ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးနှင့် ဂိုးဖန်တီးမှုအများဆုံးအဖြစ် ဆွန်ဟောင်မင် နှင့်ဟယ်ရီကိန်းတို့ဦးဆောင်
စပါးအသင်း၏ အဓိကတိုက်စစ်မှူးများ ဖြစ်သော ဆွန်ဟောင်မင်နှင့်ဟယ်ရီကိန်းတို့သည် ယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်(၆)အပြီး ဂိုးသွင်းအများဆုံးနှင့်ဂိုးဖန်တီးမှုအများဆုံး ကစားသမားများအဖြစ်ဦးဆောင်နေကြောင်း ESPNက ဖော်ပြခဲ့သည်။
စပါးသည် အောက်တိုဘာ ၂၆ ရက်ကဘန်လေကွင်းသို့ သွားရောက်ကစားခဲ့ရာ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်အနိုင်ရခဲ့သည်။
နှစ်သင်းစလုံး၌ အဓိက ကစားသမားများပါဝင်လာပြီး ဘန်လေမှာ အိမ်ကွင်း၌ အားကြိုးမာန်တက် ကစားခဲ့သော်လည်း ဒုတိယပိုင်း ၇၆ မိနစ်တွင် ဆွန်ဟောင်မင်၏ဂိုးကို ခွင့်ပြုခဲ့ရသည်။
စပါးအသင်းသည် ထောင့်ကန်ဘောရခဲ့ရာ လာမယ်လာတင်ပေးလိုက်သည်ကို အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းက ခေါင်းတိုက်ချပေးမှုမှ တစ်ဆင့် လူကပ်ထားခြင်းမခံရသော ဆွန်ဟောင်မင်က ခေါင်းတိုက်၍ပင် အနိုင်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။
အသက်( ၂၈)နှစ်အရွယ် ဆွန်ဟောင်မင်သည် ဂိုးသွင်းနိုင်ခဲ့သောကြောင့် ခြောက်ပွဲသာကစားပြီးချိန် ရှစ်ဂိုးဖြင့် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး စာရင်း၌ အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗတ်လီဝင်၏အထက် ထိပ်ဆုံးမှဦးဆောင်လျက် ရှိသည်။
ဆွန်ဟောင်မင်သည် ယမန်နှစ်ဘောလုံးရာသီက ပရီးမီးယားလိဂ်ပွဲ ၃၀ ကစားခဲ့ရာ ၁၁ ဂိုးသွင်း ယူခဲ့ပြီး ယခုနှစ်တွင် ခြောက်ပွဲသာကစားရသေးချိန် ရှစ်ဂိုး ထိသွင်းယူကာ ဂိုးသွင်းအားကောင်းနေခြင်း ဖြစ်သည်။
၎င်းသည် ပရီးမီးယားလိဂ် ၁၆၆ ပွဲကစားထားပြီး ၆၁ ဂိုးထိ သွင်းယူထားကြောင်း သိရသည်။
ဟယ်ရီကိန်းမှာမူ ယခုနှစ်ဘောလုံးရာသီတွင် ဂိုးဖန်တီး မှုရှစ်ကြိမ်ပြုလုပ်ကာ ဂိုးဖန်တီးမှုအများဆုံးကစားသမား အဖြစ်ရပ်တည်နေသည်။
၎င်းသည် ကနဦးပရီးမီးယားလိဂ် ခြောက်ပွဲတွင် စပါးအသင်း၏သွင်းဂိုး ၁၃ ဂိုးနှင့် ပါဝင်ပတ်သတ်ကာ ငါးဂိုးသွင်းယူ၍ ဖန်တီးမှုရှစ်ကြိမ် ပြုလုပ်ထားခြင်းဖြစ်သည်။ ဟယ်ရီကိန်းပြီးနောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားမှာ အက်စတွန်ဗီလာကစားသမား မက်ဂင်းဖြစ်ပြီး ဖန်တီးမှုလေးကြိမ်ပြုလုပ်ထားသည်။
ဘန်လေကွင်း၌ အနိုင်ရခဲ့ခြင်းမှာ နှစ်လိုဖွယ်ကောင်းသည့် ရလဒ်ဖြစ်ကြောင်း စပါးနည်းပြမော်ရင်ဟိုက ပြောသည်။
စပါးသည် ပွဲစဉ်( ၆) အပြီး သွင်းဂိုး ၁၆ ဂိုးဖြင့် တိုက်စစ်အကောင်းဆုံးအသင်းဖြစ်နေကာ အမှတ်ပေးဇယား အဆင့် ( ၅ )တွင်ရပ်တည်နေသည်။
ပြည့်ဖြိုး
ဘာသာပြန်သည်။