မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီတစ်ယောက် ဂရိမှာ အဖမ်းခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ယူနိုက်တက်ရဲ့ ထရိန်နင်ကို ရောက်ရှိလာခဲ့ပြီး ရာသီသစ်အတွက် မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်ဖို့ အဆင်သင့်ပြင်ဆင်နေခဲ့ပါတယ်။ ၂၇ နှစ်အရွယ် ခံစစ်မှူးဟာ ကာရင်တန်ကို သူ့ရဲ့ BMW အဖြူရောင်ကားနဲ့ ရောက်ရှိလာခဲ့ပြီး နည်းပြအိုလေဂန်နာဆိုးလ်ရှားရဲ့ ဦးဆောင်မှုနဲ့အတူ ရာသီအဖွင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မီကာနို့စ်မှာ မိသားစုအပန်းဖြေခရီးထွက်ရင် ပြဿနာတက်ခဲ့တာကြောင့် ဂရိရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေကတော့ မက်ဂွာရီဟာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လာဘ်ထိုးရန်ကြိုးစားမှုနဲ့ အသာတကြည် အဖမ်းမခံမှုတွေကြောင့် ပြစ်မှုထင်ရှားကြောင်း ထုတ်ပြန်ခဲ့ပြီး မက်ဂွာရီက အယူခံဝင်ခဲ့ပါတယ်။ ဒီပြဿနာကြောင့်ပဲ နေးရှင်းလိဂ်ယှဉ်ပြိုင်ရမယ့် အင်္ဂလန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်၊ ဒါပေမယ့် နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ နောက်လထဲမှာ ကစားမယ့် ဝေးလ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေအတွက်တော့ မက်ဂွာရီကို ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မက်ဂွာရီဟာ နည်းပြဆိုးလ်ရှားနဲ့လည်း ပုံမှန်ဆက်သွယ်နေပြီး ယူနိုက်တက်က သူ့ကိုထောက်ပံ့ပေးခဲ့တဲ့ အတွက်လည်း အရမ်းဝမ်းသာကြောင်း ပြောပြခဲ့ပါတယ်။ မက်ဂွာရီက မကြာခင်ထရိန်နင်ပြန်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက သူ့ကို အချိန်ယူပြီးနားဖို့ပြောခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ပေါင်သန်း ၈၀ တန် ကစားသမားဟာ ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ ကစားသမားဘ၀ ပျက်စီးမှာကိုလည်း တွေးကြောက်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ မက်ဂွာရီဟာ အိမ်မှာသာ လေ့ကျင့်ခန်းဆင်နေပြီး အကောင်းဆုံး အခြေအနေမှာရှိနေကြောင်း သူ့ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အမြဲတမ်းဂရုစိုက်ပေးနေတဲ့ ကြံ့ခိုင်ရေးနည်းပြတွေက ပြောခဲ့ပါတယ်။ လက်စတာခံစစ်မှူးဟောင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ Soccer Aid ရန်ပုံငွေပွဲမှာ ယူနိုက်တက်ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ ဘရိုင်ယန်ရော့ဘ်ဆင်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။