နယူးကာဆယ်အသင်းဟာ ဘာစီလိုနာ အပယ်ခံ ဖီလစ်ပီကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လီဗာပူးကွင်းလယ် ကစားသမားဟောင်းဟာ လက်ရှိ ဘွန်ဒက်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်မှာ အငှားကစားလျက်ရှိပေမဲ့ ရာသီကုန်မှာ အပြီးပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ဘာကာကလည်း ၂၀၁၈ ဇန်နဝါရီတုန်းက လီဗာပူးအသင်းကနေ ခေါ်ယူစဉ်ကတည်းက ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ ကော်တင်ဟိုကို အသင်းမှာ အလိုမရှိတော့တဲ့ ပုံပါပဲ။တော့တင်ဟမ်ကလည်း ဘရာဇီးသားကို စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ နွေရာသီ မတိုင်မီကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ဘိုင်ယန်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ကားလို့ အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းကလည်း ကော်တင်ဟိုကို စိတ်ဝင်စားနေပြီး အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေကလည်း အငှားခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ ၂၇ နှစ်အရွယ် ကစားသမားရဲ့ ရည်ရွယ်ချက်ကတော့ နယူးကာဆယ်သာ ဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာနိုင်ဖို့ကလည်း ပေါင်သန်း ၃၀၀ တန် ဆော်ဒီပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားမှ ဖြစ်ပေါ်လာနိုင်ပါတယ်။ဆော်ဒီအာရေဗျရဲ့ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ပရီးမီးယားလိဂ် အသင်း တစ်သင်းသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး သင့်တော်မယ့် အသင်း တသင်းသင်းကို ရှာဖွေနေပါတယ်။ ဒါပေမဲ့ မူပိုင်ခွင့်နဲ့ချိုးဖောက်မှုစည်းမျဉ်းနဲ့ အခြားစည်းမျဉ်းတွေ အပါအဝင် လူ့အခွင့်အရေး ကိစ္စတွေကိုပါ ပရီးမီးယားလိဂ်က တင်းတင်းကျပ်ကျပ် ဆီစစ်လေ့ရှိတာကြောင့် ပိုင်ရှင်အပြောင်း ဖြစ်ဖို့ နည်းနည်းခက်ပါတယ်။ဒါပေမဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးရင်တော့ လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ လက်ရှိ အသင်းပိုင်ရှင် မိုက်အက်ရှလေက ယုံကြည်ထားပါတယ်။ သတင်းတွေကတော့ ဘင်ဆယ်လ်မန်ကိုယ်တိုင်က ကော်တင်ဟိုကို ခေါ်ယူဖို့ အကြံပြုထားတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ တခြားအပြောင်းအရွှေ့ တစ်ခုမှ ဖြစ်မလာခဲ့ရင်တော့ ဘာစီလိုနာရဲ့ အရန်ခုံပေါ်မှာ ပေါင်သန်းရာချီတန်တဲ့ ကစားသမား တစ်ယောက်ကို မြင်တွေ့ရဦးမှာပါ။