနဲ့ တူတူအိပ်ကြပါတယ်။ ရေနံဆီမီးအိမ်လေးရဲ့ မှုန် ပြပြ အလင်းအောက်မှာ သားလေးက လည်းအိပ်ပျော်နေပြီး အမေကလည်းမှိန်းနေပါပြီ။ မြတင်တစ်ယောက်သာ မျက်လုံးတွေကြောင်လို့ ဇွတ်မှိတ်အိပ်ပျော်အောင်ကြိုးစားနေပါ တယ်။

ဒီအချိန်မှာပဲ “ဒုန်းဒုန်းဒုန်း” “ဟင်ဘာသံပါလိမ့်..ဘာသံပါလိမ့်..ဒါဒါ ငါ့ယောက်ျားရဲ့ စစ်ဖိနပ်သံပဲ”

“မြတင် မြတင်..အစ်ကိုပြန်လာပြီ..တံခါးဖွင့်ပါဦး..မြန်မြန်လာဟ ကိုယ် ဗိုက်ဆာနေပြီ မြတင်ရဲ့”

လှိုက်ကနဲ ဝမ်းသာသွားစိတ်နဲ့ အတူ သားလေးနိုးမှာ စိုးလို့ အသာထရင်း တံခါးပြေးဖွင့် ပေးလိုက်ပါတယ်။ နှင်းမှုန်ထဲမှာ ရပ်နေတာက တကယ့်ကို ကိုတင်ဦးပါပဲ။ သူမချက်ချင်း ယောက်ျားဖြစ်သူရဲ့လက်ကို ဆွဲလို့ အခန်းထဲ ခေါ်လိုက်ပါတယ်။ ကိုတင်ဦးဟာ စစ်ဖိနပ် ကိုတောင်မချွတ်ပဲ အလယ်ခန်းထိတန်းလိုက်လာပြီး ထမင်းဝိုင်းမှာ ထိုင်လိုက်ပါတယ်။

မြတင်ဟာ ဒီနေ့ကိုတင်ဦးစားမယ့် ညစာကိုဖွယ်ဖွယ်ရာရာဖြစ်နိုင်သမျှ ဖြစ်အောင်အမြန် ပြင်ဆင်လိုက်ပါတယ်။ “အစ်ကို ထမင်းကို ၀၀ စားပါနော်..ပြီးတော့ ခြေထောက်ကဒဏ် ရာကြီးက သက်သာရဲ့လား”

“အစ်ကိုဘာမှမဖြစ်ဘူး။ နာလည်းမနာဘူး။ မြတင်နဲ့သားလေးကို လွမ်းလွန်းလို့ လူနာပို့ ရင်းလိုက်လာခဲ့တာ။ ပြီးရင်ပြန်ရမှာ။ သားလေးကိုခေါ်ပါဦး” ထမင်းနဲ့ ဟင်းတွေကို လက် ကိုတောင်ကောင်းကောင်းမဆေးနိုင်ပဲ ပလုတ်ပလောင်းစားနေတဲ့ကိုတင်ဦးကို ကြည့်ရင်း မြတင် မျက်ရည်တွေ ဝဲလာပါတယ်။

“အစ်ကိုလေ ဖိုးသိန်းကို နောက်တန်းကိုပြန်ပို့ပေးတာ..သူခေါင်းကိုလက်နက်ကြီး ထိသွားတာ ပတ်တီးတွေမျက်နှာတစ်ခုလုံးအပြည့်ပဲ..။ ကို သူ့အပေါ်တာဝန်ကျေချင် လို့ ထမ်းပြီး လာပို့တာ”

သားလေးကို အမေ့ဘေးနားကနေ အသာချီပြီး ယောက်ျားဖြစ်သူနားကို ပွေ့သွားလိုက် ပါတယ်။ ထမင်းစားရင်းနဲ့ ကိုတင်ဦးဟာ သူ့သားလေးကိုကုန်းနမ်းလိုက်ပါတယ်။ ပြီးတော့ မြတင်ကိုလည်း တစ်ချက်နမ်းလိုက်ပါတယ်။ ပြီးတော့ သူချက်ချင်းဆိုသလို နှုတ် ဆက်ထွက်ခွာသွားပါတော့တယ်။

