အာဆင်နယ်ကို ဝူဘာ၊ ဂွန်နာတိုနဲ့ တိုင်လာအဒမ်တို့ မပါပဲ ရင်ဆိုင်ရမယ့်အပေါ် စိုးရိမ်နေတဲ့ ဂျာဗီဂါစီယာ
ballonestar.com
|
2023-03-31

အဓိက ကစားသမား ၃ ဦး ဒဏ်ရာရနေတာကြောင့် လိဒ်ယူနိုက်တက်အနေနဲ့ ကြီးမားတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပြီး တန်းဆင်းဇုန်တိုက်ပွဲကို ခြိမ်းခြောက်နိုင်တယ်လို့ နည်းပြ ဂါစီယာက ဝန်ခံပြောကြားလိုက်ပါတယ်။

အာဆင်နယ်နဲ့မကစားခင် အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ တိုင်လာအဒမ်၊ ဝူဘာနဲ့ ဂွန်နာတိုတို့ ဒဏ်ရာ ရနေကြတာဖြစ်ပါတယ်။ ဝူဘာ နဲ့ ဂွန်နာတိုတို့ ၂ ဦးစလုံးကတော့ လာမယ့်အပတ်မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်စ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတွေကိုပါ လွဲချော်ဖို့ များနေပါတယ်။

“အဲ့တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ပြဿနာပါ။ လာမယ့်ပွဲတွေ အတွက် အရေးကြီးတဲ့ကစားသမားတွေကို ဆုံးရှုံးထားရပါတယ်။ တိုင်လာအခြေအနေကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ ခွဲစိတ်ပြီးရင်တော့ ဒီရာသီပြန်ကစားနိုင်ပြီလို့ ထင်ပါတယ်။ မက်စ် နဲ့ ဝီလီတို့ကတော့ ပြန်ကောင်းဖို့ အချိန်လိုပါတယ်။ သူတို့ အာဆင်နယ်နဲ့ပွဲကိုတော့ လွဲမှာပါ။ အချိန်ပိုယူရမယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ၁ ပတ် ဒါမှမဟုတ် ၂ ပတ်လားဆိုတာ ကျွန်တော်မသိပါဘူး။ စိုးရိမ်မိတာတော့အမှန်ပါ။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ ကစားသမားတွေဖြစ်နေလို့ပါ။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့လူအင်အားမရှိပါဘူး။ အဲ့အတွက် အဖြေရှာရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကစားသမားတွေနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဂါစီယာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပွဲတွေမတိုင်ခင် ရိုဒရီဂို နဲ့ လူးဝစ်တို့ ပြန်လာနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ “လူးဝစ် နဲ့ ရိုဒရီတို့ အခြေအနေက တိုးတက်လာပါတယ်။ဒါပေမယ့် သူတို့အကောင်းဆုံးအနေအထားမှာ ရှိမနေပါဘူး။ သူတို့အချိန်လိုပါတယ်။ လေ့ကျင့်ခန်းပိုဆင်းဖို့ လိုအပ်ပြီး မိနစ်များများလိုအပ်ပါတယ်။ လူးဝစ်အခြေအနေကို တစ်နေ့ချင်းတိုးတက်လာပါပြီ။ လာမယ့်ပွဲတွေမှာ သူတို့ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုတာ ကျွန်တော် အသေအချာပြောရဲပါတယ်”လို့ ဂါစီယာက ပြောကြားခဲ့ပါတယ်။


#ဒဏ်ရာ
#ကစားသမား
#အာဆင်နယ်
#ယူနိုက်တက်
#နည်းပြ

Some text some message..