ပါဒါဘွန်းနောက်ခံလူ ကီလီယန် COVID - 19 ကူးစက်ခံရပြန်
ဘွန်ဒက်စ်လီဂါကလပ် ပါဒါဘွန်းမှ အသက် ၂၁ နှစ် အရွယ် ဂျာမနီနောက်ခံလူ ကီလီယန်သည် အဖျားဝေဒနာ ခံစားရပြီးနောက် ဆေးစစ်ချက်အရ COVID-19ကူးစက်ခံထားရကြောင်း ပါဒါဘွန်းအသင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
COVID-19 မှာ ဘောလုံးနယ်ပယ်အထိတိုင် ကူးစက်မှုများဖြစ်ပေါ်နေရာ အာဆင်နယ်နည်းပြ အာတီတာ အပါအဝင် ချယ်လ်ဆီးတိုက်စစ်မှူး အိုဒွိုင်းနှင့် ဆမ်ဒိုးရီးယားမှ ကစားသမားငါးဦး COVID-19 ကူးစက်ခံထားရသည်။
ကီလီယန်သည် COVID-19 ကူးစက်ခံရသော ပထမဆုံး ဘွန်ဒက်စ်လီဂါကစားသမားဖြစ်လာခဲ့သည်။ ဂျာမနီယူ–၂၁ နောက်ခံလူလည်းဖြစ်သူ ကီလီယန်သည် ယခုနှစ်ရာသီတွင် ပါဒါဘွန်းနှင့် ဘွန်ဒက်စ်လီဂါ ၁၃ ပွဲကစားထားသူဖြစ်သည်။ ကီလီယန်သည် ပြီးခဲ့သည့်သီတင်းပတ်အတောအတွင်း ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သည်။ ကီလီယန်၌ COVID-19 ကူးစက်ခံရပြီးနောက် အခြားသောပါဒါဘွန်း ကစားသမားများကိုလည်း အခြေအနေစောင့်ကြည့်နေ ရကြောင်း သိရသည်။
COVID-19 ကြောင့် ပရိသတ်အားပေးမှုများသော ပရီးမီးယားလိဂ်ပြိုင်ပွဲအပြင် အခြားသောဥရောပထိပ် တန်းလိဂ်ပွဲများရွှေ့ဆိုင်းခဲ့ရာ ဘွန်ဒက်စ်လီဂါက ပွဲများကိုတံခါးပိတ်ကျင်းပရန်စီစဉ်ခဲ့သော်လည်း အခြေအနေအရ ပြိုင်ပွဲအား ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ရသည်။
ဘွန်ဒက်စ်လီဂါပြိုင်ပွဲများ တံခါးပိတ်ကျင်းပမည့်အစီအစဉ်ကို ဘိုင်ယန်မြူးနစ် ကစားသမား အယ်ကန်တာရာက အပြင်းအထန်ဝေဖန်ခဲ့သည်။ ဘွန်ဒက်စ်လီဂါ၏ဆုံးဖြတ်ချက်မှာ အင်မတန်ရူးနှမ်းကြောင်း အယ်ကန်တာရာက ဝေဖန်ခဲ့ခြင်းဖြစ်သည်။
COVID-19 ကြောင့် ဘွန်ဒက်စ်လီဂါ ပထမတန်း နှင့် ဒုတိယတန်းဘောလုံးပြိုင်ပွဲများကို လာမည့်ဧပြီလ ၂ ရက်အထိတိုင်အောင် ရွှေ့ဆိုင်းလိုက်ကြောင်း ဂျာမန်လိဂ်က ထုတ်ပြန်ခဲ့သည်။
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ ငါးခုစလုံး ရပ်နားထားရခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဧပြီ ၃ ရက်အထိ ရွှေ့ဆိုင်းထားသည်။