လှေကားကဆင်းသွားတဲ့ယောက်ျားဖြစ်သူကိုကြည့်ရင်း မြတင် ရှိုက်ကြီးတငင်ငိုလိုက် ပါတော့တယ်။ “သမီးဘာဖြစ်တာလဲ ဘာဖြစ်တာလဲ.. ဘာဖြစ်လို့ ငိုနေတာလဲ.. ကလေး ကိုလည်း ဘာဖြစ်လို့ ချီထားတာလဲ”

“အမေ ကိုတင်ဦး ဆုံးပြီထင်တယ်အမေ..။ ခုဏကပဲလာသွားတယ်။ ထမင်းစားပြီး ကလေး နဲ့ မြတင်ကိုနှုတ်ဆက်သွားတယ်”

“ဟုတ်ရဲ့လားအေ..အိပ်မက်တွေဘာတွေများမက်တာလား သမီးရယ်”

“ဟုတ်ပါတယ်အမေ..သမီးစစ်သားမယားပါ။ နောက်တန်းကိုပြန်လာရင် ကားကြီးတွေနဲ့ ပြန်လာရတာအမေ။ အခုလို တစ်ယောက်ထဲ ပြန်လာလို့ မရဘူး။ ပြီးတော့သူ့ခြေ ထောက် တစ်ဖက်ကပြတ်ခါနီး တွဲလွဲကြီး။ သမီးတံခါးဖွင့်လိုက်ကတည်းက သူဟာ ဝိဉာဉ်ဆိုတာ သိနေတယ် အမေရဲ့။ ဒါကြောင့်သူ့ရဲ့နောက်ဆုံးညစာကို အမူအရာ မပျက် အကောင်းဆုံးပြင်ဆင်ကျွေးလိုက်နိုင်တာ”

သားအမိနှစ်ယောက်ဖက်ငိုနေကြတုန်းမှာပဲ.. “မေရေ…မေရေ ကျော်တော့လှေသူကြီး ပါကွယ် ညားတော့လည်း လှေထိုးသားနဲ့ရယ်”

“အမေကြားလား..ဟိုဖက်မြမေတို့ အခန်းက ကိုဖိုးသိန်းသီချင်းဆိုသံ”

“အမလေး ဟုတ်ပါရဲ့။ ဘုရားဘုရား..သမီးတံခါးတွေပိတ်စမ်း..မြန်မြန်လုပ်”

သားအမိနှစ်ယောက်လုံးတံခါးတွေ မြန်မြန်ထပိတ်နေတုန်း အိမ်တံခါးကို တဝုန်းဝုန်း ထု သံကြားရပြီး “မြမေတို့ ဘယ်သွားလဲ ဟ။ တစ်ယောက်မှလဲ မရှိဘူး။ မြတင် မြမေဘယ် သွားလဲ”

“ကိုဖိုး သသသသိနျးလား”

“အေး ဟုတ်တယ်လေ”


“မြမေ.. ကလေးမွေးကာနီးလို့ သူ့အမေလာခေါ်သွားတယ် အစ်ကို”
မြမေအရမ်းကြောက်နေပေမယ့် ချက်ချင်းဆိုသလို အသံထိန်းပြီးပြောလိုက်ပါတယ်။

“ဘာ..ငါပြန်လာမှာကိုသိရဲ့သားနဲ့ သူ့အမေကြီးကလဲဟာ..အဲဒါခက်တာ။ ငါက အခု ဗိုက်ဆာနေပြီ..နင်တို့အိမ်မှာ တစ်ခုခုကျန်သေးလား ငါလာစားမယ် နောက်ဖေးပေါက် ကလာခဲ့မယ်။ အခု ငါ့ကိုယ်က ညစ်ပတ်နေလို့”

