လက်ရှိခြေစွမ်းကို ထိန်းထားနိုင်ပါက ရည်မှန်းချက် ရောက်မည်ဟု ဧရာဝတီ အသင်းနည်းပြချုပ်ဆို
မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲကို ဦးဆောင်နေသည့် ဟံသာဝတီ ယူနိုက် တက်အသင်းအား ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်ခွင့်ရရှိပြီးနောက် ဧရာဝတီ ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက လက်ရှိ ခြေစွမ်းပိုင်းကို ဆက်လက်ထိန်းထားနိုင်ပါက ရည်မှန်း ချက်ကိုရောက်မည်ဟု ပြောသည်။
ဧရာဝတီအသင်းသည် Week 15 တွင် ISPE အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိကာ ဟံသာဝတီအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားကို ဒုတိယအကျော့၌ ပထမဆုံး ဦးဆောင်ခွင့်ရခဲ့သည်။
''ကျွန်တော့်ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကို ကျေနပ်မှုရှိပါတယ်။ လက်ရှိမှာ အသင်းက ချန်ပီယံပြေးလမ်း ပေါ်မှာရှိနေလို့ ဒီလိုပုံစံအတိုင်း ခြေစွမ်း ပိုင်းကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ရည်မှန်းချက်ကို ရောက်မှာပါ။ လာမယ့် ပွဲမှာရင်ဆိုင်ရမယ့် စစ်ကိုင်းအသင်းကို လေးလေးစားစားနဲ့ ကစားသွားမှာဖြစ်သလို အကောင်းဆုံးလည်း ပြင်ဆင်ထား ပါတယ်။ အနိုင်ရဖို့ပဲကြိုးစားသွားမှာပါ''ဟု ၎င်းကဆိုသည်။