ပရီးမီးယားလိဂ်၌ အရှုံးမှ အမှတ်အများဆုံးယူနိုင်သော အသင်းအဖြစ် ၃၈၅ မှတ်ရသည့်မန်ယူ စံချိန်သစ်တင်
မန်ယူသည် ဒီဇင်ဘာ ၅ ရက်က ပရီးမီးယားလိဂ်ပွဲစဉ် ( ၁၁ ) အဖြစ် ဝက်စ်ဟမ်းကွင်းတွင် ကစားခဲ့ရာ သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ထူးကဲစံချိန်သစ်တင်နိုင်ခဲ့ကြောင်း Optajoe က ဖော်ပြခဲ့သည်။
မန်ယူနည်းပြ ဆိုးလ်ရှားသည် ပွဲထွက်လူစာရင်းတွင် ကာဗာနီ မာရှယ် ပေါ့ဘာ ဗန်ဒီဘိခ် ဂရင်းဝုဒ်နှင့် မတ်တွန်မီနေးတို့ကို ထည့်သွင်းခဲ့ပြီး ဝက်စ်ဟမ်းအား ရင်ဆိုင်ခဲ့ရာ ၃၈ မိနစ်၌ ဦးဆောင်ဂိုးပေးခဲ့ရသည်။ သို့သော် မန်ယူသည် ဒုတိယပိုင်းမိနစ် ၆၀ ကျော်တွင် ပေါ့ဘာနှင့်ဂရင်းဝုဒ်တို့၏ ဂိုးများကြောင့် ပြန်လည် ဦးဆောင်ကာ ရက်ဖို့ဒ်က ၇၈ မိနစ်၌ တတိယဂိုးသွင်း ခဲ့သောကြောင့် သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရကာ အရှုံးရလဒ်မှ ပြန်လာနိုင်ခဲ့ခြင်းဖြစ်သည်။ မန်ယူသည် တစ်ပွဲလုံးတွင် ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းရခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၅ ကြိမ်တွင် ခြောက်ကြိမ် ဂိုးပေါက်တည့်ခဲ့သည်။
မန်ယူသည် ယခုအခါပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အရှုံးရလဒ်မှ အမှတ်အများဆုံး ယူထားနိုင်သော စပါးအသင်း၏စံချိန်ကို နှစ်မှတ်အသာဖြင့် စံချိန်သစ်တင်နိုင် ခဲ့ပြီဖြစ်သည်။
မန်ယူသည် ပရီးမီးယားလိဂ်၌ အရှုံးမှ အမှတ်ပြန်ယူနိုင် ခဲ့သည်မှာ ၃၈၅ မှတ်ထိရှိပြီး စပါးမှာ ၃၈၃ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီ ဖြစ်သည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အာဆင်နယ် လီဗာပူးနှင့် ချယ်လ်ဆီးတို့မှာလည်း အရှုံးမှ အမှတ်အများဆုံးရသည့် အသင်းများတွင် ပါဝင်နေကာ အာဆင်နယ်မှာ တတိယလိုက်၍ ၃၅၆ မှတ်ရယူထားသည်။
လီဗာပူးမှာ ၃၃၆ မှတ်ရယူထားကာ ချယ်လ်ဆီးမှာ ၃၃၂ာ မှတ်ရထားကြောင်း Optajoe ကဆိုသည်။
မန်ယူသည် ပရီးမီးယားလိဂ်အဝေးကွင်း ကိုးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဝက်စ်ဟမ်းအား အနိုင်ရပြီးနောက် အမှတ်ပေးဇယားအဆင့်လေးနေရာသို့ တက်ရောက်နိုင်ခဲ့သည်။ မန်ယူနည်းပြဆိုးလ်ရှားက ရှုံးနိမ့်နေရာမှ နိုင်ပွဲဖြင့် ပြန်လာနိုင်သည်မှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း ကစားသမားများမှာအခြေအနေဆိုးကို ပြောင်းပြန်လှန်ပစ်ရန် ယုံကြည်မှု အပြည့်ရှိနေကြောင်း ပြောကြားခဲ့သည်။
မန်ယူသည် ယခုနှစ် ပရီးမီးယားလိဂ် ၁၀ ပွဲကစားပြီးချိန် ခြောက်ပွဲနိုင် တစ်ပွဲသရေ သုံးပွဲရှုံး သွင်းဂိုး ၁၉ ဂိုးပေးဂိုး ၁၇ ဂိုးဖြင့် ၁၉ မှတ်ရရှိထားသည်။ မန်ယူသည် လာမည့် ဒီဇင်ဘာ ၉ ရက်၌ လိုက်ပစ်ဇ်နှင့် တွေ့ဆုံနေကာ ၁၃ ရက်တွင် မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးအား လက်ခံကစားရမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
ဘာသာပြန်သည်။