အမေရော မြတင်ရော အရမ်းလန့်သွားပါတယ်။ ကိုဖိုးသိန်းက နဂိုကတည်းက အစ နောက် သန်ပြီး တဇွတ်ထိုးလုပ်တတ်တာပါ။ အခု နောက်ဖေးပေါက်ကဝင်လာမယ် ဆိုတော့ အရမ်းလန့်ပြီး ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ဒါနဲ့ ချက်ချင်းပဲနောက်ဖေး ပေါက်ကို တံခါးသွားပိတ်လိုက်ပါတယ်။

“မြတင် မြတင် တံခါးဖွင့်လေဟဲ့။ ဗိုက်ဆာပါတယ်ဆို နင်မကျွေးချင်ဘူးလားငါ့ကို။ မိတ်တွေဖြစ်ပြီး ထမင်းလေးတစ်လုတ်တောင် ဖြစ်နေတာလား ဟုတ်လား. ဂျိုင်းဂျိုင်း ဂျိုင်း” ဆိုပြီး တံခါးတွေကို ဆွဲလှုပ်ပါတော့တော့တယ်။

ဘယ်အချိန်ရှိနေပြီမှန်းမသိ..ဘာလုပ်ရမှန်းမသိ..ဘုရားစာတွေဆိုနေပေမယ့် ကိုဖိုးသိန်း တစ်ယောက်သူသေတာကို လုံးဝမသိပဲ လူသားစစ်စစ်လိုကြီး လာပြောနေ တော့ မြတင်တို့မှာ ကိုတင်ဦးကိုမေ့လို့ သူ့ကိုပဲ အရမ်းကြောက်နေမိပါတယ်။

“သမီး အမလေး သမီး ကြည့်ပါဦး ဘာကြီးလဲ ဘာကြီးလဲ”

အမေအလန့်တကြားအော်ပြီးပြလိုက်တဲ့နေရာက နောက်ဖေးမီးဖိုချောင်ကြမ်းပြင် ကိုပါ။ အဲဒီကြမ်းပြင်မှာ လူခေါင်း ဝင်စာလောက်အပေါက်လေး တစ်ခုရှိပြီး အဲဒီကနေအမှိုက် တွေကို လှည်းချပြီး အောက်မှာ ခြင်းတောင်းခံထားတာပါ။ အဲဒီအပေါက်ကိုမ ပိတ်မိ ဘူးဖြစ်တာပါ။ အဲဒီနေရာကနေ ပတ်တီးတွေ စည်းထားပြီး မျက်လုံးပဲမြင်ရတဲ့ မာမီလို ခေါင်းကြီးတိုးထွက်လာတာပါ။

“အမလေး ကယ်ကြပါဦး ကယ်ကြပါဦး” ခေါင်းကြီးကလည်း တဖြေးဖြေးတိုးထွက်လာ နေတဲ့ အချိန်မှာ အမေကပဲ ချက်ချင်ပြေးပြီး အဲဒီခေါင်းကြီးကို လက်နဲ့ အောက်ကို ဖိချ ပါတယ်။ အရမ်းကြောက်ပေမယ့် သားသမီးဇောနဲ့ အမေက အဲဒီခေါင်းကိုဖိချပြီး အပေါက်ကို အမြန်ပိတ်ပြီး အပေါ်က ကျောက် ငရုတ်ဆုံနဲ့ ဖိချလိုက်ပါတယ်။

သားအမိတွေ ကလေးပါချီပြီး ဘုရားခန်းထဲ အမြန်ပြေးဝင်လို့ ဆီမီးထွန်းပြီး ဘုရားကို ပူဇော်ပါတော့တယ်။ မြတင်နဲ့ အမေ ပရိတ်တွေပါရွတ်လို့ နေလိုက်ကြတာ မနက်ခြောက်နာရီလောက်ရောက်တော့မှပဲ နားလိုက်ပါတယ်။

