လက်စတာကွင်းလယ်လူ တိုင်လီမန်းကတော့ စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်ပြီး သူ့ဆီကနေ သင်ယူနေတယ်လို့ ပြောကြားလိုက်ပါတယ်။အသက် ၂၃ နှစ်သားဟာ ၂၀၁၉ ခုနှစ်က မိုနာကိုအသင်းကနေ လက်စတာအသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ကာ နည်းပြ ရော်ဂျာလက်အောက်မှာ ခြေစွမ်းပြကစားနေတာဖြစ်ပါတယ်။ဒါ့အပြင် ဒီရာသီအသင်းအတွက် ၂၉ ပွဲ အထိ ပါဝင်ကစားထားခဲ့ကာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး လာမယ့်ရာသီ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ နီးစပ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။လက်ရွေးစင်အဆင့်မှာတော့ တိုင်လီမန်းဟာ စီးတီးစတား ဒီဘရိုင်းနဲ့အတူတွဲဖက်ကစားရတာကြောင့် သူ့ရဲ့ကစားဟန်ကို အတုယူခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။“ကျွန်တော်ပွဲအတွင်းမှာ ကွင်းလယ်ကစားသမားကောင်းတွေအများကြီးနဲ့ တွဲကစားဖူးပါတယ်။ အဲ့တွဲကစားရတဲ့ ကစားသမားတွေဆီကနေလည်း အများကြီးသင်ယူပါတယ်။ အဲ့လိုသင်ယူတာက ကျွန်တော့်ကို အများကြီးတိုးတက်လာစေပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဘရိုင်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးပါ။ သူ့ဆီကနေ အများကြီးသင်ယူခဲ့ရပါတယ်”လို့ တိုင်လီမန်းက ပြောကြားခဲ့ပါတယ်။“နည်းပြက ကျွန်တော့်ကိုကစားသမားကောင်းတစ်ယောက်ဖြစ်လာအောင် အများကြီး ကူညီပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်လည်း နည်းပြတစ်ဦးလိုအမြဲတမ်းတွေးဖြစ်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ နည်းပြတွေရဲ့နည်းစနစ်အကြောင်းကိုလည်း တွေးဖြစ်ပါတယ်။ ကစားသမားတစ်ယောက်အတွက် နည်းပြရဲ့နည်းစနစ်အတိုင်းလိုက်လုပ်ဖို့ဆိုတာ မခက်ပေမယ့် တွေးဖို့တော့ ခက်ပါတယ်။ တကယ်လို့ အတွေးတွေတူမယ်ဆိုရင် ကွင်းထဲမှာ ပိုကောင်းလာမယ်ထင်ပါတယ်”လို့ တိုင်လီမန်းက ပြောကြားခဲ့ပါတယ်။လက်စတာအသင်းဟာ စနေနေ့မှာ ဝက်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ လက်ကျန်ရာသီ ၉ ပွဲ ကစားဖို့ ကျန်ရှိနေချိန် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။