ယောမြေအက်ဖ်စီ ကစားသမား ဆိုင်ကယ်မတော်တဆမှုကြောင့် ကွယ်လွန်
နေရှင်နယ်လိဂ်-၂ကလပ် ယောမြေအက်ဖ်စီ၏ စီနီယာအသင်း ကစားသမား မောင်ရီဝေယံစိုးသည် ဧပြီ ၇ရက် ညနေတွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယောမြေအက်ဖ်စီ ကစားသမား မောင်ရီဝေယံစိုးသည် ကွယ်လွန်ချိန်တွင် အသက်၂၀သာရှိသေးပြီး အသင်း၌ ကျောနံပါတ် ၁၅ ဝတ်ဆင်ကစားခဲ့သူဖြစ်သည်။ ၎င်းသည် COVID-19ကြောင့် နေရှင်နယ်လိဂ်ပြိုင်ပွဲ ရပ်နားထားစဉ်ကာလအတွင်း နေထိုင်ရာမွေးရပ်မြေတောင်တွင်းကြီး၌ ယခုကဲ့သို့မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"သူကတောင်တွင်းကြီးမှာ ကိုယ်ပိုင်လေ့ကျင့်ရေးလုပ်ပြီးအပြန် သူစီးတဲ့ဆိုင်ကယ်ကို တစ်ဖက်ကဆိုင်ကယ်က ဝင်တိုက်လို့ ခုလိုအဖြစ်ဆိုးကြုံခဲ့ရတာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင်မိသားစုကို အသင်းဘက်ကထောက်ပံ့မှုတွေပေးနိုင်ဖို့ ဆက်သွယ်မှုတွေလုပ်နေပါတယ်"ဟု အသင်းမီဒီယာတာဝန်ခံ ဦးမြင့်ဇော်က ပြောခဲ့သည်။
မောင်ရီဝေယံစိုးသည် တောင်တွင်းကြီးမြို့နယ်လက်ရွေးစင်အသင်းမှ တစ်ဆင့် ယောမြေအက်ဖ်စီအသင်းသို့ ရောက်ရှိလာသူဖြစ်သည်။