
ခရစ္စတီယာနိုရော်နယ်ဒိုက အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ မဖြစ်နိုင်တော့ပေမယ့် ကာရာဘောင်ဖလားချန်ပီယံ ဆုတံဆိပ်ကို လက်ခံရရှိနိုင်ဖို့ ရှိနေပါသေးတယ်။
စီရော်နယ်ဒိုက ပြီးခဲ့တဲ့စနေနေ့မှာ လက်ရှိကလပ်အယ်လ်နာဆာအတွက် ဒုတိယမြောက် ဟက်ထရစ်ဂိုး သွင်းယူပေးခဲ့သလို မနေ့ညပိုင်းမှာတော့ သူ့ရဲ့အသင်းဖော်ဟောင်းတွေက ဆော်ဒီပိုင်နယူးကာဆယ်ကို အနိုင်ယူပြီး ခြောက်နှစ်နီးပါးတာကာလအတွင်း ပထမဆုံး ဆုဖလားအဖြစ် ကာရာဘောင်ဖလားကို ဆွတ်ခူးကာ ဖလားလက်မဲ့ကာလတွေကို အဆုံးသတ်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ စီရော်နယ်ဒိုကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ ဂျိတ်ပေါလ်နဲ့ တွမ်မီဖူရီတို့ရဲ့ လက်ဝှေ့ပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်း ထွက်ခွာလာတဲ့ စီရော်နယ်ဒိုက အခုရာသီ၊ အသင်းဟောင်းရဲ့ ကာရာဘောင်ဖလားပွဲစဉ်တွေကို ပါဝင်ကစားခဲ့တာမျိုး မရှိပေမယ့် အသက်-၃၈ နှစ်အရွယ် ကစားသမားကြီးမှာ ကာရာဘောင်ချန်ပီယံဆုတံဆိပ်ကို လက်ခံရရှိနိုင်မယ့် အခွင့်အလမ်းတစ်ခုတော့ ရှိနေပါတယ်။
ကာရာဘောင်ဖလားပြိုင်ပွဲကို ကြီးမှူးကျင်းပတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ရဲ့ စည်းမျဉ်းတွေမှာ “ပြိုင်ပွဲကျင်းပရေး ကော်မတီအနေဖြင့် ဗိုလ်လုပွဲတွင် အနိုင်ရရှိသောအသင်းကို ဆုဖလားအပြင် အမှတ်တရဆုတံဆိပ် ၃၀ ခု နဲ့ ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့သောအသင်းကို အမှတ်တရဆုတံဆိပ် ၃၀ ခု ချီးမြှင့်ရပါမယ်။ အပိုထပ်ဆောင်းဆုတံဆိပ်တွေအတွက် သက်ဆိုင်ရာအသင်းက လျှောက်ထားလာခဲ့ရင် ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့သဘောထားမှတ်ချက်နဲ့အညီ ထပ်မံချီးမြှင့်ပေးနိုင်သလို ဒီအပိုထပ်ဆောင်းဆုတံဆိပ်တွေအတွက် ကုန်ကျစရိတ်ကိုတော့ လျှောက်ထားလာတဲ့အသင်းဘက်က ကျခံရမယ်”လို့ သတ်မှတ်ထားပါတယ်။
ဒီစည်းမျဉ်းအရ အိုးထရက်ဖို့ဒ် ကလပ်အနေနဲ့ အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းကို ကာရာဘောင်ချန်ပီယံအမှတ်တရ ဆုတံဆိပ်ကို ပေး၊မပေး ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် ရှိလာပါတယ်။ စီရော်နယ်ဒို အနေနဲ့ ကာရာဘောင်ချန်ပီယံအမှတ်တရ ဆုတံဆိပ်ကို ရရှိမလားဆိုတာ မသေချာသေးပေမယ့် မန်ချက်စတာယူနိုက်တက်အတွက် အခုရာသီအစောပိုင်းမှာ ဘန်လေနဲ့ ရင်ဆိုင်ရတဲ့ ကာရာဘောင်ဖလားပွဲစဉ်ကို ဝင်ရောက်ကစားပေးခဲ့တဲ့ လက်ရှိနယူးကာဆယ်ဂိုးသမား ဒူဗရာကာကတော့ ယူနိုက်တက်ရဲ့ကာရာဘောင်ဖလား ချန်ပီယံအမှတ်တရဆုတံဆိပ်ကို လက်ခံရရှိမှာဖြစ်ပါတယ်။