ကိုဖိုးသိန်းတို့ အခန်းဖက်မှာတော့ သီချင်းဆိုသံကြားလိုက် တောက်ခေါက် သံကြားလိုက်၊ တံမြက်စည်းလှဲသံကြားလိုက်၊ ရေချိုးသံကြားလိုက်နဲ့ ဖြစ်နေတုန်းပါ။ ဒီ အချိန်မှာပဲ မကြားချင်ဆုံး ကားဟွန်းသံကိုကြားလိုက်ပါတယ်။ တပ်ရင်းမှူးကတော်ရဲ့ ကားက မြတင်တို့ အိမ်ကို တန်းတန်းမတ်မတ်လာခဲ့ပါတယ်။

“ညီမလေး စိတ်မကောင်းပါဘူး”

“ညီမသိပြီးပါပြီ အစ်မရယ်..ရပါတယ်..ပြောပါ”

“ကိုဖိုးသိန်းကတော့ မျက်နှာကို လက်နက်ကြီးကျည်ထိပြီး နောက်တန်းကို ပြန်အရွှေ့ လမ်းမှာပဲ ဆုံးရှာတယ်။ ကိုတင်ဦးကတော့ခြေထောက်တစ်ဖက် မိုင်းထိထားလို့ အခု နောက်တန်းက ဆေးရုံမှာရောက်နေပြီ။ သတိတော့မရသေးပေမယ့် အသက်အန္တရာယ် က လွတ်ပြီလို့ လာပြောတာပါ”

“ရှင်မမ တကယ်လား။ ကိုတင်ဦးမသေဘူးပေါ့။ ဟုတ်လား။ အမလေး ကျွန်မသွားကြည့် ပါရစေ၊ သွားကြည့်ပါရစေရှင့်”

“သွားပါသွားပါ။ ဒီက မမကားနဲ့ပဲသွားပါ။ ကိုဖိုးသိန်းဇနီးကိုတော့ ဒီနေ့ပဲ အကြောင်းကြား ပြီး မမတို့ သူ့လိုင်းခန်းကို ဖွင့်ပြီး အလှူလုပ်ပေးရမယ်လေ။ ညီမတို့ အိမ်နီးနားချင်းတွေ ကူပါဦးနော်”

ဒီအချိန်မှာပဲ ဘေးအခန်းက “ဘာငါသေပြီလား။ ငါဘယ်တုန်းကသေသွားတာလဲ.. အီးဟီးဟီး” ဆိုတဲ့ အော်ငိုသံကြီးကိုကြားလိုက်ရပါတော့တယ်။



“အစ်မကြားတဲ့ အတိုင်းပါပဲ။ နာရေးကိုလည်း အတတ်နိုင်ဆုံး ကူပေးပါမယ် အစ်မ။ ကိုဖိုးသိန်းက တစ်ညလုံးခြောက်နေပါတယ်” ဆိုပြီး ညကဖြစ်ခဲ့ တဲ့ အကြောင်းတွေကို လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါတယ်။ နောက်နေ့မှာတော့ မြမေတစ်ယောက် ရောက် လာတဲ့အတွက် အားလုံးဝိုင်းဝန်းပြီး နှစ်သိမ့်ကြရပါတယ်။

ကိုဖိုးသိန်းတို့ အခန်းတံခါး ကိုဖွင့်လိုက်တဲ့ အချိန်မှာ တစ်အိမ်လုံးဟာ ဖုန်တစ်စက်မှမရှိပဲ သန့်ရှင်းပြောင် လက်နေပြီး စားပွဲတွေ၊ ကုလားထိုင်တွေကိုတောင် အလှူလုပ်လို့ရအောင် ရွှေ့ထား၊ ရှင်းလင်းပေးထားတာ ကို တွေ့လိုက်ရပါတော့တယ်။

https://www.facebook.com/Scary-Myanmar-Chilli-336517150312232/ အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#မြ
#အမေ
#တင်
#ဖိုး
#သိန်း

Some text some message..