ချဲလ်ဆီး အသင်းကတော့ လမ်းပတ် နဲ့ ကန်တီကြားမှာ ပြဿနာရှိနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ပြောကြားလိုက်ပါတယ်။ တနလာၤနေ့က ပြင်သစ်သတင်းစာတစ်စောင်ဟာ ကန်တီ နဲ့ လမ်းပတ်တို့ကြားမှာ ပြဿနာရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် ကန်တီရဲ့အေးဂျင့်ကလည်း သူတို့ကစားသမားကို လာမယ့်ဇန်နဝါရီမှာ အင်တာကိုပြောင်းဖို့ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ သတင်းတွေအရ ကန်တီဟာ လမ်းပတ်တစ်ယောက် သူ့ရဲ့သူငယ်ချင်း မင်္ဂလာပွဲသွားမှာကို ပိတ်ပင်ခဲ့တာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ချဲလ်ဆီးဘက်ကတော့ လမ်းပတ်နဲ့ကန်တီကြားမှာ ဘာပြဿနာမှ မရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ပြင်သစ်သားကို ကွန်တီကအလိုရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးမှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ကန်တီဟာ ချဲလ်ဆီးအတွက် ဒီရာသီ ၄ ပွဲစလုံးပါဝင်ကစားထားခဲ့ပါတယ်။အသက် ၂၉ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် ပွဲ ၂၀ သာ ကစားခွင့်ရရှိထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကန်တီတစ်ယောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်ကာ လမ်းပတ်ကလည်း ကန်တီဟာ ချဲလ်ဆီးကွင်းလယ်အတွက် အဓိကကစားသမားဖြစ်လာမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။“ကန်တီကို ကမ္ဘာပေါ်မှာ အကောင်းဆုံးကွင်းလယ်လူတစ်ဦးပါ။ ဒါကြောင့် ကန်တီကို အသင်းတိုင်းက အလိုရှိနေတာပါ။ ပြီးခဲ့တဲ့နှစ်က ကန်တီအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် သူပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ အခုရာသီသစ်မှာတော့ သူကအသင်းရဲ့အဓိကကွင်းလယ်လူဖြစ်လာနိုင်ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။